← Chapters

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း (၁၀၀)

အွန်ဆောင်းမော်တာက OTK Company ဆိုတဲ့ နာမည်ကို CarOS အရောင်းအဝယ်တုန်းက စပြီး သိခဲ့တာပါ။ အွန်ဆောင်းမော်တာက အသုံးမကျတဲ့ ဘဲပေါက်လေးနဲ့ မခြားတဲ့ သူတို့ရဲ့ ကုမ္ပဏီခွဲလေးတစ်ခုကို ဒေါ်လာ ၈၈ သန်းနဲ့ OTK Company ဆီ ရောင်းချခဲ့တယ်။ ဒါပေမဲ့ ရောင်းပြီးလို့ နှစ်ဝက်တောင် မပြည့်ခင်မှာပဲ အဲဒီကုမ္ပဏီက ငန်းဖြူလေး ဖြစ်မှန်း သိလိုက်ရတာပါ။

တကယ်လို့ အဲဒီတုန်းက OTK Company ကသာ ဝင်မဝယ်ခဲ့ရင် CarOS က အခုထိ ကုမ္ပဏီခွဲတစ်ခုအဖြစ် ရှိနေဦးမှာဖြစ်ပြီး အွန်ဆောင်းမော်တာအနေနဲ့လည်း အလိုအလျောက် မောင်းနှင်စနစ်ရဲ့ အဓိက နည်းပညာကို ပိုင်ဆိုင်ထားနိုင်မှာသေချာပါတယ်။

နာမည်ကြီး မော်တော်ကား အစီအစဉ်ဖြစ်တဲ့ Top Motor က တင်ဆက်သူ ဂျရက် ကလက် က "အွန်ဆောင်းမော်တာက CarOS ကို OTK Company ဆီ ရောင်းလိုက်တာဟာ ရုရှားက အလက်စကာကို အမေရိကန်ဆီ ရောင်းလိုက်သလိုမျိုး တကယ်ကို အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ပဲ" လို့ လှောင်ပြောင်ခဲ့ဖူးတယ်။

အဲဒီနောက်မှာတော့ OTK Company ဟာ CarOS ကို အသုံးပြုပြီး မော်တော်ကားလောကထဲကို တိုက်ရိုက်ဝင်ရောက်လာခဲ့ကာ အားကောင်းတဲ့ ပြိုင်ဘက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် နည်းလမ်းမျိုးစုံနဲ့ ပံ့ပိုးပေးခဲ့လို့ ရိုနယ် စတန်ပါ ကို အမေရိကန် သမ္မတအဖြစ် ရွေးကောက်ခံရအောင်လည်း လုပ်ဆောင်နိုင်ခဲ့တယ်။

ပြီးခဲ့တဲ့နှစ် အမေရိကန်ဈေးကွက်မှာ အွန်ဆောင်းမော်တာရဲ့ ရောင်းအားက ၁.၆၅ သန်း ရှိခဲ့ပြီး အဲဒါက စုစုပေါင်း ရောင်းအား ၈.၃ သန်းရဲ့ ၂၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ဒီနှစ်ရဲ့ ရောင်းအားနဲ့ ဈေးကွက်ဝေစုကလည်း အတူတူပါပဲ။ ဒါပေမဲ့ နောက်နှစ်အတွက် အခြေအနေကိုတော့ ခန့်မှန်းဖို့ ခက်နေတယ်။

ရိုနယ် ရဲ့ အမေရိကန်ပြည်တွင်း ထုတ်ကုန်တွေကို ကာကွယ်ရေးဝါဒနဲ့ ကုန်သွယ်ရေး ကာကွယ်မှုတွေက အွန်ဆောင်းမော်တာအတွက်တော့ အဆိုးဝါးဆုံး အခြေအနေပါပဲ။

ရိုနယ် က တင်သွင်းလာတဲ့ ကားတွေကို အခွန်တိုးကောက်မှာဖြစ်ပြီး ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ကားတွေကိုတော့ အထူးအခွင့်အရေးတွေ ပေးမယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ဒါက မော်တော်ကားတင်မကဘဲ ကုန်ထုတ်လုပ်မှု ကဏ္ဍအားလုံးနဲ့ သက်ဆိုင်နေတာပါ။

ဒီအခြေအနေက အွန်ဆောင်းမော်တာအတွက် လည်ပင်းဓားနဲ့ ထောက်ခံထားရသလိုပါပဲ။ လောလောဆယ်မှာ အွန်ဆောင်းမော်တာက အမေရိကန် ဂျော်ဂျီယာပြည်နယ်မှာ စက်ရုံတစ်ရုံပဲ ရှိပါတယ်။

တခြားတစ်ဖက်မှာတော့ မက္ကဆီကိုမှာ စက်ရုံ ၃ ရုံရှိပြီး နောက်ထပ် တစ်ရုံကိုလည်း တည်ဆောက်နေတုန်းပါ။ အဲဒီစက်ရုံတွေက ထွက်သမျှ အကုန်လုံးနီးပါးကို အမေရိကန်ဆီ တင်ပို့နေတာပါ။

အွန်ဆောင်းမော်တာက အကြပ်အတည်းနဲ့ ရင်ဆိုင်နေရပါပြီ။ မက္ကဆီကိုစက်ရုံ တည်ဆောက်မှုကို ရပ်တန့်ပြီး အမေရိကန်မှာ စက်ရုံအသစ် ဆောက်ဖို့ ဆွေးနွေးမှုတွေ ရှိခဲ့ပေမဲ့ ပရောဂျက်က ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်သလို အမေရိကန်မှာ စက်ရုံသစ် ဆောက်ဖို့ဆိုရင် မြေနေရာ ရှာဖွေတာ၊ လူသစ်ခေါ်တာနဲ့ အလုပ်သမားသမဂ္ဂတွေနဲ့ ညှိနှိုင်းရတာတွေ ရှိနေပါတယ်။

ဒီကိစ္စတွေ အကုန်လုံးကသာ OTK Company မရှိခဲ့ရင် ဖြစ်လာမှာ မဟုတ်ပါဘူး။

အစတုန်းကတော့ တက်ဂယူ ကို စီအီးအိုလို့ ထင်ထားတာမို့ ကန်ဂျင်ဟူ ကို သိပ်ပြီး အာရုံမစိုက်ခဲ့ကြဘူး။ ဒါပေမဲ့ ကန်ဂျင်ဟူ ကသာ စီအီးအိုမှန်း သိလိုက်ရတဲ့အခါမှာတော့ အသေအချာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး တုန်လှုပ်စရာ အမှန်တရားကို သိလိုက်ရပါတယ်။

DHK Engineering ဆိုတဲ့ ကန်ထရိုက်ကုမ္ပဏီလေးတစ်ခု ရှိခဲ့ဖူးပြီး အဲဒီကုမ္ပဏီက အွန်ဆောင်းမော်တာနဲ့ မူပိုင်ခွင့် တရားစွဲဆိုမှုမှာ ရှုံးနိမ့်ပြီး ဒေဝါလီခံခဲ့ရတယ်။ အဲဒီလုပ်ငန်းစဉ်အတွင်းမှာပဲ စီအီးအိုက ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးပါးသွားခဲ့တယ်။

အရေးကြီးတယ်ဆိုတဲ့ မူပိုင်ခွင့်ကို ပြန်စစ်ကြည့်တဲ့အခါမှာတော့ သိပ်ပြီး အရေးမပါတဲ့ အရာဖြစ်နေတယ်။ အသေးစားနဲ့ အလတ်စား လုပ်ငန်းတစ်ခုအနေနဲ့ကတော့ ပင်ပင်ပန်းပန်း တီထွင်ထားရတာ ဖြစ်နိုင်ပေမဲ့ ကုမ္ပဏီကြီးတစ်ခုအတွက်တော့ အဲဒီမူပိုင်ခွင့်က မရှိလည်း ဖြစ်တဲ့ အရာမျိုးပါ။

ဒါပေမဲ့ ဒီလိုအရာတွေကို တစ်ခုချင်းစီ လျစ်လျူရှုလိုက်မယ်ဆိုရင်တော့ ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။

လူတွေက ပိုက်ဆံရှိရင် လွယ်လွယ်နဲ့ သုံးတတ်ကြတယ်လို့ အထင်မှားတတ်ကြတယ်။ ဒါပေမဲ့ ချမ်းသာတဲ့သူပဲဖြစ်ဖြစ်၊ ကုမ္ပဏီကြီးပဲဖြစ်ဖြစ် ပိုက်ဆံကို စည်းမဲ့ကမ်းမဲ့ ဘယ်တော့မှ မသုံးပါဘူး။

ဒါပေမဲ့ လိုအပ်တဲ့ နေရာမှာတော့ ပိုက်ဆံကို မနှမြောဘဲ သုံးကြပါတယ်။ စက်ရုံတည်ဆောက်တာ၊ သုတေသန လုပ်တာနဲ့ ဈေးကွက်မြှင့်တင်ရေး ကိစ္စတွေမှာ သန်းထောင်နဲ့ ချီပြီး သုံးစွဲကြတာပါ။

ဒါပေမဲ့ အလဟဿ သုံးစွဲမှုကိုတော့ လုံးဝကို ရှောင်ကြဉ်ကြတယ်။ ကုန်ကျစရိတ် သက်သာဖို့အတွက် ကန်ထရိုက်ကုမ္ပဏီတွေရဲ့ ပစ္စည်းဈေးနှုန်းတွေကို အနည်းဆုံးအထိ နှိမ်ပြီး ဝယ်ယူတာက သူတို့ရဲ့ ထုံးစံပါပဲ။

ကန်ထရိုက်ကုမ္ပဏီတွေအတွက်တော့ အဲဒီ ၁ ပြား၊ ၂ ပြားက အသက်ရှူကြပ်စရာ ဖြစ်ပေမဲ့ အဖက်ဖက်က ကြည့်မယ်ဆိုရင်တော့ ကုန်ကျစရိတ် တက်လာပြီး အမြတ်ငွေ နည်းသွားနိုင်လို့ပါ။

ဒါ့အပြင် အဓိက နည်းပညာနဲ့ မူပိုင်ခွင့်ရှိတဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေက တစ်ခါတလေ ကုမ္ပဏီကြီးတွေအတွက် မရှိမဖြစ် အင်အားစု ဖြစ်လာနိုင်တာမလို့ အဲဒီလို အခြေအနေမျိုး မရောက်ခင်မှာပဲ အမြစ်ကနေ ဆွဲနုတ်ပစ်ဖို့ လိုအပ်ပါတယ်။

ကန်ထရိုက်ကုမ္ပဏီရဲ့ တာဝန်က ကုမ္ပဏီကြီးအတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ထုတ်လုပ်ပေးဖို့ဖြစ်ပြီး အဲဒီလုပ်ငန်းစဉ် အတွင်းမှာ နည်းပညာအသစ် ထွက်လာရင်တော့ အဲဒါကို ကုမ္ပဏီကြီးက ပိုင်ဆိုင်ရမှာက သဘာဝပဲလေ။

ဒါက အွန်ဆောင်းမော်တာ တစ်ခုထဲ မဟုတ်ဘဲ တခြား ကုမ္ပဏီကြီးတွေလည်း ဒီလိုပါပဲ။

ပြဿနာကတော့ ဆုံးပါးသွားတဲ့ DHK Engineering ရဲ့ စီအီးအိုက ကန်ဂျင်ဟူ ရဲ့ အဖေ ဖြစ်နေတာပါပဲ။ ဒီအချက်ကို သိလိုက်ရတဲ့အခါမှာတော့ အွန်ဆောင်းမော်တာအတွင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်။

"ဒါက လက်စားချေဖို့အတွက်လား"

OTK Company ရဲ့ အရင်က လုပ်ရပ်တွေကို ကြည့်ရင်တော့ ဒီလို သံသယဖြစ်တာက မဆန်းပါဘူး။ OTK Company က X-Cop ကို ဝယ်ယူဖို့ ကြိုးစားလာတဲ့အခါမှာတော့ အဲဒီသံသယက အတည်ဖြစ်သွားပါတယ်။

အွန်ဆောင်းမော်တာက သူတို့ရဲ့ လုံခြုံရေး လုပ်ငန်းစဉ်အားလုံးကို ဆောင်းအီလက်ထရောနစ် ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ D.S. ဆီကို အပ်နှံထားတာပါ။ ဒါပေမဲ့ မကြာသေးခင်က အဲဒီအုပ်စု နှစ်ခုကြားမှာ ဆက်ဆံရေးက တင်းမာနေပါတယ်။

ရိုနယ် သမ္မတ ဖြစ်လာတာက ပြည်ပဈေးကွက်မှာ မသေချာမှုတွေ ရှိနေတာမလို့ ပြည်တွင်းဈေးကွက်ရဲ့ အရေးပါမှုက ပိုပြီး မြင့်တက်လာပါတယ်။

အွန်ဆောင်းမော်တာ အုပ်စုက ကုမ္ပဏီခွဲတွေတင်မကဘဲ ပူးပေါင်းဆောင်ရွက်နေတဲ့ ကုမ္ပဏီပေါင်းများစွာ ပါဝင်နေတဲ့ ကြီးမားတဲ့ ကုန်ထုတ်လုပ်မှု နိုင်ငံတော်ကြီး တစ်ခုလိုပါပဲ။

ဒီနိုင်ငံတော်ကြီးကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့ဆိုရင် လုံခြုံရေးကုမ္ပဏီတစ်ခုက မရှိမဖြစ် လိုအပ်ပါတယ်။ ဒါကြောင့် ဒီအခွင့်အရေးကို အသုံးချပြီး X-Cop ကို ဝယ်ယူပြီး ကုမ္ပဏီခွဲအဖြစ် သွတ်သွင်းဖို့ စီစဉ်ခဲ့တာပါ။

ပဏာမ လေလံကတော့ ထင်ထားတဲ့အတိုင်းပါပဲ။ တူညီတဲ့ ကုမ္ပဏီတွေကို ဖယ်ထုတ်လိုက်ပြီး အဓိက ကုမ္ပဏီ ၅ ခုပဲ ကျန်ပါတော့တယ်။

အွန်ဆောင်းမော်တာ၊ Canline Group၊ KRR၊ RCK Bros နဲ့ OTK Company & Golden Gate Consortium တို့ပါပဲ။

အခုဆိုရင် နောက်ဆုံးလေလံပွဲအတွက် ၁၂ နာရီပဲ လိုပါတော့တယ်။

လောလောဆယ်မှာတော့ မော်တော်ကား ကုမ္ပဏီတွေရဲ့ အဓိက အာရုံစိုက်မှုက အနာဂတ်ကားတွေဆီမှာပါ။ ကုမ္ပဏီအားလုံးက အလိုအလျောက် မောင်းနှင်စနစ်နဲ့ လျှပ်စစ်ကား နည်းပညာတွေကို ဖော်ဆောင်ဖို့ ကြိုးစားနေကြတယ်။

အလိုအလျောက်မောင်းနှင်စနစ်နဲ့ ပတ်သက်တဲ့ Startup တွေကလည်း မှိုလိုပေါက်နေတာပါပဲ။ သူတို့ထဲက ၉၀ ရာခိုင်နှုန်းကျော်ကတော့ ရှုံးနိမ့်ပြီး ပျောက်ကွယ်သွားကြမှာဖြစ်ပေမဲ့ တကယ်ကို ကောင်းမွန်တဲ့ နည်းပညာတွေ ထုတ်နိုင်တဲ့ ကုမ္ပဏီတွေလည်း ရှိနေပါတယ်။

အစပိုင်းမှာတော့ အွန်ဆောင်းမော်တာက ဒီ Startup တွေကို ကန်ထရိုက်ကုမ္ပဏီတွေလိုပဲ ဆက်ဆံခဲ့ကြတယ်။ သူတို့ရဲ့ နည်းပညာနဲ့ မူပိုင်ခွင့်တွေကို သိမ်းပိုက်ပြီး အဓိက ဝန်ထမ်းတွေကိုလည်း ဆွဲဆောင် ခေါ်ယူခဲ့ကြတာပေါ့။

ဒါပေမဲ့ ဒီနည်းလမ်းက လောလောဆယ်အတွက် နည်းပညာတွေ ရနိုင်ပေမဲ့ ရေရှည်မှာတော့ အကျိုးမရှိပါဘူး။

Google ဒါမှမဟုတ် NPL လိုမျိုး ထိပ်တန်း IT ကုမ္ပဏီတွေက ဝန်ထမ်းအနည်းငယ်ပဲရှိတဲ့ Startup လေးတွေကို ဒေါ်လာ သန်းနဲ့ချီပြီး ပေးဝယ်နေကြတာဟာ သူတို့မှာ ပိုက်ဆံတွေ အပိုရှိနေလို့ မဟုတ်ပါဘူး။ နည်းပညာကို ဝယ်လို့ရပေမဲ့ ကုမ္ပဏီတစ်ခုရဲ့ ယဉ်ကျေးမှုနဲ့ အတွေးအခေါ်ကိုတော့ အတုယူဖို့ ခက်လို့ပါ။ ဒါကြောင့် ကုန်ကျစရိတ် ပိုများရင်တောင်မှ တစ်ဖွဲ့လုံးကို ဝယ်ယူပြီး ပံ့ပိုးပေးတာက ပိုပြီး ထိရောက်တယ်လို့ သူတို့တွေ ယုံကြည်ကြတယ်လေ။

ဒါကို နောက်ကျမှ သိလိုက်ရတဲ့ အွန်ဆောင်းမော်တာက ဝယ်ယူရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်ပြီး အမေရိကန် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ဖြစ်တဲ့ Redstone Group ရဲ့ ကိုရီးယားမန်နေဂျာဖြစ်သူ ဟန်ချန်ယောင်း နဲ့ သူ့ရဲ့အဖွဲ့ကို ခေါ်ယူခဲ့ပါတယ်။

အွန်ဆောင်းမော်တာ ရုံးချုပ်မှာတော့ လေလံဈေး သတ်မှတ်ဖို့အတွက် ညနက်သန်းခေါင်အထိ အစည်းအဝေး လုပ်နေကြတယ်။

အစည်းအဝေးခန်းထဲမှာ ဟန်ချန်ယောင်း အပါအဝင် အဖွဲ့ဝင် ၅ ယောက်က လေလံဈေး သတ်မှတ်ဖို့အတွက် အချက်အလက်တွေကို နောက်ဆုံးအထိ စစ်ဆေးနေကြတယ်။ သူတို့က ဝယ်ယူရေး နယ်ပယ်မှာ အတွေ့အကြုံ အများကြီးရှိတဲ့ ထိပ်တန်း ပညာရှင်တွေပါ။

သူတို့ ဒါကို မဖြစ်မနေ ဝယ်ရမယ်။

ဒါပေမဲ့ အသက်သာဆုံး ဈေးနဲ့ ဝယ်ရပါမယ်။

ဒီလို အခက်အခဲတွေကို ဖြေရှင်းဖို့က သူတို့ရဲ့ တာဝန်ပဲလေ။

ဟန်ချန်ယောင်း လည်း အိမ်မပြန်ဘဲ အစည်းအဝေးခန်းထဲမှာပဲ ရှိနေပါတယ်။

အွန်ဆောင်းတင်မကဘဲ တခြား ကုမ္ပဏီတွေလည်း နောက်ဆုံး မိနစ်ကျမှပဲ လေလံဈေးကို အတည်ပြုကြမှာပါ။

“ဒီ ၄ ခုထဲမှာ ဘယ်ကုမ္ပဏီက အားအကောင်းဆုံး ပြိုင်ဘက်လဲ”

ဟန်ချန်ယောင်း ရဲ့ အမေးကို Team Leader ဆန်းယော့ က “RCK Bros ပါ” လို့ ပြန်ဖြေတယ်။

“တခြား ကုမ္ပဏီတွေကော”

“KRR က ကိုရီးယား အခြေအနေကို သိပ်နားမလည်ဘူး။ ဈေးကွက်ကို နားမလည်တဲ့အတွက် ပိုက်ဆံအများကြီး သုံးဖို့ ခက်လိမ့်မယ်။ Canline Group ကတော့ မကြာသေးခင်ကမှ ကိုရီးယား ကိုယ်စားလှယ်အဖြစ် လီဂျောင်ဟို ကို ခန့်လိုက်တာ။ ဒါက သူတို့ရဲ့ ပထမဆုံး လေလံပွဲမလို့ ပိုက်ဆံအများကြီး သုံးရဲမှာ မဟုတ်ဘူး”

“OTK Company နဲ့ Golden Gate Consortium ကော”

“Golden Gate က ရင်းနှီးမြှုပ်နှံမှုဘဏ်လေ။ သူတို့မှာ ကုမ္ပဏီခွဲတွေ ရှိပေမဲ့ ဒါက သူတို့ရဲ့ အဓိက အလုပ် မဟုတ်ဘူး။ OTK Company ကလည်း startup တွေမှာ ရင်းနှီးမြှုပ်နှံဖူးပေမဲ့ ဒီလောက်ကြီးမားတဲ့ အရောင်းအဝယ်မျိုးကို မလုပ်ဖူးဘူး။

OTK Company ရဲ့ စီအီးအို ကန်ဂျင်ဟူ က အသက် ၂၀ ကျော်ပဲ ရှိသေးတယ်၊ Golden Gate ရဲ့ ကိုရီးယားရုံးခွဲ အကြီးအကဲ အိုဟျွန်းဂျူး ကလည်း အသက် ၃၀ ကျော်ပဲ ရှိသေးတာ။

ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုနေရာတွေကို ရောက်နေတာက ချီးကျူးစရာ ဖြစ်ပေမဲ့ တစ်ဖက်က ကြည့်ရင်တော့ လက်တွေ့ အတွေ့အကြုံ မရှိတာကို ပြနေတာပဲလေ”

စကားဝိုင်းကို နားထောင်ရင်း ဟန်ချန်ယောင်း က လောကကြီးက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်လို့ တွေးနေမိတယ်။

'တကယ်လို့ DHK Engineering သာ ကျရှုံးမသွားဘဲ စီအီးအိုလည်း အသက်ရှင်နေဦးမယ်ဆိုရင် ကန်ဂျင်ဟူ က အခုချိန်မှာ ကျောင်းတက်နေမှာ မဟုတ်လား'

အဲဒီလိုသာဆိုရင် CarOS ကလည်း အခုထိ လူမသိဘဲ ရှိနေဦးမှာဖြစ်သလို ရိုနယ် လည်း သမ္မတ ဖြစ်လာမှာ မဟုတ်ဘူး။

ဒါပေမဲ့ ဒါတွေက ခန့်မှန်းချက်တွေပါပဲ။ အခုလောလောဆယ်မှာတော့ လက်ရှိ ပြဿနာကို ဖြေရှင်းဖို့က ပိုအရေးကြီးပါတယ်။

“တခြားတစ်ဖက်မှာတော့ RCK Bros က ကိုရီးယားကုမ္ပဏီ ဖြစ်တဲ့အတွက် ဈေးကွက်ကို ကောင်းကောင်း နားလည်တယ်။ ဥက္ကဋ္ဌ ရူချောဂယွန် နဲ့ ဒု-ဥက္ကဋ္ဌ ရှင်ဗြောင်ဒူ တို့အကြောင်းကတော့ ပြောနေစရာတောင် မလိုဘူး”

“RCK Bros က ပဏာမ လေလံတုန်းက ဈေးအနည်းဆုံး ပေးခဲ့တာ မဟုတ်လား။ သူတို့မှာ ငွေကြေး မလုံလောက်လို့လား”

လေလံဈေးတွေကို အများပြည်သူ သိအောင် မပြောပေမဲ့ ကုမ္ပဏီတွေကြားမှာတော့ အနည်းအကျဉ်း သိနေကြတာပါ။

ပုံမှန်အားဖြင့်တော့ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ အဖွဲ့တွေက ဝယ်ယူမယ့် ပိုက်ဆံရဲ့ တစ်ဝက်ကို အစုရှယ်ယာရှင်တွေဆီက ရယူပြီး ကျန်တဲ့ တစ်ဝက်ကိုတော့ ဘဏ်ချေးငွေနဲ့ လုပ်ဆောင်ကြတာပါ။

မကြာသေးခင်က RCK Bros က တရုတ်ကုမ္ပဏီအချို့ကို ဝယ်ယူခဲ့လို့ ပိုက်ဆံတွေ အများကြီး ကုန်ထားတဲ့အတွက် အခုချိန်မှာ အခက်အခဲ ရှိနေနိုင်ပါတယ်။

ဒါပေမဲ့ Team Leader ဆိုဆန်းဝန် ကတော့ အမြင်မတူပါဘူး။ သူက Redstone Group မှာ အလုပ်လုပ်ခဲ့တာ နှစ် ၂၀ ရှိပြီမလို့ ဒီလို အဖွဲ့အစည်းတွေရဲ့ အလုပ်လုပ်ပုံကို ကောင်းကောင်း သိနေတာပါ။

“ကျွန်တော်တို့ ပေါ့ပေါ့တန်တန် တွေးလို့ မရဘူး။ ပဏာမ လေလံတုန်းက ဈေးနည်းနည်းပေးပြီး ပြိုင်ဘက်တွေကို လှည့်စားတဲ့ 'Low Ball' နည်းဗျူဟာကို သုံးထားတာ ဖြစ်နိုင်တယ်။ ပြီးတော့မှ နောက်ဆုံး လေလံမှာ ဈေးမြှင့်ပေးမှာလေ”

အထူးသဖြင့် ဒု-ဥက္ကဋ္ဌ ရှင်ဗြောင်ဒူ ကိုယ်တိုင် ဒါကို ကိုင်တွယ်နေတာဆိုတော့ ဝယ်ယူဖို့ ဆုံးဖြတ်ထားတာ သေချာပါတယ်။ အနည်းဆုံးတော့ သူ့ဘက်က ကြည့်ရင်တော့ ဈေးမြှင့်ပေးပြီးမှ ပြန်ဆုတ်သွားမယ့် ပုံစံမျိုး မဟုတ်ပါဘူး။

RCK Bros က အရင်ကလည်း ရဲရဲဝံ့ဝံ့ လုပ်ဆောင်တတ်သူတွေအဖြစ် နာမည်ကြီးပါတယ်။ သူတို့ လိုအပ်တယ်လို့ ထင်ရင်တော့ မနှမြောဘဲ ရင်းနှီးမြှုပ်နှံပြီး မထင်မှတ်ထားတဲ့ အောင်ပွဲတွေကို ရယူတတ်ကြတာပါ။

“ဘယ်လောက်ပေးရင် ကောင်းမလဲ”

လေလံမစခင်လေးအထိတော့ ဒေါ်လာ သန်း ၂၇၀၀ကို အမြင့်ဆုံးလို့ သတ်မှတ်ထားတာပါ။ ဒါပေမဲ့ ပဏာမ လေလံ ရလဒ်တွေအရဆိုရင် သန်း ၂၇၀၀ က အနိမ့်ဆုံး ဈေးနှုန်း ဖြစ်နေပါပြီ။

ဘယ်သူပဲ ဝယ်ဝယ်၊ အဲဒီထက် ပိုပြီး ပေးရမှာကတော့ သေချာပါတယ်။

Team Leader ဆိုဆန်းဝန် က အကြာကြီး စဉ်းစားပြီးမှ ပြောလိုက်တယ်။

“ကျွန်တော့်အမြင်အရတော့ အနည်းဆုံး သန်း ၂၈၀၀၊ ဒါမှမဟုတ် သန်း ၂၈၅၀လောက် ထားသင့်တယ်”

ဝမ်နဲ့ဆိုရင် သိန်းပေါင်း ၃.၀၈ ကုဋေ ဒါမှမဟုတ် သိန်းပေါင်း ၃.၁၃၅ ကုဋေ ပေါ့။

ပမာဏအရဆိုရင်တော့ ဒီဝယ်ယူမှုက အွန်ဆောင်းမော်တာ သမိုင်းတစ်လျှောက်မှာ အကြီးမားဆုံး ဖြစ်ပါတယ်။

ဒီနယ်ပယ်မှာ ဒုတိယ အကြီးဆုံး ကုမ္ပဏီကြီး ဖြစ်နေရင်တောင်မှ သိန်းပေါင်းကုဋေနဲ့ချီပြီး ရင်းနှီးမြှုပ်နှံရတာက ဝန်ထုတ်ဝန်ပိုး ဖြစ်စေပါတယ်။ အစတုန်းက သိန်းပေါင်း ၂ကုဋေကျော်လောက်ပဲ ခန့်မှန်းထားပေမဲ့ အခုတော့ သိန်းပေါင်း ၃ကုဋေကို ကျော်သွားပြီလေ။

ဒါတင်မကဘဲ သန်းထောင်နဲ့ချီပြီး ထပ်တိုးနေဦးမှာပါ။

၃ သောင်း နဲ့ ၃ သောင်း ၁ ထောင် ဆိုရင်တော့ သိပ်မကွာပါဘူး။ ၁ ထောင်ပိုပေးရလို့ ဘာမှ ဖြစ်မသွားဘူးလေ။

ဒါပေမဲ့ သိန်း ၃ ကုဋေ နဲ့ သိန်း ၃.၁ကုဋေ ဆိုတာကတော့ စကားပြောသွားပါပြီ။

၃ ရာခိုင်နှုန်းပဲ ကွာတာ ဖြစ်ပေမဲ့ သန်း ၁သိန်း ဆိုတာက KOSDAQ မှာ စာရင်းဝင်ထားတဲ့ ကုမ္ပဏီတစ်ခုလုံးကို ဝယ်လို့ရတဲ့ ပမာဏပါ။

ဒီလောက် ပမာဏ များနေတာမလို့ သတိထားရတာကတော့ သဘာဝပါပဲ။

“အောင်ပွဲ ရဖို့အတွက် ဘယ်လောက်အထိ သုံးသင့်လဲ”

“သန်း ၂၈၈၀ ပါ”

ဟန်ချန်ယောင်း က သူ့ကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။

“သေချာရဲ့လား”

Team Leader ဆိုဆန်းဝန် က ယုံကြည်ချက်ရှိရှိ ခေါင်းညိတ်ပြတယ်။

“ဟုတ်ကဲ့”

သူလည်း ဒီပမာဏက လုံလောက်လိမ့်မယ်လို့ ယုံကြည်နေတာပါ။

ဒါပေမဲ့...

ဘာကြောင့်ရယ်မသိဘူး၊ OTK Company နဲ့ ပတ်သက်တဲ့ စိုးရိမ်မှုကိုတော့ ဖယ်ထုတ်လို့ မရဘူး ဖြစ်နေပါတယ်။

“ကန်ဂျင်ဟူ က တကယ်ပဲ ဘာတွေ တွေးနေတာလဲ”

သူက တကယ်ပဲ ဝယ်ချင်တာလား ဒါမှမဟုတ် ဈေးတင်ပေးဖို့ပဲလား။

နောက်ဆုံး လေလံမှာ တကယ်လို့ ကိုယ်ပေးတဲ့ဈေးက ဒုတိယလိုက်တဲ့ ကုမ္ပဏီထက် အများကြီး ပိုများနေမယ်ဆိုရင် ဝယ်ယူနိုင်ခဲ့ရင်တောင်မှ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

မလိုအပ်တဲ့ စိုးရိမ်မှု ဖြစ်နိုင်ပေမဲ့ သေချာတာကတော့ အကောင်းဆုံးပဲလေ။

“ဒေါ်လာ သန်း ၅၀ လောက် ထပ်တိုးပေးရင် ပိုကောင်းမယ် ထင်တယ်”

ဆိုဆန်းဝန် ကလည်း သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်တယ်။

“အဲဒါက များလွန်းတယ်။ အဲဒီအထိ သွားစရာ မလိုပါဘူး”

ဟန်ချန်ယောင်း က ပြတ်ပြတ်သားသား ပြောလိုက်တယ်။

“ငါပဲ တာဝန်ယူပါတယ်။ X-Cop ကို ငါတို့ မဖြစ်မနေ ဝယ်နိုင်ရမယ်”

ကုမ္ပဏီတွေ အရောင်းအဝယ် လုပ်တဲ့အခါ နည်းလမ်းမျိုးစုံ ရှိပါတယ်။

ပိုင်ဆိုင်မှု ကြီးမားတဲ့ နေရာတွေမှာ သုံးလေ့ရှိတဲ့ နည်းလမ်းကတော့ Progressive Deal ပါ။ အဲဒါက ပဏာမ လေလံမှာ အောင်မြင်ခဲ့တဲ့ ကုမ္ပဏီ ၂ ခု ဒါမှမဟုတ် ၃ ခုကို လေလံဈေးထက် ပိုများတဲ့ ပမာဏနဲ့ ထပ်ပြီး ယှဉ်ပြိုင်ခိုင်းတာမျိုးပါ။

Prisoner’s Dilemma ဒဿန ကို အရောင်းအဝယ် လုပ်ငန်းစဉ်မှာ အသုံးချတာက နောက်ဆုံးဈေးကို အမြင့်ဆုံးအထိ ရစေနိုင်တဲ့ အားသာချက် ရှိပါတယ်။

တစ်ဖက်စီက ပေးတဲ့ ဈေးနှုန်း မြင့်လေလေ ပေးတဲ့လူအတွက် အကျိုးအမြတ် နည်းလေလေပါပဲ။ ဒါပေမဲ့ တစ်ဖက်က ဘယ်လောက်ပေးမလဲဆိုတာ မသိရတာမလို့ တစ်ဖက်ကို နိုင်ဖို့အတွက် ပိုပြီး မြင့်တဲ့ ဈေးကိုပဲ ပေးကြရတာပါ။

တကယ်လို့ အချိန်သာ လုံလောက်မယ်ဆိုရင် အရောင်းကိုယ်စားလှယ် ဖြစ်တဲ့ Morgan Stanley ကလည်း ဒီနည်းလမ်းကိုပဲ သုံးမှာပါပဲ။ ဒါပေမဲ့ Typo Group က နှစ်မကုန်ခင်မှာ ငွေသား အမြန်လိုအပ်နေတာလေ။

ဒါကြောင့် သူတို့က တစ်ခါတည်းနဲ့ အမြင့်ဆုံးပေးတဲ့သူကို ရွေးချယ်မယ့် လေလံစနစ်ကိုပဲ သုံးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒီလိုဆိုရင်တော့ ၁ ပြား ပိုပေးတဲ့သူက အနိုင်ရမှာပေါ့။

အစ်မဟျွန်းဂျူး က လေလံဈေး သတ်မှတ်တဲ့ တာဝန်ကို ကျွန်တော့်ဆီ အပ်ထားတယ်။ တခြားလူတွေကတော့ စီအီးအိုနဲ့ စီအိုအို တို့ ညလုံးပေါက် တိုင်ပင်ပြီး လေလံဈေး သတ်မှတ်နေကြတယ်လို့ ထင်နေမှာဖြစ်ပေမဲ့ ကျွန်တော်ကတော့ တက်ဂယူ နဲ့အတူ ရုံးခန်းထဲမှာ ဂိမ်းဆော့ရင်း ညကို ဖြတ်သန်းနေတာပါ။ လေလံစာရွက်ပေါ်က ဈေးနှုန်းနေရာကိုတော့ အလွတ်ပဲ ထားထားတာပေါ့။

ဂိမ်းလက်ကိုင်ကို ချလိုက်ပြီး ဆိုဖာပေါ်မှာ လှဲချလိုက်ရင်း ကျွန်တော် ရေရွတ်မိတယ်။

“ဘယ်လောက်ပေးရင် ကောင်းမလဲ”

တက်ဂယူ ကတော့ ဒါက ရိုးရိုးလေးပဲဆိုတဲ့ ပုံစံနဲ့ ပြန်ဖြေတယ်။

“၁ ဒေါ်လာလောက် ပိုပေးလိုက်ရင် ရပြီ မဟုတ်လား”

“အနည်းဆုံး တိုးပေးရမယ့် ပမာဏက ဒေါ်လာ ၁ သိန်းလေ”

“ဒါဆိုရင် ၁ သိန်းတိတိပဲ ထပ်တိုးပေးလိုက်ပေါ့။ ၂,၉၃၀,၁၀၀,၀၀၀ပေါ့”

“ဒါပေမဲ့ အွန်ဆောင်းမော်တာရဲ့ လေလံဈေးက အမြင့်ဆုံး ဖြစ်မနေရင်ကော။ KRR တို့၊ Canline Group တို့ ဒါမှမဟုတ် RCK Bros တို့က ပိုပေးရင် ဘယ်လိုလုပ်မလဲ”

“အဲဒီလိုဆိုရင်တော့ ငါတို့ လက်လျှော့လိုက်ရုံပေါ့ကွာ”

“...”

ဒါကလည်း မှန်တဲ့ အချက်ပါပဲ။ အဲဒီအပိုင်းကတော့ ကျွန်တော် ထိန်းချုပ်လို့ မရတဲ့ အပိုင်းလေ။

ဒေါ်လာ ၁ သိန်းပဲ ကွာခြားသွားတဲ့အခါမှာ အွန်ဆောင်းမော်တာ ဘယ်လို တုံ့ပြန်မလဲဆိုတာ ကျွန်တော် သိချင်မိတယ်။

ကလင်...ကလင်...

စားပွဲပေါ်က ရုံးတွင်းဖုန်း မြည်လာတယ်။ လော်ဘီကနေ လှမ်းဆက်တာပါ။

တက်ဂယူ က စပီကာခလုတ်ကို နှိပ်လိုက်တယ်။

[ဟွမ်မွန်ဂတ် ကနေ အစားအသောက် လာပို့တာ ရှိပါတယ်]

ပုံမှန်ဆိုရင်တော့ လုံခြုံရေးအရ ပစ္စည်းတွေကို လော်ဘီမှာပဲ လက်ခံလေ့ရှိပေမဲ့ တက်ဂယူ ကတော့ ဘာမှမဖြစ်ဘူးဆိုပြီး အပေါ်ကိုပဲ လွှတ်လိုက်ဖို့ ပြောလိုက်တယ်။

ကတ်ကို မသုံးဘဲနဲ့တော့ လှေကားက တခြားအထပ်တွေမှာ ရပ်မှာ မဟုတ်ပါဘူး။

ခဏလောက် စောင့်လိုက်ရပြီးတော့မှ သံခြင်းလေးကို ဆွဲထားတဲ့ တရုတ်စားသောက်ဆိုင်က ပစ္စည်းပို့သမားက ၃၈ ထပ်ကို ရောက်လာခဲ့တယ်။

စီအီးအို ရုံးခန်းထဲကနေ ပဲခေါက်ဆွဲ မှာလိမ့်မယ်လို့ သူ မထင်ထားပုံပါပဲ။ ပစ္စည်းပို့သမားက အံ့သြပြီး ဟိုဟိုဒီဒီ ကြည့်နေတယ်။

“ဟိုလေ... အစားအသောက် လာပို့တာပါ။ ဒီမှာ မှာထားတာ သေချာလားခင်ဗျ”

“ဟုတ်ပါတယ်။ ဒီမှာပဲ ထားလိုက်ပါ”

ပဲခေါက်ဆွဲ၊ ကျန်ပုန်းခေါက်ဆွဲ၊ ဝက်သားချိုချဉ်ကြော်နဲ့ ကြော်ထားတဲ့ ဖက်ထုပ်တွေကို စားပွဲပေါ်မှာ တစ်ခုပြီးတစ်ခု တင်ပေးလိုက်တယ်။

“ကြော်ထားတဲ့ ဖက်ထုပ်ကိုတော့ ငါတို့ မမှာထားပါဘူး”

“အဲဒါက လက်ဆောင်ပေးတာပါခင်ဗျ”

“အိုး… ဒါဆိုရင် ဝန်ထမ်းတွေကိုလည်း ဒီကပဲ မှာစားဖို့ ပြောလိုက်ဦးမယ်”

တက်ဂယူ ရဲ့ စကားကြောင့် ပစ္စည်းပို့သမားက ဝမ်းသာအားရ ဦးညွှတ်နှုတ်ဆက်တယ်။

“ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌကြီး။ ကျွန်တော် ကြိုးစားပြီး လုပ်ပေးပါ့မယ်”

ကြည့်ရတာတော့ ဆိုင်ရှင်ကိုယ်တိုင် လာပို့တာ ထင်ပါရဲ့။

“ပန်းကန်တွေကိုတော့ နောက်မှ လော်ဘီမှာပဲ ပြန်ထားလိုက်မယ်နော်”

“ဟုတ်ကဲ့ပါ။ အရသာရှိရှိ သုံးဆောင်ပါခင်ဗျာ”

ပစ္စည်းပို့သမား ထွက်သွားတော့မှ ကျွန်တော်တို့ စားပွဲမှာ ထိုင်ပြီး ပလတ်စတစ်တွေကို ခွာလိုက်ကြတယ်။ ပဲခေါက်ဆွဲ မစားရတာ တော်တော်တောင် ကြာပါပြီ။

စီအီးအို ရုံးခန်းထဲမှာ ဒါကို မှာစားဖြစ်လိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။

“ကုမ္ပဏီကြီးတွေက လူကြီးတွေလည်း တစ်ခါတလေကျရင် ညဘက်မှာ ပဲခေါက်ဆွဲ မှာစားတတ်ကြမလားမသိဘူးနော်”

“မထင်ပါဘူး”

တက်ဂယူ က ပဲခေါက်ဆွဲကို နယ်ရင်း ပြောလိုက်တယ်။

“စဉ်းစားကြည့်စမ်းပါဟ။ ပိုက်ဆံရှိရှိ မရှိရှိ၊ ပဲခေါက်ဆွဲကတော့ လူတိုင်းအတွက် အရသာရှိတာပဲလေ။ ကုမ္ပဏီကြီးက လူကြီးတွေက ဒါကို မကြိုက်ဘဲ နေမလား”

“.....”

“ဟုတ်တော့လည်း ဟုတ်ပါတယ်လေ”

All Chapters