← Chapters

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ၉၈

Vol. 10 Ch. 98

အခန်း (၉၈)

ရှင်ယူရီ က ဖုန်းအနည်းငယ်ဆက်ပြီးနောက် ကံကောင်းထောက်မစွာနဲ့ နေရာတစ်ခုမှာ Reservation ရခဲ့ပါတယ်။ ကျွန်တော်လည်း ရှင်ယူရီကို ဘေးကခုံမှာတင်ပြီး ချောင်ဒမ်ဒေါင်း က အီတလီစားသောက်ဆိုင်လေးဆီ ဦးတည်မောင်းခဲ့တယ်။ လမ်းကြားထဲက ဆိုင်သေးသေးလေး တစ်ဆိုင်ပေါ့။

ပြတင်းပေါက်နားက ခုံတွေအားလုံး လူပြည့်နေတာမလို့ ဆိုင်အတွင်းထဲမှာပဲ ထိုင်လိုက်ရပါတယ်။

ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ကျွန်တော်က "ကိုယ့်အိမ်ကိုယ်ပြန်ရောက်သလို ခံစားရတယ်နော်" လို့ ပြောလိုက်တော့…

"Menuကို ကြည့်လိုက်ရင်တော့ အဲဒီလို ပြောတော့မှာမဟုတ်ဘူး" လို့ သူက ပြန်ဖြေပါတယ်။

Menuကို ဖွင့်ကြည့်လိုက်တဲ့အခါမှ သူဘာကို ဆိုလိုတာလဲဆိုတာ ကျွန်တော် နားလည်သွားပါတယ်။ ဈေးနှုန်းတွေက ဟိုတယ်စားသောက်ဆိုင် အတော်များများထက်တောင် ပိုမြင့်နေတာလေ။

ကျွန်တော် Menuကို အသာလေး ပြန်ပိတ်လိုက်ပြီး ပြောလိုက်တယ်။

"စားချင်တာ အကုန်မှာနော်"

"တကယ်လား"

"ဒါပေါ့"

ရှင်ယူရီ က ပါစတာ၊ ပီဇာနဲ့ ဟင်းလျာတချို့ကို မှာလိုက်ပါတယ်။

"ဝိုင်ရော သောက်မလား"

"ကောင်းသားပဲ"

ရှင်ယူရီ က ဝိုင်ကို သီးသန့် ထပ်မှာပါတယ်။

အစားအစာတွေ စောင့်နေတုန်း ဝိုင်က အရင်ရောက်လာပါတယ်။ စားပွဲထိုးက ဝိုင်ပုလင်းကို ဖောက်ပြီး ကျွန်တော်တို့ ဖန်ခွက်တွေထဲကို ငှဲ့ပေးပါတယ်။

ကျွန်တော်တို့ ဖန်ခွက်ချင်း အသာအယာ တိုက်လိုက်ကြတယ်။

ကျောင်းက အခြေအနေတွေကို ကျွန်တော် မေးကြည့်လိုက်တော့ "အရမ်းကို ရှုပ်ယှက်ခတ်နေတာ။ စီးပွားရေးစီမံခန့်ခွဲမှုဌာနတင် မကဘူး၊ လူမှုရေးသိပ္ပံနဲ့ အင်ဂျင်နီယာဌာနတွေရော၊ ကျောင်းတစ်ခုလုံး ပွက်လောရိုက်နေတာပဲ"

"အဲဒီလောက်တောင်လား"

"တကယ်ပါ။ ဘယ်သူနဲ့ပဲတွေ့တွေ့ စီနီယာ့အကြောင်းပဲ ပြောနေကြတာ။ အတန်းထဲမှာတောင် စာကို ကောင်းကောင်းသင်လို့မရဘူး။ ပါမောက္ခတွေတောင် ခဏတဖြုတ်တော့ စိတ်လေသွားကြပုံပဲ"

ကိုရီးယား တက္ကသိုလ်တွေမှာ ချေဘော မိသားစုက သားသမီးတွေ အများကြီး ရှိပါတယ်။ GH Group က ဂိုဂျွန်ဟျွန်း တစ်ယောက်ထဲတင် မဟုတ်ဘူး။ တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးဖြစ်ဖြစ် ဆက်ခံမယ့်သူတွေကို ရေတွက်ကြည့်ရင် အနည်းဆုံး အယောက် ဒါဇင်ဝက်မက ရှိမှာပါ။

သူတို့ထဲက တချို့လည်း ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားကြတာမျိုး ရှိနိုင်မလားမသိဘူး။

ဒါပေမဲ့ OTK Company ရဲ့ စီအီးအို ဖြစ်နေတာကတော့ တကယ့်ကို ထိရောက်တဲ့ ရိုက်ခတ်မှုပါပဲ။ ဥပဒေရုံးမှာ ထိန်းသိမ်းခံရတဲ့အချိန်က အခြေအနေက အဲဒီလို ဖြစ်နေခဲ့တာပါ။

"မင်ယောင်း နဲ့ ကျောင်ဂီ ရော ဘယ်လိုလဲ"

" ကျွန်မတောင် တော်တော် အံ့သြသွားခဲ့တာ။ စီနီယာက ကျွန်မကို မပြောပြခဲ့လို့ စိတ်လည်းမကောင်းဘူး။ အစိုးရဥပဒေရုံးကို ခေါ်သွားခံရတုန်းကလည်း အရမ်း စိုးရိမ်ခဲ့တာ။

ဒီ စာသင်နှစ် အစကတည်းက ကျွန်မက Date တွေလုပ်၊ ကလပ်လုပ်ငန်းတွေမှာ ပါဝင်နေတာဆိုတော့ မေဂျာထဲမှာ ခင်တဲ့သူ သိပ်မရှိဘူးလေ။ မင်ယောင်း နဲ့ ကျောင်ဂီ ပဲ သူငယ်ချင်းလို့ ခေါ်လို့ရတာ"

ကျွန်တော် တကယ် အားနာမိပါတယ်။ သူတို့ကို တစ်ခါလောက် ပြန်တွေ့ပြီး အရက်ဝယ်တိုက်ရမယ်။

"စဉ်းစားကြည့်မှ သူတို့လည်း အခုဆို ကျောင်းပြီးကြတော့မှာပဲ"

စစ်မှုထမ်းပြီးသား ကျွန်တော်နဲ့ မတူတာက သူတို့နှစ်ယောက်လုံးက စစ်မှုထမ်းဖို့ အကျုံးဝင်နေသေးတာပါ။ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းတွေမှာ အစားထိုး စစ်မှုထမ်းဖို့ ပြင်ဆင်နေကြပုံရပါတယ်။

ရှင်ယူရီ က နှုတ်ခမ်းလေးစူပြီး ပြောပါတယ်။

"တကယ်လို့ စီနီယာသာ ကြိုမပြောထားခဲ့ရင် ကျွန်မ တကယ် စိတ်ဆိုးမိမှာ"

ကျွန်တော်ကတော့ အူကြောင်ကြောင် အပြုံးနဲ့ပဲ ပြောလိုက်တယ်။

"တောင်းပန်ပါတယ်"

"ဘာလို့ အဲဒီလောက်အထိ ဖုံးကွယ်ထားခဲ့တာလဲ"

"ပြောပြီးပြီလေ။ အစတုန်းကတော့ သူငယ်ချင်းတစ်ယောက် တည်ထောင်ထားတဲ့ Paper Company လေးပဲလေ"

ဘယ်လိုဖြစ်ဖြစ် ကျွန်တော်တို့ ဖုန်းအတူတူသွားဝယ်တဲ့ ဆိုင်မှာ L6 ပေါက်ကွဲမယ့်အကြောင်းကို ကြိုသိခဲ့ကြပြီး အဲဒီကစလို့ ရင်းနှီးမြှုပ်နှံမှုတွေမှာ အကြီးအကျယ် အောင်မြင်ခဲ့တာပဲ မဟုတ်လား။

"ယွန်ဆွန်းအာ ရော ဘယ်လိုလဲ"

"သူလည်း နေကောင်းပါတယ်။ တစ်ခါတလေကျရင် စီနီယာက သူ့ဆီ အဆက်အသွယ် မလုပ်ဘူးလားလို့ မေးတတ်သေးတယ်"

"ဟုတ်လား"

ရှင်ယူရီ က ရှေ့ကို တိုးလာပြီး မေးပါတယ်။

"ဘာလို့လဲ။ စိတ်ပူနေလို့လား"

"မဟုတ်ပါဘူး"

သံယောဇဉ်တွေ ကျန်နေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်နေ့နေ့မှာ ပြန်တွေ့ပြီး စကားပြောဖြစ်ရင်တော့ ကောင်းမှာပဲလို့ တွေးမိတာပါ။

"ဪ။ စီနီယာနဲ့ လီဟဲမီ တို့ တွဲနေကြတယ်ဆိုတဲ့ ကောလာဟလ ထွက်နေတာ။ တကယ်ပဲလား"

"...သူက စိတ်ကူးယဉ်နေတာလား"

ကျွန်တော်တို့က Group Project လုပ်ကတည်းက စကားတောင် မပြောဖြစ်တာကို တွဲနေတယ်ဆိုတဲ့ ကောလာဟလက ဘယ်လိုထွက်လာတာလဲ။

ဒီလို စကားပြောနေတုန်းမှာပဲ မှာထားတဲ့ ဟင်းလျာတွေ ရောက်လာပါတယ်။

"စီနီယာ အခု ကျောင်းပြန်မတက်တော့ဘူးလား"

"လောလောဆယ်တော့ ခက်ဦးမယ် ထင်တယ်။ လုပ်စရာတွေက အများကြီးပဲ"

ကျောင်းမပြီးနိုင်တာကိုတော့ စိတ်မကောင်းဘူး။ ဘွဲ့လက်မှတ်ထက် စီးပွားရေးစီမံခန့်ခွဲမှုအကြောင်းကို ပိုပြီး လေ့လာချင်ခဲ့တာပါ။

သီအိုရီနဲ့ လက်တွေ့က ကွာခြားနိုင်ပေမဲ့ သီအိုရီက လက်တွေ့အတွက် အခြေခံပဲလေ။ ဒါကြောင့် ရင်းနှီးမြုတ်နှံမှုဘဏ် ဒါမှမဟုတ် PEF တွေမှာ အလုပ်ရနေတဲ့သူတွေတောင် MBA ဒါမှမဟုတ် CFO သင်တန်းတွေကို ထပ်တက်ပြီး လေ့လာနေကြတာပေါ့။

ပထမ စာသင်နှစ် တုန်းကတော့ အလုပ်ရော စာရော တွဲလုပ်နိုင်ခဲ့ပေမဲ့ အခုတော့ လက်တွေ့မှာ မဖြစ်နိုင်တော့ပါဘူး။

နောက်ပိုင်း အခြေအနေတွေ အေးဆေးသွားလို့ ထပ်လေ့လာဖို့ လိုအပ်တယ်လို့ ခံစားရရင်တော့ ကျောင်းပြန်တက်ဖြစ်မှာပါ။

ရှင်ယူရီ က နှမြောတသသနဲ့ "နောက်ဆုံးတော့ ကျွန်မတို့က စီနီယာနဲ့ စာသင်နှစ်တစ်ခုလောက်ပဲ အတူတူ ဖြတ်သန်းခဲ့ရတာပေါ့နော်" လို့ ပြောပါတယ်။

"အေးလေ၊ အခုလို ဖြစ်လာမယ်မှန်း သိရင် ပိုပြီး ကြိုးစားခဲ့မှာ။ ဒါပေမဲ့ အဲဒီ စာသင်နှစ်ကလည်း ပျော်ဖို့ကောင်းခဲ့ပါတယ်"

"ကြက်ကျော်ဆိုင်က သခင်လေးကော အခု ဘာတွေလုပ်နေလဲ မသိဘူးနော်"

"နောက်နှစ်ဆို နင်လည်း စီနီယာဖြစ်ပြီပဲ"

ရှင်ယူရီ က ခေါင်းညိတ်ပြီး "ဟုတ်ကဲ့။ ကျွန်မလည်း မြန်မြန်ကျောင်းပြီးတာနဲ့ OTK Company ကို ဝင်ချင်တယ်"

"တကယ်လား"

ကျွန်တော် သောက်နေတဲ့ ဝိုင်တောင် ထွက်ကျမလို ဖြစ်သွားပါတယ်။

"အခုချိန်မှာ ငွေကြေးလောကမှာ OTK Company က အကောင်းဆုံးပဲလေ။ နှစ်ကုန် ဘောနပ်စ် တွေတောင် အများကြီး ပေးတယ်ဆို"

"နင် ဘယ်လိုသိတာလဲ"

"ကျောင်းမှာ အကုန်လုံး သိနေကြတာပဲ"

"နင် ကျောင်းပြီးဖို့ လိုသေးတယ်လေ"

"အမှတ်တွေ ကောင်းကောင်းရအောင်လုပ်ပြီး ကျောင်းစောစောပြီးအောင် လုပ်ရင် ဖြစ်နိုင်ပါတယ်။ နောက်ပြီး အလုပ်သင်လုပ်လည်း ရတာပဲလေ။ စီနီယာနဲ့ အလုပ်အတူတူလုပ်ရရင် ပျော်စရာကောင်းမှာ"

ရှင်ယူရီ က ယုံကြည်မှုအပြည့်နဲ့ "ကျွန်မလို အရည်အချင်းရှိတဲ့သူမျိုးကို တခြား ဘယ်နေရာမှာမှ ရှာမတွေ့နိုင်ဘူးနော်"

ကျွန်တော် ခပ်ဖွဖွ ရယ်လိုက်မိတယ်။

"လုပ်ကြည့်မှ သိမှာပေါ့"

အစ်မ ဟျွန်းဂျူး လက်အောက်မှာ အလုပ်အနည်းငယ် လုပ်ကြည့်ပြီးရင်တော့ 'ဪ... ငါ ဒီကို မလာခဲ့သင့်ဘူး' လို့ တွေးမိသွားနိုင်ပါတယ်။ အဲဒါကိုသာ တောင့်ခံနိုင်ရင်တော့ တကယ့် အရည်အချင်းရှိတဲ့ ငွေကြေးပညာရှင်တစ်ယောက် ဖြစ်လာမှာပါ။

"တကယ်တော့ စီနီယာ့ကို ပြောစရာတစ်ခု ရှိတယ်"

"ဘာများလဲ"

"အသင့်ပြင်ဆင်ထားဦးနော်။ ကြားရင် အံ့သြသွားမယ်"

ရှင်ယူရီ က တိုက်ရိုက်မပြောဘဲ တုံ့ဆိုင်းနေပါတယ်။

အဲဒါက ကျွန်တော့်ကို ပိုပြီး သိချင်စိတ် ဖြစ်စေပါတယ်။

"နင့်မှာ ရည်းစားရှိနေလို့လား"

ရှင်ယူရီ အံ့သြသွားပါတယ်။

"အဲဒီလို မဟုတ်ပါဘူး။ စီနီယာကတော့ တကယ်ပဲ..."

ယူရီက ဝေခွဲမရတဲ့ မျက်နှာပေးနဲ့ နှုတ်ခမ်းလေးကို စူထားပါတယ်။ ဝိုင်သောက်ထားလို့လား မသိဘူး။ ပါးလေးတွေက နည်းနည်း ရဲနေပါတယ်။

"..."

ဒါက ချစ်နေပါတယ်လို့ ဝန်ခံမလို့များလား။

...ကျွန်တော် ခဏတော့ တွေးလိုက်မိတယ်။

ရှင်ယူရီ က စိတ်ပိုင်းဖြတ်လိုက်ပုံရပြီး ဖန်ခွက်ထဲက ဝိုင်တွေကို ကုန်အောင် သောက်လိုက်ပါတယ်။

"ကျွန်မ အဖေနာမည်က ရှင်ဗြောင်ဒူ ပါ"

"ဟမ်။ အဲဒါ ဘာဖြစ်လို့လဲ"

ဘာလို့ ရုတ်တရက်ကြီး အဖေနာမည်ကို ပြောရတာလဲ။

ကျွန်တော်က ဇဝေဇဝါနဲ့ မေးလိုက်တော့ ရှင်ယူရီ က စိတ်ပျက်လက်ပျက်နဲ့ ပြန်ဖြေပါတယ်။

"RCK Bros ကို သိလား"

"သိတာပေါ့။ ဥက္ကဋ္ဌ ရူချောဂယွန် ဦးဆောင်တဲ့ Hedge Fund မဟုတ်လား"

အများပြည်သူတွေနဲ့ သိပ်မရင်းနှီးပေမဲ့ ငွေကြေးလောကကို စိတ်ဝင်စားတဲ့သူတိုင်း ဒီနာမည်ကို သိကြပါတယ်။

နာမည်ကြီး ကုန်ပစ္စည်းတွေ ရှိတဲ့ ကုမ္ပဏီကြီးတွေနဲ့ မတူဘဲ ငွေကြေးကုမ္ပဏီတွေက လူသိနည်းတတ်ပါတယ်။

ဘဏ်တွေနဲ့ အာမခံကုမ္ပဏီတွေကတော့ နေရာတိုင်းမှာ ရှိနေပြီး သာမန်လူတွေနဲ့ ဆက်ဆံနေရတာဆိုတော့ လူသိများကြတာပေါ့။

ဒါပေမဲ့ Hedge Fund တွေနဲ့ Private Equity Fund တွေကတော့ တကူးတက လိုက်မကြည့်ရင် လူသိနည်းပါတယ်။

သတင်းတွေထဲမှာလည်း လူမှုရေးပြဿနာတွေ မဖြစ်ရင် ပါလေ့မရှိပါဘူး။

ချွင်းချက်အနေနဲ့ကတော့ Lonstar ပါပဲ။ အမေရိကန်အခြေစိုက် Private Equity Fund ဖြစ်တဲ့ Lonstar ဟာ နိုင်ငံခြားငွေလဲဘဏ်ရဲ့ လိမ်လည်မှုသတင်းတွေကြောင့် တစ်နိုင်ငံလုံး သိသွားခဲ့တာပါ။

"အဖေက အဲဒီက ဒု-ဥက္ကဋ္ဌ လေ"

"ဒု-ဥက္ကဋ္ဌဟုတ်လား...ဟာ"

ကြားဖူးသလိုလို ရှိနေရင်းကနေ အခုမှ ကျွန်တော် မှတ်မိသွားပါတယ်။

ကျွန်တော် တော်တော်လေး အံ့သြသွားပါတယ်။

"ရှင်ဗြောင်ဒူ က နင့်အဖေလား။ ဒု-ဥက္ကဋ္ဌ လား"

"ဟုတ်တယ်"

"နေဦး။ ပြီးခဲ့တဲ့တစ်ခေါက်က Fund တွေမှာ ရင်းနှီးမြှုပ်နှံထားတယ်လို့ ပြောခဲ့တယ် မဟုတ်လား"

ရှင်ယူရီ က ခေါင်းညိတ်ပါတယ်။

"ဟုတ်တယ်။ Private Equity Fund လေ"

...

အဲဒီ Fund က ဒီ Fund ကို ပြောတာလား။

ကျွန်တော်ကတော့ အာမခံကုမ္ပဏီမှာ အလုပ်ကောင်းကောင်း လုပ်နေတဲ့ Fund Manager လို့ပဲ ထင်ခဲ့တာ၊ RCK Bros ရဲ့ ဒု-ဥက္ကဋ္ဌလို့ တစ်ခါမှ မတွေးမိခဲ့ဘူး။

RCK Bros က လက်ရှိ စီမံခန့်ခွဲနေတဲ့ ရန်ပုံငွေဟာ ဝမ် သန်းပေါင်း ၄ကုဋေလောက် ရှိပါတယ်။

ဒါဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ပိုက်ဆံတွေ ဖြစ်ပေမဲ့လည်း ဒီပမာဏဟာ စီးပွားရေးလောကမှာ ထိပ်သီး ၁၅ ယောက်စာရင်းထဲကို အလွယ်တကူ ဝင်သွားစေပါတယ်။ ငွေသားကိုင်တွယ်နိုင်စွမ်းမှာဆိုရင် ပိုတောင် များဦးမှာပါ။

RCK Bros က Private Equity Fund ဖြစ်တာမလို့ သာမန် ချေဘောတွေနဲ့ မတူတဲ့ အချက်တွေ အများကြီး ရှိပါတယ်။

ချေဘော တွေရဲ့ အဓိက လက္ခဏာကတော့ မိသားစုဝင်တွေက စီးပွားရေးကို ဦးဆောင်တာပါ။ ကုမ္ပဏီတွေကို ဝယ်ယူပြီး လက်အောက်ခံ ကုမ္ပဏီတွေအဖြစ် တိုက်ရိုက်စီမံခန့်ခွဲတာပေါ့။ တစ်ဖက်မှာလည်း Private Equity Fund တွေကတော့ ကုမ္ပဏီတစ်ခုချင်းစီရဲ့ လွတ်လပ်မှုကို အာမခံဖို့အတွက် ကျွမ်းကျင်တဲ့ စီမံခန့်ခွဲမှုစနစ်ကို ထိန်းသိမ်းထားပါတယ်။

ချေဘောစနစ်က ပေါင်းစည်းထားတဲ့ Group တစ်ခု ဖြစ်လာပေမဲ့ Fundတွေမှာကတော့ ရင်းနှီးမြှုပ်နှံသူတွေကပဲဦးဆောင်တဲ့ တူညီတဲ့ သီးခြားကုမ္ပဏီတွေရဲ့ ပုံစံမျိုး ဖြစ်နေတာပါ။

OTK Company နဲ့ K Company တို့ကလည်း Private Equity Fund တွေနဲ့ ပုံစံတူ လုပ်ဆောင်နေတာပါ။ ကွာခြားချက်ကတော့ ကျွန်တော်တို့က ရန်ပုံငွေရှာစရာ မလိုဘဲ ကိုယ့်ရဲ့ ကိုယ်ပိုင်အရင်းအနှီးနဲ့ပဲ ရင်းနှီးမြှုပ်နှံနေတာလေ။

တကယ်လို့သာ ကျွန်တော်က ချေဘော တွေရဲ့ ပုံစံအတိုင်း လုပ်ခဲ့မယ်ဆိုရင် OTK ဆိုတဲ့ နာမည်ကို အကုန်လိုက်တပ်ပြီး ကျွန်တော့် မိသားစုဝင်တွေ ဒါမှမဟုတ် ခင်တဲ့သူတွေကို အမှုဆောင်တွေအဖြစ် ခန့်အပ်ခဲ့မှာပေါ့။

ကျွန်တော် တံတွေးမြိုချမိတယ်။

"ဝိုး။ နင်က တကယ်ကို ချမ်းသာတာပဲ"

မဟုတ်ဘူး။ ရွှေဇွန်းကိုက်ပြီးမွေးလာတာလို့တောင် ပြောလို့ရတယ်။

ရှင်ယူရီ ချမ်းသာမှန်း ကျွန်တော် သိပြီးသားပါ။ ချောင်ဒမ်ဒေါင်း က ဝမ် သန်းထောင်ပေါင်းများစွာ တန်တဲ့ တိုက်ခန်းမှာ တစ်ယောက်ထဲ နေနိုင်တာရယ်၊ ဆောင်း အီလက်ထရောနစ် ရဲ့ ရှယ်ယာ အခု၅၀ ကို မုန့်ဖိုးနဲ့ ဝယ်နိုင်တာရယ်ကို ကြည့်ရင် သိနိုင်ပါတယ်။

ဒါကြောင့် သူက ဝမ် သန်းပေါင်းသောင်းနဲ့ချီတဲ့ ပိုင်ဆိုင်မှုရှိတဲ့ သူဌေးသမီးလေးလို့ပဲ ကျွန်တော် ထင်ခဲ့တာပါ။ ဂန်နမ် မှာ အဲဒီလို ချမ်းသာတဲ့သူတွေ အများကြီး ရှိတာလေ။

ဒါပေမဲ့ RCK Bros ရဲ့ ဒု-ဥက္ကဋ္ဌ ဆိုတာကတော့….

ရှင်ယူရီ က ခေါင်းခါလိုက်ပါတယ်။

"ကျွန်မ ငယ်ငယ်တုန်းကတော့ သိပ်ပြီး မပင်ပန်းခဲ့ပေမဲ့ အဲဒီလောက်အထိတော့ ချမ်းသာတာမျိုး မဟုတ်ပါဘူး။ အခုထိလည်း အတူတူပါပဲ"

RCK Bros ကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တည်ထောင်ခဲ့တာပါ။ ချေဘော အဆင့်ထိ ရောက်အောင် ကြီးထွားလာခဲ့တာက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာတင် ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် MCK ကြက်ကျော်ဆိုင်က သားကတော့ Business Card တောင် ထုတ်ပြရဲမှာ မဟုတ်တော့ပါဘူး။ တကယ်လို့ ချဲမြောင်ဟို သာ ရှင်ယူရီ ရဲ့ တကယ့် အထောက်အထားကို သိသွားရင် သူက လာပြီး နှောင့်ယှက်နေမှာ မဟုတ်တော့ဘဲ သူ့အလိုလိုပဲ ဝေးဝေးက ရှောင်သွားမှာပါ။

RCK Bros သာ စိတ်ကူးလိုက်ရင် MCK ကြက်ကျော်ဆိုင်ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်တာလေ။

နေဦး။ ဒါကြောင့် ချဲမြောင်ဟို နဲ့ ပိုက်ဆံအထပ်လိုက် ကစားတုန်းက နင်က ဘာမှ ဂရုမစိုက်ခဲ့တာပေါ့လေ။ ငါ မထပ်နိုင်ရင် အဖေ့ကို ခေါ်လိုက်မယ်ဆိုတဲ့ စိတ်မျိုးနဲ့တဲ့လား။

ရှင်ယူရီ က ကြားဖြတ်ပြောပါတယ်။

"မိသားစု နောက်ခံက ဘာအရေးကြီးလို့လဲ။ အဖေက အဖေပဲ၊ ကျွန်မက ကျွန်မပဲလေ"

"အမှန်ပဲ"

လောကမှာ မိဘကောင်းတွေ ရှိတာကို ကြွားလုံးထုတ်နေတဲ့သူတွေ အများကြီး ရှိပေမဲ့ သူကတော့ ဒါကို လျှို့ဝှက်ချက်အဖြစ် ကောင်းကောင်း ထိန်းသိမ်းထားနိုင်ခဲ့တာပဲ။

"ကျောင်းမှာ ဘယ်သူတွေ သိလဲ"

"ပါမောက္ခ ကင်မြောင်ဂျွန် တစ်ယောက်ပဲ သိတယ်"

"ဟုတ်လား"

ဒါဆို ဌာနမှူးက သိနေတာပေါ့။

သူက သိနေမှန်း အရိပ်အယောင်တောင် မပြခဲ့ဘူး။ ကျောင်းသားတွေရဲ့ နောက်ခံပေါ် မူတည်ပြီး ဘက်လိုက်တာမျိုး မရှိတာက ပါမောက္ခရဲ့ ပင်ကိုယ်စရိုက်ပါပဲ။

"သူငယ်ချင်းတွေကော သိလား"

"ဘယ်သူမှ မသိပါဘူး။ စီနီယာ့ကိုပဲ ပြောပြတာ"

"ဘာလို့လဲ"

"ဘာလို့လဲဆိုတော့ စီနီယာက ကျွန်မအပေါ် ရိုးသားခဲ့လို့လေ။ တစ်ရက်စောပြီး ပြောပြခဲ့တာ ဆိုပေမဲ့လည်းပေါ့။ တကယ်တော့ အဲဒီနေ့က ကျွန်မလည်း ပြောပြမလို့ပါပဲ၊ ဒါပေမဲ့ စီနီယာက အရင်ထွက်သွားလို့လေ"

"....."

ကျွန်တော် အဲဒီလို ပြောခဲ့လို့လား။

အစိုးရဥပဒေရုံးကို သွားဖို့ ပြင်ဆင်နေတုန်း အလျင်စလိုနဲ့ ပြောစရာ ရှိတာတွေ ပြောခဲ့မိပုံတော့ ရပါတယ်။ အခု ပြန်စဉ်းစားကြည့်မှ အဲဒီတုန်းက ရှင်ယူရီ လည်း တစ်ခုခု ပြန်ပြောချင်နေခဲ့ပုံပါ။

ဥက္ကဋ္ဌ ရူချောဂယွန် က ရန်ပုံငွေရှာတာနဲ့ လုပ်ငန်းတွေ ရှာဖွေတာမှာ တက်ကြွလှုပ်ရှားပေမဲ့ ဒု-ဥက္ကဋ္ဌ ရှင်ဗြောင်ဒူ ကတော့ အပြင်ကို သိပ်မထွက်တတ်ပါဘူး။

ဒါပေမဲ့ သူက ကုမ္ပဏီတစ်ခုရဲ့ တန်ဖိုးကို တွက်ချက်တဲ့နေရာမှာတော့ တကယ့်ကို ထူးချွန်တဲ့ အရည်အချင်း ရှိပါတယ်။ တစ်ခါတလေ ဈေးကြီးလွန်းတယ်လို့ ထင်ရတဲ့ ဝယ်ယူမှုတွေက အသေးစိတ် ကြည့်လိုက်တဲ့အခါ တကယ်တမ်းမှာ ပိုပြီး တန်ဖိုးရှိနေတတ်တာမျိုးပေါ့။

တကယ်လို့သာ ဒု-ဥက္ကဋ္ဌ ရှင်ဗြောင်ဒူ ရဲ့ ထောက်ပံ့မှု မရှိရင် RCK Brosဟာ ဒီအဆင့်ထိ ကြီးထွားလာဖို့ ခက်ခဲပါလိမ့်မယ်။

"နင့်မှာ ထူးခြားတဲ့ အဖေတစ်ယောက် ရှိနေတာပဲ။ RCK Bros ဆိုရင်တော့ ကိုရီးယား ငွေကြေးလောကမှာ ဒဏ္ဍာရီတစ်ခုပဲလေ"

ကျွန်တော့်စကားကို ကြားတော့ ရှင်ယူရီ က အကျယ်ကြီး ရယ်လိုက်ပါတယ်။

"အဖေရော၊ ရူချောဂယွန် ရောက စီနီယာပြောတဲ့ စကားမျိုးပဲ ပြောကြတယ်။ စီနီယာက ကိုရီးယား ငွေကြေးသမိုင်းကို အသစ်ပြန်ရေးလိုက်တာတဲ့"

"အဲ..."

ဘာကြောင့်ရယ်မသိဘဲ ကျွန်တော် နည်းနည်းတော့ ရှက်ကိုးရှက်ကန်း ဖြစ်သွားမိတယ်။

"သူတို့ နှစ်ယောက်လုံးက ငယ်ငယ်တုန်းကတည်းက ကိုရီးယားမှာ ကိုယ်ပိုင် Hedge Fund တစ်ခု တည်ထောင်ဖို့ အိပ်မက်မက်ခဲ့ကြတာလေ"

"သူတို့ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ခဲ့တာပဲ"

ရှင်ယူရီ က ခေါင်းညိတ်ပါတယ်။

"အခုတော့ RCK Bros ကို ကမ္ဘာ့အဆင့်မီ Hedge Fund တစ်ခု ဖြစ်အောင် လုပ်ဖို့က ကျွန်မရဲ့ အိပ်မက်ပဲ"

အာရှဈေးကွက်မှာပဲ ကန့်သတ်ထားတာ ဆိုပေမဲ့လည်း ဒါဟာ တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုတစ်ခုလို့ သတ်မှတ်လို့ ရပါတယ်။

"စီနီယာ့ရဲ့ အိပ်မက်ကကော ဘာလဲ"

"အင်း..."

ပိုက်ဆံတွေ ပိုရှာပြီး ကပ်စေးနှဲတာကပဲ အဆုံးသတ် ဖြစ်နေမှာလား။

ကျွန်တော်က ဘာမှမရှိတာကနေ စခဲ့တာပါ။ တစ်ခုခုကို မြင်လိုက်တယ်၊ အဲဒီကနေ ပိုက်ဆံရှာရင် ကောင်းမယ်လို့ တွေးခဲ့တယ်။

အဲဒီလိုနဲ့ပဲ ဒီနေရာကို ရောက်လာခဲ့တာပေါ့။

ပိုက်ဆံက ပမာဏတစ်ခုအထိ စုမိသွားတဲ့အခါ သူ့အလိုလို အစွမ်းအစတွေ ရှိလာပါတယ်။ ချမ်းသာတဲ့သူတွေဟာ သူတို့ အလိုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူ့အဖွဲ့အစည်းအပေါ်မှာ လွှမ်းမိုးမှုတွေ ရှိလာကြတာပါ။

ဒါကြောင့်မလို့လည်း အစိုးရတွေက ကော်ပိုရေးရှင်းတွေနဲ့ ချေဘော တွေကို ဥပဒေတွေ၊ အခွန်တွေနဲ့ ထိန်းချုပ်ထားကြတာပေါ့။

လမ်းထိပ်က ဆိုင်သေးသေးလေးမှာတော့ ဘာစည်းကမ်းမှ မရှိဘဲ ဖွင့်ချင်တဲ့အချိန် ဖွင့်လို့ရပေမဲ့ စူပါမားကတ်ကြီးတွေကိုတော့ ဖွင့်လှစ်တဲ့အချိန်တွေ၊ အလုပ်လုပ်တဲ့ နာရီတွေကို ကန့်သတ်ထားကြတာမျိုးပေါ့။

CarOS ရဲ့ စီအီးအို ဒါရီလ် ပြောခဲ့သလိုပဲ သူ့ရဲ့ အလုပ်က ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးဖို့ပါပဲ။

တချို့က လူတွေကို ပိုအရသာရှိတဲ့ ပီဇာတွေ ကျွေးချင်ကြတယ်။ တချို့က Big Data နဲ့ AI တွေကနေတစ်ဆင့် ရှိနေတဲ့ စနစ်တွေကို ပိုကောင်းအောင် လုပ်ချင်ကြတယ်။ တချို့ကတော့ လူတွေ သူတို့ နှစ်သက်တဲ့ ဝိုင်တွေကို အချိန်မရွေး လွယ်လွယ်ကူကူ ရှာဖွေနိုင်အောင် လုပ်ပေးချင်ကြတယ်။

ရင်းနှီးမြှုပ်နှံမှုဟာ လုပ်ငန်းနယ်ပယ်တွေ ကြီးထွားလာဖို့အတွက် အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေတာပါ။ တကယ်လို့သာ ကျွန်တော် အချိန်မီ ပိုက်ဆံတွေ ရင်းနှီးမြှုပ်နှံမပေးခဲ့ရင် သူတို့ထဲက တချို့ဟာ လုပ်ငန်းတွေ ရပ်ဆိုင်းသွားနိုင်ပါတယ်။

ဒီလို အခန်းကဏ္ဍကို ဆက်ပြီး လုပ်ဆောင်သွားဖို့က ကျွန်တော့်ရဲ့ တာဝန်များလား။

ရှင်ယူရီ က တစ်ခုခုကို စဉ်းစားမိသွားပုံရတယ်။

"OTK Company က X-cop လေလံပွဲမှာ ပါဝင်နေတာလား"

"နင် ဘယ်လို... ဪ၊ အဖေ့ဆီက ကြားတာနေမှာပေါ့"

သတင်းတွေ မထွက်သေးပေမဲ့ ပါဝင်တဲ့ ကုမ္ပဏီတွေကြားမှာတော့ ဒါကို သိနေကြတာပဲလေ။

"ဝယ်ယူနိုင်ပါ့မလား"

ကျွန်တော်ကတော့ အူကြောင်ကြောင် အပြုံးနဲ့ပဲ ပြောလိုက်တယ်။

"ပြိုင်ဘက်တွေက တော်တော်လေး တောင့်တင်းတာတော့ အမှန်ပဲ"

အဲဒီအချိန်မှာတင် ကျွန်တော့်ရှေ့မှာ ဟိုလိုဂရမ်တစ်ခု ပေါ်လာပါတယ်။

-အွန်ဆောင်း မော်တာ X-cop ပဏာမ လေလံဈေး

- ၂,၉၃၀,၀၀၀,၀၀၀-

All Chapters