← Chapters

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

🍋 Chapter 127

ကျိုးထျန်းအား Baoge စားသောက်ဆိုင်တွင် အခမဲ့စားသောက်ခွင့် ပေးခဲ့ပြီးကတည်းက ဟယ်ဝေရွှမ်းသည် သူမ နှာခေါင်း၌ ခဏခဏ အေးစိမ့်စိမ့်ဖြစ်ကာ ယားယံသလို ခံစားနေရသည်။

"ဘာလို့ အခုတလော နှာခေါင်းက ခဏခဏ ယားနေရတာလဲ။ ဖုန်နဲ့ ဓာတ်မတည့်တာများလား"

သူမ အတွင်းရေးမှူးမလေးက ရေနွေးတစ်ခွက်ကို အမြန်ယူလာပေးသည်။

"မဟယ်... အခုတလော အလုပ်တွေ အရမ်းများပြီး အနားယူတာ နည်းနေလို့ နေမကောင်းချင်တာလား မသိဘူး"

ဤအတွင်းရေးမှူးမလေးမှာ ဟယ်ချင်းဝမ်ဖြစ်ပြီး ဟယ်ဝေရွှမ်း၏ ဝမ်းကွဲညီမလည်း ဖြစ်သည်။

အတွင်းရေးမှူးမလေးသည် သူမအား အလုပ်သဘောအရသာမကဘဲ စိတ်ရင်းနှင့်ပါ အလွန်ဂရုစိုက်ရှာသည်။

ဟယ်ချင်းဝမ်သည်လည်း ထူးချွန်ထက်မြက်သူတစ်ဦးဖြစ် သည်။ Wharton စီးပွားရေးတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး နိုင်ငံတကာကုမ္ပဏီကြီးတစ်ခု၏ ဥရောပဌာနခွဲတွင် ဌာနမန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။

သို့သော် လွန်ခဲ့သောနှစ်နှစ်က သူမသည် အလားအလာကောင်းသော အဆင့်မြင့်အလုပ်ကို စွန့်လွှတ်ကာ ဟယ်ဝေရွှမ်း၏ အတွင်းရေးမှူးအဖြစ် လာရောက်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

အကြောင်းမှာ ဟယ်ဝေရွှမ်းသည် သူမ၏ လုပ်ရည်ကိုင်ရည်ကို အလွန်အသိအမှတ်ပြုသောကြောင့် ဖြစ်သည်။

အတွင်းရေးမှူးဟု ခေါ်သော်လည်း သူမသည် လက်တွေ့တွင်မူ ဤသြဇာကြီးမားသော အမျိုးသမီး၏အဓိကစီမံခန့်ခွဲသူတစ်ဦးပင်။

အရေးကြီးသည့် ကိစ္စမှန်သမျှမှာ သူမက အရင်စစ်ဆေးပြီးမှ ဟယ်ဝေရွှမ်းထံသို့ ရောက်ရှိလေ့ရှိသည်။

အပြန်အလှန်အားဖြင့် ဟယ်ဝေရွှမ်းကလည်း သူမအား စျေးကွက်ပေါက်စျေးထက် အဆပေါင်းများစွာ သာလွန်သော လစာကို ပေးထားသည်။

ဟယ်ချင်းဝမ်သည်လည်း သူမ၏ ဝမ်းကွဲမမအား အစွမ်းကုန် ကူညီပေးရှာသည်။ သူမသည် ဝမ်းကွဲညီမ ဖြစ်သော်လည်း အလုပ်ခွင်တွင်ရော အပြင်မှာပါ ဟယ်ဝေရွှမ်းအား "မမဟယ်

" ဟုသာ အမြဲတမ်း ခေါ်ဝေါ်လေ့ရှိသည်။

ဤသည်မှာ ဟယ်ဝေရွှမ်း၏ စွမ်းဆောင်ရည်အပေါ် အမှန်တကယ် လေးစားအားကျသောကြောင့် ဖြစ်သည်။

"မမဟယ်... တစ်ရက်လောက်ဖြစ်ဖြစ် အနားယူပြီး အပန်းဖြေခရီး ထွက်ရင် ဘယ်လိုလဲ"

"မဖြစ်ဘူး... ကိုင်တွယ်ရမဲ့ ကိစ္စတွေ အများကြီး ကျန်သေးတယ်၊ အနားယူဖို့ အချိန်မရှိဘူး"

ဟယ်ဝေရွှမ်းက စာရွက်စာတမ်းများကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။

"ဒါဆိုရင် ကောင်းကောင်းလေး တစ်နပ်လောက် သွားစားကြမလား။ ညီမကတော့ ငါးအသားဖတ် ကြက်စွပ်ပြုတ်လေး သောက်ချင်တယ်" ဟယ်ချင်းဝမ်က အနည်းငယ် ကပ်ချွဲသလို ပြောလိုက်သည်။

"အင်း... အဲဒါတော့ ကောင်းသားပဲ။ နောက်ရက်ကျရင် ရှန်ဟိုင်းကို သွားကြတာပေါ့၊ အဲဒီက စားသောက်ဆိုင်တွေက တော်တော်လေး ကောင်းတယ်"

ညီမဖြစ်သူက သူမအား အနားယူစေချင်၍ အစားအသောက်ကို အကြောင်းပြနေမှန်း သူမ သိသည်။

ရှန်ဟိုင်းရှိ Baoge စားသောက်ဆိုင်အကြောင်း ပြောရင်းနှင့် ကျိုးထျန်းအား သူမ ရုတ်တရက် သတိရသွားသည်။

"ချင်းဝမ်... ဟိုကောင် ကျိုးထျန်း ငါတို့ Baoge မှာ အလကား စားသွားတာ ဘယ်လောက်ဖိုး ရှိပြီလဲဆိုတာ သွားစစ်ကြည့်စမ်း"

"ဟုတ်ကဲ့ မမဟယ်"

အတွင်းရေးမှူးမလေးသည် သွားရောက်စစ်ဆေးပြီးနောက် ထူးဆန်းသော မျက်နှာပေးဖြင့် ပြန်လာသည်။

"မမဟယ်... ကြည့်ပါဦး၊ ဒီကျိုးထျန်းကတော့ တကယ်ကို အားမနာတတ်တဲ့လူပဲ"

"၂၇၈,၆၀၀"

ဤသည်မှာ ကျိုးထျန်းတစ်ယောက်တည်း Baoge တွင် အခမဲ့ စားသောက်ထားသည့် စုစုပေါင်း မှတ်တမ်းဖြစ်သည်။

"အင်း... ဒီကောင်က တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ။ ငါ ထင်ထားတဲ့အတိုင်း သူက တကယ့် လူထူးလူဆန်းပဲ"

"ရှင်? ငါတို့ဆိုင်မှာ အလကားဝင်စားတာက လူထူးလူဆန်း ဖြစ်ရတာလား" ဟယ်ချင်းဝမ် အံ့သြသွားသည်။

လူထူးလူဆန်း ဖြစ်ရိုးမှန်လျှင် သူမလည်း အစားများများစားပြီး လူထူးလူဆန်း ဖြစ်ချင်သေးသည်။

"ဟဲဟဲ... နင် နားမလည်ပါဘူး။ ဒီကောင်က ငါက အားမနာဘဲ စားချင်တာစားလို့ ပြောလိုက်တာကို တကယ်ကြီး လုပ်တာပဲ။ ဒါက သူ့ကိုယ်သူ ယုံကြည်မှုရှိတာကို ပြသနေတာ၊ ပြီးတော့ ငါတို့ မသိသေးတဲ့ ဝှက်ဖဲတွေ သူ့မှာ အများကြီး ရှိနေမှာ သေချာတယ်"

"ရှင်? အစားစားနိုင်တာက ဝှက်ဖဲတွေ ရှိတာလား"

ဟယ်ဝေရွှမ်းသည် ညီမဖြစ်သူအား ထပ်မရှင်းပြတော့ဘဲ စာရွက်စာတမ်းတစ်ခုကို သူမထံသို့ ပစ်ပေးလိုက်သည်။

"ဒါကို ကိုယ်တိုင်ဖတ်ကြည့်ပြီး နင့်အမြင်ကို ပြောကြည့်"

ဟယ်ချင်းဝမ်သည် ထိုစာရွက်စာတမ်းကို ၁၀ မိနစ်ခန့် အသေအချာ ဖတ်ကြည့်ပြီးနောက် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

"မဟယ်... ဒီကျိုးထျန်းက ကံကောင်းလွန်းတာပဲ!"

"ကံကောင်းတာ ဟုတ်လား? ဒါကို ကံကောင်းတယ်လို့ နင် ထင်သလား" ဟယ်ဝေရွှမ်းက လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း တစ်ငုံသောက်လိုက်သည်။

"တစ်ကြိမ်တစ်ခါ ကံကောင်းတာက ဖြစ်နိုင်ပေမဲ့ အကြိမ်တိုင်းကတော့ ကံကောင်းမှု မဟုတ်နိုင်ဘူး။ သူ အိမ်တွေ ဝယ်လိုက်တုန်းကဆိုရင် အိမ်ဖြိုဖျက်မဲ့ နေရာကိုပဲ ရက်သတ္တပတ် အနည်းငယ်အလိုမှာ ကွက်တိဝယ်သွားတာ၊ အဲဒါ ကံကောင်းတာလား?

နောက်တစ်ခါ အိမ်တွေ ထပ်ဝယ်တော့လည်း စီစဉ်မထားသလိုနဲ့ အသစ်ဆောက်မဲ့ အဓိက မူလတန်းကျောင်းနားကိုပဲ ရွေးဝယ်သွားတာ၊ အဲဒါရော ကံကောင်းတာလား?"

"ပိုပြီး ကြောက်စရာကောင်းတာက ယင်းချိုင် နည်းပညာ တစ်ခုလုံးကို ယွမ် ၁၀ သန်းလောက်နဲ့ သိမ်းပိုက်လိုက်တာပဲ" ဟယ်ဝေရွှမ်းပင် မျက်မှောင်ကြုတ်မိသည်။

သူမသည် ကျိုးထျန်းနှင့် လောင်းကြေးထပ်ပြီးကတည်းက သူ့အကြောင်းကို အသေးစိတ် စုံစမ်းခဲ့ခြင်းဖြစ်သည်။ စုံစမ်းလေလေ အံ့သြလေပင်။

သူမကိုယ်သူမ ထူးချွန်သူ၊ မွေးရာပါ ဘုရင်မဟု သတ်မှတ်ထားသော်လည်း ကျိုးထျန်း၏ မှတ်တမ်းများမှာ သူမအတွက် လုံးဝ နားမလည်နိုင်စရာများ ဖြစ်နေသည်။

ထို့ကြောင့်ပင် မာခွန်းနှင့် ကျိုးထျန်း ပြဿနာတက်စဉ်က သူမက ကျိုးထျန်းဘက်ကနေ ရုပ်ရှင်တွင် ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

ဤလူနောက်ကို လိုက်နေသရွေ့ ပိုက်ဆံရမည်ဟု သူမ ခံစားမိသည်။ လက်တွေ့တွင်လည်း သူမ၏ ရွေးချယ်မှုမှာ မှန်ကန်ခဲ့သည်။

ထို့အပြင် Northern Journey ဟုခေါ်သော ဟာသရုပ်ရှင်မှာ ပြန်လည်စစ်ဆေးရန် ရုပ်သိမ်းခြင်း ခံခဲ့ရသဖြင့် Planetary Home ရုပ်ရှင်မှာ ပြိုင်ဘက်ကင်း ဖြစ်သွားခဲ့သည်။ ကျိုးထျန်း ထပ်မံနိုင်သွားပြန်ရာ သူမအား ပိုသံသယဝင်စေသည်။

"ထူးဆန်းတဲ့ ဖြစ်ရပ်တိုင်းရဲ့ နောက်ကွယ်မှာ ထူးဆန်းတဲ့လူ ရှိနေတတ်တယ်။ ဒီကောင်လေးမှာ ငါတို့ မသိတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတယ်"

တွေ့ဆုံခဲ့ဖူးသည့် နှစ်ကြိမ်အရ ကျိုးထျန်းသည် လူဆိုးတစ်ယောက် မဟုတ်မှန်း သူမ ခံစားမိသည်။

ထို့ပြင် သူမ ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းသည်ကို သူက ချက်ချင်းလက်ခံလိုက်ခြင်းက သူသည် အခြေအနေကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသော လူလိမ္မာတစ်ဦး ဖြစ်ကြောင်း ပြသနေသည်။

လူဆိုးမဟုတ်သော၊ သူမ မသိသည့် ဝှက်ဖဲများရှိသော လူကောင်းတစ်ဦး။ ဟယ်ဝေရွှမ်း၏ ရွေးချယ်မှုမှာ ထိုကဲ့သို့သော သူနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သည်။

ရုပ်ရှင်တွင် ရင်းနှီးမြှုပ်နှံခြင်းမှာ ယွမ် ၁၀ သန်းဖြင့် စမ်းသပ်ကြည့်ခြင်းဖြစ်သည်။

ယခုအခါ စမ်းသပ်မှုမှာ အောင်မြင်သွားပြီဖြစ်ရာ ဤကောင်လေးအား မျက်ခြေမပြတ်စောင့်ကြည့်ရန် သူမ ဆုံးဖြတ်လိုက်သည်။

"ချင်းဝမ်... အခုကစပြီး ဒီကောင်လေးရဲ့ လှုပ်ရှားမှုတွေကို သေချာ စောင့်ကြည့်ထား။ ဘာထူးခြားတာရှိရင် ငါ့ကို ချက်ချင်းပြော"

"အော်... သူ ဘယ်စားသောက်ဆိုင်မှာ သွားစားလဲဆိုတာပါ တင်ပြရမှာလား"

"အင်း... အကုန်လုံးပဲ။ ပြီးတော့ ဟွမ်လုံရဲ့ စာချုပ်ကို ယူလာခဲ့၊ မနက်ဖြန် ငါ ကြည့်မယ်"

"မမဟယ်... ဒါက..."

"ဒီကောင်လေးက ငါနဲ့ လောင်းကြေးထပ်ခဲ့တာ၊ သူ နိုင်မယ်ဆိုတာ သူ ကြိုသိနေပုံပဲ။ ငါတို့ သဘောတူထားတဲ့အတိုင်း ကတိတည်ရမယ်၊ ဟွမ်လုံကို လွှတ်ပေးလိုက်တော့"

"ဟာ... ဒါဆိုရင် ညီမတို့ အဲဒီလောက်ကောင်းတဲ့ ငါးအသားဖတ် ကြက်စွပ်ပြုတ်ကို စားရတော့မှာ မဟုတ်ဘူးလား"

"ဟဲဟဲ... သူ အခု ငါတို့ဆီမှာ အလကားစားနေတာပဲလေ။ သူ ဆိုင်ဖွင့်ရင်လည်း ငါတို့ သွားစားကြတာပေါ့" ဟယ်ဝေရွှမ်းက ကြိုတင်စီစဉ်ပြီးသား ဖြစ်သည်။

နင်က အခု ငါတို့ဆိုင်ကို နင့်ရဲ့ ထမင်းချက်ရုံလို သဘောထားပြီး စိတ်ကြိုက်စားနေတာပေါ့ ဟုတ်လား။ နင် ဆိုင်ဖွင့်ရင်လည်း ငါ လာစားပြမယ်။

"ဝိုး... အလကား စားရဦးမှာပေါ့!" ဟယ်ချင်းဝမ် ပျော်သွားသည်။

"ဒါနဲ့ မမ... မမ ဒီကောင်လေးကို သဘောကျနေတာလား။ မမ ယောက်ျားလေးတစ်ယောက်ကို ဒီလောက် စိတ်ဝင်စားတာ ပထမဆုံး မြင်ဖူးတာပဲ"

ဟယ်ဝေရွှမ်း၏ မျက်နှာအမူအရာမှာ တစ်ချက်ကလေးမှ မပြောင်းလဲဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

"သူ့ကို စိတ်ဝင်စားဖို့ကောင်းတယ်လို့တော့ ထင်မိတယ်၊ ဒါပေမဲ့ ဘယ်ယောက်ျားမှ ငါနဲ့ ထိုက်တန်သူ မရှိဘူး၊ သူလည်း အပါအဝင်ပဲ"

"မမကတော့ တကယ့်ကို မိုက်တာပဲ!"

ဟယ်ချင်းဝမ်သည် သူမ၏မမကို အမြဲတမ်း အထင်ကြီးလေးစားမိသည်။

သူ့ မမသည် ဟန်ဆောင်ပြောနေခြင်း မဟုတ်ဘဲ တကယ်ပင် ထိုသို့ ယုံကြည်ထားသူ ဖြစ်ကြောင်း သူမ သိသည်။

"ချင်းဝမ်... လက်ဝတ်ရတနာ ကုမ္ပဏီကိစ္စ ဘယ်လိုရှိလဲ။ ပစ္စည်းရမဲ့ လမ်းကြောင်းတွေနဲ့ ပြည်တွင်းအရောင်း လမ်း ကြောင်းတွေ အဆင်ပြေရဲ့လား"

"ဟုတ်ကဲ့... ပြည်တွင်း အရောင်းလမ်းကြောင်းကတော့ အဆင်ပြေပေမဲ့ နိုင်ငံရပ်ခြား ကုန်ကြမ်းရဖို့ကျတော့ အခက်အခဲ ရှိနေတယ်။

စိန်နဲ့ ကျောက်မျက်တွင်း အကြီးကြီးတွေကို အခုလောလော ဆယ် အစိုးရပိုင်ကုမ္ပဏီအချို့ကပဲ ထိန်းချုပ်ထားတာ။ စျေးပေါပေါနဲ့ ကျောက်ရိုင်းတွေ ရဖို့ဆိုရင် လမ်းကြောင်းအသစ် ရှာရမယ်"

ဟယ်ဝေရွှမ်း ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင် ဘလက်စတိတ် ဘက်ကို ကြည့်ရမယ်။ အဲဒီမှာ မတူးဖော်ရသေးတဲ့ တွင်းတွေ အများကြီး ရှိပေမဲ့ နိုင်ငံရေး အခြေအနေက ပြဿနာပဲ၊ အရမ်းမတည်ငြိမ်လွန်းဘူး"

သူမ ခေတ္တမျှ စဉ်းစားခန်း ဝင်သွားသည်။ လက်ဝတ်ရတနာ ဈေးကွက်မှာ သူမ Bulgari ကို လွှဲပြောင်းယူပြီးနောက် လုပ်ဆောင်မည့် အဓိက စီမံကိန်း ဖြစ်သည်။

သူမသည် ပြည်တွင်းရှိ အဆင့်မြင့်လက်ဝတ်ရတနာ ဈေးကွက်ကို အလွန်အားကိုးနေသည်။

အဆင့်မြင့် လက်ဝတ်ရတနာများတွင် နိုင်ငံခြားကုမ္ပဏီများ၏ လက်ဝါးကြီးအုပ်မှုကို ဖြိုဖျက်ချင်သည်။

အကယ်၍ သူမ အောင်မြင်ခဲ့လျှင် ပြည်တွင်းရှိ လုပ်ငန်းနယ်ပယ်တွင် ထိပ်တန်းခေါင်းဆောင် ဖြစ်လာပေလိမ့်မည်။

ထို့အပြင် သူမကိုယ်တိုင်ကလည်း လက်ဝတ်ရတနာများကို အလွန်ဝါသနာပါသူ ဖြစ်သည်။ ဝါသနာနှင့် အကျိုးအမြတ် ပေါင်းစပ်နေသဖြင့် ဤလမ်းကို သူမ ရွေးချယ်ခဲ့ခြင်းဖြစ် သည်။

‌🍋 Chapter 128

နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် ရှန်ဟိုင်းရှိ Bulgari အထင်က ရအရောင်းဆိုင်၏ အဝင်ဝ၌ ဖြစ်သည်။

ဗန်ကားတစ်စီးသည် အဝင်ဝတွင် ရပ်တန့်လိုက်သည်။

ကားပေါ်မှ လူနှစ်ယောက် အရင်ဆင်းလာကြရာ တစ်ယောက်မှာ ကားဆရာဖြစ်ပြီး ကျန်တစ်ယောက်မှာ လက်ထောက်ဖြစ်သူ ရှောင်မုန့်ဖြစ်သည်။

ကားဆရာက ကားတံခါးကို ဖွင့်ပေးလိုက်ပြီး ရှောင်မုန့်ကမူ ကားတံခါးဝမှ မြင်ကွင်းကို ကွယ်ရန် ကြိုတင်ပြင်ဆင်ထားသည့် ထီးကို ဖွင့်လိုက်သည်။

ကျောက်ရှင်းသည် ခက်ခဲစွာ ကိုယ်ကို လှုပ်ရှားပြီး ကားပေါ်မှ ဆင်းလာခဲ့သည်။ သူမ၏ ခြေထောက်နှစ်ဖက်စလုံးမှာ အရိုးအက်ထားပြီး ခြေသလုံးများတွင်လည်း ညိုမည်းစွဲနေသဖြင့် လှုပ်ရှားရသည်မှာ အလွန်အဆင်မပြေလှပေ။

ယခုအခါ သူမသည် ခြေထောက်ကို မြေကြီးပေါ် လုံးဝချ၍မရဘဲ ဝှီးချဲ သို့မဟုတ် ချိုင်းထောက်ကိုသာ အားကိုးနေရသည်။

မင်းသမီးတစ်ယောက်အနေနှင့် ချိုင်းထောက်နှင့်ဆိုလျှင် ကြည့်မကောင်းမည်စိုး၍သာ ဖြစ်သည်၊ သို့မဟုတ်ပါက သူမသည် ဝှီးချဲကို အသုံးမပြုချင်ပေ။

ကျောက်ရှင်းသည် ဤကဲ့သို့ အလုပ်အကျွေး ပြုစုခံရသည့် ခံစားချက်ကို မနှစ်သက်ပေ။ သူမကိုယ်သူမ အသုံးမကျသည့်လူတစ်ယောက် ဖြစ်နေသလို ခံစားရသောကြောင့် ဖြစ်သည်။

ဟိုတယ်ဝန်ထမ်းလည်း ခရီးဆောင်အိတ်များကို ကူသယ်ရန် ရှေ့သို့ တိုးလာခဲ့သည်။

ဤဝန်ထမ်းများမှာ အနုပညာရှင်ပေါင်းများစွာကို မြင်ဖူးနေကြသူများ ဖြစ်သည်။

ကျိုးထျန်း၏ အမည်ကို ပြောလိုက်ပြီးနောက် ဝန်ထမ်းများက သူမကို ၁၈ ထပ်သို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့သည်။

ယခုတစ်ခေါက်မှာ ခရီးထွက်ခြင်းမဟုတ်သဖြင့် ကျိုးထျန်းသည် အစျေးအကြီးဆုံး သမ္မတအဆောင် ကို ဘွတ်ကင်မလုပ်ထားပေ။

မိန်းကလေးနှစ်ယောက်ပဲ တည်းခိုမှာဖြစ်သလို သူကိုယ်တိုင်လည်း အတူနေမည်မဟုတ်ရာ အကောင်းဆုံးအခန်းကို ယူခြင်းမှာ ဖြုန်းတီးရာရောက်သည်ဟု သူ ခံစားရသည်။

သို့သော် ၁၈ ထပ်မှာ ကံကောင်းသော ဂဏန်းဖြစ်သဖြင့် ထိုအထပ်ရှိ အခန်းများမှာလည်း အတော်ပင် ဇိမ်ကျလှသည်။

အိပ်ခန်းနှစ်ခန်းပါသော ဤအခန်းမှာ ၁၃၀ စတုရန်းမီတာ ကျယ်ဝန်းသည်။ မြေစျေး အလွန်ကြီးသော ရှန်ဟိုင်းကဲ့သို့ နေရာမျိုးတွင် ဤမျှကျယ်ဝန်းခြင်းမှာ အတော်လေး ဟီးနေပြီ ဖြစ်သည်။

ကျိုးထျန်းနှင့် လျိုမုယန်တို့က ထိုနေရာတွင် စောင့်ဆိုင်းနေကြသည်။ ကျိုးထျန်းသည် ကျောက်ရှင်းနှင့်အတူ ဟိုတယ်ထဲသို့ မဝင်ရန် ကြိုတင်စီစဉ်ထားခြင်း ဖြစ်သည်။

အကယ်၍သာ ပါပရာဇီ များ၏ လက်ချက်ဖြင့် ဓာတ်ပုံရိုက်ခံရလျှင် ပြဿနာကြီးသွားနိုင်သည်။ ကျောက်ရှင်း၏ ပုံရိပ် ထိခိုက်ရုံတင်မကဘဲ ကျိုးထျန်း၏ ကိုယ်ရေးအချက်အလက်များပါ ပေါ်သွားနိုင်သည်။

ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် လူသိနည်းလေ ကောင်းလေပင်။ သူသည် ကြွားချင်လျှင်ပင် သူ၏ WeChat Moments ထဲက လူနည်းစုကြားမှာပဲ ကြွားလေ့ရှိသည်။

အကယ်၍ Weibo ပေါ်မှာသာ သွားကြွားမိလျှင် မနာလိုသူများ၏ တိုက်ခိုက်မှုကို ခံရပြီး ချက်ချင်းပင် စုံစမ်းခံရပေလိမ့်မည်။

အတင်းအဖျင်း ဝါသနာပါသော အွန်လိုင်းအသုံးပြုသူများ၏ အစွမ်းကို လျှော့တွက်၍မရပေ။

ကျောက်ရှင်းသည် အခန်းထဲသို့ ဝှီးချဲနှင့် ရောက်ရှိလာသည်။ လျိုမုယန်ကို မြင်လိုက်ရချိန်တွင် သူမ မျက်နှာထက်မှ ခရီး ပန်းသည့် အမူအရာများ ပျောက်ကွယ်သွားပြီး စိတ်ရင်းနှင့် ပြုံးလိုက်မိသည်။

"မုယန်... ငါတို့ ပြန်တွေ့ပြီနော်! ဒီနေ့တော့ နင်နဲ့အတူ Pajamas ပါတီ ဆင်နွှဲရမယ်"

(T/N, Pajamas = ညအိပ်ဝတ်)

ကျောက်ရှင်းသည် စိတ်လှုပ်ရှားစွာဖြင့် သူမကိုယ်သူမ ဒုက္ခိတဖြစ်နေသည်ကို မေ့ကာ ထရပ်လိုက်မိသည်။

ခြေထောက်က မြေကြီးနှင့် ထိသွားသည့် ခဏမှာပင် နာကျင်မှုကြောင့် မျက်နှာ ရှုံ့မဲ့သွားခဲ့သည်။

"မုယန်... ဒီအရူးမကို ကြည့်ဦး"

ကျိုးထျန်းသည် ရှန်ပိန်ပုလင်းတစ်လုံးကို ကိုင်ကာ ထွက်လာခဲ့သည်။ ၎င်းမှာ သူ အထူးပြင်ဆင်ထားသော Dom Pérignon ရှန်ပိန် ဖြစ်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်က အလွန်ခေတ်စားခဲ့သည့် Ace of Spades ကိုတော့ သူ မဝယ်ခဲ့ပေ။

ထိုအရာမှာ လူချမ်းသာများကြားတွင် ကြော်ငြာကောင်း၍ သာ နာမည်ကြီးနေခြင်းဖြစ်ပြီး ဈေးနှင့်တန်သော တန်ဖိုးရှိသည်ဟု သူ မယူဆပေ။

သူသည် ရှေးရိုးကျသော်လည်း တန်ဖိုးနှင့် ညီညွတ်သော Dom Pérignon ကိုသာ ရွေးချယ်ခဲ့သည်။

ယွမ်ထောင်ချီတန်သော ဤဝိုင်ပုလင်းကို ဝယ်ရခြင်းမှာ ကျောက်ရှင်းကို ကြိုဆိုရုံတင် မဟုတ်ပေ။

အဓိကအားဖြင့် ထိုအကောင် မာခွန်းကို နောက်ဆုံးတွင် အပြီးတိုင် နှိမ်နင်းနိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုရန် ဖြစ်သည်။

လျိုမုယန်က ဝိုင်အကြောင်း သိပ်မသိသော်လည်း ကျောက်ရှင်းကမူ ရှန်ပိန်ဖောက်ခြင်း၏ အဓိပ္ပာယ်ကို နားလည်သည်။ ရှန်ပိန်ကို အထိမ်းအမှတ်ပွဲများတွင်သာ ဖောက်လေ့ရှိသည်။

ကျိုးထျန်းသည် အလွန်ချမ်းသာသော်လည်း ပြီးခဲ့သည့်တစ်ခေါက် ချန်တူးတွင်မူ ဟိုတယ်ဘားမှ အလကားပေးသော ဖျော်ရည်များကိုသာ သောက်ခဲ့သည်။

ပိုက်ဆံရှိသော်လည်း မဖြုန်းတီးသင့်ဟု သူ ယူဆသည်။ ယနေ့ ရှန်ပိန်ဖောက်သည်ဆိုခြင်းမှာ သတင်းကောင်းတစ်ခုခု ရှိနေ၍ဖြစ်ကြောင်း ထင်ရှားသည်။

သူမသည် ထိုသတင်းကောင်းမှာ ဘာလဲဆိုသည်ကို အသေအချာ သိနေသည်။

"ကျိုးထျန်း... ကျေးဇူးတင်ပါတယ်"

သူမ ကျေးဇူးတင်ကြောင်း ထပ်မံပြောလိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်နေကြောင်း ကျိုးထျန်း မြင်နိုင်သည်။

"ကျေးဇူးတင်ဖို့ မလိုပါဘူး။ အခြေအနေတွေ ဒီအထိ ဖြစ် လာတာ ငါ့မှာလည်း တာဝန်ရှိပါတယ်"

မာခွန်း အရှုပ်ထုပ်များကို သူ ဖော်ထုတ်ခဲ့ပြီးနောက် ထိုလူက ဤမျှအထိ ရက်စက်စွာလူသတ်ရန် ကြိုးစားလိမ့်မည်ဟု သူ တကယ် မထင်ထားခဲ့ပေ။

ဤလုပ်ရပ်မှာ အလွန်ပင် ယုတ်မာလွန်းလှသဖြင့် ကျိုးထျန်းအနေနှင့် အရေးယူရန်မှတစ်ပါး အခြားနည်းလမ်း မရှိခဲ့ပေ။

"ဒါနဲ့... ပြီးခဲ့တဲ့တစ်ခေါက် နင့်အစား ဝင်သရုပ်ဆောင်တဲ့ မင်းသမီးနာမည်က ဘယ်သူလဲ..."

"ရှလိုင်လေ... ဟိုဟာသရုပ်ရှင်ထဲက ခေါင်းဆောင်မင်းသမီး"

ကျောက်ရှင်းက ထိုနာမည်ကို ပြောလိုက်ရာတွင် သူမ၏ မျက်ဝန်းထဲ၌ စက်ဆုပ်ရွံရှာမှုများ ရှိနေသော်လည်း နှုတ်ခမ်းထက်တွင်မူ အပြုံးစလေးတစ်ခု ရှိနေသည်။

"အခုတော့ သူ အခြေအနေ တော်တော်ဆိုးနေပြီ။ ကုမ္ပဏီက သူ့ကို နာမည်ပျက်စာရင်း သွင်းလိုက်ပြီဆိုတော့ လူပုံအလယ်မှာ ထပ်ပေါ်လာဖို့ လမ်းမရှိတော့ဘူး"

ကျောက်ရှင်းပါးစပ်ကို လက်နှင့်အုပ်ကာ တဟီးဟီး ရယ်ရင်း ပြောလိုက်သည်။

"သူ သရုပ်ဆောင်ထားတဲ့ 'Journey to the North' ကလည်း ပြသခွင့် ရုပ်သိမ်းခံလိုက်ရတယ်။ အဲဒါက သူ နာမည်ကြီးဖို့ အကောင်းဆုံး အခွင့်အရေးပဲ၊ အခုတော့ အားလုံး သုညဖြစ်သွားပြီ"

"ပြီးတော့ မာခွန်း သေသွားတော့ သူ့မှာ အားကိုးစရာ မရှိတော့ဘူး။ အရင်က မာခွန်းကို အားကိုးပြီး တခြားသရုပ် ဆောင်တွေနဲ့ ကုမ္ပဏီလူကြီးတွေအပေါ် အမြဲတမ်း နှာခေါင်းရှုံ့ပြီး ဆက်ဆံခဲ့တာလေ"

"လပိုင်းအတွင်းမှာတင် လူပေါင်းများစွာကို သူ စိတ်အနှောင့် အယှက် ပေးခဲ့တာ၊ အခုတော့ အလှည့်ကျလို့ နွှဲရပြီပေါ့"

"ဒါ့အပြင် မာခွန်းရဲ့ ဟိုတယ်မှတ်တမ်းတွေထဲမှာလည်း သူ့နာမည်ပါနေတော့ အခု သူက ဂုဏ်သိက္ခာညှိုးနွမ်းတဲ့ အနုပညာရှင် ဖြစ်သွားပြီ။ ဒီလောကမှာ သူ ဆက်ရပ်တည်ဖို့ မလွယ်တော့ဘူး"

"ဒါပေမဲ့ သူက တခြားသူဌေးတစ်ယောက်နဲ့ ထပ်တွဲနေတယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ အဲဒီလူက မာခွန်းနဲ့ ယှဉ်ရင်တော့ အဝေးကြီးပဲ၊ အခုလည်း ဟန်တီးယန်း ရုပ်ရှင်စတူဒီယိုကနေ ထွက်သွားပြီ"

ကျောက်ရှင်းသည် ပြောရင်းနှင့် သူမ လက်သီးလေးကို ဝှေ့ယမ်းပြနေရာ ကြည့်ရသည်မှာ အတော်လေး ကျေနပ်နေပုံရသည်။

ရှလိုင်၏ နုတ်ထွက်မှုမှာ ဆက်တိုက်ဖြစ်စဉ်ကို ဖြစ်ပေါ်စေခဲ့သည်။ သူမ ဒဏ်ရာရစဉ်က လက်လွှတ်ခဲ့ရသော ဇာတ်လမ်းတွဲမှာ သူမထံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ရိုက်ကူးရေးအဖွဲ့မှ သူမ၏ ခြေထောက်ဒဏ်ရာ ပျောက်ကင်း သည်အထိ စောင့်ဆိုင်းပေးမည်ဖြစ်ပြီး သရုပ်ဆောင်ကြေးကိုလည်း တိုးပေးထားသည်။

ဤသည်မှာ Planetary Home ရုပ်ရှင်ကြောင့် ဖြစ်ကြောင်းနှင့်တခြားသော ရုပ်ရှင်ကုမ္ပဏီများမှာလည်း သတင်းအလွန်နားစွင့်ကြကြောင်း သိသာသည်။

ကျောက်ရှင်းသည် ရင်းနှီးမြှုပ်နှံသူကို ရှာတွေ့ရုံတင်မကဘဲ ယွမ်သန်း ၁၀၀ နီးပါး ရန်ပုံငွေ ရရှိထားသည်ကို သူတို့ သိထားကြသည်။

ထို့ပြင် သူမ ရင်းနှီးမြှုပ်နှံမှုရပြီး မကြာမီမှာပင် သူမ၏ ပြိုင်ဘက်အပြင်းထန်ဆုံး ရုပ်ရှင်မှာ ပြသခွင့် ပိတ်ပင်ခံလိုက်ရသည်။

ပြင်ပလူများကတော့ ကံကောင်းသည်ဟု မြင်နိုင်သော်လည်း အတွင်းလူများကမူ ဤသည်မှာ သာမန်အခြေအနေ မဟုတ်ကြောင်း သိကြသည်။

ဤပြည်သူ့ဆက်ဆံရေးအကွက်များမှာ အလွန်ပင် စနစ်ကျလှသည်။ ယွမ်သန်းထောင်ချီ မြတ်နိုင်သည့် ရုပ်ရှင်တစ်ကားကို ချက်ချင်းပြိုလဲသွားစေနိုင်သည့် စွမ်းအားမှာ တကယ်ပင် ကြောက်စရာကောင်းလှသည်။

မည်သည့်ကုမ္ပဏီက ဤဒဏ်ကို ခံနိုင်ပါမည်နည်း။

ထို့ကြောင့် ၎င်းတို့၏အာရုံမှာ ကျောက်ရှင်း၏ နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ထံသို့ ရောက်ရှိသွားခဲ့သည်။

ထိုသူကို မပြစ်မှားရဲကြသလို ရှောင်လွှဲ၍လည်း မရနိုင်သဖြင့် ဖားရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။

ကျောက်ရှင်းကို လစာတိုးပေးခြင်းနှင့် ရုပ်ရှင်ရိုက်ကူးရေးကို ရွှေ့ဆိုင်းပေးခြင်းမှာ ထိုပုဂ္ဂိုလ်၏အထင်ကြီးမှုကို ရယူရန် ဖြစ်သည်။

အမှန်တကယ်တွင်လည်း ကျောက်ရှင်းသည် မာခွန်းသေဆုံးပြီးကတည်းက ဟန်တီးယန်းတွင် သူမ အဆင့်အတန်းမှာ သိသိသာသာ မြင့်တက်လာကြောင်း ခံစားမိသည်။ လူများ၏ သူမအပေါ် ဆက်ဆံပုံမှာ ပြောင်းလဲသွားပြီး အမြဲတမ်း ဖားယားလိုသည့် ပုံစံမျိုးရှိနေကြသည်။

ထို့အပြင် သူမ နောက်ကွယ်မှ ထောက်ပံ့သူနှင့် တွေ့ချင်ကြောင်း အရိပ်အမြွက်ပြောလာကြသူများလည်း ရှိသည်။

သူမ ယနေ့ လာရောက်ခြင်းမှာလည်း တစ်စိတ်တစ်ပိုင်းအားဖြင့် စမ်းသပ်ကြည့်ခြင်းပင်။

အကယ်၍ ကျိုးထျန်းက ထိုလောကမှ လူများနှင့် တွေ့ဆုံလိုလျှင် အခြားသော စီးပွားရေး အခွင့်အလမ်းများလည်း ပေါ်လာနိုင်သည် မဟုတ်ပါလား။

"ကျိုးထျန်း... ငါတို့အတွက် စားစရာ တစ်ခုခု မှာပေးမလား။ အခုက မမကျောက်အတွက် အပြင်သွားစားဖို့က အဆင်မပြေဘူးလေ"

လျိုမုယန် ကျောက်ရှင်း၏ ဝှီးချဲကို တွန်းပေးရန် လာသော် လည်း သူမက ငြင်းလိုက်သည်။ သူမသည် ဆိုဖာပေါ်သို့ ချိုင်းထောက်ကို အားပြုကာ ကိုယ်တိုင် ခွကျော်တက်လိုက်ရာ ကြည့်ရသည်မှာ အတော်လေး ဟာသဖြစ်နေသည်။

သူမတွင် မင်းသမီးတစ်ယောက်၏ မာန်မာနများ လုံးဝမရှိတော့ပေ။

All Chapters