← Chapters

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

🍋 Chapter 133

ပုံမှန်အတိုင်းပင် ဂျက်ဆီမှ အချက်အလက်များကို လျင်မြန်စွာ ပို့ပေးလိုက်သည်။

ကျိုးထျန်းလည်း ပုံမှန်အတိုင်းပင် ဖုန်းဖြင့် ထိုအချက်အလက်များကို ကိုယ်တိုင် စစ်ဆေးလိုက်သည်။

"ဝမ်ရှောင်၊ မူရင်းအမည် ဝမ်ကွေဟွာ၊ နန်ဟဲ့ပြည်နယ်၊ ကျူ့ဒီယန်မြို့မှဖြစ်ပြီး ယခုနှစ်တွင် အသက် ၄၁ နှစ် ရှိပြီ”

"မူလတန်းပညာအရည်အချင်း၊ အလယ်တန်းကျောင်းပြီးသည်နှင့် အလုပ်လုပ်ခဲ့ပြီး၊ တစ်ချိန်က နိုက်ကလပ်ကြီးကြပ်ရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ဖူးသည်”

"ယခုအခါ သူပိုင်ဆိုင်သော နိုက်ကလပ်နှစ်ခုနှင့် KTV ရှစ်ခုရှိပြီး၊ ကုမ္ပဏီသုံးခုတွင်လည်း ရှယ်ယာဝင်ထားသည်”

"ဟဲဟဲ၊ ဒီလူက တော်တော်ချမ်းသာတာပဲ" ဟု ကျိုးထျန်းက အပြုံးဖြင့် ပြောလိုက်မိသည်။

‘ဒါပေမဲ့ ဒီလူက ဘာလို့ ဖျော်ဖြေရေးလုပ်ငန်းနဲ့ပဲ အမြဲပတ်သက်နေရတာလဲ။ ဓာတ်ပုံရိုက်ရင်တောင် ထောင့်မှာပဲ ရပ်နေရတာ မဆန်းဘူး’

သူဌေးများ၏ စုဝေးရာတွင် နောက်ခံသမိုင်းကြောင်းမှာ အလွန်အရေးကြီးသည်။ သူမ၏ နောက်ခံဖြင့်ဆိုလျှင် နောက်ခံလူအဖြစ်သာ နေနိုင်မည်ဖြစ်သည်။

ဂုဏ်သရေရှိလူကြီးလူကောင်းများက သူမကို ဘာကြောင့် ကြည့်ပါ့မလဲ။

"သူ့အပေါ် လက်ရှိ အမှု ငါးမှုရှိနေပြီး၊ တစ်ချိန်က ကားဖြင့် လူကိုတိုက်မိဖူးကာ လျော်ကြေးပေး၍ အမှုပိတ်ခဲ့သည်”

"ဒီအမျိုးသမီးက တော်တော် မောက်မာတာပဲ၊ အလွယ်တကူ အနိုင်ကျင့်လို့ရမယ့်ပုံ မပေါက်ဘူး”

"သူမခင်ပွန်းနာမည်က ဝေဖေးယွီ၊ မူရင်းအမည် ဝေတာဖ၊ နန်ဟဲ့ပြည်နယ်၊ နန်လဲ့ခရိုင်မှဖြစ်သည်”

"ဒီလင်မယားက နာမည်တွေ ပြောင်းထားကြတာပဲ၊ ဒါပေမဲ့ သူတို့မူရင်းနာမည်တွေကတော့ တော်တော်လေး တောဆန်တာပဲ”

"ဝေဖေးယွီမှာ ကုမ္ပဏီသုံးခုပိုင်ပြီး ပြည်ပမှာလည်း အိမ်ခြံမြေ တစ်ဒါဇင်ကျော် ပိုင်ဆိုင်ထားတယ်”

သူသည် ကုမ္ပဏီအမည်များကို တစ်ချက်ကြည့်လိုက်ပြီး မရပ်တန့်ဘဲ အောက်သို့ ဆက်ဆွဲချသွားသည်။

ထို့နောက် ရုတ်တရက် အသက်ရှူမှားသွားသလို ရပ်တန့်သွားပြီး အပေါ်သို့ ပြန်ဆွဲတက်ကာ စာရင်းထဲက ကုမ္ပဏီများကို ပြန်ကြည့်သည်။

သူသည် မိမိမျက်စိမှားသလားဟု မျက်လုံးကို ပွတ်ရင်း အကြိမ်ကြိမ် ပြန်ကြည့်လိုက်သည်။

"ဝမ်ချောင် နည်းပညာ ကုမ္ပဏီလီမိတက်"

"ဒီမိန်းမရဲ့ ခင်ပွန်းက ဝမ်ချောင်နည်းပညာရဲ့ သူဌေးပဲ!"

ကျိုးထျန်း တုန်လှုပ်သွားသည်။

ကမ္ဘာပေါ်တွင် တိုက်ဆိုင်မှုများစွာ ရှိသော်လည်း ဤအရာမှာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ဟု သူခံစားရသည်။

"မဟုတ်ဘူး၊ တစ်ခုခုတော့ လွဲနေပြီ၊ ဘာလို့ သူတို့ ဖြစ်နေရတာလဲ?"

လျိုထျန်းအန်းသည် ဂိမ်းလုပ်ငန်းတွင်ရှိပြီး၊ ဝမ်ချောင်သည်လည်း ထိုလုပ်ငန်းတွင်ရှိသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။

သူတို့၏ ဂုဏ်သတင်းမှာ အလွန်ဆိုးရွားသော်လည်း ကူးချ ခြင်းဖြင့် အသက်မွေးနေသူများ ဖြစ်သည်။

သို့သော် ထိုပစ္စည်း (နာရီ) သူတို့လက်ထဲ ရောက်နေခြင်းမှာ ကျိုးထျန်းအား အလွန်သံသယဖြစ်စေသည်။

"သူတို့များ ဖြစ်နေမလား?"

"မဖြစ်နိုင်ပါဘူး၊ သူတို့က ကုမ္ပဏီသူဌေးတွေပဲ၊ ဖောက်ထွင်းခိုးယူတဲ့အထိတော့ မလုပ်လောက်ပါဘူး"

သူသည် သူတို့၏ စာရွက်စာတမ်းများကို ပြန်ကြည့်လိုက်သည်။

ဤနှစ်ယောက်မှာ ကိုးနှစ်တာ မသင်မနေရ ပညာရေးစနစ်မှ ထွက်ပြေးလာကြသူများပမာ ဖြစ်ပြီး၊ ရှန်ဟိုင်းတရားရုံးများတွင် မျက်နှာအမြင်ဆုံး၊ အမှုများတွင် အမြဲလိုလို တရားခံဖြစ်နေကြသူများ ဖြစ်သည်။

သူတို့သည် အမှုပေါင်း သုံးရာကျော်တွင် ပါဝင်ပတ်သက်နေပြီး ၉၀ ရာခိုင်နှုန်းကျော်တွင် တရားခံအဖြစ် ရှိနေခြင်းမှာ သူတို့၏စရိုက်ကို သက်သေပြနေသည်။

"သူတို့ရဲ့ ကိုယ်ကျင့်တရားက မရှိသလောက်ပဲ၊ တကယ်ပဲ ဒီလောက်ရွံစရာကောင်းတဲ့ အလုပ်မျိုး လုပ်ရက်ကြတယ်ပေါ့”

"ဒါဆိုရင်တော့ သူတို့ တိုက်ရိုက်ပတ်သက်နေဖို့ အလားအလာ အလွန်များတယ်!"

ကျိုးထျန်း ရင်ထဲတွင် ဒေါသများပေါက်ကွဲထွက်လာသည်။

အကယ်၍ ထိုသူများဖြစ်နေလျှင် ၎င်းမှာ အလွန်အန္တရာယ်များသောကိစ္စပင်။

အကယ်၍ မုယန်သာ ထိုနေရာမှာ ရှိနေခဲ့လျှင် ယခုအချိန်မှာ ဆေးရုံကုတင်ပေါ် လဲလျောင်းနေရကောင်း ရှိပေမည်။

"အခုတော့ သူတို့ပတ်သက်နေဖို့ အလားအလာ အများဆုံးပဲ။ ဒါ မူမမှန်ဘူး၊ ငါ ရှာဖွေရမယ်”

"ဒီနှစ်ယောက်က အမှုတွေနဲ့ အမြဲပတ်သက်နေတာ။ ငါ တိုက်ရိုက်ရဲကို သွားပြောရင်လည်း သူတို့ ဘာမှလုပ်နိုင်မှာမဟုတ်ဘူး၊ ငြင်းပယ်ဖို့ နည်းလမ်းရှာပြီးသား ဖြစ်နေမှာ”

"ဒီနာရီက တစ်လုံးတည်း မဟုတ်ဘူး။ သူတို့က စီးရီးနံပါတ်ကို ဖျက်ဆီးထားရင် ငါ့ပစ္စည်းဆိုတာ သက်သေပြဖို့ ခက်လိမ့်မယ်”

"အရင်ဆုံး ကိုယ်တိုင်ပဲ လျှို့ဝှက်စုံစမ်းကြည့်မှ ဖြစ်မယ်၊ သူတို့ ဘာတွေလုပ်နေလဲဆိုတာ ကြည့်ရမယ်”

ကျိုးထျန်းသည် အချက်အလက်များကိုသာ ဖတ်ရသေးပြီး ဤနှစ်ယောက်နှင့် တစ်ခါမျှ မဆုံဖူးသေးသော်လည်း သူတို့အပေါ် နက်ရှိုင်းစွာ ရွံရှာစိတ်ဖြစ်ပေါ်နေသည်။

သာမန်လူတစ်ယောက်သာဆိုလျှင် ဤနှစ်ယောက်နှင့် တွေ့မိပါက လိမ်ညာခံရပြီး အမှုနိုင်ဖို့ မဖြစ်နိုင်ပေ။

သူတို့သည် တရားရင်ဆိုင်ရာတွင် အလွန်ကျွမ်းကျင်ပြီး ရှေ့နေအဖွဲ့တစ်ခုလုံး ပိုင်ဆိုင်ထားသူများဖြစ်သည်။

ဤသူတို့မှာ ရန်ရှာသူများသာဖြစ်သည်။ သာမန်ရန်ရှာသူမျိုးဆိုလျှင် လူနည်းနည်းကိုသာ ဒုက္ခပေးနိုင်မည်။

သို့သော် ဤသူတို့မှာ ချမ်းသာပြီး ရာဂဏန်းရှိသော လူများကို ဒုက္ခပေးနိုင်သည်။

ကျိုးထျန်း စိတ်ကို ပြန်စုစည်းလိုက်သည်။

"သူတို့ကို ကိုယ်တိုင်သွားတွေ့မှပဲ ဖြစ်တော့မယ်”

သူ နားမလည်နိုင်သည်မှာ သူတို့၏ရည်ရွယ်ချက်ပင်။

တစ်ခုခုလုပ်တော့မယ်ဆိုလျှင် အကြောင်းပြချက် ရှိရမည်။

အထူးသဖြင့် လူလည်သမားတွေအတွက်ဆိုရင် ပိုပြီးခိုင်မာတဲ့ ရည်ရွယ်ချက် ရှိရမည်၊ မဟုတ်လျှင် သူတို့ လှုပ်ရှားမှာ မဟုတ်ပေ။

နောက်တစ်နေ့ ညနေခင်းတွင် ရှန်ဟိုင်းမြို့၏ တိတ်ဆိတ်သော ဧရိယာတစ်ခု၌၊

ကျိုးထျန်းသည် ကိုယ်တိုင်ကားမောင်းကာ ရှေးဟောင်းဗီလာတစ်ခု၏ တံခါးဝသို့ ရောက်လာသည်။

သူ ဝယ်ထားသော အိမ်နှင့် မဝေးလှပေ၊ ကားဖြင့် ၁၀ မိနစ်ခန့်သာ မောင်းရမည်ဖြစ်ရာ နေရာမှာ အလွန်ကောင်းမွန်သည်။

သူသည် ယနေ့တွင် ပို၍ဈေးကြီးသည်ဟု ထင်ရသော 720S ကားကို ရွေးချယ်မောင်းလာခဲ့သည်။

မလာခင် ဆံပင်ညှပ်ကာ ဝတ်စုံတစ်ခု ဝယ်ဝတ်လိုက်ပြီး အတတ်နိုင်ဆုံး ရင့်ကျက်ပုံ ပေါက်အောင် ပြင်ဆင်လာသည်။

သူ့ ဦးတည်ရာမှာ ပုဂ္ဂလိကပိုင် ဗီလာတစ်ခုဖြစ်သည်။

သူ အခုလို ရောက်လာရသည့် ရည်ရွယ်ချက်မှာ ဝမ်ချောင်နည်းပညာ ကုမ္ပဏီမှ အောင်ပွဲခံသည့် ပါတီကျင်းပနေသောကြောင့်ဖြစ်သည်။

သူတို့မှာ အလွန်ပျော်ရွှင်နေကြသည်။ ဝေဖေးယွီမှာ ပြီးခဲ့သည့်ရက်အနည်းငယ်က အောင်မြင်မှုများကြောင့် အတော်လေး စိတ်ကြီးဝင်နေသည်။

ဒါလုံကို ကူးချထားသော ဂိမ်းသည် စတင်ဖြန့်ချိချိန်မှစ၍ အမြတ်အများကြီး ရနေသည်။ ၁၀ ရက်အတွင်းမှာပင် ယွမ် သန်း ၂၀ ကျော် ရရှိထားပြီး ထူးခြားသော အောင်မြင်မှုတစ်ခုဖြစ်သည်။

ဂိမ်း၏ ထုတ်လုပ်မှုစရိတ်မှာ အလွန်သက်သာသောကြောင့်ဖြစ်သည်။ ကူးချခြင်းမှာ ဈေးကြီးပေးစရာ မလိုအပ်ပေ။

ဒါလုံမှ သူ့ကို တရားစွဲမည့်ကိစ္စအား ဟဟ ဟုသာ သဘောထားသည်။

သူသည် ဂိမ်းမှရသော တစ်လစာအမြတ်ကိုသုံးပြီး အကောင်းဆုံးရှေ့နေ ဒါဇင်ပေါင်းများစွာကို ငှားကာ ဒါလုံနှင့် နှစ်ပေါင်းများစွာ တရားရင်ဆိုင်နိုင်သည်။

သူ၏ ဆက်သွယ်မှုများဖြင့်လည်း ကိစ္စများကို အဆင်ပြေအောင် လုပ်နိုင်သည်။

ဤအမှုမှာ တစ်လ၊ နှစ်လအတွင်း ပြီးဆုံးမည်မဟုတ်ပေ။ အထက်အဆင့်မှ တိုက်ရိုက်ဝင်မစွက်ဖက်ပါက အနည်းဆုံး နှစ်ပေါင်းများစွာ ကြာလိမ့်မည်။

နှစ်အနည်းငယ်ကြာပြီးနောက် ဒါလုံက အနိုင်ရရင်တောင် သူသည် ငွေကြေးအမြောက်အမြား ရှာထားနှင့်ပြီဖြစ်ပြီး ဂိမ်းကို ချက်ချင်း ပိတ်ပစ်လိုက်နိုင်သည်။

ထို့ကြောင့် မည်သို့ပင် ကြည့်ကြည့်၊ ၎င်းမှာ ကုန်ကျစရိတ်နည်းပြီး အကျိုးအမြတ် အလွန်များသော ကိစ္စဖြစ်သည်။

‘ရာဇဝတ်မှုကျူးလွန်ဖို့ ကုန်ကျစရိတ် ဒီလောက်နည်းနေမှတော့ ဘာကြောင့် မလုပ်ရမလဲ’

ဝေဖေးယွီ၏အတွေးမှာ ဒါပင်ဖြစ်သည်။

ငွေရလျှင် ရှက်စရာမဟုတ်ပေ။

ငွေရှာနိုင်သမျှ သူဌေးပင်။

ဂုဏ်သတင်းဆိုသည်မှာ အဓိပ္ပာယ်မရှိ၊ ငွေထက်သာသည်မှာ ဘာမှမရှိပေ။

သို့သော် သူတို့၏ ဤသဘောထားကြောင့်သာ ကျိုးထျန်းမှာ သူတို့နှင့် လွယ်လွယ်ကူကူ ဆက်သွယ်နိုင်ခဲ့ခြင်းဖြစ်သည်။

သူသည် မန်နေဂျာတစ်ဦးမှတစ်ဆင့် ဝမ်ချောင်ဆီသို့ မက်ဆေ့ချ်ပို့ကာ ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်း ပြောလိုက်သည်။

တစ်နာရီမပြည့်ခင်မှာပင် ဝေဖေးယွီက ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးရန် ကုမ္ပဏီ၏အောင်ပွဲခံပါတီသို့ တိုက်ရိုက်ဖုန်းဆက် ဖိတ်ကြားလာသည်။

သူ၏ အလျင်စလိုဖြစ်မှုမှာ "Desperate World" ဂိမ်း၏ လူကြိုက်များမှုနှင့် အမြတ်ရနိုင်ခြေကို တွေ့မြင်လိုက်ရ၍ဖြစ်သည်။

ဝေဖေးယွီ ဝမ်းသာသွားသည်။

ကိုယ့်အလိုလို ရောက်လာသည့်ကောင်ကို ကောင်းကောင်း ဆက်ဆံမှဖြစ်မည်။

ပြီးမှ အခွင့်အရေးရလျှင် သူ့ကို ဒုက္ခပေးပစ်မည်။

"Desperate World" ၏ အချက်အလက်များနှင့် ကုဒ်များကို ရလိုက်လျှင် သူတစ်သက်လုံး စားမကုန်အောင် ဖြစ်သွားလိမ့်မည်။

ကျိုးထျန်းသည် သူ၏ကားကို ဗီလာ၏ အိမ်ဝင်းထဲသို့ တိုက်ရိုက် မောင်းဝင်သွားသည်။

စူပါကား၏ အရှိန်အဝါက ကြီးမားလှပြီး သူသည် အိမ်ဝင်းထဲတွင် ကားအင်ဂျင်ကို အမှတ်တမဲ့ အသံကျယ်ကျယ် ပေးလိုက်သေးသည်။

ကျယ်လောင်သောအသံကြောင့် လူအတော်များများ နားပိတ်လိုက်ကြသည်။

"အော်... မစ္စတာကျိုး၊ တွေ့ရတာ ဝမ်းသာပါတယ်”

ဝေဖေးယွီသည် အိမ်ထဲမှ တိုက်ရိုက်ထွက်လာပြီး ကျိုးထျန်းကို ကားရှေ့တွင် ခရီးဦးကြိုဆိုကာ အလွန်ရိုးသားဟန်ဆောင်လိုက်သည်။

ကျိုးထျန်းလည်း သူနှင့် ယဉ်ကျေးစွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

"မစ္စတာဝေ၊ ခင်ဗျားက ကျွန်တော် ထင်ထားတာထက် အများကြီး ငယ်တာပဲ။ ဒီလောက်ကြီးမားတဲ့ ကုမ္ပဏီကို တည်ဆောက်ဖို့ ဆယ်စုနှစ်ပေါင်းများစွာ ကြာမယ်လို့ ထင်ထားတာ၊ ဒီလောက် ငယ်မယ်လို့ မမျှော်လင့်ထားဘူး" ဟု ကျိုးထျန်းက စီးပွားရေးလောက၏ ယဉ်ကျေးမှုကို သုံးကာ ချီးကျူးလိုက်သည်။

"အိုဗျာ... မစ္စတာကျိုးကလည်း တကယ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတာပဲ။ အသက် ၂၀ ကျော်ပဲ ရှိသေးတဲ့ပုံနဲ့ ဝူချန်ချိုင်ရဲ့ ကုမ္ပဏီကို သိမ်းပိုက်လိုက်တာ တကယ်ကို အံ့ဩဖို့ကောင်းတယ်။ ကျွန်တော် လေးစားမိပါတယ်!"

"မစ္စတာဝေ၊ ဒီနေ့က နှစ်ယောက်စလုံးအတွက် ဝမ်းသာစရာနေ့ပဲ။ နောက်ပိုင်းကျရင် အရက်နည်းနည်းလောက် သောက်ကြမလား"

"သေချာပေါက်ပေါ့! ညီအစ်ကို၊ ကျွန်တော်တို့ မူးသည်အထိ သောက်ကြတာပေါ့!"

နှစ်ယောက်သား လက်ချင်းချိတ်ကာ အိမ်ထဲသို့ ဝင်သွားကြသည်။ အခြေအနေမသိသူဆိုလျှင် သူတို့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက သိကျွမ်းနေကြသူများဟု ထင်ပေလိမ့်မည်။

တကယ်တမ်းတွင်မူ သူတို့ တွေ့ဆုံခဲ့သည်မှာ စက္ကန့်အနည်းငယ်သာ ရှိသေးသည်။

ကျိုးထျန်းသည် အတွင်းစိတ်ထဲမှ သက်ပြင်းချလိုက်သည်။

"လူကြီးလောကဆိုတာ တကယ်ကို ဟန်ဆောင်လွန်းတယ်။ အလွန်အကျွံ ရင်းနှီးပြတာနဲ့ ယဉ်ကျေးဟန်ဆောင်တာက စံနှုန်းတစ်ခုလို ဖြစ်နေပြီပဲ”

သို့သော် သူသည် ဝေဖေးယွီနှင့် စကားပြော အရက်သောက်ရန် ရောက်လာခြင်း မဟုတ်ပေ။

🍋 Chapter 134

အခန်းထဲတွင် လူအုပ်ကြီးဖြင့် စည်ကားသိုက်မြိုက်နေသည်။ ယနေ့သည် ဝမ်ချောင်နည်းပညာ၏ အောင်ပွဲခံသည့် နေရာဖြစ်သည်။

(TN - Inifinite Technology ကို ဝမ်ချောင်နည်းပညာ ဟု ပြောင်းလဲသုံးစွဲသွားပါမည်။)

အခန်းကို မီးပုံးပျံများနှင့် ပန်းများဖြင့် အလှဆင်ထားပြီး၊ ဝမ်ချောင်နည်းပညာ၏ အမှတ်တံဆိပ်ပုံစံအတိုင်း ပြုလုပ်ထားသော လူတစ်ဝက်ခန့်ရှိသည့် fondant ကိတ်မုန့်ကို အခန်းအလယ်ဗဟိုတွင် ထင်ရှားစွာ ပြသထားသည်။

ထိုနှစ်ယောက်သည် လက်ချင်းချိတ်ကာ ဝင်လာခဲ့ကြသည်။ ဝေဖေးယွီသည် မိုက်ခရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး ခေါက်ကြည့်လိုက်သည်။

"ဟယ်လို၊ ဟယ်လို၊ အွန်း..."

လည်ချောင်းရှင်းလိုက်ပြီးနောက် ကျိုးထျန်း၏လက်ကို ဆွဲကာ ကိတ်မုန့်ရှေ့တွင် တည်ဆောက်ထားသော စင်မြင့်ငယ်ဆီသို့ ခေါ်ဆောင်သွားသည်။

"ဒီနေ့ဟာ ဝမ်ချောင်နည်းပညာအတွက် ကျွန်တော်တို့ရဲ့ စီမံကိန်း အောင်မြင်မှုကို ဂုဏ်ပြုဖို့ ဝမ်းသာစရာနေ့ပါပဲ" ပရိသတ်ကြားမှ လက်ခုပ်သံများ ထွက်ပေါ်လာသည်။

အစားအသောက်နှင့် အဖျော်ယမကာများအပြင် အနီရောင်အိတ်များ ပါ ဝေငှပေးမည်ဖြစ်သဖြင့် လူတိုင်းမှာ စိတ်လှုပ်ရှားနေကြသည်။

"ဒီစီမံကိန်း အောင်မြင်ရတာဟာ တက်ရောက်လာသူအားလုံးရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ကျွန်တော့်ရဲ့ ဦးဆောင်မှုတွေကြောင့်ဆိုတာ ပြောစရာမလိုအောင်ပါပဲ"

ကျိုးထျန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

ကိုယ်ကိုကိုယ် ချီးမွမ်းရဲလိုက်တာ။

ဝေဖေးယွီ၏ မျက်နှာထားမှာ အလွန်ဂုဏ်ယူဝံ့ကြွားနေသည်။

"ငါ နောက်တစ်ကြိမ် အောင်မြင်ပြန်ပြီ၊ ငါ တကယ်ကို ထူးချွန်တာပဲ" ဟု တွေးနေပုံရသည်။

"ဒါပေမဲ့ ဝမ်းသာစရာတွေက ဒါနဲ့တင် မပြီးသေးဘူး!"

သူသည် ဘေးနားရှိ ကျိုးထျန်းကို လှည့်ကြည့်လိုက်သည်။

"ကျွန်တော့်ဘေးက ဒီလူကြီးလူကောင်းကတော့ ဒီနေ့ရဲ့ အရေးကြီးတဲ့ ဧည့်သည်ပါပဲ။ သူ့ရောက်ရှိလာမှုက ကျွန်တော်တို့ကုမ္ပဏီရဲ့ အောင်ပွဲကို ပိုပြီး တောက်ပသွားစေပါတယ်"

သူသည် ရည်ရွယ်ချက်ရှိရှိ စက္ကန့်အနည်းငယ် ခဏရပ်လိုက်ပြီးနောက် ကျယ်လောင်စွာ ကြေညာလိုက်သည်။

"သူကတော့ ထျန်းချိုင်နည်းပညာ ရဲ့ သူဌေး၊ မစ္စတာကျိုးထျန်းပဲ! အားလုံးပဲ လက်ခုပ်တီးပေးကြပါဦး!!!"

ဝေဖေးယွီက လက်ခုပ်တီးပေးရန် ဦးဆောင်လိုက်ရာ လူတိုင်းမှာ စိတ်လှုပ်ရှားသွားကြသည်။

လက်ခုပ်တီးနေရင်း ဝမ်ချောင်နည်းပညာမှ ဝန်ထမ်းအများအပြားမှာလည်း တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။

"ဟာ! ဒါ ယင်းချိုင်... မဟုတ်ဘူး၊ ထျန်းချိုင်နည်းပညာ သူဌေးပဲ! ဒီလောက်တောင် ငယ်မယ်လို့ မထင်ထားဘူး”

"ဟုတ်တယ်၊ အသက် ၂၀ ကျော်လောက်ပဲ ရှိဦးမယ်။ တက္ကသိုလ်ပြီးကာစ ဖြစ်မယ်ထင်တယ်"

"သူက အရမ်း လျှို့ဝှက်တယ်လို့ ကြားတယ်၊ ကိုယ့်ကုမ္ပဏီကိုတောင် သိပ်မသွားဘူးတဲ့။ သူဌေးသားများ ဖြစ်နေမလား"

"ဘယ်သူသိမှာလဲ။ သူဌေးတွေဆိုတာ ထူးဆန်းတဲ့ အမူအကျင့်တွေ ရှိတတ်ကြတာပဲလေ၊ သူတို့ ဘာတွေးနေလဲဆိုတာ ငါတို့ ခန့်မှန်းလို့ မရဘူး"

ကျိုးထျန်း ပြုံးကာ ပရိသတ်ကို လက်ပြလိုက်သည်။

ဝေဖေးယွီက မိုက်ခရိုဖုန်းကို သူ့ထံ ပေးအပ်ကာ စကားအနည်းငယ် ပြောပေးရန် အချက်ပြသည်။

"သူဌေးဝေက မိုက်ခရိုဖုန်းကို ရက်ရက်ရောရော ပေးထားမှတော့ စကားအနည်းငယ် ပြောရမှာပေါ့"

သူသည် အေးအေးဆေးဆေးပင် တည်ငြိမ်နေသည်။

ယခင်က ကျောင်းဆင်းပွဲအခမ်းအနားတုန်းက ပရိသတ် ရာဂဏန်းရှိသည့်တိုင် သူ မတုန်လှုပ်ခဲ့ဖူးရာ ယခု လူတစ်ရာကျော်မှာ သူ့အတွက်တော့ ဘာမှမဟုတ်ပေ။

"အားလုံးနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရတာ ဂုဏ်ယူပါတယ်။ အားလုံးပဲ တက်ကြွနေတာကို မြင်ရတာ ဝမ်းသာပါတယ်၊ ပြီးတော့ ဆံပင်ပြောင်နေတဲ့သူလည်း သိပ်မတွေ့ရဘူးဆိုတော့ သူဌေးဝေက အားလုံးကို နေ့တိုင်း အချိန်ပိုမခိုင်းထားဘူးနဲ့ တူပါတယ်"

သူက ဟာသတစ်ခုဖြင့် စတင်လိုက်သည်။

ပရိသတ်များမှာ ပြုံးရယ်လိုက်ကြသည်။

"ဒီနေ့တော့ အလျင်စလိုလာခဲ့ရလို့ လက်ဆောင် ဘာမှမပါလာခဲ့ဘူး။ ဒီလိုလုပ်မလား၊ နောက်တစ်ခါ ထျန်းချိုင်နည်းပညာမှာ အခမ်းအနားတစ်ခုခု ရှိရင် ကျွန်တော်တို့ ကုမ္ပဏီနှစ်ခု ပေါင်းပြီး အဖွဲ့လိုက် လှုပ်ရှားမှုတစ်ခု လုပ်ကြတာပေါ့၊ ကုန်ကျစရိတ်ကို ကျွန်တော် ကျခံပါမယ်။ အားလုံး ဘယ်လိုထင်လဲ"

"ကောင်းတယ်!" ဝေဖေးယွီက စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။

ကျိုးထျန်း ပြောသည်ကို ကြားလိုက်ရသဖြင့် အခြားတစ်ဖက်မှ ပူးပေါင်းဆောင်ရွက်လိုစိတ်မှာ အလွန်ပြင်းထန်ကြောင်း ခံစားလိုက်ရကာ ဝေဖေးယွီမှာ သဘာဝအတိုင်းပင် အလွန်ပျော်ရွှင်သွားပြီး စကားလုံးများတွင်ပင် ပေါ်လွင်နေသည်။

"ဒါပေမဲ့ ဒါကလည်း အားလုံးကို စည်းရုံးဖို့အတွက်ပါ။ နောက်ပိုင်းမှာ အခမ်းအနား လုပ်ရင် ကျွန်တော့်ကို အတင်းသောက်ခိုင်းမနေကြနဲ့ဦးနော်။

အခု ကျွန်တော် အရင်ဆုံး လေးစားတဲ့အနေနဲ့ အရင်သောက်လိုက်ပါ့မယ်"

ကျိုးထျန်း မိုက်ခရိုဖုန်းကို ချလိုက်ပြီး စပါကလင် ဝိုင်တစ်ခွက်ကို ကောက်ယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

ဤသို့သော အခမ်းအနားမျိုးတွင်၊ အထူးသဖြင့် လူများပြားနေချိန်တွင်၊ ဝေဖေးယွီ၏ ကပ်စေးနည်းမှုကြောင့် ရှန်ပိန် ပြင်ဆင်ထားလိမ့်မည် မဟုတ်ဘဲ အပေါစား စပါကလင် ဝိုင်သာ ဖြစ်နေမည်ကို သူ သိသည်။

နှစ်ခုစလုံးမှာ စပါကလင်ဖြစ်သော်လည်း အခြေခံအားဖြင့် ကွာခြားချက်ရှိသည်။

ပြင်သစ်နိုင်ငံ၊ ရှန်ပိန်ဒေသတွင် ထုတ်လုပ်သော ဝိုင်ကိုသာ ရှန်ပိန်ဟု ခေါ်နိုင်ပြီး အခြား စပါကလင် ဝိုင်များသည် မည်မျှကောင်းစေကာမူ ထိုသို့ မခေါ်နိုင်ပေ။

ထို့အပြင် ရှန်ပိန်ဒေသမှာ ဘော်ဒိုးနှင့် ဘာဂန်ဒီပြီးလျှင် အကျော်ကြားဆုံး ဝိုင်ထုတ်လုပ်သည့် ဒေသဖြစ်ရာ ထိုဒေသမှ ဝိုင်များ၏ အရည်အသွေးမှာ ပိုမိုသာလွန်သည်။

ကျိုးထျန်းကတော့ ၎င်းမှာ ရေရောထားသော သကြားရည်သာ ဖြစ်သည်ဟု ခံစားရသည်။ စစ်မှန်သော ရှန်ပိန်ကောင်းကောင်းကို သောက်ဖူးသည့်သူအတွက် ဤအပေါစား ဝိုင်မှာ တကယ်ကို အရသာမရှိပေ။

ထို့နောက် သူနှင့် ဝေဖေးယွီတို့သည် ဧည့်ခန်းထဲသို့ သွားလိုက်ကြသည်။

ယွမ်တစ်ထောင်ခန့် တန်ဖိုးရှိသည့် အတော်အသင့်ကောင်းသော ဝိုင်နီတစ်ပုလင်းကို ထိုနေရာတွင် တင်ထားသည်။

သူတို့၏ ပထမဆုံး တွေ့ဆုံခြင်းမှာပင် ဤသို့ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းခြင်းမှာ စိတ်ရင်းအမှန် မရှိကြောင်း ပြသနေသည်ဟု ကျိုးထျန်း ခံစားရသည်။

နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်ကာ အလွတ်သဘော စကားစမြည် ပြောဆိုကြသည်။

သူတို့သည် ပူးပေါင်းဆောင်ရွက်ရေးကိစ္စကို ဘယ်သူမှ အရင်မစတင်ဘဲ အချိန်ဆွဲနေကြသည်။

၎င်းမှာလည်း ဂိမ်းတစ်ခုပင် ဖြစ်သည်။ ဘယ်သူအရင်စပြောသူက အကူအညီတောင်းသူ ဖြစ်သွားမည်ဖြစ်ရာ အစပျိုးနိုင်စွမ်းမှာ အခြားတစ်ဖက်ဆီ ရောက်သွားမည်ဖြစ်သည်။

ဝေဖေးယွီမှာ သူ၏မျက်နှာချင်းဆိုင်မှ လူငယ်လေးမှာ ဤမျှတိုင် တည်ငြိမ်ပြီး လုံးဝ ဂရုမစိုက်သည့်ဟန်ဆောင်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

‘ဒီကောင်လေးက တော်တော် စွမ်းတာပဲ။ အသက် ၂၀ ကျော် အရွယ်နဲ့တင် သေလုနီးပါး ဖြစ်နေတဲ့ ယင်းချိုင်နည်းပညာကို သိမ်းပိုက်ရဲတယ်ဆိုတော့ သတ္တိကောင်းသား’

‘အစတုန်းကတော့ သူ့မိသားစုက ချမ်းသာလို့ အလံဖြူထူခါနီး ဂိမ်းရဲ့ အရန်အချက်အလက်တွေကို ကံကောင်းလို့ ပြန်ရသွားတာလို့ ထင်ခဲ့တာ’

‘အခု သူ့ကို မြင်လိုက်ရတော့ လူ့လောကထဲ အခုမှ ဝင်လာတဲ့ လူငယ်လေးလို့ မထင်တော့ဘူး။ တော်တော်လေး လူလည်ကျတဲ့ကောင်ပဲ’

ဝေဖေးယွီ "သတိထားမှပဲ" ဟု စိတ်ထဲတွင် တွေးလိုက်သည်။

ထို့နောက် သူသည် ပူးပေါင်းဆောင်ရွက်ရေးအကြောင်းကို အရင်ဆုံး စတင်ပြောလိုက်သည်။

သူ ဆက်ပြီး မစောင့်နိုင်တော့ပေ။

ထျန်းချိုင်သည် ဝမ်ချောင်နည်းပညာလောက် မကြီးမားသော်လည်း "Desperate World" မှာ အောင်မြင်မှု ကြီးမားလိမ့်မည်မှာ သေချာသည်။

ထို့ပြင် ဂိမ်းမှ ငွေကောက်ခံသည့်အခါ သူတို့ထက် ချက်ချင်း သာသွားလိမ့်မည်။

ထို့ကြောင့် ယခု ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးခြင်းက ဝမ်ချောင်အတွက် ပို၍ အကျိုးရှိသဖြင့် သူ အလျင်စလို ဖြစ်နေခြင်းဖြစ်သည်။

"ဥက္ကဋ္ဌကျိုး၊ မနေ့က ခင်ဗျားကုမ္ပဏီက လူတစ်ယောက်က ခင်ဗျား ဝမ်ချောင်နည်းပညာနဲ့ ပူးပေါင်းချင်တယ်လို့ ပြောသွားတယ်။ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်တာလဲဗျာ"

ကျိုးထျန်း ပြုံးလိုက်သည်။

‘မင်းလို မြေခွေးအိုကြီး နောက်ဆုံးတော့လည်း စပြောပြီပေါ့’

ဤမျှ ရွံရှာဖွယ်ကောင်းသော နည်းလမ်းများ သုံးတတ်သူနှင့် သူ ပူးပေါင်းချင်ခြင်းမရှိပေ။

သို့သော် သူသည် ဆက်သွယ်ရန် အကြောင်းပြချက်ရှာနေခြင်းသာ ဖြစ်သော်လည်း မျက်နှာကိုတော့ ထိန်းထားရဦးမည်။

"မစ္စတာဝေ၊ ခင်ဗျားရဲ့ ဝမ်ချောင်နည်းပညာက တကယ်ကို ထူးခြားတာပဲ။ ခင်ဗျားတို့ရဲ့ ဂိမ်းအသစ်က အရမ်း လူကြိုက်များနေတော့ ကျွန်တော် တော်တော်ကို မနာလိုဖြစ်မိတယ်”

"ဘာတွေ ပြောနေတာလဲဗျာ၊ ကျွန်တော့်ကို အရှက်ခွဲနေတာလား။ ကျွန်တော်တို့ဂိမ်းက လူကြိုက်များနေရင်တောင် ခင်ဗျားတို့ ကုမ္ပဏီရဲ့ 'Desperate World' ကို မှီပါ့မလား"

"ဟူး... ကံကောင်းလို့ပါ။ ကျွန်တော်တို့မှာ ဒီဂိမ်းကောင်းတစ်ခုပဲ ရှိတာ။ ခင်ဗျားတို့လို အခြေခံအုတ်မြစ် ခိုင်မာပြီး အရည်အချင်းရှိတဲ့သူတွေ အများကြီးရှိတဲ့ ကုမ္ပဏီမျိုးနဲ့တော့ မယှဉ်နိုင်ပါဘူး”

"အော်... ဒါဆို ဘာကို ဆိုလိုတာလဲ"

ဝေဖေးယွီက သူ့ကို ဝိုင်တစ်ခွက် ငှဲ့ပေးရင်း ယဉ်ကျေးစွာ မေးလိုက်သည်။

"ကျွန်တော် ထင်တာကတော့ ကုမ္ပဏီနှစ်ခုရဲ့ အားသာချက်တွေကို ပေါင်းစပ်ပြီး ဂိမ်းအသစ်တစ်ခု တီထွင်ဖို့ ပူးပေါင်းသင့်တယ်လို့ ထင်တယ်။ ဝမ်ချောင်ရဲ့ ငွေရှာပုံစံက အလွန်အားကောင်းတယ်၊ ထျန်းချိုင်ကတော့ အကြောင်းအရာ ဖန်တီးမှုမှာ တော်တယ်။ ကျွန်တော်တို့ လက်တွဲရင် တော်တော် ကောင်းမှာ မဟုတ်ဘူးလား"

ထိုစကားကို ကြားလိုက်ရသဖြင့် ဝေဖေးယွီမှာ ပျော်ရွှင်လွန်း၍ သူ့ပေါင်ကို ကိုယ်တိုင် ရိုက်လိုက်သည်။

"ကောင်းတယ်၊ တော်တော်ကောင်းတယ်! မစ္စတာကျိုးရဲ့ အမြင်က တကယ်ကို ထက်မြက်တယ်။ ကျွန်တော်တို့ ကုမ္ပဏီနှစ်ခု လက်တွဲလိုက်ရင် ဒါလုံနည်းပညာတောင် ကျွန်တော်တို့ကို မယှဉ်နိုင်တော့ဘူး!"

သူသည် ကျိုးထျန်းအပေါ် ယခင်က ထားရှိခဲ့သည့် အကဲဖြတ်ချက်ကို ချက်ချင်း ဖျက်ပစ်လိုက်သည်။

‘ဒီကောင်လေးက စိတ်ဝင်စားဖို့ကောင်းတယ်၊ လူလည်ကျတယ်လို့ ထင်ခဲ့ပေမဲ့ အခုတော့ ဒါတွေက ဟန်ဆောင်တာသက်သက်ပဲ။ သူက ငါနဲ့ ဂိမ်းအတူတူ တီထွင်ဖို့တောင် ကမ်းလှမ်းလာတယ်’

‘ဟားဟားဟား၊ ငါသာ သူ့ကို ကောင်းကောင်း မခြောက်လှန့်လိုက်ရင် လူမိုက်လောကမှာ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့တဲ့ ငါ့ရဲ့ အတွေ့အကြုံတွေ အလကားဖြစ်သွားမှာပေါ့’

‘

ပူးပေါင်းဆောင်ရွက်မယ်? ဟားဟားဟား၊ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်တဲ့ စကားလဲ!’

သူက စိတ်ထဲတွင် တွေးလိုက်သော်လည်း အပြင်ပန်းတွင်မူ စိတ်ရင်းအမှန်ရှိဟန်ဆောင်ထားသည်။

ယခင် အချက်အလက်များအရ ကျိုးထျန်းသည် ထိုလူ၏ စိတ်နေသဘောထားကို အခြေခံအားဖြင့် ခန့်မှန်းနိုင်သည်။

‘သူကတော့ ငါ့ကို လိမ်ဖို့ ကြံစည်နေပြီးသားပဲ၊ ငါ သူ့ထောင်ချောက်ထဲ ရောက်လာမယ့်အချိန်ကို စောင့်နေတာ။ ဘယ်သူက ဘယ်သူ့ကို လိမ်လိုက်မလဲဆိုတာပဲ စောင့်ကြည့်ရတော့မှာပဲ’

နှစ်ယောက်စလုံးမှာ ကိုယ့်အတွေးနှင့်ကိုယ် ရှိနေကြပြီး၊ မျက်နှာပေါ်တွင် ပြုံးရွှင်နေသော်လည်း စိတ်ထဲတွင်မူ...

All Chapters