← Chapters

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂

Vol. 4 Ch. 32

အခန်း (၃၂) - ရှေးဟောင်းခန္ဓာကိုယ်

လူတစ်ဦးက အံ့ဩတကြီး ရေရွတ်လိုက်သည်။

“တစ်ယောက်ယောက်က သိုင်းသူတော်စင်အဆင့်ကို ထိုးဖောက်ဝင်ရောက်သွားပြီဟေ့”

အခြားတစ်ဦးကလည်း မယုံကြည်နိုင်စွာ ဝင်ပြောသည်။

“ကိုးရောင်ခြယ်အလင်းတန်းကြီး ပေါ်လာတယ်ဆိုတော့ ဒါက သာမန် သိုင်းသူတော်စင် မဟုတ်ဘူး။ ကိုးရောင်ခြယ်အလင်းတန်းဆိုတာ ပါရမီရှင်ခန္ဓာကိုယ် နိုးထလာတဲ့ လက္ခဏာပဲ၊ အဲဒီလူက သိုင်းသူတော်စင် ဖြစ်ရုံတင်မကဘူး ရှားပါးတဲ့ အထူးခန္ဓာကိုယ်ကိုပါ ပိုင်ဆိုင်ထားတာပဲ”

လူအုပ်ကြီးကြားမှ မေးခွန်းထုတ်သံများ ဆူညံလာသည်။

“ဘယ်သူလဲ။ ဘယ်သူကများ သိုင်းသူတော်စင်အဆင့်ကို တက်လှမ်းသွားတာလဲ။ ပြီးတော့ ဘယ်သူက ရှေးဟောင်း ပါရမီရှင်ခန္ဓာကိုယ်ကို နိုးထစေခဲ့တာလဲ”

တစ်ခဏအတွင်းမှာပင် မြို့တော်တစ်ခုလုံး အထိတ်တလန့် တုန်လှုပ်သွားတော့သည်။

နန်းတော်အတွင်း၌ ဧကရာဇ်မှာလည်း လန့်နိုးသွားခဲ့သည်။ သူသည် ကောင်းကင်ယံသို့ လျင်မြန်စွာ ပျံသန်းသွားပြီး ကောင်းကင်မှ ကိုးရောင်ခြယ်အလင်းတန်းများကို စိုက်ကြည့်ကာ သူ၏ မျက်လုံးများထဲရှိ မနာလို အားကျမှု အရိပ်အယောင်များကို ဖုံးကွယ်မထားနိုင်အောင် ဖြစ်နေလေသည်။

ဧကရာဇ်က အမိန့်ပေးလိုက်သည်။

“သိုင်းသူတော်စင်တစ်ပါး၊ ပါရမီရှင်ခန္ဓာကိုယ်တစ်ခု၊ ဒီလောကမှာ နောက်ထပ် ထူးကဲတဲ့ ပုဂ္ဂိုလ်တစ်ယောက် ပေါ်ထွက်လာပြန်ပြီပဲ၊ မိန်းမစိုးချန်... ချည်ပန်းထိုးဝတ်စုံ အစောင့်တပ်ကို အမိန့်ပေးလိုက်၊

“အဲဒီလူကို ချက်ချင်း စုံစမ်းထောက်လှမ်းရမယ်၊ သူဘယ်သူလဲဆိုတာ ရှာဖွေပါ၊ ငါကိုယ်တိုင် သွားရောက်တွေ့ဆုံချင်တယ်”

မိန်းမစိုးချန်က ချက်ချင်းတုံ့ပြန်လိုက်သည်။

“မှန်လှပါ ဘုရား”

ခြံဝင်းငယ်လေး အတွင်း၌ ကျိုးရီ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ သူ၏ မျက်ဝန်းများအတွင်း ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေသည်။

သူက ကျေနပ်စွာ ရေရွတ်လိုက်သည်။

“ထင်တဲ့အတိုင်းပဲ၊ ငါ့ရဲ့ ဒီခန္ဓာကိုယ်က သာမန်ခန္ဓာကိုယ် မဟုတ်ဘူးဆိုတာ ငါ သိတယ်”

ယခင် ဝိညာဉ်ကူးပြောင်းလာသူ၏ ရွှေလက်ချောင်းမှာ ထာ၀ရအသက်တာအိုသစ်သီး ဖြစ်ပြီး၊ သူ၏ ကိုယ်ပိုင်ရွှေလက်ချောင်းမှာ သေဆုံးသွားသူများ၏ မှတ်ဉာဏ်များကို ဖတ်ရှုနိုင်ခြင်းဖြစ်သည်။

သို့သော် ထိုအရာနှစ်ခုလုံးသည် ကျင့်ကြံခြင်း အမြန်နှုန်းကို တိုးမြှင့်ပေးသည့် အခြေခံအကြောင်းရင်းများ မဟုတ်ခဲ့ချေ။

အရေးကြီးဆုံး အကြောင်းရင်းမှာ ဤခန္ဓာကိုယ်ပင် ဖြစ်သည်။ ဝိညာဉ်ကူးပြောင်းလာသူ နှစ်ဦးအား ဆွဲဆောင်နိုင်ခဲ့သည်ကို ကြည့်ချှင် ၎င်းမှာ အမှန်တကယ်ပင် ရှေးဟောင်းခန္ဓာကိုယ်တစ်ခု ဖြစ်နေလေသည်။

ရှေးဟောင်းကျမ်းစာများ မှတ်တမ်းအရ ရှေးဟောင်းခန္ဓာကိုယ်များမှာ အမျိုးမျိုး ကွဲပြားကြသည်။

အချို့မှာ မွေးရာပါ သဘာဝလက္ခဏာများ ပါရှိပြီး ကောင်းကင်ယံတွင် အလင်းတိမ်တိုက်များ ဖုံးလွှမ်းသွားတတ်ကာ အချို့မှာမူ နေရာအနှံ့ ကြာပန်းများ ပွင့်လန်းစေပြီး လောကကြီးသို့ နွေဦးရာသီကို ယူဆောင်လာပေးနိုင်စွမ်း ရှိကြသည်။

အချို့သော ခန္ဓာကိုယ်များတွင်မူ ကာကွယ်ရေးယန္တရားတစ်မျိုး ပါရှိတတ်သေးသည်။

ထိုကဲ့သို့သော ခန္ဓာကိုယ်များမှာ မွေးဖွားစဉ်က မည်သည့် ထူးခြားသော လက္ခဏာမျှမပြသဘဲ သာမန်လူများနှင့် တစ်ခုမှ ကွာခြားပုံ မပေါ်သော်လည်း သူတို့၏ ကျင့်ကြံမှု သတ်မှတ်ထားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားသောအခါမှသာ ထူးခြားသော လက္ခဏာများ ပေါ်ထွက်လာတတ်သည်။

ထိုခန္ဓာကိုယ်များကို နတ်ဘုရားခန္ဓာကိုယ်များဟု ခေါ်ဆိုကြပြီး အရောင် နှစ်မျိုး၊ သုံးမျိုး၊ ငါးမျိုး သို့မဟုတ် ခုနစ်မျိုး ရှိတတ်သည်။

အရောင် အရေအတွက် ပိုများလေ၊ အဆင့် ပိုမြင့်လေဖြစ်ပြီး အနာဂတ်အလားအလာလည်း ပိုမိုကြီးမားလေ ဖြစ်သည်။

အရောင်ကိုးမျိုး ပါရှိသော အရာမှာ ၎င်းတို့အထဲတွင် အကောင်းဆုံးဖြစ်ပြီး သေချာပေါက် သူတော်စင်ခန္ဓာကိုယ်ပင် ဖြစ်သည်။

သူတော်စင်ခန္ဓာကိုယ် အသက်၀င်လာပြီးနောက် အကျိုးရှိရှိ အသုံးပြုနိုင်ပါက ကျင့်ကြံခြင်း အမြန်နှုန်းကို ပိုမိုမြန်ဆန်စေနိုင်သည်။

သို့သော် သူ၏ သူတော်စင်ခန္ဓာကိုယ်မှာ မည်သည့်အမျိုးအစားဖြစ်သည်ကို ကျိုးရီ မသိခဲ့ပေ။

ဤကမ္ဘာတွင် ကျင့်ကြံခြင်းနှင့် ပတ်သက်သော ဗဟုသုတများ အလွန်နည်းပါးလွန်းခြင်းကြောင့် ဖြစ်နိုင်ပြီး သူရရှိခဲ့သော မှတ်ဉာဏ်များထဲတွင်လည်း ရှေးဟောင်းသူတော်စင်ခန္ဓာကိုယ်နှင့် ပတ်သက်သော အချက်အလက်များ ပါဝင်မနေခဲ့ချေ။

သူသည် ဤသူတော်စင်ခန္ဓာကိုယ်၏ လက္ခဏာများအပေါ် အခြေခံ၍ အချက်အလက်များကို ကိုယ်တိုင် ရှာဖွေရမည် ဖြစ်သည်။

သို့သော် ကျိုးရီမှာ စိတ်ပျက်အားငယ်သွားခြင်း မရှိဘဲ အနည်းငယ် ကံကောင်းသည်ဟုပင် ခံစားလိုက်ရသည်။

ရှေးဟောင်းမှတ်တမ်းများအရ လောကတွင် သူတော်စင်ခန္ဓာကိုယ်တစ်ခု ပေါ်ထွက်လာတိုင်း မရေမတွက်နိုင်သော လူများ၏ လောဘကို ဆွပေးသလိုဖြစ်တတ်ပြီး အချို့သော အင်အားကြီး အဖွဲ့အစည်းများက ၎င်းကို လုယူရန် ရောက်ရှိလာတတ်ကြသည်။

သူတော်စင်ခန္ဓာကိုယ်ကို ရယူရန်အတွက် ထိုသူတော်စင်ခန္ဓာကိုယ်ကို မတွေ့မချင်း တိုင်းပြည်တစ်ခုလုံးကို အလောင်းများဖြင့် ပြည့်နှက်ကာ သွေးချောင်းစီးသွားသည်အထိ သန်းနှင့်ချီသော လူများကိုပင် ရက်စက်စွာ သတ်ဖြတ်တတ်ကြသည်။

သို့သော် ဤကမ္ဘာကြီးမှာမူ စွမ်းအားရှင်များ၏ ချိပ်ပိတ်ခြင်းကို ခံရသောကြောင့် အင်အားအကြီးဆုံးသူများမှာ သိုင်းသူတော်စင်အဆင့် ပုဂ္ဂိုလ်များသာ ဖြစ်ကြပြီး သူကိုယ်တိုင်မှာလည်း အင်အားအကြီးမားဆုံး တည်ရှိမှုဖြစ်လုနီးပါး ဖြစ်နေလေပြီ။

ထို့ကြောင့် သူသည် ထိပ်တန်းအင်အားစုများ၏ ပစ်မှတ်ထားခြင်းခံရမည်ကို စိုးရိမ်စရာ မလိုတော့ဘဲ ဖွံ့ဖြိုးတိုးတက်ရန် အချိန်နှင့် အခွင့်အရေးများ ပိုမိုရရှိလာခဲ့သည်။

‘တကယ်ကို အံ့မခန်းပဲ'

ကျိုးရီသည် သူ့ကို စိတ်လှုပ်ရှားစွာဖြင့် နေရာအနှံ့ အရူးအမူး ရှာဖွေနေကြသော အပြင်ဘက်မှ လူများကို လျစ်လျူရှုထားကာ အဆင့်ထိုးဖောက်ပြီးနောက် ရရှိလာသော အကျိုးအမြတ်များကို စတင် စစ်ဆေးနေလေသည်။

သူ့ခန္ဓာကိုယ်ကို အာရုံခံကြည့်လိုက်ရာ အရိုးများမှာ ရွှေရောင်ဖျော့ဖျော့များ စတင် ထွက်ပေါ်နေပြီဖြစ်ပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများကြားတွင်လည်း ရွှေရောင်သွေးစက်အချို့ ရှိနေပြီဖြစ်သည်။

ဤအရာများမှာ သိုင်းသူတော်စင်တစ်ပါးသာ ပိုင်ဆိုင်နိုင်သော ရွှေရောင်အရိုးနှင့် သွေးများဖြစ်ပြီး အလွန်တရာ အားကောင်းလှသော အသက်စွမ်းအင်များ ပါဝင်နေပေသည်။

ဤသည်မှာ အစပြုခြင်းသာ။ အနာဂတ်တွင် သူ့ခန္ဓာကိုယ် တစ်ခုလုံး ပြည့်နှက်သွားသည်အထိ များပြားလာဦးမည်ဖြစ်သည်။

အယူအဆ တစ်ခုအရဆိုလျှင် သိုင်းသူတော်စင်တစ်ပါးသည် သာမန်လူများနှင့် ကွဲပြားနေပြီဖြစ်ပြီး မျိုးရိုးဗီဇအဆင့်တွင် ဆင့်ကဲပြောင်းလဲမှုတစ်ခုကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။

ဤကဲ့သို့သော တိုးတက်မှုမျိုး ရှိမှသာလျှင် အဆင့်မြှင့်တင်ရန်အတွက် ဆက်လက် ကျင့်ကြံနိုင်မည်ဖြစ်သည်။

မဟုတ်ပါက ကိုယ်တွင်းစွမ်းအင်များ အဆက်မပြတ် တိုးလာနေပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က လိုက်မမီနိုင်တော့လျှင် ထိန်းချုပ်၍ မရနိုင်တော့ဘဲ ပေါက်ကွဲကာ သေဆုံးသွားမည်မဟုတ်လော။

သူ၏ သွေးကြောများအတွင်း စီးဆင်းနေသော နတ်ဆင်နဂါးခွန်အားမှာ အမျှင် ၁၁၀ အထိ တိုးလာခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ သာမန်ဆင်ပြောင်ကြီးများ၏ ခွန်အား မဟုတ်ဘဲ နတ်ဆင်နဂါးခွန်အား ဖြစ်သည်။

နဂါးတစ်ကောင်သည် နတ်ဆင်ဆယ်ကောင်ခန့်နှင့် ညီမျှရာ ဆင်ပြောင်ကြီးများအဖြစ် ပြောင်းလဲတွက်ချက်ကြည့်ပါက ၎င်းမှာ ဆင်ပြောင်ကြီးတစ်ထောင်ကျော်၏ ခွန်အားနှင့် ညီမျှပေသည်။

ယခုအခါ သူ နှာတစ်ချက် မှုတ်ထုတ်လိုက်ရုံဖြင့်ပင် စစ်သည် တစ်သိန်းလောက်ကို အမှုန့်ဖြစ်အောင် လုပ်ပစ်နိုင်စွမ်း ရှိနေလောက်ချေပြီ။

မူလဝိညာဉ်နှင့် ပတ်သက်၍မူ ပြောစရာပင်မလိုတော့ချေ။

၎င်းမှာ အပြည့်အဝ ပုံသဏ္ဌာန်ပေါ်လာရုံသာမက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် သီးခြားခွဲ၍ တိုက်ခိုက်နိုင်စွမ်း ရှိလာသည့်အပြင် သူ၏ စိတ်စွမ်းအင်များမှာလည်း မိုင်တစ်ထောင်အတွင်းရှိ အဖြစ်အပျက်များကို ဖြန့်ကြက်ကာ ထောက်လှမ်းနိုင်စွမ်း ရှိလာလေပြီ။

အမြန်နှုန်းမှာလည်း အံ့မခန်း မြန်ဆန်လှပြီး မိုင်တစ်ထောင် အတွင်း၌ သူ သွားချင်သည့် နေရာတိုင်းကို စိတ်ကြိုက် သွားလာနိုင်ပေသည်။

ထိုအချိန်တွက် ကျိုးရီသည် လုံးဝ အသစ်အဆန်းဖြစ်နေသော အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ သူသည် အထူး စွမ်းအင်နယ်ပယ် တစ်ခုကို အမှန်တကယ် ဖွဲ့စည်းနိုင်စွမ်း ရှိလာခြင်းပင်။

ဤစွမ်းအင်နယ်ပယ်အတွင်း၌ သူသည် တိုက်ကွက်များအားလုံးကို ချက်ချင်း ဖန်တီးနိုင်ပြီး ချက်ချင်း ဖျက်သိမ်းနိုင်ပေသည်။

ကျိုးရီ အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

“သိုင်းသူတော်စင် နယ်ပယ်ကြီးလား”

ဤအရာမှာ လုချင်းဖုန်း၏ မှတ်ဉာဏ်များထဲတွင်သာမက အချို့သော သိုင်းသခင်များ၏ မှတ်ဉာဏ်များထဲတွင်ပါ ရှိနေခဲ့ဖူးသည်။

သိုင်းသူတော်စင် နယ်ပယ်တစ်ခုကို ထုတ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် နယ်ပယ်အတွင်းရှိ အရာအားလုံးမှာ ပုရွက်ဆိတ်များသာ ဖြစ်သွားကြသည်။

သူက နယ်ပယ်ကို ပြန်လည် ရုပ်သိမ်းခြင်း မပြုသရွေ့ ရှင်ခြင်းနှင့် သေခြင်းကို သူ၏ အတွေးတစ်ချက်ဖြင့် ဆုံးဖြတ်နိုင်ပေသည်။

ကျိုးရီ စိတ်စွမ်းအင်များကို ဖြန့်ကျက်လိုက်ရာ တတိယမျက်လုံးတစ်ခုကို ဖွင့်လိုက်သည့်အလား ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ သူ့မြင်ကွင်းထဲသို့ ဝင်ရောက်လာတော့သည်။ သူ၏ အားကောင်းလှသော စိတ်စွမ်းအင်အောက်တွင် ဒြပ်ရှိ၊ ဒြပ်မဲ့ အရာအားလုံး ပုန်းကွယ်စရာနေရာမရှိတော့ချေ။

ဤကမ္ဘာ၏ အတားအဆီးတံဆိပ်မှာ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများစွာ ပေါ်လာနေကြောင်းကို သူ သတိပြုမိလိုက်သည်။

ထိုအက်ကြောင်းများမှတစ်ဆင့် အလွန်တရာ ထူထပ်သော ဝိညာဉ်စွမ်းအင်အချို့ ဖြည်းညင်းစွာ စိမ့်ဝင်လာနေလေသည်။

သူက စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။

‘သေချာပေါက်ပဲ၊ ဒီကမ္ဘာကြီးရဲ့ အတားအဆီးတံဆိပ်က ပျက်စီးတော့မယ်၊ သိပ်မကြာခင်မှာပဲ ပြင်ပကမ္ဘာနဲ့ ချိတ်ဆက်မိသွားနိုင်တယ်၊ အဲဒီအချိန်ကျရင် ဒီအားနည်းတဲ့ ကမ္ဘာကြီးက ဘယ်လို အပြောင်းအလဲမျိုးတွေကို ကြိုဆိုရမလဲဆိုတာ ငါ တကယ် မသိတော့ဘူး”

သူသည် ဆက်လက်ကြိုးစားအားထုတ်ကာ အချိန်ကို အမိအရဆုပ်ကိုင်ပြီး ကျင့်ကြံနေရန် လိုအပ်သေးသည်။

ပုန်းအောင်းခြင်းလမ်းစဉ်က ကောင်းမွန်သော်လည်း ၁၀၀ ရာခိုင်နှုန်းတော့ မသေချာလှပေ။ မူလပိုင်ရှင်မှာ အင်အားကြီးမားသော လူတစ်ဦး၏ အမျိုးသမီးကို တစ်ချက်ကြည့်မိရုံဖြင့် ရိုက်သတ်ခံခဲ့ရသည် မဟုတ်လော။

အကယ်၍ အထက်ကမ္ဘာနှင့် ချိတ်ဆက်မိသွားပါက ပိုမိုအားကောင်းသော တည်ရှိမှုတစ်ခုခုက သူ့ကို တိုက်ခိုက်လာမည်မဟုတ်ဟု မည်သူက အာမခံနိုင်မည်နည်း။

ဥပမာအားဖြင့်၊ တစ်ယောက်ယောက်က သူ့ကို အမြင်မကြည်သဖြင့် ‘မင်း ဘာကြည့်နေတာလဲ’ ဟု ပြောလိုက်ရုံနှင့် အရာအားလုံး ပြီးဆုံးသွားနိုင်ပေသည်။

ဆယ်နှစ်အတွင်း မြေပြင်အင်မော်တယ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်ရန် ရည်မှန်းချက် အသေးလေးတစ်ခု ချမှတ်လိုက်သည်။

ကျိုးရီသည် အရုဏ်တက်ချိန်တွင် ကောင်းကင်အကျဉ်းထောင်သို့ ရောက်ရှိလာခဲ့သည်။ သူ့လုပ်ဖော်ကိုင်ဖက်အားလုံးမှာ မနေ့ညက ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ဆွေးနွေးနေကြလေသည်။

လုပ်ဖော်ကိုင်ဖက်တစ်ဦးက စိတ်လှုပ်ရှားစွာ ပြောသည်။

“နန်းတော်က ကြေညာထားတယ်၊ အဲဒီ သိုင်းသူတော်စင်နဲ့ ပတ်သက်တဲ့ သဲလွန်စတွေကို ပေးနိုင်တဲ့သူ ဘယ်သူမဆို၊ သိုင်းသူတော်စင်ကို ရှာတွေ့တာနဲ့ အရာရှိအဖြစ် တိုက်ရိုက် ခန့်အပ်ခံရမယ်တဲ့”

နောက်တစ်ဦးက အံ့ဩတကြီး ရေရွတ်လိုက်သည်။

“ဘုရားရေ... အဲဒါက အရမ်း ရက်ရောလွန်းမနေဘူးလား”

ပထမလူက ပြန်လည် ရှင်းပြသည်။

“တကယ်တန်းပြောရရင် အဲဒါက သိုင်းသူတော်စင်တစ်ပါးလေ၊ အရှင်မင်းကြီးက သူ့ကို ဧကရာဇ်ဆရာ အဖြစ် ခန့်အပ်ဖို့တောင် ရည်ရွယ်ထားတယ်လို့ ကြားတယ်”

ကျိုးရီ ထိုစကားများကို ကြားသောအခါ ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်သည်။

ဧကရာဇ်က အတော်လေး လောဘကြီးနေခြင်းဖြစ်သည်။ သိုင်းသူတော်စင်ကို ဧကရာဇ်ဆရာအဖြစ် ခန့်အပ်သည်ဆိုသည်မှာ နားထောင်ကောင်းသော်ငြား အမှန်တကယ်တွင်မူ သိုင်းသူတော်စင်ကို သူ့အတွက် အလုပ်လုပ်ပေးစေချင်ခြင်းသာ။

‘ဆရာ၊ တပည့် ဆက်ဆံရေး တည်ဆောက်ပြီးသွားတာနဲ့ သိုင်းသူတော်စင်က ဝင်မပါဘူးဆိုရင်တောင်မှ လူတွေက အနည်းနဲ့အများတော့ ရှိန်သွားကြမှာပဲ၊ အဲ့ကျရင် ဒီပလ္လင်က တည်မြဲသွားမှာပေါ့'

‘ဒါပေမဲ့ နှမြောစရာပဲ။ သန်မာသူသာ ရပ်တည်နိုင်မယ့် ဒီကမ္ဘာကြီးမှာ ခွန်အားက ပထမဦးစားပေးပဲ၊ စည်းစိမ်နဲ့ ဂုဏ်ကျက်သရေ ဆိုတာတွေက ဖြတ်သန်းသွားတဲ့ တိမ်တိုက်တွေပဲလေ၊ အဲဒါတွေအတွက်နဲ့ ငါ အချိန်ကုန်ခံပြီး အနှောင့်အယှက် အဖြစ်မခံနိုင်ဘူး'

ကျိုးရီ အကျဉ်းထောင်အတွင်းသို့ ရောက်ရှိသွားချိန်တွင် မိစ္ဆာအရှိန်အဝါတစ်ခုက သူ့ဆီသို့ တဟုန်ထိုး တိုက်ခတ်လာလေသည်။

ကျိုးရီ မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။

“ဒါက...”

အကျဉ်းထောင်ထဲတွင် မိစ္ဆာချီစွမ်းအင်များ ရစ်ပတ်နေသော မဟာသိုင်းသခင်သုံးဦး ထပ်တိုးလာကြောင်း ကျိုးရီခံစားသိရှိလိုက်သည်။

နတ်ဘုရားအာရုံကို တစ်ချက်ဖြန့်ကျက်ကာ အခြားသူများ၏ စကားပြောသံများအား ခိုးနားထောင်လိုက်ရာ အကြောင်းရင်းကို ချက်ချင်း နားလည်သွားတော့သည်။

၎င်းတို့မှာ မိစ္ဆာဂိုဏ်း၏ မိစ္ဆာဘုရင်ငါးပါးအနက်မှ သုံးပါးဖြစ်နေပြီး သိုင်းလောကမှ ပညာရှင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကာ ပြစ်ဒဏ်ချမှတ်ဖို့ရာ စောင့်ဆိုင်းရန်အတွက် ညတွင်းချင်း အကျဉ်းထောင်သို့ ခေါ်ဆောင်လာခြင်းဖြစ်လေသည်။

All Chapters