အခန်း ၄၀
Vol. 4 Ch. 40
အခန်း (၄၀) - ထူးဆန်းသော သရဲတစ္ဆေများနှင့် နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့
ဆောင်းရာသီ၏ ညနေခင်းတစ်ခုတွင်။
ကျိုးရီသည် အလုပ်ဆင်းပြီးနောက် အရက်သောက်ရန် ရှင်းဟွာစားသောက်ဆိုင်သို့ ထွက်လာခဲ့သည်။
သူ ယခုသောက်နေသော အရက်မှာ သူကိုယ်တိုင် ယူဆောင်လာသည့် ဝိညာဉ်စွမ်းအင်အရက်ဖြစ်ပြီး အမြည်းအချို့ကိုသာ မှာယူကာ အခြားစားသုံးသူများ၏ လောကီရေးရာ အတင်းအဖျင်းများကို နားထောင်နေလိုက်သည်။
အင်မော်တယ်တစ်ပါးဖြစ်သော ကျိုးရီသည် အထီးကျန်မှုကို တဖြည်းဖြည်း စတင်ခံစားလာရသည်။ အားလပ်ချိန်များကို ဖြတ်သန်းရန် နေ့စဉ် စားသောက်ဆိုင်သို့ လာရောက်ခြင်းက သူ့ဘဝတွင် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။
“အို... သခင်လေးကျိုး ရောက်လာပြီပဲ၊ ပြတင်းပေါက်နားက ခင်ဗျား အမြဲထိုင်နေကျနေရာကို ချန်ထားပေးပါတယ်”
ဆိုင်ရှင်မှာ အလွန်တရာ ဖော်ရွေပျူငှာနေခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကျိုးရီသည် ရှင်းဟွာ စားသောက်ဆိုင်အတွက် ဟော့ပေါ့၊ အသားကင်နှင့် ဘဲကင်ကဲ့သို့သော ဟင်းလျာအသစ်များစွာကို ပြောပြပေးခဲ့သည်။
ဤအရာများက ရှင်းဟွာစားသောက်ဆိုင်၏ အမြတ်ငွေများကို လျှံကျသွားစေခဲ့ပြီး နေ့စဉ်နှင့်အမျှ စားသုံးသူများ တန်းစီစောင့်ဆိုင်းရသည်အထိ ဖြစ်လာစေခဲ့သည်။
ဆိုင်ရှင်အနေဖြင့် သူ၏ ငွေတွင်းကြီးဖြစ်သော ကျိုးရီကို လျစ်လျူမရှုရဲသောကြောင့် နေ့စဉ် လွတ်လပ်စွာ အပန်းဖြေနိုင်ရန် ပြတင်းပေါက်ဘေးရှိ သီးသန့်နေရာတစ်ခုကို အမြဲတမ်း ဖယ်ချန်ထားပေးခဲ့သည်။
ကျိုးရီ ခေါင်းညိတ်ပြလိုက်သည်။
“ထုံးစံအတိုင်းပဲ”
“ဟုတ်ကဲ့... လာပါပြီခင်ဗျာ။ ထိုင်ပါဦး၊ ခဏနေရင် လာပို့ပေးပါ့မယ်၊ ဟေ့... အနောက်ကလူတွေကြားလား၊ အကန့်ပါတဲ့ ဟော့ပေါ့အိုးတစ်အိုး၊ အမဲအူနှစ်ပွဲ၊ အမဲသားလွှာနှစ်ပွဲနဲ့ သိုးသားလိပ်လေး လာချပေးဗျို့၊ အမြန်လုပ်ဟေ့”
ဆိုင်ရှင်က မီးဖိုချောင်ဘက်သို့ လှမ်းအော်လိုက်သည်။ ကျိုးရီ ပြတင်းပေါက်ဘေးတွင် ဝင်ထိုင်လိုက်ပြီး အပြင်ဘက်တွင် သည်းထန်စွာ ကျဆင်းနေသော နှင်းများကို ငေးကြည့်နေကာ သူ့စိတ်အခြေအနေမှာ အလွန်ငြိမ်းချမ်းနေခဲ့သည်။
ဘေးစားပွဲရှိ စားသုံးသူများမှာ မကြာသေးမီက ထွက်ပေါ်နေသော ကောလာဟလများကို ပြောဆိုနေကြ၏။ သူတို့၏ ဝတ်စားဆင်ယင်မှုများအရ အရာရှိအသိုင်းအဝိုင်းမှ ဖြစ်ဟန်တူသည်။
“ခင်ဗျားတို့ ကြားပြီးကြပြီလား၊ ကျင်းကျိုးပြည်နယ်၊ ဝမ်ကျန်းမြို့မှာ နတ်ဆိုးကပ်ဘေးတစ်ခု ဖြစ်သွားတယ်တဲ့၊ တစ်ညတည်းနဲ့ လူဦးရေရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းလောက် သေဆုံးသွားကြတယ်”
“တကယ်လား။ ကြောက်စရာကောင်းလိုက်တာ”
“တကယ်ပါဗျာ၊ ကျွန်တော့်ဦးလေးမိသားစုက ယောက်ဖရဲ့ အဒေါ့်သားအိမ်က ထမင်းချက်ဆီကနေ ကြားလာရတာ၊ သူတို့ပြောတာက အဲဒီကိစ္စကြောင့် အရှင်မင်းကြီး အရမ်းဒေါသထွက်သွားပြီး နောက်ဆိုရင် ဒီလိုကိစ္စတွေကို သီးသန့်ကိုင်တွယ်ဖြေရှင်းဖို့ နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ကို ဖွဲ့စည်းချင်နေတယ်တဲ့”
“ဝမ်ကျန်းမြို့ကိုတော့ ထားလိုက်ပါတော့၊ ငါတို့ရဲ့ ခမ်းနားကြီးကျယ်တဲ့ မြို့တော်ကြီး အခု ဘယ်လိုပုံစံဖြစ်နေပြီလဲဆိုတာ ကြည့်ဦး၊ မကြာသေးခင်က လူအတော်များများ သေဆုံးသွားကြတယ်"
“တချို့က တစ္ဆေသရဲတွေကို မြင်တယ်လို့ ပြောကြပြီး တချို့ကလည်း ဝိညာဉ်တွေလို မတ်တပ်လျှောက်နေတဲ့ ပုံရိပ်တွေကို မြင်တယ်လို့ ပြောနေကြတယ်... အတိုချုပ်ပြောရရင် အခြေအနေတွေက အရမ်းဆိုးရွားနေတာပဲ”
“ဟူး... လောကကြီးက တစ်နေ့တခြား ပိုပိုပြီး ရှုပ်ထွေးလာတော့တာပဲ”
‘နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့လား’
တာ့ချန်က ဤခြေလှမ်း လှမ်းလာလိမ့်မည်ဟု ကျိုးရီ ကြိုတင်ခန့်မှန်းမိပြီးသားဖြစ်သည်။
လွန်ခဲ့သော နှစ်များစွာက လီချင်းရွှမ်သည် ဤကမ္ဘာ၏ မဟာအစီအရင်အူတိုင်ဖြစ်သော ‘အမွေဆက်ခံခြင်း လောကကျောက်စိမ်းတံဆိပ်’ ကို ဖျက်ဆီးခဲ့ပြီး အစီအရင်ကြီးက တဖြည်းဖြည်း ပြိုကွဲလာနေခဲ့သည်။
ဤအရာက ပိုမိုအားကောင်းသော ကမ္ဘာများမှ ကျင့်ကြံသူများကို ဤကမ္ဘာသို့ ဝင်ရောက်လာစေခဲ့သည်။
ချန်ဧကရာဇ်၏ နန်းတွင်းရှင်းလင်းရေးတွင်ပင် မဟာကမ္ဘာမှ သိုင်းသူတော်စင်များနှင့် သိုင်းသခင်များက ကူညီပေးခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့်မြေကြီး၏ စိတ်စွမ်းအင်များ ဤကမ္ဘာသို့ ဝင်ရောက်လာကာ ဤနေရာရှိ သိုင်းပညာရှင်များကို ပိုမိုလျင်မြန်စွာ တိုးတက်လာစေခဲ့ပြီး နတ်ဆိုးများနှင့် တစ္ဆေသရဲများပင် ပေါ်ပေါက်လာခဲ့သည်။
သတင်းဆိုးမှာ ကမ္ဘာကြီးသည် ပိုမိုအားကောင်းသော သက်ရှိများနှင့်အတူ တဖြည်းဖြည်း ပိုမိုအန္တရာယ်များကာ မငြိမ်မသက်ဖြစ်လာပြီး ဂရုမစိုက်ပါက အချိန်မရွေး သေဆုံးသွားနိုင်ခြင်းပင်။
သတင်းကောင်းမှာမူ သူကိုယ်တိုင်က တိုက်ခိုက်ရေးတွင် အလွန်ထူးချွန်နေခြင်းဖြစ်သည်။
ထို့အပြင် သူ၏ တိုးတက်နှုန်းမှာလည်း သိသိသာသာ လျင်မြန်လာခဲ့သည်။
နှစ်အနည်းငယ်အတွင်းမှာပင် ကျိုးရီသည် လေနှင့်မိုးတာအို၊ မိုးကြိုးတာအို၊ နေမင်းမီးလျှံတာအို၊ မြေကြီးတာအိုနှင့် သစ်သားတာအိုတို့ကို ထိုးထွင်းသိမြင်ထားခဲ့ပြီး အားကောင်းသော ကျင့်စဉ်များစွာကိုလည်း ဖန်တီးနိုင်ခဲ့သည်။
လျင်မြန်စွာ ကုသပေးနိုင်သော မိုးပြာဧကရာဇ် ထာ၀ရအသက်ကျင့်စဉ်၊ လုပ်ကြံသတ်ဖြတ်ရန် လောင်ကျွမ်းနေမင်းမီးလျှံကျင့်စဉ်နှင့် မကောင်းဆိုးဝါး ဝိညာဉ်အားလုံးကို အင်အားသုံး၍ နှိမ်နင်းရန် ခရမ်းတိမ်တိုက် နတ်ဘုရားမိုးကြိုးကျင့်စဉ် အစရှိသည်တို့ပင် ဖြစ်သည်။
သူ၏ နတ်ဆင်နဂါးခွန်အားမှာ အမျှင်လေးရာကို ကျော်လွန်သွားခဲ့လေပြီ။
သူ၏ အဆင့်သတ်မှတ်ချက်ကို ခေတ္တမေ့ထားလိုက်ပါက မြေကမ္ဘာအင်မော်တယ်အဆင့်ရှိသူကိုပင် ရိုက်နှက်နိုင်မည်ဟု သူ ခန့်မှန်းမိသည်။
ကံမကောင်းစွာဖြင့် သူသည် ဤကမ္ဘာသို့ မြေကမ္ဘာအင်မော်တယ်တစ်ပါး ရောက်ရှိလာခြင်းကို မမြင်တွေ့ရသေးချေ။
သို့သော်ငြား သူကိုယ်တိုင်မှာမူ ထိုအဆင့်သို့ ချိုးဖောက်ဝင်ရောက်တော့မည်ဟု ဝေဝါးဝါး ခံစားနေရသည်။
ယခုအခါ ဤကမ္ဘာ၏ ဝိညာဉ်စွမ်းအင်သည် လွန်ခဲ့သော နှစ်အနည်းငယ်ကထက် ဆယ်ဆမျှ ပိုမိုများပြားလာခဲ့ပြီဖြစ်သည်။
သူ၏ မဟာတာအို အင်မော်တယ်ဘူးသီး၏ ဝိညာဉ်စွမ်းအင်စုပ်ယူနိုင်စွမ်းမှာလည်း ယခင်ကထက် အဆတစ်ရာအထိ တိုးလာခဲ့သည်။
မည်သည့် ဝိညာဉ်စွမ်းအင်အမျိုးအစား ရတနာနှင့် ယှဉ်ယှဉ် မဟာတာအို အင်မော်တယ်ဘူးသီး၏ စုပ်ယူနိုင်စွမ်းမှာ အမြဲတမ်း ဆယ်ဆသာနေခဲ့သည်။ ပတ်ဝန်းကျင် ပိုမိုအားကောင်းလာသည်နှင့်အမျှ ရတနာကပါ အားကောင်းလာသည်ဟု ဆိုနိုင်သည်။
မူလက နှစ်တစ်ထောင် ဂျင်ဆင်းများနှင့် နှစ်တစ်ထောင် ကြက်၊ ဘဲအုပ်စုကို ကြီးထွားလာစေရန် ရာစုနှစ်တစ်ခု အချိန်ယူရသော်လည်း ယခုအခါ ဆယ်နှစ်မျှသာ ကြာမြင့်တော့သည်။
ယခုအခါ ကျိုးရီ၏ မဟာတာအို အင်မော်တယ်ဘူးသီးအတွင်းရှိ ကြက်နှင့် ဘဲများသည် နှစ်ရာပေါင်းများစွာ ကျင့်ကြံထားသော နတ်ဆိုးကြီးများ ဖြစ်လာကြလေပြီ။
အကယ်၍သာ ကျိုးရီလွှတ်ပေးလိုက်ပါက ပြည်နယ်တစ်ခုလုံးကို အလွယ်တကူ သုတ်သင်ရှင်းလင်းပစ်နိုင်သော နတ်ဆိုးစစ်တပ်ကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
အစပိုင်းတွင် ကျိုးရီသည် အသားကောင်းကောင်း စားရရန် မွေးမြူထားလိုခြင်း ဖြစ်သော်လည်း ယခုလို နတ်ဆိုးစစ်တပ်ကြီးတစ်ခုကို ရရှိလာလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။
အစားအသောက်က ကမ္ဘာပေါ်တွင် အကြီးမားဆုံး စွဲဆောင်မှုတစ်ခုဖြစ်သည်ကိုတော့ ဝန်ခံရပေမည်။
“သခင်လေးကျိုး... စောင့်ရတာ ကြာသွားတဲ့အတွက် တောင်းပန်ပါတယ်”
သူ တွေးတောနေစဉ်မှာပင် ဆိုင်ရှင်က စားပွဲထိုးတစ်ဦးကို ဦးဆောင်ခေါ်လာကာ ဟင်းပွဲများ လာချပေးသည်။
သူက ဟင်းပွဲများ တစ်ခုပြီးတစ်ခု ချပေးကာ ကြေးနီအိုးလေး တပ်ဆင်ပေးပြီးနောက် အရက်အိုးတစ်အိုးကိုပါ ယူဆောင်လာခဲ့သည်။
“သခင်လေးကျိုး... ခင်ဗျားက အရက်ကြိုက်တဲ့သူဆိုတာ ကျွန်တော်သိတယ်၊ ဒီအရက်ကို မြည်းစမ်းကြည့်ပြီး ဘယ်လိုနေလဲဆိုတာလေး ပြောပြပေးနိုင်မလား”
ကျိုးရီ အရက်ကို မယူခင် ခပ်ပေါ့ပေါ့ တစ်ချက်ကြည့်လိုက်ရုံဖြင့် အထဲတွင် မည်သည့်အရာများ ပါသည်ကို သိလိုက်ရသည်။
ဤအရက်တွင် ဝိညာဉ်စွမ်းအင် အနည်းငယ်ပါဝင်နေပြီး ဝိညာဉ်စွမ်းအင်အရက်ဖြစ်ကြောင်း ထင်ရှားနေသည်။
ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာမှုကြောင့် ဆန်အချို့မှာ မျိုးဗီဇပြောင်းလဲသွားကာ ဝိညာဉ်စွမ်းအင်အရက် ချက်လုပ်ရာတွင် အသုံးပြုနိုင်သည့် ဝိညာဉ်စွမ်းအင်ဆန်များ ဖြစ်လာခဲ့သည်။
သူ၏ ဝိညာဉ်စွမ်းအင်အရက်ကိုလည်း ယခုအခါ ဤနည်းလမ်းကို အသုံးပြု၍ ချက်လုပ်ထားခြင်းဖြစ်သော်ငြား ထိုနှစ်ခုကြားရှိ အရည်အသွေးမှာ ကောင်းကင်နှင့်မြေကြီးလို ကွာခြားလှသည်။
သိုင်းသခင်တစ်ဦးပင်လျှင် သူ၏ ဝိညာဉ်စွမ်းအင်အရက်ပုလင်း အချို့ကို သောက်ပြီးပါက မူးဝေသွားနိုင်ပြီး ချေဖျက်ပြီးနောက် အာနိသင်မှာ ဝိညာဥ်အားဖြည့်ဆေးလုံးတစ်လုံးကို စားသုံးလိုက်ရခြင်းနှင့် အတူတူပင်ဖြစ်သည်။
ဤဝိညာဉ်စွမ်းအင်အရက်မျိုးမှာ သူ့အတွက် ရေသောက်ရသည်နှင့် မထူးမခြားနားပင်။
သူ အရက်အိုးကို ယူလိုက်ပြီး အဆို့ဖွင့်ကာ ဟန်ဆောင် အနံ့ခံလိုက်သည်။
“ဝိညာဉ်စွမ်းအင်အရက်လား”
“ဟီး... သခင်လေးကျိုးကတော့ သခင်လေးကျိုး ပီသပါပေတယ်၊ အထဲက လျှို့ဝှက်ချက်ကို တစ်ချက်ကြည့်ရုံနဲ့ သိသွားလောက်အောင်ကို ဗဟုသုတ ကြွယ်ဝလွန်းတယ်”
ခေတ္တရပ်နားလိုက်ပြီးနောက် သူက ထပ်ပြောလာသည်။
“အချိန်အတော်ကြာကတည်းက ကျွန်တော် ဆန်ကုန်သည်တစ်ယောက်ဆီကနေ ဝိညာဉ်စွမ်းအင်ဆန် နည်းနည်းရခဲ့လို့ ဝိညာဉ်စွမ်းအင်အရက် အိုးအနည်းငယ်ကို ရှေးဟောင်းနည်းလမ်းတွေသုံးပြီး ချက်လုပ်ခဲ့တာပါ”
“ခင်ဗျားလည်း သိတဲ့အတိုင်း ဒီရက်ပိုင်း လူတိုင်းက ပြုပြင်ပြောင်းလဲရေးနဲ့ တိုးတက်မှုတွေအကြောင်း ပြောနေကြတာပဲလေ၊ နန်းတွင်းကလည်း သိုင်းပညာကျောင်းတွေ ဖွင့်လှစ်နေပြီး သိုင်းပညာရှင်တွေ တဖြည်းဖြည်းများလာတယ်”
သာမန် ရှင်းဟွာအရက်က သူတို့အတွက် ရိုးရိုးရေလိုပဲဆိုတော့ ကျွန်တော်လည်း ဒီပြုပြင်ပြောင်းလဲရေး လှိုင်းလုံးကြီးအတိုင်း လိုက်ပါစီးမျှောချင်တယ်လေ”
“မဆိုးပါဘူး။ ပြုပြင်ပြောင်းလဲပြီး တိုးတက်အောင်လုပ်ပါ။ ပိုပြီး ပြောင်းလဲနိုင်လေ၊ အနာဂတ်က ပိုပြီး တောက်ပလေပဲ”
‘ခေတ်နဲ့အညီ လိုက်လျောညီထွေဖြစ်အောင် စီစဉ်နိုင်တဲ့ ဒီလို စီးပွားရေးဗျူဟာမျိုးနဲ့ဆိုရင် သူ ချမ်းသာသွားတာ မဆန်းတော့ပါဘူး'
“သခင်လေးကျိုးက မြှောက်ပြောနေပြန်ပါပြီ၊ ဒီအရက်မှာ လိုအပ်တာတစ်ခုခု တွေ့မိသေးလား”
ကျိုးရီ တစ်ငုံသောက်ကြည့်လိုက်သည်။
“မဆိုးပါဘူး၊ ဒီအတိုင်းသာဆက်သွား”
ဝိညာဉ်စွမ်းအင်ပြန်လည်နိုးထလာမှုကြောင့် လူအများအပြား အားကောင်းလာခဲ့သော်လည်း အများစုမှာ အဆင့်နိမ့်သိုင်းပညာရှင်များသာ ဖြစ်နေသေးသည်။
ဤအဆင့်ရှိ ဝိညာဉ်စွမ်းအင်အရက်သည် သူတို့ကို မူးဝေသွားစေရန် လုံလောက်ပေသည်။
“ဟီးဟီး... ကျေးဇူးတင်ပါတယ် သခင်လေးကျိုး၊ ဒီအရက်တစ်အိုးလုံးက ကျွန်တော့်ရဲ့ လက်ဆောင်ပါ”
ကျိုးရီ ခေါင်းညိတ်ပြလိုက်ပြီးနောက် မဟာတာအို အင်မော်တယ်ဘူးသီးအတွင်းသို့ သိမ်းဆည်းလိုက်သည်။
‘အရက်က ပျော့လွန်းတယ်၊ ချက်လုပ်တြဲ လုပ်ငန်းစဉ်အတွင်း ဝိညာဉ်စွမ်းအင် ပိုလိုနေသေးတာပဲ’
အရက်အိုး တစ်ဝက်ကျိုးသွားသောအခါ ရှင်းဟွာစားသောက်ဆိုင်ရှိ လူများ တဖြည်းဖြည်း လူစုကွဲသွားကြပြီး စားသောက်ဆိုင်မှာ ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။
ထိုအခါမှသာ ကျိုးရီ ထွက်ခွာလာခဲ့သည်။
ကျိုးရီသည်။ အမှောင်ထုဖုံးလွှမ်းနေသော လမ်းမပေါ်တွင် လျှောက်သွားနေလေသည်။
ကောင်းကင်မှ ကျဆင်းလာသော နှင်းများသည် သူ့ခန္ဓာကိုယ်နှင့် မီတာဝက်အကွာမှ အလိုအလျောက် ဖြတ်သန်းသွားကြပြီး မျက်စိဖြင့်မမြင်နိုင်သော စွမ်းအင်စက်ကွင်းတစ်ခုက ကျိုးရီနှင့် နှင်းများကို ပိုင်းခြားထားသကဲ့သို့ ဖြစ်နေသည်။
သူ့ခြေထောက်အောက်ရှိ နှင်းများမှာလည်း ထိုနည်းတူပင်။ ကျိုးရီ လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် မည်သည့်ခြေရာမျှ ကျန်ရစ်မနေခဲ့ပေ။ အကယ်၍ မသိနားမလည်သူ တစ်ဦးဦးကသာ ဤမြင်ကွင်းကို မြင်လိုက်ရပါက သူ့ကို တစ္ဆေသရဲတစ်ကောင်ဟုပင် ထင်ကောင်းထင်သွားနိုင်သည်။
“နှင်းဖြူတွေ ခေါင်းပေါ်မှာ နောက်တစ်ကြိမ် ဖုံးလွှမ်းလာပြန်ပြီ... လောကကြီးလည်း ပြောင်းလဲသွားခဲ့ပြီ...”
ကျိုးရီ အိမ်သို့ လမ်းလျှောက်ပြန်လာစဉ် ရုတ်တရက် ‘ဖျောင်း’ ဟူသော အသံနှင့်အတူ မည်းနက်နေသော လက်သည်းတစ်ခုက သူ့ခြေကျင်းဝတ်ကို ရုတ်ချည်း လှမ်းဆွဲလိုက်သည်။
ကျိုးရီ ဖြည်းညင်းစွာ ခေါင်းလှည့်ကြည့်လိုက်၏။
သူ့မျက်လုံးထဲတွင် မြင်လိုက်ရသည်မှာ အစိမ်းရောင်မျက်နှာနှင့် ချွန်ထက်သော အစွယ်များရှိသည့် လူနှင့်ဆင်တူသော တစ္ဆေတစ်ကောင်ဖြစ်ပြီး သွားရည်များကျနေကာ သူ့ကို လောဘတကြီး စိုက်ကြည့်နေသည်။
“ဆာတယ်... ငါ အရမ်းဆာနေပြီ။ စားချင်တယ်၊ ငါ အရမ်းနာကျင်နေပြီ၊ အရမ်းဆာနေပြီကွာ။ ငါ အသားစားချင်တယ်၊ စားချင်တယ်...”
“ဝုန်း”
စကားများမဆုံးမီမှာပင် ထိုမကောင်းဆိုးဝါးကြီးက တိုက်ရိုက် ပေါက်ကွဲသွားလေတော့သည်။