← Chapters

အခန်း (၉၃၇-၉၃၉)

Vol. 63 Ch. 937-939

အခန်း (၉၃၇-၉၃၉)

Vol. 63 Ch. 937-939

အခန်း ၉၃၇ - တစ်လောကလုံးက ငါတို့ကို ပစ်မှတ်ထားနေကြပြီ

အင်ပါယာမဟာမိတ်အဖွဲ့က ပို့လွှတ်လိုက်သော ခရီးသည်တင် အာကာသယာဉ်တစ်စင်းသည် အာကာသဖြတ်လမ်းကို ဖြတ်သန်းသွားလာနေသည်။ ထိုယာဉ်မှာ အမြွှာဝေလငါးကြယ်တာရာအင်ပါယာ၏ ရတနာရှာဖွေသူများကို သွားရောက်ခေါ်ဆောင်မည်ဖြစ်၏။ ထို့ပြင် ပြိုင်ပွဲဝင်ငါးသောင်းကို ဇူဒါမျိုးနွယ်စု၏ ရတနာတိုက်ဝင်ပေါက်ဆီသို့ ခေါ်ဆောင်သွားမည်သာ။

"ဟေ့ ကိုယ့်လူ...မင်းနာမည်က ဘာလဲ။ ငါကတော့ အရှေ့မြောက်ပိုင်းသား ကျွမ်းချီကျယ်ပါ။ အခွင့်အရေးရရင် ငါတို့ဆီကို အလည်လာခဲ့လေ။ ဘီယာသောက်ရင်း ကမာကောင်တွေ မြည်းကြတာပေါ့"

"သူငယ်ချင်း... မင်းက ဘယ်ဂြိုဟ်ကလဲ။ အဆက်အသွယ်လိပ်စာတွေ လဲကြမလား။မင်းက ငါ့ကို စကန်ဖတ်မလား။ ငါဖတ်ရမလား"

"အစ်ကို.. ကျွန်တော့်ဝါသနာက သီချင်းဆိုတာရယ် ကတာရယ် ရက်ပ်ရွတ်တာနဲ့ ဘတ်စကတ်ဘော ကစားတာဗျ။ ခင်ဗျားတို့မျိုးနွယ်စုမှာရော ဘာတွေစိတ်ဝင်စားကြလဲ"

"ဟေ့... တစ်ခုလောက် ဆွေးနွေးလို့ရမလား။ ကျွန်တော် အခုတလော ဂြိုဟ်သားတွေရဲ့ ခန္ဓာဗေဒအကြောင်း လေ့လာနေတာ။ မင်းကို ခွဲစိတ်ကြည့်လို့ ရမလား။ ပြန်ချုပ်ပေးမယ်လို့ ကတိပေးပါတယ်"

"မိန်းကလေး... အရမ်းလှတာပဲနော်။ ခင်လို့ရမလား။ ကျွန်တော်က ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ အသည်းကျော်လေးပါ။ မိန်းကလေးနဲ့အတူ လူသားခန္ဓာကိုယ်ရဲ့ လျှို့ဝှက်ချက်တွေကို အတူတူ လေ့လာချင်လို့"

"ဟား... ဒီနှာဘူးကြီးကတော့လေ။ ဒီမျက်နှာနဲ့များ ကျောင်းတော်ရဲ့ အသည်းကျော်တဲ့။ ငါ ဝမ်လုံကတော့ လုံးဝသဘောမတူဘူးဟေ့။ မင်းလို အောက်တန်းစားစကားတွေ ပြောနေတဲ့လူကို သူတို့က စကားပြန်ပြောမယ်များ မှတ်နေလား"

"ဒါဆိုရင် ပိုကဗျာဆန်တဲ့ စကားလေး ပြောပြပါလား"

"မိန်းကလေး... မနက်မိုးလင်းတိုင်း မိန်းကလေးဘေးမှာ နိုးထခွင့်ရနိုင်မလား"

"အမလေး... သွားစမ်းပါ!"

"အား"

"ကိုယ့်လူရေ... မင်းကတော့ ခေတ်သစ် ရွှီကျစ်မိုပဲ"

အိုတစ်ရွေးချယ်ထားသည့် လူအယောက်တစ်သောင်းမှာ အကြောင်သား ဖြစ်ကုန်ကြသည်။ ရီထျန်းဂိုဏ်းရှိ ဤလူသားများမှာ ပေါင်းသင်းဆက်ဆံရေးတွင် ဤမျှအထိ ကြောင်တောင်တောင်နိုင်ကြသလားဟု သူတို့ တွေးနေမိကြသည်။

အာကာသယာဉ်ပေါ်သို့ ရောက်ကတည်းက ဤလူသားများမှာ တွေ့သမျှလူတိုင်းနှင့် လိုက်ပတ်သက်နေကြသည်။ သို့သော် သူတို့ကိုလည်း အပြစ်ပြော၍ မရပါချေ။ ဂြိုဟ်သားများနှင့် ဤမျှ နီးနီးကပ်ကပ် တွေ့ဖူးသည်မှာလည်း ပထမဆုံးအကြိမ်ပင်။

ယဉ်ကျေးမှုနှင့် ဝါသနာများ ဖလှယ်ခြင်းကို အသာထား။ သူတစ်ပါးကို ခွဲစိတ်ခွင့်တောင်းခြင်း၊ လိုက်ပိုးပန်းခြင်းတို့မှာမူ နည်းနည်းလွန်လွန်းလှသည်။

ဤလူများမှာ ဘယ်လိုမိစ္ဆာဂိုဏ်းကများ လာကြလေသလဲ။ ဤသည်မှာ ပေါင်းသင်းဆက်ဆံရေးကောင်းခြင်းထက်စာလျှင် "လူတောတိုးလွန်းသည့်ရောဂါ"ပင် ဖြစ်နေချေပြီ။

"ရှောင်အိုတစ် အားနာပါတယ်ကွာ။ ရီထျန်းဂိုဏ်းက လူတွေက ကမ္ဘာမြေသားမဟုတ်တဲ့ တခြားလူတွေနဲ့ အခုမှတွေ့ဖူးတာဆိုတော့ နည်းနည်း စိတ်လှုပ်ရှားနေကြလို့ပါ။ စိတ်ထဲမထားပါနဲ့"

"ဟားဟား... ရပါတယ်။ ဒါ ပုံမှန်ပါပဲ။ ဘယ်သူမှလည်း စိတ်ထဲထားမှာ မဟုတ်ပါဘူး"

အိုတစ်ခမျာ အောင့်သက်သက် ရယ်ရင်း ပြန်ပြောလိုက်၏။

သူ စိတ်ထဲထားရင်တောင် ဘာလုပ်နိုင်မှာမို့လို့လဲ..

"ရောက်ပြီ"

လမ်းတစ်လျှောက်လုံး ဤကမ္ဘာသားများ၏ နှောင့်ယှက်မှုကို ခံခဲ့ရပြီးနောက် အာကာသယာဉ်က နောက်ဆုံးမှာတော့ အာကာသဖြတ်လမ်းထဲက ထွက်လာနိုင်ခဲ့သည်။ အမြွှာဝေလငါးအင်ပါယာ၏ စစ်သည်တော်များမှာ ဤကမ္ဘာမြေသားများ၏ မပြီးနိုင်မစီးနိုင်စကားသံများကြားက လွတ်မြောက်သွားပြီဖြစ်၍ သက်ပြင်းချလိုက်ကြသည်။

"ဝိုး"

ပြတင်းပေါက်ကတစ်ဆင့် အပြင်ကို လှမ်းကြည့်လိုက်သောအခါ အားလုံး အံ့အားသင့်သွားကြသည်။

ဤသည်မှာ အလွန်ခမ်းနားလှသော ကောင်းကင်ကိုယ်ထည်ကြီးတစ်ခုဖြစ်ပြီး အချင်းကလည်း နေထက် အဆပေါင်းရာနှင့်ချီ၍ ကြီးမားကာ အလင်းနှင့် အပူများကို အဆက်မပြတ် ထုတ်လွှတ်နေပေသည်။

ဤသည်မှာ ဇူဒါအာကာသအင်ပါယာရှိ အဆင့်ကိုး အထွတ်အထိပ် သက်ရှိတစ်ယောက်၏ လက်ရာပင်။ သူသည် ကြယ်တစ်လုံးကို အသွင်ပြောင်းပြီး မျိုးနွယ်စုတစ်ခုလုံး၏ ရတနာများကို အနက်ရှိုင်းဆုံးနေရာတွင် ဝှက်ထားခဲ့သည်။

သို့သော် အာကာသဖြတ်လမ်းက ထွက်လာပြီးနောက် အာကာသယာဉ်သည် အရှိန်လျှော့မသွားဘဲ ထိုကြယ်ဆီကို ပိုမြန်သောအရှိန်ဖြင့် ဦးတည်မောင်းနှင်သွားချေသည်။

"ဘုရားရေ... ဘုရားရေ... ဘုရားရေ"

"ဒါ မူကြိုကျောင်းကား မဟုတ်ဘူးနော်။ငါ့ကို အခုချက်ချင်း ဆင်းခွင့်ပေးကြပါ"

"သောက်ကျိုးနည်း... တံခါးတွေကို သေချာပိတ်ထားကြစမ်း"

"မိန်းကလေး... ကျွန်တော်တို့ သေမင်းနိုင်ငံကို အတူတူသွားရတော့မယ်ထင်တယ်။ အဲ့ဒီမတိုင်ခင် ကျွန်တော့်ကို အနမ်းတစ်ပွင့်လောက် ပေးပါလား"

"အားလုံးပဲ စိုးရိမ်စရာမလိုပါဘူး။ ဒီကြယ်ရဲ့ နျူကလီးယားဓာတ်ပြုမှုတွေ ရပ်တန့်သွားတာ ကြာပါပြီ။ အပေါ်ယံကတော့ အတုပြုလုပ်ထားတဲ့ အလင်းနဲ့အပူလွှာပါ။ အတွင်းထဲမှာတော့ ကျောက်သားထုကြီးပဲ ရှိတာမို့ အန္တရာယ်မရှိနိုင်ပါဘူး"

မဟာမိတ်အာကာသယာဉ်မှူး၏အသံ ထွက်ပေါ်လာလေသည်။

"အစောကြီးကတည်းက ပြောပါတော့လား။ လန့်လွန်းလို့ သေးတောင်ထွက်တော့မလို့"

"မိန်းကလေး... ကြည့်ရတာတော့ သေမင်းနိုင်ငံကို အတူတူသွားဖို့ မလိုတော့ဘူးထင်တယ်။ ကျွန်တော့်အနားမှာပဲ နေနော်။ ကျွန်တော် ကာကွယ်ပေးပါ့မယ်"

"ငါ သိသားပဲ။ မင်းတို့ကိုကြည့်စမ်း။ တည်တည်ငြိမ်ငြိမ် ရှိစမ်းပါ။ တောင်ကြီးပြိုရင်တောင် မလှုပ်နဲ့"

"ဟေ့ကောင်... ဘာတွေဟန်ဆောင်နေတာလဲ။ ခုနက ငါ့ပေါင်ကိုဖက်ပြီး ငိုနေတာ ဘယ်သူလဲ"

"ငါ Huawei P80နဲ့ အကုန်ရိုက်ထားပြီးသား။ HDဗီဒီယိုနော်။ချွေးပေါက်လေးတွေတောင် မြင်ရတယ်။ အကျယ်ဆုံးအော်နေတာ သူပဲ"

"ငါ့ကိုလည်း ပို့ပေးဦး။ ဗီဒီယိုတည်းဖြတ်ပြီး Bilibiliပေါ် တင်လိုက်ဦးမယ်"

အချင်းချင်း နောက်ပြောင်နေကြသည်ကို ကြည့်ပြီး အမြွှာဝေလငါးအင်ပါယာ၏ ရတနာရှာဖွေသူများမှာ ဤသို့သာ တွေးမိလိုက်သည်။

"ကမ္ဘာသားတွေအကုန်လုံးက စကားအရမ်းများတာပဲလား"

ထင်ထားသည့်အတိုင်းပင်။ အာကာသယာဉ်မှာ လှည့်စားထားတဲ့ ထိုအပေါ်ယံလွှာကို အလွယ်တကူ ဖြတ်ကျော်သွားသည်။ အတွင်းထဲတွင် ဟာလာဟင်းလင်း ဖြစ်နေသည်ကို မသိသူသာဆိုပါက ဤမျှအပူချိန်ရှိသော နေရာထဲသို့ အာကာသယာဉ်နှင့် တိုးဝင်ရဲမည်မဟုတ်ပါချေ။

"ကဲ... သွားကြစို့"

အာကာသယာဉ်သည် ကောင်းကင်ထက်ဝယ် ပျံဝဲ၍ ရပ်နားလိုက်၏။ ကျန်းမုန့်လောင်နှင့် အခြားသူများမှာ အိုတစ်တို့တစ်သိုက်၏ အနောက်က လိုက်ရင်း ရွှေရောင်အလင်း ဖြာထွက်နေသော ကျောက်သားထုပေါ်သို့ ဆင်းသက်လိုက်ကြသည်။

"မစ္စတာကျန်း.. အဲ့ဒါ ရတနာတိုက်ရဲ့ ဝင်ပေါက်ပဲ"

အိုတစ်က အလယ်ဗဟိုရှိ အလင်းတန်းကြီးကို လက်ညှိုးထိုးပြလိုက်သည်။

"ရတနာတိုက် တရားဝင်ပွင့်ပြီဆိုရင် အဲ့ဒီအလင်းတန်းက ဒီနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး သလင်းကျောက်အမြုတေရှိတဲ့လူတိုင်းကို ရတနာတိုက်ထဲ ပို့ဆောင်ပေးမှာပါ။ ရတနာရှာဖွေမှုက နှစ်နဲ့ချီပြီးကြာနိုင်တဲ့အပြင် ရတနာတွေတင်မကဘဲ အရင်က လာတဲ့လူတွေ ချန်ထားခဲ့တဲ့ အန္တရာယ်တွေလည်း အများကြီးရှိတယ်"

"ဒါက မြေအောက်ခန်းကြီးတစ်ခုလိုပါပဲလား"

"အတွင်းထဲမှာ ဘာတွေရှိမလဲ မသိဘူးနော်"

"မကောင်းဆိုးဝါးတွေကို သတ်ပြီး ပစ္စည်းတွေလုရတဲ့ နေရာမျိုးလား"

"စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ။ တခြားမျိုးနွယ်စုက အလှလေးတွေ အများကြီးရှိမလားမသိဘူး။ နတ်သူငယ်မျိုးနွယ်က ကောင်မလေးတွေက အရမ်း ချစ်ဖို့ကောင်းပြီး နုနုနယ်နယ်လေးတွေလို့ ကြားဖူးတယ်"

"ဟီးဟီးဟီး"

"သွားရည်တွေ သုတ်လိုက်စမ်း"

ကျန်းမုန့်လောင်က ဆူပူလိုက်သည်။

"ငါတို့က စည်းစနစ်ရှိတဲ့ အဖွဲ့အစည်းတစ်ခုနော်။ မဟုတ်တာတွေပဲ မတွေးကြနဲ့။ တစ်ခုခုတွေးချင်ရင်လည်း စိတ်ထဲမှာပဲထား။ အပြင်ထုတ်မပြောနဲ့"

မျိုးနွယ်စုတော်တော်များများက ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းလောက်သာ ပါလာကြသည်။ သို့သော် ကျန်းမုန့်လောင်၏ လူအယောက်ငါးသောင်း အဖွဲ့ကြီးကတော့ ရောက်နှင့်နေသည့် မျိုးနွယ်စုများ၏ အာရုံစိုက်မှုကို ချက်ချင်းရရှိလိုက်သည်။

"လူတွေအများကြီးပါလား။ အဲ့ဒါ အမြွှာဝေလငါးအင်ပါယာရဲ့အဖွဲ့ပဲ ဖြစ်ရမယ်"

"ဟားဟား... နေရာငါးသောင်းမှာ အဆင့်ငါးသက်ရှိက တစ်သောင်းတည်းလား။ ဟာသလုပ်နေတာလား။ ဒီလောက်အဆင့်နိမ့်တဲ့ ကောင်တွေကတော့ ခဏလေးနဲ့ ပြုတ်သွားမှာပဲ"

"နေရာငါးသောင်းတော့ အလကားဖြစ်ပြီပဲ။ ငါတို့ဆီမှာဆိုရင် ဒီအခွင့်အရေးအတွက် အသေအလဲ ကြိုးစားချင်တဲ့ အဆင့်ငါးအထွတ်အထိပ်သက်ရှိတွေအများကြီးရှိတယ်"

"သူတို့ရဲ့ရုပ်ရည်နဲ့ အရှိန်အဝါတွေကို မှတ်ထားကြ။ ရတနာတိုက်ထဲမှာ သူတို့နဲ့တွေ့ရင် မညှာနဲ့။ သူတို့ဆီက ကံကြမ္မာမီးတောက်တွေကို အကုန်လုပစ်ရမယ်။ အဆင့်လေးသက်ရှိအယောက်လေးသောင်းဆိုတော့ ကံကြမ္မာမီးတောက်တွေကို အလကားလာပေးနေသလိုပဲ"

အမြွှာဝေလငါးအင်ပါယာရှိ ရတနာရှာဖွေသူများမှာ သီးသန့်ဖြစ်နေပေသည်။ အခြားသူများက သူတို့နှင့် ပတ်သက်မိလျှင် ရတနာတိုက်ထဲတွင် ပစ်မှတ်ထားခံရမည်စိုးသောကြောင့် ဝေးဝေးရှောင်နေကြသည်။

"သူတို့နဲ့ နီးနီးကပ်ကပ်နေကြ။ ဒါမှ ရတနာတိုက်ထဲကို ရောက်ရင် သူတို့နဲ့တွေ့ဖို့ အခွင့်အလမ်း ပိုများမှာ"

ကျန်းမုန့်လောင်ကြောင့် ဝင်ခွင့်နေရာများ အလုခံလိုက်ရသည့် မျိုးနွယ်စုများကမူ အနားကို တမင်လာကပ်ပြီး ရတနာတိုက်ထဲတွင် ဘယ်လိုလက်စားချေမလဲဆိုသည်ကို အကျယ်ကြီးပြောနေကြသည်။

"မစ္စတာကျန်း... ကြည့်ရတာ စကြဝဠယတစ်ခုလုံးက ငါတို့ကို ရန်သူလို သဘောထားနေကြပြီထင်တယ်'

အိုတစ်က အားမလိုအားမရ ပြုံးရင်း ပြောလိုက်ချေသည်။ ပြီးခဲ့သည့်အခေါက်က စကြဝဠာထဲရှိ မျိုးနွယ်စုအားလုံးကို သွားစမိသည်မဟုတ်လော။

"စိတ်ဆိုးရင်လည်း ဆိုးပါစေပေါ့။ ငါတို့ကို လာတိုက်ခိုက်ရင် ပိုတောင်ကောင်းသေးတယ်။ ဒါမှ သူတို့ကို ပညာပြန်ပေးတဲ့အခါ ငါတို့ဘက်က အားနာစရာမလိုတော့မှာ"

ကျန်းမုန့်လောင်က ဂရုမစိုက်လေဟန် လေသံဖြင့် ပြောလိုက်သည်။

"မစ္စတာကျန်း...သတိတော့ ထားစေချင်တယ်။ ရတနာတိုက်ထဲကို ရောက်တာနဲ့ တခြားလူတွေဆီက တိုက်ခိုက်ခံရမှာ စိုးရိမ်မိတယ်"

အိုတစ်က ဆိုလေသည်။

"အဲ့ဒီမှာ အသတ်ခံရတာက တကယ့်သေဆုံးမှုအစစ်မဟုတ်ပေမဲ့ မင်းတို့ရဲ့ ကံကြမ္မာမီးတောက်တွေကို လုယူခံရမှာဆိုတော့ ရတနာတိုက်ထဲကနေ အပြင်ကို ဆွဲထုတ်ခံရမှာ။ အဲ့ဒီအခါကျရင် ရတနာရှာဖွေခွင့် ဆုံးရှုံးသွားလိမ့်မယ်"

"ပူမနေပါနဲ့"

ကျန်းမုန့်လောင်က ရယ်မောလိုက်၏။

"ဒီနေ့ စကြဝဠာတစ်ခုလုံးက ငါတို့ကို ဆန့်ကျင်နေတာမဟုတ်ဘူး။ ငါတို့က စကြဝဠာတစ်ခုလုံးကို ဆန့်ကျင်မှာ"

**********************

အခန်း ၉၃၈ - ဒီနေရာကို ကျန်းမုန့်လောင်ရင်ပြင်လို့ ခေါ်မယ်

"ခင်ဗျားက စကြဝဠာတစ်ခုလုံးမှာရှိတဲ့ မျိုးနွယ်စုတွေအားလုံးကို ဆန့်ကျင်ဖို့ ကြံစည်နေတာလား"

ကျန်းမုန့်လောင်၏ ရဲတင်းလှသော အတွေးကြောင့် အိုတစ်ခမျာ တုန်လှုပ်သွားရသည်။

ဤကမ္ဘာမြေသားများမှာ အမှန်တကယ်ပင် အလွန်အစွမ်းထက်ကြသော်လည်း လက်နှစ်ဖက်တည်းနှင့် လက်လေးဖက်ကို ယှဉ်ရန်မှာ ခက်ခဲလှပေရာ စကြဝဠာထဲတွင် ထရီလီယံနှင့်ချီသော မျိုးနွယ်စုများနှင့် မရေတွက်နိုင်သော ရတနာရှာဖွေသူများ ရှိနေသည် မဟုတ်ပါလော။ ပုရွက်ဆိတ်များ အရေအတွက်များပြားလွန်းလျှင် ဆင်ပြောင်ကြီးကိုပင် ကိုက်သတ်နိုင်သည်ဟူသော စကားရှိပေသည်။

"ဘာလို့ မဖြစ်ရမှာလဲ"

ကျန်းမုန့်လောင်က ပြုံးလိုက်သည်။

"ရိုးရိုးကျင့် မြင့်မြင့်ကြံစမ်းပါ။ စောင့်ကြည့်နေလိုက်"

ကျန်းမုန့်လောင်သည် လူတိုင်း၏ရှေ့သို့ လျှောက်သွားချေသည်။ အိုတစ်ကမူ ကျန်းမုန့်လောင် နောက်ထပ် ဘယ်လိုတုန်လှုပ်ဖွယ်ရာများကို လုပ်ဦးမည်နည်းဟု မသိနားမလည်သော အမူအရာဖြင့် ကြည့်နေမိသည်။

"ရီထျန်းဂိုဏ်းဝင်အားလုံး လူစုကြစမ်း"

ကျန်းမုန့်လောင် အော်ဟစ်လိုက်လေရာ ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားအားလုံး ငြိမ်ကျသွားကြသည်။

"လူရေတွက်ကြ"

"၁"

"၂"

"၃"

...

"၃၉၉၉၉"

လူပေါင်းလေးသောင်းမှာ ကောင်းမွန်စွာ လေ့ကျင့်ထားသော စစ်တပ်ကြီးတစ်ခုအလားပင်။

"ရီထျန်းဂိုဏ်းရဲ့ ရည်ရွယ်ချက်က ဘာလဲ"

"အခက်ခဲဆုံး ရိုက်ချက်တွေကို ခံယူမယ်။ အထောင်လွှားဆုံး ပြုမူမယ်"

"ငါတို့ရဲ့ အနိမ့်ဆုံးစံနှုန်းက ဘာလဲ"

"ရဲရဲတင်းတင်း ပြုမူမယ်။ ပြီးရင် လွတ်အောင်ပြေးမယ်"

"ငါတို့ရဲ့ကျင့်ဝတ်က ဘာလဲ"

"အရှက်မရှိရဘူး။ အမြဲတမ်းအရှက်မရှိရဘူး"

"ငါတို့ရဲ့ပန်းတိုင်က ဘာလဲ"

"သတ်မယ်။ လုမယ်။ လိမ်မယ်။ ခိုးမယ်။ ပြီးရင် လူတိုင်းကို အစိမ်းရောင်အလင်း ပို့ပေးမယ်"

"ကောင်းတယ်"

ကျန်းမုန့်လောင်လည်း ကျေနပ်အားရလေဟန် အပြုံးတစ်ပွင့်ကို ဖော်ပြလိုက်၏။

ဘေးနားရှိ အိုတစ်မှာမူ သူ့ဘဝကိုပင် သံသယဝင်လာတော့သည်။

ဤသို့သော ရည်ရွယ်ချက်နှင့် ကျင့်ဝတ်မျိုးရှိသည့် အရှက်မရှိသော အဖွဲ့အစည်းမျိုး တကယ်ရှိနိုင်မည်လော။

ပြီးတော့ ခင်ဗျားတို့မှာ တကယ်ပဲ အနိမ့်ဆုံးစံနှုန်းဆိုတာ ရှိလို့လား။ ရဲရဲတင်းတင်းပြုမူပြီး လွတ်အောင်ပြေးတာကို စံနှုန်းလို့ ခေါ်နိုင်လို့လား။

လူတိုင်းကို အစိမ်းရောင်အလင်း ပို့ပေးမယ်ဟုတ်လား.. တကယ်ရဲတင်းလွန်းတာပဲ။ ခင်ဗျားတို့က ကောင်းကင်ကိုတောင် လှမ်းထိချင်နေတာလား။

"မစ္စတာကျန်း... ကျွန်တော်ထင်တာကတော့ ခင်ဗျားအနေနဲ့ နည်းနည်းလောက် သိုသိုသိပ်သိပ်နေတာ ပိုကောင်းလိမ့်မယ်"

အိုတစ်က စိုးရိမ်တကြီး ပြောလိုက်လေသည်။

"အရင်နှစ်တွေကလိုဆိုရင် နယ်မြေတစ်ခုစီကို လူပေါင်း တစ်သန်းလောက် ပို့ဆောင်ခံရလိမ့်မယ်.. ကျွန်တော်တို့ရဲ့ လူနည်းနည်းလေးနဲ့ အဲ့ဒီလောက်များတဲ့ တိုက်ခိုက်မှုတွေကို ယှဉ်ဖို့ ခက်ခဲလိမ့်မယ်"

အိုတစ်သည် ပစ္စည်းအချို့ကို ထုတ်ယူ၍ ကျန်းမုန့်လောင်ထံ ကမ်းပေးလိုက်သည်။

"ဒါက ကျွန်တော်တို့မျိုးနွယ်စုက အဂ္ဂိရတ်ပညာရှင်တွေ ဖော်စပ်ထားတဲ့ ဆေးရည်ပါ.. ခင်ဗျားတို့ရီထျန်းဂိုဏ်းက အဂ္ဂိရတ်ပညာရှင်တွေကို မယှဉ်နိုင်ပေမဲ့ ဒါက လူတစ်ယောက်ရဲ့ရုပ်သွင်နဲ့ အရှိန်အဝါကို ပြောင်းလဲပေးနိုင်တဲ့ ထူးခြားတဲ့အာနိသင် ရှိပါတယ်.. ရတနာတိုက်ထဲ ရောက်သွားလို့ လူအများကြားထဲ ရောနှောနေမယ်ဆိုရင် ကျွန်တော်တို့က အမြွှာဝေလငါးစကြဝဠာအင်ပါယာကဆိုတာ ဘယ်သူမှသိမှာမဟုတ်ဘူး"

"ဪ... တကယ်တော့ ငါ ပြင်ဆင်ပြီးသားပါ"

ကျန်းမုန့်လောင်က အိုတစ်၏ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်သည်။

"မစ္စတာကျန်းက တကယ်အမြော်အမြင်ရှိတာပဲ"

အိုတစ်ခမျာ စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်လေသည်။ ကျန်းမုန့်လောင်က သူထင်ထားသလောက် ဦးနှောက်မရှိသူမဟုတ်ကြောင်း သိလိုက်ရပြီဖြစ်၏။

အကယ်၍ သူတို့သာ လူစုခွဲပြီး တစ်ယောက်ချင်းစီ လှုပ်ရှားကြမည်ဆိုလျှင် သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်အရ ရတနာတိုက် ပြန်မပိတ်မချင်း အသက်ရှင်နိုင်ရန် အခွင့်အရေးကောင်းကောင်းရှိပြီး ထိုအချိန်တွင် ကံကြမ္မာမီးလျှံအမြောက်အမြားကိုလည်း စုဆောင်းနိုင်ပေလိမ့်မည်။

"အားလုံးပဲ... မင်းတို့ပစ္စည်းတွေကို ထုတ်လိုက်ကြ"

ကျန်းမုန့်လောင်က ညွှန်ကြားလိုက်သည်။

"ဝှစ်"

ကမ္ဘာမြေသားအားလုံးက အဖြူရောင်ဝတ်ရုံရှည်ကြီးများကို ထုတ်ယူလိုက်ကြသည်။ ထိုဝတ်ရုံများပေါ်တွင် လှပသော စာလုံးများဖြင့် "ရီထျန်းဂိုဏ်း"ဟု ရေးသားထားပြီး မီးလျှံပုံစံများဖြင့် ဝန်းရံထားလေသည်။

ကျန်းမုန့်လောင်၏ ဝတ်ရုံပေါ်တွင်မူ "ပထမမျိုးဆက်"ဟူသော စာလုံးများ ပါနေပြန်သည်။

"ဒါက ခင်ဗျားပြင်ဆင်ထားတဲ့အရာလား"

အိုတစ်မှာ အမှန်တကယ် စိတ်ပျက်အားလျော့သွားရတော့သည်။

လူတိုင်းက မင်းကို စိုက်ကြည့်နေတာကို သတိမထားမိဘူးလား။ ဒီလိုဝတ်ရုံမျိုး ဝတ်ထားမှတော့ မင်းက ရီထျန်းဂိုဏ်းကဆိုတာကို သူများတွေသိမှာ မကြောက်ဘူးလား။ ကဲပါ... ငါတို့အားလုံးက လူကြီးတွေပဲလေ။ ဒီလောက်အထိ ရယ်စရာကောင်းအောင် မလုပ်ပါနဲ့လား။

"သူတို့က တကယ်ထောင်လွှားလွန်းတယ်"

"အဲ့ဒီကြွေးကြော်သံတွေကလည်း တော်တော်မောက်မာတာပဲ။ သူတို့ သေချင်နေတာလား"

"ဟွန့်... သူတို့ရဲ့ အထောက်အထားကို ဒီလောက် ပေါ်ပေါ်ထင်ထင် ပြထားမှတော့ ရတနာတိုက်ထဲ ရောက်တာနဲ့ ဘယ်သူက သူတို့ကို ကူညီနိုင်မလဲ ကြည့်ကြသေးတာပေါ့"

"ဟဲဟဲ... ရတနာတိုက်ထဲမှာ မင်းတို့ကို ကာကွယ်ပေးမယ့် အဆင့်ကိုးသက်ရှိ မရှိဘူးကွ.. မင်းတို့တော့ လမ်းလျှောက်နေတဲ့ ပစ်မှတ်တွေ ဖြစ်တော့မှာပဲ"

"သတင်းလွှင့်လိုက်ကြစမ်း။ ရီထျန်းဂိုဏ်းဝင်အားလုံးက အဖြူရောင်ဝတ်ရုံတွေ ဝတ်ထားပြီး ကျောဘက်မှာ ရီထျန်းဂိုဏ်းလို့ ရေးထားတယ်ဆိုတာ"

"မင်း ကြားပြီးပြီလား။ အဖြူရောင်ဝတ်ရုံဝတ်ထားတဲ့ သူတွေက ရီထျန်းဂိုဏ်းကတဲ့"

"ဘာ.. အဖြူရောင်ဝတ်ရုံဝတ်ထားတဲ့ လူတွေက ငါတို့အားလုံးကို အနိုင်ကျင့်မှာတဲ့လား"

...

"ကဲ... ဝတ်ရုံက ကြည့်လို့ကောင်းရဲ့လား"

ကျန်းမုန့်လောင်သည် သူ့ဝတ်ရုံကို ဖြန့်ခါလိုက်သည်။

"ဒါက သာမန်ဝတ်ရုံလို ထင်ရပေမဲ့ အဆင့်ငါးသိုင်းလက်နက် နည်းပညာနဲ့ ပြုလုပ်ထားတာ.. မီးမလောင်ဘူး။ ရေမစိုဘူး။ ကျည်ကာတယ်။ ပြီးတော့ ငါ အသံချဲ့စက်အသေးလေးတောင် တပ်ထားသေးတယ်"

ကျန်းမုန့်လောင်က လက်ဖျောက်တစ်ချက် တီးလိုက်လေရာ ရုတ်တရက်ပင် သူ့ပတ်ပတ်လည်တွင် ၃၆၀ဒီဂရီပတ်ချာလည် အသံစနစ်ဖြင့် သီချင်းသံတစ်သံ ထွက်ပေါ်လာသည်။

"အနိုင်မရနိုင်ခြင်းက ဘယ်လောက်တောင် အထီးကျန်ဖို့ကောင်းလဲ။ အနိုင်မရနိုင်ခြင်းဟာ ဘယ်လောက်တောင် ဗလာကျင်းနေလဲ... ဟေး.. ဟား"

...

"စတိုင်ကျတယ်... အရမ်းမိုက်တာပဲ..."

အိုတစ်မှာမူ ကျန်းမုန့်လောင် ချမ်းသာကြောင်း သိသော်လည်း ပိုက်ဆံအမြောက်အမြား အကုန်အကျခံပြီး ဤကဲ့သို့သော အဆင့်ငါးသိုင်းလက်နက် အဆင့်မီ ဝတ်ရုံများကို ပြုလုပ်ခြင်းမှာ ဖြုန်းတီးရာရောက်သည်ဟုသာ ထင်နေမိတော့သည်။

ဤကဲ့သို့သော ပိုက်ဆံနှင့် အရင်းအမြစ်များဖြင့် သေချာရေရာသော လက်နက်များကို ပြုလုပ်ခြင်းက ပိုမကောင်းပေဘူးလား။

"မင်းရော လိုချင်လား.. ငါ အပိုတစ်သောင်းလောက် ပြင်ဆင်ထားတယ်"

"ဟင့်အင်း... မလိုပါဘူး။ ကျေးဇူးပါပဲ"

အိုတစ်သည် သူ ရွေးချယ်ထားသော အထူးစစ်သည် တစ်သောင်းကို သူတစ်ပါး၏ လှုပ်ရှားနေသော ပစ်မှတ်များ အဖြစ်မခံလိုပေ။

"အာ... မစ္စတာကျန်း.. ကျွန်တော်ထင်တာကတော့ အခြေအနေမဟန်ခဲ့ရင် အမြွှာဝေလငါး စကြဝဠာအင်ပါယာအတွက် မျိုးစေ့လေးတွေ ကျန်နေအောင်လို့ ကျွန်တော့်ရဲ့ လူတစ်သောင်းက ခင်ဗျားတို့နဲ့အတူတူ မလှုပ်ရှားရင် ပိုကောင်းမယ်ထင်တယ်"

အိုတစ်က တုံ့ဆိုင်းစွာ ပြောလိုက်သည်။

"မင်းသဘောပဲ"

ကျန်းမုန့်လောင်ကလည်း ပြန်ပြောလိုက်သည်။

"တကယ်လို့ မင်းရဲ့လူတွေ ရတနာတိုက်ထဲမှာ ရီထျန်းဂိုဏ်းဝင်တွေနဲ့ တွေ့ခဲ့ရင် ငါ့နာမည်ကိုသာ ပြောလိုက်ပါ.. အဲ့ဒါဆိုရင် အလွန်ဆုံး အရိုးကျိုးရုံလောက်ပဲ ခံရလိမ့်မယ်"

"တကယ်ရူးနေတာပဲ။ ကိုယ့်လူကိုတောင် ရိုက်ဦးမလို့လား"

အိုတစ်လည်း သူ့လူများကို အမြန်ဦးဆောင်ပြီး အခြားနယ်မြေများဆီသို့ ခေါ်ဆောင်သွားတော့သည်။

...

"စနေပြီ"

အော်ဟစ်သံနှင့်အတူ ကျန်းမုန့်လောင်၏ အကြည့်မှာ ဧရာမရွှေရောင်အလင်းတိုင်ကြီးဆီသို့ ရောက်သွားလေသည်။

ရွှေရောင်အလင်းတိုင်၏ အချင်းမှာ ဓာတ်ရောင်ခြည်အလား အဆက်မပြတ် ကျယ်ပြန့်လာပြီး စက္ကန့်အနည်းငယ်အတွင်းမှာပင် ဂြိုဟ်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

"အားလုံးပဲ... အဆင်သင့်ပြင်ကြ"

ကျန်းမုန့်လောင်၏ အမိန့်ကြောင့် သူတို့အားလုံး အနီရောင် သလင်းကျောက်တုံးတစ်ခုကို ထုတ်လိုက်ကြသည်။ ၎င်းမှာ စကြဝဠာမဟာမိတ်အဖွဲ့မှ ဝေပေးထားခြင်းဖြစ်ပြီး အမြွှာဝေလငါးစကြဝဠာအင်ပါယာ၏ အမှတ်အသားကို ရိုက်နှိပ်ထားသည်။

ရွှေရောင်အလင်းတန်းများအောက်တွင် ထိုသလင်းကျောက်တုံးမှာ အံ့ဖွယ်ဓာတုဓာတ်ပြုမှုတစ်ခု ဖြစ်ပေါ်လာသည့်အလား တဖြည်းဖြည်း အရည်ပျော်သွားပြီး ရတနာရှာဖွေသူတစ်ယောက်ချင်းစီ၏ ဦးခေါင်းပေါ်တွင် လွင့်မျောနေသော အလင်းမြူတိမ်တိုက် အဖြစ်သို့ ပြောင်းလဲသွားသည်။

၎င်းမှာ တဖြည်းဖြည်း တောက်လောင်နေသော မီးလျှံတစ်ခု ဖြစ်လာသော်လည်း အပူချိန်မရှိ၊ ထိတွေ့၍မရဘဲ တစ်စုံတစ်ခုသော လျှို့ဝှက်ဆန်းကြယ်သည့် အင်အားစုနှင့် ဆက်နွှယ်နေပုံရသည်။

"တွေ့လား"

ကျန်းမုန့်လောင်သည် အခြားသူများ၏ ဦးခေါင်းပေါ်ရှိ အလင်းရောင်ကို ညွှန်ပြလိုက်သည်။

"ဒီတစ်ခေါက် လူတိုင်းရဲ့ အလင်းရောင်တွေကို အစိမ်းရောင် ပြောင်းသွားအောင် ငါတို့ အစွမ်းကုန် ကြိုးစားရမယ်"

"ပို့ဆောင်ခြင်း စတင်ပါတော့မယ်"

ပထမဆုံးအကြိမ် ဖြစ်သော်လည်း ကျန်းမုန့်လောင်သည် သူတို့ကို ဆွဲငင်နေသော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ ဤအရာမှာ သူတို့ကို မသိနားမလည်သော နေရာတစ်ခုဆီသို့ ပို့ဆောင်ပေးတော့မည့် အလားပင်။

...

"အား"

"အဟွတ်... အဟွတ်... အဟွတ်"

ရိုလာကိုစတာစီးပြီးခါစ မူးဝေသည့် ခံစားချက်မျိုးနှင့်အတူ ကျန်းမုန့်လောင်သည် မြေပြင်ပေါ်သို့ ပြန်လည် ကျဆင်းလာသည်။ ပုပ်အက်အက်အနံ့တစ်ခုနှင့်အတူ အေးစက်သော လေညင်းက သူ့နှာခေါင်းထဲသို့ တိုးဝင်လာ၏။

"ဟာကွာ... အိုတစ်က ငါ့ကို သတိတောင်မပေးထားဘူး.. ငါ ကားမူးတတ်တာ သူ မသိဘူးလား"

ကျန်းမုန့်လောင်ခမျာ ခေါင်းတစ်ခုလုံး အနည်းငယ် မူးနောက်နောက် ဖြစ်နေသည်ကို ခံစားလိုက်ရ၏။

ကျန်းမုန့်လောင်သာမက ဘေးပတ်ပတ်လည်ရှိ အခြားသူများမှာလည်း မနည်းရပ်နေကြရပြီး အချို့မှာမူ ယိုင်ထိုးကာ တစ်ယောကပေါ်တစ်ယောက် လဲကျနေကြသည်။

"ကြည့်ရတာ ဒါက စွန့်ပစ်ထားတဲ့ မြို့တစ်မြို့နဲ့ တူတယ်"

ကျန်းမုန့်လောင်က ပတ်ဝန်းကျင်ကို စောင့်ကြည့်လိုက်သည်။ ဤနေရာမှာ ဇူဒါမျိုးနွယ်စု ချန်ထားရစ်ခဲ့သော မြို့ပျက်တစ်ခု ဖြစ်ဟန်တူသည်။

"ထစမ်း။ သေချင်ယောင်ဆောင်မနေနဲ့"

ကျန်းမုန့်လောင်လည်း ဘေးနားရှိ ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားတစ်ယောက်၏ တင်ပါးကို ကန်လိုက်သည်။

"တောက်... ဘယ်သူက ငါ့ခေါင်းပေါ် ဖင်လာတင်ထားတာလဲ"

"နာလိုက်တာ"

"အာ့"

"ငါတို့ဆီမှာ လူဘယ်လောက်ရှိလဲ စစ်ဆေးကြည့်"

ကျန်းမုန့်လောင်က ညွှန်ကြားလိုက်သည်။

"ကျောင်းအုပ်ကြီး... ကျွန်တော်တို့ဆီမှာ စုစုပေါင်း ၁၂၇ယောက် ရှိပါတယ်"

တစ်စုံတစ်ယောက်က ဤနယ်မြေသို့ ပို့ဆောင်ခံရသော လူအရေအတွက်ကို အမြန်ရေတွက်လိုက်၏။ ကျန်လူများမှာမူ အခြားနယ်မြေများသို့ ကျပန်း ပို့ဆောင်ခံရပုံပေါ်သည်။

"ကျောင်းအုပ်ကြီး... တစ်ယောက်ယောက်က ကျွန်တော်တို့ကို ဝိုင်းထားပြီ"

ကျန်းမုန့်လောင်နှင့် သူ့အဖွဲ့ဝတ်ထားသော ဝတ်ရုံများမှာ အလွန်သိသာထင်ရှားလှသဖြင့် ဘေးပတ်ပတ်လည်ရှိ လူများက ချက်ချင်း သတိထားမိသွားကြတော့သည်။

သူတို့၏ စကြဝဠာအင်ပါယာဘုရင်များက အကယ်၍ ရီထျန်းဂိုဏ်းဝင်များကို တွေ့ရှိပါက မညှာမတာ တိုက်ခိုက်ရန် အကြိမ်ကြိမ် မှာကြားထားသည်။ သူတို့၏ မျက်လုံးထဲတွင်မူ ကျန်းမုန့်လောင်တစ်ဦးတည်းသာ အဆင့်ငါးသက်ရှိဖြစ်ပြီး ကျန်လူများမှာ အဆင့်လေးသက်ရှိများသာ ဖြစ်သဖြင့် အလွယ်တကူ တိုက်ခိုက်နိုင်မည်ဟု ထင်နေကြသည်။

သူတို့ကိုသာ အနိုင်ယူနိုင်ပါက သူတို့၏ ကံကြမ္မာမီးလျှံမှာ မိမိတို့ထံသို့ ရောက်ရှိလာမည် မဟုတ်ပါလော။

"ငါတို့ကို ဝိုင်းဖို့ ကြံနေတာလား"

ကျန်းမုန့်လောင်က ပြုံးလိုက်၏။

"အခုကစပြီး ဒီနေရာကို 'ကျန်းမုန့်လောင်ရင်ပြင်'လို့ ခေါ်မယ်.. ကားတံခါးတွေကို သေချာပိတ်ထားလိုက်။ ငါ ဘယ်သူ့ကိုမှ ပြန်ထွက်ခွင့်မပေးနိုင်ဘူး"

******************

အခန်း ၉၃၉ - သူတို့က ငါတို့ကို အထင်သေးနေပုံရတယ်

"သူတို့ ရောက်လာကြပြီဟေ့"

"'ရီထျန်းဂိုဏ်း'လို့ ရေးထားတဲ့ အဖြူရောင်ဝတ်ရုံတွေနဲ့ဟ။ သူတို့ပဲ။ သူတို့က ရီထျန်းဂိုဏ်းကပဲ"

"ဟားဟားဟား... အဆင့်ငါးသက်ရှိက တစ်ယောက်ပဲ ပါတယ်။ ကျန်တဲ့လူတွေအကုန်လုံးက အဆင့်လေးတွေချည်းပဲ။ ဒါတော့ အရမ်းလွယ်သွားပြီ"

ဤမြို့တော်ကြီးက ကမ္ဘာမြေပေါ်ရှိ ဘယ်မြို့နှင့်မဆို ယှဉ်မရအောင် ကြီးမားခမ်းနားလှသည်။ ကောထန်၏ စကန်ဖတ်စစ်ဆေးမှုများအရ တစ်မြို့လုံးရှိ စွန့်စားရေးသမားအရေအတွက်မှာ ၂သန်းကျော်ရှိပြီး အကုန်လုံးကလည်း မြို့၏ နေရာအနှံ့အပြားသို့ ရောက်ရှိနေကြသည်။

တကယ်တမ်းတွင် ဤလူအားလုံးက မတူညီသော မျိုးနွယ်စုအသီးသီးက လာကြသူများဖြစ်သော်လည်း မဟာမိတ်ဖွဲ့ထားပုံရပြီး အချင်းချင်း ဆက်သွယ်နိုင်သည့် နည်းလမ်းတစ်ခုခု ရှိပုံရသည်။ အားလုံးက ထိုလူ၁၂၇ယောက်ရှိရာ နေရာဆီသို့ အုံလိုက်ကျင်းလိုက် ဦးတည်လာနေကြသည်။

ဤလူတစ်သိုက်မှာ မျိုးနွယ်စုအသီးသီးမှ ရွေးချယ်ထားသော လက်ရွေးစင်များပင်။ အားလုံးကလည်း အဆင့်ငါးအထွတ်အထိပ်သက်ရှိများ ဖြစ်ကြသည်။ သူတို့ထံမှ ထွက်ပေါ်လာသော ဖိအားမှာ မျိုးနွယ်စုများအကြား ပြင်းထန်လှသော တိုက်ပွဲတစ်ခု ဆင်နွှဲနေရသလိုပင်။

"ကျောင်းအုပ်ကြီး... ဒီနေရာက တော်တော်စည်ကားလာပြီပဲ"

"ကျွတ် ကျွတ် ကျွတ်... ပထမဆုံးအကြိမ် တွေ့တာကို ဒီလိုကြီး လာကြိုဆိုကြတော့ ငါတောင် နည်းနည်း မျက်နှာပူလာပြီ"

"အမလေး... လူတွေအများကြီးပဲ။ ကြောက်စရာကြီး။ ဘယ်လိုလုပ်မလဲ။ ငါတို့ အပြတ်ရှင်းခံရတော့မှာလား"

"ငါ့ရဲ့ဓားကြီးကတောင် သွေးဆာလို့ ယားနေပြီ"

သိန်းဂဏန်းခန့်ရှိသော လူအုပ်ကြီးထံမှ အဝိုင်းခံထားရသော်လည်း သူတို့ကတော့ ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း အလျဉ်းမရှိဘဲ အချင်းချင်း နောက်ပြောင်ကျီစယ်နေကြသေးသည်။

"အမြွှာဝေလငါး စကြဝဠာအင်ပါယာတဲ့လား။ ရီထျန်းဂိုဏ်းတဲ့။ အထင်ကြီးစရာကို မရှိတာ"

ထွားကျိုင်းသန်မာသော အဆင့်ငါးအထွတ်အထိပ် သက်ရှိတစ်ယောက်က လူအုပ်ထဲမှ ထွက်လာလေသည်။

"မင်းတို့က အဆင့်ကိုးသက်ရှိတစ်ယောက် ကျောထောက်နောက်ခံ ရှိနေလို့သာ ဒီလောက်ဝင်ခွင့်နေရာတွေ အများကြီးရခဲ့တာ။ မင်းတို့လိုကောင်တွေ ဒီနေရာတွေကို ရသွားတာ လုံးဝအလကားဖြစ်သွားတာပဲ"

"မင်းကိုယ်မင်း ဘယ်သူများထင်နေတာလဲ"

ကျန်းမုန့်လောင်က သူ့ကို မျက်စောင်းထိုးကြည့်လိုက်သည်။

"ရှီလော့စကြဝဠာအင်ပါယာက ခါမွန်တဲပဲ"

"ရှီလော့စကြဝဠာအင်ပါယာ ဟုတ်လား"

"ဝိုး... တကယ်ကြီး လာဆုံတာပဲ။ ရှီလော့အင်ပါယာက ဝင်ခွင့်နေရာ၈၀၀၀ရရမှာကို အမြွှာဝေလငါး စကြဝဠာအင်ပါယာက တစ်ဝက်လုယူသွားတယ်လို့ ငါတို့ဘုရင်ဆီက ကြားထားတယ်"

"ရှီလော့စကြဝဠာအင်ပါယာရဲ့ ဘုရင်ကိုလည်း သူတို့ရဲ့ အဲဒီအဆင့်ကိုးသက်ရှိက ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်လိုက်တယ်လို့လည်း ကြားတယ်"

"ဒါတင်မကသေးဘူး။ ရီထျန်းဂိုဏ်းက လူတွေက သူ့ဆီကနေ စကြဝဠာဒင်္ဂါး ထောင်နဲ့ချီပြီးတော့တောင် ခြိမ်းခြောက်ငွေညှစ်သွားသေးတယ်လေ"

"တကယ်ကြီးလား။ ဒါဆို ဒါက တကယ့်ကို သွေးဆာနေတဲ့ ရန်ငြိုးကြီးပဲပေါ့"

"ရီထျန်းဂိုဏ်းက ကောင်တွေတော့ သွားပြီ။ ခါမွန်တဲအကြောင်း ငါကြားဖူးတယ်။ သူက အဆင့်ခြောက်သက်ရှိအဆင့်ကို ရောက်ဖို့ နည်းနည်းပဲလိုတော့တာ။ နောက်ထပ်နှစ်နည်းနည်းလောက်ကြာရင် သူက အဆင့်ခြောက် သက်ရှိ ဖြစ်လာတော့မှာ။ အခုလက်ရှိမှာ သူ့အသက်က ၁၂၀၀၀၀ပဲ ရှိသေးတာလေ"

"ဒါကြီးက ပါရမီရှင်မဟုတ်ဘူးလား။ ငါ့တစ်သက် အဲဒီအဆင့်ကို ကျော်ဖြတ်နိုင်ပါ့မလားတောင် မသိဘူး"

ဘေးပတ်ဝန်းကျင်မှ စကားသံများ ဆူညံလာသည်။ ခါမွန်တဲသည် စကြဝဠာမျိုးနွယ်စုများအကြား အလွန်နာမည်ကြီးကြောင်း သိသာလှ၏။

တကယ်တော့ မျိုးနွယ်စုတိုင်း၏ သိုင်းပညာအဖွဲ့အစည်းများတွင် အွန်လိုင်းတိုက်ခိုက်ရေးစင်မြင့်ကဲ့သို့သော နေရာတစ်ခုစီ ရှိကြသည်။ ထိုနေရာတွင် ဉာဏ်ရည်တုနည်းပညာက သက်ရှိတစ်ယောက်၏ အချက်အလက်များအားလုံးကို တိုက်ခိုက်ယှဉ်ပြိုင်နိုင်ရန် ပုံတူကူးယူဖန်တီးပေးနိုင်ပြီး ရလဒ်များကိုလည်း စကြဝဠာတစ်ခုလုံးတွင် မျှဝေထားသည်။

အဆင့်ငါးသက်ရှိများအားလုံးထဲတွင် နာမည်မှတ်မိလောက်သည်အထိ ကျော်ကြားသူတိုင်းမှာ ရင်ဆိုင်ရလွယ်ကူသူများ မဟုတ်ပေ။

"ဪ... ရှီလော့စကြဝဠာအင်ပါယာကလား"

ကျန်းမုန့်လောင်က ရယ်မောလိုက်၏။

"မင်းတို့ဘုရင်ကြီးရဲ့ အခြေအနေရော ဘယ်လိုနေလဲ"

"မင်းနဲ့ ဘာဆိုင်လို့လဲ"

ကျန်းမုန့်လောင်၏ လှောင်ပြောင်လေဟန် လေသံက ခါမွန်တဲကို ဒေါသထွက်စေသည်။

"ငါတို့ဘုရင်ကြီးက မှာလိုက်တယ်။ ရတနာတိုက်ထဲမှာ မင်းတို့နဲ့တွေ့ရင် ကောင်းကောင်း ပြုစုပေးလိုက်ပါတဲ့။ မင်းတို့ကောင်တွေ သိုသိုသိပ်သိပ်နေရင် ကိစ္စမရှိပေမဲ့ ကံဆိုးချင်တော့ ငါနဲ့ လာဆုံတယ်လေ"

"ဟေ့... မင်း ဘာလို့ ဒီလောက်တောင် စကားများနေရတာလဲ"

ကျန်းမုန့်လောင်က ပခုံးတွန့်ပြလိုက်၏။

"လိုရင်းကိုပဲ တိုက်ရိုက်ပြောလို့မရဘူးလား။ မင်းတို့ ဘာလိုချင်တာလဲ"

"မင်းတို့ဆီမှာရှိတဲ့ ကံကြမ္မာမီးလျှံတွေ အကုန်လုံးကိုပေးပြီး ရတနာတိုက်ထဲက ထွက်သွားဖို့ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်။ ဒါဆိုရင်တော့ အသားမနာဘူးပေါ့ကွာ"

ခါမွန်တဲက ပြောလိုက်သည်။

"ဒီနေရာမှာ သေသွားတာက တကယ်မသေဘူးဆိုပေမဲ့ နာကျင်မှုကတော့ ရာနှုန်းပြည့်ရှိနေမှာပဲ။ ငါတို့လည်း ခွန်အားတွေ အလကား မဖြုန်းတီးချင်လို့ ငါတို့ကိုယ်တိုင်ဝင်မပါရအောင်လုပ်တာ အကောင်းဆုံးပဲ"

"ဟုတ်တယ်။ မင်းတို့ဆီမှာ အယောက်တစ်ရာကျော်ပဲ ရှိတာ။ ငါတို့ဘက်မှာ အနည်းဆုံး အယောက်တစ်သန်းလောက် ရှိတယ်။ မင်းတို့က ပြန်ခုခံနိုင်စွမ်းရှိတယ်လို့ ထင်နေတာလား"

"ဟားဟားဟား... ထွက်ပြေးဖို့တော့ မစဉ်းစားနဲ့။ မင်းတို့ကို အလွတ်ပေးလိုက်ရင် ငါတို့ တကယ်အသုံးမကျတဲ့ကောင်တွေ ဖြစ်သွားမှာပေါ့"

"ဟေ့... မင်းတို့ရဲ့ယုံကြည်မှုနဲ့ သတ္တိတွေကို ဘယ်ကနေ ရလာတာလဲ။ ငါတို့က ထွက်ပြေးမယ်လို့များ ပြောမိလို့လား"

"လျန်ကျင်းရူဆီက ရတာဖြစ်မယ်"

"သေချာနားထောင်ကြ။ မင်းတို့အားလုံး ငါတို့လူတွေ၁၂၇ယောက်ဆီက အဝိုင်းခံထားရပြီ။ မင်းတို့ဆီမှာရှိတဲ့ တန်ဖိုးကြီးပစ္စည်းမှန်သမျှ အကုန်ထုတ်ပေး။ ပြီးရင် မင်းတို့ရဲ့ ကံကြမ္မာမီးလျှံတွေကို အပ်နှံပြီး မင်းတို့ဘာသာ အစိမ်းရောင်ဦးထုပ်ဆောင်းလိုက်ကြ။ ဒါဆိုရင် ရတနာတိုက်ထဲကနေ မင်းတို့ကို ကန်မထုတ်တော့ဘူး"

"ခွေးကောင်ဝူယွီနန်... ငါ့ဒိုင်ယာလော့ကို လုပြောဖို့ ဘယ်သူက ခိုင်းလို့လဲ"

ကျန်းမုန့်လောင်က ထိုလူငယ်လေး၏ တင်ပါးကို ဆောင့်ကန်လိုက်သည်။

ဤအဖြစ်ကြောင့် လူတိုင်း အနည်းငယ် အံ့အားသင့်သွားလေသည်။

သူတို့ ဘာကိုဆိုလိုတာလဲ။ သူတို့က လက်ရှိအခြေအနေကို နားမလည်ကြဘူးလား။

လူအယောက်တစ်သန်းကျော်ကို ၁၂၇ယောက်က ရင်ဆိုင်ရမည့်အခြေအနေတွင် အရူးမဟုတ်လျှင် မည်သူမဆို တုန်လှုပ်နေကြမည်သာ။ သို့သော် သူတို့ကမူ သူတို့ကိုယ်သူတို့ အသာစီးရနေသည့်ပုံစံမျိုးဖြင့် ပြောဆိုနေကြသည်။

"မင်းတို့က ငါ့စေတနာကို လက်မခံချင်မှတော့ ငါ့ကို အဆိုးမဆိုနဲ့ပေါ့"

ခါမွန်တဲက တစ်ယောက်တည်း ရှေ့ထွက်လာသည်။

"ဒါက ငါတို့ရှီလော့စကြဝဠာအင်ပါယာရဲ့ ကိစ္စပဲ။ တခြားဘယ်သူမှ ဝင်မပါနဲ့"

မျိုးနွယ်စုများအကြား ဒုတိယအဆင့်ရှိသော ရှီလော့စကြဝဠာအင်ပါယာသည် စကြဝဠာမျိုးနွယ်စုများအကြား အလွန်ပင် ဩဇာတိက္ကမကြီးမားလှသည်။ သူတို့ ရွေးချယ်ထားသော လက်ရွေးစင်စစ်သည်များကလည်း လက်ရွေးစင်ထဲမှ လက်ရွေးစင်များဖြစ်သဖြင့် အခြားသူများကလည်း ယေဘုယျအားဖြင့် သူတို့၏ မျက်နှာကို ထောက်ထားပေးကြသည်။

ရလဒ်အနေနဲ့ကရော...

အဆင့်ငါး အလယ်အလတ် သက်ရှိတစ်ယောက်နှင့် အခြားသက်ရှိ၁၂၆ယောက်ကို မည်သည့်အဆင့်ငါးအထွတ်အထိပ် သက်ရှိကမဆို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်သည်။ သက်ရှိအဆင့် ကွာဟချက်က အလွန်ကြီးမားလွန်းလှသည် မဟုတ်ပါလော။

"နေပါဦး"

ကျန်းမုန့်လောင်က လက်တစ်ဖက်မြှောက်လိုက်သည်။

"ဟွန့်"

ခါမွန်တဲက နှာခေါင်းရှုံ့လိုက်၏။

"ကြောက်သွားပြီလား။ ဒါဆိုလည်း ငါပြောတဲ့အတိုင်းလုပ်တာ အကောင်းဆုံးပဲ"

"ငတုံး... မင်းခေါင်းမှာ ဂျိုပေါက်နေတာ ဒါမှမဟုတ် မင်းဖင်မှာ အမြီးပေါက်နေတာမို့လို့များ မင်းနဲ့ထိုက်တန်တယ်လို့ ထင်နေတာလား"

ကျန်းမုန့်လောင်က အားလုံးကို လက်ညှိုးထိုးပြလိုက်၏။

"ငါက မင်းတို့ထဲက တစ်ယောက်တည်းကို ရည်ရွယ်ပြီး ပြောနေတာမဟုတ်ဘူး။ ငါပြောချင်တာက ဒီမှာရှိတဲ့ မင်းတို့တွေတစ်ယောက်ချင်းစီတိုင်းက အမှိုက်တွေချည်းပဲ။ အားလုံးပေါင်းပြီး တစ်ခါတည်းဝင်လာခဲ့စမ်းပါ"

"အားလုံးပေါင်းပြီး ဝင်လာရမယ် ဟုတ်လား"

"ဟားဟားဟား..ရယ်ချင်စရာကြီး"

"ရီထျန်းဂိုဏ်းသားတွေအကုန်လုံးက ဦးနှောက်မရှိကြဘူးလား"

"သူတို့ကိုယ်သူတို့ စစ်နတ်ဘုရားတွေလို့ ထင်နေတာလား။ တစ်ယောက်တည်းက အယောက်တစ်သောင်းကို ရင်ဆိုင်မယ်ပေါ့"

"ကောင်းပြီလေ။ အချိန်ဖြုန်းမနေနဲ့တော့။ သူတို့ကို သတ်ပစ်လိုက်ကြ။ ငါတို့ ဒီရတနာတိုက်ထဲမှာ ရတနာတွေရှာရဦးမယ်"

"ဟုတ်တယ်။ ကံကြမ္မာမီးလျှံကတော့ ဘယ်သူသတ်သတ် သတ်တဲ့သူပဲရမယ်။ မနာလိုဖြစ်တာတွေ ခွင့်မပြုဘူး"

"ကန့်ကွက်စရာ မရှိပါဘူး"

...

မြေကြီးပင် တုန်ခါသွားသည်အထိ အဆင့်ငါး သက်ရှိ တစ်သန်းကျော်ခန့်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြေးဝင်လာကြသည်။

"နေကြဦး"

ကျန်းမုန့်လောင်က သူတို့ကို ထပ်မံတားဆီးလိုက်ပြန်သည်။

"ငါတို့ကို မိနစ်ပိုင်းလောက် အချိန်ပေးဦး"

"အချိန်ဆွဲနေတာလား။ အမြွှာဝေလငါး စကြဝဠာအင်ပါယာထဲက အယောက်ငါး​သောင်းစလုံး ဒီနေရာကို ရောက်နေရင်တောင် ဒီနေ့ ဘယ်သူမှ အရှင်ထွက်သွားရမှာ မဟုတ်ဘူး"

"ဟားဟားဟား.. သူတို့ကို မိနစ်ပိုင်းလောက် အချိန်ပေးလိုက်ပါ။ ဘယ်လိုနောက်ဆုံးစကားများ ပြောစရာရှိသေးလဲဆိုတာ ကြည့်ရသေးတာပေါ့"

"ကောင်းပြီ။ မင်းတို့အတွက် အချိန်ငါးမိနစ်ပေးမယ်"

လူတိုင်း၏ မျက်နှာထက်တွင် ယုံကြည်မှုအပြည့်ရှိနေကြသည်။ မည်သို့ပင်ဖြစ်စေ လူအယောက်သန်းဂဏန်းနှင့် လူတစ်ရာကျော် ရင်ဆိုင်ရခြင်းဖြစ်ရာ မည်သူကမှ ရှုံးလိမ့်မည်ဟု မထင်ထားကြပေ။

"ဘယ်သူ သွားချင်လဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"ကံကြမ္မာမီးလျှံ အဆင့်မြင့်လေလေ ငါ မင်းတို့ကို ခွန်အားအမှတ်တွေ ပိုပေးမယ်"

"ကျွန်တော် သွားမယ်"

"ခွေးကောင်လျူယန်... ငါတို့ထဲမှာ မင်းက ခွန်အားအမှတ်တွေ အများဆုံးပဲ။ အကုန်လုံး သိမ်းကျုံးမယူပါနဲ့ကွာ"

"ဟုတ်တယ်။ ငါ ခွန်အားအမှတ်တွေနဲ့ ဝိညာဉ်သိုင်းပညာတချို့ကို သွားလဲလိုက်လို့ အခု ငါ့မှာ ဘာမှမရှိတော့ဘူး။ ညီအစ်ကိုတို့...ငါ့ကို ပေးလုပ်ကြပါ"

"ဘယ်ရမလဲ။ ညီအစ်ကိုတွေကြားမှာ စာရင်းရှင်းအောင် လုပ်ရမယ်။ ငါလည်း လဲစရာတွေ အများကြီးကျန်သေးတယ်"

"ငါတို့ စုံစမ်စိကစားကြမလား"

"သဘောတူတယ်။ စုံစမ်စိကစားမယ်။ နောက်ဆုံးကျန်တဲ့လူ သွားရမယ်"

"စုံစမ်စိ..."

"စုံစမ်စိ..."

...

"သူတို့ ဘာတွေလုပ်နေကြတာလဲ"

"စုံစမ်စိကစားနေကြသလိုပဲ"

"နိုင်တဲ့သူက ငါတို့ကိုတိုက်ရမယ်လို့ သူတို့ပြောတာ ကြားလိုက်သလိုပဲ"

"ဘာ။ သူတို့က ဒီကိစ္စအတွက် လုနေကြတာလား"

"သူတို့က ငါတို့ကို အထင်သေးနေပုံရတယ်"

"ကိုယ့်ကိုယ်ကိုယ် ပိုယုံကြည်မှုရှိစမ်းပါ။ 'ပုံရတယ်' ဆိုတာတောင် မလိုဘူး။ သူတို့က ငါတို့ကို တကယ်အထင်သေးနေတာ"

*******************

All Chapters