အခန်း ၃၅
Vol. 4 Ch. 35
အခန်း (၃၅) - ဆေးလုံးတစ်လုံးကြောင့် ဖြစ်ပေါ်လာသော နဂါးနှစ်ကောင်၏ တိုက်ပွဲ
ထိုညတွင် ကျိုးရီသည် အိမ်သို့ပြန်လာပြီးနောက် စာအုပ်များထဲမှ သင်ယူခဲ့သော အသိပညာများအတိုင်း မဟာတာအို အင်မော်တယ်ဘူးသီးအတွင်းရှိ နေရာများကို ပြန်လည်စီစဉ်ကာ နေရာချထားလိုက်လေသည်။
“ဒီကမ္ဘာကို ရောက်လာပြီူနောက်ပိုင်း ငါ နည်းစနစ် တော်တော်များများကို သင်ယူခဲ့ပြီးပြီပဲ၊ ဂူသင်္ချိုင်းဖောက်တာ၊ ဆေးဖော်စပ်တာ၊ လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးတွေအထိပဲ။ ဒါကသာ အတိတ်ဘ၀ကဆိုရင် ငါ အလုပ်မလုပ်ရင်တောင် ငတ်သေမှာမဟုတ်ဘူး”
ကျိုးရီ တဟားဟားရယ်မောလိုက်ပြီး အပြင်ထွက်ရန် ပြင်လိုက်ချိန်မှာပင် အလွန်တုတ်ခိုင်သော ဝိညာဉ်ကြက်အချို့က အရှေ့ဘက်မှနေ၍ တိုးဝင်လာသည်ကို ရှာဖွေတွေ့ရှိလိုက်ရသည်။
“ကွပ်... ကွပ်... ကွပ်...”
ကျိုးရီ ဘယ်ညာ လှည့်ကြည့်လိုက်ရာ ဝိညာဉ်ကြက်အုပ်စုများက သူ့ကို ဝိုင်းရံထားပြီး ဝိညာဉ်ကြက်များက သူ၏ ဆုတ်ခွာရာလမ်းကိုပင် ပိတ်ဆို့ထားလေသည်။
ထိုအုပ်စုကို ဦးဆောင်နေသည်မှာ အခြားမဟုတ်ဘဲ အသိဟောင်းတစ်ယောက်ကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေသော ထိုကြက်ဖကြီးပင် ဖြစ်လေသည်။
ကျိုးရီ လှောင်ပြောင်လိုက်သည်။
“အသိဉာဏ်ဖွံ့ဖြိုးလာတာနဲ့ ငါ့ကို အာခံချင်နေတာပေါ့”
‘အတိတ်ဘဝက တိရစ္ဆာန်တွေ နတ်ဆိုးဖြစ်လာတာကို ဘာလို့တားမြစ်ထားလဲဆိုတာ မဆန်းတော့ပါဘူး'
‘ကိုယ့်လူမျိုး မဟုတ်တဲ့သူတွေက စိတ်နှလုံးချင်း သေချာပေါက် ကွဲပြားကြတာပဲ၊ ဒီ ဝိညာဉ်ကြက်တွေက ကိုယ်ပိုင်အသိဉာဏ် ရလာတော့ စားသောက်ခံရမယ့် ကံကြမ္မာကနေ ရှောင်လွှဲဖို့ ငါ့ကို သတ်ချင်နေကြတာပေါ့'
“ကွပ်...”
ကြက်ဖကြီးက ဩရှရှ အသံဖြင့် အော်ဟစ်လိုက်ရာ အခြား ဝိညာဉ်ကြက်အားလုံး ချက်ချင်းပင် အတောင်ပံများ ဖြန့်ကာ ခြေသည်းများကို ဆန့်ထုတ်ပြီး ကျိုးရီထံသို့ အရှိန်ပြင်းစွာ ပြေးဝင်လာကြရင်း သူ့ကို အပိုင်းပိုင်းအတစ်တစ် ဖြစ်အောင် ဆုတ်ဖြဲပစ်ရန် ကြိုးစားကြတော့သည်။
ကျိုးရီ ခေါင်းခါယမ်းလိုက်ပြီး အေးစက်စူးရှသော အကြည့်တစ်ချက် ဝေ့ကြည့်လိုက်ရာ ဝိညာဉ်ကြက်အချို့မှာ တိုက်ရိုက် ပေါက်ကွဲသေဆုံးသွားကြလေသည်။
“နှစ်နှစ်ခွဲလောက်လေး ကျင့်ကြံရုံနဲ့ ငါ့ကို လာပြီးရန်စရဲတယ်ပေါ့။ ငါ့ရဲ့ ဒီတိုက်ခိုက်မှုထဲမှာ နတ်ဆင်နဂါးခွန်အား အမျှင်တစ်ရာကျော် ပါဝင်တယ်၊ မင်းတို့ ခံနိုင်ရည်ရှိပါ့မလား”
သူသည် ထိုဝိညာဉ်ကြက်များ အားလုံးကို တောင်ပေါ်သို့ ယူဆောင်သွား၏။
တစ်ကောင်ချင်းစီ အမွေးနုတ်ကာ ကလီစာများ ထုတ်ပြီးနောက် အခြား ဝိညာဉ်ကြက်များရှေ့တွင်ပင် တိတ်တဆိတ် ကင်လိုက်တော့သည်။
ကြက်ကင်ရနံ့ သင်းပျံ့လာသောအခါ တောင်ပေါ်ရှိ ဝိညာဉ်ကြက်များ အားလုံးမှာ တုန်ယင်လာကြပြီး မူလက နောက်ကွယ်မှ အကြံအစည်များ ရှိနေခဲ့သော သူတို့၏ မျက်လုံးများထဲတွင် ယခုအခါ ကြောက်ရွံ့မှုများသာ ပြည့်နှက်နေတော့သည်။
သူတို့၏ စိတ်ထဲတွင် ထိုလူရိပ်ကြီးမှာ ကမ္ဘာပျက်ကပ်မှ နတ်ဆိုးဘုရားတစ်ပါးအလား ဖြစ်နေပြီး သူတို့အတွက် မလွတ်မြောက်နိုင်သော အိပ်မက်ဆိုးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
ထိုနေ့မှစ၍ မည်သည့်ဝိညာဉ်ကြက်မျှ သူ့ရှေ့မှောက်တွင် မာနမထောင်လွှားရဲတော့သလို မသင့်လျော်သော အတွေးများကိုလည်း လုံးဝ မတွေးဝံ့ကြတော့ကြောင်း ခန့်မှန်းနိုင်ပေသည်။
အနီးအနား တောင်ပေါ်ရှိ ဘဲများပင်လျှင် ထူးထူးခြားခြား တိတ်ဆိတ်နေကြပြီး ပုံမှန်အချိန်များကဲ့သို့ ဆူညံနေခြင်းမရှိတော့ချေ။
အချိန်များ လျင်မြန်စွာ ကုန်လွန်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်တစ်နှစ်ခန့် ကြာမြင့်သွားခဲ့ကာ ဧကရာဇ်နှစ်ပါးကြား အားပြိုင်မှုများမှာ ပိုမိုပြင်းထန်လာခဲ့လေသည်။
အရင်ဧကရာဇ်ကြီးသည် ထိုက်အန်းနန်းဆောင်တွင် ထိုင်ကာ ရုံးတော်အရာရှိတစ်စုကို အဝေးမှနေ၍ ညွှန်ကြားနေလေသည်။
နန်းတွင်း တိုက်ပွဲမှာ ‘ဒီနေ့ မင်းက ငါ့လူတွေကို ရာထူးကဖယ်တယ်၊ မနက်ဖြန် ငါက မင်းလူတွေကို အဂတိလိုက်စားမှုနဲ့ စုံစမ်းစစ်ဆေးမယ်’ ဟုပင်။
ရေကြီးမှုထိန်းချုပ်ရေးနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး၊ သို့မဟုတ် ပြည်သူများ၏ စားဝတ်နေရေးနှင့် မှုခင်း စီရင်ဆုံးဖြတ်ရေး ကဲ့သို့သော အရေးကြီးသည့် ရုံးတော်ကိစ္စရပ်များနှင့် ကြုံတွေ့ရသောအခါ သူတို့သည် အပြန်အလှန် ငြင်းခုန်ကြပြီး ကိစ္စရပ်များကို တတ်နိုင်သမျှ အချိန်ဆွဲကာ ရုံးတော်၏ အင်အားကို ကြီးမားစွာ ကုန်ခမ်းစေခဲ့ကြသည်။
တာ့ချန်မင်းဆက်၏ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုများ ရပ်တန့်သွားပြီး သာမန်ပြည်သူများမှာ မကျေနပ်ချက်များဖြင့် ပြည့်နှက်နေကြလေသည်။
မြောက်ပိုင်းမန်၏ အကြံအစည်မှာ အဆိပ်ပြင်းလှပေသည်။
တကယ်ကို ပညာသားပါပါ ကစားသွားခြင်းဖြစ်ကြောင်း ကျိုးရီ ညည်းတွားလိုက်ရသည်။
တစ်နေ့တွင် ကျိုးရီသည် ပုံမှန်အတိုင်း အကျဉ်းထောင်ကို လှည့်လည်စစ်ဆေးနေစဉ် အရာရှိများက လူရိပ်တစ်ခုအား အကျဉ်းထောင်အတွင်းသို့ ခေါ်ဆောင်လာသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။
သေချာကြည့်လိုက်ရာ အခြားသူမဟုတ်၊ ကောင်းကင်တက်လှမ်းမည့် ကြွက်ကြီး လီဟွာဖြစ်နေလေသည်။
“သူ ဘယ်လိုလုပ် အဖမ်းခံလိုက်ရတာလဲ”
သူ့ဘာသာ တီးတိုးရေရွတ်နေစဉ် တစ်ဖက်လူက လီဟွာကို ထောင်စောင့်များထံသို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ရာ ကျိုးရီက ရှေ့သို့ လျှောက်သွားကာ မေးလိုက်သည်။
“သူ ဘာပြစ်မှုကျူးလွန်ခဲ့တာလဲ”
ထောင်စောင့်က ပြန်ဖြေလိုက်သည်။
“ဒီကောင်လေးက ဆေးလုံးတွေကို တိတ်တဆိတ် ရောင်းချနေတာ”
ကျိုးရီက နားမလည်နိုင်ဖြစ်ကာ ပြန်မေးလိုက်သည်။
“ရုံးတော်က ဆေးလုံးတွေ ပုဂ္ဂလိကမှာ ပြန်ရောင်းချတာကို တားမြစ်ထားလို့လား”
“အဲဒီလိုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကောင်လေး တိတ်တဆိတ်ရောင်းချနေတဲ့ ဆေးလုံးတွေထဲမှာ ဝိညာဉ်အားဖြည့်ဆေးလုံး တစ်မျိုး ပါတယ်။ ဝိညာဉ်အားဖြည့်ဆေးလုံးဆိုတာ အရှေ့ဘက် လျောင်းပြည်နယ်ရဲ့ ထူးခြားတဲ့ ဆေးတစ်မျိုးလေ”
“သူက သူလျှို ဖြစ်နေနိုင်တယ်၊ ဒါကြောင့် သူ့နောက်ကွယ်က ဆေးဆရာက ဘယ်သူလဲဆိုတာ ကျွန်တော်တို့ ရှာဖွေဖော်ထုတ်ရမယ်”
“အော်... ဒါက ဒီလိုကိုး”
တစ်ဖက်လူ ဘာလုပ်ချင်သည်ကို ကျိုးရီ နောက်ဆုံးတွင် နားလည်သွားလေသည်။ အမှန်တော့ သူတို့က ဝိညာဉ်အားဖြည့်ဆေးလုံးကို ရယူရန်အတွက် သူ့ကို ရှာဖွေဖော်ထုတ်ချင်နေခြင်းပင်။
ဝိညာဉ်အားဖြည့်ဆေးလုံး၏ ဆေးဖော်စပ်နည်းမှာ ထိပ်တန်းလျှို့ဝှက်ချက် မဟုတ်သော်လည်း ဆေးဖော်စပ်ခြင်းမှာ ဆေးဖော်စပ်နည်း အပေါ်တွင်သာ မှီခိုနေခြင်းမဟုတ်ဘဲ ဆေးဆရာအပေါ်တွင်လည်း မူတည်နေပေသည်။
ကောင်းမွန်သော ဆေးလုံးများ ရရှိရန်အတွက် ကျွမ်းကျင်မှုအလွန်မြင့်မားသော ဆေးဆရာတစ်ဦးကို လိုအပ်လေ့ရှိသည်။
“သူ့ကို ခေါ်သွားပြီး ညှဉ်းပန်းနှိပ်စက်လိုက်”
ထောင်စောင့်တစ်ဦးက အမိန့်ပေးလိုက်သည်။ ကျိုးရီက နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း ဘာမှ မပြောတော့ဘဲ လီဟွာကို အဓိပ္ပာယ်ပါပါ တစ်ချက်မျှသာ ကြည့်လိုက်သည်။
မကြာမီမှာပင် လီဟွာကို စစ်ကြောရေးခန်းသို့ ခေါ်ဆောင်သွားပြီး အရေပြားများ စုတ်ပြဲကာ အသားများ ကွာကျသည်အထိ အလျင်အမြန် ရိုက်နှက်တော့သည်။
စစ်ကြောရေးမှူးက အော်ဟစ်လိုက်သည်။
“ကောင်လေး... ဒုက္ခမရောက်ချင်ရင် စောစောဝန်ခံလိုက်စမ်း”
“တောက်... နန်းတော်ရဲ့ နောက်လိုက်ခွေးတွေနဲ့ လူယုတ်မာတွေ။ မင်းတို့ အပြင်ထွက်ပြီး စုံစမ်းကြည့်လိုက်စမ်းပါ၊ မင်းတို့ အဘိုးက အသက် ရှစ်နှစ်အရွယ်ကတည်းက ကျန်းဟူမှာ လှည့်လည်နေတာ"
“ငါ ဘယ်သူ့ကို သစ္စာဖောက်ဖူးလို့လဲ။ မင်းတို့ သတ္တိရှိရင် ငါ့ကိုသတ်လိုက်စမ်း၊ ဆယ့်ရှစ်နှစ် နေရင် သူရဲကောင်း ပြန်ဖြစ်လာမှာပဲ”
“ခွေးမသားလေး... မင်းက အလာကြီးလှချည်လား။ မင်းကို သေအောင် ရိုက်နိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့”
ကျိုးရီ အတွေးထဲတွင် မှတ်ချက်ချလိုက်သည်။
“ဒီကောင်က တကယ့်ယောကျာ်းစစ်စစ်ပဲ”
“တကယ်လို့ သူသာ ငါ့ကို သစ္စာဖောက်ရဲရင် သူ့ကို သတ်ပစ်မယ်လို့ တွေးထားပေမယ့်၊ အခု သူက ဒီလောက် သစ္စာရှိနေမှတော့ သူ့ရဲ့ အသက်ကို ကယ်ပေးရတော့မှာပေါ့”
ထောင်စောင့်များက လီဟွာကို ရိုက်နှက်ရင်း အကြီးအကျယ်ပျော်ရွှင်နေကြစဉ် ရုတ်တရက် ဓားအလင်းတန်းတစ်ခု ကောင်းကင်ယံမှ ကျဆင်းလာပြီး အကျဉ်းထောင်ကြီး ပေါက်ကွဲပွင့်ထွက်သွားတော့သည်။
တစ်ခဏအတွင်းမှာပင် အကျဉ်းထောင်မှာ ဖရိုဖရဲ ဖြစ်သွားပြီး အော်ဟစ်ငိုယိုသံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။
မည်သည့်အရာများ ဖြစ်ပျက်နေသလဲဆိုတာကို လီဟွာ နားမလည်နိုင်မီမှာပင် လက်ဝါးတစ်ဖက်က သူ့ပခုံးအား ဆုပ်ကိုင်လိုက်သည်ကို ခံစားလိုက်ရသည်။
နောက်တစ်စက္ကန့်တွင် သူ့မျက်စိရှေ့ရှိ မြင်ကွင်းများ လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။
သူ စကားပြောရန် ပြင်လိုက်ချိန်မှာပင် မြို့တော်ပြင်ပ မိုင်တစ်ရာကျော်အကွာသို့ ရောက်ရှိနေပြီဖြစ်သည်။
*ဘုတ်*
လီဟွာ မြေပြင်ပေါ်သို့ ပစ်ချခံလိုက်ရသည်။
ကျိုးရီသည် ရုပ်ဖျက်ကျင့်စဉ်ကို အသုံးပြုထားပြီးဖြစ်ရာ သခင်လေးရှောင် အသွင်သို့ ပြောင်းလဲနေပြီဖြစ်သည်။
“သခင်လေးရှောင်”
ကျိုးရီကို မြင်လိုက်ရသောအခါ လီဟွာ မျက်လုံးများ ချက်ချင်းပြူးကျယ်သွားပြီး သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပေါ်လွင်လာလေသည်။
‘ငါက သခင်လေးရှောင်ကို သာမန်ဆေးဆရာတစ်ယောက်လို့ပဲ ထင်ထားခဲ့တာ၊ တစ်ဖက်လူက ကြောက်စရာကောင်းအောင် အစွမ်းထက်တဲ့ စွမ်းအားရှင်ကြီး ဖြစ်နေလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့ဘူး'
ကျိုးရီက အသံကို နှိမ့်ချကာ ဖြည်းညင်းစွာ မေးလိုက်သည်။
“ရုံးတော်က လူတွေက မင်းကို ဘယ်လိုဖမ်းမိသွားတာလဲ”
လီဟွာ သတိပြန်ဝင်လာပြီး အလျင်အမြန်ဖြေကြားလိုက်သည်။
“စီနီယာကို တင်ပြရရင်၊ အားလုံးက ကျွန်တော့် ပေါ့ဆမှုကြောင့်ပါ၊ အရင်တုန်းက စီနီယာ ကျွန်တော့်ကို ကူပြီး ဖော်စပ်ပေးခဲ့တဲ့ ဝိညာဉ်အာဟာရဖြည့်ဆေးလုံးက ဒဏ်ရာရနေတဲ့ ညီအစ်ကိုတချို့ကို ကုသပေးဖို့ပဲ”
“ဒါပေမဲ့ မထင်မှတ်ဘဲ သူတို့ထဲက တစ်ယောက်က ငွေကို လောဘတက်ပြီး မစားဘဲ တစ်လုံးချန်ထားခဲ့တယ်”
သူက ဆက်ပြောလေသည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူက အဲဒါကို မြို့တော်ထဲက ဆေးဆိုင်တစ်ဆိုင်မှာ သွားရောင်းခဲ့တယ်၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ တရားရေးဝန်ကြီးနဲ့ သွားတွေ့တော့ သူက သဲလွန်စတွေကို ချက်ချင်းလိုက်ရှာပြီး ကျွန်တော့်ကို ဖမ်းမိသွားတာပါ”
“သူတို့က ကျွန်တော့်ကို ဖမ်းပြီး စီနီယာကို ရှာချင်နေကြတာ။ ဒါပေမဲ့ စီနီယာ...ကျွန်တော် စကားတစ်ခွန်းမှ မဟခဲ့ပါဘူး”
ကျိုးရီက နားလည်သဘောပေါက်သွားဟန်ဖြင့် ပြန်ပြောလိုက်သည်။
“အော်... ဒါကဒီလိုကိုး”
မည်သည့်အရာများ ဖြစ်ပျက်သွားသည်လဲ ဆိုသည်ကို ကျိုးရီ နောက်ဆုံးတွင် နားလည်သွားလေပြီ။
ထို့နောက် သူက ထွက်ခွာရန်ပြင်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားကာ စကားတစ်ခွန်းသာ ချန်ရစ်ခဲ့လေသည်။
“ဒီနေ့ မင်းရဲ့အသက်ကို ငါ ကယ်ပေးလိုက်ပြီ။ စောစောထွက်သွားတော့။ မြို့တော်ထဲမှာ ဆက်မနေနဲ့တော့။ နောက်တစ်ခါဆိုရင်တော့ ဘယ်သူမှ မင်းကို လာကယ်မှာမဟုတ်ဘူး”
“ဟာ...”
ဤမြင်ကွင်းကြောင့် လီဟွာမှာ အံ့ဩတကြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ဦးရေပြားများပင် ထုံကျင်သွားတော့သည်။
“တကယ့် ထိပ်တန်းအဆင့် စွမ်းအားရှင်ကြီးပဲ”
ထိုညတွင် မြို့တော်မှာ သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်နေစဉ် ရုတ်တရက် နောက်ထပ်ဓားအလင်းတန်းတစ်ခု တရားရေးဝန်ကြီး၏ အိမ်တော်ဆီသို့ တိကျစွာ တိုး၀င်လာလေသည်။
ယခင် အထက်လူကြီးဟောင်း ဖြစ်ခဲ့သော ထောင်ပိုင်ကြီးအား ရင်ဆိုင်ရာတွင်ပင် ကျိုးရီ လုံး၀ ညှာတာမှုမရှိခဲ့ချေ။ သူ့ကို လာရောက်စော်ကားရဲသူ မည်သူမဆို ချွင်းချက်မရှိ သတ်ပစ်ရပေမည်။
ထိုသတင်း နန်းတော်သို့ ရောက်ရှိသွားသောအခါ ဧကရာဇ်ကျင်း အလွန်တရာ ဒေါသထွက်သွားတော့သည်။
“အရင်က အပြောပဲရှိပြီး လက်တွေ့မလုပ်ရဲခဲ့ဘူး၊ အစောက အကျဉ်းထောင်၊ အခု တရားရေးဝန်ကြီးရဲ့ အိမ်တော်၊ လီချင်းယွန်... မင်းက ကစားချင်နေမှတော့ မင်းနဲ့ အဆုံးထိ ကစားပေးရတာပေါ့၊ တကယ့် ကောင်းကင်ဘုံရဲ့ သားတော်က ဘယ်သူလဲဆိုတာ ကြည့်ကြသေးတာပေါ့”
ဧကရာဇ်ကျင်း နန်းတက်သည့် စတုတ္ထနှစ် နွေဦးရာသီတွင် ထိုက်အန်းနန်းဆောင်မှာ လုပ်ကြံသတ်ဖြတ်သူများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ထိုသူအားလုံးမှာ မွေးရာပါအဆင့် ကျွမ်းကျင်သူများချည်း ဖြစ်ကြသည်။
အရင်ဧကရာဇ်ကြီးမှာ မိဖုရားခေါင်ကြီးနှင့် တွေ့ဆုံရန် နန်းတော်အတွင်းသို့ ဝင်ရောက်သွားသောကြောင့် ထိုဘေးအန္တရာယ်မှ ကင်းလွတ်ခဲ့သော်လည်း သူ မြောက်ပိုင်းမန်မှ ခေါ်ဆောင်လာခဲ့သော ဇနီးနှင့် ကလေးများမှာမူ ကံမကောင်းစွာဖြင့် အသတ်ခံခဲ့ရလေသည်။
ဤသတင်း ပျံ့နှံ့သွားသောအခါ လောကကြီးတစ်ခုလုံး တုန်လှုပ်သွားခဲ့ရသည်။
နောက်နေ့ရက်များတွင် နေရာအသီးသီးရှိ စစ်တပ်များကို မကြာခဏ ရွှေ့ပြောင်းစေလွှတ်ခဲ့ပြီး တာ့ချန်နိုင်ငံတစ်ခုလုံးမှာ တိမ်တိုက်မည်းကြီးတစ်ခု ဖုံးလွှမ်းသွားသည့်အလား ထိပ်တိုက်ရင်ဆိုင်တော့မည့် အရိပ်အယောင်များ ခပ်ရေးရေးပေါ်ထွက်လာလေသည်။
နွေဦးရာသီသို့ ရောက်သောအခါ အချိန်ကြာမြင့်စွာ အစပျိုးနေခဲ့သော ဤစစ်ပွဲကြီးမှာ နောက်ဆုံးတွင် တရား၀င် စတင်လာခဲ့တော့သည်။
ထိုညတွင် ကျိုးရီသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး နန်းတော်ဘက်သို့ လှမ်းကြည့်လိုက်၏။
နံရံများနှင့် အဆောက်အအုံများ ခြားနားနေသော်လည်း စိတ်စွမ်းအင်များကို တစ်ချက် ဖြန့်ကြက်လိုက်ရုံဖြင့် နန်းတော်အတွင်းရှိ မြင်ကွင်းအားလုံး သူ့စိတ်ထဲတွင် ထင်ဟပ်လာတော့သည်။
သူက တီးတိုးရေရွတ်လိုက်သည်။
“နောက်ဆုံးတော့ စတင်ပြီလား”