← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

အခန်း (၃၉) - ခေတ်သစ်တစ်ခု ရောက်ရှိလာခြင်း

အားလုံးက နောက်သို့လှည့်ကြည့်လိုက်ချိန်တွင် အရာရှိထမ်းစင်တစ်ခု ဖြည်းညင်းစွာ ရှေ့တိုးလာသည်ကို တွေ့လိုက်ရသည်။

ထိုထမ်းစင်ပေါ်မှ အရပ်မြင့်မြင့်၊ ပိန်ပိန်ပါးပါးနှင့် အကျဉ်းထောင်မှူး ဝတ်စုံပြည့် ဝတ်ဆင်ထားသူတစ်ဦး ထွက်ပေါ်လာ၏။

‘ဘုရားရေ...’ ထိုသူကား ဝမ်ဆန်း ဖြစ်နေလေသည်။

ကျိုးရီ ရင်ထဲတွင် ကံကြမ္မာ၏ ဆန်းကြယ်မှုများကို တွေးတောကာ သက်ပြင်းတချချ ဖြစ်သွားရသည်။

အဖက်မတန်သလို ဆက်ဆံခံရပြီး အမြဲတမ်း ကြွားလုံးထုတ်တတ်ခဲ့သည့် အဆင့်နိမ့်အကျဉ်းထောင်စောင့်လေး ဝမ်ဆန်းသည် ယခုလို အကျဉ်းထောင်မှူးကြီးအဖြစ် ရောက်ရှိလာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။

လူတစ်ယောက်၏ ကံကြမ္မာအချိုးအကွေ့များက တကယ်ကို တွေးတော၍မရနိုင်လောက်အောင် နက်နဲလွန်းလှသည်။

ဝမ်ဆန်းက ကျိုးရီအနီးသို့ ခပ်သုတ်သုတ် လျှောက်လာပြီး ကျန်းဝူတပ်ဖွဲ့မှ ခေါင်းဆောင်များကို ရိုရိုသေသေ လက်ယှက်အရိုအသေပေးလိုက်သည်။

“ညီအစ်ကိုတို့... သူက ကောင်းကင်အကျဉ်းထောင်ထဲမှာ ငါထည့်ထားတဲ့ လူယုံတစ်ယောက်ပါ၊ ဒီမှာရှိတဲ့သူတွေ အားလုံးက ညီအစ်ကိုတွေချည်းပါပဲ၊ ကိုယ့်လူအချင်းချင်းတော့ အထင်အမြင်လွဲမှားပြီး မတိုက်ခိုက်ကြပါနဲ့”

ကျန်းဝူတပ်ဖွဲ့ ခေါင်းဆောင်၏ မျက်ဝန်းထဲမှ တင်းမာနေသော အကြည့်က အနည်းငယ် ပြေလျော့သွားသည်။ ထို့နောက် ၎င်းတို့ထဲမှ တစ်ဦးက လီကျင်းရုံ၏တင်ပါးကို ခပ်ကြမ်းကြမ်း လှမ်းကန်လိုက်သည်။

“ဒါဆိုလည်း ပြီးတာပဲလေ၊ ဟေ့ကောင်... မင်းက ဘာလို့ အထဲမဝင်ဘဲ ရပ်ကြည့်နေတာလဲ။ အခုချက်ချင်း ဝင်စမ်း”

လီကျင်းရုံတစ်ယောက် အံ့ဩမှင်တက်သွားရသည်။

“သူက ဘယ်လိုလုပ် အရှင်မင်းကြီးရဲ့ လူဖြစ်နိုင်မှာလဲ။ ကျုပ်ကို ယုံကြည်ကြပါ၊ အရင်တုန်းက သူ နန်းကျဧကရာဇ်နဲ့ ပူးပေါင်းပြီး ကျုပ်တို့ကို နှိမ်နှင်းခဲ့တုန်းက သူ့ရဲ့ လုပ်ရပ်တွေက သိပ်ကို ရက်စက်ကြမ်းကြုတ်လွန်းတယ်၊ သူက နန်းကျဧကရာဇ်ရဲ့ လူယုံ အစစ်အမှန်ပါဗျာ”

ကျန်းဝူတပ်ဖွဲ့ ခေါင်းဆောင်များက ရိုင်းစိုင်းစွာ ဆဲရေးတိုင်းထွာရင်း သူ့ကို အကျဉ်းထောင်အတွင်းသို့ ကန်ကျောက်သွင်းလိုက်ကြသည်။

ကျိုးရီက ဝမ်ဆန်းကို ကျေးဇူးတင်စကားဆိုသည့်အနေဖြင့် လက်ယှက်ကာ အရိုအသေပေးလိုက်သည်။

“အခုလို ဝင်ရောက်ကူညီဖြေရှင်းပေးတဲ့အတွက် အကျဉ်းထောင်မှူးကြီးကို အထူးပဲ ကျေးဇူးတင်ပါတယ်”

ဝမ်ဆန်းက သူ့ပခုံးကို ခပ်ဖွဖွ ပုတ်လာသည်။

“သူစိမ်းဆန်ဆန်တွေ လုပ်မနေပါနဲ့ကွာ။ ငါတို့အားလုံးက ညီအစ်ကိုတွေချည်းပါပဲ၊ ထောင်ပိုင်ကြီးမာနဲ့ လက်ထောက်ထျန်းတို့ကိုတော့ ငါလည်း မတတ်နိုင်ဘူးလေ”

“သူတို့က နန်းကျဧကရာဇ်ရဲ့ လူယုံအရာရှိတွေ ဖြစ်နေခဲ့တာကိုး၊ မင်းကတော့ ထောင်မှူးရာထူးလေးပဲဆိုတော့ အခြေအနေ ပိုကောင်းပါတယ်၊ ရှေ့ဆက်ပြီးတော့လည်း ဒီရာထူးနဲ့ပဲ ဆက်နေသွားလိုက်ပေါ့”

“ကျေးဇူးပါပဲ”

“ကဲ... သွားပြီး အလုပ်လုပ်လိုက်ဦး။ လတ်တလောတော့ အလုပ်တွေ အတော်လေး များနေလိမ့်မယ်”

ကျိုးရီ ခေါင်းညိတ်ပြလိုက်ပြီး အကျဉ်းခန်းများရှိရာသို့ ဝင်ရောက်သွားသည်။ သူ မြင်တွေ့လိုက်ရသမျှ လူတိုင်းလိုလိုမှာ‘မိတ်ဆွေဟောင်းများသာ ဖြစ်နေကြသည်။

ယခင်က သူ၏ ရိုက်နှက်ဆုံးမမှုကိုခံခဲ့ရပြီး လီချင်းရွှမ် ဘက်သို့ ကူးပြောင်းသွားခဲ့သော အရာရှိကြီးများမှာ သူ အေးအေးလူလူ လမ်းလျှောက်ဝင်လာသည်ကို မြင်လိုက်ရချိန်တွင် ဒေါသကြောင့် မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားကြကာ အော်ဟစ်ဆဲဆိုကြတော့သည်။

“ဟေ့ကောင်လေး... မင်းသာ မပါခဲ့ရင် ငါတို့က အရှင်မင်းကြီးကို သစ္စာဖောက်ပြီး နန်းကျဧကရာဇ်ဆီကို ဘယ်လိုလုပ် ရောက်သွားနိုင်မှာလဲ”

“မကောင်းဆိုးဝါးကောင်... မင်းက ငါ့ဘဝကို လုံးဝဖျက်ဆီးပစ်လိုက်တာပဲ”

“သစ္စာဖောက်ကောင်... မင်းရဲ့ အင်မော်တယ် ဘိုးဘေးတွေကိုပါ ငါဆဲပစ်မယ်”

ထိုကဲ့သို့ ဆဲရေးတိုင်းထွာနေမှုများကြားတွင် ကျိုးရီ မျက်နှာမှာ တည်ငြိမ်နေဆဲဖြစ်သည်။ သူက အကျဉ်းထောင်စောင့်တစ်ဦးကို အနီးသို့ခေါ်လိုက်သည်။

“သူတို့နဲ့ စကားအပိုတွေ ပြောမနေနဲ့တော့။ ကျားလျာခုံ၊ ငရုတ်သီးရည်နဲ့ သံပူပြားတွေကို အခုချက်ချင်းယူလာခဲ့။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က သိပ်ကြာကြာ အသက်ရှင်ရတော့မယ့်လူတွေမှ မဟုတ်တာ”

ထိုစကားကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီး၏ ဆဲသံများက ပိုမိုကျယ်လောင်လာခဲ့သည်။ သို့သော် များမကြာမီမှာပင် မိဘများကို တသသခေါ်ဟစ်ကာ အော်ဟစ်ငိုယိုနေသော နာကျင်စူးရှသည့် အသံများ ထွက်ပေါ်လာတော့သည်။

ထိုအချိန်လေးအတွင်း ကောင်းကင်အကျဉ်းထောင်ကြီးမှာ အထူးတလည် စည်ကားသိုက်မြိုက်သွားခဲ့သည်။

ကျိုးရီသည် သက်ကြီးရွယ်အိုအချို့ကို ဖမ်းဆီးထားသော အကျဉ်းခန်းများဆီသို့ သွားရောက်ခဲ့ရာ ရာထူးတိုးသွားခဲ့သော မိတ်ဆွေဟောင်းအချို့မှာ အဆိပ်သောက်၍ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

ဤမြင်ကွင်းက သူ့ရင်ထဲတွင် နက်ရှိုင်းသော ခံစားချက်များကို ဖြစ်ပေါ်စေခဲ့သည်။

ဧကရာဇ်တစ်ပါးပင်လျှင် အာဏာလွန်ဆွဲပွဲ၏ သားကောင်ဖြစ်ခြင်းမှ မလွတ်မြောက်နိုင်ခဲ့ပါက သူ့လက်အောက်ရှိ အရာရှိကြီးများဆိုသည်မှာ အာဏာ၏ စတေးခံသိုးလေးများသာ ဖြစ်ပေလိမ့်မည်။

ယခင်ဧကရာဇ်၏ လူယုံအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသော ရာထူးကြီး အဖွဲ့၀င်များအနေဖြင့် အသားကို ဓားဖြင့်မွှမ်းကာ သတ်ဖြတ်ခံရမည့် အပြစ်ဒဏ်မျိုးအား ရင်ဆိုင်ရမည်မှာ သေချာသလောက်ရှိနေသည်။

ထိုမျှရက်စက်သော ဒဏ်ကို ခံစားရမည့်အစား နာကျင်မှုများကို ရှောင်လွှဲနိုင်ရန် အဆုံးစီရင်သွားခြင်းက ပို၍ကောင်းမွန်သော ရွေးချယ်မှုပင်ဖြစ်သည်။

ဤအဖြစ်အပျက်များက ကျိုးရီ၏စိတ်ထဲမှ တတ်နိုင်သမျှ သိုသိုသိပ်သိပ်နေဖို့ရာ ဆုံးဖြတ်ချက်ကို ပိုခိုင်မာသွားစေသည်။ အကြောင်းမဲ့သက်သက် အလွန်အင်အားကြီးမားသော ဂိုဏ်းကြီးတစ်ခုတွင် အကြီးအကဲရာထူး သွားရောက်ရယူခြင်းမျိုး လုံးဝမပြုလုပ်သင့်ပေ။

လူသိနည်းသော အနေအထားမျိုးရှိမှသာ ပြဿနာများကို ရှောင်လွှဲနိုင်မည်ဖြစ်သည်။

သူ၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ လုံခြုံအေးချမ်းစွာ ကျင့်ကြံနိုင်ရေးပင်။

သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို သေချာသင်္ဂြိုဟ်ပေးရန် အကျဉ်းထောင်စောင့်များအား ညွှန်ကြားပြီးနောက် ကျိုးရီသည် သူ၏ ယခင်အထက်လူကြီးနှစ်ဦးဖြစ်သော ထောင်ပိုင်ကြီးမာနှင့် ထျန်းဝမ်ကျင်းတို့၏ အကျဉ်းခန်းရှေ့သို့ ရောက်ရှိလာခဲ့သည်။

ထိုသူနှစ်ဦးသည် ကောင်းကင်အကျဉ်းထောင်ထဲတွင် လူပေါင်းများစွာကို ပို့ဆောင်ပေးခဲ့ပြီးဖြစ်သော်လည်း ယခုအခါတွင်မူ သူတို့က အခြားသူများ၏ ပို့ဆောင်ခြင်းကို ခံလိုက်ရပြီဖြစ်သည်။

ကျိုးရီ ရောက်ရှိသွားချိန်မှာပင် ထောင်ပိုင်ကြီးမာ၏ ဆဲရေးတိုင်းထွာသံများကို ထပ်မံကြားလိုက်ရပြန်သည်။

“ထျန်းဝမ်ကျင်း... သောက်ကျိုးနည်း၊ မင်းက စာမေးပွဲကျထားတဲ့ စာပေပညာရှင်အစုတ်အပြတ်လေးလေ။ ဘာကိစ္စ နတ်ဘုရားတစ်ပါးလို ဟန်ရေးပြနေရတာလ၊ မင်းက အဲဒီလောက်စွမ်းနေရင် ဘာလို့ ဒီမှာ အကျဉ်းကျခံနေရတာလဲ။ မင်း တကယ်တော်တယ်ဆိုရင် ဧကရာဇ်ဆီကနေ သေဒဏ်ကလွတ်ခွင့်ရအောင် သွားလုပ်လိုက်လေ”

ကျွီခဲနဲ မြည်သံနှင့်အတူ ကျိုးရီက အကျဉ်းခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး အဖော်ဟောင်းနှစ်ဦးကို အံ့သြတကြီး ကြည့်လိုက်သည်။

“အစ်ကိုကြီးတို့ရေ... စကားနည်းနည်းလောက် လျှော့ပြောကြပါဗျာ”

ထောင်ပိုင်ကြီးမာက တံတွေးထွေးလိုက်သည်။

“ဒီစာပေပညာရှင်က နှစ်ခွန်းသုံးခွန်းလောက် မဆဲလိုက်ရင် သူ့ရဲ့ မောက်မာမှုတွေက ပိုပိုကြီးလာပြီး ငါ့ကို အထင်သေးတဲ့ပုံစံနဲ့ ဆက်ဆံနေဦးမှာပဲ”

ထျန်းဝမ်ကျင်းကမူ သူ့ကို အရေးလုပ်ရန်ပင် စိတ်မဝင်စားပေ။ ကျိုးရီသည် ဆယ်နှစ်ကျော်ကြာ လက်တွဲလုပ်ခဲ့သော အထက်လူကြီးနှစ်ဦးအတွက် သူ့ဝတ်ရုံအတွင်းမှ အသားပေါက်စီကြီး နှစ်လုံးကို ထုတ်ယူလိုက်သည်။

“ခင်ဗျားတို့နှစ်ယောက် ဒီမနက် ဘာမှ မစားရသေးဘူးမလား၊ ပူပူနွေးနွေးလေးရှိသေးတယ်၊ ဗိုက်ထဲ အစာနည်းနည်းဝင်သွားအောင် စားလိုက်ကြပါဦး”

“ငါ မစားတော့ဘူး၊ ဘာမှကို စားချင်စိတ်မရှိတော့တာ”

“သူ မစားရင် ငါစားမယ်၊ ဒါက ငါ့အတွက် နောက်ဆုံးစားရတဲ့ အစာလည်း ဖြစ်နိုင်တယ်”

ထောင်ပိုင်ကြီးမာက ပေါက်စီတစ်လုံးကို လုယူလိုက်ပြီး အငမ်းမရ စားသောက်တော့သည်။ ထိုအခါမှ ထျန်းဝမ်ကျင်းက အသံထွက်လာသည်။

“ကျိုးရီ... ကျေးဇူးတင်ပါတယ်ကွာ”

“ရပါတယ်၊ မလိုပါဘူး”

“မင်းအနေနဲ့ ငါတို့နဲ့ တတ်နိုင်သမျှ ဝေးဝေးမှာ နေသင့်တယ်။ ငါတို့ရဲ့ အခြေအနေက အတော်လေးရှုပ်ထွေးနေတယ်၊ ဒီလို အရေးကြီးတဲ့ အချိန်အခါမျိုးမှာ တစ်ယောက်ယောက် ပစ်မှတ်ထားတာကို ခံလိုက်ရရင် မင်းလည်း ဒုက္ခရောက်သွားလိမ့်မယ်”

ကျိုးရီ ပခုံးတွန့်ပြလိုက်သည်။

“ကိစ္စမရှိပါဘူး။ အခု အကျဉ်းထောင်မှူးအသစ်က ဝမ်ဆန်း ဖြစ်သွားပြီ၊ သူရှိနေသမျှ ကျွန်တော့်ကို ဘယ်သူမှ လာမထိရဲပါဘူး”

ထိုစကားကြောင့် ထောင်ပိုင်ကြီးမာ ပေါက်စီစားနေရာမှ ရုတ်တရက် ရပ်တန့်သွား၏။

သူ့လက်ထဲရှိ ပေါက်စီလေးမှာလည်း အရသာရှိပုံမပေါ်တော့ပေ။

“ဘယ်သူ။ ဝမ်ဆန်း ဟုတ်လား၊ ငါ နားကြားမှားတာတော့ မဟုတ်ပါဘူးနော်။ အဲဒီကောင်လေးက အကျဉ်းထောင်မှူးဖြစ်သွားတာလား”

ကျိုးရီ ခေါင်းညိတ်ပြလိုက်သောအခါ ထောင်ပိုင်ကြီးမာမှာ အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။

“ငါသာ ကြိုသိခဲ့ရင် အဲဒီအချိန်တုန်းက ငါလည်း မြောက်ပိုင်းမန်ကို သွားခဲ့ပါတယ်”

ထျန်းဝမ်ကျင်းသည်လည်း သက်ပြင်းရှည်ကြီးချကာ ပြောလာသည်။

“ဒါတွေ အားလုံးက ကံကြမ္မာပါပဲကွာ။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာကို ဘယ်သူက ကြိုတင်ခန့်မှန်းနိုင်မှာလဲ၊ ခြေတစ်လှမ်း မှားသွားတာနဲ့ ပြန်လှည့်လို့မရတဲ့ ချောက်ကမ်းပါးထဲကို ကျသွားတာပဲ၊ ကံမကောင်းစွာနဲ့ပဲ မင်းနဲ့ ငါက အဲဒီချောက်ကမ်းပါးထဲကို ကျသွားခဲ့ပြီလေ”

“ကျိုးရီ... အဘိုးကြီးမာရဲ့ မိသားစုရော၊ ငါ့မိသားစုပါ ပြည်နှင်ဒဏ်ပေးခံရတော့မယ်။ ငါတို့အတွက် မင်းတတ်နိုင်သမျှ ကူညီပေးဖို့ မျှော်လင့်ပါတယ်၊ အရှေ့ပိုင်းငွေကြေးလုပ်ငန်းမှာ ငါအပ်ထားတဲ့ ငွေတစ်ထောင်ရှိတယ်”

“သွားပြီး ထုတ်လိုက်ပါ။ တစ်ဝက်ကိုတော့ မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် အဖိုးအခအဖြစ် ယူထားပြီး ကျန်တဲ့တစ်ဝက်ကို သူတို့ကို ပေးပေးပါ”

ထောင်ပိုင်ကြီးမာ၏ နှုတ်ခမ်းများ လှုပ်ရှားသွားကာ တစ်ခုခုပြောလိုဟန်ရှိသော်လည်း မည်သည့်စကားမှ ထွက်ပေါ်မလာခဲ့ပေ။ သူ ခပ်တိုးတိုးလေးသာ ရေရွတ်လိုက်သည်။

“ကျေးဇူးပဲ”

ကျိုးရီ ခပ်ဟဟလေး ပြုံးလိုက်သည်။

“စိတ်မပူပါနဲ့။ ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်သိပါတယ်”

ထိုညတွင် ကောင်းကင်အကျဉ်းထောင်ကြီးသည် ဓားအလင်းတန်း၏ တိုက်ခိုက်ဖျက်ဆီးမှုကို ထပ်ခံခဲ့ရပြန်သည်။

ဒဏ်ရာရရှိသွားသော အကျဉ်းသားအရေအတွက်ကို အတိအကျ မသိရသလို ပျောက်ဆုံးသွားသူ အရေအတွက်ကိုလည်း မည်သူမျှ မခန့်မှန်းနိုင်ခဲ့ပေ။

အကျဉ်းထောင်စောင့်အချို့က မာ၊ ထျန်းတို့နှင့် ရုပ်ခြင်းဆင်တူသော လူများ ထွက်ပြေးလွတ်မြောက်သွားသည်ကို မြင်လိုက်ရကြောင်း ပြောဆိုခဲ့ကြသော်လည်း နေ့လယ်စာစားရင်း ရေသောက်နေရာမှ ရေသီးကာ သေဆုံးသွားခဲ့ကြသည်။

ထို့နောက်တွင်တော့ ထိုကိစ္စနှင့်ပတ်သက်၍ မည်သူကမျှ ဆက်လက်ပြောဆိုခြင်းမရှိကြတော့ပေ။

အချိန်တွေ လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်အနည်းငယ် ထပ်မံကြာညောင်းသွားခဲ့လေပြီ။

လီချင်းယွန်က ရွှေပလ္လင်ကို ပြန်လည်ရယူနိုင်ခဲ့သော်လည်း တစ်နှစ်အတွင်းမှာပင် နတ်ရွာစံသွားခဲ့သည်။

အချို့က သာမန်ပြည်သူများ၏ ကျိန်ဆဲမှုကြောင့် သေဆုံးသွားခြင်းဖြစ်သည်ဟု ပြောဆိုကြပြီး အချို့ကမူ ထိုစစ်သည်ငါးသိန်း၏ နာကြည်းဝိညာဉ်များက သူ့အသက်ကို လာရောက်နုတ်ယူသွားခြင်းဖြစ်သည်ဟု ဆိုကြသည်။

လီချင်းယွန် နတ်ရွာစံပြီးနောက် သူ့သားဖြစ်သူက ရွှေပလ္လင်ကို ဆက်ခံခဲ့ပြီး ချန်ဧကရာဇ်ဟု အမည်တွင်ခဲ့သည်။

သူ နန်းတက်စအချိန်တွင် တာ့ချန်ကို ဝန်းရံထားသော နိုင်ငံများမှာ အမြဲတမ်းလိုလို မငြိမ်မသက်ဖြစ်နေခဲ့ကြသည်။

စစ်တပ်များစွာက တည့်တည့်မတ်မတ် ချီတက်လာကြပြီး တာ့ချန်မြို့တော်ကို ဖိအားပေးလာကြကာ ပြိုလဲလုဆဲဆဲဖြစ်နေသော ဤအင်ပါယာမင်းဆက်ကြီးကို တစ်ချက်တည်းနှင့် ဝါးမျိုပစ်ရန် ကြိုးပမ်းလာကြလေသည်။

တာ့ချန်၏ ကံကြမ္မာက အဆုံးသတ်ရန် အချိန်မရောက်သေးသောကြောင့်လား မသိ၊ တစ်နေ့တွင် ကောင်းကင်ယံမှ နတ်ဘုရားအလင်းတန်းအချို့ ဆင်းသက်လာခဲ့သည်။

တာ့ချန် တော်၀င်မိသားစုသည် မမျှော်လင့်ဘဲ အင်အားများ ပြန်လည်ပြည့်ဖြိုးလာခဲ့ပြီး ပတ်ဝန်းကျင်နိုင်ငံများမှ စစ်တပ်အသီးသီးကို မိုးကြိုးပစ်ချသည့်အဟုန်ဖြင့် သုတ်သင်ရှင်းလင်းပစ်ခဲ့ကာ ၎င်းတို့၏ မြို့တော်များအထိပါ တန်ပြန်တိုက်ခိုက်ခဲ့ကြသည်။

ထိုနိုင်ငံများကို ခေါင်းမဖော်နိုင်လောက်အောင် အပြင်းအထန် တိုက်ခိုက်ချေမှုန်းခဲ့သဖြင့် နိုင်ငံများနှင့် လူမျိုးများပါ မျိုးတုံးပျောက်ကွယ်ရမည့် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည်။

သမိုင်းပညာရှင်များက ဤစစ်ပွဲကို ‘ချန်ဧကရာဇ်၏ နန်းတွင်းရှင်းလင်းရေး’ ဟု ခေါ်ဆိုခဲ့ကြသည်။

ဤတိုက်ပွဲအပြီးတွင် တစ်နိုင်ငံလုံးတွင် ချန်ဧကရာဇ်၏ ဂုဏ်သတင်းနှင့် ဩဇာအာဏာမှာ ယခင်က မကြုံဖူးလောက်အောင် မြင့်မားသွားကာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

ချန်ဧကရာဇ် နန်းသက်လေးနှစ်မြောက်တွင် ‘အားလုံးအတွက် သိုင်းပညာ’ ဆိုသော နည်းစနစ်ကို စတင်မိတ်ဆက်ခဲ့သည်။

နိုင်ငံတော်က သိုင်းပညာများ သင်ကြားပေးရန် နေရာအနှံ့အပြားတွင် သိုင်းပညာသင်တန်းကျောင်းများကို ဖွင့်လှစ်ပေးခဲ့ပြီး ဆင်းရဲနွမ်းပါးသော မိသားစုများမှ ကလေးငယ်များအားလုံးကိုပါ ပါဝင်သင်ယူခွင့် ပြုခဲ့သည်။

လက်ရှိတွင် တစ်နိုင်ငံလုံးသည် ကျင့်ကြံခြင်းအပေါ်၌သာ အဓိက အာရုံစိုက်နေကြ၏။

တာ့ချန်နိုင်ငံ၏ ကြီးမားသော ခြေလှမ်းအသစ်တစ်ခုပင်။

ကျင့်ကြံသူများသာလျှင် အရာရှိရာထူးများအတွက် စာမေးပွဲများကို ဝင်ရောက်ဖြေဆိုခွင့်ရှိပြီး ကွန်ဖြူးရှပ်အဆုံးအမများမှာလည်း လုံးဝစွန့်ပစ်ခံလိုက်ရလေသည်။

ထို့အပြင် ဆေးပညာ၊ အဆောင်လက်ဖွဲ့နှင့် လက်နက်ဖန်တီးခြင်း ကဲ့သို့ အသက်မွေးဝမ်းကျောင်းပညာရပ် အမျိုးမျိုးသည်လည်း မိုးရွာပြီးနောက် ထွက်ပေါ်လာသော မျှစ်တက်လေးများကဲ့သို့ အလျှိုလျှို ပေါ်ထွက်လာကြသည်။

လောကကြီးတစ်ခုလုံး၏ လည်ပတ်ပုံများက တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ဖြည်းဖြည်းခြင်း ပြောင်းလဲသွားခဲ့လေပြီ။

All Chapters