← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

အခန်း (၃၈) - တစ်ဦး ကပြဖျော်ဖြေအပြီး နောက်တစ်ဦးက စင်ပေါ်တက်လာခြင်း

တာ့ချန် ဘိုးဘွားနယ်မြေအတွင်းသို့ လူရိပ်တစ်ခု တိတ်တဆိတ် ဝင်ရောက်လာသည်။

“ဖူး...”

ရောက်ရောက်ချင်းပင် သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး လေထဲမှနေ၍ မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်း ပြုတ်ကျသွားသည်။

လီချင်းရွှမ် အားတင်းထလိုက်ပြီး ဧကရာဇ်ရုပ်တုများကြားမှ မျက်နှာ ထုဆစ်၍ မပြီးသေးသော ကျောက်ရုပ်တုတစ်ခုဆီသို့ ခက်ခက်ခဲခဲ တွားသွားသွားနေလေသည်။ ထိုရုပ်တုကို တယုတယ ပွတ်သပ်ရင်း သူ့မျက်ဝန်းများထဲတွင် အဆုံးမဲ့ နောင်တများဖြင့် ပြည့်နှက်နေသည်။

“နှမြောစရာပဲ၊ ငါ့ရဲ့ ကျောက်ရုပ်တုက ထုဆစ်လို့မပြီးသေးဘူး”

သူနှင့် ရုပ်သွင်အနည်းငယ် ဆင်တူသော ခမ်းနားထည်ဝါလှသည့် ဧကရာဇ်ရုပ်တုကြီးကို မော့ကြည့်လိုက်ပြီး ခနဲ့တဲ့တဲ့ အပြုံးတစ်ပွင့် ပေါ်လာသည်။

“ခမည်းတော်က သားတော်ကို ပျော့ညံ့တယ်၊ ပြတ်သားမှုမရှိဘူး၊ ကြီးမားတဲ့ တာဝန်တွေ ထမ်းဆောင်ဖို့ မထိုက်တန်ဘူးလို့ ပြောခဲ့ဖူးတယ်မလား၊ ကံမကောင်းစွာနဲ့ပဲ ခမည်းတော် တစ်၀က်ပဲမှန်ခဲ့တယ်”

“သားတော်က ကြီးမားတဲ့ တာဝန်တွေနဲ့ မထိုက်တန်တာ မှန်ပေမဲ့ ပျော့ညံ့ပြီး ပြတ်သားမှုမရှိတဲ့သူမျိုးတော့ မဟုတ်ဘူး”

“တာ့ချန် ဧကရာဇ်မျိုးနွယ်ရဲ့ သွေးတွေက သားတော်ရဲ့ အရိုးထဲထိ စီးဆင်းနေတာပါ၊ ခမည်းတော်သာ မယ်တော်ကို နန်းချမပစ်ဘဲ သားတော်ကို အိမ်ရှေ့စံအဖြစ် ပေးအပ်ခဲ့မယ်ဆိုရင် သားတော်က လီချင်းယွန်ထက် ဘယ်နေရာမှ နိမ့်ကျနေမှာ မဟုတ်ဘူး”

စကားအဆုံးတွင် ကျန်ရှိနေသေးသော ခွန်အားများကို အကုန်ထုတ်သုံးပြီး ဓားအလင်းတန်းအချို့ကို ဖန်တီးကာ မပြီးပြတ်သေးသော ကျောက်ရုပ်တုပေါ်တွင် သူ၏ ကိုယ်ပိုင်ရုပ်သွင်ကို ထုဆစ်လိုက်သည်။

ထို့နောက် သွေးတစ်လုတ် ထပ်မံအန်ကျလာပြီး မြေပြင်ပေါ် ဒူးထောက်ကျသွားတော့သည်။

သူ၏ အသက်စွမ်းအင်မှာ အလွန်တရာ အားနည်းသွားပြီဖြစ်ကာ အမြင်အာရုံများလည်း စတင်ဝေဝါးလာခဲ့သည်။

ထိုအချိန်တွင် မျက်လုံးထောင့်မှနေ၍ လူရိပ်တစ်ခုကို မမျှော်လင့်ဘဲ လှမ်းမြင်လိုက်ရသည်။

“ဘယ်သူလဲ”

သူ့မျက်နှာအမူအရာ ချက်ချင် တင်းမာသွားသော်လည်း ကျိုးရီမျက်နှာကို မြင်လိုက်ရချိန်တွင် သူ့မျက်၀န်းများ အံ့အားသင့်မှုကြောင့် ချက်ချင်း ကျုံ့ဝင်သွားသည်။

တစ္ဆေသရဲကို မြင်လိုက်ရသကဲ့သို့ သူ့ရှေ့မှောက်ရှိ ကျိုးရီကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။

“မင်းလား၊ ရှင်းဟွာစားသောက်ဆိုင်မှာ ဝိုင်အရသာခံနေခဲ့တဲ့ တော်ဝင်အကျဉ်းထောင်က ရုပ်အလောင်းစစ်ဆေးသူလေးလေ”

‘ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နိုင်မှာလဲ'

ဤနေရာသည် အကာအကွယ်အစီအရင်များဖြင့် ကာကွယ်ထားသော တာ့ချန် ဘိုးဘွားနယ်မြေဖြစ်သည်။ ဖွင့်လှစ်ရန် အမှတ်အသားတံဆိပ် မရှိပါက သိုင်းသူတော်စင်အဆင့်အောက် မည်သူမျှ ဝင်ရောက်နိုင်မည် မဟုတ်ပေ။

‘နေပါဦး၊ သိုင်းသူတော်စင်'

‘သူက သိုင်းသူတော်စင်တစ်ပါးပဲ'

လီချင်းရွှမ် တစ်ဖန် အံ့အားသင့်သွားရပြန်သည်။ သူ့ဦးနှောက်ထဲတွင် ဗလာကျင်းသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားသလို ခံစားလိုက်ရသည်။

‘ငါ အသည်းအသန် ရှာဖွေနေခဲ့တဲ့ အမည်မသိ သိုင်းသူတော်စင်ဆိုတာက တော်ဝင်အကျဉ်းထောင်က ရုပ်အလောင်းစစ်ဆေးသူလေး ဖြစ်နေရတာလား'

ကျိုးရီ ပခုံးတွန့်ပြလိုက်သည်။

“ငါက အခု အကျဉ်းထောင်မှူးရာထူး တိုးသွားပြီ”

ထိုရိုးရှင်းသော စကားတစ်ခွန်းက လီချင်းရွှမ်၏ နှလုံးသားထဲ ထက်ရှသော ဓားမြှောင်တစ်လက် စိုက်ဝင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ ကောင်းကင်ကို မော့ကြည့်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ဟား ဟား ဟား... ရယ်စရာကောင်းလိုက်တာ၊ တကယ်ကို ရယ်စရာကောင်းလွန်းတယ်”

သူ့တစ်သက်လုံး ဧကရာဇ်အာဏာကို စွဲလမ်းရူးသွပ်ခဲ့ပြီး နောက်ဆုံးတွင် အချည်းနှီးသာ ဖြစ်သွားရသည်မှာ အလွန်ပင် ရယ်စရာကောင်းလှသည်။

သိုင်းသူတော်စင်တစ်ပါးဖြစ်သော ကျိုးရီကမူ လောကီရေးရာဂုဏ်ဒြပ်နှင့် စည်းစိမ်ဥစ္စာများကို ဂရုမစိုက်ဘဲ တော်ဝင်အကျဉ်းထောင်မှ အကျဉ်းထောင်မှူးလေးအဖြစ်သာ ရောင့်ရဲတင်းတိမ်နေခဲ့သည်။

အာဏာနှင့် စည်းစိမ်ဆိုသည်မှာ ဖြတ်သန်းသွားသော တိမ်တိုက်များကဲ့သို့ပင် ဖြစ်သည်ဟု လူအများ အမြဲပြောဆိုလေ့ရှိကြသော်လည်း ယခုအချိန်မှသာ သူကိုယ်တိုင် ကြုံတွေ့ပြီး နားလည်သဘောပေါက်သွားတော့သည်။

သူ၏ အမြင်အာရုံများ တဖြည်းဖြည်း ဝေဝါးလာပြီး ဇနီးနှင့် သားဖြစ်သူ၏ အသံများကို နားထဲတွင် ကြားယောင်လာသည်။

“ချင်းရွှမ်...”

ထိုခေါ်သံတစ်ခွန်းက သူ၏ စွဲလမ်းမှုများနှင့် ဝိညာဉ်ကို နုတ်ယူသွားခဲ့သည်။

သူ ပင်ပန်းနွမ်းနယ်နေချေပြီ။ အလွန်အမင်း မောပန်းနွမ်းနယ်နေခဲ့ပြီဖြစ်သည်။

‘ရွှေပလ္လင်ဆိုတာ သေချင်တဲ့သူ သွားယူကြပါစေ၊ လိုချင်တဲ့သူ ယူကြစမ်းပါ၊ ငါတော့ ထပ်မကစားနိုင်တော့ဘူး။ နောက်ဘဝဆိုတာ ရှိခဲ့ရင် ရွှေပလ္လင်ကို အလကားပေးရင်တောင် ငါ ဘယ်တော့မှ ထိုင်မှာမဟုတ်တော့ဘူး'

ကျိုးရီကမူ ဘေးနားတွင် ရပ်လျက် သူ၏ နောက်ဆုံးထွက်သက်ကို စောင့်ကြည့်နေခဲ့သည်။

သူတို့နှစ်ဦးကြားတွင် ကြီးမားသော ပတ်သက်မှုမျိုး မရှိခဲ့ပေ။ တစ်ဖက်လူ၏ အသက်ကို သူ ဂရုမစိုက်သော်လည်း ထိုလူ၏ဘဝက သူ့အတွက် အသိဉာဏ်အချို့ကို ပေးစွမ်းနိုင်ခဲ့သည်။

လောကရှိ အရာအားလုံးသည် လွင့်မျောနေသော တိမ်တိုက်များသာဖြစ်သည်။ အာဏာကို စွဲလမ်းရူးသွပ်နေ၍ မရပေ။ ခွန်အားသည်သာ အန္တိမ သစ္စာတရားဖြစ်သည်။

သူသည် ကိုယ့်ကံကြမ္မာကို စိုးမိုးနိုင်သူတစ်ဦး ဖြစ်လာရန်အတွက် ပိုမိုအားကောင်းလာဖို့ရာ ဆက်လက်ကြိုးစားအားထုတ်ရဦးပေမည်။

ကျိုးရီသည် လီချင်းရွှမ်အနီးသို့ ချဉ်းကပ်သွားပြီး ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းကို အသက်သွင်းလိုက်သော်လည်း ကျင့်ကြံခြင်းစွမ်းအား အနည်းငယ်ကိုသာ စုပ်ယူနိုင်ခဲ့သည်။

အခြားသူများ ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းကို အသုံးပြု၍ ကျင့်ကြံခြင်းနှင့် သူ အသုံးပြုခြင်းကြားတွင် ကွာခြားချက်ရှိသည်။

သူ့ထံတွင် ထာ၀ရအသက်တာအိုသစ်သီး ရှိနေသောကြောင့် စွမ်းအင်အနှစ်သာရနှင့် သွေးများ ခန်းခြောက်သွားခြင်းမှ ရှောင်ရှားနိုင်ခဲ့သည်။

နောက်ပိုင်းတွင် မဟာသွေးကျင့်စဉ်နှင့်ပါ ပေါင်းစပ်ထားခဲ့သည်။ ထိုကျင့်စဉ်နှစ်ခု ပေါင်းစပ်သွားခြင်းက ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်း၏ အားနည်းချက်များကို ဖယ်ရှားပေးနိုင်ခဲ့သည်။

ထို့ကြောင့် သူ ကျင့်ကြံခြင်းစွမ်းအားများကို မည်မျှပင် စုပ်ယူစေကာမူ ခန္ဓာကိုယ်ထဲတွင် သိုလှောင်ထားနိုင်ပြီး သူ၏ ကိုယ်ပိုင်ကျင့်ကြံမှုအဖြစ် ပြောင်းလဲပေးနိုင်စွမ်းရှိသည်။

အခြားသူများ ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းကို အသုံးပြုပါက သူတို့၏ စွမ်းအင်အနှစ်သာရနှင့် သွေးများကို စားသုံးခံရမည်ဖြစ်သည်။

ထို့ကြောင့် သူတို့ သေဆုံးသွားသောအခါ ခန္ဓာကိုယ်ထဲရှိ ကျင့်ကြံမှုများက အလိုအလျောက် ပျောက်ကွယ်သွားပြီး နည်းနည်းသာ ကျန်ရစ်ခဲ့ယသည်။

သို့သော်လည်း လီချင်းရွှမ်၏ မှတ်ဉာဏ်များကတော့ ကျန်ရှိနေဆဲဖြစ်သည်။

[တစ်ဖက်လူရဲ့ ဇာစ်မြစ်ကို မသိရပေမယ့် ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းကို ကျင့်ကြံမယ်ဆိုရင် အချိန်တိုအတွင်းမှာ ငါ ပိုအားကောင်းလာနိုင်တယ်။ ဒါက တာ့ချန်ကို ကယ်တင်နိုင်ကောင်း ကယ်တင်နိုင်လိမ့်မယ်]

[ဒီကျင့်စဉ်က တကယ်ကို အံ့မခန်းပဲ။ နတ်ဘုရားတွေရဲ့ နည်းလမ်းတစ်ခုလိုပဲ။ တိုက်ပွဲတစ်ပွဲအတွင်းမှာပဲ ငါ့ရဲ့ ကျင့်ကြံမှု တိုးတက်လာတာက အရင်က နှစ်ဆယ်ချီ ကျင့်ကြံခဲ့တာထက်တောင် ပိုများနေပါလား]

[ငါ တကယ်ပဲ ဧကရာဇ်ရွှေပလ္လင်ပေါ်မှာ ထိုင်ခွင့်ရခဲ့ပြီ။ ငါက ဧကရာဇ်ပဲ။ ငါက ဧကရာဇ်ကွ... ဟားဟားဟား]

[ဒီအရာအားလုံးက ကံကြမ္မာပဲ။ ငါက ကံကြမ္မာရဲ့ သားတော်ပဲ။ ငါ့ရဲ့ ရွှေပလ္လင်ကို ဘယ်သူမှ လုယူသွားလို့မရဘူး]

ကျိုးရီသည် တစ်ဖက်လူ၏ မှတ်ဉာဏ်များကို ရရှိပြီးနောက် မျက်ခုံးတစ်ဖက် ပင့်လိုက်မိသည်။

“အဲဒီ အနက်ရောင်ဝတ်စုံနဲ့လူက ဘယ်သူလဲ။ ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းကို လီချင်းရွှမ်ဆီ ဘာလို့ ပေးခဲ့ရတာလဲ”

လီချင်းရွှမ်၏ မှတ်ဉာဏ်များအရ ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းကို အနက်၀တ်လူတစ်ဦးက သူ့အား ပေးခဲ့ခြင်းဖြစ်ကြောင်း ကျိုးရီ သိလိုက်ရသည်။

သို့သော် ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းမှာ မိစ္ဆာဂိုဏ်း၏ ကျင့်စဉ်တစ်ခုဖြစ်သည် မဟုတ်ပါလား။ အကယ်၍ ထိုသူသည် မိစ္ဆာဂိုဏ်းမှ ဖြစ်မည်ဆိုပါက နောက်ပိုင်းတွင် လီချင်းရွှမ်ကို မိစ္ဆာဂိုဏ်းအား ရှင်းလင်းခိုင်းမည်မဟုတ်ပေ။

တွေးကြည့်ရင်းဖြင့် ခေါင်းကိုက်လာသောကြောင့် ကျိုးရီ ခေါင်းခါယမ်းလိုက်သည်။

‘ဘာလို့ ဒီလောက်တောင် တွေးနေရမှာလဲ'

မည်သို့ပင်ဖြစ်စေ ကမ္ဘာကြီး ချက်ချင်းပျက်စီးသွားလျှင်ပင် သူ ဘာတစ်ခုမှ လုပ်နိုင်မည်မဟုတ်သောကြောင့် ဦးနှောက်ခြောက်ခံပြီး အချိန်ဖြုန်းမနေတော့ပေ။

သူ့ဆီသို့ ဦးတည်ပျံသန်းလာသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရချိန်တွင် ကျိုးရီသည် ခြေဖျားကို ခပ်ဖွဖွ ပင့်လိုက်ပြီး ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားတော့သည်။

အချိန်များ လျင်မြန်စွာ ကုန်လွန်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်တစ်နေ့သို့ ကူးပြောင်းရောက်ရှိလာခဲ့သည်။

သာမန်အရပ်သားများ လမ်းမပေါ်သို့ ထွက်လာချိန်တွင် ယနေ့ လမ်းမကြီးပေါ်၌ အပြောင်းအလဲများစွာ ဖြစ်ပေါ်နေကြောင်း သတိပြုမိသွားကြသည်။

လမ်းမများပေါ်တွင် ကျန်းဝူတပ်ဖွဲ့မှ ခေါင်းဆောင်များ များပြားလာပြီး မြို့ကာကွယ်ရေးတာဝန်ကို ယူထားရသော တော်ဝင်အစောင့်တပ်များနှင့်အတူ နေရာအနှံ့အပြားတွင် လူများကို ဖမ်းဆီးနေကြသည်။

ထို့အပြင် အဖမ်းခံရသူအများစုမှာ ဧကရာဇ်အသစ်၏ အင်အားစုမှ မှူးမတ်များနှင့် အရာရှိများသာ ဖြစ်နေကြသည်။

သာမန်အရပ်သားများကြားတွင် ကောလာဟလများ စတင်ပျံ့နှံ့လာသည်။ နာရီဝက်အတွင်းမှာပင် ဧကရာဇ်ကျင်း နတ်ရွာစံသွားပြီး ယခင်ဧကရာဇ်က ရွှေပလ္လင်ပေါ်သို့ ပြန်လည်တက်လှမ်းလာသည်ဆိုသော သတင်းမှာ မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားကာ ကြီးမားသော ဂယက်တစ်ခု ဖြစ်ပေါ်စေခဲ့သည်။

သာမန်အရပ်သားများမှာ သဘာဝကျစွာပင် တိတ်တဆိတ် ကျိန်ဆဲခြင်းများ ပြုလုပ်လာကြသည်။

‘အဲဒီ ခွေးဧကရာဇ်၊ သူပဲ ငါတို့ဧကရာဇ်ကို သတ်ခဲ့တာဖြစ်ရမယ်’

‘တကယ်ကို အရှက်မရှိတဲ့ကောင်။ သူလို ဝက်တစ်ကောင်က ငါတို့ တာ့ချန်ရဲ့ ကံကြမ္မာကို ဖျက်ဆီးပစ်လုနီးပါးပဲ"

“ဧကရာဇ်က အငြိုးမထားဘဲ သူ့ကို ပြန်ခေါ်လာပေးတာတောင် ကျေးဇူးကို ရန်ငြိုးနဲ့တုံ့ပြန်ပြီး ဧကရာဇ်ပလ္လင်ကို လုယူရဲသေးတယ်’

“ပွင့်ပွင့်လင်းလင်းပြောရရင် တိရစ္ဆာန်တစ်ကောင်ကတောင် သူ့ထက် ပိုသစ္စာရှိသေးတယ်”

သာမန်အရပ်သား အများစုမှာ လီချင်းရွှမ်ကို ထောက်ခံကြသည်။ မည်သို့ပင်ဆိုစေ လီချင်းယွန် ပြုလုပ်ခဲ့သော ရှုပ်ထွေးမှုများနောက်တွင် လီချင်းရွှမ်သာ အခြေအနေကို ပြန်လည်မထိန်းသိမ်းနိုင်ခဲ့ပါက တာ့ချန်မှာ တကယ်ကို ပျက်စီးသွားလောက်ပြီဖြစ်သည်။

ထို့အပြင် လီချင်းရွှမ် ရာထူးတက်လာပြီးနောက် အခွန်အခများကို လျှော့ချပေးကာ ပြည်သူများအား သနားညှာတာခဲ့သောကြောင့် သူ့ဂုဏ်သတင်းမှာ အတော်လေး ကောင်းမွန်နေခဲ့သည်။

ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းကို ကျင့်ကြံခြင်းကဲ့သို့သော မိစ္ဆာလမ်းစဉ်နှင့် ပတ်သက်၍မူ သာမန်အရပ်သားများ တစ်ခုမှ မသိခဲ့ကြပေ။

သို့သော် အောက်ခြေလူတန်းစားများ၏ ထင်မြင်ယူဆချက်များမှာ အမြဲတမ်း အရာမရောက်သောကြောင့် သာမန်အရပ်သားများကြား အတင်းအဖျင်းပြောဆိုခြင်းမျှသာ ဖြစ်ခဲ့ရသည်။

ကျိုးရီ တော်ဝင်အကျဉ်းထောင်သို့ ရောက်ရှိချိန်တွင် အကျဉ်းထောင်မှာ လူများပြည့်နှက်နေပြီဖြစ်သည်။

တရားရေးဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံရသော ယခင်အကျဉ်းထောင်မှူးဟောင်း ထျန်းဝမ်ကျင်း၊ ထောင်ပိုင်ကြီးမာ နှင့် လီချင်းရွှမ်နောက်သို့ လိုက်ပါခဲ့ကြသော အရာရှိများအနက် တစ်ယောက်မှ လွတ်မြောက်နိုင်ခြင်းမရှိခဲ့ပေ။

ဧကရာဇ်အသစ်တစ်ပါး တက်လာပါက နန်းတွင်းအဖွဲ့အစည်းသစ်တစ်ခု ပေါ်ပေါက်လာစမြဲပင်။ ဧကရာဇ်အသစ် နန်းတက်လာပြီဖြစ်ရာ သူတို့သည် ယခုအခါ ဆန့်ကျင်ဘက် အင်အားစုများ ဖြစ်သွားကြပြီဖြစ်ပြီး သဘာဝကျစွာပင် ရှင်းလင်းခံရမည်ဖြစ်သည်။

၎င်းမှာ ခမ်းနားသော ဇာတ်ပွဲကြီးတစ်ခုနှင့် တူညီလှသည်။ တစ်ဦးက ကပြဖျော်ဖြေအပြီးတွင် နောက်တစ်ဦးက စင်ပေါ်တက်လာခြင်း ဖြစ်ပေသည်။

ကျိုးရီ ရောက်ရှိလာချိန်မှာပင် လီချင်းရွှမ်၏ စည်းရုံးခြင်းကို ခံခဲ့ရသော ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လီကျင်းရုံကိုလည်း ဖမ်းဆီးခေါ်ဆောင်လာခဲ့သည်။

ဤလူသည် ကျိုးရီကို အမှီပြုကာ ဘက်ပြောင်းခဲ့သူဖြစ်သော်လည်း မမျှော်လင့်ဘဲ လီချင်းယွန်က အာဏာပြန်လည်ရရှိသွားကာ သူလည်း အကျဉ်းသားတစ်ဦး ပြန်ဖြစ်သွားခဲ့သည်။

ကျိုးရီကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် သူက ချက်ချင်း လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။

“သူပဲ။ သူက အရင်... မဟုတ်ဘူး၊ နန်းကျဧကရာဇ် လီချင်းရွှမ်ရဲ့ လူပဲ၊ အဲဒီတုန်းက ငါ့ကို စည်းရုံးခဲ့တာ သူပဲကွ”

ပို့ဆောင်ရေး တာဝန်ယူထားသော ကျန်းဝူတပ်ဖွဲ့မှ ခေါင်းဆောင်အချို့က ကျိုးရီကို အေးစက်စက် စိုက်ကြည့်လိုက်ကြသည်။ ကျိုးရီကမူ တစ်စက်ကလေးမျှ ဂရုမစိုက်ချေ။

သူသည် ယခုအခါ သေမျိုးကမ္ဘာတွင် ကစားနေခြင်းသာ။ ပျော်စရာကောင်းနေသရွေ့ သူ ဆက်ကစားနေမည်ဖြစ်ပြီး မပျော်တော့ပါက မြို့တော်ကြီးကို မြေလှန်ပစ်လိုက်ရန်သာ ရှိသည်။

သို့သော် ထိုအချိန်တွင် နောက်ထပ်အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

“သူက နန်းကျဧကရာဇ်ရဲ့ လူလို့ ဘယ်သူပြောတာလဲ”

All Chapters