← Chapters

အခန်း (၉၄၃-၉၄၅)

Vol. 63 Ch. 943-945

အခန်း (၉၄၃-၉၄၅)

Vol. 63 Ch. 943-945

အခန်း ၉၄၃ - ထိပ်သီးအဆင့်သတ်မှတ်ချက်

"ဝီ..."

ကောင်းကင်ယံထက်တွင် အနီရောင်အလင်းတန်းတစ်ခု ပေါ်ပေါက်လာသည်။ ၎င်းမှာ ဂမ်မာရောင်ခြည်တစ်ခုပင်။ ဤဂမ်မာရောင်ခြည်သည် အထူးပြုပြင်ဖန်တီးထားခြင်း ဖြစ်သောကြောင့် အလွန်ဝေးကွာသော အကွာအဝေးများအထိ သတင်းအချက်အလက်များကို ပေးပို့နိုင်စွမ်းရှိသည်။ စကြဝဠာအတွင်းရှိ မျိုးနွယ်စုများကြားတွင်မူ ၎င်းမှာ အသုံးများသော ဆက်သွယ်ရေးနည်းလမ်းတစ်ခုပင်။

...

"ဝုန်း..."

အဆုံးမဲ့ကျယ်ပြောလှသော မြက်ခင်းပြင်ကြီးပေါ်သို့ အမြင့်မီတာ၂၀ကျော်ရှိသော ဧရာမသတ္တဝါကြီးတစ်ကောင် ဝုန်းခနဲ လဲကျသွားသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ထင်ရှားလှသော ဒဏ်ရာဒဏ်ချက်များ မရှိသော်လည်း အလောင်းကို စမ်းသပ်ကြည့်မည်ဆိုပါက အရိုးများအားလုံးနီးပါး ကြေမွသွားသည်ကို တွေ့ရပေမည်။

ဤသတ္တဝါမှာ စကြဝဠာသားရဲတစ်မျိုး၏ မျိုးစိတ်ခွဲတစ်ခု ဖြစ်ပြီး အရွယ်ရောက်ပြီးချိန်တွင် ၎င်း၏ မျိုးရိုးဗီဇမှာ အဆင့်ငါးသက်ရှိများ၏ အထွတ်အထိပ်သို့ ရောက်ရှိသည်။ တူညီသော သက်ရှိအဆင့်တွင်ပင် စကြဝဠာသားရဲများသည် သူတို့၏ ကြီးမားလှသော ခန္ဓာကိုယ်နှင့် ထိတ်လန့်ဖွယ်ကောင်းသော ခွန်အားများကြောင့် လူသားသက်ရှိများထက် သာလွန်သော စွမ်းအားများကို ပိုင်ဆိုင်လေ့ရှိသည်။

ခရမ်းရင့်ရောင် အသားအရေနှင့် သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်ရှိသော်လည်း ပေါက်ကွဲထွက်လုနီးပါး စွမ်းအားများကို ဖုံးကွယ်ထားသော လူငယ်တစ်ယောက်သည် လက်ထဲရှိ တုတ်ကို မြေကြီးပေါ်သို့ ပေါ့ပေါ့ပါးပါးပင် ပစ်ချလိုက်သည်။ ထို့နောက် စက်ပစ္စည်းအသေးလေးတစ်ခုကို ထုတ်ယူ၍ သတ္တဝါကြီး၏ သွေးများကို စတင်ထုတ်ယူလေတော့သည်။

"ဒီနေရာမှာ စထရာလက်သားရဲရဲ့ မျိုးစိတ်ခွဲကို တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး"

သူ့ခမျာ ပင်ပန်းနွမ်းနယ်နေသော်လည်း စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

"ဟုတ်ပါတယ် သခင်... အရွယ်ရောက်ပြီးတဲ့ စထရာလက်သားရဲတစ်ကောင်ဟာ အဆင့်ခြောက်အထွတ်အထိပ် သက်ရှိတစ်ကောင်ပါ။ သူတို့ရဲ့ သွေးထဲမှာပါတဲ့ ဒြပ်စင်တွေက လူသားသိုင်းပညာရှင်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းတွေကို အများကြီး မြှင့်တင်ပေးနိုင်ပါတယ်။ အခုဟာက မျိုးစိတ်ခွဲတစ်ခုဆိုပေမဲ့ သခင် အဆင့်ခြောက်သက်ရှိအဆင့်ကို တက်လှမ်းဖို့အတွက် အများကြီးအထောက်အကူပြုမှာပါ"

"တကယ့်စထရာလက်သားရဲနဲ့သာ တွေ့ရင် ငါ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး"

ထိုလူငယ်က ရယ်မောရင်း ပြောလိုက်သည်။

"ဒါပေမဲ့ ဒီမျိုးစိတ်ခွဲကတော့ ငါ့အရည်အချင်းနဲ့ ထိုက်တန်ပါတယ်။ ဒါတောင် တိုက်ခိုက်တဲ့အချိန် ငါ့ခွန်အားကို ယှဉ်နိုင်တဲ့ အဆင့်ငါးသက်ရှိမျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ။ စကြဝဠာသားရဲရဲ့ မျိုးစိတ်ခွဲဆိုတဲ့အတိုင်း နာမည်နဲ့လိုက်ဖက်အောင် တော်တော်လေးအစွမ်းထက်တာပဲ"

ထိုလူငယ်သည် ဧရာမသတ္တဝါကြီးထံမှ သွေးများကို ထုတ်ယူပြီးနောက် သွေးများပြည့်နေသည့် ဘူးကို သူ၏ နေရာလွတ်သိုလှောင်ရေးပစ္စည်းထဲသို့ ထည့်လိုက်သည်။

"သခင်... ကီလိုမီတာ ၁.၂၂သန်း အကွာအဝေးကနေ ပေးပို့တဲ့ ဂမ်မာရောင်ခြည်အချက်ပြကို အခုလေးတင် ရရှိထားပါတယ်။ တစ်စုံတစ်ယောက်က ရတနာတစ်ခုကို ရှာတွေ့ထားပုံရပေမဲ့ သူကိုယ်တိုင် မယူနိုင်လို့ အနီးအနားက ရတနာရှာဖွေသူတွေကို ခေါ်ယူနေတာ ဖြစ်နိုင်ပါတယ်"

"ဪ..."

ထိုလူငယ်၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားလေဟန် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

အမှန်စင်စစ်တွင် ဤရတနာနယ်မြေအတွင်းသို့ ဝင်ရောက်နိုင်သူများမှာ အခြေခံအားဖြင့် အဆင့်ငါးအထွတ်အထိပ် သက်ရှိများသာ။ အကယ်၍ တစ်စုံတစ်ယောက်ကသာ ရတနာတစ်ခုခုကို ရှာတွေ့ခဲ့လျှင် များသောအားဖြင့် တိတ်တဆိတ်သာ သိမ်းဆည်းထားချင်ကြမည် ဖြစ်၏။ လူမိုက်များကသာ ထိုကဲ့သို့သော ရတနာများကို အများနှင့် ဝေမျှပေလိမ့်မည်။

ဤဂမ်မာရောင်ခြည်၏ ပျံ့နှံ့နိုင်စွမ်းမှာ အလွန်ဝေးကွာလှသဖြင့် ထိုအရာကို မြင်တွေ့ရသူတိုင်း ဆွဲဆောင်ခံရမည်သာ။ ထို့ကြောင့် လူပေါင်းသောင်းနှင့်ချီ၍ စုရုံးလာရန် အလွန်ပင် လွယ်ကူလှသည်။

အကယ်၍ လူအနည်းငယ်နှင့် လုပ်ဆောင်၍ရသော အလုပ်ဆိုလျှင် မိတ်ဆွေတချို့ကိုသာ ခေါ်ယူပေလိမ့်မည်။ ယခုလို လူသောင်းနှင့်ချီ၍ လိုအပ်နေခြင်းမှာ ထိုရတနာကို ရယူရန် အလွန်ခက်ခဲနေကြောင်း ညွှန်ပြနေသည်။ သာမန်အရာတစ်ခုက ထိုသို့ ဖြစ်နိုင်မည်လော။

"အသေးစိတ်အချက်အလက်တွေရော ရှိလား"

ထိုလူငယ်က မေးလိုက်သည်။

"အဲဒါက ရတနာရှာဖွေသူတွေ မရောက်ဖူးသေးတဲ့ မြို့တစ်မြို့ပါ။ 'မဟူရာစစ်သည်တော်တွေ'လို့ခေါ်တဲ့ တိုက်ခိုက်ရေးရုပ်သေးရုပ်တွေ ရှိနေပါတယ်။ မြို့ကို ရှာတွေ့ထားတဲ့ လူတွေလည်း အခုလောလောဆယ် အဲဒီရုပ်သေးတွေဆီက အတားခံနေရလို့ တခြားအသေးစိတ် ဖော်ပြချက်တော့ မရှိသေးပါဘူး"

"တိုက်ခိုက်ရေး ရုပ်သေးတွေလား... စိတ်ဝင်စားဖို့ ကောင်းသားပဲ။ ငါတို့လည်း အခြေအနေသွားကြည့်ကြတာပေါ့"

ထိုလူငယ်သည် မြေပြင်ပေါ်ရှိ သတ္တုတုတ်တံကို ကောက်ယူ၍ ဂမ်မာရောင်ခြည်အချက်ပြ ထွက်ပေါ်ရာ အလယ်ဗဟိုဆီသို့ ချက်ချင်းပင် ဦးတည်သွားတော့သည်။

...

"ဂမ်မာရောင်ခြည် ထုတ်လွှတ်မှုလား... တစ်ယောက်ယောက်တော့ စိတ်ဝင်စားစရာတစ်ခုခုကို ရှာတွေ့ထားပုံပဲ"

"ရုပ်သေးတွေလား... ဒါ တကယ့်ရတနာတွေပဲ။ မြို့ကိုစောင့်ကြပ်ဖို့ ဒီလောက်အဖိုးတန်တာတွေကို သုံးထားတာလား"

"မဖွင့်ရသေးတဲ့ မြို့တစ်မြို့ဆိုတော့ အထဲမှာ အများကြီး ရှိနေမှာပဲ။ ဒီတစ်ခါတော့ ငါ ထောပြီဟေ့"

ကီလိုမီတာသန်းပေါင်းများစွာ ကျယ်ဝန်းသော နယ်မြေထဲရှိ ရတနာရှာဖွေသူ အမြောက်အမြားမှာ ဤဂမ်မာရောင်ခြည်အချက်ပြကို လက်ခံရရှိခဲ့ကြသည်။ အချို့က တစ်ယောက်တည်း၊ အချို့က သုံးလေးယောက် တစ်ဖွဲ့စီဖြင့် စုဝေးလာကြသည်။ ထိုအချိန်တွင် သူတို့ ဘာလုပ်နေသည်ဖြစ်စေ၊ ဘယ်ကိုသွားရန် ရည်ရွယ်ထားသည်ဖြစ်စေ အားလုံးက အလယ်ဗဟိုဆီကိုသာ ဦးတည်ရွေ့လျားလာကြသည်။

...

မဟူရာစစ်သည်တော်များမှာ ထိုသံမဏိမြို့တော်၏ အဝင်ဝတွင် ရပ်မြဲအတိုင်း ရပ်နေကြဆဲပင်။ မြို့တော်၏ အရှေ့တွင် လူအုပ်ကြီးမှာ ပိုမိုများပြားလာသော်လည်း စစ်သည်တော်များကမူ ယင်းကို ဂရုမစိုက်သည့်အလားပင်။

သူတို့၏ အမိန့်မှာ ပြင်ပမှ ကျူးကျော်ဝင်ရောက်သူများထံမှ ဤမြို့တော်ကို ကာကွယ်ရန်ပင်။ ရတနာရှာဖွေသူများအနေနှင့် အန္တရာယ်ရှိသော အကွာအဝေးအတွင်းသို့ ကျူးကျော်မဝင်ရောက်သရွေ့ သူတို့ကလည်း လှုပ်ရှားမည်မဟုတ်ပေ။

"ဂေးလ်... မင်း ဘာကိုစောင့်နေတာလဲ"

စိတ်မြန်ပုံရသော ရတနာရှာဖွေသူတစ်ဦးက စိတ်မရှည်စွာဖြင့် မေးလိုက်သည်။

"ငါတို့ဘက်က လူအင်အား မလုံလောက်သေးဘူး"

ဂေးလ်ဟု ခေါ်သောသူမှာ ဤသံမဏိမြို့တော်သို့ ပထမဆုံး ရောက်ရှိလာသူပင်။ သူ့မျိုးနွယ်စုမှ ရှေ့ဆောင်လမ်းပြများကလည်း ဤမြို့တော်ကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့ကြသည်။

"ငါတို့ဆီမှာ အယောက်နှစ်သိန်းကျော် ရှိနေပြီလေ။ ရုပ်သေးရုပ် တစ်ရာကျော်ကိုတောင် မနိုင်နိုင်ဘူးလား"

စိတ်မရှည်သော ရတနာရှာဖွေသူက ပြောလိုက်သည်။

"မင်း မစောင့်နိုင်ရင် မင်းဘာသာမင်း သွားစမ်းကြည့်လေ"

ဂေးလ်က ရယ်မောလိုက်သည်။

အစောပိုင်းက သူတို့သည် အယောက်တစ်ရာကျော်ဖြင့် မြို့တော်ကို တိုက်ခိုက်ရန် ကြိုးစားခဲ့သေးသည်။ သို့သော် မဟူရာစစ်သည်တော်တစ်ဦးတည်းကိုသာ နိုးထလာစေခဲ့သည်။ ၎င်း၏ ကြံ့ခိုင်မှုမှာ Sအဆင့်သတ္တုစပ်ထက်ပင် များစွာသာလွန်လေသည်။ သူတို့၏ တိုက်ခိုက်မှုများကိုလည်း လုံးဝဂရုမစိုက်ခဲ့ပေ။

ထို့ပြင် မဟူရာစစ်သည်တော်များမှာ အလွန်မြန်ဆန်ပြီး အစွမ်းထက်လှသည်။ အနည်းငယ် ပွတ်တိုက်ရုံမျှဖြင့်ပင် ဒဏ်ရာအပြင်းအထန် ရစေနိုင်ပြီး သူတို့၏ ရုပ်ပိုင်းဆိုင်ရာစွမ်းပကားမှာ အဆင့်ခြောက်သက်ရှိအဆင့်ကိုပင် ချဉ်းကပ်နေပြီဖြစ်၏။

သူ့အမြင်အရ အကောင်းဆုံး နည်းဗျူဟာမှာ လူအင်အားအမြောက်အမြားဖြင့် ရုပ်သေးများ၏ စွမ်းအင်များ ကုန်ခမ်းသွားသည်အထိ အချိန်ဆွဲတိုက်ခိုက်ရန် သို့မဟုတ် ထူးခြားပြောင်မြောက်သော တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် ပုဂ္ဂိုလ်အနည်းငယ်အပေါ် အားကိုးရန်သာ ဖြစ်၏။

"ဟွန့်.."

ထိုရတနာရှာဖွေသူက နှာခေါင်းရှုံ့လိုက်လေသည်။ ဂေးလ်သည် အဆင့်သတ်မှတ်ချက်တွင် နာမည်ကြီးမျိုးနွယ်စုတစ်ခုမှလာသူ ဖြစ်ပြီး သူကိုယ်တိုင်၏ စွမ်းရည်ကလည်း ကြောက်ခမန်းလိလိပင်။ သူ သတိကြီးကြီးထားနေပုံကို ကြည့်ရုံဖြင့် မဟူရာစစ်သည်တော်များကို ရင်ဆိုင်ရန် မလွယ်ကူကြောင်း သိသာလှသည်။

အဆင်ခြင်မဲ့စွာ တိုးဝင်ခြင်းမှာ ခါးသီးသော ရှုံးနိမ့်မှုကိုသာ ရရှိစေပေလိမ့်မည်။ စိတ်မရှည်သော်လည်း ထိုရတနာရှာဖွေသူသည် ဤအချက်ကို နားလည်နိုင်လောက်အောင် ပညာရှိပေသည်။

"တစ်ယောက်ယောက် လာနေပြီ"

"မြန်လှချည်လား... အဆင့်ငါးသက်ရှိတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ပျံနိုင်ရတာလဲ"

ကောင်းကင်ယံထက်တွင် အဖြူရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး အဖြူရောင်တိုက်ခိုက်ရေးဝတ်စုံ ဝတ်ဆင်ထားသော ရတနာရှာဖွေသူတစ်ဦးက လူအုပ်ကြားထဲသို့ ဆင်းသက်လာသည်။

"နိုအာရဲ့ အလင်းတောင်ပံတွေပဲ... သူက နိုအာမျိုးနွယ်စုဝင်တစ်ယောက်ကိုး"

"ဒီအလင်းတောင်ပံတွေက အဆင့်ငါးအထွတ်အထိပ် သက်ရှိတစ်ယောက်ကို အဆင့်ခြောက်သက်ရှိရဲ့ အမြန်နှုန်းအထိ ရောက်အောင် တွန်းပို့ပေးနိုင်တယ်လို့ ပြောကြတယ်။ ဒီနေ့တော့ တကယ် မျက်စိပွင့်နားပွင့်ဖြစ်သွားပြီ"

"ဒါတွေက နည်းပညာနဲ့ ချမ်းသာကြွယ်ဝမှုရဲ့ ပြယုဂ်တွေပဲ။ ဒီလိုအလင်းတောင်ပံတစ်ခုရဲ့ တန်ဖိုးက အသေးစားအဆင့်ငါးမျိုးနွယ်စုတစ်ခုလုံးရဲ့ ပိုင်ဆိုင်မှုနဲ့ ညီမျှတယ်လို့တောင် ပြောကြတယ်"

"စကြဝဠာထဲမှာ အင်အားအကြီးဆုံး မျိုးနွယ်စုလို့ ပြောတာလည်း မမှားပါဘူး။ တကယ်ချမ်းသာပြီး အစွမ်းထက်လွန်းတယ်"

"ဘယ်သူက အချက်ပြလွှတ်လိုက်တာလဲ"

နိုအာမျိုးနွယ်စုမှ ရတနာရှာဖွေသူသည် မောက်မာစွာဖြင့် မေးလိုက်သည်။

"ကျွန်တော် လွှတ်လိုက်တာပါ"

ဂေးလ်က ရှေ့ထွက်လာသည်။

"အော်ရှန်မျိုးနွယ်စုက ဂေးလ်ပါ"

အော်ရှန်မျိုးနွယ်စုဟူသော နာမည်ကို ကြားလိုက်ရသောအခါ နိုအာရတနာရှာဖွေသူ၏ မျက်နှာပေါ်ရှိ မောက်မာမှုများမှာ အနည်းငယ် လျော့ပါးသွားသည်။

အော်ရှန်သည် သူတို့လောက် နာမည်မကြီးသော်လည်း လေးစားထိုက်သော မျိုးနွယ်စုတစ်ခုပင်။

"နိုအာမျိုးနွယ်စုက ဟယ်နွန်ပါ"

"ဟယ်နွန်လား... မင်းက တကယ်ပဲ ဟယ်နွန်လား"

ထိုနာမည်ကို ကြားလိုက်ရသောအခါ ရတနာရှာဖွေသူများအကြား ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။

"မင်း သူ့ကို သိလို့လား"

"မင်း စကြဝဠာသိုင်းပညာရှင်များအသင်းရဲ့ ပြိုင်ကွင်းမှာ အချိန်အများကြီးမပေးခဲ့တာ သိသာတယ်။ သူက ထိပ်သီးအဆင့်သတ်မှတ်ချက်စာရင်းဝင် ပညာရှင်တစ်ယောက်လေ"

"ထိပ်သီးအဆင့်သတ်မှတ်ချက် ဟုတ်လား... အိုး..."

အံ့သြတုန်လှုပ်သံများ ထွက်ပေါ်လာသည်။

ထိပ်သီးအဆင့်သတ်မှတ်ချက်ဆိုသည်မှာ စကြဝဠာ သိုင်းပညာရှင်များအသင်း၏ ဂုဏ်ထူးဆောင်စာရင်း တစ်ခုပင်။ သက်ရှိအဆင့်တစ်ခုချင်းစီတွင် ထိုကဲ့သို့သော စာရင်းများရှိကြပြီး ယှဉ်ပြိုင်မှုရမှတ်များ၌ အဆင့်တစ်သောင်းအတွင်း ရောက်ရှိသူများသာ ထိုစာရင်းထဲတွင် ပါဝင်ခွင့်ရကြသည်။

စကြဝဠာတစ်ခုလုံးတွင် အဆင့်ငါးသက်ရှိ မည်မျှရှိကြောင်း မည်သူမှမသိနိုင်ပေ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် အဆင့်တစ်သောင်းအတွင်း ပါဝင်နိုင်ခြင်းမှာ ထိုလူသည် ပါရမီရှင်များထဲမှ ပါရမီရှင်၊ ထိပ်သီးများထဲမှ ထိပ်သီးဖြစ်ကြောင်း သက်သေပြနေခြင်းပင်။

သိုင်းပညာရှင်များအသင်းမှ အကြီးအကဲအချို့၏ အဆိုအရ အဆင့်တစ်သိန်းအတွင်း ရောက်ရှိခြင်းပင်လျှင် အဆင့်ခြောက်သက်ရှိအဖြစ်သို့ တက်လှမ်းနိုင်ရန် အခွင့်အရေးရှိနေပြီဟု ဆို၏။

ဂေးလ်သည် သူ့မျိုးနွယ်စုတွင် ထိပ်သီးစစ်သည်တစ်ဦး ဖြစ်သော်လည်း စကြဝဠာသိုင်းပညာရှင်များအသင်း၏ အဆင့်ငါးသက်ရှိအဆင့်သတ်မှတ်ချက်တွင်မူ ငါးသိန်းကျော်၌သာ ရှိနေသေးသည်။

ဟယ်နွန် ရောက်ရှိလာသောကြောင့် သူသည် လူအုပ်ကြီအကြား အာရုံစိုက်ရာဗဟိုချက် ဖြစ်လာခဲ့လေတော့သည်။

********************

အခန်း ၉၄၄ - အချိန်သည် အရာရာပင်

ထိပ်သီးအဆင့်သတ်မှတ်ချက်ဆိုသည်မှာ အဘယ်နည်း။ စကြဝဠာသိုင်းပညာရှင်များအသင်း၏ တိုက်ခိုက်ရေးကွင်းပြင်တွင် ပြိုင်ဘက်များကို ကျပန်းစနစ်ဖြင့် ရွေးချယ်ယှဉ်ပြိုင်ရသည်။ အနိုင်ရရှိပါက တစ်မှတ်တိုးပြီး သရေကျပါက အမှတ်မတွက်ဘဲ ရှုံးခဲ့ပါက တစ်မှတ်နှုတ်ခံရမည်ဖြစ်၏။ အဆင့်သတ်မှတ်ချက်စာရင်းထဲတွင် ပါဝင်ခွင့်ရရန်အတွက် အနည်းဆုံး တိုက်ပွဲပေါင်းတစ်ထောင် ယှဉ်ပြိုင်ထားရန် လိုအပ်သည်။

ထို့ပြင် အနိုင်ရရှိမှုနှုန်း မြင့်မားလေလေ ပိုမိုအစွမ်းထက်သည့် ပြိုင်ဘက်များနှင့် တွေ့ဆုံရလေလေပင်။ ထိပ်သီးအဆင့်သတ်မှတ်ချက်စာရင်းတွင် အမည်စာရင်း ပေါ်ထွက်လာနိုင်ရန်အတွက် အနည်းဆုံး တိုက်ပွဲပေါင်းတစ်သိန်းကျော်ကို ကြုံတွေ့ဖူးရန် လိုအပ်ပေသည်။

ဟယ်နွန်၏ သမိုင်းကြောင်းတွင် သူသည် ၂၇၈၉၈၀ကြိမ်အထိ တိုက်ခိုက်ခဲ့ပြီး ထိုမျှများပြားလှသော တိုက်ပွဲများအနက် ၂၀၁ကြိမ်သာ ရှုံးနိမ့်ခဲ့ဖူးသည်။ ရှုံးနိမ့်ခဲ့သော ၂၀၁ကြိမ်မှာလည်း ထိပ်သီးအဆင့်သတ်မှတ်ချက်စာရင်းဝင် ထိပ်တန်းတိုက်ခိုက်ရေးသမားများနှင့် တွေ့ခဲ့၍သာ ဖြစ်ချေမည်။

ထိပ်သီးစာရင်းဝင် ပါရမီရှင်တစ်ဦးသည် တစ်ခါက အဆင့်ခြောက်သက်ရှိတစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်ရာတွင် အနိုင်ယူခဲ့ဖူးသည်ဟု ဆိုကြသည်။ ထိုပါရမီရှင်မှာ အဆင့်သတ်မှတ်ချက်တွင် ၁၀၀၀ဝန်းကျင်ခန့်၌သာ ရှိနေသေးသဖြင့် ဤထိပ်သီးအဆင့်သတ်မှတ်ချက်မှာ မည်မျှအထိ တန်ဖိုးကြီးမားကြောင်း သိသာလှသည်။

ဟယ်နွန်၏ အဆင့်မှာ ထိပ်သီးစာရင်းတွင် အလယ်အလတ်ခန့်သာ ဖြစ်ပေလိမ့်မည်။ သူသည် အဆင့်ခြောက်သက်ရှိတစ်ယောက်ကို မယှဉ်နိုင်သေးလျှင်ပင် သူ့အစွမ်းမှာမူ ကျန်လူများထက် အဆပေါင်းများစွာ သာလွန်နေမည်မှာ အမှန်ပင်။

နောက်တစ်ချက်မှာ စကြဝဠာသိုင်းပညာရှင်များအသင်း၏ ကွင်းပြင်တွင် မည်သည့် နည်းပညာပစ္စည်းကိုမှ အသုံးပြုခွင့်မရှိခြင်းပင်။ လက်တွေ့ကမ္ဘာတွင်မူ နိုအာမျိုးနွယ်စု၏ အခြေခံအုတ်မြစ်များ ဖြစ်သော ထိုအဆင့်မြင့်နည်းပညာပစ္စည်းများ၏ အကူအညီပါ ရရှိမည်ဆိုပါက တိုက်ခိုက်ရေးစွမ်းရည် ကွာဟချက်မှာ ပိုမိုကြီးမားသွားပေလိမ့်မည်။

"မစ္စတာဟယ်နွန်... ခင်ဗျားသာ ပါဝင်မယ်ဆိုရင် ဒီတစ်ခါ ကျွန်တော်တို့ အောင်မြင်နိုင်ခြေက အများကြီးမြင့်တက်လာလိမ့်မယ်လို့ ထင်ပါတယ်"

ဂေးလ်က ဝမ်းသာအားရ ပြောလိုက်သည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုး ပါဝင်လာခြင်းကား အသုံးမကျသော လူပေါင်းသောင်းနှင့်ချီ၍ ရှိနေခြင်းထက် များစွာပိုကောင်းလေသည်။

ဥပမာအားဖြင့် လူပေါင်းသောင်းဂဏန်းက 'မဟူရာစစ်သည်တော်'တစ်ယောက်ကို တစ်နေ့ကုန် တိုက်ခိုက်လျှင်ပင် ခြစ်ရာတစ်ခုမျှပင် ထင်ကျန်အောင် မလုပ်နိုင်ပေ။ သို့သော် လူတစ်ယောက်တည်းက တစ်ချက်တည်းနှင့် ထိရောက်သော ထိခိုက်မှုကို ပေးနိုင်မည်ဆိုပါက သူသည် လူပေါင်းသောင်းဂဏန်းထက် ပိုတန်ဖိုးရှိမည်မဟုတ်လော။ ယခု သူတို့ လိုအပ်နေသည့်အရာမှာ ထိုကဲ့သို့သော လူစားမျိုးပင်။

"မြို့ကို အခုချက်ချင်း ဝိုင်းတိုက်ကြမလား"

အစွမ်းထက်ပညာရှင်တစ်ဦး ရောက်လာပြီဖြစ်သဖြင့် ဂေးလ်မှာ အလွန်စိတ်အားထက်သန်နေတော့သည်။

"ဒီရုပ်သေးတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရှိလား"

ဟယ်နွန်သည် ကိုယ်တိုင်အစွမ်းထက်ရုံသာမက ပြိုင်ဘက်အားလုံး၏ အချက်အလက်များကို စုဆောင်းရာတွင်လည်း အလွန် အလေးထားသူ ဖြစ်၏။

"ရှိပါတယ်"

ဂေးလ်က ဆိုလေသည်။

"ကျွန်တော် အခုချက်ချင်း ခင်ဗျားဆီ အချက်အလက်တွေ ပို့ပေးပါ့မယ်"

"ကောင်းပြီ"

ဟယ်နွန်က ခေါင်းညိတ်လိုက်သည်။

သူသည် အချက်အလက်များကို ဖတ်ကြည့်ပြီးနောက် တဖြည်းဖြည်း ငြိမ်ကျသွားသည်။

"သူတို့ရဲ့ခွန်အားနဲ့ အမြန်နှုန်းက သာမန် အဆင့်ခြောက်သက်ရှိတစ်ယောက်နဲ့ နီးစပ်နေပြီပဲ။ သူတို့ရဲ့ကြံ့ခိုင်မှုက Sအဆင့်သတ္တုစပ်တွေရဲ့ အမြင့်ဆုံးစံနှုန်းထက် ၂.၇၃ဆလောက် ပိုများနေတော့ အဆင့်ငါးသိုင်းလက်နက်တွေထက် အများကြီး ပိုခိုင်မာနေတာပဲ"

သူသည် ဘေးပတ်ပတ်လည်ရှိ ရတနာရှာဖွေသူများကို ဝေ့ကြည့်လိုက်လေရာ သူတို့၏ အချက်အလက်များမှာ သူ့မျက်လုံးရှေ့တွင် ချက်ချင်း ပေါ်လာခဲ့သည်။

"အသုံးမကျတဲ့ ကျွန်တစ်သိုက်ပဲ"

သူက တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

ဤလူများ၏ အဆင့်အတန်းဖြင့်ဆိုလျှင် လူပေါင်းထောင်ချီ စုပေါင်းတိုက်ခိုက်လျှင်ပင် မဟူရာစစ်သည်တော်တစ်ဦးတည်းကိုသာ တားဆီးထားနိုင်လိမ့်မည်။

အကယ်၍ ဤမဟူရာစစ်သည်တော်များသာ ရှိသည်ဆိုပါက ကိစ္စမရှိသော်လည်း မြို့ပတ်ပတ်လည်တွင် အပြာနုရောင်အလင်းဒိုင်းကာတစ်ခု ရှိနေချေသည်။ ကာကွယ်ရေး အစီအမံတစ်ခု ဖြစ်နေမည်မှာ သေချာလှသည်။

မြို့ထဲသို့ ဝင်နိုင်ရန်အတွက် ထိုအလင်းဒိုင်းကာကို အရင်ဆုံး ဖျက်ဆီးရမည်။ စစ်သည်တော်များကိုသာ တားဆီးထားမည်ဆိုလျှင် တိုက်ခိုက်ရန် ပတ်ဝန်းကျင်ကောင်း ရမည်မဟုတ်သဖြင့် သူတို့ လိုအပ်သည်မှာ ဤစစ်သည်တော်များကို တိုက်ခိုက်နိုင်စွမ်း ကုန်ဆုံးသွားအောင် ပြုလုပ်ရပေမည်။

သူ့တစ်ယောက်တည်းအားဖြင့်မူ ထိုအရာကို လုပ်ဆောင်ရန် အနည်းငယ် ခက်ခဲပေလိမ့်မည်။

"ခဏနေဦး... စိတ်ဝင်စားဖို့ကောင်းတဲ့ လူတချို့လည်း ရောက်လာကြပြီပဲ"

ဟယ်နွန်က ကောင်းကင်ယံကို ကြည့်ရင်း တွေးဆဆအပြုံးတစ်ပွင့်ကို ဆင်မြန်းလိုက်သည်။

ခဏအကြာတွင် မြို့ပြင်၌ လူရိပ်တချို့ ပေါ်လာပြန်သည်။

"ရီတီယမ်၊ ယူအာနစ်၊ ဘယ်လ်ရု..."

ဟယ်နွန်က နာမည်တစ်ခုချင်းစီကို ရွတ်ဆိုလိုက်တိုင်း သူ့ပတ်ပတ်လည်တွင် အံ့သြတုန်လှုပ်သံများ ထွက်ပေါ်လာသည်။ ဤလူများမှာ ဟယ်နွန့်လို ထိပ်သီးအဆင့်သတ်မှတ်ချက်စာရင်းဝင်များ ဖြစ်ကြသည်။

"ရီတီယမ်မျိုးနွယ်စုက ရီတီယမ်ပဲ... ငါ သူ့ကို သိတယ်။ သူက ထိပ်သီးစာရင်းမှာ အဆင့် ၆၂၂၁လေ"

"ယူအာနစ်ကတော့ နတ်သူငယ်မျိုးနွယ်စုရဲ့ အထူးချွန်ဆုံး အမျိုးသမီးသိုင်းပညာရှင်တစ်ယောက်ပဲ။ သူအလှကလည်း နာမည်ကြီးတယ်။ ဒဏ္ဍာရီတွေက တကယ်မညာဘူးပဲ"

"ဘယ်လ်ရု... အဲဒါ ဘယ်လ်ရုပဲ...အဆင့်ခြောက်သက်ရှိတစ်ယောက်ကို အနိုင်ယူခဲ့တဲ့ ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီး"

...

ဟုတ်ပေသည်။ ရောက်လာကြသူများမှာ အနည်းငယ်သာ မဟုတ်သော်လည်း ဟယ်နွန်ကတော့ အခြားသူများကို လျစ်လျူရှုထားလိုက်သည်။

"မင်းတို့တွေရောက်လာတာ မြန်သားပဲ"

"ဟားဟားဟား... မင်းလည်း မနှေးပါဘူး"

"ဘယ်လ်ရု... မင်းရဲ့ ကံကြမ္မာမီးလျှံက ဒီလောက်တောင် အရောင်ရင့်နေပြီလား"

"ဟီးဟီး... ငါ ကံကောင်းသွားတာပါ။ စကြဝဠာသားရဲမျိုးစိတ်ခွဲတစ်ခုရဲ့ အသိုက်ထဲကို ရောက်သွားခဲ့လို့။ ဒီဇူဒါမျိုးနွယ်စုရဲ့ ပညာရှင်တွေက ဘယ်လိုလုပ်ခဲ့လဲတော့ မသိဘူး။ ဒီမျိုးစိတ်ခွဲတွေကို သတ်ရင် တကယ်ပဲ ပစ္စည်းတွေ ရနိုင်တယ်"

ဘယ်လ်ရုက သူကိုင်ထားသည့် သံတုတ်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။

"အဆင့်ခြောက်အလယ်အလတ်သိုင်းလက်နက်လား"

"မင်းကတော့ တော်တော်ကံကောင်းတာပဲ"

ဤထိပ်သီးစာရင်းဝင် ပါရမီရှင်များမှာ အချင်းချင်း သိကျွမ်းနေသူများဖြစ်သလို ပြိုင်ဘက်များလည်း ဖြစ်ကြသဖြင့် တွေ့ဆုံချိန်တွင် စကားစမြည်ပြောဆိုနေကြပေသည်။

"အားလုံး အဆင်သင့်ဖြစ်ပြီ။ စလိုက်ကြရအောင်"

"နေဦး"

ဘယ်လ်ရုက ထိုသို့ပြောရင်း ရှေ့သို့ လှမ်းလာခဲ့သည်။

"မင်းတို့ထဲက အများစုက ဒီကို အချောင်နှိုက်ဖို့ စိတ်ကူးနဲ့ လာကြတယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ မင်းတို့အားလုံး အစွမ်းကုန်ကြိုးစားဖို့ မျှော်လင့်တယ်။ မြို့ထဲရောက်သွားရင်တော့ ဘယ်ရတနာကိုပဲ ရှာတွေ့တွေ့ ကိုယ့်အရည်အချင်းပေါ်မှာပဲ မူတည်လိမ့်မယ်။ ဒါပေမဲ့ တစ်ယောက်ယောက်ကသာ နောက်ကျောကို ဓားနဲ့ထိုးဖို့ ကြိုးစားရင်တော့ ငါ့အကြောင်း သိစေရမယ်"

"ဘယ်လ်ရုရဲ့ သဘောထားက ငါတို့အားလုံးရဲ့ သဘောထားပဲ"

ဤပါရမီရှင်များ၏ စုပေါင်းကြေညာချက်ကြောင့် မကောင်းသော စိတ်ကူးရှိနေသူများမှာ သူတို့၏ မူလအတွေးများကို စွန့်လွှတ်လိုက်ကြရသည်။

"သွားကြစို့"

...

သူတို့ဘက်က သတိပေးစည်းကို ကျော်လိုက်သည်နှင့် မဟူရာစစ်သည်တော်များမှာ ချက်ချင်း နိုးထလာသည်။ ၎င်း၏ အရှိန်မှာ လျှပ်စီးအလား မြန်ဆန်လှသဖြင့် လေထုထဲမှာပင် အသံများ ပေါက်ကွဲထွက်သွားခဲ့သည်။

"ဖယ်စမ်း"

ဘယ်လ်ရုက ဦးဆောင်ပြီး သူ့သံတုတ်ဖြင့် စစ်သည်တော်ကို ရိုက်ချလိုက်သည်။

"ဝုန်း..."

ပြင်းထန်လှသော တိုက်ခိုက်သံနှင့်အတူ ရိုက်ခတ်မှုလှိုင်းများမှာ ဘေးပတ်ပတ်လည်သို့ ပျံ့နှံ့သွားသည်။

"ဝုန်း ဝုန်း ဝုန်း..."

နှစ်ဖက်စလုံး သုံးလှမ်းစီ နောက်ဆုတ်သွားကြရသည်။

ဘယ်လ်ရု၏ လက်မောင်းမှာ အနည်းငယ် တုန်ခါသွားသော်လည်း မျက်နှာကတော့ အလွန် စိတ်လှုပ်ရှားနေပုံရသည်။ တစ်ခါတစ်ရံတွင် ကိုယ်နှင့် အဆင့်တူသည့် ပြိုင်ဘက်တစ်ယောက်ကို ရှာတွေ့ရန်မှာ အလွန်ခက်ခဲလှသည်။

မဟူရာစစ်သည်တော်၏ နဖူးထက်ဝယ် အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး အတွင်းပိုင်း တည်ဆောက်ပုံအချို့ကိုပင် မြင်နေရသည်။

"ဒါဟာ တကယ့်ထိပ်သီးစာရင်းဝင်တွေပဲ"

ဂေးလ်က အံ့သြတုန်လှုပ်စွာ ကြည့်နေချေသည်။ သူတို့ အစောပိုင်းက အယောက်တစ်ရာကျော်နှင့် တိုက်ခိုက်တုန်းက ဆေးသားလေးပင် မပွန်းခဲ့သော်လည်း ဘယ်လ်ရု၏ တစ်ချက်တည်းသော တိုက်ခိုက်မှုက စစ်သည်တော်ကို ဒဏ်ရာရစေခဲ့သည်။ သူတို့ကြားရှိ ခွန်အားကွာဟချက်က မည်မျှ ကြီးမားကြောင်း သိသာလှသည်။

ဤမဟူရာစစ်သည်တော် ၁၀၈ယောက်မှာ အထူးဆက်သွယ်မှုတစ်ခု ရှိပုံရသည်။ ပထမဆုံးတစ်ယောက်၏ မျက်လုံးထဲမှ အနီရောင်အလင်းများ ထွက်ပေါ်လာချိန်မှာပင် ကျန်စစ်သည်တော်၁၀၇ယောက်စလုံး နိုးထလာကြတော့သည်။

"သတိထားကြ... ဒီကောင်တွေက အစွမ်းထက်တယ်"

ဘယ်လ်ရုက သတိပေးလိုက်သည်။

...

ဤသည်မှာ ပြင်းထန်ပြီး ကြာရှည်လှသည့် တိုက်ပွဲတစ်ခုပင်တည်း။ ဤထိပ်သီးပါရမီရှင်များပင် စစ်သည်တော်များကို ရင်ဆိုင်ရာတွင် သတိကြီးကြီးထားနေရသည်။ အကယ်၍ သူတို့သာ အစွမ်းကုန် တိုက်ခိုက်မည်ဆိုပါက ဤစစ်သည်တော်များကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်ရှိကြသည်။

သို့သော် ရတနာအစစ်အမှန်ကို မတွေ့ရသေးခင်အထိ မည်သူကများ သူတို့၏ ဝှက်ဖဲများကို ထုတ်သုံးချင်မည်နည်း။ ဤရတနာတိုက်အတွင်း ကိုယ့်ကိုယ်ကိုယ်မှလွဲ၍ မည်သူ့ကိုမှ မယုံကြည်သင့်ပေ။

"ဝူးဟူး... အားလုံး အလုပ်ရှုပ်နေကြတာပဲ"

သုန်းချီနှင့် ဖန်တီးထားသည့် မြင်းပျံတစ်ကောင်ပေါ်တွင် ထိုင်၍ အောက်ဘက်ရှိ အရာအားလုံးကို ကျန်းမုန့်လောင်က အပေါ်စီးက ကြည့်နေလေသည်။

"အချိန်က အရာရာပဲ"

လူပေါင်းသောင်းဂဏန်းက စစ်သည်တော်၁၀၈ယောက်နှင့် လုံးထွေးတိုက်ခိုက်နေသည်ကို ရုပ်ရှင်ရိုက်ထားမည်ဆိုပါက အလွန်ခမ်းနားလှသည့် မြင်ကွင်းတစ်ခု ဖြစ်ပေလိမ့်မည်။

"ကျောင်းအုပ်ကြီး... သူတို့ကိုကြည့်ရတာတော့ အချိန်အများကြီးကြာမယ့်ပုံပဲ"

ကောထန်က ဆို၏။

"ကျွန်တော်တို့ အောက်ဆင်းပြီး ကူညီပေးသင့်လား"

"ကူညီရမယ်။ မင်း ဘာတွေ လျှောက်ပြောနေတာလဲ။ ငါဆိုတဲ့ ကျန်းမုန့်လောင်က အလကားကူညီတတ်တဲ့ လူစားမျိုးလို့ ထင်နေတာလား"

ကျန်းမုန့်လောင်က နေကြာစေ့တစ်ထုပ်ကို ထုတ်၍ ဝါးစားရင်း ပြောလိုက်သည်။

"သူတို့ ပိုက်ဆံပေးရင်တော့ တစ်မျိုးပေါ့"

ကျန်းမုန့်လောင်သည် ဤစစ်သည်တော်များ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန် ပြင်းထန်ကြောင်း သိသည်။ သူကိုယ်တိုင် တိုက်ခိုက်လျှင်ပင် အလုပ်ရှုပ်နိုင်သဖြင့် အောက်ဘက်တွင် တခြားသူများ သေမတတ် တိုက်ခိုက်နေခြင်းကို သူက ဘာကြောင့် ကိုယ်တိုင်သွားပြီး ဒုက္ခခံရမည်နည်း။

"ကျောင်းအုပ်ကြီး... ခင်ဗျားက လူရုပ်ပေါက်နေတာကလွဲရင် လုပ်ရပ်တွေကတော့ ခွေးကျင့်ခွေးကြံတွေပဲ"

"ပေါက်ကရတွေ လျှောက်မပြောနဲ့"

ကျန်းမုန့်လောင်က ပြန်ပြောလိုက်သည်။

"ပုစဉ်းရင်ကွဲကိုဖမ်းဖို့ ပုစဉ်းက ခုန်အုပ်နေချိန်မှာ အနောက်ကနေ ဇီးကွက်က အသင့်စောင့်နေတယ်ဆိုတာမျိုးက ငါတို့ဟွာရှားရဲ့ ဂုဏ်ယူစရာ အစဉ်အလာတစ်ခုပဲ။ ဒီလိုအရည်အချင်းကောင်းမျိုးကို ငါ့လက်ထက်မှာ အပျောက်မခံနိုင်ဘူး"

*********************

အခန်း ၉၄၅ - မင်္ဂလာပါ ရဲဘော်တို့ရေ... ပင်ပန်းသွားပြီနော်!

"ဝုန်း..."

နောက်ဆုံးကျန်ရှိနေသည့် မဟူရာစစ်သည်တော်ကလည်း ရတနာရှာဖွေသူများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် စွမ်းအင်ကုန်ခမ်းသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားပါတော့သည်။

မဟူရာစစ်သည်တော် ၁၀၈ဦးအနက် သုံးပုံတစ်ပုံမှာ ထိပ်သီးအဆင့်သတ်မှတ်ချက်စာရင်းဝင် ပညာရှင်များ၏ စုပေါင်းအားထုတ်မှုကြောင့် ပျက်စီးသွားခြင်းဖြစ်ပြီး ကျန်စစ်သည်များမှာမူ စွမ်းအင်ကုန်ခမ်းသွားခြင်းသာ။

"နှမြောစရာကြီး"

ရင်ဘတ်ကြေမွနေသည့် မဟူရာစစ်သည်တော်ကို ဘယ်လ်ရုက သူ့တုတ်ဖြင့် ထိုးဆွရင်း ပြောလိုက်သည်။ ၎င်း၏နှလုံးနေရာတွင် အဆင့်ငါး စွမ်းအင်သလင်းကျောက်တစ်ခု တပ်ဆင်ထားသော်လည်း နှစ်ပေါင်းသန်းနှင့်ချီ၍ အသုံးပြုခဲ့ရသဖြင့် ထိုသလင်းကျောက်မှာ အရောင်မှိန်၍ အားနည်းနေပြီဖြစ်၏။

"ဟုတ်ပါရဲ့"

ထိပ်သီးအဆင့်သတ်မှတ်ချက်စာရင်းဝင် ရတနာရှာဖွေသူတစ်ဦးကလည်း နှမြောတသသဖြင့် ကြည့်၍ ပြောလိုက်သည်။

"ဒီကောင်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်က တကယ်ကြောက်စရာပဲ။ အဆင့်ခြောက်အခြေခံ သက်ရှိတစ်ယောက်တောင် သူတို့ကို ရင်ဆိုင်ဖို့ ခေါင်းခဲရမှာ။ သူတို့ကိုသာ ငါတို့အပိုင်ဖြစ်အောင် လုပ်လို့ရရင် သိပ်ကောင်းမှာပဲ"

"ကျွန်တော် စမ်းကြည့်ပြီးပြီ"

စက်ရုပ်မျိုးနွယ်စုမှ လူငယ်တစ်ယောက်က ဝင်ပြောလိုက်သည်။ သူ့မျိုးနွယ်စုမှ အဆင့်မြင့်နည်းပညာများဖြင့် သူသည် လူသားတစ်ဝက်၊ စက်ရုပ်တစ်ဝက်အဖြစ် အသွင်ပြောင်းထားသူ ဖြစ်၏။ တိုက်ပွဲထဲတွင်မူ သူသည် လူသားပုံစံ တိုင်ရန်နိုဆောရက်စ်အလား အစွမ်းထက်ပြီး မဟူရာစစ်သည်တော်တစ်ဦးကို တစ်ယောက်တည်း ရင်ဆိုင်နိုင်စွမ်းရှိသည်။ ဤနေရာတွင် ဘယ်လ်ရုကလွဲလျှင် သူတစ်ယောက်တည်းသာ ထိုသို့လုပ်နိုင်ခြင်းပင်။

"နည်းလမ်းမရှိတော့ဘူးလား။ မင်းတို့စက်ရုပ်မျိုးနွယ်စုရဲ့ နည်းပညာနဲ့ဆိုရင် ဒီလိုအရာတွေကို ခွဲခြမ်းစိတ်ဖြာတာကို ကျွမ်းကျင်မှာပါ"

"မရှိပါဘူး"

စက်ရုပ်မျိုးနွယ်စုရှိ လူငယ်က ခေါင်းခါယမ်းရင်း ပြောလိုက်သည်။

"ဒီစစ်သည်တော်တွေက စက်ကိရိယာ သက်သက်မဟုတ်ဘူး။ သူတို့က သိုင်းပညာနဲ့ နည်းပညာယဉ်ကျေးမှုနှစ်ခု ပေါင်းစပ်ထားတာပါ။ သူတို့ဆီမှာ ထိန်းချုပ်တဲ့ ပရိုဂရမ်တစ်ခုမှ ရှာမတွေ့ဘူး။ ကျွန်တော့်အထင်တော့ ဇူဒါစစ်ယာဉ်တန်းလို သူတို့ကို ထူးခြားတဲ့ ထိန်းချုပ်စက်တစ်ခုခုနဲ့ မောင်းနှင်တာ ဖြစ်နိုင်ပါတယ်"

"ဒါဆို သူတို့ကိုရရင်တောင် သုံးစားလို့ မရဘူးပေါ့ ဟုတ်လား"

"ဟုတ်တယ်။ ဝမ်းနည်းစရာကောင်းပေမဲ့ ဒါက အမှန်တရားပဲ။ ဒီမြို့ထဲမှာ ဒီစစ်သည်တော်တွေကို ထိန်းချုပ်တဲ့ ကိရိယာကို ရှာမတွေ့သရွေ့တော့ ဘာမှလုပ်လို့ မရဘူး"

စက်ရုပ်မျိုးနွယ်စုရှိ လူငယ်က ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ ဒီအရာတွေက ငါတို့မျိုးနွယ်စုရဲ့ သုတေသနအတွက်တော့ အများကြီးတန်ဖိုးရှိတယ်။ သူတို့ရဲ့ တည်ဆောက်ပုံကို လေ့လာပြီး အမြောက်အမြားထုတ်လုပ်နိုင်မယ်ဆိုရင်တော့ အမိုက်စားပဲ"

"ငါတို့ကတော့ သုတေသနကို စိတ်မဝင်စားဘူး"

ဘယ်လ်ရုက ဆိုသည်။

"ဒီစစ်သည်တော်တွေကို ရှင်းပြီးပြီဆိုတော့ မြို့ထဲကိုဝင်ဖို့ အချိန်ကျပြီ"

"ကျွန်တော် အကြမ်းဖျင်း လေ့လာကြည့်ပြီးပြီ"

စက်ရုပ်မျိုးနွယ်စုရှိ လူငယ်က ပြောလိုက်သည်။

"ဒါက တော်တော်ဟောင်းနွမ်းနေတဲ့ ကာကွယ်ရေး ကိရိယာတစ်ခုပဲ။ ဒါပေမဲ့ အဆင့်ခုနစ်အထွတ်အထိပ် သက်ရှိတစ်ယောက်ရဲ့ အစွမ်းကုန်တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည်ရှိတယ်။ အခုခေတ်မှာ ကျွန်တော်တို့သုံးနေတဲ့ ကာကွယ်ရေးပစ္စည်းအများစုကလည်း ဒီအခြေခံသဘောတရားတွေကို ယူပြီး ထုတ်လုပ်ထားတာပဲ"

"အဆင့်ခုနစ်သက်ရှိတစ်ယောက်ရဲ့ အစွမ်းကုန်တိုက်ခိုက်မှု ဟုတ်လား"

သူတို့အားလုံး၏ မျက်နှာထက်တွင် မျှော်လင့်ချက်ကင်းမဲ့သွားသည့် အမူအရာများ ပေါ်ပေါက်လာသည်။

အဆင့်ခြောက်သက်ရှိတစ်ယောက်၏ တိုက်ခိုက်မှုကို လူအင်အားနှင့် ဖျက်ဆီးရန် ကြိုးစား၍ ရကောင်းရနိုင်ပေလိမ့်မည်။ သို့သော် အဆင့်ခုနစ်သက်ရှိတစ်ယောက်၏ ဖျက်ဆီးနိုင်စွမ်းကိုမူ လူအင်အားဆယ်ဆ အဆတစ်ရာတိုးလိုက်လျှင်ပင် ယှဉ်နိုင်ရန် အဝေးကြီးလိုသေးသည်။

စစ်သည်တော် အယောက်တစ်ရာကျော်ကို အနိုင်ယူရန် အစွမ်းကုန်ကြိုးစားခဲ့ရသဖြင့် လူတော်တော်များများလည်း ဒဏ်ရာအပြင်းအထန် ရခဲ့ကြသလို အချို့ဆိုလျှင် စစ်သည်တော်များ၏ လက်ချက်ဖြင့် အပြတ်ရှင်းခံရပြီး အပြင်သို့ ပြန်ပို့ခံလိုက်ရသည်။ ရတနာတိုက်ထဲသို့ ဝင်ခါနီးမှ ဤသို့နှယ် ဖြေရှင်းမရသည့် ပြဿနာနှင့် တိုးနေရခြင်းပင်။

"အချိန်ကုန်တာပဲ အဖတ်တင်တယ်"

ဘယ်လ်ရုက ခပ်တိုးတိုး ဆဲလိုက်လေသည်။

"စိတ်မလောပါနဲ့ဦး။ ကျွန်တော် ပြောလို့မပြီးသေးဘူးလေ"

စက်ရုပ်မျိုးနွယ်စုရှိ ပါရမီရှင်လေးက ရယ်မောရင်း ပြောလိုက်သည်။

"ဒီကာကွယ်ရေးယန္တရားမှာလည်း အားနည်းချက် ရှိပါတယ်။ သူက လက်နဲ့ အားဖြည့်ပေးရတဲ့ ပုံစံမျိုးပဲ။ အခု ဒီမြို့က စွန့်ပစ်ခံထားရတာ ကြာပြီဆိုတော့ အထဲမှာ စွမ်းအင်တွေ ဘယ်လောက်ပဲရှိရှိ ထိန်းသိမ်းပြုပြင်မယ့်သူ မရှိရင် ကာကွယ်ရေးယန္တရားရဲ့ စွမ်းအင်ကုန်သွားတာနဲ့ ထပ်အသက်သွင်းလို့ ရတော့မှာ မဟုတ်ဘူး"

"ဆိုလိုတာက စွမ်းအင်ကုန်သွားအောင် ငါတို့ တောက်လျှောက် တိုက်ခိုက်နေရမယ်ပေါ့ ဟုတ်လား"

"အမှန်ပဲ။ ကျွန်တော့်ခန့်မှန်းချက်အရ ရှိသမျှလူအင်အားနဲ့ ဆိုရင်တော့ စကြဝဠာရက် သုံးလေးရက်လောက် ဆက်တိုက်တိုက်ခိုက်မယ်ဆိုရင် ဒီအလင်းဒိုင်းကာရဲ့စွမ်းအင် ကုန်သွားဖို့ လုံလောက်ပါလိမ့်မယ်"

"ဒါဆိုရင်တော့ အဆင်ပြေတာပေါ့"

ယခုတစ်ခေါက်တွင် သူတို့သည် ရိက္ခာများနှင့် ပစ္စည်းများကို အလုံအလောက် ယူဆောင်လာခဲ့ကြသည်။ တောက်လျှောက်တိုက်ခိုက်နိုင်ရန်အတွက် စွမ်းအင်ဖြည့်တင်းရန်မှာ အဂ္ဂိရတ်ပညာဖြင့် ဖော်စပ်ထားသော ဆေးရည်များအပြင် နည်းပညာအခြေခံ ဆေးရည်များကလည်း အလားတူအကျိုးသက်ရောက်မှုကို ပေးနိုင်သည်။

ဤကဲ့သို့သော နည်းပညာအခြေခံ ဆေးရည်များကို ထုတ်လုပ်ရသည်မှာ အဂ္ဂိရတ်ပညာရှင်များ ဖော်စပ်သည့် ဆေးများထက် များစွာ ပိုလွယ်ကူသည်။ အမှန်ပင်။ ဤဆေးများကို အလွန်အကျွံ သုံးစွဲမည်ဆိုပါက ခန္ဓာကိုယ်အပေါ် ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်သော်လည်း လက်တစ်ကမ်းတွင် ရှိနေသည့် ရတနာများနှင့် ယှဉ်လျှင်မူ ဤဆိုးကျိုးများမှာ ပြောပလောက်စရာ မရှိပေ။

"အားလုံး ကြားတယ်မလား"

ဘယ်လ်ရုက အော်ဟစ်လိုက်သည်။

"တိုက်ခိုက်နိုင်သေးတဲ့လူတွေအားလုံး ဒီကာကွယ်ရေးဒိုင်းကာရဲ့ စွမ်းအင်ကို လျှော့ချဖို့အတွက် ငါတို့နဲ့ ပူးပေါင်းကြ"

"ငါတို့ အားလုံးကို စောင့်ကြည့်နေမယ်။ တစ်ယောက်ယောက်ကများ အချောင်ခိုဖို့ ကြိုးစားမယ်ဆိုရင် ငါတို့ကို အဆိုးမဆိုနဲ့"

ထိပ်သီးအဆင့်သတ်မှတ်ချက်စာရင်းဝင် ပုဂ္ဂိုလ်များ၏ သတိပေးချက်ကို အခြားရတနာရှာဖွေသူများလည်း လျစ်လျူမရှုရဲကြပေ။ ဤလူများထဲမှ ဘယ်သူမဆို လူပေါင်း ရာဂဏန်းကို တစ်ဦးတည်း ရင်ဆိုင်နိုင်စွမ်းရှိကြောင်း သူတို့ ကောင်းကောင်း သိကြသလို အကယ်၍သာ ဒေါသထွက်အောင် လုပ်မိပါက အသတ်ခံရနိုင်ခြေ ရှိသည်ကိုလည်း နားလည်ထားကြသည်။

ထို့ပြင် ဤမြို့ထဲရှိ ရတနာများအတွက် ဤမျှ ပေးဆပ်မှုမျိုးမှာ လက်ခံနိုင်စရာမရှိသည့် ကိစ္စတော့ မဟုတ်ပေ။

"ကန့်ကွက်မယ့်လူ မရှိဘူးထင်တယ်"

ဘယ်လ်ရုက ကျေနပ်အားရစွာ ပြုံးလိုက်သည်။

"ကောင်းပြီလေ... ဒါဆိုရင် ငါတို့ အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်မယ်။ တစ်ဖွဲ့က တိုက်ခိုက်နေချိန်မှာ နောက်တစ်ဖွဲ့က အနားယူပြီး အားဖြည့်မယ်။ အလှည့်ကျ တိုက်ခိုက်ကြတာပေါ့"

...

"သောက်ကျိုးနည်း... ဆူညံနေတာပဲ။ သူတို့ ဘာတွေလုပ်နေကြတာလဲ"

အနီးအနားရှိ ချိုင့်ဝှမ်းတစ်ခုထဲတွင် ကျန်းမုန့်လောင်သည် တက်ဘလက်တစ်လုံးဖြင့် "အနမ်းဖြင့်စတင်သော" ဇာတ်လမ်းတွဲကို အကြိမ်ကြိမ်ပြန်ကြည့်နေစဉ် အပြင်ဘက်မှ ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

"ကျောင်းအုပ်ကြီး... သူတို့ အဲဒီရုပ်သေးတွေကို ရှင်းပြီးသွားပြီ။ အခု မြို့ရဲ့ ကာကွယ်ရေး ယန္တရားကို တိုက်ခိုက်နေကြတာပါ။ သူတို့ အစွမ်းနဲ့ဆိုရင် တစ်ပတ်လောက်တော့ ဆက်တိုက်တိုက်ခိုက်ရလိမ့်မယ်ထင်တယ်"

ကောထန်က ပြောလိုက်သည်။

"ကျောင်းအုပ်ကြီး... တကယ်လို့ ခင်ဗျား အလျင်လိုတယ်ဆိုရင် အဆင့်ခုနစ်သက်ရှိတစ်ယောက်ရဲ့ အစွမ်းကုန်တိုက်ခိုက်မှုမျိုးနဲ့ ဒါကို စိစိညက်ညက်ကျေသွားအောင် လုပ်လို့ရပါတယ်"

"ကိစ္စမရှိဘူး။ ငါ မလောပါဘူး"

ကျန်းမုန့်လောင်က ခေါင်းခါလိုက်သည်။

"တခြားလူတွေ လုပ်ပေးနိုင်တဲ့ကိစ္စကို ငါက ဘာလို့ ခွန်အားအမှတ်တွေအကုန်ခံပြီး လုပ်ရမှာလဲ။ ငါပဲ ရှုံးမှာပေါ့။ သူတို့ဘာသာ ပင်ပန်းအောင် လုပ်ပါစေ။ စွမ်းအင်ကုန်ခါနီးပြီဆိုမှ ငါ့ကို လာပြော"

"လူယုတ်မာပါလား"

ကောထန်က တိုးတိုးလေး ရေရွတ်လိုက်သော်လည်း ကျန်းမုန့်လောင်၏ အမိန့်ကိုမူ မဖီဆန်ရဲပေ။

ဤရက်ပိုင်းအတွင်း ကျန်းမုန့်လောင်သည် "အနမ်းဖြင့်စတင်သော", "ကျန့်ဟွမ်၏ဒဏ္ဍာရီ", "ဓားသွား", "မိုးရေထဲကအချစ်" စသည့် ဇာတ်လမ်းများကို အကုန်ကြည့်ပြီးသွားခဲ့သည်။ သူ ဘာအတွက် လာခဲ့သလဲဆိုသည်ကိုပင် မေ့လုနီးပါး ဖြစ်နေချေပြီ။ မည်သို့ပင်ဖြစ်စေ စားစရာသောက်စရာများ အလျှံပယ် ရှိနေသည်ဖြစ်ရာ ဟိတ်ဟန်ထုတ်ရန်အတွက် သူ မလောပါချေ။

...

တစ်ပတ်ဟူသည့် အချိန်ကား လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ သံမဏိမြို့တော်ကို ဝန်းရံထားသည့် အလင်းဒိုင်းကာလည်း အလွန်ပါးလွှာသွားသည်။

"အားလုံး ကြိုးစားထားကြ။ ကာကွယ်ရေး ဒိုင်းကာရဲ့စွမ်းအင် ကုန်ခါနီးနေပြီ"

"အားလုံးပဲ... နောက်ဆုံးတိုက်ကွက်အတွက် အစွမ်းကုန်စုစည်းပြီး တိုက်ခိုက်ကြစို့"

ဘယ်လ်ရု၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ထွက်ပေါ်လာပြီး အဆင့်ခြောက်နီးပါးရှိသည့် သိုင်းလက်နက်သံတုတ်ကြီးပေါ်တွင် အနီရောင် အလင်းများ ဖုံးလွှမ်းသွားသည်။ ဘေးပတ်ပတ်လည်ရှိ ပါရမီရှင်များလည်း ထိတ်လန့်တကြား ဖြစ်သွားလေသည်။ ဤသံတုတ်နှင့်သာ အရိုက်ခံရပါက အသားပွန်းရုံသာမက အသက်ပါ ပျောက်သွားနိုင်သည်ဟု သူတို့ တွေးနေမိကြသည်။

"ဒီကောင်ကတော့ အခွင့်အရေးကို အမိအရယူပြီး ကြွားနေတာပဲ"

ထိပ်သီးအဆင့်သတ်မှတ်ချက် စာရင်းဝင် ပါရမီရှင်များကမူ ဤအချက်ကို ကောင်းကောင်း ရိပ်မိကြသည်။

ဤကာကွယ်ရေးယန္တရား ပျက်စီးသွားလျှင် "ကိုယ့်အရည်အချင်းနှင့်ကိုယ် ရယူကြေး" ဟု ဆိုထားသော်လည်း ဤကဲ့သို့သော နေရာမျိုးတွင်မူ ခွန်အားကြီးသူကသာ အမှန်တရားပင်။ မည်သူက ပိုအစွမ်းထက်သလဲဆိုသည့်အပေါ် မူတည်၍ ရတနာများကို အများဆုံးရယူနိုင်မည်ဖြစ်၏။

"ငါတို့ကို အထင်သေးသွားအောင်လုပ်လို့ မဖြစ်ဘူး"

အခြားသူများကလည်း သူတို့၏ အပြင်းထန်ဆုံး တိုက်ကွက်များကို ထုတ်သုံးလိုက်ကြသည်။ သူတို့၏ တိုက်ကွက်တစ်ခုချင်းစီမှာ အားနည်းသည့် အဆင့်ခြောက်သက်ရှိတစ်ယောက်ကိုပင် ဒဏ်ရာရစေနိုင်သည့် အစွမ်းများ ရှိကြသည်။

"သုံး"

"နှစ်"

"တစ်"

လူပေါင်းသောင်းဂဏန်း၏ တိုက်ခိုက်မှုများမှာ တစ်နေရာတည်းသို့ စုပြုံကျရောက်သွားပြီး ပြင်းထန်လှသော တုန်ခါမှုနှင့်အတူ ထိုနေရာမှတစ်ဆင့် အက်ကွဲကြောင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားလေတော့သည်။

တဖိတ်ဖိတ်လက်နေသည့် အပြာရောင် အလင်းတန်းများမှာ အပြင်ဘက်သို့ လှိုင်းလုံးများအလား ရိုက်ခတ်သွားပြီး အကာအကွယ်ယန္တရားတစ်ခုလုံးလည်း နောက်ဆုံးတွင် ငြိမ်သက်သွားချေတော့သည်။

"ဟားဟားဟား... ပျက်သွားပြီဟေ့"

"ရတနာတွေက ငါ့အပိုင်ပဲ"

"ဒီကောင်စုတ်တွေ... ငါ့ထက်တောင် အပြေးမြန်နေသေးတယ်"

"ဖယ်စမ်း... ငါ့လမ်းကို လာမပိတ်နဲ့"

ထိုအချိန်တွင် လူတိုင်းသည် သူတို့၏ မူလစရိုက်များကို ဖော်ထုတ်လိုက်ကြပြီး အတားအဆီး မရှိတော့သည့် မြို့ထဲသို့ အရူးအမူး ပြေးဝင်သွားကြလေတော့သည်။

သို့သော် ထိုအခိုက်မှာပင် သူတို့၏ အထက် ကောင်းကင်ယံမှ ကျယ်လောင်လှသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

၎င်းမှာ တောက်လောင်နေသည့် အနီရောင်သုန်းချီမြင်းပျံတစ်ကောင်ဖြစ်ပြီး ထိုမြင်းပေါ်တွင်မူ အဖြူရောင်ဝတ်ရုံကို ဆင်မြန်းထားသော လူငယ်တစ်ယောက် ရပ်နေပေသည်။ အဖြူရောင်ဝတ်ရုံ၏ နောက်ကျောတွင်မူ ကြားလိုက်ရရုံဖြင့် လူပေါင်းများစွာကို တုန်လှုပ်သွားစေသည့် စာလုံးနှစ်လုံး ရှိနေပေသည်။

"ရီထျန်းဂိုဏ်း"

ကျန်းမုန့်လောင်က အောက်သို့ ငုံ့ကြည့်၍ လက်ဝှေ့ယမ်းပြလိုက်သည်။

"မင်္ဂလာပါ ရဲဘော်တို့ရေ... ပင်ပန်းသွားကြပြီနော်"

*********************

All Chapters