အခန်း ၃၁
Vol. 4 Ch. 31
အခန်း (၃၁) - သိုင်းသူတော်စင်အဆင့်
ရက်အနည်းငယ် ကြာပြီးနောက် မြောက်ပိုင်းမန် သံတမန်များက တာ့ချန်၏ အရင်ဧကရာဇ်ဟောင်းကို ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
ဧကရာဇ်ကျင်းက မှူးမတ်အရာရှိများကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ကာ မြို့ပြင်ထွက်ကြိုဆိုပြီး သာမန်ပြည်သူများရှေ့မှောက်တွင် ရှေးပညာရှိကြီးများ၏ သုံးကြိမ်ငြင်းပယ်၊ သုံးကြိမ်အလျှော့ပေးသည့် အမူအရာများကို ဟန်ဆောင်တုပ ပြသခဲ့လေသည်။
ကျိုးရီသည်လည်း ဤစည်ကားလှသော ပွဲတော်သို့ ဝင်ရောက်ကြည့်ရှုရန် ရောက်ရှိလာခဲ့သည်။
အဝေးမှ လှမ်းကြည့်လိုက်ရာ အရင်ဧကရာဇ်မှာ ဝဖြိုးကာ အသားအရေ ဖြူဝင်းနေပြီး မယားငယ်များ၊ ကိုယ်လုပ်တော်များ ဝန်းရံလျက်ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
‘သောက်ကျိုးနည်း... သူက ဆင်းရဲဒုက္ခတွေကို ခံစားခဲ့ရတဲ့ ပုံစံမျိုး လုံးဝမရှိတဲ့အပြင် အပန်းဖြေခရီးကနေ ပြန်လာတဲ့ ပုံစံမျိုးတောင် ပေါက်နေသေးတယ်'
အရင်ဧကရာဇ်ဟောင်းအုပ်စုမှ အရာရှိများအားလုံးမှာ မျက်ရည်များဖြင့် ငိုကြွေးနေကြသော်လည်း ပတ်ဝန်းကျင်ရှိ သာမန်ပြည်သူများကမူ တီးတိုးကျိန်ဆဲနေကြလေသည်။
“ခွေးတိရစ္ဆာန်... မြောက်ပိုင်းမန်မှာတင် ဘာလို့မသေခဲ့ရတာလဲ၊ သူက ဘယ်လိုမျက်နှာမျိုးနဲ့ ပြန်လာရဲသေးတာလဲ”
အခြားသူတစ်ဦးကလည်း မကျေမနပ် ဝင်ပြောသည်။
“မြောက်ပိုင်းမန်မှာ လက်ရွေးစင်စစ်သည် ငါးသိန်းလောက် ဆုံးရှုံးခဲ့ရတာတောင် သူက မယားငယ်တွေ၊ ကိုယ်လုပ်တော်တွေ ဝိုင်းရံပြီး နေနိုင်သေးတယ်။ အရှက်မရှိတဲ့ကောင်”
ဤမြင်ကွင်းက ကျိုးရီကို သက်ပြင်းတစ်ချက် ချမိသွားစေသည်။ လူကောင်းများမှာ သက်ဆိုးမရှည်ဘဲ လူဆိုးများကမူ အနှစ်တစ်ထောင်တိုင်တိုင် အသက်ရှင်နေတတ်ကြသည် မဟုတ်လော။
‘တကယ်တော့ အသက်ရှည်ချင်တယ်ဆိုရင် လူဆိုးတစ်ယောက် ဖြစ်ရမယ်၊ ပိုဆိုးလေ ပိုအသက်ရှည်လေပဲ ဆိုတာ သေချာသွားပြီ’
‘ငါ ဆုံးဖြတ်လိုက်ပြီ၊ မနက်ဖြန် လမ်းကူးနေတဲ့ အဘွားအိုတစ်ယောက်ကို သွားပြီး အနိုင်ကျင့်ပစ်မယ်'
သို့သော် ဧကရာဇ်ကျင်းကို ကြည့်ရသည်မှာ အနည်းငယ် ပုံမှန်မဟုတ်သကဲ့သို့ ဖြစ်နေသည်ကို သူ သတိပြုမိလိုက်သည်။
‘သူက တကယ်ကြီး မဟာသိုင်းသခင်အဆင့်ကို ရောက်နေပြီပဲ'
ဧကရာဇ်ကျင်း မြောက်ပိုင်းမန်သို့ သွားစဉ်က မွေးရာပါအဆင့် အလယ်အလတ်တွင်သာ ရှိသေးကြောင်း သိထားသင့်သည်။ အကယ်၍ ဒုံးပျံစီးသွားမည်ဆိုလျှင်ပင် ဤမျှ မြန်ဆန်စွာ အဆင့်တက်နိုင်မည်မဟုတ်ချေ။
သေချာ အကဲခတ်ကြည့်လိုက်သောအခါ သူ၏ ပုံပန်းသဏ္ဍာန်က ငယ်ရွယ်မှုရှိလင့်ကစား နားရွက်အောက်ရှိ အရေပြားပေါ်တွင် အသက်အရွယ်ကြီးရင့်ခြင်းကို ပြသသော အမည်းစက်အချို့ ပေါ်လာနေပြီဖြစ်သည်။
ကျိုးရီ မှန်းဆလိုက်သည်။
“ဖြစ်နိုင်တာက...”
ကျိုးရီ ခေါင်းခါယမ်းလိုက်သည်။ သူ ဆက်လက် စောင့်ကြည့်ရန် ပျင်းရိသွားပြီဖြစ်ကာ တာဝန်ထမ်းဆောင်ရန် ကောင်းကင်အကျဉ်းထောင်သို့ လှည့်ထွက်လာခဲ့တော့သည်။
အချိန်အတန်ကြာပြီးနောက်…
ဧကရာဇ်နန်းတော်အတွင်း၌။
ဒေါသတကြီး ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။
“ဘာလို့လဲ… သူက မြောက်ပိုင်းမန်မှာတင် ဘာလို့မသေခဲ့ရတာလဲ၊ ဘာဖြစ်လို့ ပြန်လာရသေးတာလဲ”
ဧကရာဇ်သည် ဒေါသတကြီး ဟိန်းဟောက်ကာ ခန်းမအတွင်းရှိ ပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးပစ်လိုက်သည်။ မြေပြင်ပေါ်တွင် ခေါင်းဖြတ်ခံထားရသော နန်းတွင်းအစေခံမလေးတစ်ဦး၏ အလောင်းပင် ရှိနေလေသည်။
အနက်ရောင် လေပြင်းတစ်ချက် ဖြတ်သန်းတိုက်ခတ်သွားပြီး မိန်းမစိုးချန်သည် ဧကရာဇ်၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။
“အရှင်မင်းကြီး... စိတ်ကို တည်တည်ငြိမ်ငြိမ်ထားတော်မူပါ”
လီချင်းရွှမ်၏ မျက်လုံးများမှာ အေးစက်မှိုင်းညို့နေပြီး သတ်ဖြတ်လိုစိတ် အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
“ငါက ဘယ်လိုလုပ် စိတ်အေးအေးထားနိုင်မှာလဲ။ မင်း အဲဒီတိရစ္ဆာန်တွေကို မမြင်ခဲ့ဘူးလား၊ သူ ပြန်လာတာကို မြင်တော့ သူတို့က သူ့ကို အဝါရောင်ဝတ်ရုံ ချက်ချင်းခြုံပေးပြီး ငါ့ကို ပလ္လင်ပေါ်ကနေ ကန်ချဖို့ လက်ယားနေကြတာ”
မိန်းမစိုးချန်က တည်ငြိမ်စွာ ဖြောင်းဖျလိုက်သည်။
“အရှင်မင်းကြီး... ဒီလောကမှာ ခွန်အားကသာ စကားပြောပါတယ်၊ သူ ပြန်လာတယ်ဆိုရင်တောင် လောကကြီးကို ဆန့်ကျင်ပြီး အရှင်မင်းကြီးရဲ့ ပလ္လင်ကို လုယူဖို့ မဝံ့ရဲပါဘူး၊ ကျွန်တော်တို့ အချိန်လိုအပ်တယ်"
“ရုံးတော်ရဲ့ အာဏာကို ကျွန်တော်တို့ လက်ထဲမှာ ဆုပ်ကိုင်ထားနိုင်ဖို့ အချိန်လုံလုံလောက်လောက်ရနေသမျှ ကာလပတ်လုံး သူ ဘာဂယက်မှ ဖန်တီးနိုင်မှာ မဟုတ်ဘူး”
လီချင်းရွှမ်က သက်ပြင်းချကာ ညည်းတွားလိုက်သည်။
“ငါ့မှာ အချိန် သိပ်မကျန်တော့ဘူးဆိုတာ မင်းသိပါတယ်၊ ဒီကျင့်စဉ်က အရမ်းဆိုးရွားလွန်းတယ်၊ ငါ့ရဲ့ သက်တမ်းက အခုဆို နှစ်တစ်ရာလောက် လျော့ကျသွားခဲ့ပြီ”
မိန်းမစိုးချန်က အားပေးစကား ဆိုလိုက်သည်။
“ဒါပေမဲ့ အရှင်မင်းကြီးမှာ သားတော်တစ်ပါး ရှိနေသေးတယ်လေ။ အနာဂတ်မှာ အိမ်ရှေ့စံမင်းသားက ပလ္လင်ကို ဆက်ခံနိုင်ပြီး ပလ္လင်က အရှင်မင်းကြီးရဲ့ မျိုးဆက်လက်ထဲမှာ ဆက်ရှိနေသမျှ အရှင်မင်းကြီး အနိုင်ရတာပါပဲ”
“ကျွန်တော်တို့က လက်ရှိ အခိုက်အတန့်လေးအတွက် တိုက်ခိုက်နေတာ မဟုတ်ဘူး၊ ထာ၀ရတည်မြဲရေးအတွက် တိုက်ခိုက်နေတာပါ”
လီချင်းရွှမ်၏ မျက်လုံးများ အရောင်လက်သွားသည်။
“အပြောကောင်းတယ်၊ လက်ရှိ အခိုက်အတန့်လေးအတွက် မဟုတ်ဘဲ ထာဝရတည်မြဲရေးအတွက် တိုက်ခိုက်မယ်၊ မိစ္ဆာဂိုဏ်းကလူတွေရဲ့ အခြေအနေကရော ဘယ်လိုနေလဲ”
မိန်းမစိုးက လေးနက်စွာ လျှောက်တင်သည်။
“ကျွန်တော်မျိုး ဝန်ကြီးအဖွဲ့ကို ဧကရာဇ်အမိန့်တော် တစ်ရပ် ထုတ်ပြန်ခိုင်းပြီးပါပြီ။ တိုင်းပြည်ကို ကာကွယ်ပြီး မိစ္ဆာတွေကို ချေမှုန်းမယ်ဆိုတဲ့ အကြောင်းပြချက်ကို သုံးပြီး မိစ္ဆာဂိုဏ်းကို ဝိုင်းဝန်းချေမှုန်းဖို့ ကျန်းဟူဂိုဏ်းတွေကို ဆင့်ခေါ်ထားပါတယ်"
“ဒီတစ်ကြိမ်မှာ မိစ္ဆာဂိုဏ်းဝင် အများအပြားကို သေချာပေါက် ဖမ်းဆီးနိုင်လိမ့်မယ်”
“အရှင်မင်းကြီးအနေနဲ့ သူတို့ရဲ့ ကျင့်ကြံခြင်း စွမ်းအားတွေကို ဝါးမျိုလိုက်ပြီး၊ ဘိုးဘေးကြီးချန်ရစ်ခဲ့တဲ့ သူတော်စင်ခန်းမနည်းလမ်းနဲ့ အားကောင်းတဲ့ဝိညာဉ် ပေါင်းစပ်လိုက်မယ်ဆိုရင် သိုင်းသူတော်စင်အဆင့်ကို တက်လှမ်းနိုင်ဖို့ အလားအလာ အရမ်းများပါတယ်”
“အဲဒီအချိန်ကျရင် မိဖုရားခေါင်ကြီးရဲ့ အုပ်စုကို ဖယ်ရှားပြီးတာနဲ့ အိမ်ရှေ့စံမင်းသားရဲ့ ပလ္လင်က ထာဝရလုံခြုံသွားပါလိမ့်မယ်”
လီချင်းရွှမ်က မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။
“မင်း ပြောတာမှန်ပါတယ်”
အချိန်များ လျင်မြန်စွာ ကုန်လွန်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နှစ်ကျော် အချိန်ကာလကို ဖြတ်သန်းသွားခဲ့လေပြီ။
ယနေ့သည် ကျိုးရီ ဤကမ္ဘာသို့ ရောက်ရှိလာခဲ့သည်မှာ ဆယ်နှစ်ပြည့်မြောက်သော နေ့ပင် ဖြစ်တော့သည်။
ဤကာလအတွင်း ကျိုးရီသည် နေ့စဉ် တရားထိုင်ကာ ကောင်းကင်နှင့် လူသား ပေါင်းစည်းခြင်းကို တွေးတောဆင်ခြင်ခဲ့သည်။ နေ့စဉ်နှင့်အမျှ သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်နှင့် ဝိညာဉ်မှာ ပိုမို အံဝင်ခွင်ကျ ဖြစ်လာကြောင်းကို ရှင်းလင်းစွာ ခံစားနေရပေသည်။
နောက်ဆုံးတွင် ထိုည၌ ကျင့်ကြံနေစဉ်အတွင်း သူ၏ မူလဝိညာဉ်မှာ ရုတ်တရက် တုန်ခါသွားပြီး ယခင်က တစ်ခါမျှမကြုံဖူးသော မြင်ကွင်းတစ်ခုထဲသို့ ဝင်ရောက်သွားတော့သည်။
ကျိုးရီ အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
“နှလုံးသားမိစ္ဆာကပ်ဘေး”
ကျိုးရီ၏ စိတ်နှလုံး တုန်ခါသွားလေသည်။ လုချင်းဖုန်း၏ မှတ်ဉာဏ်များအရ နှလုံးသားမိစ္ဆာကပ်ဘေး ပေါ်ပေါက်လာခြင်းမှာ မူလဝိညာဉ်သည် ၎င်း၏ အမြင့်ဆုံး အကန့်အသတ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်းကို ပြသနေခြင်းပင် ဖြစ်သည်။
နှလုံးသားမိစ္ဆာကို ဖြတ်တောက်နိုင်သမျှ ကာလပတ်လုံး သူသည် မူလဝိညာဉ် အသွင်ကူးပြောင်းမှုကို လွယ်ကူစေပြီး၊ ခန္ဓာကိုယ်၊ ကောင်းကင်နှင့် လူသား ပေါင်းစည်းခြင်းကို ရရှိကာ သိုင်းသူတော်စင်အဆင့်သို့ တရားဝင် ဝင်ရောက်ပြီဖြစ်ကြောင်း ကြေညာနိုင်မည်ဖြစ်သည်။
သူ၏ရည်မှန်းချက်များ ပြည့်ဝရန် ခြေတစ်လှမ်းသာ လိုတော့သည်။
လူတစ်ဦးသည် တစ်စုံတစ်ခုကို ပိုကြောက်လေ၊ သို့မဟုတ် တစ်စုံတစ်ခုကို လောဘတကြီး လိုချင်လေ၊ ပို၍ နစ်မွန်းသွားလေဖြစ်သည်။
နောက်ဆုံးတွင် နှလုံးသားမိစ္ဆာက အားနည်းချက်ကို အခွင့်ကောင်းယူကာ ကျင့်ကြံခြင်းကို ဖောက်လွဲဖောက်ပြန် ဖြစ်အောင်လုပ်လေသည်။
ထိုအခါ သတ်ဖြတ်ရန်သာသိသော ရူးသွပ်သည့် နတ်ဆိုးခေါင်းဆောင်တစ်ဦးအလား ပြောင်းလဲသွားပြီး အခြားသူများ၏ သတ်ဖြတ်ခြင်းကို ခံရမည်ဖြစ်သည်။
နှလုံးသားမိစ္ဆာသည် မိမိ၏ ဆန့်ကျင်ဘက်ခြမ်းတစ်ခုပင်။ စိတ်ဓာတ်ခိုင်မာခြင်းကို အားကိုးခြင်းဖြင့်သာ ၎င်းကို သတ်ဖြတ်နိုင်ပေသည်။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် စွမ်းအား သို့မဟုတ် စိတ်စွမ်းအင်ကို အသုံးပြု၍ ဖျက်ဆီးရန်မှာ လုံးဝမဖြစ်နိုင်ချေ။
သူက ဤကိစ္စကို လေးလေးနက်နက် တွေးတောနေလိုက်သည်။ မကြာမီမှာပင် တောက်ပသော အလင်းတန်းများမှာ ခြေအိတ်ရှည်များ ဝတ်ဆင်ထားသော ဖြူဝင်းလှပသည့် အမျိုးသမီးတစ်စုအဖြစ်သို့ ပြောင်းလဲသွားလေ၏။
အနက်ရောင် ခြေအိတ်များ၊ အဖြူရောင် ခြေအိတ်များ၊ အသားကပ်ခြေအိတ်များနှင့် ဇာပန်းများ ပါဝင်နေသည်။
ကျိုးရီ တစ်ယောက် ဆွံ့အသွားရသည်။
အမျိုးသမီးများက ချွဲနွဲ့နွဲ့ လေသံဖြင့် ခေါ်လိုက်ကြ၏။
“ယောကျာ်းရေ...”
ပွင့်ပွင့်လင်းလင်း စနောက်ခြင်းကို ရှောင်တိမ်းရန် လွယ်ကူသော်လည်း တိတ်တဆိတ် သွေးဆောင်ခြင်းကိုမူ ကာကွယ်ရန် ခက်ခဲလှပေသည်။
နှလုံးသားမိစ္ဆာဟူသည် နာမည်နှင့် လိုက်ဖက်စွာပင် သူသည် ဝိညာဉ်ကူးပြောင်းလာသူ တစ်ဦးဖြစ်ကြောင်း သိရှိနေသဖြင့် ဤကဲ့သို့ လှည့်ကွက်မျိုးကို အသုံးပြုလိုက်ခြင်းပင်။
အလှမယ်လေးများက သစ်ခွပန်းအလား မွှေးကြိုင်သော ရနံ့များဖြင့် သူ့ကို ဝိုင်းရံလာကြသည်။
“ယောကျာ်းရေ... ကျွန်မတို့နဲ့ ဆော့ချင်လားဟင်”
ကျိုးရီ ခေါင်းညိတ်ပြလိုက်ရာ အလှမယ်လေးများ၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ပို၍ တောက်ပရွှင်လန်းလာကြသည်။
“ဒါဆို ကျွန်မတို့ ဘာကစားကြမလဲဟင်”
ကျိုးရီက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
“မင်းတို့ရဲ့ ခြေအိတ်ရှည်တွေကို ချွတ်ချင်တယ်”
အလှမယ်လေးများက တခစ်ခစ် ရယ်မောကာ ပြန်မေးလိုက်သည်။
“ဟင်းဟင်း... ပြီးတော့ရော ဘာလုပ်မလဲ”
ကျိုးရီက လေးလေးနက်နက် ပြန်ဖြေလာသည်။
“အဲဒါတွေကို လောက်လေးခွလုပ်ပြီး မင်းတို့ရဲ့ ပြတင်းပေါက်တွေကို လှမ်းပစ်မယ်”
ထိုအခါ အလှမယ်လေးများ၏ မျက်နှာပေါ်ရှိ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားပြီး ဒေါသများဖြင့် အစားထိုးသွားကာ ရက်စက်ကြမ်းကြုတ်သော တစ္ဆေများအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။
သူတို့ထဲမှ အများစုမှာ ကျိုးရီသတ်ဖြတ်ခဲ့ဖူးသူများပင် ဖြစ်ကြသည်။
ဒေါသတကြီး အော်ဟစ်သံများ ဆူညံလာသည်။
“ကျိုးရီ... ကောင်လေး၊ ငါ့အသက်ကို ပြန်ပေးစမ်း”
“ကျိုးရီ... သောက်ကောင်လေး၊ ဒီနေ့က မင်းသေရမယ့်နေ့ပဲ”
“ကျိုးရီ...”
ကျိုးရီက ရန်စသည့် လေသံဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
“ဒါဆို လာပြီးသတ်လှည့်လေ”
တစ္ဆေများ မှင်သက်သွားကြလေသည်။
ကျိုးရီက ထပ်မံ လှောင်ပြောင်လိုက်၏။
“ငါ့ကို သတ်ရမှာ ကြောက်နေတာတော့ မဟုတ်ပါဘူးနော်”
တစ္ဆေများ ဆွံ့အသွားကြသည်။
သူက ထပ်မံ ဖိအားပေးလိုက်ပြန်သည်။
“မင်းတို့က ငါ့ကို မသတ်နိုင်တာတော့ မဟုတ်ပါဘူးနော်”
တိတ်ဆိတ်မှုကသာ ကြီးစိုးသွားတော့သည်။
ခဏအကြာတွင် မိစ္ဆာတစ္ဆေများမှာ ပေါက်ကွဲထွက်သွားလေ၏။ အမည်းရောင်မီးခိုးငွေ့များက လူရိပ်တစ်ခုအဖြစ် စုစည်းသွားပြီး ၎င်းက အနည်းငယ် ဦးညွှတ်ကာ နှုတ်ခမ်းများ ကွေးတက်သွားပြီး မြှောက်ပင့်ဖော်ရွေသော အရိပ်အယောင်များဖြင့် သူ့အနီးသို့ ရောက်ရှိလာသည်။
၎င်း၏ ပုံစံမှာ အတိတ်ဘဝက အထွေထွေမန်နေဂျာဘေးရှိ ဖိနပ်လျက်တတ်သူနှင့် တစ်ပုံစံတည်း တူညီနေလေသည်။
မျက်စိရှေ့ရှိ စိတ်အာရုံချောက်ချားမှုက မရေမတွက်နိုင်အောင်ကို ဖန်ဆင်းပြလာပြီး သူတို့အားလုံးက သူ့ကို ဒူးထောက်ဦးညွှတ်ကာ နတ်ဘုရားတစ်ပါးအလား ရိုသေလေးစားနေကြလေသည်။
ထိုလူရိပ်က ချီးမွမ်းစကား ဆိုလာသည်။
“သခင်ကြီးရဲ့ စစ်မှန်တဲ့ နှလုံးသားက ဒီလောက်အထိ ပြတ်သားလိမ့်မယ်လို့ ကျွန်တော်မထင်ထားခဲ့ဘူး။ ဒီမိစ္ဆာငယ်လေးက သခင်ကြီးကို အလွန်လေးစားမိပါတယ်၊ သခင်ကြီးက သိုင်းသူတော်စင်တစ်ပါး ဖြစ်လာတော့မယ်"
“သခင်ကြီးရဲ့ ခွန်အားက နတ်ဆင်နဂါးခွန်အား အမျှင်တစ်ရာကျော်ကို ကျော်လွန်သွားပြီး ဒီလောကမှာ အစွမ်းအထက်ဆုံး တည်ရှိမှုကြီး ဖြစ်လာတော့မယ်၊ ဘယ်သူကမှ သခင်ကြီးကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး”
အနာဂတ်မှာ နတ်ဘုရားတွေနဲ့ တွေ့ရင် နတ်ဘုရားတွေကို သတ်မယ်၊ ဘုရားတွေနဲ့ တွေ့ရင် ဘုရားတွေကို သတ်မယ်။ လောကကြီး တစ်ခုလုံးကို အုပ်စိုးမယ်၊ မျိုးဆက်တစ်သောင်းတိုင်တိုင် ကျော်ကြားပြီး ထာဝရ အင်မော်တယ် ဖြစ်သွားလိမ့်မယ်”
ကျိုးရီက လှောင်ပြုံးတစ်ခု ပြုံးလိုက်သည်။
“ကလေးဆန်လိုက်တာ”
သူသည် တဇွတ်ထိုးဆန်သော ကျင့်ကြံခြင်း ဝတ္ထုများထဲမှ ဦးနှောက်မရှိသည့် ဇာတ်လိုက်တစ်ယောက် မဟုတ်ပေ။
သူ ဝိညာဉ်ကူးပြောင်းလာခဲ့သည့် အချိန်မှစ၍ ဆယ်နှစ်တာ ကာလအတွင်း မုန်တိုင်းများကို ဖြတ်သန်းကာ အောက်ခြေအဆင့် အလောင်းစစ်ဆေးသူ ဘဝမှနေ၍ သိုင်းသူတော်စင်အဆင့်အထိ သတိကြီးစွာဖြင့် လျှောက်လှမ်းလာခဲ့သော ကျင့်ကြံသူတစ်ဦးဖြစ်သည်။
သူ၏ ရည်မှန်းချက်များက ကြီးမားလွန်းသော်ငြား ခြေလှမ်းများကမူ အမြဲတမ်း တည်ငြိမ်နေခဲ့သည်။
အတိတ်ဘဝက သူသည် ၀တ္တုပေါင်းများစွာကို ဖတ်ရှုခဲ့ဖူးရာ နှလုံးသားမိစ္ဆာ အသုံးပြုတတ်သော လှည့်ကွက်များကို မြင်ဖူးသလို အသုံးမပြုရသေးသော လှည့်ကွက်များကိုပင် မြင်ဖူးထားပြီးဖြစ်သည်။ ဤကဲ့သို့ လှည့်ကွက်မျိုးက သူ့အပေါ် အလုပ်မဖြစ်နိုင်ချေ။
၎င်းသည် လောဘ၊ ဒေါသ၊ မောဟနှင့် ကြောက်ရွံ့မှုတို့ထက် မပိုပေ။ ကံမကောင်းစွာဖြင့် သူသည် အရာရာကို ကြောက်ရွံ့တတ်သူ မဟုတ်ပေ။
လောဘတက်လာချိန်တွင် ငြိမ်းချမ်းမှုကို တွေးတောပြီး ဒေါသထွက်ချိန်တွင် ရန်သူများကို သတ်ဖြတ်ပစ်တတ်သည်။
မောဟနှင့် ပတ်သက်၍မူ၊ သူက သတိကြီးသော စရိုက်လက္ခဏာရှိပြီး လမ်းဟောင်းကြီးထဲတွင် ဘယ်သောအခါမှ ပိတ်မိမနေတတ်ချေ။
နှလုံးသားမိစ္ဆာသည် အကြိမ်များစွာ ပြောင်းလဲသွားခဲ့သော်လည်း ကျိုးရီ၏မျက်လုံးထဲတွင် ဘာကိုမျှ မမြင်ရသကဲ့သို့ပင် ဖြစ်နေလေသည်။
သူ၏ စိတ်အခြေအနေမှာ ပိုမိုအားကောင်းလာပြီး မူလဝိညာဉ်နှင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏ စွမ်းအားများမှာလည်း တစ်ပြိုင်နက်တည်း မြင့်တက်လာတော့သည်။
နောက်ဆုံးတွင် စိတ်အာရုံပုံရိပ်ယောင် တစ်ရာ့ရှစ်ခုကို လျစ်လျူရှုပြီးနောက် နှလုံးသားမိစ္ဆာမှာ အလိုအလျောက် ပြိုကွဲသွားလေတော့သည်။
ကျိုးရီ၏ မူလဝိညာဉ်ထံမှ အနက်ရောင် မီးခိုးငွေ့တစ်စ လွင့်စင်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ တောက်ပသော ရွှေရောင်အလင်းများ ဖုံးလွှမ်းသွားကာ ကောင်းကင်ယံသို့ တိုက်ရိုက်ထိုးတက်သွားသော နဂါးဟိန်းသံကြီး တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
ဟိန်းဟောက်သံကြီးက မိုးခြိမ်းသံအလား ထွက်ပေါ်လာသည်။ မြို့တော်အတွင်းရှိ လူတိုင်း ထိုနဂါးဟိန်းသံကြီးကို ကြားလိုက်ကြရသည်။
မြို့တော်၏မြေပြင်ကို ဗဟိုပြု၍ မိုင်တစ်ထောင် ပတ်၀န်းကျင်အတွင်းရှိ နယ်မြေများအားလုံး အပြင်းအထန်တုန်ခါသွားတော့သည်။
ကောင်းကင်ယံရှိ တိမ်တိုက်များ လွင့်စင်သွားပြီး ကြယ်များ ပြည့်နှက်နေသော ကောင်းကင်ကြီးကို မြင်လိုက်ရသည်။
ချီစွမ်းအင် အရှိန်အဝါများက မြို့တော်အထက်မှနေ၍ အရပ်မျက်နှာ အသီးသီးသို့ စတင်ပျံ့နှံ့သွားပြီး ကောင်းကင်ယံတွင် ကိုးရောင်ခြယ် မင်္ဂလာအလင်းတန်းများပင် ထွက်ပေါ်လာလေသည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများ လန့်နိုးသွားကြပြီး အချို့မှာ အမိုးပေါ်သို့ ခုန်တက်ကာ စပ်စုနေကြလေသည်။ အချို့မှာမူ ကောင်းကင်ပေါ်သို့ တိုက်ရိုက်ပျံသန်းသွားပြီး စူးစမ်း ရှာဖွေကြတော့သည်။