အခန်း ၃၄
Vol. 4 Ch. 34
အခန်း (၃၄) - ချင်ထျန်းဗျူရို၊ မိတ်ဆွေဟောင်းတစ်ဦးနှင့် ပြန်လည်ဆုံတွေ့ခြင်း
ကျိုးရီ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
“သိုင်းသူတော်စင်ကျင့်စဉ်က တာအိုကို နားလည်သဘောပေါက်ဖို့ အဓိကထားတာပဲ၊ တာအိုကို နားလည်သဘောပေါက်တဲ့သူတွေက သဘာဝတရားကို သိမြင်တယ်၊ သဘာဝတရားနဲ့ ပေါင်းစပ်တယ်"
“ခက်ခဲတဲ့အလုပ်တွေကို လုပ်ဆောင်နိုင်ဖို့ သဘာဝတာအိုရဲ့ အရှိန်အဟုန်ကို ငှားရမ်းတယ်၊ ပြီးတော့ မြေကမ္ဘာအင်မော်တယ်အဆင့်ကို တက်လှမ်းသွားကြတာပဲ”
လုချင်းဖုန်း၏ မှတ်ဉာဏ်များအရ သိုင်းသူတော်စင်တာအို နားလည်သဘောပေါက်ရန်မှာ ထိုမျှလောက် လွယ်ကူမည်မဟုတ်ပေ။ အဆုံးစွန်ပြောရလျှင် သိုင်းသူတော်စင်တစ်ပါး ဖြစ်သည့်တိုင် သူ့တစ်သက်တာလုံးတွင် တာအိုစည်းမျဉ်းများစွာကို နားလည်သဘောပေါက်ခဲ့ခြင်းမရှိချေ။
သို့သော်လည်း ဤမျှတိုတောင်းသော အချိန်ကာလအတွင်းမှာပင် သူသည် လေနှင့် မိုးတာအိုစည်းမျဥ်းကို နားလည်သဘောပေါက်ခဲ့ပြီး လေနှင့် မိုးကို ဆင့်ခေါ်နိုင်သော အင်မော်တယ်စွမ်းရည်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ခဲ့လေပြီ။
ကျိုးရီက ကျေနပ်စွာ ရေရွတ်လိုက်သည်။
“မှတ်ဉာဏ်တွေကို စုပ်ယူနိုင်တဲ့ စွမ်းရည်က အချက်အလက်တွေကို ရယူနိုင်တဲ့အပြင် နားလည်သဘောပေါက်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်ပုံရတယ်၊ ငါ့ရဲ့ လက်ရှိ နားလည်သဘောပေါက်နိုင်စွမ်းနဲ့ ပါရမီက ထိပ်တန်းအဆင့်မှာ ရှိနေတယ်၊ တကယ်ကို အံ့မခန်းပဲ”
သို့သော် ဤကဲ့သို့ဖြစ်လေလေ၊ ပို၍ သတိထားသင့်လေလေ ဖြစ်သည်။
‘ကောင်းကင်ဘုံက ငါ့ကို ဒီလောက်ကောင်းမွန်တဲ့ အခွင့်အရေးတွေ ပေးထားတာဆိုတော့၊ ငါ သတိကြီးကြီးထားပြီး အောက်ခြေမှာ ပုန်းအောင်းနေဖို့လိုအပ်တယ်။ အပြင်ထွက်ပြီး ကြွားဝါတာမျိုး လုံး၀မလုပ်သင့်ဘူး။ ကံမကောင်းလို့ ငါသေသွားခဲ့ရင် တကယ့်ကို ကြီးမားတဲ့ ဆုံးရှုံးမှုကြီးဖြစ်သွားလိမ့်မယ်'
“ငါ့မှာ အခု အသက်ကယ်ကျင့်စဉ်တွေ လိုအပ်နေတယ်၊ အနာဂတ်မှာ အသက်ကယ်ကျင့်စဉ်တချို့ရှာဖွေဖို့ နည်းလမ်းရှာရမယ်”
ဥပမာအားဖြင့် ထွက်ပြေးခြင်း သို့မဟုတ် ကိုယ်ပွားအစားထိုးခြင်း ကဲ့သို့သော နည်းလမ်းမျိုးကို ရှာဖွေရမည်ဖြစ်သည်။
သေချာသည်မှာ အခုရှာဖွေ၍ မဖြစ်နိုင်သေးရာ လောလောဆယ် အလုပ်ကိစ္စကိုသာ ပြန်အာရုံစိုက်လိုက်သည်။
ကျိုးရီသည် မဟာတာအို အင်မော်တယ်ဘူးသီးအတွင်းရှိ မိုးရွာသွန်းမှုကို ရိုးရိုးရှင်းရှင်း ထိန်းညှိပေးလိုက်သည်။
လာမည့် ရက်အနည်းငယ်အတွင်း မိုးသည် သူ၏ လိုအပ်ချက်များအတိုင်း ဝိညာဉ်အပင်များ ပိုမိုကောင်းမွန်စွာ ကြီးထွားလာစေရန် တိကျသော အချိန်များနှင့် တိကျသော ပမာဏများဖြင့် ရွာသွန်းတော့မည်ဖြစ်သည်။
ထို့အပြင် သူသည် မြစ်လမ်းကြောင်းအချို့ကို ဖောက်လုပ်ကာ လယ်ကွင်းများထဲတွင် မြောင်းများ ဖောက်လုပ်ခဲ့ပြီး မိုးရေများစီးဆင်းစေရန် စီစဉ်ခဲ့သည်။
မဟာတာအို အင်မော်တယ်ဘူးသီးအတွင်းရှိ နေရာလွတ်မှာ အလွန်ကျယ်၀န်းလှပြီး ကျိုးရီ၏ စိတ်စွမ်းအင်များဖြင့်ပင် အစွန်းထိ မရောက်နိုင်အောင် ကျယ်ဝန်းလှသည်။
သူ လက်ရှိအသုံးပြုနေသော နေရာမှာ ၎င်း၏ အလွန်သေးငယ်သော အစိတ်အပိုင်းတစ်ခုမျှသာ။
အတွင်းရှိ တောင်တန်းများမှာ အပြင်ဘက်ကမ္ဘာမှ သူ ခုတ်ပိုင်းယူဆောင်လာခဲ့သော အရာများဖြစ်ပြီး ပေတစ်ထောင်မြင့်သော တောင်ထွတ်တစ်ဒါဇင်ခန့်ကို အထဲသို့ ထည့်သွင်းထားခြင်းဖြစ်သည်။
မြေပြင်ကို သူ တူးဖော်ယူဆောင်လာခဲ့သော မြေသြဇာကောင်းသည့် မြေဧကတစ်သောင်းဖြင့် ဖန်တီးထားသည်။
အထဲရှိ အဆောက်အအုံတိုင်းကို သူ့လက်ဖြင့် အုတ်တစ်ချပ်ချင်းစီ ကိုယ်တိုင်ကိုယ်ကျ တည်ဆောက်ထားခြင်းဖြစ်ရာ အသစ်စက်စက် ကမ္ဘာငယ်လေးတစ်ခုကို ဖန်တီးလိုက်ရသည့် ခံစားချက်မျိုး ပေးစွမ်းနေလေသည်။
ထိုအချိန်တွင် ကျိုးရီသည် တောင်ပေါ်မှ တစ်စုံတစ်ခုက သူ့ကို စောင့်ကြည့်နေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
သူ လှည့်ကြည့်လိုက်ရာ စူးရှသော အကြည့်များက တောင်ပေါ်သစ်တောကို ဖောက်ထွင်းသွားတော့သည်။
သစ်ပင်အောက်တွင် တုတ်ခိုင်သော ဝိညာဉ်ကြက်အချို့ ဖြည်းညင်းစွာ လူစုခွဲသွားကြသည်။
အသန်မာဆုံး ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် ချောမွေ့တောက်ပသော အမွေးအတောင်များရှိပြီး အလုပ်သမားဝတ်စုံကို ဝတ်ဆင်ထားသကဲ့သို့ အလင်းပြန်နေသော ကြက်တစ်ကောင်သာလျှင် ဆုတ်ခွာမသွားဘဲ ကျန်ရစ်နေခဲ့သည်။
ထိုကြက်က သူ့ကို စိုက်ကြည့်နေပြီး မျက်လုံးများထဲတွင် အခြားကြက်များနှင့် မတူညီသည့် ထူးခြားသော ခံစားချက်တစ်ခု (လူသားများသာ ပိုင်ဆိုင်လေ့ရှိသည့် သတိထားမှုနှင့် ရန်လိုမှုတို့) ပေါ်လွင်နေလေသည်။
ကျိုးရီ သက်ပြင်းချလိုက်၏။
“ဝိညာဉ်စွမ်းအင်တွေက အရမ်းပေါများလွန်းတော့ ဒီကြက်တွေတောင် အသိဉာဏ်တချို့ ဖွံ့ဖြိုးလာပုံရတယ်”
ကျိုးရီ ခေါင်းခါယမ်းလိုက်ပြီး ခြေတစ်လှမ်း လှမ်းကာ မဟာတာအို အင်မော်တယ်ဘူးသီးအတွင်းမှ ထွက်ခွာလာခဲ့သည်။
အပြင်ဘက်တွင် နေ့လယ်စာစားချိန် ရောက်နေပြီဖြစ်ရာ ကျိုးရီသည် ကောင်းကင်အကျဉ်းထောင်မှ ထွက်ခွာလာပြီး ချင်ထျန်းဗျူရိုသို့ ရောက်ရှိလာခဲ့သည်။
ချင်ထျန်းဗျူရိုသည် ရာသီဥတုသတင်းထုတ်ပြန်ခြင်းနှင့် အချိန်ထိန်းသိမ်းခြင်းကို တာဝန်ယူရပြီး စိုက်ပျိုးရေးနှင့်ပတ်သက်သော အတွေ့အကြုံများကိုလည်း စီမံခန့်ခွဲရသည်။
ဤကမ္ဘာတွင် စိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေးဆိုင်ရာ စာအုပ်များမှာ သူ့အတိတ်ဘဝကဲ့သို့ လူတိုင်းလေ့လာနိုင်ရန် ချပြထားခြင်းမရှိချေ။
ဤကမ္ဘာတွင် ဤအရာများကို လျှို့ဝှက်ချက်တစ်မျိုးအဖြစ် သတ်မှတ်ထားခြင်းဖြစ်နိုင်ပေသည်။ သို့မဟုတ် သာမန်ပြည်သူများကို ထိန်းချုပ်ရန် ရုံးတော်မှ အသုံးပြုသော နည်းလမ်းများထဲမှ တစ်ခုလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
စာအုပ်များ၊ အထူးသဖြင့် အလွန်အသုံးဝင်သော စာအုပ်များကို ရုံးတော်၏ ခွင့်ပြုချက်ဖြင့်သာ သင်ကြားခွင့်ရှိပြီး သာမန်ပြည်သူများအကြား ပုဂ္ဂလိကဖြန့်ဝေခွင့် မပြုထားချေ။
လောကရှိ အရာအားလုံးသည် တော်ဝင်မိသားစုနှင့်သာ သက်ဆိုင်ပြီး သာမန်သူတစ်ဦးအနေဖြင့် ၎င်းလျှို့ဝှက်ချက်များကို တစ်ချက်မျှ မြင်တွေ့ခွင့်ရခြင်းကိုပင် ကျေးဇူးတင်နေရမည်ဖြစ်သည်။
ချင်ထျန်းဗျူရိုသည် အလွန်အရေးပါသော ဌာနတစ်ခု မဟုတ်သော်လည်း တာဝန်ကျအစောင့်အနည်းငယ် ရှိနေလေသည်။ ကျိုးရီကမူ လုံးဝဂရုမစိုက်ပေ။
သူသည် သိုင်းသူတော်စင်အဆင့် ရောက်နေပြီဖြစ်ရာ အသေးအဖွဲ လှည့်ကွက်အနည်းငယ်ဖြင့်ပင် သူတို့ကို ကိုင်တွယ်နိုင်ပေသည်။
“ငါက မင်းရဲ့အဖေပဲ၊ ငါက မင်းရဲ့အဖေပဲ”
အစောင့်များက သူ့အား သတိမထားမိစေရန် စိတ်စွမ်းအင်ကို အသုံးပြု၍ ပုံရိပ်ယောင်ဖန်တီးရန် ကျိုးရီ ပြင်ဆင်နေစဉ်မှာပင် သူ့နားထဲသို့ အသံတစ်သံ ရုတ်တရက်ရောက်လာခဲ့သည်။
“ကျိုးရီ... မင်း ဘာဖြစ်လို့ ချင်ထျန်းဗျူရိုကိုလာတာလဲ”
ကျိုးရီ လှည့်ကြည့်လိုက်ရာ အလွန်အံ့အားသင့်သွားတော့သည်။
“ခင်ဗျားက... ခင်ဗျား မသေသေးဘူးလား”
စကားပြောသူမှာ ကောင်းကင်အကျဉ်းထောင်၏ ယခင်ထောင်စောင့်ဟောင်း ဝမ်ဆန်းပင် ဖြစ်နေလေသည်။
အရင်ဧကရာဇ်၏ မြောက်ပိုင်းစစ်ဆင်ရေးတွင် ပါဝင်ပြီးနောက် သူသည် အရိပ်အယောင်မျှပင် မမြင်ရတော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။
သူ့ကို ယနေ့ ဤနေရာတွင် တွေ့ရလိမ့်မည်ဟု ကျိုးရီ လုံးဝမမျှော်လင့်ထားခဲ့ချေ။
ဝမ်ဆန်းက ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။
“အဲဒီတုန်းက ငါ ကံကောင်းသွားတယ်။ အရင်ဧကရာဇ်ကြီးနဲ့အတူ မြောက်ပိုင်းမန်ကို လိုက်သွားခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ အသက်ရှင်ကျန်ရစ်ခဲ့တယ်"
“မြောက်ပိုင်းမန်က ဖမ်းဆီးတာခံရပြီးတဲ့နောက် အရင်ဧကရာဇ်ကြီးဘေးမှာ အလုပ်အကျွေးပြုဖို့ နေခဲ့ရပြီး သူ့ရဲ့လူယုံ ဖြစ်လာခဲ့တာပဲ”
သူက ဆက်ရှင်းပြလေသည်။
“ရှေ့တစ်နှစ်ကျော်က အရင်ဧကရာဇ်ကြီး ပြန်ရောက်လာတယ်၊ ငါလည်း ကောင်းကင်အကျဉ်းထောင်ကို ပြန်ချင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ ကောင်းကင်အကျဉ်းထောင်က လက်ရှိဧကရာဇ်ကြီးရဲ့ မျိုးနွယ်စုလက်အောက်မှာ ရောက်နေတော့ အရင်ဧကရာဇ်ကြီးက ငါ့ကို ချင်ထျန်းဗျူရိုမှာ အလုပ်လုပ်ဖို့ စီစဉ်ပေးခဲ့တယ်”
“အရင်ဧကရာဇ်ကြီးနဲ့ လက်ရှိဧကရာဇ်ရဲ့ ဆက်ဆံရေးကြောင့် ငါ မင်းတို့ကိုရှာဖို့ ကောင်းကင်အကျဉ်းထောင်ကို မသွားနိုင်ခဲ့ဘူး။ ဒီနေ့ မင်းနဲ့ ဒီမှာဆုံရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”
ကျိုးရီက နားလည်သဘောပေါက်သွားဟန်ဖြင့် ပြောလိုက်သည်။
“အော်... ဒါက ဒီလိုကိုး”
ကျိုးရီ သက်ပြင်းတစ်ချက် ချလိုက်မိ၏။
ဘဝခရီးလမ်းဆိုသည်မှာ အချိုးအကွေ့များဖြင့် ပြည့်နှက်နေသည်။ ယခင် မြောက်ပိုင်းစစ်ဆင်ရေး ဖြစ်ပွားခဲ့စဉ်က ကောင်းကင်အကျဉ်းထောင်ရှိ လူတိုင်းက ဝမ်ဆန်း စစ်တပ်ထဲ ဝင်သွားခြင်းကို အားကျခဲ့ကြရသည်။
နောက်ပိုင်း တပ်သားငါးသိန်းလုံး ချေမှုန်းခံလိုက်ရသောအခါ အားလုံးက သူ့အတွက် ဝမ်းနည်းခဲ့ကြသည်။
မထင်မှတ်ဘဲ ထိုအဖြစ်အပျက်များအားလုံး ပြီးဆုံးသွားပြီးနောက် ဝမ်ဆန်းသည် မသေဆုံးခဲ့သည့်အပြင် အခြေအနေ အတော်လေး ကောင်းမွန်နေခဲ့သည်။
ဤအချက်က ကျိုးရီကို အမှောင်ထုထဲမှ ကံကြမ္မာဆိုသည်မှာ အမှန်တကယ် တည်ရှိနေနိုင်ကြောင်းကို ယုံကြည်သွားစေသည်။
‘အနာဂတ်မှာ အခြားသူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်ဖို့ အစွမ်းကုန်ကြိုးစားသင့်တယ်၊ တကယ်လို့ ကောင်းမွန်တဲ့ဆက်ဆံရေး မတည်ဆောက်နိုင်ဘူးဆိုရင် သူတို့ကို လုံးဝ အပြတ်ချေမှုန်းပစ်ပြီး ပြာဖြစ်သွားအောင် လုပ်ရမယ်’
‘မဟုတ်ရင် သူတို့က တစ်ချိန်ချိန်မှာ ပြန်ရောက်လာပြီး ခွန်အားကြီးလာရင် ငါ ဘယ်လိုသေသွားလဲဆိုတာတောင် သိလိုက်ရမှာမဟုတ်ဘူး'
ဝမ်ဆန်းက မေးလိုက်သည်။
“ဒါနဲ့ မင်း ဒီကို ဘာလာလုပ်တာလဲဆိုတာ မပြောရသေးဘူး”
ကျိုးရီက အကြောင်းပြချက်တစ်ခု ပေးလိုက်သည်။
“ကျွန်တော့်သူငယ်ချင်းတစ်ယောက်က စိုက်ပျိုးရေးနဲ့ တိရစ္ဆာန်မွေးမြူရေး နည်းလမ်းတချို့ လိုချင်နေလို့”
ဝမ်ဆန်းက ပြုံးကာ ဖိတ်ခေါ်လိုက်သည်။
“ဒါလေးများကွာ... လာ၊ ငါ့နောက်ကလိုက်ခဲ့”
ဝမ်ဆန်းက ကျိုးရီလက်ကို ဆွဲကာ ချင်ထျန်းဗျူရိုအတွင်းသို့ ဝင်ရောက်သွားပြီး စာအုပ်များ သိမ်းဆည်းထားသော သိုလှောင်ခန်းဆီသို့ တိုက်ရိုက်ခေါ်ဆောင်သွားလေသည်။
“ဒါတွေ အားလုံးက စိုက်ပျိုးရေး၊ တိရစ္ဆာန်မွေးမြူရေးနဲ့ တခြားစိုက်ပျိုးရေးကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေချည်းပဲ။ ရာသီဥတု အချိန်အခါတွေကိုတောင် သေချာရေးထားတယ်"
“စိတ်ကြိုက်သာဖတ်၊ ဒါပေမဲ့ အပြင်တော့ ယူသွားလို့မရဘူးနော်”
ကျိုးရီက ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် အစ်ကို၀မ်”
ဝမ်ဆန်းက ရင်းနှီးစွာ ပြောလိုက်သည်။
“အရမ်းကြီး ယဉ်ကျေးမနေပါနဲ့၊ ငါတို့က ညီအစ်ကိုတွေပဲလေ၊ မင်း အရင်ဖတ်နေ၊ ငါ အလုပ်လုပ်လိုက်ဦးမယ်၊ အချိန်ရရင် အတူတူ အရက်သောက်ကြတာပေါ့”
ဝမ်ဆန်းမှာ သူ၏ ကိုယ်ပိုင်အလုပ်များကို လုပ်ဆောင်ရန် ထွက်ခွာသွားပြီး ကျိုးရီမှာမူ စာကြည့်တိုက်အတွင်း စတင်ရှာဖွေလိုက်ရာ မကြာမီမှာပင် အလွန်ကောင်းမွန်သော စိုက်ပျိုးရေးစာအုပ်အချို့ကို ရှာတွေ့သွားလေသည်။
‘သားဖွားပြီးဝက်မများကို စောင့်ရှောက်နည်း’
‘ကြက်နှင့် ဘဲများ၏ ဥထုတ်လုပ်မှုကို မည်သို့တိုးမြှင့်မည်နည်း’
‘အထွက်နှုန်း ပိုမိုရရှိရန် စပါးစိုက်မျိုးနည်း’
ဤအရာများအားလုံးသည် မရေမတွက်နိုင်သော ရှေးလူကြီးများ၏ ဉာဏ်ပညာပုံဆောင်ခဲများ၊ တန်ဖိုးကြီးမားသော အသိပညာများပင် ဖြစ်သည်။
ကျိုးရီသည် နတ်ဘုရားအာရုံဖြင့် တစ်ချက် စစ်ဆေးလိုက်ရုံဖြင့် အရာအားလုံးကို နားလည်သဘောပေါက်ကာ မှတ်ဉာဏ်ထဲတွင် သိုလှောင်ထားနိုင်ပြီဖြစ်သည်။
ဤအသိပညာများကို ရရှိပြီးနောက် ကျိုးရီသည် ဝမ်ဆန်း၏ အရက်သောက်ရန် ဖိတ်ခေါ်မှုကို ယဉ်ယဉ်ကျေးကျေး ငြင်းဆိုလိုက်ပြီး ချင်ထျန်းဗျူရိုမှ ထွက်ခွာလာခဲ့၏။
ထွက်ခွာလာစဉ်တွင် သူ ချင်ထျန်းဗျူရိုသို့ လာရောက်ခဲ့ခြင်းနှင့် ပတ်သက်သော အခြားသူများ၏မှတ်ဉာဏ်များကို တစ်ပါတည်း ဖျက်ဆီးပစ်ခဲ့လေသည်။
လက်ရှိ အခြေအနေမှာ မသေချာမရေရာသေးဘဲ ဧကရာဇ်နှစ်ပါးက အချိန်မရွေး တိုက်ခိုက်နိုင်ပေသည်။
ဧကရာဇ်အဖွဲ့၀င်တိုင်းက ကြီးပွားချမ်းသာခြင်းနှင့် ပျက်စီးဆုံးရှုံးခြင်းတို့ကို မျှဝေခံစားရမည်ဖြစ်၏။
အနိုင်ရသူမှာ ရာထူးတိုးကာ ချမ်းသာကြွယ်ဝလာမည်ဖြစ်ပြီး အရှုံးသမားမှာမူ အကျဉ်းထောင်ထဲသို့ ရောက်ရှိသွားခြင်း သို့မဟုတ် ဓားစာခံဖြစ်ခြင်းတို့နှင့် သေချာပေါက် ကြုံတွေ့ရမည်ဖြစ်သည်။
ကျိုးရီသည် သူတို့ နှစ်ဦးလုံးကို မကြောက်ရွံ့သော်လည်း အသေးအဖွဲ ပြဿနာများကို မဖြေရှင်းချင်ပေ။
ယနေ့ ဝမ်ဆန်းနှင့်အတူ ညစာစားခြင်းက ကျန်းဝူတပ်ဖွဲ့ သို့မဟုတ် အရှေ့စခန်း ချည်ပန်းထိုးဝတ်စုံအစောင့်များကို ဆွဲဆောင်နိုင်သွားမည်လား ဆိုသည်ကို မည်သူသိနိုင်မည်နည်း။
သိုင်းသူတော်စင်တစ်ပါးအနေဖြင့် သူသည် သေချာပေါက် သတ္တိကြောင်နေမည်မဟုတ်ချေ။ လူသတ်ရသည်မှာ ရိုးရှင်းသော်လည်း “ဘူးသီးညီအစ်ကိုတွေက အဘိုးအိုကို ကယ်တင်ခဲ့တယ်” ဇာတ်လမ်းထဲကလိုမျိုး ဖြစ်လာမည်ကို သူ စိုးရိမ်မိသည်။
‘တစ်ယောက်ကို သတ်လိုက်ရင် နှစ်ယောက်ရောက်လာမယ်၊ နှစ်ယောက်ကို သတ်လိုက်ရင် လေးယောက်ရောက်လာမယ်။ တကယ်လို့ ငါသာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စတင်လိုက်ရင် တခြားသိုင်းသူတော်စင်တွေကိုပါ ဆွဲဆောင်မိလာနိုင်တယ်'
တော်ဝင်မိသားစုတွင် မဟာကမ္ဘာကြီးနှင့် ဆက်သွယ်ရန် နည်းလမ်းများ ရှိ၊ မရှိကို မည်သူသိနိုင်မည်နည်း။
“တကယ်လို့ သူတို့က အပြင်ဘက်ကမ္ဘာကို ‘ဟေး... ဒီကောင်လေးက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ သိုင်းသူတော်စင်ဖြစ်လာတာ၊ သူက သူတော်စင်ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်ရမယ်” လို့ သွားပြောလိုက်ရင်…”
“ဒါဆိုရင် အဆင့်မြင့်ကမ္ဘာကြီးကနေ မဟာစွမ်းအားရှင် အမြောက်အမြားကို ဆွဲဆောင်မိလိမ့်မယ်”
“ရှင်းရှင်းပြောရရင် သတိထားပြီး ပြဿနာတွေကို ရှောင်ရှားတာက အကောင်းဆုံးပဲ။ အချိန်ကျလာရင်တော့ လောကကြီးကို ငါကိုယ်တိုင်အုပ်စိုးမယ်”