← Chapters

အခန်း (၉၄၀-၉၄၂)

Vol. 63 Ch. 940-942

အခန်း (၉၄၀-၉၄၂)

Vol. 63 Ch. 940-942

အခန်း ၉၄၀ - တစ်ဦးချင်းတိုက်ခိုက်မလား ဒါမှမဟုတ် အုပ်စုလိုက်တိုက်ခိုက်မလား

"နောက်ဆုံးပွဲ! သုံးပွဲနှစ်ပွဲနိုင်!"

"စုံစမ်စိ"

"စုံစမ်စိ"

"ဟားဟားဟား.. ငါနိုင်ပြီဟေ့"

အုန်းမုတ်ခွက်ကေဆံပင်ပုံစံနှင့် လူငယ်တစ်ယောက်က ပျော်ရွှင်စွာ ကခုန်ရင်း လူအုပ်ထဲမှ ပြေးထွက်လာသည်။

"တောက်... ဒီကောင်က တကယ့်လက်သီးဘုရင်ပဲ။ လူအယောက်တစ်ရာကျော်တောင် သူနဲ့ စုံစမ်စိကစားတာ ရှုံးသွားကြတယ်လို့"

"သူက ဘယ်လို ခွေးကံမျိုး ရထားတာလဲဟ။ တကယ်လို့ သူသာ ဒီကံကြမ္မာမီးလျှံတွေကို အကုန်ယူသွားမယ်ဆိုရင် အနီရောင်တောင် ပြောင်းသွားနိုင်တယ် မဟုတ်လား"

"ကျောင်းအုပ်ကြီး ပြောတာတော့ လိမ္မော်ရောင် ကံကြမ္မာမီးလျှံက ခွန်အားအမှတ်၁၀၀ရမယ်။ အနီရောင်ဆိုရင်တော့ အမှတ်၁၀၀၀တဲ့.. အမှတ်၁၀၀၀ ဆိုရင် ကောင်းတဲ့ပစ္စည်းတွေ အများကြီးလဲလို့ရတယ်လေ"

"ဟား တော်ပါကွာ... ထပ်မပြောပါနဲ့တော့။ ငါတော့ မနာလိုဖြစ်လွန်းလို့ ပါးစပ်ထဲတောင် ခါးနေပြီ"

စုံစမ်စိကစားပွဲတွင် ရှုံးနိမ့်သွားသူများမှာ ရတနာသိုက်ကြီးကို လက်လွှတ်လိုက်ရသည့်အလား ဝမ်းနည်းပူဆွေးနေကြလေသည်။

"ဟားဟားဟား.. ညီအစ်ကိုတို့ရေ... ငါ့အမှားပါကွာ။ ငါတို့ ပြန်ရောက်ရင် ငါ ထမင်းပြန်ဝယ်ကျွေးပါ့မယ်"

စုရှင်းကလည်း သူ့ရင်ဘတ်ကို ပုတ်ပြ၍ ပြောလိုက်သည်။

"မင်းတို့ကြိုက်တာ စားလို့ရတယ်"

"တစ်နပ်တည်းနဲ့တော့ မရဘူး။ အနည်းဆုံးတော့ တစ်ပတ်ပဲ"

"ဘာတွေ ပြောနေတာလဲ။ အနည်းဆုံး တစ်လကွ!"

"ခင်ဗျားတို့ ပြောလို့ပြီးကြပြီလား"

စကြဝဠာအင်ပါယာအသီးသီးမှ ထိပ်တန်းစစ်သည်တော်များလည်း သည်းမခံနိုင်တော့ပေ။

စကြဝဠာအင်ပါယာတစ်ခုချင်းစီ၏ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသည့်အတိုင်း သူတို့သည် ဘွဲ့ထူးဂုဏ်ထူးများဖြင့် ကြီးပြင်းလာကြသူများ ဖြစ်ပြီး သက်တူရွယ်တူများကြားတွင် အမြဲထင်ပေါ်နေသူများ ဖြစ်ကြလေရာ သူတို့သည်သာ ပြိုင်ဘက်ကို ရွေးချယ်လေ့ရှိပြီး သူတစ်ပါး၏ ရွေးချယ်ခြင်းကို တစ်ခါမှမခံခဲ့ရဖူးပေ။

ယခုမူ အဆင့်လေးသက်ရှိတစ်စုသည် စုံစမ်စိကစား၍ ရလဒ်ကို ဆုံးဖြတ်နေကြပြီး အနိုင်ရသူအတွက် ဆုလာဘ်မှာ လူပေါင်းတစ်သန်းကျော်၏ ဒေါသကို ရင်ဆိုင်ရခြင်း ဖြစ်နေပေသည်။

သူတို့က ငါတို့ကို အရူးတွေလို ဆက်ဆံနေကြတာလား။

"ကောင်းပြီ။ ကောင်းပြီ။ စောင့်ခိုင်းထားမိလို့ တောင်းပန်ပါတယ်"

စုရှင်းက လူအုပ်ရှေ့သို့ ပြေးထွက်လာလေ၏။

"မင်းတို့ ခဏလောက် နားနေလိုက်ဦးလေ"

"ရတာပေါ့။ ငါတို့ မင်းကိုစောင့်နေမယ်"

ကျန်းမုန့်လောင်သည် စကားအများကြီး မပြောတော့ဘဲ သူ့အဖွဲ့နှင့်အတူ ထိုင်ချလိုက်၏။ ထို့နောက် အားလုံး အံ့အားသင့်သွားရသည်မှာ သူတို့သည် သံစင်အမြောက်အမြားကို ထုတ်ယူလိုက်ခြင်းပင်။

"လာ... ငါ့ကို ဝိုင်းကူကြဦး။ ဒီနေ့ ငါတို့ ဒီမှာ အသားကင်စားကြမယ်"

"ရတာပေါ့။ ငါ မီးကင်စင်ကို ဝိုင်းပြင်ပေးမယ်"

"ဒါဆိုရင် ငါက ဟင်းသီးဟင်းရွက်တွေနဲ့ အသားတွေကို ဆေးလိုက်မယ်"

"ငါ အသားကင်မယ်"

"သွားစမ်းပါ။ ပြီးခဲ့တဲ့တစ်ခေါက်က မင်း ထူးခြားမီးတောက်နဲ့ ကင်လိုက်လို့ အသားတွေ အကုန်တူးကုန်တာလေ.. မင်းဦးနှောက်က ဝက်အူချောင်နေတာလား"

"ပြီးခဲ့တဲ့တစ်ခေါက်က ပြီးခဲ့တဲ့တစ်ခေါက်လေ။ ဒီတစ်ခေါက်တော့ ငါ မီးကို သေချာထိန်းချုပ်တတ်သွားပါပြီ.. အပြင်က ကျွတ်ကျွတ်လေးနဲ့ အထဲက နူးအိနေစေရမယ်။ ဆေးနတ်ဘုရားတောင် လက်မထောင်ရစေရမယ်ကွာ"

...

"သူတို့က... သူတို့က တကယ်ပဲ ဒီမှာ အသားကင် စားကြတော့မလို့လား"

သူတို့၏နားလည်မှုအရ အနိုင်ရသွားသော လူငယ်သည် အခြားသူများအတွက် အချိန်ဆွဲပေးရန် တာဝန်ရှိသည်။ လူပေါင်းတစ်သန်းကျော်ကို သူတစ်ယောက်တည်း မည်သို့ရင်ဆိုင်မည်ကို မသိသော်လည်း သူတို့၏ဘုရင်များက ရီထျန်းဂိုဏ်းတွင် ဝှက်ဖဲတစ်ခုခု ရှိနိုင်သဖြင့် အထင်မသေးရန် သတိပေးထားခဲ့လေသည်။

သို့သော် ကျန်လူများသည် သူတို့ မျှော်လင့်ထားသလို ထွက်မပြေးဘဲ ထိုင်ချပြီ မီးကင်စင်များ ပြင်ဆင်ခြင်း၊ အသားလှီးခြင်းနှင့် ဟင်းသီးဟင်းရွက်ဆေးခြင်းတို့ကို ပြုလုပ်ကာ အသားကင်စားရန် ပြင်နေကြသည်။

သူတို့က တကယ်ပဲ အဲ့လောက်တောင် ယုံကြည်မှု ရှိနေတာလား။

သူတို့က ငါတို့ကို ဘာမှမဟုတ်သလိုမျိုး သဘောထားနေကြတာပဲ...

မီးများ တောက်လောင်လာပြီး အသားနှင့် ဟင်းသီးဟင်းရွက်များမှာ တဆစ်ဆစ်မြည်ကာ ကျက်လာတော့သည်။ ထို့နောက် အပူချိန်ကို ထိန်းချုပ်နိုင်သော လူငယ်နှစ်ယောက်က ဘီယာပုလင်းအချို့ကို အေးခဲလိုက်ကြသည်။

"စုရှင်း.. နည်းနည်းမြန်မြန်လုပ်နော်။ ငါတို့ စားတော့မယ်.. မင်း အရမ်းနှေးနေရင်တော့ မင်းအတွက် ကျန်မှာမဟုတ်ဘူး"

"ငါ့အတွက် ချန်ထားပေးဦး‌လေ။ ကျောက်ကပ်နဲ့ ကမာတွေကို အကုန်မစားလိုက်နဲ့ဦး"

စုရှင်းလည်း ပျာယာခတ်သွားရှာသည်။

"ငါ့ကို အချိန်နည်းနည်းပေးပါဦး။ သူတို့ကို အပြတ်ရှင်းပြီးရင် ငါလာစားမယ်"

"ကဲ မင်းတို့... တစ်ယောက်ချင်း တိုက်မလား။ အုပ်စုလိုက် တိုက်မလား"

ထို့နောက် စုရှင်းသည် လူပေါင်းတစ်သန်းကျော်ကို ရန်စလိုက်ပြန်သည်။

တက္ကသိုလ်တစ်ခုတွင် လူသောင်းဂဏန်းခန့် အတူတူ ရပ်နေခြင်းကပင် လူအုပ်ကြီးဖြစ်နေပြီဖြစ်ရာ ယခု လူပေါင်းတစ်သန်းကျော် ဆိုသည်မှာ သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ပင်။ ဤကဲ့သို့ ရန်စလိုက်သည့် မြင်ကွင်းမှာ တကယ်ရယ်စရာကောင်းလှပေ၏။

ဤမျှများပြားလှသော လူအုပ်ကြီးသည် တစ်ယောက်လျှင် တံတွေးတစ်ချက်စီ ထွေးလိုက်လျှင်ပင် သူ့ကို နစ်မြုပ်သွားစေနိုင်သည်သာ။

"မင်းတစ်ယောက်တည်းက ငါတို့အားလုံးကို အုပ်စုလိုက်တိုက်မလို့လား"

ခါမွန်တဲမှာမူ ဒေါသထွက်ရန်ပင် အားမရှိတော့ပေ။ ရီထျန်းဂိုဏ်းနှင့် ပြဿနာရှာခြင်းမှာ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာခြင်းသာ ဖြစ်ကြောင်း သူ သိလိုက်ရလေပြီ။

"တစ်ယောက်တည်းဆိုတော့ရော ဘာဖြစ်လဲ.. မင်းတို့တစ်ယောက်ချင်း တိုက်ချင်တယ်ဆိုရင် ငါ တစ်ယောက်တည်းက တစ်သန်းလုံးကို တိုက်မယ်။ အုပ်စုလိုက်တိုက်ချင်တယ်ဆိုရင်လည်း ငါ တစ်ယောက်တည်းက တစ်သန်းလုံးကိုတိုက်မယ်။ စကားများမနေနဲ့တော့"

"မင်းက သေချင်နေတာပဲ"

ဤကဲ့သို့ ထပ်ခါထပ်ခါ အထင်သေးရန်စခံရသောကြောင့် စကြဝဠာအင်ပါယာအသီးသီးမှ ထိပ်တန်းစစ်သည်တော်များမှာ အဆုံးတွင် ပေါက်ကွဲသွားကြတော့သည်။ ပထမဆုံးအနေနှင့် လူအယောက်တစ်ရာခန့် စုရှင်းထံသို့ ပြေးဝင်သွားကြ၏။ သူတို့၏ အဆင့်ငါးအထွတ်အထိပ် သက်ရှိ အငွေ့အသက်များကြောင့် လေထုထဲတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

"တစ်ရာပဲလား.. စုရှင်း သွားကြားညှပ်ဖို့တောင် မလုံလောက်ဘူး"

"ဟုတ်တယ်။ အဲ့ဒီကောင်ရဲ့ တစ်ယောက်ချင်းတိုက်ခိုက်နိုင်စွမ်းက သာမန်ပဲ။ ဒါပေမဲ့ အုပ်စုလိုက် တိုက်ပွဲမှာဆိုရင် ငါတို့လေးနှစ်သမားတွေထဲမှာ သူ့ကို ယှဉ်နိုင်တဲ့သူ သိပ်မရှိဘူး"

"သူက သေမင်းတမန်ကျမ်းစာအုပ်နဲ့ ဒီလောက်အထိ အံဝင်ခွင်ကျ ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ.. အင်ဖိုတက်က သူ့ကို နေ့တိုင်း အထူးသင်ခန်းစာတွေ ပေးနေတာ။ ငါတော့ တကယ်မနာလိုဖြစ်မိတယ်"

"ဟဲဟဲ... ငါ့ရဲ့သေမင်းတမန်စစ်တပ်ကြီးကို ပြရတာပေါ့"

စုရှင်း လက်ဖဝါးကို ဖြန့်လိုက်သောအခါ ရွှေရောင်နှင့် အနက်ရောင် ရောယှက်နေသော ရှေးဟောင်း စာအုပ်တစ်အုပ် ထွက်ပေါ်လာသည်။

"ငါ သိသားပဲ။ သူ သေမင်းတမန်ကျမ်းစာအုပ်ရဲ့ စွမ်းအားကို သုံးတော့မယ်ဆိုတာ"

"ကျွတ်.. ကျွတ်.. ကျွတ်.. ဒီပစ္စည်းကို တစ်ခါသုံးရင် အမှတ်၁၀၀ကုန်တာလေ။ သူကတော့ အသားကုန် ချတော့မှာပဲ"

"ထားလိုက်စမ်းပါကွာ.. သူသာ ကံကြမ္မာမီးလျှံတွေ အလုံအလောက် စုဆောင်းနိုင်မယ်ဆိုရင် သူ သုံးလိုက်တဲ့ အမှတ်တွေထက် ဆယ်ဆလောက် ပြန်ရမှာပဲဟာ.. ဘာလို့စိတ်ပူနေမှာလဲ"

သေမင်းတမန်ကျမ်းစာအုပ်ဆိုသည်မှာ 'မံမီ'ရုပ်ရှင်ထဲက မသေမျိုးယဇ်ပုရောဟိတ်အင်ဟိုတက်၏ မှော်စာအုပ် ဖြစ်၏။ အထဲရှိ ဂါထာမန္တန်များကို ရွတ်ဆိုခြင်းဖြင့် ငရဲမှ ကြောက်မက်ဖွယ် စွမ်းအားများကို ရရှိနိုင်ပြီ သေဆုံးသွားသော စစ်တပ်များကို ပြန်လည် အသက်သွင်းကာ လေနှင့်သဲများကို အလွယ်တကူ ထိန်းချုပ်နိုင်၏။

"အာဘား အာဘား အာဘား အာဘား (ဘာသာပြန် - ငရဲမှ သူရဲကောင်းဝိညာဉ်များ ကြွမြန်းလော့။ သေမင်း၏ခေါ်သံကို နားထောင်ကြလော့။ လောကကြီးသို့ ဆင်းသက်ကာ ပြစ်မှုအားလုံးကို ချေမှုန်းကြလော့)..."

နားမလည်နိုင်သော ဂါထာမန္တန်ကို ရွတ်ဆိုလိုက်သည့်အခါ ကောင်းကင်ယံမှာ ပြောင်းလဲသွားပြီး ပြင်းထန်သော သဲမုန်တိုင်းကြီးတစ်ခု သူ့ရှေ့တွင် ပေါ်လာလေတော့သည်။ လေဆင်နှာမောင်းထဲမှ သဲများဖြင့် ပြုလုပ်ထားသော သားရဲရာပေါင်းများစွာ ထွက်ပေါ်လာကြလေ၏။

"ဘာ... ဒါက ဘာကြီးလဲ"

"ဘာလို့... ဘာလို့ ဒီအကောင်တွေကို သတ်လို့ မရတာလဲဟ"

"ဒီလောက်အစွမ်းထက်တဲ့ ခွန်အားမျိုး... ဒါက ရိုးရိုး ခန္ဓာခွန်အားသက်သက်ပဲကို။ သူ ဒီလိုအကောင်တွေကို ဘယ်လိုများ ဆင့်ခေါ်နိုင်ရတာလဲ"

ထိပ်တန်းစစ်သည်တော် တစ်ရာခန့်မှာ စုရှင်းဆင့်ခေါ်ထားသော သဲမိစ္ဆာများနှင့် တိုက်ပွဲဖြစ်ပွားနေကြသည်။ ထိုမိစ္ဆာများမှာ စွမ်းအင်လှိုင်းထန်မှု မရှိဘဲ ရုပ်သေးရုပ်များကဲ့သို့ ဖြစ်နေသော်ငြား သာမန် အဆင့်ငါးအထွတ်အထိပ် သက်ရှိများထက် သာလွန်သော ခွန်အားနှင့် အရှိန်အဟုန်ကို ပြသနေကြလေသည်။

ကြောက်စရာအကောင်းဆုံးမှာမူ သူတို့၏ သဲခန္ဓာကိုယ်များမှာ သတ်မရခြင်းပင်။ အစိတ်အပိုင်းတစ်ခုခု ကြေမွသွားလျှင်ပင် ချက်ချင်း ပြန်လည် ပြည့်စုံသွားတတ်ကြသည်။

"ဝိုင်းကူကြစမ်း"

လူတိုင်း၏အမူအရာများ ပြောင်းလဲသွားကြလေသည်။ ရီထျန်းဂိုဏ်းမှာ အနိုင်ကျင့်၍မရသော အဖွဲ့ဖြစ်ကြောင်း သိလိုက်ကြရလေပြီ။

"လာကြစမ်းပါ။ များလေ ကောင်းလေပဲ"

စုရှင်းသည် သူ့မှော်စွမ်းအားများကို ဆက်လက်ထုတ်လွှတ်နေပြီး လက်ရှိတွင် သဲမိစ္ဆာထောင်သောင်းချီ၍ တိုက်ပွဲဝင်နိုင်ရန် ထိန်းချုပ်ထားသည်။

သို့သော် ဆေးရည်များကိုလည်း သောက်သုံးနိုင်ကြောင်း မေ့ထား၍မရပေ။

စုရှင်းက ဆေးလုံးလက်တစ်ဆုပ်စာ ထုတ်ယူ၍ ပါးစပ်ထဲသို့ ထည့်ပြီး ကြိတ်ဝါးလိုက်၏။

ကုန်ခမ်းလုနီးပါး ဖြစ်နေသော မှော်စွမ်းအားများမှာ တစ်ဖန် ပြန်လည်ပြည့်လျှံလာပြန်သည်။

လေဆင်နှာမောင်း ရာပေါင်းများစွာမှာ မြို့တော်အတွင်း ဖျက်ဆီးနေကြပြီး သဲထဲမှ မရေတွက်နိုင်သော မိစ္ဆာကောင်ကြီးများ တဖွဲဖွဲထွက်ပေါ်လာကြသည်။

တစ်သိန်း၊ ငါးသိန်း၊ တစ်သန်း၊ နှစ်သန်း။

ထိုမိစ္ဆာများမှာ စုရှင်း ဆင့်ခေါ်ထားခြင်းပေလား။ သို့မဟုတ် အင်ပါယာအသီးသီးမှ ထိပ်တန်းစစ်သည်တော်များလား ဆိုသည်ကိုပင် ခွဲခြား၍ မရနိုင်တော့ပေ။

"ဘယ်သူကျန်သေးလဲ.. ငါ တစ်သန်းလုံးနဲ့ တိုက်ချင်တယ်"

စုရှင်းက အော်ဟစ်လိုက်ပြန်သည်။

"အော်မနေစမ်းနဲ့။ ဘယ်သူ့ကို လာနောက်နေတာလဲ။ ဒီကိုလာစားတော့"

"မင်း အဲ့ဒီသဲတွေကို နည်းနည်းလောက် လွင့်သွားအောင် လုပ်လို့မရဘူးလား.. ငါ စားလိုက်တာ သဲတွေချည်းပဲ"

"ရွံစရာကြီး... ဒီမိစ္ဆာတွေက အနံ့ဆိုးတွေ ထွက်နေတယ်။ သူတို့ကို မဆင့်ခေါ်ခင် ရေအရင်ချိုးပေးလို့ မရဘူးလား"

...

"အမ်း... တကယ်အရသာရှိတာပဲ"

"ငါ့ကို ဇီယာမှုန့်ပေးဦး။ ငါ ပိုစပ်စပ်လေး စားချင်တာ"

"ဝူယွဲ့.. မင်းယူလာတဲ့ လောင်ကန်မားငရုတ်ဆီ ဘယ်မှာလဲ.. ငါ့ကို နည်းနည်းပေးဦး"

"ဘီယာနှစ်ပုလင်းလောက် ထပ်အေးလိုက်ဦး။ ကုန်တော့မယ်"

...

ထိုမိစ္ဆာများမှာ သတ်မရသည့်အပြင် မကုန်ခမ်းနိုင်သော ခွန်အားများ ရှိနေကြသဖြင့် ရတနာရှာဖွေသူများမှာမူ ပင်ပန်းကြီးစွာ တိုက်ခိုက်နေကြရသည်။ သူတို့မှာမူ အားအင်များ ကုန်ခမ်း၍ ဒဏ်ရာများ ရနေကြပြီးဖြစ်ရာ လွင့်ပျံ့လာသော အသားကင်နံ့မှာ သူတို့အတွက် နှိပ်စက်မှုတစ်ခုအလား ဖြစ်နေတော့သည်။

ကြောက်စရာအကောင်းဆုံးမှာမူ ရီထျန်းဂိုဏ်းမှ ဤလူငယ်သည် အမှန်တကယ်ပင် လူပေါင်းတစ်သန်းကို တစ်ကိုယ်တော် ရင်ဆိုင်နေခြင်းပင်။ အဆင့်လေးသက်ရှိ မဆိုထားနှင့်။ အဆင့်ခြောက်သက်ရှိတစ်ဦးပင် ဤကဲ့သို့ ပြုလုပ်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။

"သူတို့... သူတို့က မိစ္ဆာတွေပဲ"

*************************

အခန်း ၉၄၁ - အမှတ်တရဓာတ်ပုံရိုက်ကြစို့

သန်းပေါင်းများစွာရှိသော သဲဝါမိစ္ဆာများကြောင့် ပုံမှန်အားဖြင့် အလိုလိုက်ခံထားရသော ဤလက်ရွေးစင်များမှာ အဆက်မပြတ် ညည်းတွားနေကြရတော့သည်။ သို့သော် ဤသေမင်းတမန်သားရဲများမှာ ဆင့်ခေါ်သူ၏ မှော်စွမ်းအင်ဖြင့် အသက်ရှင်နေကြရသည်။ စုရှင်း၏မှော်စွမ်းအင်များ မကုန်ခမ်းသေးသရွေ့ သူတို့ကလည်း အားကြိုးမာန်တက် ဆက်တိုက်နေကြဦးမည်သာ။

ကမ္ဘာ့အဖိုးတန်ဆုံးရတနာများထဲမှ တစ်ခုဖြစ်သော သေမင်းတမန်ကျမ်းစာအုပ်မှာ အဆင့်ကိုးသိုင်းလက်နက်များအားလုံးထက် အများကြီးပိုသာလွန်သော စွမ်းအားရှိ၏။ ထိုအရာကို သုံးရန် ကျန်းမုန့်လောင်အတွက် ခွန်အားအမှတ်များ ကုန်ကျသလို ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ ကျောင်းသားများအတွက်လည်း ဆင့်ခေါ်ရန် ခွန်အားအမှတ်များ ကုန်ကျပေသည်။ ဤတစ်ခါရမည့် အကျိုးအမြတ်က ကုန်ကျစရိတ်ထက် အများကြီးပိုမသာခဲ့လျှင် စုရှင်းအနေနှင့် သေချာပေါက် ထိုအရာကို သုံးခဲ့မည်မဟုတ်ပေ။

သို့သော် ထိုသို့နှယ် အဖိုးတန်လွန်းလှသည့်အတွက် သူ့စွမ်းအားက ကောင်းကင်ဘုံကိုပင် အံတုနိုင်သည်။ သေမင်းတမန်သားရဲများကို ဆင့်ခေါ်ဖို့အတွက် မှော်စွမ်းအင်အများကြီး ကုန်ကျသော်ငြား သူတို့ကို ဆက်လက်တည်ရှိအောင် ထိန်းထားရန်မှာမူ ဆင့်ခေါ်စဉ်က ကုန်ကျခဲ့သော စွမ်းအင်၏ တစ်ရာခိုင်နှုန်းလောက်သာ ကုန်ကျသည်။

စုရှင်း စောစောက မျိုချလိုက်သော ဆေးလုံးက ဆရာယောင်ချန်းကို အကြိမ်ကြိမ်တောင်းဆိုပြီးနောက် သူ့အတွက် အထူးဖော်စပ်ခိုင်းထားသော ဆေးလုံးပင်။ ဆရာယောင်၏ ဆေးလုံးနှင့်ဆိုလျှင် သူ့အနေနှင့် ဤသေမင်းတမန်စစ်တပ်ကြီးကို နာရီပေါင်းများစွာကြာသည်အထိ အလွယ်တကူ ထိန်းထားနိုင်စွမ်း ရှိသွားချေပြီ။

"အင်း... အရသာမဆိုးဘူးပဲ"

စုရှင်းက ရုန်းကန်နေဆဲဖြစ်သော ရတနာမုဆိုးများကို တစ်ချက်လှမ်းကြည့်ပြီးနောက် ခပ်တိုးတိုး သက်ပြင်းချလိုက်၏။

"ဟာ... သူတို့ထဲက တစ်ယောက်မှတောင် သေချာမတိုက်နိုင်ကြပါလား" လို့ တိးတိုးလေး သက်ပြင်းချလိုက်တယ်။

...

"ဒီကောင်တွေကို သတ်လို့မရဘူး။ ဆက်မတိုက်ကြနဲ့တော့"

"ငါတို့ကရော တိုက်ချင်နေတယ်ထင်လို့လား။ မင်းပဲ သူတို့ကိုရပ်ဖို့ သွားညှိနှိုင်းကြည့်ပါလား"

"ငါတို့ ဘာဆက်လုပ်ကြမလဲ"

"ဘာလုပ်ရမလဲ ဟုတ်လား။ သူတို့က ငါတို့ကို တိုက်တဲ့နေရာမှာ အစွမ်းကုန်တောင် မသုံးရသေးဘူးဆိုတာ မင်းသတိမထားမိဘူးလား။ သူတို့က ငါတို့ကို ကစားနေတာကွ"

"ငါတို့က ဒီထဲက တစ်ကောင်ကိုတောင် နိုင်အောင် မတိုက်နိုင်ဘူး။ တစ်ရာကျော်လောက်သာ ဝိုင်းတိုက်ခဲ့ရင် ငါတို့ အသက်ရှင်ပါဦးမလား"

"ဒီလူက သူတို့ရဲ့ရီထျန်းဂိုဏ်းမှာ အသန်မာဆုံးလူဆိုတာ ငါ မယုံနိုင်ဘူး"

"အခုအချိန် ငါတို့အတွက် အကောင်းဆုံးရွေးချယ်မှုက ထွက်ပြေးဖို့ပဲ။ ငါတို့ လူအင်အား ဒီလောက်များတာ။ သူတို့ ဘယ်လောက်ပဲသန်မာပါစေ အကုန်လုံးကိုတော့ လိုက်မသတ်နိုင်ပါဘူး"

"ဟုတ်တယ်။ အားလုံးပဲ ပြေးကြ။ လူစုခွဲပြီး ပြေးကြ"

အနိုင်ယူရန် မဖြစ်နိုင်ကြောင်း သိသွားသောအခါ ရီထျန်းဂိုဏ်းဘက်က မိုးကြိုးနှင့် လျှပ်စီးများကို ထိန်းချုပ်ထားသည့် ဤနေရာက ထွက်ပြေးရန် သူတို့ ဆုံးဖြတ်ချက်ချလိုက်ကြသည်။

"ထွက်ပြေးမလို့လား"

အသားကင်စားနေသည့် စုရှင်းက သူတို့၏ အစီအစဉ်ကို ရိပ်မိနေပေသည်။ သူတို့သာ ထွက်ပြေးလွတ်မြောက်သွားလျှင် သူ့ဘက်က အများကြီးနစ်နာသွားမည်သာ။

ဝုန်း... ဒိုင်း...

မြေပြင်တစ်ခုလုံး တုန်ခါလာသည်။ စုရှင်းက သူ့လက်သီးထဲသို့ မြေဝါရောင်စွမ်းအင်များ စုစည်းပြီး မြေပြင်ပေါ်သို့ ခပ်ပြင်းပြင်း ထိုးချလိုက်သည်။

"ဒီမာဆီယာ"

တစ်ခဏအတွင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံးရှိ မြေလွှာဖွဲ့စည်းပုံ ပြောင်းလဲသွားသည်။ မြေလွှာများကြားရှိ ဖိအားကြောင့် မြေပြင်ပေါ်တွင် အပြောင်းအလဲများ ဖြစ်ပေါ်လာပြီးနောက် တစ်မြို့လုံးကို လေပင်မဝင်နိုင်လောက်အောင် ခြံရံပိတ်လှောင်ထားသည့် ဧရာမတံတိုင်းကြီးတစ်ခုနှင့် သဲဝါများဖြင့် ပြုလုပ်ထားသော ဧရာမအဖုံးကြီးတစ်ခု ဖြစ်တည်လာစေပြီး မြို့ထဲက ထွက်ပေါက် လုံးဝမရှိတော့အောင် လုပ်ပစ်လိုက်သည်။

"ကျစ်... ဘယ်သူ နေမင်းကြီးကို ပိတ်လိုက်တာလဲ"

"ဘယ်သူမီးပိတ်လိုက်တာလဲ"

"သောက်ကျိုးနည်း... ငါ့ခရမ်းသီးကင်ကို ဘယ်သူ ခိုးစားသွားတာလဲ"

ခဏအကြာတွင်မူ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး ထိုအလင်းရောင်အောက်ဝယ် စကြဝဠာမျိုးနွယ်စုများမှ ရတနာမုဆိုးများ၏ ထိတ်လန့်ကြောက်ရွံ့နေသော မျက်နှာများကို ထင်ထင်ရှားရှား မြင်လိုက်ရသည်။

ယခင်က သူတို့ တိုက်ပွဲတွင် အနိုင်မရခဲ့ပေ။ သို့သော် ယခုမူ သူတို့ ထွက်ပြေး၍ပင် မရတော့ပေ။

ပြင်းထန်လှသော တိုက်ပွဲကြောင့် သူတို့၏ ခွန်အားများလည်း အလွန်ကုန်ခမ်းသွားပြီး အများစုမှာ ဒဏ်ရာရနေကြချေပြီ။ အားနည်းသူသောင်းဂဏန်းမှာ လှုပ်ရှားနိုင်စွမ်း မရှိတော့ဘဲ ကျန်လူများကတော့ အံကြိတ်ပြီး တောင့်ခံနေရသည်။

အခြေအနေ ပြောင်းလဲသွားသည်နှင့်အမျှ ထိုရတနာမုဆိုးများလည်း ဆက်မခုခံနိုင်တော့သည့်အတွက် ပိုများသော သေမင်းတမန်တပ်ဖွဲ့ဝင်များမှာ လွတ်ထွက်သွားပြီး အခြားသူများကို ဆက်လက်ကိုင်တွယ်ရန် အခွင့်အရေးရသွားသည်။

အချိန်အတိုင်းအတာတစ်ခုအထိ ရင်ဆိုင်ပြီးနောက်မှာမူ တစ်ဖက်သတ်ဆန်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီး စတင်ပါတော့သည်။

"အား..."

"ကယ်ကြပါဦး... တစ်ယောက်ယောက် ငါ့ကို ကယ်ပါဦး"

...

တစ်နာရီအကြာတွင်မူ မည်သူမှ မတ်တတ်မရပ်နိုင်ကြတော့ပေ။ အထူးသဖြင့် အစတုန်းက အထောင်လွှားဆုံးလူ ခါမွန်တဲဆိုလျှင် ခြေလက်များမှာ ရုပ်ဆိုးအကျည်းတန်စွာ လိမ်ကောက်နေပြီး မျက်လုံးလေးသာ လှုပ်နိုင်တော့သည်။

"စုရှင်း... မင်းက ဘာလို့ သူတို့ကို ဒုက္ခိတဖြစ်အောင်ပဲလုပ်ပြီး သတ်မပစ်တာလဲ"

"မင်းတို့က ဘာသိလို့လဲ။ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာကို ကြားဖူးတယ်မလား"

စုရှင်းက ရယ်မောလိုက်သည်။

"သူတို့ဆီမှာ ညှစ်ထုတ်လို့ရတဲ့ အရာတွေအများကြီး ရှိသေးတာ သေချာတယ်။ သူတို့ကို သတ်ပစ်လိုက်ရင် နှမြောစရာကြီးလေ"

"ဂစ်..."

စုရှင်းက ကျေနပ်အားရစွာ လေချဉ်တက်လိုက်ပြီး ခါမွန်တဲအနားသို့ ချဉ်းကပ်သွားလိုက်သည်။

"ရှင်ချင်လား။ သေချင်လား"

ခါမွန်တဲကတော့ အသက်ရှင်ချင်သည်သာ။ ရူးနေမှသာ သေချင်ကြလိမ့်မည်။ ကောလာဟလများအရဆိုလျှင် ဤရတနာတိုက်ထဲတွင် အခွင့်အရေးအများကြီး ရှိပေသည်။ အကယ်၍ သူတို့ ယခုအချိန်မှာ ထွက်သွားရလျှင် နောက်ထပ် ဝင်ခွင့်ရမည် မဟုတ်တော့ပေ။ ဆိုလိုသည်မှာ ထိုအခွင့်အရေးများနှင့် လုံးဝ အဆက်အသွယ်ပြတ်တောက်သွားပေမည်။

"အသက်ရှင်ချင်ရင် မင်းဆီမှာရှိတဲ့ တန်ဖိုးကြီးပစ္စည်းမှန်သမျှ အကုန်ထုတ်ပေး"

စုရှင်းက ရယ်ကျဲကျဲဖြင့် ပြောလိုက်၏။

"မင်း ပစ္စည်းကောင်းတွေအများကြီး ယူလာခဲ့တယ်ဆိုတာ ငါသိတယ်"

ရတနာတိုက်ဝင်ပေါက်ဆီသို့ ဦးတည်နေသော အာကာသယာဉ်ပေါ်တွင် ရှိစဉ်အခါက အမြွှာဝေလငါး စကြဝဠာအင်ပါယာ၏ ဘုရင်က သူတို့တစ်ယောက်ချင်းစီကို နေရာလွတ်သိုလှောင်ရေးပစ္စည်းများ ပေးခဲ့ကြောင်း စုရှင်း သတိထားမိသည်။ ကပ်စေးနည်းလှသော ထိုဘုရင်ကြီးပင် ထောက်ပံ့ရေးပစ္စည်းများ ပေးသေးသည်။ အခြားစကြဝဠာအင်ပါယာများက ဘာမှမပါလာခြင်းကမူ မဖြစ်နိုင်ပေ။

ခါမွန်တဲက သွေးတစက်စက်ယိုကျနေသည့် သူ့လက်ကောက်ဝတ်ကို မနည်းအားယူပြီး လှမ်းကြည့်လိုက်သည်။ ထိုနာရီက သူတို့ဘုရင် ဤတစ်ခေါက်အတွက် ပြင်ဆင်ပေးထားသော ထောက်ပံ့ရေးပစ္စည်းများအားလုံးပါဝင်သည့် နေရာလွတ်သိုလှောင်ရေးပစ္စည်းပင်။

"ပေးစမ်း"

စုရှင်းက နာရီကို ဆွဲချွတ်လိုက်၏။

"အကုန်လုံး စွမ်းအင်သလင်းကျောက်တွေချည်းပဲ။ မင်းက တော်တော်ချမ်းသာတာပဲ"

ဤရတနာရှာဖွေရေးနေရာလွတ်ထဲသို့ ဝင်လာပါက ခေတ်မီလက်နက်များ ယူလာခွင့်မရှိပေ။ သို့သော် အထဲရောက်လျှင်မူ ဤစွမ်းအင်သလင်းကျောက်များနှင့် လည်ပတ်နေသည့် အဆင့်မြင့်နည်းပညာသုံး ပစ္စည်းများကို ရှာတွေ့နိုင်သည်။ ထိုကျောက်များမှာ လက်နက်များကို မောင်းနှင်ပေးထားသည်။

သူတို့ကမူ ကံဆိုးစွာဖြင့် ကျန်းမုန့်လောင်တို့နှင့် လာဆုံမိသွားသည့်အတွက် ဤပစ္စည်းများမှာ သူတို့အတွက် အကျိုးရှိသွားလေသည်။

"ဒါနဲ့တင် မလောက်သေးဘူး။ အသက်ချမ်းသာပေးဖို့အတွက် မင်း ပိုက်ဆံပေးရမယ်"

ကမ္ဘာမြေက စကြဝဠာကွန်ရက်နှင့် ချိတ်ဆက်ပြီးသည့်နောက်ပိုင်း သူတို့အားလုံး စကြဝဠာဘဏ်အကောင့်များ ဖွင့်ခဲ့ကြသည်။ သို့သော် ယခုအချိန်တွင်မူ သူတို့၏အကောင့်ထဲတွင် ပိုက်ဆံသိပ်မရှိသေးပေ။

"တစ်ယောက်ကို စကြဝဠာဒင်္ဂါးဆယ်သန်း"

မျိုးနွယ်စုဂြိုဟ်ပေါင်းရာဂဏန်းသိန်းဂဏန်းခန့် ပိုင်ဆိုင်ထားသော အဆင့်ငါးသက်ရှိတစ်ယောက်အတွက်မူ ဤပမာဏကား ပုံမှန်ပင်။ ဤပမာဏက သူတို့တတ်နိုင်သည့် အတိုင်းအတာထဲတွင် ရှိ၏။

"ငါ့ကို စကန်ဖတ်လိုက်"

စုရှင်းက သူ့စကြဝဠာဘဏ်ငွေပေးချေမှုကုတ်ကို ဘွင်းဘွင်းရှင်းရှင်း ထုတ်ပြလိုက်သည်။

"တင်! စကြဝဠာဒင်္ဂါးဆယ်သန်းကို လက်ခံရရှိပါတယ်"

ဤအပြောင်းအလဲကို အာရုံခံမိသွားသည့်အလား ခါမွန်တဲ၏ ခေါင်းပေါ်ရှိ အဝါရောင်မီးလျှံလေးမှာ အချိန်မရွေး ငြိမ်းသွားတော့မည့်ပုံပေါက်သွားပြီးနောက် တဖြည်းဖြည်း အစိမ်းရောင်ပြောင်းသွားလေသည်။ စုရှင်း၏ ခေါင်းပေါ်ရှိ အဝါရောင်မီးလျှံလေးကမူ သိသိသာသာ တောက်ပလာသည်။

"ဝူးဟူး... ညီအစ်ကိုရေ... မင်းရဲ့ခေါင်းက စိမ်းသွားပြီဟေ့"

စုရှင်းက ခါမွန်တဲ၏ ပခုံးကို ပုတ်လိုက်၏။

"ကဲ မင်းသွားလို့ရပြီ"

ခါမွန်တဲက စုရှင်းကို အဆိပ်ပြင်းသော အကြည့်များနှင့် စူးစူးရဲရဲ ကြည့်လိုက်သည်။ သူ့ကံကြမ္မာမီးလျှံမှာ လုယူခံလိုက်ရ၍ အစိမ်းရောင် ပြောင်းသွားသော်လည်း သူ့အနေနှင့် အခြားသူများ၏ကံကြမ္မာကို ပြန်လုယူပြီး မူလအခြေအနေပြန်ရောက်အောင် လုပ်နိုင်သေးသည်။ သူ မသေသေးသရွေ့ သို့မဟုတ် ဤနေရာလွတ်ထဲက နှင်ထုတ်မခံရသေးသရွေ့ မျှော်လင့်ချက် ရှိနေသေးသည်။

"ကဲ... နောက်တစ်ယောက်"

စုရှင်းက ကျောက်တံတိုင်းအစွန်းကို လျှောက်သွားပြီး သူ့မှော်ပညာဖြင့် ထွက်ပေါက်တစ်ခု ဖန်တီးလိုက်သည်။

"တစ်ယောက်ချင်း တန်းစီကြ။ မင်းတို့ရဲ့ နေရာလွတ်သိုလှောင်ရေးပစ္စည်းတွေကို ထုတ်ပေး။ ပြီးရင် စကြဝဠာဒင်္ဂါးဆယ်သန်းဆယ်စီ ပေးပြီးတာနဲ့ ထွက်သွားလို့ရပြီ"

ထိုရတနာမုဆိုးများက မပေးချင်ကြပေ။ သို့သော် သေမင်းတမန်သားရဲများက သူတို့ကို စိုက်ကြည့်နေဆဲပင်။ သူတို့သာ 'မပေးဘူး'ဟု ပြောလိုက်လျှင် စုရှင်းက သူတို့ကို ချက်ချင်းသတ်ပြီး ဤရတနာတိုက်ထဲက မောင်းထုတ်ပစ်မည်ဟု သူတို့ ယုံကြည်ထားသည်။

ခက်ခက်ခဲခဲ ရထားသည့် ဝင်ခွင့်နေရာများနှင့် အခွင့်အရေးများ အပြည့်ရှိနေသော ဤရတနာတိုက်ကြီးအကြောင်း တွေးရင်း သူတို့ အံတင်းတင်းကြိတ်၍ သည်းခံလိုက်ရသည်။

"တင်! စကြဝဠာဒင်္ဂါးဆယ်သန်း လက်ခံရရှိပါတယ်"

"တင်! စကြဝဠာဒင်္ဂါးဆယ်သန်း လက်ခံရရှိပါတယ်"

"တင်! စကြဝဠာဒင်္ဂါးဆယ်သန်း လက်ခံရရှိပါတယ်"

...

"ဝူးဟူး... ချမ်းသာပြီကွ"

လူအယောက်တစ်ရာကျော်ကို ဓားပြတိုက်ပြီး အစိမ်းရောင်ဦးထုပ်များပါ ဆောင်းပေးလိုက်ပြီးနောက် စုရှင်း၏ ကံကြမ္မာမီးလျှံက အဆုံးတွင် မျိုးရိုးဗီဇပြောင်းလဲသွားပြီး အဝါရောင်မီးတောက်မှ လိမ္မော်ရောင်အဖြစ် ပြောင်းလဲသွားသည်။

လူတစ်သောင်း ပြည့်သွားချိန်တွင်မူ မီးလျှံက အနီရောင် ပြောင်းသွားလေသည်။

ထို့ပြင် လူအယောက်သန်းတစ်ရာလုံးကို ဓားပြတိုက်ပြီးသွားချိန်တွင်မူ သူ့ခေါင်းပေါ်ရှိ မီးလျှံက ခရမ်းရင့်ရောင်သို့ ပြောင်းသွားလေသည်။

ထိုအယောက်တစ်သန်းကျော်၏ ခေါင်းတွေအကုန်လုံး စိမ်းလဲ့နေကြတော့သည်။

"နေဦး... ဘယ်သူမှထွက်မသွားနဲ့"

ထွက်သွားရန် ပြင်နေကြသူများကို ကျန်းမုန့်လောင်က တားလိုက်သည်။

သူတို့အားလုံး တုန်လှုပ်သွားကြသည်။ လုစရာ ဘာမှလည်း မကျန်တော့ပေ။

ရီထျန်းဂိုဏ်းက လူတွေက ဘာလိုချင်နေကြပြန်ပြီလဲ။

ကျန်းမုန့်လောင်က ကင်မရာတစ်လုံးကို ဆွဲထုတ်လိုက်၏။

"ဒီလောက်လူတွေအများကြီးရဲ့ ခေါင်းတွေက အစိမ်းရောင်အလင်းတန်းတွေ ထွက်နေတာကို ပထမဆုံးအကြိမ် မြင်ဖူးတာဆိုတော့ သေချာပေါက် အမှတ်တရသိမ်းထားရမှာပေါ့။ လာကြ... အားလုံးစုပြီး အမှတ်တရအနေနဲ့ အုပ်စုလိုက်ဓာတ်ပုံ ရိုက်ကြစို့"

"ပြုံးကြဟေ့... ခရမ်းသီး"

သေချာပေါက်ပင်။ ဓာတ်ပုံထဲရှိ လူများ၏ အပြုံးကား ငိုနေသည်ထက်ပင် ရုပ်ဆိုးနေတော့သည်။

*****************

အခန်း ၉၄၂ - ရီထျန်းဂိုဏ်းကတော့ လွန်ကိုလွန်လွန်းနေပြီ

"သူတို့တွေက ဘယ်လိုမကောင်းဆိုးဝါးတွေလဲ"

အိုတစ်သည် သူတို့၏ ရွေးချယ်ရေးပွဲစဉ်များကို မြင်တွေ့ခဲ့ရသော်ငြား ထိုစဉ်က သူတို့သည် အစွမ်းကုန်ထုတ်မသုံးခဲ့ကြဘဲ အချင်းချင်း အပျော်သဘောလောက်သာ လေ့ကျင့်ခဲ့ကြကြောင်း ယခုမှသာ ရုတ်တရက် သတိထားမိလိုက်သည်။

ရီထျန်းဂိုဏ်းရှိ ရတနာမုဆိုးများ၏ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းဆောင်ရည်များဟာ ယခုအချိန်မှာမူ သူတို့၏ အစွမ်းအစအပြည့်အဝကို ပြသလိုက်ချေပြီ။ သူတို့သည် အစွမ်းထက်ရုံသာမက သူတို့ထဲရှိ တစ်ယောက်ချင်းစီတိုင်းမှာ တစ်ဖက်လူအား နှိပ်စက်ရခြင်းကို သဘောကျသည့် စိတ်ပျက်စရာ အကျင့်မျိုးရှိနေဟန်ပင်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူတို့သည် အစွမ်းထက်လှသော ငကြောင်တစ်သိုက်ပင်။

ရတနာရှာဖွေပွဲ စတင်ရုံသာ ရှိသေးသော်ငြား လူပေါင်းငါးသန်းမှ ခြောက်သန်းခန့်သည် ရီထျန်းဂိုဏ်း၏ လက်ချက်ဖြင့် ပြုတ်သွားရလေပြီ။ ဤမျှများပြားသော ကံကြမ္မာမီးလျှံပမာဏမှာ မျိုးနွယ်စုတစ်ခု၏ ကံကြမ္မာမီးလျှံကို အဆင့်မြှင့်တင်ပေးရန် လုံလောက်နေလေပြီ။

"ကျွတ်ကျွတ်ကျွတ်... အိုတစ်... ငါ မင်းကို တကယ်အားကျမိတယ်ကွာ"

သူ့ဘေးရှိ အဆင့်ခြောက်သက်ရှိက အားကျနေဟန် အကြည့်ဖြင့် ပြောလိုက်လေသည်။ ပထမဆုံးနေ့မှာပင် မျိုးနွယ်စု၏ ကံကြမ္မာမီးလျှံမှာ အဝါရောင်ကတစ်ဆင့် လိမ္မော်ရောင်ကို ပြောင်းသွားခဲ့သည်။ ဤသည်မှာ ယခင်က ဘယ်မျိုးနွယ်စုမှ မလုပ်နိုင်ခဲ့သော အောင်မြင်မှုတစ်ခုပင်။

အင်အားအကြီးဆုံး နိုအာမျိုးနွယ်စု၏ အကောင်းဆုံး စံချိန်ကပင် ရတနာတိုက်ဖွင့်လှစ်ပြီး တစ်လကျော်ကြာမှသာ ဤသို့သောအဆင့်မြှင့်တင်မှုကို လုပ်ဆောင်နိုင်ခဲ့သည်။

"ဟီးဟီး... ကံကောင်းသွားလို့ပါ။ ကံကောင်းရုံသက်သက်ပါပဲ"

သူတို့၏ အမြွှာဝေလငါးစကြဝဠာအင်ပါယာအတွက်တော့ ဤသည်မှာ ကောင်းသည့်အချက် ဖြစ်သော်ငြား အရာရာတိုင်းမှာ ကောင်းကျိုးနှင့် ဆိုးကျိုး ဒွန်တွဲနေသည်။ သူတို့သည် ပြီးခဲ့တဲ့အကြိမ်ကတည်းက မျိုးနွယ်စုတော်တော်များများကို ရန်စခဲ့ပြီးဖြစ်၍ ဤတစ်ကြိမ်မှာလည်း သူတို့အနေနှင့် ပစ်မှတ် ပြန်ဖြစ်လာနိုင်သည်။

ရတနာရှာဖွေပွဲ ပြီးဆုံးသွားသောအခါ အမြွှာဝေလငါးစကြဝဠာအင်ပါယာအနေနှင့် ကြီးမားလှသော ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရနိုင်သည်။ အကယ်၍ သူတို့အနေနှင့် အများပြည်သူ၏ ဒေါသကို ဆွမိပြီး မျိုးနွယ်စုအမြောက်အမြားက ပြဿနာလာရှာကြမည်ဆိုပါက ဤတစ်ကြိမ်မှာ အနက်ရောင်ကံကြမ္မာမီးလျှံကို ရရှိခဲ့လျှင်ပင် သူတို့၏ မျိုးနွယ်စုမှာ ဆက်လက်ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အရေးရှိပါဦးမလားဆိုသည်ကို သံသယဖြစ်စရာပင်။

"သူတို့တွေ အခြေအနေကြည့်ပြီး နည်းနည်းလောက်တော့ လျှော့လျှော့ပေါ့ပေါ့လုပ်ပြီး လွန်လွန်ကျူးကျူးတွေ မလုပ်ကြပါစေနဲ့လို့ မျှော်လင့်ရတာပဲ"

အိုတစ်လည်း စိတ်ထဲက တိတ်တဆိတ်ဆုတောင်းနေမိတော့သည်။

...

"ကျောင်းအုပ်ကြီး... ဒါဆိုရင် ကျွန်တော်တို့တွေ သွားပျော်လိုက်ဦးမယ်"

"အေးအေး... အားလုံး ဂရုစိုက်ကြဦး။ စကားပုံတစ်ခု ရှိတယ်လေ... စိမ်းလန်းတဲ့ တောင်တန်းတွေ ရှိနေသရွေ့တော့ လူကြားထဲ ကြွားလုံးထုတ်ဖို့ အခွင့်အရေးတွေ ပျောက်ဆုံးသွားမှာကို မစိုးရိမ်နဲ့ဆိုတာကို မှတ်ထားကြ"

အဖွဲ့လိုက်လှုပ်ရှားခြင်းမှာ ပိုဘေးကင်းသော်ငြား ထူးရှယ်နတ်ဘုရားကျောင်းတော်က ကျောင်းသားများအတွက်တော့ ဤသည်မှာ တစ်မျိုးတစ်မည်ဖြစ်နေပေသည်။ ထို့ကြောင့် ကျန်းမုန့်လောင်က အားလုံးကို လူစုခွဲဖို့ ဆုံးဖြတ်လိုက်သည်။ ဤသို့လုပ်ခြင်းအားဖြင့် ရတနာများကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ရှာဖွေနိုင်ရုံသာမက ရတနာခွဲဝေမှု မညီမျှသောကြောင့် ဖြစ်လာနိုင်သည့် အုပ်စုတွင်း ပဋိပက္ခများကိုလည်း ရှောင်ရှားနိုင်မည်ဖြစ်၏။

"ဘယ်သူ ငါနဲ့အဖွဲ့ဖွဲ့မလဲ။ တစ်ယောက်တည်းဆိုတော့ ပျင်းစရာကြီးကွာ"

"ငါ မင်းနဲ့လိုက်ခဲ့မယ်။ ဒါပေမဲ့ ငါတို့အဖွဲ့ကို နာမည်လန်းလန်းလေးတစ်ခု ပေးရအောင်။ လူကြားထဲမှာ ကြွားလို့ရအောင် နာမည်တစ်ခုတော့ လိုတယ်မဟုတ်လား"

"ဒါဆိုရင် ငါတို့အဖွဲ့ကို 'မဟူရာလေပြေညီနောင်' လို့ ခေါ်ကြစို့"

"ဒါဆို ငါတို့ကတော့ 'အရုဏ်ဦးအဖွဲ့အစည်း'လို့ ခေါ်မယ်ဟေ့"

"ရွှီဝမ်ပေါ်... ငါတို့ အဖွဲ့ဖွဲ့ရအောင်။ ငါတို့အဖွဲ့ကို 'ဖုန်းယွင်အဖွဲ့'လို့ ခေါ်မယ်။ အခုကစပြီး ငါက နျဲ့ဖုန်း။ မင်းက ပုကျင်းယွင်နော်"

ကျန်းမုန့်လောင်လည်း မျက်ဆန်လည်လိုက်မိသည်။

"ကလေးကလားတွေကွာ"

...

လူတိုင်းက နှုတ်ဆက်စကား ပြောပြီးသည်နှင့် အရပ်မျက်နှာအသီးသီးကို လူစုခွဲ၍ ထွက်ခွာသွားကြသည်။ ဤတစ်ကြိမ်မှာတော့ ရီထျန်းဂိုဏ်းရဲ့ နာမည်သည် စကြဝဠာမျိုးနွယ်စုများအကြား ဟိန်းထွက်သွားပေတော့မည်။

"ဒီမြို့ကတော့ အကြိမ်ကြိမ်အခါခါ မွှေနှောက်ခံထားရတဲ့ပုံပဲ။ ကောင်းတာ ဘာမှကျန်တော့မှာ မဟုတ်ဘူး"

ကျန်းမုန့်လောင်က စွန့်ပစ်ထားသည့် မြို့ဟောင်းကို စူးစမ်းလိုက်၏။

"ကောထန်... မင်း ပစ္စည်းကောင်းတွေ ဘယ်မှာရှိမလဲဆိုတာ ရှာပေးနိုင်မလား"

"ရပါတယ်... ကျွန်တော်က စကြဝဠာပေါင်းစုံမှာ အစွမ်းအထက်ဆုံး ဉာဏ်ရည်တုပဲလေ။ ဒီလောက်ကတော့ အပျော့ပါ"

ကောထန်က ဂုဏ်ယူစွာဖြင့် ပြောလိုက်လေသည်။

"ဒါပေမဲ့ ကျောင်းအုပ်ကြီး... ပိုက်ဆံနဲ့ဝယ်လို့ရတဲ့ အရာမှန်သမျှဟာ ရတနာလို့ မခေါ်ထိုက်တဲ့အတွက် အဲ့ဒီလိုအရာတွေကို လိုက်ရှာပြီး အချိန်မဖြုန်းသင့်ဘူးနော်"

"အမှန်ပဲ"

ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။ ထိပ်တန်းအဆင့် စကြဝဠာဘဏ်အကောင့်တစ်ခု ရှိထားသည့်အတွက် သူသည် သာမန်ရတနာများကို လိုချင်တပ်မက်ခြင်းမရှိပေ။ ပိုက်ဆံနှင့် ဝယ်ယူ၍မရသော အရာများကသာ သူ့အတွက် တန်ဖိုးရှိပေသည်

"ခဏစောင့်ပါ။ ကျွန်တော် ဒီနယ်မြေတစ်ခုလုံးကို အရင်ဆုံး စကန်ဖတ်ကြည့်လိုက်ဦးမယ်"

ကောထန်၏ ထောက်လှမ်းနိုင်စွမ်း အတိုင်းအတာမှာ အလွန်တရာ ကျယ်ပြန့်လှပြီး ဤကမ္ဘာက မျိုးနွယ်စုများ ဖန်တီးထားသော ဘယ်လိုဉာဏ်ရည်တုထက်မဆို သာလွန်ချေသည်။ စကန်ဖတ်သည့် တိကျမှုကလည်း နှိုင်းယှဉ်၍ပင် မရနိုင်ပေ။

"ဪ... ကျောင်းအုပ်ကြီး... ကျွန်တော် ပစ္စည်းကောင်းတစ်ခု တွေ့ပြီဗျ"

ကောထန်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

"ဘာများလဲ"

"ဟီးဟီး... စစ်တပ်ကြီးတစ်တပ်လေ"

"စစ်တပ်ကြီး ဟုတ်လား"

ကျန်းမုန့်လောင် အံ့အားသင့်သွားလေသည်။

"ဇူဒါမျိုးနွယ်စုတွေက ဟိုးအရင်ကတည်းက မျိုးတုံးသွားတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး စစ်တပ်ကြီး ကျန်နေနိုင်မှာလဲ"

"ဒါက သာမန်စစ်တပ်မဟုတ်ဘူး"

ကောထန်က ရှင်းပြလိုက်သည်။

"ဒီစစ်တပ်က ဇူဒါစစ်ယာဉ်တန်းနဲ့ တစ်ချိန်တည်းမှာ တည်ဆောက်ခဲ့တာ ဖြစ်နိုင်တယ်။ အဲ့ဒီတုန်းက ဇူဒါဘုရင်ဟာ စကြဝဠာတစ်ခုလုံးမှာ အင်အားအကြီးဆုံး စစ်တပ်ကို တည်ထောင်ချင်ခဲ့တာ ဖြစ်မယ်"

"တိတိကျကျပြောရရင်တော့ ဒါဟာ 'ရုပ်သေးစစ်တပ်'ပါပဲ"

"ဪ"

"သူတို့ကိုလည်း ဇူဒါစစ်ယာဉ်တန်းကို လုပ်ထားတဲ့ ပစ္စည်းတွေနဲ့ပဲ လုပ်ထားတာပါ။ ကျွန်တော့်အထင်တော့ အဲ့ဒီတုန်းက သူတို့ကို အသက်သွင်းဖို့ အချိန်မလောက်ခဲ့လို့ ဖြစ်မယ်။ မဟုတ်ရင်တော့ မျိုးနွယ်စုပေါင်း သန်းနဲ့ချီပြီး ဝိုင်းတိုက်ရင်တောင် ဒီစစ်တပ်ကို အနိုင်ရဖို့ ခဲယဉ်းလိမ့်မယ်"

"အဲ့ဒီလောက်တောင် အစွမ်းထက်တာလား"

"ဒီရုပ်သေးစစ်တပ်မှာ ယူနစ်တစ်သန်းလောက် ပါဝင်ပါတယ်။ သူတို့ရဲ့စွမ်းအားကတော့ သူတို့ကို မောင်းနှင်ပေးမယ့် စွမ်းအင်အပေါ်မှာလည်း မူတည်နေတာပေါ့"

"ဒါက သာမန်တိုက်ခိုက်ရေး စက်ရုပ်တွေနဲ့ ဘာကွာလို့လဲ"

ကျန်းမုန့်လောင်လည်း စကြဝဠာကုန်သွယ်ရေး ဈေးကွက်ထဲရှိ 'ထောင်ပေါင်'လို ဝဘ်ဆိုဒ်များကို ကြည့်ဖူးပြီးသားပင်။ ထိုနေရာတွင် ရုပ်သေးရုပ်များနှင့် တူသော ထိန်းချုပ်သူမဲ့တိုက်ခိုက်ရေးစက်ရုပ်အမျိုးမျိုး ရှိသည်။ ပိုက်ဆံသာ ပုံပေးနိုင်မည်ဆိုပါက အဆင့်ခြောက်သက်ရှိ၏ စွမ်းအားမျိုး ပိုင်ဆိုင်ထားသည့် စက်ရုပ်များကိုပင် ဝယ်နိုင်သည်။

သို့သော် ဤစက်ရုပ်များမှာ နည်းပညာလက်နက်များကို တပ်ဆင်ထားသည်။ စွမ်းအင်ကို ထိန်းချုပ်နိုင်သည့် တကယ့်သက်ရှိများနှင့် မတူဘဲ အဆင့်ခြောက်သက်ရှိများနှင့် တန်းတူညီသော ခွန်အားနှင့် အရှိန်လောက်သာ ရှိ၏။ အဓိကအားဖြင့်တော့ လူအရွယ်အစားခန့်ရှိသော စက်ရုပ်စစ်သည်များပင်။

"အများကြီးကွာတာပေါ့။ သူတို့ကလည်း လည်ပတ်ဖို့အတွက် စွမ်းအင်ကိုပဲ အားကိုးရတာမှန်ပေမဲ့ ဒီရုပ်သေးတွေရဲ့ ဇီဝတည်ဆောက်မှုက သက်ရှိတွေနဲ့ အရမ်းနီးစပ်တယ်။ လူတွေလိုပဲ သိုင်းကျမ်းတွေကိုတောင် လေ့လာနိုင်စွမ်း ရှိကြတယ်။ သူတို့ရဲ့ အကြီးမားဆုံး အားသာချက်က မမောပန်းနိုင်တာပဲ။ စွမ်းအင်ရှိနေသရွေ့ အဆုံးမရှိ တိုက်ခိုက်နိုင်လို့ အဆင့်မြင့်မျိုးနွယ်စုတွေကြားမှာ အရမ်းရေပန်းစားတယ်"

"ဒါပေမဲ့ ဒီလိုရုပ်သေးတွေ လုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေက အရမ်းရှားပါးတယ်။ လောလောဆယ် စကြဝဠာမျိုးနွယ်စုတွေထဲမှာ ဝယ်လို့ရတဲ့ အကောင်းဆုံးရုပ်သေးက အဆင့်ငါးအမြင့်ဆုံးသက်ရှိလောက်ပဲ ရှိတာပါ။ ကျွန်တော့်မှာရှိတဲ့ မှတ်တမ်းတွေအရတော့ တစ်ခါက လေလံပွဲတစ်ခုမှာ သက်ရှိတွေနဲ့ တန်းတူညီတဲ့ ရုပ်သေးတစ်ရုပ် ပေါ်လာခဲ့ဖူးတယ်။ အဲ့ဒါကို အဆင့်မြင့်သက်ရှိတစ်ယောက်က သူ့ကလေးအတွက် သက်တော်စောင့်အဖြစ်သုံးဖို့ ဝယ်သွားခဲ့တယ်"

"ဒါဆို ဒီရုပ်သေးစစ်တပ်က ဘယ်လောက်တောင် အစွမ်းထက်မယ်လို့ မင်းထင်လဲ"

ကျန်းမုန့်လောင်က စိတ်ဝင်တစား မေးလိုက်လေသည်။ အကယ်၍ သူသာ ဤစစ်တပ်ကြီးကို ရလိုက်မည်ဆိုလျှင်... ကျစ်ကျစ်... ဘယ်လိုမျိုးနွယ်စုများလာလာ ကြောက်နေစရာ မလိုတော့ပေ။

"ပြောရခက်ပါတယ်"

ကောထန်က ပြန်ဖြေချေသည်။

"သူတို့ရဲ့ တည်ဆောက်ပုံကို ခွဲခြမ်းစိတ်ဖြာဖို့အတွက် အပြင်မှာ တကယ်ရှိတဲ့ နမူနာတစ်ခုကို ကျွန်တော် အရင်တွေ့ဖို့လိုတယ်။ အခုကတော့ အခြေခံအချက်အလက်တွေပဲ ရှိသေးတာ။ ဒါပေမဲ့ ဇူဒါမျိုးနွယ်စုရဲ့ ပစ္စည်းတွေဆိုတာ အကောင်းဆုံးတွေချည်းပါပဲ။ ထူးရှယ်နတ်ဘုရားကျောင်းတော်မှာ ရုပ်သေးထုတ်လုပ်တဲ့ နည်းပညာသင်တန်းတွေ ရှိပေမဲ့ ဒီစကြဝဠာထဲမှာတော့ အဆင့်မြင့်ကုန်ကြမ်းတွေက အရမ်းရှားလွန်းတယ်"

"လက်ခံပါတယ်"

ကျန်းမုန့်လောင်က ခေါင်းတညိတ်ညိတ်လုပ်လိုက်၏။

"ဘယ်အရပ်မျက်နှာမှာလဲ"

"မြောက်ဘက်တည့်တည့်မှာပါ၊ ဒီနေရာကနေ ကီလိုမီတာ၂.၇၃သန်းလောက် ဝေးပါတယ်။ အဲ့ဒီနားကို တခြားရတနာမုဆိုးအုပ်စုတစ်စုလည်း ရောက်နေကြပါပြီ။ တစ်ယောက်ယောက်တော့ အဲ့ဒီနေရာကို ရှာတွေ့သွားပြီထင်တယ်"

"ဘာလို့ အစောကြီးကတည်းက မပြောတာလဲ"

ကျန်းမုန့်လောင်က သူ့ပေါင်သူပုတ်၍ ပြောလိုက်လေသည်။

"ဒီဟာက ငါ့အပိုင်ပဲဖြစ်ရမယ်"

ကျန်းမုန့်လောင်သည် သူ့သုန်းချီစွမ်းအားများကို အသုံးပြုပြီး မြင်းတစ်ကောင်အဖြစ် ဖန်တီးကာ ကောထန်၏ လမ်းညွှန်မှုအတိုင်း ထိုအရပ်မျက်နှာဆီသို့ အရှိန်အဟုန်နှင့် ပြေးထွက်သွားပါတော့သည်။

...

ဤနေရာကတော့ သံမဏိများနှင့် တည်ဆောက်ထားသော ဧရာမမြို့ကြီးတစ်မြို့ ဖြစ်ပြီး ရှေးဟောင်းရောမခေတ်က သားရဲများ တိုက်ခိုက်ကြသည့် ကွင်းပြင်ကြီးနှင့် ဆင်တူပေသည်။ မြို့၏အစွန်အဖျားများတွင် အနည်းဆုံး လူပေါင်းနှစ်သိန်းမှ သုံးသိန်းအထိရှိသော ရတနာမုဆိုးများ စုဝေးနေကြသည်။

မြို့အဝင်ဝတွင်မူ အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားသော ရုပ်သေးဆာမူရိုင်းအဖွဲ့တစ်ဖွဲ့ ရပ်နေချေသည်။ သူတို့၏ ကိုယ်ထည်များကို အနက်ရောင်သံချပ်ကာများဖြင့် ဖုံးအုပ်ထားပြီး ကြောက်မက်ဖွယ်ကောင်းသော အနီရောင်မျက်လုံးတစ်စုံကလွဲ၍ ကျန်တာဘာမှ မမြင်ရပါချေ။ သူတို့ဆီမှ အသက်ဓာတ်စွမ်းအင်များလည်း လုံးဝထွက်မနေချေ။

"ဒီနေရာလား"

"ဟုတ်တယ်။ ဒါ ငါတို့အရှင်ဧကရာဇ် ပြောခဲ့တဲ့ နေရာပဲ။ ပြီးခဲ့တဲ့တစ်ခေါက် ရတနာတိုက်ပွင့်တုန်းက ငါတို့ရဲ့ရတနာရှာဖွေသူတွေ ဒီနေရာကို တွေ့ခဲ့ပေမဲ့ အထဲကို မဝင်ရသေးခင်မှာတင် ဒီ'အနက်ရောင်စစ်သည်'တွေဆီမှာ အသတ်ခံခဲ့ရတာ"

"ဒီလို အသက်ဓာတ်မဲ့တဲ့ အရာတွေက ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်ဆိုတာ မယုံနိုင်စရာပဲ"

"ဟုတ်တယ်။ သူတို့က ဘယ်လိုလက်နက်နဲ့မှ နှိမ်နင်းလို့မရဘူး။ ခုနလေးတင်က အနက်ရောင်စစ်သည် တစ်ယောက်တည်းက ငါတို့လူပေါင်းတစ်ရာကျော်ကို တိုက်ခိုက်ခဲ့တာ။ ငါတို့တွေ သေလုမျောပါး ထွက်ပြေးခဲ့ရတယ်။ အဲ့ဒါကြောင့် အားလုံးကို ဒီမှာ လူစုဖို့ အချက်ပြလိုက်တာပေါ့"

"ဒီလောက်အထိတင်းကျပ်တဲ့ အစောင့်အရှောက်တွေ ရှိနေမှတော့ ဒီမြို့ထဲမှာ ပစ္စည်းကောင်းတွေ ရှိမှာ သေချာတယ်"

"စွန့်စားပြီးတော့ အတင်းမဝင်ကြနဲ့။ မြို့ထဲမှာ တခြားအန္တရာယ်တွေလည်း ရှိနေနိုင်သေးတယ်။ လူတွေ ပိုစုမိတဲ့အထိစောင့်တာ ပိုကောင်းမယ်"

"အင်း... စကြဝဠာကြိုးဝိုင်းမှာ ထိပ်တန်းအဆင့်ရှိတဲ့ ကျွမ်းကျင်သူတွေသာ ငါတို့နဲ့ လာပူးပေါင်းမယ်ဆိုရင်တော့ ပိုပြီးအခွင့်အရေးရှိတာပေါ့"

******************

All Chapters