← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

🍋 Chapter 123

နောက်တစ်နေ့မနက်တွင် မာကျန်းဟဲသည် ဆေးရုံ၏ရင်ခွဲရုံရှေ့၌ တစ်ယောက်တည်း ထိုင်နေသည်။

သူ့မျက်ဝန်းများမှာ ဝေဝါးနေ၏။ သူသည် အသက် ၇၀ နီးပါး ရှိနေပြီဖြစ်သော်လည်း ကျန်းမာရေးကောင်းမွန်မှုနှင့် စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သည့် အတွေ့အကြုံများကြောင့် ကြည့်လိုက်လျှင် အသက် ၆၀ ထက် မပိုဟု ထင်ရသည်။

သို့သော် ယခုမူ သူသည် လေလျှော့ထားသည့် ပူဖောင်းတစ်ခုကဲ့သို့ ဖြစ်နေသည်။

တစ်ချိန်က မတ်မတ်ရှိခဲ့သော သူ့ကျောပြင်မှာလည်း ပေါင် ချိန်တစ်ထောင်ခန့်ရှိသော အလေးထုပ်ကြီးက ဖိထားသကဲ့သို့ လုံးဝကို ကိုင်းညွှတ်နေပြီ ဖြစ်သည်။

သူသည် ထိုင်ခုံပေါ်တွင် ပုံကျနေပြီး အသက်တစ်ချက်ရှူတိုင်း စူးရှသော နာကျင်မှုကို ခံစားနေရသည်။

သူသည် မိသားစုဝင်များနှင့် ဆွေမျိုးများကို မောင်းထုတ် ထားပြီး ထိုနေရာတွင် နှစ်နာရီကြာအောင် တစ်ယောက်တည်း ထိုင်နေခဲ့ခြင်းပင်။

ရဲစခန်းမှ ဖုန်းလက်ခံရရှိသည့် အချိန်မှစ၍ သူ့ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံလိုက်ရသလို ခံစားနေရသည်။

သူ့ တစ်ဦးတည်းသောသား ပျောက်ကွယ်သွားပြီ။ မျှော်လင့် ချက်များလည်း ကုန်ဆုံးသွားပြီ ဖြစ်၏။

ဤသားမိုက်သည် မည်မျှပင် အသုံးမကျဘဲ စကားမနား ထောင်သူ ဖြစ်ပါစေ၊ သူသည် မာမိသားစု၏ တစ်ဦးတည်းသော အမွေဆက်ခံသူ မဟုတ်ပါလား။

အခုတော့ အရာအားလုံး ပြီးဆုံးသွားလေပြီ။ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သော မိသားစုစည်းစိမ်များမှာ ထိုခဏ ၌ပင် အဓိပ္ပာယ်မဲ့သွားတော့သည်။

မည်မျှပင် ငွေရှိစေကာမူ သူ့သားကို ပြန်လည်မရရှိနိုင်တော့ပေ။

ထိုအချိန်တွင် သူ့အတွင်းရေးမှူး ရောက်လာပြီး ထိုင်ခုံပေါ်တွင် ပုံကျနေသော မာကျန်းဟဲကို အတင်းအကျပ် တွဲထူလိုက်သည်။

"ဥက္ကဋ္ဌမာ... ရဲတွေက စောင့်ကြည့်ကင်မရာတွေကို စစ်ဆေးပြီးပါပြီ။ အခြေခံအားဖြင့်တော့... သခင်လေးက အရက်မူးပြီး ကားမောင်းရာကနေ မတော်တဆမှု ဖြစ်ခဲ့တာလို့ သတ်မှတ်လိုက်ကြပါတယ်"

အတွင်းရေးမှူးသည် ရဲများ၏ အမျက်ဒေါသထွက်မှုကို ကြောက်ရွံ့သဖြင့် အထူးသတိထား၍ ပြောနေရသည်။

"အလကားစကားတွေ! ငါ့သားက ဒီလိုပြဿနာမျိုး ဖြစ်အောင် လုပ်မယ့်လူ မဟုတ်ဘူး!"

မာကျန်းဟဲသည် မျက်လုံးများ နီမြန်းလျက် ရုတ်တရက် ထရပ်လိုက်သည်။

"မနေ့က ရှောင်ခွန်းနဲ့အတူ သောက်စားခဲ့တဲ့ ကောင်တွေရော"

အတွင်းရေးမှူးက ခေါင်းငုံ့လျက် တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည်။

"သူတို့အားလုံးကို ရှာတွေ့ပါပြီ။ သူတို့မိဘတွေလည်း အပြင်မှာ စောင့်နေကြပါတယ်"

"ဟမ့်!"

မာကျန်းဟဲသည် ရှေ့သို့ ခပ်လှမ်းလှမ်း လှမ်းလိုက်သော် လည်း ခြေလှမ်းများမှာ မခိုင်မာသဖြင့် အတွင်းရေးမှူးက ချက်ချင်း တွဲပေးလိုက်ရသည်။

"ငါ့လမ်းက ဖယ်စမ်း!"

သူသည် အတွင်းရေးမှူးကို ဘေးသို့ တွန်းထုတ်ကာ တံခါးပြင်သို့ ပြေးထွက်သွားသည်။

"မင်းတို့တွေ... မနေ့က ရှောင်ခွန်းနဲ့ ဘယ်လောက်တောင် သောက်ခဲ့ကြတာလဲ။ ငါ့ကို ပြောစမ်း!"

သူ၏ ဟိန်းဟောက်သံကြောင့် လူငယ်များမှာ တွန့်ဆုတ်သွားရုံသာမက လိုက်ပါလာသည့် မိဘများပင် မှင်သက်သွားကြသည်။

ဤလူများမှာ ဒေသတွင်း၌ အမည်ရသည့် ချမ်းသာသော စီးပွားရေးသမားများ ဖြစ်ကြသော်လည်း မာကျန်းဟဲ၏ ရှေ့တွင်မူ သာမန်မိသားစုများသာ ဖြစ်ကြသည်။

အထူးသဖြင့် စက်ယန္တရား တင်သွင်းမှုနှင့် သယ်ယူပို့ဆောင်ရေး လုပ်ကိုင်သူအချို့မှာ မာမိသားစုကိုသာ မှီခိုနေရခြင်း ဖြစ်သည်။

အကယ်၍ မာကျန်းဟဲ ဒေါသထွက်သွားလျှင် သူတို့မိသားစု၏ လုပ်ကိုင်စားသောက်ခွင့်များ ပျက်စီးသွားပေလိမ့်မည်။

"မင်း... ထွက်ခဲ့စမ်း။ ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါ့ကို ပြောပြ!"

မာကျန်းဟဲသည် မာခွန်းနှင့် အရင်းနှီးဆုံးဖြစ်ပြီး မနေ့ညက မာခွန်းကို အရက်မူးအောင် တိုက်ခဲ့သည့် လူငယ်တစ်ဦးကို ဆွဲထုတ်လိုက်သည်။

"ဦးလေးမာ... ကျွန်တော်တို့ မနေ့က နည်းနည်းတော့ သောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အမြဲတမ်း ဒီလိုပဲ သောက်နေကြပါပဲ"

ထိုလူငယ်မှာ ငိုတော့မည့်အတိုင်း ဖြစ်နေသည်။

ကျန်းကျန်းမာမာ ရှိနေသည့် လူတစ်ယောက်က နာရီပိုင်းအတွင်း သေဆုံးသွားလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

"ရှောင်ခွန်း ထွက်သွားတဲ့အချိန်မှာ သတိရှိနေသေးလား"

"သတိရှိပါတယ်။ တကယ်ကို သတိရှိနေတာပါ။ ပြီးတော့ အဲ့ဒီလမ်းကိုလည်း သူ အကြိမ်ပေါင်းများစွာ မောင်းဖူးတာပဲ၊ ဘာပြဿနာမှ မရှိခဲ့ပါဘူး"

ထိုလူငယ်၏ မျက်လုံးများမှာ ဟိုဟိုဒီဒီ ရောက်နေပြီးမှ

"ဦးလေး... ကျွန်တော့်အထင်တော့ ကားမှာ ပြဿနာရှိလို့ ထင်ပါတယ်။ ရှောင်ခွန်းက ကားမောင်း တကယ်တော်တာပါ"

"ကား?"

မာကျန်းဟဲသည် သူ၏လက်ကို လွှတ်လိုက်ပြီး အတွင်းရေး မှူးကို လှည့်ကြည့်လိုက်သည်။

"ဥက္ကဋ္ဌ... သခင်လေးရဲ့ ကားမှာ အော်တိုမောင်းစနစ် ပါပါတယ်။ အဲ့ဒီစနစ်က... နိုင်ငံခြားမှာ လူသေမှုတွေ ဖြစ်ခဲ့ဖူးပါတယ်"

အဘိုးကြီး၏လက်များမှာ ဒေါသကြောင့် တုန်ရင်နေ၏။

"မြန်မြန်... ပြည်နယ်ရဲချုပ်ဆီ ဖုန်းဆက်စမ်း။ ကားနဲ့ပတ် သက်တဲ့ စုံစမ်းစစ်ဆေးမှုအကြောင်း ငါ မေးရမယ်"

...

ထိုနေ့ညနေတွင် မာခွန်း၏သတင်းမှာ Weibo ၏ ထိပ်တန်းသတင်းအဖြစ် နောက်တစ်ကြိမ် နေရာယူခဲ့ပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သူသည် လူလောကမှ ထွက်ခွာသွားပြီ ဖြစ်သည်။

"ဂျက်ဆီ... ကောင်းတယ်။ နောက်ထပ်လုပ်ရမှာက အဲ့ဒီကောင်တွေကို အမေရိကန် စတော့ဈေးကွက်ကို သေချာစောင့်ကြည့်ခိုင်းထား"

ကျိုးထျန်းသည် ဖုန်းချလိုက်ပြီး ပေါ့ပါးသွားသော စိတ်ဖြင့် ရေရွတ်လိုက်သည်။

‘အခုဆို ငါတို့ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်မယ့်သူ မရှိတော့ဘူး’

‘စည်းကမ်းမလိုက်နာတဲ့ လူတွေအတွက်တော့ ဒါက အကောင်းဆုံး ဖြေရှင်းနည်းပဲ’

အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသော သတင်းများကို မြင်ပြီး လူအများစုမှာ လက်ခုပ်တီး အားပေးကြသည်။ မကြာသေးမီက ထွက်ပေါ်ခဲ့သော သတင်းဆိုးများကြောင့် မာခွန်းသည် လူထု၏ ရန်သူဖြစ်နေခဲ့သည်မဟုတ်ပါလား။

လူထု၏အမြင်တွင် သူသည် ကိုယ်ကျင့်တရား ပျက်ပြားပြီး ဥပဒေကို ဂရုမစိုက်သော သူဌေးသားမိုက် တစ်ဦးသာ။

ယခုအခါ မတော်တဆမှုဖြင့် သေဆုံးသွားခြင်းမှာ ဝဋ်လည်ခြင်းပင် ဖြစ်သည်ဟု ယူဆကာ အားလုံးက ပျော်ရွှင်နေကြသည်။

သတင်းအားလုံးမှာ တင်သွင်းလာသော လျှပ်စစ်ကား တံဆိပ်တစ်ခုကို ဦးတည်နေကြသည်။

သားဖြစ်သူ သေဆုံးသွားသဖြင့် မာကျန်းဟဲသည် တာဝန်ယူရမည့်သူကို ရှာဖွေရမည်ဖြစ်ရာ ကားမှာ အဓိက သံသယဖြစ်ဖွယ်ရာ ဖြစ်လာတော့သည်။

သူ့ ထင်မြင်ချက်မှာ မှန်ကန်သည်။ ၎င်းမှာ ကား၏ ပြဿနာဖြစ်သော်လည်း တံဆိပ်၏ ပြဿနာတော့ မဟုတ်ပေ။

လူသေဆုံးမှုကဲ့သို့ ပြင်းထန်သည့် ဖြစ်ရပ်ကြောင့် အာဏာပိုင်များသည် T တံဆိပ်၏ စီမံခန့်ခွဲသူများကို ချက်ချင်းဆက်သွယ်ခဲ့ကြသည်။

နာရီအနည်းငယ် ကြာပြီးနောက် T တံဆိပ်၏ တရားဝင် Weibo အကောင့်မှ သတင်းတစ်ခု တင်ခဲ့သည်။

"ကျွန်ုပ်တို့၏ စုံစမ်းစစ်ဆေးမှုအရ ယာဉ်မောင်းသည် ကားမမောင်းမီ အရက်အမြောက်အမြား သောက်သုံးထားသဖြင့် ဤကဲ့သို့ ဝမ်းနည်းဖွယ် ဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့၏ယာဉ်များနှင့် စနစ်များမှာ ချို့ယွင်းချက် မရှိပါ"

ထိုတံဆိပ်တွင် အဆက်အသွယ်ကောင်းများရှိသည်။ မဟုတ်လျှင် တရုတ်ပြည်၌ စက်ရုံတည်ထောင်နိုင်မည် မဟုတ်ပေ။

မာခွန်းသည် အရက်မူးပြီး မောင်းနှင်ခဲ့ကြောင်းကို သူတို့ လျင်မြန်စွာသိရှိသွားပြီး ချက်ချင်း ထုတ်ဖော်ခဲ့ခြင်းပင်။

သူတို့၏ကားနှင့် စနစ်များ ချို့ယွင်းနေသည်ဟု သူတို့ လုံးဝ ဝန်ခံလို့မရပေ။

ဤသတင်း ထွက်လာသည်နှင့်တစ်ပြိုင်နက် T တံဆိပ်၏ ပရိသတ်များမှာ ရူးသွပ်ကုန်ကြပြီး မာခွန်းနှင့် သူ့မိသားစုကို ချက်ချင်း တိုက်ခိုက်တော့သည်။

T တံဆိပ်၏ ပိုင်ရှင်မှာ ဝါရင့် ဈေးကွက်မြှင့်တင်ရေး ကျွမ်း ကျင်သူဖြစ်ရာ ဤကဲ့သို့ အခြေအနေမျိုးတွင် အရှုံးခံမည် မဟုတ်ပေ။

သို့သော် သူ မေ့သွားသည်မှာ ဤနေရာသည် သူ့ ဇာတိမြေ မဟုတ်ဘဲ တရုတ်ပြည် ဖြစ်နေခြင်းပင်။

မိနစ်အနည်းငယ် ကြာပြီးနောက် သူ့ Weiboပို့စ်မှာ ပျောက်ကွယ်သွားခဲ့သည်။ သူကိုယ်တိုင် ဖျက်လိုက်ခြင်း မဟုတ်ဘဲ အဖြုတ်ခံလိုက်ရခြင်း ဖြစ်သည်။

သက်ဆိုင်ရာ ဌာနများကပင် စုံစမ်းစစ်ဆေးရန် အချိန်မရသေးမီ ကုမ္ပဏီက အဖြေကို အရင်ထုတ်နေသည်မဟုတ်ပါလား။

ဤကိစ္စမှာ ရုတ်တရက် ပိုရှုပ်ထွေးသွားတော့သည်။

အွန်လိုင်းပေါ်တွင် ဝေဖန်မှုများ ရှိနေသော်လည်း လူတိုင်းက အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်ကို စောင့်ဆိုင်းနေကြသည်။ ဤလုပ်ငန်းစဉ်မှာ ရက်အနည်းငယ် ကြာပေလိမ့်မည်။

T တံဆိပ် ပိုင်ရှင်က တာဝန်ယူမှု မရှိကြောင်း Weiboပေါ်တွင် အတင်းအကျပ် တင်ခိုင်းရသည့် အကြောင်းရင်းမှာ လူထု၏ ထင်မြင်ချက်ကို ဦးစွာရယူလိုသောကြောင့် ဖြစ်သည်။

လူထု၏ထင်မြင်ချက်မှာ အလွန်အရေးကြီးသော အရာတစ်ခုနှင့် ဆက်စပ်နေသည်။

၎င်းမှာ စတော့ဈေးနှုန်းပင်။

လူသေမှုမှာ ကိစ္စအသေးအမွှား မဟုတ်ပေ။ အကယ်၍ ကြီးထွားသွားလျှင် သူတို့၏ စတော့ဈေးနှုန်းများမှာ ထိုးဆင်းသွားနိုင်ပြီး ၎င်းကို ပြန်လည် ထိန်းသိမ်းရန်မှာ အလွန်ပင် ခက်ခဲပေလိမ့်မည်။

ကျိုးထျန်းသည် ထိုစိတ်ဓာတ်ကို နားလည်သဖြင့် ဂျက်ဆီကို နိုင်ငံတကာ ဝက်ဘ်ဆိုက်များတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခိုင်းလိုက်သည်။

အဓိက အချက်များကိုသာ အလေးပေးရန်ဖြစ်သည်။

T-ကား၊ ထိန်းချုပ်မှု လွတ်သွားခြင်း၊ လူသေဆုံးခြင်း! နေရာကို ဖုံးကွယ်ထားပြီး ထိုစကားလုံးများကို အသုံးပြု၍ ဒေသခံများ၏အာရုံကို ဆွဲဆောင်ရန် ဖြစ်သည်။

နာရီပိုင်းအတွင်းမှာပင် ထိုသတင်းမှာ နိုင်ငံခြား၊ အထူးသဖြင့် အမေရိကန်တွင် ပျံ့နှံ့သွားခဲ့သည်။

အလားတူ ဖြစ်ရပ်မျိုး ထိုနေရာ၌ ဖြစ်ဖူးထားသဖြင့် လူအများ၏စိုးရိမ်စိတ်ကို လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

တစ်ချိန်တည်းမှာပင် ကျိုးထျန်းသည် ယခင်ကိစ္စမှ ကျန်ရှိနေသော အမေရိကန်ဒေါ်လာ သန်း ၈၀ ခန့်ကိုအမေရိကန်စတော့ဈေးကွက်ထဲသို့ တိတ်တဆိတ် ထည့်သွင်းလိုက်သည်။

ဤတစ်ကြိမ်တွင် သူသည် T-ကား၏ စတော့များကို ကစားရန်စီစဉ်ထားခြင်း ဖြစ်သည်။

"မာခွန်း... မင်း သေသွားပြီဆိုပေမဲ့ အလကားတော့ အသေမခံပါနဲ့။ မင်းကို သုံးပြီး ပိုက်ဆံ နည်းနည်းလောက် ထပ်ရှာပါရစေဦး။ ရလာတဲ့ ပိုက်ဆံထဲကနေ ကျောက်ရှင်းရဲ့ဆေးကုသစရိတ်အတွက် နည်းနည်းပေးပါ့မယ်"

သူသည် အမေရိကန် ဈေးကွက်၏အပြောင်းအလဲများကို ကြည့်ရင်း စတော့ဈေးနှုန်းများ ထိုးကျသွားမည့် အချိန်ကို စောင့်ဆိုင်းနေမိတော့သည်။

သို့သော် သူသည် T-ကားကို တစ်ချက်တည်းနှင့် ဖြိုလဲနိုင်မည်ဟုတော့ မထင်ပေ။

ဤတစ်ကြိမ်တွင် သူသည် အစီအစဉ်များစွာ ပြင်ဆင်ထားပြီးဖြစ်ရာ အောက်ကျမခံတတ်သည့် အဘိုးကြီးမာက သူ မျှော်လင့်ထားသည့်အတိုင်း လုပ်ဆောင်မည်လားဆိုသည်ကိုသာ စောင့်ကြည့်ရပေမည်။

🍋 Chapter 124

T-တံဆိပ် အထူးထုတ်လုပ်မှု၏ ပိုင်ရှင်ဖြစ်သူ မစ္စတာမာမှာ တကယ်ကို ထူးခြားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

သူသည် ဝါဒဖြန့်ချိရေးဌာနတစ်ခုလုံးကို တစ်ယောက်တည်း ကိုင်တွယ်နိုင်စွမ်းရှိသူ ဖြစ်၏။ လူအများ၏

အထင်ကြီးလေးစားမှုကို ရရှိအောင် ပြုလုပ်ရာတွင်လည်း ကောင်း၊ ခက်ခဲနက်နဲသည့် သီအိုရီများကို အသုံးပြု၍ လူထုကို လှည့်စားရာတွင်လည်းကောင်း သူသည် အလွန်ပင် ကျွမ်းကျင်လှသည်။

သူ၏ စိတ်နေစိတ်ထားမှာ စိတ်ပညာအရကြည့်လျှင် ဒုတိယကမ္ဘာစစ်ကို စတင်ခဲ့သည့် နှုတ်ခမ်းမွေးနှင့် လူသား၏ အမျိုးအစားထဲတွင် ပါဝင်သည်။

သူသည် လူအများ၏ စိတ်ခံစားချက်ကို ကစားရာတွင် ပါးနပ်ပြီး ဝမ်းနည်းစရာ ဖြစ်ရပ်များကိုပင် ပျော်ရွှင်စရာပွဲတော်များ ဖြစ်သွားအောင် ဖန်တီးနိုင်စွမ်း ရှိသည်။

တရုတ်ပြည်၌ စက်ရုံတည်ထောင်ပြီးနောက် ကားဈေးနှုန်းများ ထိုးကျသွားခဲ့ရာ ယခင်က ဝယ်ယူထားသူများ၏ ခံစားချက်ကို လုံးဝ ထည့်သွင်းစဉ်းစားခြင်းမရှိခဲ့ပေ။

သို့သော်လည်း အမာခံပရိသတ်အများအပြားမှာ သူ့ကို နတ်ဘုရားတစ်ပါးကဲ့သို့ ကိုးကွယ်နေကြဆဲပင်။

ကျိုးထျန်းသည် ထိုအချက်များကို ကြိုတင်သိရှိထားသဖြင့် သူ၏အစီအစဉ်တွင် သဘာဝကျကျ ထည့်သွင်းတွက်ချက်ထားပြီး ဖြစ်သည်။

ထို့ကြောင့် မတော်တဆမှုတစ်ခုတည်းဖြင့် T-တံဆိပ်၏ စတော့ဈေးနှုန်းကို အပြီးတိုင် ဖြိုလဲရန်မှာ ခက်ခဲပေလိမ့်မည်။

သို့သော် သူ မမျှော်လင့်ထားသည့်အချက်မှာ မာခွန်းသည် အရှိန်ပြင်းပြင်း မောင်းနှင်ရုံသာမက အရက်ပါ မူးနေခဲ့ခြင်းပင်။

မစ္စတာမာမှ ထိုအချက်ကို အမိအရ ဆုပ်ကိုင်သွားခဲ့သည်။

ဤသည်မှာ ကျိုးထျန်းအတွက် အနည်းငယ် အခက်တွေ့စေပြီး သူ၏ ပထမလှိုင်း အစီအစဉ်ကို ထိရောက်မှု သိသိသာသာ လျော့နည်းသွားစေခဲ့သည်။

T-တံဆိပ်၏ စတော့ဈေးနှုန်းမှာ လက်ရှိတွင် ဒေါ်လာ ၅၈၀ ဝန်းကျင်၌ ရှိနေပြီး သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးသို့ နီးကပ်နေသည်။

၎င်းအပြင် တရုတ်ဈေးကွက်၌ အရောင်းသွက်နေသဖြင့် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းအများအပြားက အနာဂတ်အတွက် အကောင်းမြင်နေကြရာ စတော့ဈေးမှာ အတက်ဘက်သို့ ဦးတည်နေခြင်း ဖြစ်သည်။

သို့သော် ဂျက်ဆီ၏ သတင်းဖြန့်ဝေမှုနောက်ပိုင်းတွင် စတော့ဈေးနှုန်းများ စတင်လှုပ်ခတ်လာခဲ့သည်။

ဈေးကွက်ဖွင့်ပြီး တစ်နာရီအတွင်းမှာပင် ဈေးနှုန်းမှာ ၅၇၉.၄၅ ဒေါ်လာမှ ၅၇၄.၃၉ ဒေါ်လာသို့ ကျဆင်းသွားခဲ့ရာ ၅ ဒေါ်လာကျော် သို့မဟုတ် ၁ ရာခိုင်နှုန်းပင် မပြည့်သော ပမာဏသာ ဖြစ်သည်။

ကျိုးထျန်း၏ ကနဦး မျှော်လင့်ချက်မှာ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ဖြစ်သော်လည်း ယခုမူ ကွာဟချက် ကြီးမားနေသည်။

ကံကောင်းသည်မှာ ကျိုးထျန်းသည် ဤတစ်ကြိမ်တွင် အလီစတော့ကို ဝယ်စဉ်ကထက် ပိုသတိထားခဲ့ခြင်းပင်။ သူသည် ၅ ဆ သာ အသုံးပြုထားသဖြင့် ရန်ပုံငွေ၏ဘေးအန္တရာယ်နှင့် လှုပ်ခတ်မှု ခံနိုင်ရည်မှာ ပိုမြင့်မားနေသည်။

ဂျက်ဆီ သတင်းဖြန့်ပြီး မကြာမီမှာပင် ဘော့စ်မာမှ သူ၏ ဇာတိမြေ မီဒီယာများတွင် သတင်းတစ်ခုကို အမြန်ထုတ်ပြန်ခဲ့သည်။

ထိုသတင်းမှာ တရုတ်ပြည်၌ အဖြုတ်ခံလိုက်ရသော သတင်းနှင့် ဆင်တူသော်လည်း တရုတ်ယာဉ်မောင်းများ၏အရည် အသွေးအပေါ် ဝေဖန်ချက်အချို့ကို သူက ထည့်သွင်းထားသည်။

ဤသည်မှာ လူဖြူများ၏တရုတ်လူမျိုးများအပေါ် ထားရှိသော ပုံသေအမြင်မှားများကို လှုံ့ဆော်လိုက်ခြင်းပင်။

နိုင်ငံရပ်ခြားရှိ T ပရိသတ်များမှာလည်း အလွန်များပြားပြီး သစ္စာရှိကြရာ အထောက်အထား မရှိဘဲနှင့်ပင် တရုတ်လူမျိုးများကို စော်ကားတိုက်ခိုက်လာကြတော့သည်။

သို့သော်လည်း ဆင်ခြင်တုံတရားရှိသူများလည်း ရှိနေပါသေးသည်။ T-တံဆိပ်မှာ ယခင်ကလည်း ပြဿနာများ ရှိခဲ့ဖူးရာ ဤမတော်တဆမှုသည်လည်း ထိုပြဿနာများ၏ အကျိုး ဆက်လောဟု သံသယဝင်ကြသည်။

ပြိုင်ဘက် ကားထုတ်လုပ်ရေး ကုမ္ပဏီများကလည်း ဤအခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ ဝေဖန်တိုက်ခိုက်ကြတော့သည်။

သို့သော် ပါးနပ်သော မစ္စတာမာသည် သူ၏ နိုင်ငံသားများ၏ စိတ်ကို နားလည်ထားသည်။ သူက တရုတ်ပြည်၌ ထုတ်လုပ်သော T-တံဆိပ် ကားများသည် မိခင်နိုင်ငံရှိ ကားများနှင့် မတူညီကြောင်း အရိပ်အမြွက် ပြောကြားလိုက်သည်။

ထို "မတူညီမှု" ဆိုသည်မှာ ဘာလဲဆိုသည်ကို လူတိုင်း နားလည်ကြသည်၊

၎င်းကို "အထူးထုတ်လုပ်မှု" ဟု ခေါ်သည်။

ဤအရိပ်အမြွက်စကားက သူ့နိုင်ငံသားများကို ကျေနပ်စေခဲ့သည်။

"ငါတို့လို အထက်တန်းစားတွေက သူတို့နဲ့ တူတဲ့ ပစ္စည်းကို သုံးလို့ ဘယ်ဖြစ်မလဲ" ဟု သူတို့က တွေးတောကြသည်။

သို့သော် ဤသည်မှာ ကျိုးထျန်း စောင့်ဆိုင်းနေသည့် အချက်ပင်။

"အထူးထုတ်လုပ်မှု" ဆိုသည်မှာ အသစ်အဆန်း မဟုတ်ပေ။ ၎င်းမှာ မစ္စတာမာ တီထွင်ခဲ့သည့် အရာလည်း မဟုတ်ပေ။

အချို့သော ဖက်စပ်တံဆိပ်များက စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

ပစ္စည်းအရည်အသွေးကို လျှော့ချခြင်း၊ အင်ဂျင်အဟောင်းများကို သုံးခြင်း၊ ကားအတွင်းပိုင်း ဘေးကင်းလုံခြုံရေး အစိတ်အပိုင်းများကို လျှော့ချခြင်းတို့ ပြုလုပ်ကြသည်။

ကားပေါ့သွားလျှင် ဆီစားသက်သာသည်ဟု အကြောင်းပြချက် ပေးကြ၏။

နောက်ဆုံးတွင် ကားမှာ အလွန်ပင် အရည်အသွေး ညံ့ဖျင်းသွားခဲ့ပြီး စမ်းသပ်ချက်များအရ ပြဿနာပေါင်းစုံ ပေါ်ထွက်လာခဲ့သည်။

အရုပ်များပင် ထိုမျှ ပျက်စီးသွားလျှင် လူအစစ်များဆိုလျှင် မာခွန်းကဲ့သို့သာ ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် တရုတ်လူမျိုးများသည် ထိုအထူးထုတ်လုပ်မှု ဆိုသည့် စကားလုံးကို အလွန်ပင် မုန်းတီးကြသည်။

မစ္စတာမာ၏ ပြောကြားချက်များကို တရုတ်ဝက်ဘ်ဆိုက်များတွင် ချက်ချင်း ပြန်လည်ဖော်ပြကြတော့သည်။

ကုမ္ပဏီပိုင်ရှင်ကိုယ်တိုင် အရိပ်အမြွက် ပြောကြားနေမှတော့ မည်သို့ အမှားဖြစ်နိုင်ပါမည်နည်း။

"တောက်... ဒီ မာဒါကျူးကို ငါ မကြည်တာ ကြာပြီ။ သူက ငါတို့ကို ပစ္စည်းညံ့တွေနဲ့ လှည့်စားနေတာပဲ"

"ဟုတ်တယ်၊ သူက အရက်မူးလို့ ဖြစ်တာဆိုပြီး တစ်ဖက် သတ် စွပ်စွဲနေတာ။ ကားမှာ ပြဿနာရှိနေတာကို ဖုံးကွယ်ချင်လို့ပဲ ဖြစ်ရမယ်"

"T-တံဆိပ် ဝယ်ထားတဲ့လူတွေ ဘယ်လိုငိုကြမလဲဆိုတာ ငါ သိချင်နေပြီ။ အရင်ကလည်း ဈေးလျှော့လို့ အသည်းကွဲခဲ့ရပြီးပြီ၊ အခုကျတော့ အထူးထုတ်လုပ်မှုတဲ့"

"ဒီကားက ဒီဇိုင်းပိုင်းမှာ အထူးထုတ်လုပ်တာလား၊ ဒါမှမဟုတ် ကုန်ကြမ်းပစ္စည်းတွေမှာလားဆိုတာ ငါ သိချင်တယ်။ ဘာပဲဖြစ်ဖြစ် ငါတော့ မဝယ်ဘူး"

...

ထိုအချိန်မှာပင် မာကျန်းဟဲကလည်း တစ်ဦးတစ်ယောက်ကို Weibo ပေါ်တွင် သတင်းတင်ခိုင်းလိုက်သည်။

သူသည် T-တံဆိပ်ကို တရားစွဲဆိုမည်ဖြစ်ပြီး စီးပွားရေးအရ ဆုံးရှုံးမှုအတွက် လျော်ကြေးငွေ ယွမ် သန်း ၅၀ တောင်းဆိုလိုက်သည်။

ငွေမှာ သူ့အတွက် အရေးမကြီးသော်လည်း သားဖြစ်သူ သေဆုံးမှုအတွက် လက်စားချေရန်သာ သူ အာရုံစိုက်နေတော့သည်။ သူသည် သားဖြစ်သူနှင့်အတူ အရက်သောက်ခဲ့သည့် လူငယ်များကိုလည်း လွှတ်ပေးရန် အစီအစဉ်မရှိပေ။

မာကျန်းဟဲသည် လုံးဝကို ရူးသွပ်သွားပြီ ဖြစ်သည်။ သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ လက်စားချေရန်သာ။

ထို့ကြောင့်ပင် ကျိုးထျန်းသည် ရှန်ဟိုင်း၌ အရေးယူရန် မရွေးချယ်ဘဲ မာခွန်းကို သူ့ နယ်မြေသို့ ပြန်ပို့ခဲ့ခြင်းဖြစ်သည်။

ဤနည်းဖြင့် မာကျန်းဟဲ မည်မျှပင် စဉ်းစားစေကာမူ သူ့ကို သံသယဝင်လိမ့်မည် မဟုတ်ပေ။ အဝေးမှနေ၍ လူသတ်ခြင်းကို မည်သူမျှ စိတ်ကူးယဉ်နိုင်မည် မဟုတ်ပေ။

ဤယာဉ်မတော်တဆမှုမှာ လူမှုရေးပြဿနာတစ်ခု ဖြစ်လာခဲ့သည်။ အထူးသဖြင့် "အထူးထုတ်လုပ်မှု" ဆိုသည့် စကားလုံးကြောင့် အခြေအနေမှာ ပိုဆိုးရွားသွားသည်။

နောက်တစ်နေ့ မနက်တွင် T-တံဆိပ်၏ တရုတ်ပြည်ဆိုင်ရာ တာဝန်ခံကို အာဏာပိုင်များက ခေါ်ယူစစ်ဆေးခဲ့ပြီး မစ္စတာမာကိုပါ ဗီဒီယိုကွန်ဖရင့်ဖြင့် ပါဝင်ရန်တောင်းဆိုခဲ့သည်။

အစိုးရက ဝင်ရောက်စွက်ဖက်လာပြီ ဖြစ်သည်။

"မင်းကို တရုတ်ပြည်မှာ စက်ရုံတည်ခွင့်ပေးတာက တရုတ်လူမျိုးတွေကို အရူးလုပ်ဖို့ မဟုတ်ဘူး"

၎င်းအပြင် ရဲများ၏ စုံစမ်းစစ်ဆေးမှုအရ ကားမှာ ချို့ယွင်းချက်ရှိနိုင်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် စောင့်ကြည့်ကင်မရာနှင့် အချက်အ လက်များအရ မတော်တဆမှုမဖြစ်မီ မိနစ်ပိုင်းအလိုတွင် ကား၏အရှိန်မှာ ဆော့ဖ်ဝဲလ်က သတ်မှတ်ထားသည့် ကန့်သတ်ချက်ထက် ကျော်လွန်နေခြင်းကြောင့် ဖြစ်သည်။

ဤသည်မှာ ကား၏စနစ်ပိုင်းဆိုင်ရာ တစ်ခုခု ချို့ယွင်းနေ သည်ကို ပြသနေခြင်းပင်။

"ကောင်းပြီ၊ ငါ ထင်ထားတဲ့အတိုင်းပဲ၊ ဒီလူက အပြစ်ကို လွှဲချဖို့ ကြိုးစားမှာပဲ"

"ဒါပေမဲ့ သူ ဘယ်လိုပဲ အပြစ်လွှဲချပါစေ၊ တရုတ်ပြည်က ကားတွေက တခြားနေရာက ကားတွေနဲ့ မတူဘူးလို့ ပြောပြမှသာ နိုင်ငံခြားက သုံးစွဲသူတွေက စိတ်အေးနိုင်မှာ။ ဒါက ငါနဲ့ မဆိုင်သလိုမျိုး ဖြစ်နေမှာပဲ"

တရုတ်အစိုးရနှင့် တွေ့ဆုံသည့်သတင်း ပျံ့နှံ့သွားပြီးနောက် T-တံဆိပ်၏ စတော့ဈေးနှုန်းမှာ ထိုးကျသွားခဲ့သည်။

နိုင်ငံခြားကုမ္ပဏီတစ်ခု တရုတ်ပြည်၌ တည်ငြိမ်စွာ လည်ပတ်နိုင်ခြင်း ရှိ၊ မရှိမှာ အစိုးရ၏ သဘောထားအပေါ် အများကြီး မူတည်သည်။

ယခုကဲ့သို့ အခြေအနေတွင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းအများအပြားက စတော့များကို စတင်ရောင်းချကြတော့သည်။

၅၆၇၊ ၅၅၉၊ ၅၄၂။

တစ်ရက်အတွင်းမှာပင် စတော့ဈေးနှုန်းမှာ ၅၇၀ ကျော်မှ ၅၄၀ ဝန်းကျင်အထိ ထိုးကျသွားခဲ့သည်။

ကျိုးထျန်း၏ ဝယ်ဈေး ၅၇၈.၁၉ နှင့် တွက်ချက်လျှင် သူသည် အမေရိကန်ဒေါ်လာ ၅ သန်းကျော် မြတ်စွန်းနေပြီ ဖြစ်ပြီး ၅ ဆ အသုံးပြုထားသဖြင့် စုစုပေါင်းအမြတ်မှာ ဒေါ်လာ ၂၅ သန်းကျော် ရှိနေပြီ ဖြစ်သည်။

သို့သော် ကျိုးထျန်း၏ စရိုက်အရ သူသည် ဤမျှနှင့် ရပ်တန့်မည် မဟုတ်ပေ။

"အထူးထုတ်လုပ်မှု" အရှုပ်တော်ပုံမှာ သူ့ ဒုတိယမြောက် အဆင့်သာ ရှိသေးပြီး သူ့ လက်ထဲတွင် ပိုကြီးသော အကွက်တစ်ခု ကျန်ရှိနေသေးသည်။

All Chapters