အခန်း (၁၃၇-၁၃၈)
Vol. 14 Ch. 137-138
🍋 Chapter 137
ပါတီပွဲ အထွတ်အထိပ်သို့ ရောက်နေချိန်တွင် တံခါးကို ရုတ်တရက် လာခေါက်သံ ကြားလိုက်ရသည်။
လူတိုင်းမှာ ပျော်ရွှင်မှုများဖြင့် ကြွကြွရွရွ ဖြစ်နေကြရာ ထိုကိစ္စအား မည်သူမှ ဂရုမစိုက်မိပေ။
ဤရှေးဟောင်းအိမ်ကြီးများမှာ လူတစ်ရပ်ကျော်မြင့်သည့် အုတ်တံတိုင်းများ၊ ကြီးမားသော အနက်ရောင် သံတံခါးကြီးများနှင့် ဝန်းရံထားတတ်ကြသည်။
ထိုသံတံခါးများ၏ အားသာချက်မှာ ဈေးပေါခြင်း၊ တာရှည်ခံခြင်းနှင့် ခိုင်ခံ့ခြင်းတို့ ဖြစ်သည်။
သို့သော် ကြီးမားသော အားနည်းချက်တစ်ခု ရှိသည်။ မည်သည့်အရာနှင့်ပင် ထိခိုက်မိပါစေ၊ အလွန်ကျယ်လောင်သော အသံကို ထွက်ပေါ်စေသည်။
ဒုန်း! ဒုန်း! ဒုန်း!
အတွင်းဘက်တွင် တေးဂီတသံများ၊ စကားပြောသံများ ဆူညံနေသည့်တိုင် တံခါးခေါက်သံမှာ အလွန်ပင် စူးရှလှသည်။
"တံခါးဖွင့်!"
"တံခါး အမြန်ဖွင့်ကြ! ငါတို့က ရဲတွေပဲ!"
ထိုအသံကို ကြားလိုက်ရသည့်အခါ ဝေဖေးယွီမှာ ကျိုးထျန်းနှင့် စကားပြောနေခြင်းကို ရပ်လိုက်ရသည်။
"ဘယ်သူရှိလဲ၊ သွားကြည့်လိုက်ဦး။"
အထက်လူကြီး၏ အမိန့်ကို ရသည်နှင့် ဝမ်ချောင်၏ ဝန်ထမ်းတစ်ဦးမှာ တံခါးဖွင့်ရန် အိမ်ဝင်းအပြင်ဘက်သို့ ထွက်သွားသည်။
ဝမ်ချောင်က ယနေ့တွင် တစ်နေရာလုံးကို ငှားရမ်းထားသဖြင့် အပြင်လူ လုံးဝမရှိပေ၊ အိမ်ရှင်ပင် မရှိပေ။
သာမန်အားဖြင့် ဤသို့သော နေရာမျိုး ငှားရမ်းပါက လက်ဖက်ရည်နှင့် ရေ၊ အအေးပန်းကန် အချို့ကဲ့သို့သော ဝန်ဆောင်မှုများ ပါဝင်တတ်သည်။
ဝေဖေးယွီက ထိုအရာအားလုံးကို ငြင်းပယ်ခဲ့သည်။
အကြောင်းရင်းမှာ ငွေပိုမကုန်စေချင်၍ဖြစ်ပြီး၊ ဝန်ဆောင်မှုများမှာ အလကားဖြစ်သည်ဟု ထင်ကာ သူ့ဝန်ထမ်းများပင် ကိုင်တွယ်နိုင်သည်ဟု ယူဆထားသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ယခုအခါ အိမ်တစ်ခုလုံးတွင် အပြင်လူ လုံးဝမရှိဘဲ ဝမ်ချောင်၏ လူများဖြင့်သာ ပြည့်နေသည်။
တံခါးဖွင့်လိုက်သည့်အခါ ဝန်ထမ်းအား လူတစ်ဒါဇင်ခန့်က အသင့်စောင့်နေသည်။
အသံပေးသူမှာ ရဲအရာရှိဖြစ်သော်လည်း ရဲများသာ မဟုတ်ကြောင်း ထင်ရှားသည်။
အနက်ရောင်ပြာရောင် တိုတိုဝတ်ဆင်ထားသူများ၊ အပြာနုရောင် တိုတိုဝတ်ဆင်ထားသူများ၊ မီးခိုးရောင် တိုတိုဝတ်ဆင်ထားသူများ ဟူ၍ အုပ်စုသုံးစု ပါဝင်နေသည်။
တံခါးဖွင့်ပေးသည့် ဝန်ထမ်းမှာ အံ့အားသင့်သွားသည်။
သာမန်လူများဆိုလျှင် အာဏာပိုင်များကို မြင်လိုက်သည်နှင့် ရင်တုန်သွားမည်ဖြစ်သည်။
ရဲအရာရှိကို မြင်ရုံနှင့်ပင် ကြောက်ရွံ့ကာ ခေါင်းငုံ့မိတတ်ကြသည်။
"ခင်ဗျားတို့... ခင်ဗျားတို့ ဘယ်သူတွေလဲ? ဘာကိစ္စလဲဗျ"
ဝန်ထမ်းမှာ တံတွေးကို အနိုင်နိုင် မြိုချလိုက်ရသည်။
"ဒီမှာ တာဝန်ခံက ဘယ်သူလဲ? သူ့ကို ထွက်လာခဲ့ဖို့ ပြောလိုက်၊ ငါတို့ သူနဲ့ စကားပြောစရာ ရှိတယ်"
"ဟုတ်... ဟုတ်ကဲ့၊ အခုပဲ ခေါ်လိုက်ပါ့မယ်"
ဝန်ထမ်းမှာ ဝေဖေးယွီထံ အပြေးသွားကာ အခြေအနေကို ရှင်းပြလိုက်ရသည်။
"အဖွဲ့သုံးဖွဲ့ ပေါင်းလာတာ ဟုတ်လား?"
အတွေ့အကြုံရင့် ဝေဖေးယွီပင် ဇဝေဇဝါ ဖြစ်သွားသည်။
‘သူက ပါတီပွဲလေးပဲ လုပ်တာပါ၊ ဘာကြောင့် အစိုးရဌာနပေါင်းစုံ ရောက်လာရတာလဲ’
"ကောင်းပြီ၊ ငါ သွားကြည့်လိုက်မယ်။ အားလုံးပဲ စိတ်မပူကြနဲ့၊ ဆက်သောက်၊ ဆက်စကားပြောနေကြ၊ မရပ်နဲ့"
သူက ကျိုးထျန်းကို လှည့်၍ နှုတ်ဆက်လိုက်သည်။
"မစ္စတာကျိုး၊ ကျွန်တော် ခဏလောက် သွားလိုက်ဦးမယ်၊ ခဏလေး စောင့်ပေးပါအုံးဗျာ"
"ရပါတယ်၊ ခင်ဗျားအလုပ် ခင်ဗျား သွားလုပ်ပါ။ ကျွန်တော်လည်း ဗိုက်နည်းနည်း ပြည့်အောင် အရင်စားလိုက်ဦးမယ်၊ မဟုတ်ရင် ခင်ဗျား ဒီလို အတင်းသောက်ခိုင်းတာကို ကျွန်တော် ခံနိုင်မှာ မဟုတ်ဘူး"
"ဟားဟား၊ သဘောပါဗျာ"
ဝေဖေးယွီ ထွက်သွားသည်။ သူက အားလုံးကို ဆက်ပျော်ပါးကြရန် ပြောခဲ့သော်လည်း ရဲအုပ်စုကြီး ရောက်လာသည်ကို မြင်ရပြီးနောက် မည်သူကများ စိတ်အေးလက်အေး ပျော်နိုင်ပါတော့မည်နည်း။
အားလုံးမှာ စိုးရိမ်တကြီးဖြင့် တံခါးဝကို ကြည့်နေကြပြီး ဝန်ထမ်းအချို့ပင် အပြင်ဘက်သို့ ပြေးထွက်သွားကြသည်။
သူဌေးမှာ အလုပ်ကိစ္စဖြင့် အပြင်ရောက်နေချိန်တွင် သူတို့က မျက်နှာရအောင် လုပ်ပေးရဦးမည် ဖြစ်သည်။
ရုတ်တရက် အခန်းထဲတွင် တိတ်ဆိတ်သွားပြီး လူဦးရေမှာလည်း အတော်လေး လျော့နည်းသွားသည်။
အားလုံး စိုးရိမ်နေကြချိန်တွင် ကျိုးထျန်းတစ်ယောက်သာ တည်ငြိမ်အေးဆေးစွာ ရှိနေသည်။
သူသည် ဝေဖေးယွီကို အာရုံလွှဲရန်နှင့် ဝမ်ရှောင်နှင့် တစ်ယောက်တည်း စကားပြောနိုင်ရန်အတွက် ဤရဲများကို ခေါ်လိုက်ခြင်း ဖြစ်သည်။
ဝေဖေးယွီမှာ တံခါးဝသို့ ရောက်သွားပြီး လူတစ်ဒါဇင်ခန့်ကို ကြည့်လိုက်သည်။
သူသည် ဤဌာနများနှင့် မကြာခဏ ထိတွေ့ဖူးသဖြင့် တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။
"ရဲတပ်ဖွဲ့၊ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၊ မြို့ပြစီမံခန့်ခွဲမှုဌာန?"
သူတို့ သုံးဖွဲ့စလုံး ဘာကြောင့် တစ်ပြိုင်နက် ရောက်လာကြသလဲဆိုတာ သူ နားမလည်နိုင်ပေ။
"ခင်ဗျားတို့... ဘာကိစ္စများလဲဗျ"
"ငါတို့ဆီကို အများပြည်သူဆီကနေ အမည်မဖော်လိုသူတစ်ဦးရဲ့ တိုင်ကြားချက် ရောက်လာတယ်။ ဆူညံသံတွေ ထွက်တယ်၊ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်တယ်၊ အပြင်မှာ သီချင်းဆိုပြီး စားသောက်နေတယ်လို့ ပြောတယ်။ အဲ့ဒါ အမှန်ဟုတ်မဟုတ် စစ်ဆေးဖို့ လာတာ"
"တကယ်လို့ အမှန်ဆိုရင်တော့ ပိုင်ရှင်ကို တရားမဥပဒေအရ ဒဏ်ရိုက်ရလိမ့်မယ်"
ဝေဖေးယွီ စိတ်ထဲမှ ဆဲရေးလိုက်သည်။ ဘယ်ကောင်ကများ ကိုယ်ကျင့်တရားမဲ့စွာနဲ့ တိုင်ကြားလိုက်တာလဲ။
သို့သော် သူတို့ ရောက်နေပြီဆိုသောကြောင့် ငြင်းပယ်လို့ မရတော့ပေ။
ရှန်ဟိုင်းတွင် ယခုကဲ့သိုသောကိစ္စများမှာ ဖြစ်နေကျပင်။
တစ်ယောက်ယောက်က တိုင်လိုက်တာနဲ့ လူအုပ်ကြီးက စစ်ဆေးဖို့ ရောက်လာတတ်သည်။
သာမန်ပြည်သူတွေအတွက် ၎င်းမှာ ကောင်းသော အချက်ပင်၊ တိုင်ကြားချက်ကို ချက်ချင်း အရေးယူပေးခြင်းပင်။
သို့သော် ဝေဖေးယွီကဲ့သို့ စီးပွားရေးသမားအတွက်မူ အဆင်မပြေပေ၊အဘယ်ကြောင့်ဆိုသော် အမြဲတမ်း တိုင်ကြားခံနေရသောသူ ဖြစ်နေသောကြောင့်ပင်။
ဤပိုင်ဆိုင်မှုမှာ သူ့အပိုင်မဟုတ်သောလည်း ဒုက္ခရောက်နိုင်သည်၊ အနည်းဆုံး ပျော်နေသော စိတ်ကို ပျက်စီးသွားစေသည်။
သူ အစပိုင်းမှာ တော်တော်ပျော်နေသောလည်း ယခုအခါ လက်ရှိကိစ္စကြောင့် စိတ်ညစ်ရပြန်သည်။
သို့သော်လည်း သူက ပိုင်ရှင်ကို အဆက်အသွယ် လုပ်ခိုင်းလိုက်ပြီး တံခါးဝရှိ အရာရှိများကို ချော့မော့နေရတော့သည်။
အတွင်းဘက်တွင် ကျိုးထျန်းမှာ အေးဆေးပင်ဖြစ်ပြီး စိုးရိမ်နေသည့် ဝမ်ရှောင်ကို ဘေးသို့ ခေါ်သွားသည်။
"အစ်မရှောင်၊ စိတ်မပူပါနဲ့။ ဥက္ကဋ္ဌဝေက စွမ်းဆောင်နိုင်သူပဲ၊ ခဏလေးနဲ့ ရှင်းသွားမှာပါ။ ပြီးတော့ ကျွန်တော်တို့က ပါတီပွဲလေးပဲ လုပ်နေတာပဲ၊ ဘာမှ ကြီးကြီးမားမား ဖြစ်လာစရာ မရှိပါဘူး"
"အသေးအဖွဲ ကိစ္စလေးပါ၊ ခဏနေရင် ကောင်းသွားမှာပါ"
ဝမ်ရှောင် ခဏ စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"ဥက္ကဋ္ဌကျိုး ပြောတာ မှန်ပါတယ်။ ရှင်က တည်ငြိမ်တာပဲ။ ဒီလောက် ငယ်ရွယ်တဲ့ အရွယ်နဲ့ ဒီလောက်တောင် တည်ငြိမ်နေလိမ့်မယ်လို့ မထင်ထားမိဘူး။ အစ်မ လေးစားတယ်နော်"
"အစ်မရှောင်၊ ပြောလွန်းပါတယ်"
ကျိုးထျန်း စိတ်ထဲက တွေးလိုက်သည်။
‘မင်းရဲ့ အမွှမ်းတင်စကားတွေက အလကားပဲ။ တိုင်ကြားလိုက်တာက ငါလေ၊ ဘာလို့ စိတ်ပူရမှာလဲ’
"အစ်မရှောင်၊ ထိုင်စရာ နေရာလေး ရှာပြီး စကားပြောကြရအောင်။ ကျွန်တော်က အစ်မနဲ့ ခင်ရတာ တစ်ခုခုတော့ ထူးခြားနေသလိုပဲ၊ နှစ်အတော်ကြာကတည်းက သိနေသလိုမျိုး"
"မောင်လေး ပြောတာ မှန်တယ်၊ အစ်မလည်း အဲ့ဒီလိုပဲ ခံစားရတယ်"
ကျိုးထျန်းက သူမကို အရက်များနှင့် အအေးပန်းကန်များရှိသည့် အခန်းဆီ ခေါ်သွားလိုက်ရာ အတူတူ သောက်ရန် ပိုအဆင်ပြေသွားသည်။
"လာပါ အစ်မရှောင်၊ မူးသည်အထိ သောက်ကြရအောင်!"
"လာပါ အစ်မရှောင်၊ အစ်မရဲ့ အရက်သောက်နိုင်စွမ်းက အဆုံးမရှိဘူးနော်၊ နောက်ထပ် သောက်ကြဦးစို့!"
"လာပါ အစ်မရှောင်၊ ကျွန်တော့်ရဲ့ ရိုသေမှုအနေနဲ့ ဒီဝိုင်နီပုလင်းကို တစ်ကျိုက်တည်း မော့သောက်လိုက်မယ်၊ အစ်မ ကြိုက်သလောက် သောက်နိုင်ပါတယ်"
ဒီအမျိုးသမီးမှာ အရက်သောက်နိုင်စွမ်း မြင့်မားကြောင်း ကျိုးထျန်း သိသည်။
သူမက ယခင်က ဖျော်ဖြေရေးလောကတွင် လုပ်ကိုင်ခဲ့ဖူးသူ မဟုတ်ပါလား၊ အရက်မသောက်နိုင်လျှင် ထိုကဲ့သို့သော အလုပ် လုပ်ဖို့ မဖြစ်နိုင်ပေ။
အရက်သောက်နိုင်စွမ်း မြင့်မားသူတစ်ယောက်မှာ အခြားတစ်ဖက်က "ကြိုက်သလောက် သောက်" ဟု ပြောသည့်အခါ မလျော့ရဲတော့ဘဲ လိုက်သောက်ရတော့မည် ဖြစ်သည်!
မိနစ် ၂၀ မပြည့်ခင်မှာပင် သူတို့နှစ်ယောက်မှာ ဝိုင်နီပုလင်း သုံးပုလင်းကျော်ကို သောက်လိုက်ကြပြီ ဖြစ်သည်။
ဝိုင်နီမှာ အရက်ပြင်းမဟုတ်သော်လည်း မြန်မြန်သောက်လိုက်ပါက အကျိုးသက်ရောက်မှုမှာ ပြင်းထန်သည်။
ကျိုးထျန်းမှာ အဆင်သင့် ဖြစ်နေသည်။ သူသည် အရက်သောက်နိုင်စွမ်း မြင့်မားသူ ဖြစ်ပြီး လာခါနီးကတည်းက အရက်ပြေဆေး သောက်လာခြင်းကိုပင် ဂုဏ်ယူနေသည်။
သူသည် လူမမြင်အောင် ဆေးပြားနှစ်ပြားကို မျိုချထားခဲ့သည်။
ယခုအခါ သူတို့နှစ်ယောက်စလုံးမှာ မျက်နှာများ နီရဲနေကြပြီး မူးနေကြပြီ ဖြစ်သည်။
ကျိုးထျန်း၏ အမြင်အာရုံမှာ ရှင်းလင်းနေဆဲ ဖြစ်သော်လည်း ဝမ်ရှောင်မှာ မဟုတ်တော့ပေ။
အရင်က သောက်ထားတာတွေကိုပါ ထည့်တွက်ရင် တစ်နာရီအတွင်း ဝိုင်နီပုလင်း ငါးပုလင်းခန့် သောက်ထားပြီး ဖြစ်သည်။
သူမ၏ မျက်လုံးများမှာ ဝေဝါးနေပြီး လမ်းလျှောက်လျှင်လည်း ယိုင်တိုင်တိုင် ဖြစ်နေသည်။
ကျိုးထျန်း ခေါင်းညိတ်လိုက်သည်။ အချိန်ကျပြီ။
"အစ်မရှောင်၊ ကျွန်တော် အစ်မကို မေးစရာ ရှိတယ်"
"မောင်လေး၊ မေးလေ။ အစ်မ သိသမျှ အကုန်လုံး ပြောပြမယ်"
ဝမ်ရှောင်၏ မျက်နှာပေါ်တွင် မူးယစ်မှုကြောင့် ဖြစ်ပေါ်လာသည့် မသိစိတ်ထဲက အပြုံးတစ်ခု ပေါ်နေသည်။
"ကျွန်တော်တို့ စကားကောင်းနေတုန်းမှာ အဲ့ဒီနာရီက အစ်မလက်ထဲ ဘယ်လိုရောက်လာလဲဆိုတာ ပြောပြဖို့ လုပ်တုန်းက အစ်မက စကားကို ဖြတ်လိုက်လို့ ကျွန်တော့်မှာ စိတ်မကျေမနပ် ဖြစ်နေရတာ။
ကျွန်တော်က ဇာတ်လမ်းတွေကို ကြိုက်တတ်လို့ အကုန်လုံး မကြားရတာ တော်တော် စိတ်ညစ်ဖို့ ကောင်းတယ်"
ဝမ်ရှောင်၏ မျက်လုံးများ လှည့်ပတ်ကြည့်လိုက်ရာ အနားတွင် ဘယ်သူမှ မရှိကြောင်း မြင်သောအခါ ကျိုးထျန်း၏ နားနားသို့ တိုးကပ်သွားသည်။
"မောင်လေးကျိုးက ဒီလောက်တောင် စိတ်ဝင်စားလိမ့်မယ်လို့ မထင်ထားဘူး။ တကယ် နားထောင်ချင်တာလား?"
"သေချာပေါ့ နားထောင်ချင်တာပေါ့!"
အခွင့်အရေး ရသည်နှင့် ကျိုးထျန်းလည်း အမြန် တိုးကပ်သွားသည်။
"တကယ် နားထောင်ချင်ရင်တော့ အစ်မ ပြောပြမယ်!"
ဝမ်ရှောင့် အပြုံးမှာ ပိုမိုကျယ်ပြန့်လာပြီးနောက် ကျိုးထျန်း၏ကော်လံကို ဆွဲလိုက်သည်။
"ကောင်လေး၊ ငါတို့ကို လိမ်ဖို့ ကြံစည်နေတာလား? မင်းကတော့ အရမ်းငယ်သေးတယ်!"
🍋 Chapter 138
ဝမ်ရှောင့် လုပ်ရပ်ကြောင့် ကျိုးထျန်းမှာ လုံးဝ အံ့အားသင့်သွားပြီး ခဏတာ ကြောင်အသွားသည်။
"အစ်မရှောင်၊ ဘာလုပ်တာလဲဗျ"
"ဘာလို့ ကျွန်တော့်အင်္ကျီကို ဆွဲထားတာလဲ? ပြီးတော့ 'လှည့်ကွက်' ဆိုတာ ဘာကို ပြောတာလဲ? ကျွန်တော် ဘာများ လုပ်မိလို့လဲ"
ကျိုးထျန်းက အပြစ်ကင်းစင်သည့်အမူအရာကို ဆက်ထိန်းထားသော်လည်း စိတ်ထဲတွင်တော့ တစ်ခုခု မှားယွင်းနေကြောင်း သိလိုက်သည်။
"ဟဲဟဲ..."
ဝမ်ရှောင်က ရုတ်တရက် အေးစက်စွာ ရယ်မောလိုက်သည်။
"သရုပ်ဆောင်လိုက်၊ ဆက်သရုပ်ဆောင်နေလိုက်။ မင်းက တကယ့်ကို ပါရမီရှင်ပါလား"
လွန်ခဲ့သည့် စက္ကန့်ပိုင်းကမှ ဝမ်ရှောင် မျက်လုံးများမှာ အရက်မူး၍ ဝေဝါးနေပြီး ခန္ဓာကိုယ်မှာလည်း ယိုင်တိုင်တိုင် ဖြစ်နေခဲ့သည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူမ၏ အမူအရာတစ်ခုလုံး ပြောင်းလဲသွားသည်။
"သေစမ်း၊ ဒီမိန်းမ မူးယောင်ဆောင်နေတာပဲ!"
ကျိုးထျန်း၏ မျက်နှာထားမှာ တဖြည်းဖြည်း မည်းမှောင်လာပြီး သူ့အင်္ကျီကို ဆွဲထားသည့် ဝမ်ရှောင်လက်ကို ဖမ်းဆုပ်လိုက်သည်။
‘ဒီမိန်းမကို ငါ အထင်သေးမိတယ်၊ ငါ ပေါ့လျော့သွားပြီ’
‘လိင်ဖျော်ဖြေရေးလောကနဲ့ ကျော်ကြားမှုလောကထဲကနေ ရုန်းထွက်လာတဲ့ မိန်းမတွေဆိုတာ တကယ်ကို ထိန်းရခက်တာပဲ။ သူမက အရမ်းကို ကောက်ကျစ်လွန်းလို့ ငါ့ကိုတောင် လှည့်စားသွားနိုင်တယ်’
သူက အနည်းငယ် အားသုံးလိုက်ရာ ဝမ်ရှောင်မှာ နာကျင်မှုကို ခံစားလိုက်ရပြီး လက်ကို ပြန်ရုပ်သိမ်းသွားသည်။
"အစ်မရှောင်၊ အခု ဘာကို ဆိုလိုတာလဲ"
သူ့မျက်နှာတွင် အရင်က ဟန်ဆောင်ပြုံးများ မရှိတော့ဘဲ သူ၏ ပုံမှန်အပြုံးသာ ပေါ်လာသည်။
"ဟားဟားဟား၊ ကောင်းတယ်၊ မင်းက တော်တော်စွမ်းတာပဲ၊ အခုထိတောင် ပြုံးနိုင်သေးတယ်၊ တကယ့်ကို သတ္တိကောင်းတဲ့ကောင်ပဲ!"
"အပေါ်ထပ်က လက်ဖက်ရည်ခန်းမှာ စကားပြောကြမလား"
ဝမ်ရှောင်၏ ဖိတ်ခေါ်မှုကို သူက ချက်ချင်းသဘောတူလိုက်ပြီး သူမနှင့်အတူ အပေါ်ထပ်သို့ တက်သွားသည်။
သူက လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်ရင်း ဘာမှမပြောဘဲ နေသည်။
"ဘာလဲ မစ္စတာကျိုး၊ အခုတော့ စကားမပြောနိုင်တော့ဘူးလား? ခုနက 'အစ်မ' လို့ ခေါ်နေတာ ဘယ်သူလဲ"
သူမ၏မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။ သူမရှေ့ကလူမှာ သူမ၏ သားကောင် ဖြစ်သွားသကဲ့သို့ပင်။
သားကောင်ကို မစားခင် စနောက်နေသည့် ကြောင်တစ်ကောင်ကဲ့သို့ ဝမ်ရှောင်မှာ ထိုခံစားချက်ကို သာယာနေသည်။
သို့သော် သူမသည် ကြောင်က ဘယ်သူလဲ၊ ကြွက်က ဘယ်သူလဲဆိုတာကို သေချာ မသိသေးပုံရသည်။ ပြီးတော့ ကျိုးထျန်းက ကြောင်လို နာခံတတ်တဲ့ တိရစ္ဆာန် မဟုတ်ပေ။
"အစ်မရှောင်၊ မလောပါနဲ့။ မစ္စတာဝေ လာတဲ့အထိ စောင့်လိုက်ပါဦး၊ ပြီးရင် ကျွန်တော်တို့ သေချာ စကားပြောကြတာပေါ့"
"ကောင်းပြီလေ၊ မင်း ဘာတွေ ထပ်လုပ်ဦးမလဲဆိုတာ ကြည့်ရသေးတာပေါ့"
ဆယ်မိနစ်ခန့်အကြာတွင် အောက်ထပ်က ပြဿနာအသေးစားကို ရှင်းပြီးနောက် ဝေဖေးယွီလည်း အပေါ်ထပ်သို့ တက်လာပြီး လက်ဖက်ရည်ခန်းထဲ ဝင်လာသည်။
ဝမ်ရှောင်က သူ့ဧည့်သည်နှင့် ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေကြောင်း သူ့ကို မက်ဆေ့ချ် ပို့ထားပြီး ဖြစ်သည်။
ဝမ်ရှောင်သည် ကျိုးထျန်းနှင့် အရက်သောက်နေစဉ်အတွင်း သူသည် စီးပွားရေးလုပ်ငန်းကို ဆွေးနွေးရန် မဟုတ်ဘဲ တစ်စုံတစ်ခုသော ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်း ဖြစ်ကြောင်း ၇၀-၈၀ ရာခိုင်နှုန်း သေချာသွားပြီဖြစ်သည်။
ဝေဖေးယွီကိုယ်တိုင်လည်း စကားပြောစကတည်းက တစ်ခုခုလွဲနေကြောင်း ခံစားမိသည်။
အထူးသဖြင့် ကျိုးထျန်းက နာရီအကြောင်းကို အတင်းမေးမြန်းနေချိန်တွင် ဖြစ်သည်။ နာရီကို ဘယ်လိုရခဲ့သလဲဆိုတာ သူ့ဇနီးကို ပြောခွင့်မပေးလိုက်ချိန်တွင် သူ့ သံသယမှာ ပိုမို ခိုင်မာသွားသည်။
မြေခွေးအိုနှစ်ကောင်မှာ ကျိုးထျန်း၏ အစစ်အမှန်ကို ထုတ်ပြစေချင်သဖြင့် ဘာမှမသိသလို ဟန်ဆောင်နေကြသည်။
ဝေဖေးယွီ ဝင်လာသည်ကို မြင်သောအခါ ကျိုးထျန်းက ပြုံး၍ "မစ္စတာဝေ၊ အလုပ်ကိစ္စ ပြီးသွားပြီလား"
"ပြီးပါပြီ၊ ဒါကြောင့် မစ္စတာကျိုးကို လာဖော်ပေးတာပါ" ဟု သူက 'ဖော်ပေးတာ' ဆိုသည့် စကားလုံးကို အလေးပေး ပြောသည်။
"ကောင်းပြီ၊ ပြီးရင်လည်း စကားပြောကြတာပေါ့"
ကျိုးထျန်းမှာ သူတို့နှစ်ယောက်ရှေ့တွင် လုံးဝ မတုန်လှုပ်ဘဲ စစ်မှန်စွာ ပြုံးပြသည်။
"မစ္စတာကျိုး၊ ခင်ဗျားမှာ တကယ့်သတ္တိပဲ၊ ကျွန်တော့်နယ်မြေထဲမှာတင် ဟန်ဆောင်ဖို့ ကြိုးစားရဲတယ်ပေါ့! ကျွန်တော် ဝေဖေးယွီဆိုတာ ဘယ်သူလဲဆိုတာတောင် ခင်ဗျား မသိသေးဘူးထင်တယ်! ကျွန်တော့်ရှေ့မှာ ခင်ဗျားက ကလေးတစ်ယောက်လောက်ပဲ ရှိတာ!"
ဝေဖေးယွီက နောက်ဆုံးတော့ သူ၏ မောက်မာသော မျက်နှာကို ဖော်ထုတ်လိုက်သည်။
သာမန်ရုပ်ရည်ရှိသည့် ဤလူလတ်ပိုင်းမှာ ယခုအခါ သိမ်းငှက်ကဲ့သို့ စူးရဲသော အကြည့်များဖြင့် ကြည့်နေသည်။
ကျိုးထျန်းက သက်ပြင်းချကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ကျွန်တော်ကတော့ ခင်ဗျားနဲ့ သာမန်မိတ်ဆွေတွေလို ပေါင်းသင်းချင်ခဲ့တာပါ၊ ဒါပေမဲ့ သံသယတွေနဲ့ပဲ ကြုံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ကျွန်တော် သရုပ်ဆောင်မနေတော့ပါဘူး၊ အကုန်လုံးဖွင့်ပြောလိုက်တော့မယ်။ ကျွန်တော် ဒီကို လာတာ ခင်ဗျားတို့ကို လှည့်စားဖို့ပါ"
သူက လက်နှစ်ဖက်ကို ဖြန့်ကာ အားကိုးရာမဲ့သည့်ဟန်ဖြင့် ပြောလိုက်သည်။
"ကောင်းပြီ၊ ဒါကတော့ လုံလောက်အောင် ပွင့်လင်းလွန်းပါတယ်။ ကျွန်တော် မျှော်လင့်ထားတာထက်တောင် ပိုသတ္တိရှိသေးတယ်။ အခုတော့ ခင်ဗျားကို နည်းနည်း သဘောကျလာပြီ" ဟု ဝေဖေးယွီက လက်ခုပ်တီးကာ ပြောသည်။
"ဟက်၊ ငါကတော့ မင်းလို မောက်မာတဲ့ကောင်တွေကို တကယ် ရွံတာပဲ" ဟု ဝမ်ရှောင်က သူမ၏ လက်ကိုင်အိတ်ထဲမှ ဆေးလိပ်ကို ထုတ်ကာ မီးညှိလိုက်သည်။
"ခင်ဗျားတို့ ကျွန်တော့်ကို မုန်းတာ ကျွန်တော့်ကို နားမလည်လို့ပါ။ ကျွန်တော်ကို ပိုသိလာရင် ခင်ဗျားတို့... ကျွန်တော့်ကို ကြောက်သွားလိမ့်မယ်"
ကျိုးထျန်း အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ မျက်လုံးများမှာ စူးရဲလာသည်။
အရှိန်အဝါပိုင်းတွင် သူသည် ဟယ်ဝေရွှမ်းနှင့်ပင် ယှဉ်နိုင်သည်။
ထို့ကြောင့် သူတို့နှစ်ယောက်၏ရှေ့တွင် သူ့ အရှိန်အဝါက သူတို့ကို လွှမ်းမိုးသွားသည်။
ဝေဖေးယွီနှင့် ဝမ်ရှောင်တို့မှာ အံ့အားသင့်သွားသည်။ ဤလူငယ်လေးတွင် ဤမျှကြီးမားသော အာဏာရှိသည့် အရှိန်အဝါမျိုး ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကျိုးထျန်းက သူတို့ကို သုံးမိနစ်ကြာ တောက်လျှောက် စိုက်ကြည့်နေသဖြင့် သူတို့နှစ်ယောက်စလုံးမှာ မနေတတ်အောင် ဖြစ်သွားသည်။
အခန်းတွင်းရှိ လေထုမှာ အေးခဲသွားသကဲ့သို့ပင်။
၎င်းမှာ ကျိုးထျန်း၏ စိတ်ဓာတ်စစ်ဆင်ရေး ဖြစ်သည်။ ပထမအဆင့်မှာ သူတို့၏ အရှိန်အဝါကို ချိုးနှိမ်ခြင်းပင်။
ထို့နောက်မှ သူသည် ဖုန်းကို ထုတ်ယူကာ စခရင်ပေါ်မှ အချက်အလက်များကို ကြည့်ရင်း ဖြည်းညှင်းစွာ စတင် ပြောကြားသည်။
"ဝေတာဖ၊ နန်ဟဲ့ပြည်နယ်၊ နန်လဲ့ခရိုင်က”
သူ၏ အစစ်အမှန်နာမည်ကို ပြောလိုက်သည့်အခါ ဝေဖေးယွီ၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။
"မင်း ငါ့ကို စုံစမ်းထားတာလား?"
ကျိုးထျန်း သူ့ကို လျစ်လျူရှုကာ ဆက်ပြောသည်။
"အရပ် ၁၇၄ စင်တီမီတာ၊ အလေးချိန် ၈၉ ကီလိုဂရမ်၊ ခန္ဓာကိုယ် အဆီရာခိုင်နှုန်း ၃၁ ရာခိုင်နှုန်း၊ ဘယ်ဘက်မျက်လုံး အဝေးမှုန် ၇၅ ဒီဂရီ၊ စလင်ဒါ ၅၀ ဒီဂရီ။ ညာဘက်မျက်လုံး အဝေးမှုန် ၁၅၀ ဒီဂရီ၊ စလင်ဒါ မရှိ”
"အသည်းအဆီဖုံး၊ သည်းခြေရောင်၊ နှလုံးသွေးကြောကျဉ်း၊ ကျောရိုးကွေး၊ အစာအိမ် အနာသုံးနေရာ၊ ၂၀၁၃ ခုနှစ် မေလ ၇ ရက်နေ့မှာ အစာအိမ်သွေးယိုစီးမှုကြောင့် ဆေးရုံတက်ခဲ့ရတယ်"
ကျိုးထျန်း၏ အသေးစိတ် ပြောပြချက်များကို ကြားလိုက်ရသောအခါ ဝေဖေးယွီ၏ မျက်လုံးများ ပြူးကျယ်လာသည်။
ဤအချက်အလက်များမှာ အလွန်အသေးစိတ်လွန်းသည်။ သာမန်လူတစ်ယောက်အနေဖြင့် ဤမျှအထိ ရှာဖွေနိုင်မည် မဟုတ်ပေ။
သို့သော် ကျိုးထျန်းမှာ ပြီးမသွားသေးပေ။
"ခင်ဗျားမှာ အမေရိကန်ပြည်ထောင်စုမှာ အိမ်ခြံမြေ ၁၃ ခု ရှိတယ်၊ နယူးယောက်နဲ့ လော့စ်အိန်ဂျလိစ်မှာ..."
"တရုတ်ပြည်မှာလည်း အိမ်ခြံမြေ ၇ ခု ရှိတယ်၊ ပေကျင်း၊ ရှန်ဟိုင်းနဲ့ ကွမ်ကျိုးမှာ..."
ကျိုးထျန်း ပြောလေလေ ဝေဖေးယွီ ပိုပြီး စိုးရိမ်လာလေလေ ဖြစ်သည်။ မိမိ၏ လျှို့ဝှက်ချက်များ အကုန်ပေါ်ပေါက်လာရသည့် ခံစားချက်မှာ အလွန်မသက်မသာ ဖြစ်ရသည်။
ဝေဖေးယွီ၏ အချက်အလက်များကို ပြောပြီးနောက် သူသည် ဝမ်ရှောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
ထိုအကြည့်တစ်ခုက ဝမ်ရှောင်၏ နှလုံးသားကို တစ်ချက် ရပ်တန့်သွားစေသည်။
"သူက ငါ့အကြောင်းကိုရော စုံစမ်းထားတာလား?"
ကျိုးထျန်းက သူမကို စိတ်ပျက်အောင် မလုပ်ခဲ့ပေ။
"ဝမ်ကွေဟွာ ၊ နန်ဟဲ့ပြည်နယ်၊ ကျူဒီယန်မြို့က၊ ဒီနှစ် ၄၁ နှစ် ရှိပြီ”
"အရပ် ၁၆၇ စင်တီမီတာ၊ အလေးချိန် ၅၁ ကီလိုဂရမ်၊ အဆီရာခိုင်နှုန်း ၂၁ ရာခိုင်နှုန်း”
"သားအိမ်ဆိုင်ရာ ရောဂါများစွာ ရှိတယ်၊ ကိုယ်ဝန် လေးကြိမ် ဖျက်ချဖူးတယ်၊ ကလေး မရနိုင်တော့ဘူး”
"ခင်ဗျားမှာ နိုက်ကလပ် နှစ်ခုနဲ့ KTV ၈ ခု ရှိတယ်။ နိုက်ကလပ်နှစ်ခုစလုံးမှာ တားမြစ်ပစ္စည်းတွေ ရောင်းနေပြီး၊ KTV ၈ ခုထဲက ၆ ခုမှာလည်း လျှို့ဝှက်ပြီး ရောင်းနေတယ်"
တားမြစ်ပစ္စည်းအကြောင်း ပြောလိုက်သည့်အခါ ဝမ်ရှောင်၏ခန္ဓာကိုယ်မှာ သိသိသာသာ တုန်ရီသွားသည်။ သူမ ကြောက်သွားပေသည်။
တရုတ်ပြည်တွင် ဤအလုပ်မျိုး လုပ်ခြင်းမှာ သေဒဏ်အထိ အရေးယူခံရနိုင်သည်။
သို့သော် အလွန်မြတ်သော အမြတ်ငွေများကြောင့် သူမလိုလူမျိုးက ဆွဲဆောင်မှုကို ငြင်းဆန်နိုင်မည်နည်း။
"ခင်ဗျား ဒီနှစ်အတွင်းမှာ အမျိုးသား ၁၇ ယောက်နဲ့ အိပ်ခဲ့တယ်၊ သူတို့ထဲက သုံးယောက်နဲ့ဆို ၁၀ ကြိမ်ထက် ပိုများတယ်။ သူတို့က တော်တော် စွမ်းပုံရတယ်နော်"
ကျိုးထျန်းက ဝမ်ရှောင်ကို လှောင်ပြုံးဖြင့် ကြည့်လိုက်သည်။
ထိုစကားကို ကြားသောအခါ ဝေဖေးယွီ၏မျက်လုံးများ ဒေါသဖြင့် ပြူးကျယ်လာသည်။
သူ့ ဇနီးမှာ ဖောက်ပြန်တတ်ကြောင်း သိသော်လည်း ဤမျှအထိ ဖောက်ပြန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
သြဂုတ်လပဲ ရှိသေးတာကို လူ ၁၇ ယောက်နဲ့တောင်။ သူမက တကယ့်ကို...
"မင်း... မင်း တိတ်စမ်း၊ တိတ်စမ်း!"
ဝမ်ရှောင်က သွားကို ကြိတ်ကာ ကျိုးထျန်း ပါးစပ်ကို ပိတ်ရန် ကြိုးစားသည်။ သို့သော် သူက အခွင့်အရေး မပေးဘဲ သူမကို ကန်ထုတ်လိုက်သည်။
"မင်းကတော့..."
ဝေဖေးယွီက သူ့ဇနီးကို အနိုင်ကျင့်နေသည်ကို မြင်ရသဖြင့် ပြန်တိုက်ခိုက်ရန် ထလိုက်သည်။ သို့သော် ကျိုးထျန်း၏ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ငြိမ်ကျသွားသည်။
"ထိုင်!"
ကျိုးထျန်းက အမိန့်ပေးလိုက်ရာ ဝေဖေးယွီမှာ တုန်လှုပ်စွာဖြင့် ကုလားထိုင်ပေါ် ပြန်ထိုင်လိုက်ရသည်။
"နောက်ထပ် ထပ်ကြားချင်သေးလား? ကျွန်တော့်မှာ ပြောစရာတွေ အများကြီး ကျန်သေးတယ်၊ အထူးသဖြင့် ခင်ဗျားတို့ရဲ့ ဝမ်ချောင်နည်းပညာအကြောင်း။ မနက်မိုးလင်းတဲ့အထိတောင် ပြောလို့ရတယ်"
သူ၏ လုပ်ရပ်က သူတို့နှစ်ယောက်၏ ခံစစ်ကို အပိုင်းပိုင်းအစစ ဖြစ်သွားစေသည်။
သူတို့နှစ်ယောက်စလုံးမှာ မသန့်ရှင်းသော အတိတ်ရှိသူများ ဖြစ်ကြပြီး ဖော်ထုတ်ခံရမည်ကို အလွန်ကြောက်ရွံ့ကြသူများ ဖြစ်သည်။
ယခုအခါ ဤမျှ အတိအလင်း ဖော်ထုတ်ခံလိုက်ရပြီဖြစ်ရာ မည်သူကများ ခံနိုင်ရည်ရှိမည်နည်း။