အခန်း ၉၉
Vol. 10 Ch. 99
အခန်း (၉၉)
နတ်မျက်စိ ကို အချိန်အတော်ကြာမှ ပြန်တွေ့လိုက်ရတာမလို့ အရင်ဆုံး ဝမ်းသာပီတိ ဖြစ်မိသွားတယ်။
ကျွန်တော်လည်း မေ့မသွားအောင် အဲဒီပမာဏကို စိတ်ထဲမှာ အသေအချာ မှတ်သားထားလိုက်တယ်။
သန်း ၂၉၃၀။
ယူနစ်ကတော့ ပြောစရာမလိုအောင် ဒေါ်လာနဲ့ပဲ ဖြစ်မှာပါ။
X-cop က ကိုရီးယားကုမ္ပဏီ ဖြစ်ပေမဲ့ သူ့ရဲ့ ရုံးချုပ်ဖြစ်တဲ့ Typo Group က အမေရိကန်ကုမ္ပဏီ ဖြစ်ပါတယ်။ ဒါကြောင့် ငွေပေးချေမှုကို ဒေါ်လာနဲ့ပဲ လုပ်ဆောင်ရတာပါ။
ကိုရီးယားဝမ်နဲ့ဆိုရင်တော့ သိန်းပေါင်း ၃.၂၂ ကုဋေလောက် ရှိပါတယ်။
ဒီပမာဏက ခန့်မှန်းထားတာထက် ပိုများနေတာပါ။
အွန်ဆောင်း ကော်ပိုရေးရှင်း က ပဏာမလေလံမှာ တကယ်ပဲ ဒီလောက်အထိ ဈေးပေးမှာလား။ X-cop က တကယ်ပဲ အဲဒီလောက်အထိ တန်ဖိုးရှိလို့လား။
“ဟေ့… စီနီယာ”
အော်သံကြားမှ ကျွန်တော်လည်း သတိပြန်ဝင်လာတယ်။ ဟိုလိုဂရမ်ကလည်း လိမ်ညာနေသလိုမျိုး ချက်ချင်း ပျောက်ကွယ်သွားတယ်။
ရှင်ယူရီ က ကျွန်တော့်ကို စိုးရိမ်တကြီး ကြည့်နေတယ်။
“ဘာဖြစ်လို့လဲ။ အဆင်ပြေရဲ့လား”
“ဪ၊ အင်း။ ဘာမှမဟုတ်ပါဘူး။ တခြားတစ်ခုခု ထပ်စားဦးမလား”
“စီနီယာ သိလား။ စီနီယာက တစ်ခါတလေကျရင် စကားမပြောဘဲ ကြောင်နေတတ်တယ်နော်။ ပြီးခဲ့တဲ့တစ်ခေါက်ကလည်း အဲဒီလိုဖြစ်လို့ ကားတောင် တိုက်မလို့ ဖြစ်သေးတယ်။ ဘာလို့ အဲဒီလို ဖြစ်ရတာလဲ”
“အဲဒါက... တစ်ခါတလေကျရင် တစ်ခုခု ခေါင်းထဲ ရောက်လာတတ်လို့ပါ”
ကျွန်တော့်စကားကြောင့် ရှင်ယူရီ ဇဝေဇဝါ ဖြစ်သွားပုံရတယ်။
“ဒီတစ်ခါကော ဘာတွေ တွေးနေတာလဲ”
“...”
အွန်ဆောင်း ကော်ပိုရေးရှင်း ရဲ့ လေလံဈေးကို မြင်လိုက်ရတယ်လို့တော့ ပြောလို့မဖြစ်ဘူး။
ဒါကြောင့် ခေါင်းထဲပေါ်လာတာကိုပဲ ပြောလိုက်တယ်။
“ဒီနေ့ ရှင်ယူရီ ကို ကြည့်ရတာ လှတယ်လို့ တွေးနေတာ”
တုံ့ပြန်မှုရဖို့ ခဏစောင့်လိုက်ရတယ်။ ရှင်ယူရီ ရဲ့ မျက်နှာက ရဲခနဲ ဖြစ်သွားတယ်။
“ဟာ... ဘာလို့ ရုတ်တရက်ကြီးပြောရတာလဲ။ ရှက်စရာကြီး”
“ဆောရီးပါ”
ပြောပြီးမှပဲ ငါ ဘာလို့ အဲဒီလို ပြောလိုက်မိပါလိမ့်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်တွေးမိတယ်။
ခဏလောက်တော့ အနေရခက်တဲ့ တိတ်ဆိတ်မှုက လွှမ်းမိုးသွားတယ်။
ရှင်ယူရီ က အကြောင်းမရှိဘဲ နှုတ်ခမ်းလေးစူပြီး ပြောတယ်။
“ဒါက တစ်စုံတစ်ယောက်ကို လှတယ်လို့ ပထမဆုံးအကြိမ် ပြောဖူးတာလား”
“အဲဒီလိုပဲ ထင်တာပဲ”
ကျွန်တော် သေချာစဉ်းစားကြည့်ပေမဲ့ အရင်က တစ်ခါမှ မပြောခဲ့ဖူးဘူး ထင်တယ်။
ရှင်ယူရီ က ရှက်ပြုံးလေးနဲ့ တဟီးဟီး ရယ်တယ်။
“ဟီးဟီး၊ ကိုယ့်ထက်ကြီးတဲ့သူဆီက လှတယ်လို့ ကြားရတာ တကယ်ပဲ စိတ်ချမ်းသာဖို့ကောင်းတယ်။ ကျေးဇူးတင်ပါတယ်”
“ကျေးဇူးတင်ပါတယ်”
ကျွန်တော်ကသာ ပိုပြီး ကျေးဇူးတင်ရမှာပါ။
ကျွန်တော်တို့ ဝိုင်တစ်ပုလင်း ကုန်အောင်သောက်ပြီး စားသောက်ဆိုင်ကနေ ထွက်လာခဲ့ကြတယ်။
နှစ်ယောက်လုံး သောက်ထားတာမလို့ အငှားယာဉ်မောင်းကိုပဲ ခေါ်လိုက်ရတယ်။ ဒီတစ်ခါက Sedan ကားနဲ့ လာခဲ့မိတာ တော်သေးတာပေါ့။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက i8 နဲ့ လာပြီး သောက်မိတာ၊ အငှားယာဉ်မောင်းခေါ်ဖို့လုပ်တဲ့အချိန်မှာ နောက်ခန်းထိုင်ခုံမရှိလို့ တက္ကစီနဲ့ပဲ ပြန်ခဲ့ရတယ်။
အလိုအလျောက် မောင်းနှင်တဲ့ ကားတွေ ပေါ်လာရင်တော့ အငှားယာဉ်မောင်းတွေ မလိုလောက်တော့ပါဘူး။
ကမ္ဘာကြီးက လူတွေရဲ့ အာရုံခံစားမှုထက် ပိုပြီး မြန်မြန်ဆန်ဆန် ပြောင်းလဲနေတာပဲ။ တစ်နေ့နေ့မှာ နိုးလာရင် ကားမောင်းသူနေရာမှာ ထိုင်နေတဲ့သူတွေက ဂိမ်းဆော့နေတာ ဒါမှမဟုတ် သတင်းကြည့်နေတာတွေကို မြင်ရနိုင်ပါတယ်။
မကြာခင်မှာပဲ အငှားယာဉ်မောင်း ရောက်လာတယ်။ အသက် ၅၀ ကျော်လောက် ရှိမယ့်ပုံပါပဲ။
ပထမဆုံး ရှင်ယူရီ ကို အိမ်ရှေ့အထိ အရင် လိုက်ပို့ပေးလိုက်တယ်။
ကားက အိမ်ရှေ့မှာ ရပ်လိုက်တာနဲ့ ကျွန်တော်တို့ နှစ်ယောက်လုံး ကားပေါ်က ဆင်းလိုက်ကြတယ်။
“ကျွန်မ ဒီကနေပဲ လမ်းလျှောက်သွားတော့မယ်”
“သေချာရဲ့လား”
နည်းနည်း မူးနေမလားလို့ ကျွန်တော် စိတ်ပူမိတယ်။
ရှင်ယူရီ က လက်နှစ်ချောင်းနဲ့ V ပုံစံ လုပ်ပြတယ်။
“ဟုတ်ကဲ့၊ အထဲမှာဆိုရင် ပိုပြီး ဘေးကင်းပါတယ်”
“ဂရုစိုက်ပြီး ဝင်သွားဦးနော်”
“လေလံပွဲက ဘယ်တော့လဲ”
“တပတ်ခါ ညနေ ၃ နာရီ မဟုတ်လား”
“ကျွန်မ အားပေးနေမယ်နော်”
ကျွန်တော် ခပ်တိုးတိုး ရယ်လိုက်မိတယ်။
“နင့်အဖေ ကုမ္ပဏီကို အားပေးရမှာမဟုတ်ဘူးလား”
“ဪ၊ ဟုတ်သားပဲ။ ဒါပေမဲ့လည်း စီနီယာပဲ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။ Fighting”
“ကျေးဇူးပါ”
အားပေးစကားတွေက ခွန်အားဖြစ်စေတာပဲ။
“နောက်တစ်ခါကျရင် ကျွန်မ တိုက်မယ်နော်။ ဖုန်းနံပါတ်လည်း မပြောင်းနဲ့ဦး။ တကယ်လို့ ပြောင်းဖြစ်ရင်လည်း ကျွန်မကို အသိပေးပါဦး”
“သိပါပြီ”
“ကတိနော်”
ရှင်ယူရီ က လက်သန်းလေး ထောင်ပြတာမလို့ ကျွန်တော်လည်း လက်သန်းချင်း ချိတ်ပြီး ကတိပေးလိုက်တယ်။
အပြန်လမ်းမှာတော့ တက်ဂယူကို ဖုန်းဆက်လိုက်တယ်။
“အခု ဘယ်မှာလဲ”
[ရုံးမှာပေါ့]
“အဲဒီမှာ ဘာလုပ်နေတာလဲ”
[ဂိမ်းကို အပတ်တကုတ် ဆော့နေတာလေ]
တစ်စုံတစ်ယောက်သာ မြင်ရင်တော့ အချိန်ပို အလုပ်ဆင်းနေတယ်လို့ ထင်ကြမှာပဲ။
“ငါ အခုလာနေပြီ။ စောင့်နေဦး”
ကျွန်တော် ကားဆရာကို ပြောလိုက်တယ်။
“တီဟီရန်ရို က Twin Towers အဆောက်အဦးကို သိလား”
“ဟုတ်ကဲ့။ သိပါတယ်”
“အဲဒီမှာရှိတဲ့ OTK Company အဆောက်အဦးကို သွားပေးပါ”
“ဟုတ်ကဲ့ပါ”
နောက်မှီကို မှီလိုက်ပြီး မျက်မှန်ကို ချွတ်လိုက်တယ်။ ပုံမှန်ဆိုရင် မျက်မှန်မတပ်တတ်တာမလို့ မျက်နှာပေါ်မှာ တစ်ခုခု ရှိနေတာက တစ်မျိုးကြီး ခံစားရတယ်။
လမ်းမှာပဲ ရှင်ယူရီ ဆီက စာရောက်လာတယ်။ အိမ်ထဲကို ဘေးကင်းကင်း ရောက်သွားပါပြီတဲ့။ ကျွန်တော်လည်း ကောင်းသောည ဖြစ်ပါစေလို့ ပြန်စာပို့လိုက်တယ်။
အသက် ၂၀ ကျော် အရွယ်က S-Class ကားကို စီးပြီး ဒီလိုအချိန်ကြီးမှာ OTK အဆောက်အဦးကို သွားတာက ကားဆရာအတွက်တော့ အံ့သြစရာ ဖြစ်နေမှာပဲ။ သူက ကျွန်တော့်ကို မသိမသာ ခိုးကြည့်နေတယ်။
ပြီးတော့မှ သူက အားနာနာနဲ့ မေးတယ်။
“စပ်စုသလိုဖြစ်သွားရင် ခွင့်လွှတ်ပါ... စီအီးအို ကန်ဂျင်ဟူ လားခင်ဗျ”
လိမ်နေစရာ မလိုတာမလို့ ခေါင်းညိတ်ပြလိုက်တယ်။
“ဟုတ်ကဲ့၊ ကျွန်တော်ပါ”
ကျွန်တော်က အနုပညာရှင်လည်း မဟုတ်ပါဘဲနဲ့ မသိတဲ့လူက ကိုယ့်ကို မှတ်မိနေတာက တစ်မျိုးကြီးပဲ။
ကားဆရာကတော့ ဝမ်းသာအားရ ဖြစ်သွားတယ်။
“တကယ့်ကို အံ့သြစရာပဲ။ ခင်ဗျားရဲ့ သတင်းစာရှင်းလင်းပွဲကို ကျွန်တော် ကြည့်ခဲ့တယ်။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို ကုမ္ပဏီကြီးကို တည်ထောင်နိုင်တာ တကယ့်ကို အားကျစရာပါ”
ကျွန်တော်ကလည်း အလိုက်သင့်ပဲ ပြန်ပြောလိုက်တယ်။
“အငှားယာဉ်မောင်း အလုပ်လုပ်တာ ကြာပြီလား”
“အလုပ်ကတော့ ၂ နှစ်လောက် ရှိပါပြီ။ ကျွန်တော်နဲ့ ဇနီးက ကုန်စုံဆိုင်လေး တစ်ဆိုင် တွဲဖွင့်ထားတာ၊ ဒါပေမဲ့ အခြေအနေက သိပ်မကောင်းဘူး”
မမေးဘဲနဲ့တင် သူက အကြောင်းစုံ ပြောပြတော့တာပဲ။ အရင်က ကုမ္ပဏီအငယ်စားလေး တစ်ခုမှာ အလုပ်လုပ်ခဲ့ပေမဲ့ အငြိမ်းစား စောစောယူခဲ့ရတယ်။ အငြိမ်းစားယူလို့ ရတဲ့ ပိုက်ဆံတွေနဲ့ စီးပွားရေး လုပ်ခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့တယ်။ ကျန်တဲ့ ပိုက်ဆံရယ်၊ ချေးငွေရယ် စုပြီး ကုန်စုံဆိုင် ဖွင့်ခဲ့တာပေါ့။
ရုံးချုပ်ကတော့ တစ်လကို ၅ သန်းလောက် ရနိုင်တယ်လို့ ပြောခဲ့ပေမဲ့ လက်တွေ့မှာတော့ ဖြစ်မလာခဲ့ဘူး။ အစပိုင်း လအနည်းငယ်မှာတော့ အဆင်ပြေမလို ရှိခဲ့ပေမဲ့ အနားမှာ တခြားဆိုင်တွေ ထပ်ဖွင့်လာတော့ အရောင်းတွေက ချက်ချင်း ကျသွားခဲ့တယ်တဲ့လေ။ ဒါ့အပြင် ကုမ္ပဏီကို ပေးရတဲ့ အခကြေးငွေနဲ့ အိမ်ငှားခတွေကလည်း နှစ်တိုင်း တိုးလာနေတယ်။
အခုဆိုရင် အချိန်ပိုင်းဝန်ထမ်း တစ်ယောက်ပဲ ထားနိုင်တော့ပြီး ဇနီးမောင်နှံ နှစ်ယောက်လုံး အလှည့်ကျ ဆိုင်ထိုင်နေရပေမဲ့ တစ်လကို အမြတ်က ၃ သန်းလောက်ပဲ ကျန်ပါတယ်။ ဒီပိုက်ဆံကို တခြားနေရာမှာ အချိန်ပိုင်း သွားလုပ်ရင်တောင် ပိုရဦးမယ်။
ဒါပေမဲ့လည်း စာချုပ်သက်တမ်း မပြည့်ခင် ဆိုင်ပိတ်ရင် လျော်ကြေးပေးရမှာမို့ ဆိုင်ကို မပိတ်နိုင်ကြဘူး။
ဒါကြောင့် ညဘက် ဇနီးဖြစ်သူ ဆိုင်ထိုင်နေတုန်းမှာ သူက အပိုဝင်ငွေရအောင် အငှားယာဉ်မောင်းအဖြစ် ထွက်လုပ်နေတာပေါ့။ တစ်လကို ၈ သိန်းလောက် ရပါတယ်ဆိုပြီးပြောတော့တာပါ။
“ပင်ပန်းမှာပဲနော်”
ကျွန်တော့်စကားကို အငှားယာဉ်မောင်းက ရယ်ပြီး ပြန်ဖြေတယ်။
“ဘာမှ မဟုတ်ပါဘူး။ လူတိုင်းလည်း ဒီလိုပဲ ရှင်သန်နေကြတာပဲလေ”
ဒါက တခြားလူတွေရဲ့ ဇာတ်လမ်းသက်သက် မဟုတ်ပါဘူး။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျွန်တော်တို့ အိမ်အခြေအနေကလည်း ဒီထက်မသာခဲ့ပါဘူး။ အမေကလည်း ပိုက်ဆံရဖို့ဆိုရင် ဘယ်လိုအလုပ်မျိုးမဆို မငြင်းဘဲ လုပ်ခဲ့တာပဲလေ။
ပို့ကုန်တွေ တိုးလာပြီး စီးပွားရေး ညွှန်းကိန်းတွေက တက်နေတယ်လို့ ပြနေပေမဲ့ သာမန်လူတွေကတော့ ဒါကို မခံစားရသေးဘူး။ အထူးသဖြင့် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတွေအတွက်တော့ စီးပွားရေး အခြေအနေက တော်တော်လေး ဆိုးရွားပါတယ်။
ပြဿနာကတော့ ရောင်းလိုအားတွေ များနေတာပါပဲ။ အသားကင်ဆိုင် ဘေးမှာ နောက်တစ်ဆိုင်၊ ကုန်စုံဆိုင် ဘေးမှာ နောက်တစ်ဆိုင် ထပ်ဖွင့်နေကြတော့ အကုန်လုံး အတူတူ မရှင်သန်နိုင်ကြတော့ဘူး။
အဓိက အကြောင်းရင်းကတော့ ကုမ္ပဏီတွေက ဝန်ထမ်းတွေ မခန့်ကြတော့တာပဲ။
အလုပ်အကိုင် ရှာရခက်လာတော့ လူတွေက ကိုယ်ပိုင်လုပ်ငန်းဘက် လှည့်လာကြတယ်။ အဲဒီမှာ ပြိုင်ဆိုင်မှုတွေ များလာပြီး အိမ်ငှားခတွေ တက်လာတော့ သံသရာ လည်နေတော့တာပဲ။
သူ့ရဲ့ ပုံပြင်တွေကို နားထောင်နေတုန်းမှာပဲ ကားပါကင်ကို ရောက်လာခဲ့တယ်။
“ဒီနားမှာပဲ ချပေးပါ”
ကားခကတော့ App ထဲကနေ ပေးပြီးသားပါ။
ကျွန်တော့် ပိုက်ဆံအိတ်ထဲမှာ ၃ သိန်းလောက် ရှိတာမလို့ အဲဒီ ပိုက်ဆံတွေ အကုန်ထုတ်ပြီး မုန့်ဖိုးအဖြစ် ပေးလိုက်တယ်။
“ဘေးကင်းကင်းနဲ့ ပို့ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်ဗျာ။ အားတင်းထားပါဦး”
အငှားယာဉ်မောင်းလည်း မုန့်ဖိုးကို မငြင်းဘဲ လက်ခံလိုက်တယ်။
“ကျေးဇူးတင်ပါတယ်။ သူဌေးမင်း”
၃၈ ထပ်ကို ကျွန်တော် တက်လာခဲ့တယ်။
အဲဒီအချိန်အတွင်းမှာ တက်ဂယူ ကတော့ အပြင်ကို တစ်လှမ်းတောင် မထွက်ဘဲ သူမှာထားတဲ့ ပီဇာကို စားနေပါတယ်။
စီအီးအို ရုံးခန်းထဲမှာ ဝတ်စုံအပွကြီးနဲ့ ဂိမ်းဆော့နေတဲ့ လူတစ်ယောက်ကို မြင်ရတော့ ပစ္စည်းလာပို့တဲ့လူလည်း အံ့သြသွားမှာ အမှန်ပဲ။
“ပြန်လာပြီလား”
ကျွန်တော် သူ့ကို ပြောလိုက်တယ်။
“အွန်ဆောင်း မော်တာ ရဲ့ လေလံဈေးကို ငါ သိလာခဲ့ပြီ”
တက်ဂယူ က အံ့သြသွားပြီး ဂိမ်းဆော့တာကို ရပ်လိုက်တယ်။
“ဘယ်လိုသိတာလဲ”
လေလံဈေးဆိုတာက အင်မတန် လျှို့ဝှက်ရမယ့် ကိစ္စလေ။
သတင်းပေါက်ကြားမှာ စိုးလို့ လေလံမတင်ခင်လေးတင်မှ ဆုံးဖြတ်ပြီး ရေးကြတာမျိုးလည်း ရှိတတ်တယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အခု သိနေပါပြီ။
“နတ်မျက်စိနဲ့မြင်လိုက်တာ”
တက်ဂယူ က မျက်တောင်တခတ်ခတ်နဲ့ ပြောတယ်။
“နတ်မျက်စိနဲ့မမြင်ရတာ ကြာပြီပဲနော်”
“အေးလေ”
“ဘယ်လောက်တဲ့လဲ”
“ဒေါ်လာ သန်း ၂၉၃၀”
“အဲဒီဈေးနဲ့ ဝယ်မှာတဲ့လား”
“ငါလည်း မသိဘူး”
နတ်မျက်စိက ပြတာက အွန်ဆောင်း မော်တာ ပေးမယ့် လေလံဈေးကိုပဲ ပြတာပါ။ သူတို့ လေလံအောင်မအောင်ကတော့ မပါပါဘူး။
ဒါ့အပြင် ဒီဈေးက သင့်တင့်တဲ့ ဈေးလားဆိုတာလည်း ကျွန်တော် မသေချာဘူး။
“ဈေးမကြီးဘူးလား”
“ကြီးလောက်တာပေါ့”
Typo Group က သိန်းပေါင်း ၃ကုဋေထက် ပိုလိုချင်တယ်လို့ ပြောထားပေမဲ့ အဲဒါက သူတို့ကိုယ်တိုင်လည်း သိန်းပေါင်း ၃ကုဋေကို အမြင့်ဆုံးလို့ သတ်မှတ်ထားတာကို ဆိုလိုတာပါ။
ကုမ္ပဏီ အတော်များများကလည်း သိန်းပေါင်း ၃ကုဋေကို အကန့်အသတ်လို့ပဲ သတ်မှတ်ထားကြမှာပါပဲ။
စားပွဲပေါ်မှာရှိတဲ့ X-cop ရဲ့ ဘဏ္ဍာရေး အစီရင်ခံစာတွေကို ကြည့်လိုက်တယ်။ အရင်းအနှီးက သန်း ၄၁၃၀ ရှိပြီး၊ ပြီးခဲ့တဲ့နှစ် အရောင်းက သန်း ၈၉၄၀၊ လုပ်ငန်းလည်ပတ်မှု အမြတ်က သန်း ၁၈၉၀ ရှိပါတယ်။
“တကယ်လို့ သိန်းပေါင်း ၃.၂ကုဋေ ဆိုရင်တော့ PER က ၁၇ ပေါ့”
“PER ဆိုတာ အမြတ်နဲ့ တန်ဖိုး အချိုးကို ပြောတာ မဟုတ်လား”
“ဟုတ်တယ်”
ရိုးရိုးရှင်းရှင်း ပြောရရင်တော့ သိန်းပေါင်း ၃.၂ကုဋေ အမြတ်ရဖို့အတွက် လက်ရှိ အမြတ်အတိုင်း ၁၇ နှစ်ကြာအောင် ထိန်းထားရမယ်လို့ ဆိုလိုတာပါ။
လုပ်ငန်းအမျိုးအစားပေါ် မူတည်ပြီး PER တွေက ကွာခြားလွန်းလို့ အတူတူ နှိုင်းယှဉ်ဖို့တော့ ခက်ပါတယ်။ ဥပမာ- ဇီဝနည်းပညာ ဒါမှမဟုတ် ဆေးဝါးလုပ်ငန်းတွေမှာဆိုရင် အနာဂတ် ကြီးထွားနှုန်း မြင့်မားတာမလို့ အခုလောလောဆယ် အမြတ်မရှိရင်တောင် PER ၂၀၀ ကျော်အထိ ရှိတတ်ကြတယ်။
သုံးနှစ်စာ ဝင်ငွေနဲ့ အမြတ်တွေကို စစ်ဆေးကြည့်ပေမဲ့ သိသာတဲ့ ကြီးထွားမှုတော့ မတွေ့ရပါဘူး။
ဒါက တကယ်ပဲ သိန်းပေါင်း ၃.၂ကုဋေ တန်လို့လား။
“ငါတို့ ဘာလုပ်ကြမလဲ”
“တကယ်လို့ ဒါက နားလည်မှုလွဲပြီး ပိုပေးထားတာဆိုရင်တော့ ငါတို့ စိုးရိမ်စရာ မလိုဘူး။ ဒါပေမဲ့ ဒါက သင့်တင့်တဲ့ ဈေးဆိုရင်တော့ ငါတို့လည်း လိုက်ရမှာပဲ”
နောက်ဆုံးတော့ သင့်တင့်တဲ့ တန်ဖိုးကို သတ်မှတ်ဖို့က အဓိကပါပဲ။
“အရင်ဆုံး အစ်မဟျွန်းဂျူး နဲ့ စကားပြောကြည့်ရအောင်။ သူ ဘယ်မှာလဲ”
တက်ဂယူ က ပြတင်းပေါက်ဘက်ကို ညွှန်ပြတယ်။
“ဟိုမှာနေမှာပေါ့”
ဒီလို အချိန်ကြီးမှာတောင် ဘေးက အဆောက်အဦးရဲ့ အပေါ်ဆုံးထပ်မှာ မီးတွေ လင်းထိန်နေတုန်းပဲ။
အစ်မဟျွန်းဂျူး က အလုပ်အမှုဆောင် ရုံးခန်းမှာ မဟုတ်ဘဲ အောက်ထပ်က စစ်ဆေးရေး အဖွဲ့တွေနဲ့အတူ ရှိနေတာပါ။
ဒီအချိန်အထိ အလုပ်လုပ်နေတာ အစ်မဟျွန်းဂျူး တစ်ယောက်ထဲ မဟုတ်ပါဘူး။ အစည်းအဝေးခန်းထဲမှာ အယ်လီ နဲ့ ဟင်နရီ အပါအဝင် စစ်ဆေးရေးအဖွဲ့ဝင် ၂၀ ကျော်လောက်က စာရွက်စာတမ်းပုံတွေ ကြားမှာ အလုပ်ရှုပ်နေကြပါတယ်။
တစ်ဝက်လောက်ကတော့ အာရှရုံးခွဲက ပို့လိုက်တဲ့ ဝန်ထမ်းတွေပါ။
ကုမ္ပဏီတစ်ခုကို ရောင်းချတဲ့ လုပ်ငန်းစဉ်က အမြန်ဆုံး လအနည်းငယ်ကနေ အကြာဆုံး တစ်နှစ်ကျော်အထိ ကြာတတ်ပါတယ်။
ဒါပေမဲ့လည်း စာရင်းအင်း မမှန်ကန်မှုတွေကို ဖုံးကွယ်ဖို့အတွက် Typo Group က နှစ်ကုန်ပိုင်းမှာ ငွေသား လိုအပ်နေတာပါ။ ဒါကြောင့် ခရစ္စမတ် မတိုင်ခင်မှာ အရောင်းအဝယ် ကိစ္စတွေကို အပြီးသတ်ဖို့ စီစဉ်ထားကြတာပေါ့။
အရောင်းအဝယ် လုပ်ငန်းစဉ်က လျှပ်စီးလက်သလို မြန်နေပါတယ်။ စစ်ဆေးဖို့အတွက် သူတို့ကို ၁၀ ရက်ပဲ အချိန်ပေးထားတာလေ။
သေချာ စစ်ဆေးဖို့အတွက် အချိန်က မလောက်ငပေမဲ့ တခြား ရွေးချယ်စရာ မရှိပါဘူး။ အဲဒီလို မလုပ်ချင်ရင်တော့ လေလံမဆွဲဘဲ နေလိုက်ရုံပါပဲ။ ဒါပေမဲ့လည်း လက်လွှတ်ဖို့ကလည်း နှမြောစရာ ကောင်းလွန်းနေပါတယ်။
ရလဒ်အနေနဲ့ကတော့ စစ်ဆေးရေးအဖွဲ့က မနားတမ်း အလုပ်လုပ်နေရတာပါ။ ဒါက Golden Gate တစ်ခုထဲ မဟုတ်ဘဲ တခြား ကုမ္ပဏီတွေလည်း ဒီလိုပဲ ဖြစ်မှာပါပဲ။ စစ်ဆေးရေးမှာ ရှေ့နေတွေ၊ စာရင်းကိုင်တွေ အပါအဝင် နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေက စာရင်းအင်း၊ ဥပဒေ၊ စီးပွားရေးနဲ့ အခွန်ကိစ္စတွေကို သေသေချာချာ စစ်ဆေးကြရတာပါ။
ဂဏန်းလေး တစ်လုံး ပြောင်းသွားတာနဲ့ အကုန်လုံး ပြောင်းလဲသွားနိုင်တာမလို့ အထူး ဂရုစိုက်ရပါတယ်။ သတင်းတွေထဲမှာတော့ တစ်စုံတစ်ယောက်က ဘယ်လောက်နဲ့ ဝယ်လိုက်တယ်ဆိုတာ ခဏလေးနဲ့ ပြီးသွားသလို ထင်ရပေမဲ့ အဲဒီနောက်ကွယ်မှာတော့ ကြီးမားတဲ့ ကြိုးပမ်းမှုတွေ ရှိနေတာပါ။
အပြင်မှာရပ်နေတဲ့ ကျွန်တော့်ကို မြင်သွားတဲ့ အယ်လီ က အစည်းအဝေးခန်းထဲက ထွက်လာတယ်။
“ဒီအချိန်အထိ အလုပ်လုပ်နေတာလား”
အယ်လီ က ခေါင်းညိတ်ပြတယ်။
“တပတ်ခါ ပဏာမလေလံ ရှိတယ်လေ။ ရှေ့နေတွေနဲ့ ဥပဒေပိုင်းဆိုင်ရာ ကိစ္စတွေကို ပြန်စစ်နေတာ”
“ပြဿနာကြီးကြီးမားမား မရှိဘူးမလား”
“အင်း။ OTK Company ရော၊ Golden Gate ရောက လက်ဝါးကြီးအုပ်မှုနဲ့ ပတ်သက်တဲ့ ပြဿနာတွေ မရှိပါဘူး”
ပိုက်ဆံရှိတိုင်း ကုမ္ပဏီကို ဝယ်လို့ရတာ မဟုတ်ပါဘူး။
ကိုရီးယားမှာဆိုရင် စက်မှုလုပ်ငန်းက အရင်းအနှီးတွေက ဘဏ္ဍာရေး အရင်းအနှီးတွေကို ပိုင်ဆိုင်ခွင့် မရှိသလို ဈေးကွက်ကို တစ်ဦးတည်း လွှမ်းမိုးသွားမယ့် ပေါင်းစည်းမှုမျိုးကိုလည်း ခွင့်မပြုပါဘူး။
မကြာသေးခင်က SSK Telecom နဲ့ GJ Morning တို့ ပေါင်းစည်းဖို့ ကြိုးစားတာ မအောင်မြင်ခဲ့တာကလည်း ဒီလက်ဝါးကြီးအုပ်မှု ဆိုင်ရာ စည်းမျဉ်းတွေကြောင့်ပါပဲ။
“အသေးစိတ်တွေကိုတော့ ထပ်ပြီး စစ်ဆေးဖို့ လိုဦးမယ်...”
စကားပြောရင်းနဲ့ အယ်လီ က ကျွန်တော့်နားကို ကပ်လာတယ်။
“ဘာလို့ ကပ်လာရတာလဲ”
ကျွန်တော် အံ့သြပြီး မေးလိုက်တော့ အယ်လီ က အသက်ပြင်းပြင်း ရှူလိုက်တယ်။
“ဝိုင်နံ့ ရနေတယ်။ ဘယ်သူနဲ့ သောက်ခဲ့တာလဲ”
“...”
သူက ချက်ချင်း သိတာပဲ။ ဒီကို မလာခင် နည်းနည်းလောက် သန့်ရှင်းရေး လုပ်ခဲ့သင့်တာ။
“အဲဒါက... ကျောင်းက သူငယ်ချင်းတစ်ယောက်နဲ့ အကြာကြီးနေမှ ပြန်တွေ့လို့ပါ”
“ကျောင်းက သူငယ်ချင်းဟုတ်လား။ ဘယ်သူလဲ”
“အဲဒါကတော့...”
ရှင်ယူရီ နဲ့ သောက်ခဲ့တာလို့ ပြောဖို့က တစ်မျိုးကြီး ဖြစ်နေသလိုပဲ။
အယ်လီ က ကလေးဆန်ဆန် စိတ်ကောက်သလိုမျိုး ပြောတယ်။
“ဪ... လုပ်ရက်လိုက်တာ။ ငါက ဒီမှာ အလုပ်လုပ်နေရတာကို ကန်ဂျင်ဟူ ကတော့ တစ်ယောက်ထဲ သောက်နေတယ်ပေါ့လေ။ ငါလည်း ဝိုင် ကြိုက်ပါတယ်ဟ”
“နောက်တစ်ခါကျရင် ဝယ်တိုက်ပါ့မယ်”
ကျွန်တော့်စကားကြောင့် အယ်လီ ရဲ့ မျက်နှာက ဝင်းခနဲ ဖြစ်သွားတယ်။
“တကယ်လား။ ကတိနော်”
“ဒါပေါ့”
ဘာကြောင့်ရယ်မသိဘူး၊ ဒီနေ့ ကတိတွေ အများကြီး ပေးနေမိသလိုပဲ။
အစ်မဟျွန်းဂျူး နဲ့ ဟင်နရီ လည်း အနောက်ကနေ လိုက်လာကြတယ်။
“ရောက်နေတာလား”
“ခဏလောက် စကားပြောရအောင်”
ကျွန်တော်တို့ အကုန်လုံး စီအီးအို ရုံးခန်းကို အတူတူ သွားကြတယ်။
ထင်ထားတဲ့အတိုင်းပဲ အလုပ်ကနေမပြန်နိုင်သေးတဲ့ အတွင်းရေးမှူးက ကော်ဖီတွေ လာချပေးတယ်။
“ပဏာမလေလံအတွက် ဘယ်လောက် ဈေးပေးရင် ကောင်းမလဲ”
ပဏာမလေလံအတွက် ဈေးကိုတော့ ပေါ့ပေါ့တန်တန် မရေးသင့်ဘူး။ စည်းမျဉ်းအရဆိုရင် တကယ့်လေလံမှာ ပဏာမလေလံတုန်းကထက် ပိုနည်းတဲ့ဈေးကို ပေးလို့ မရတော့ဘူးလေ။
“သန်း ၂၅၀၀လောက်ပေါ့။ အဲဒီထက် နည်းတဲ့ဈေးတွေကတော့ ပဏာမလေလံမှာတင် ပြုတ်သွားနိုင်တယ်”
ပါဝင်တဲ့ ကုမ္ပဏီက ၁၅ ခုလောက် ရှိတယ်။
ပဏာမလေလံရဲ့ ရည်ရွယ်ချက်ကတော့ အဲဒီထဲကမှ မဖြစ်နိုင်လောက်အောင် ဈေးနည်းပေးတဲ့ ကုမ္ပဏီတွေကို ဖယ်ထုတ်ပစ်ဖို့ပါပဲ။ ပဏာမလေလံ ပြီးလို့ တစ်ပတ်အကြာမှာ စမယ့် တကယ့်လေလံကမှ အစစ်အမှန်ပါ။
“X-cop က သန်း ၃ထောင်ကျော် တန်တယ်လို့ ထင်လား”
အယ်လီ က အံ့သြသွားတယ်။
“သန်း ၃ထောင်ဟုတ်လား။ အဲဒါက များလွန်းမနေဘူးလား”
အစ်မဟျွန်းဂျူး က စီးကရက်ကို မီးညှိလိုက်ပြီး ခဏလောက် တိတ်ဆိတ်စွာ စဉ်းစားနေတယ်။
သူက ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းက စစ်ဆေးထားတဲ့ အချက်အလက်တွေကို ပြန်သုံးသပ်နေတာ ဖြစ်မှာပါ။
“ကျွန်တော်တို့ နိုင်ငံမှာက အများပြည်သူ ဘေးကင်းလုံခြုံမှုက တော်တော်လေး တည်ငြိမ်တယ်။ ဒါကြောင့် တခြား ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ ယှဉ်ရင် လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ လိုအပ်ချက်က အဲဒီလောက်အထိ မမြင့်မားဘူး။ ဒါပေမဲ့လည်း ချမ်းသာတဲ့သူတွေ များလာနေပြီးတော့ ကော်ပိုရိတ် လုံခြုံရေးက ပိုပြီး အရေးကြီးလာတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဦးချင်းစီနဲ့ ကုမ္ပဏီတွေဆီက လိုအပ်ချက်တွေ တိုးလာဖို့ အလားအလာ အများကြီး ရှိတယ်လေ။ ဒီအချက်ကို ထည့်သွင်းစဉ်းစားမယ်ဆိုရင်တော့ အခု သန်း ၃ထောင် ပေးရတာက ပြဿနာကြီးကြီးမားမား မဟုတ်ပါဘူး”
“သိပါပြီ”
အွန်ဆောင်း မော်တာ ကလည်း ဘာမှမစဉ်းစားဘဲနဲ့ အဲဒီလောက်အထိ ဈေးပေးတာ မဟုတ်မှာတော့ သေချာပါတယ်။
တကယ်လို့ လက်အောက်ခံ ကုမ္ပဏီတစ်ခုနဲ့ ပေါင်းစည်းပြီး ရလာမယ့် အကျိုးကျေးဇူးတွေကို ထည့်တွက်မယ်ဆိုရင် သူတို့က ဒီထက်ပိုပြီးတောင် ပေးချင်ပေးမှာပါ။
ဒါပေမဲ့လည်း ကျွန်တော်ကတော့ ဒီအတိုင်း ငြိမ်ကြည့်နေဖို့ အစီအစဉ် မရှိပါဘူး။
“လေလံဈေးကိုတော့ ကျွန်တော်ပဲ ဆုံးဖြတ်ပါ့မယ်”