အခန်း ၁၆၁
Vol. 17 Ch. 161
161
ချင်ရန်သည် စိုးရိမ်ပူပန်နေမည့်အစား ဝမ်းသာအားရပင် ဖြစ်သွား၏။
အကြောင်းမှာ သူပိုင်ဆိုင်ထားသော ရာဇဝတ်မှု၏ အတိတ်ကို ပြန်လည်ခြေရာခံခြင်း စွမ်းရည်ကြောင့် ထိုကဲ့သို့သော ဖော်ထုတ်ရန် ခက်ခဲသည့် အမှုဟောင်းများသည် သူ့အတွက် ခေါင်းခဲစရာ မဟုတ်သောကြောင့် ဖြစ်ပေသည်။
“ဘာလဲ... မင်းက အဲ့ဒီအမှုဟောင်းတွေကို ပြန်ပြီး စစ်ချင်လို့လား”
လင်းကုဝေ၏ အမေးကို ချင်ရန်က ခပ်ပြုံးပြုံးဖြင့်ပင် ပြန်ဖြေလိုက်သည်။
“ဒါပေါ့... စိန်ခေါ်မှုများလေ ပိုကောင်းလေပဲ မဟုတ်ဘူးလား”
ထိုအခါ လင်းကုဝေ တအံ့တဩ ဖြစ်သွားရသည်။
“မင်းက ဒီအမှုတွေကို လွယ်တယ်မှတ်နေလား၊ နှစ်တွေအများကြီး ကြာသွားပြီဆိုတော့ သက်သေအထောက်အထားကလည်း မရှိသလောက်ပဲ၊ တချို့ဆို အခင်းဖြစ်တဲ့နေရာတွေတောင် အကြိမ်ကြိမ် ပြောင်းလဲသွားပြီလေ”
“ဒါကတော့ အမှုကို ပြန်လိုက်တဲ့အချိန်ကျမှပဲ သိရမှာပေါ့ဗျာ”
ချင်ရန်က အမှုမထားဟန်ဖြင့် အေးအေးဆေးဆေးပင် ပြောလိုက်၏။
ချင်ရန်အတွက်မူ ဌာနချုပ်သို့ တာဝန်သွားရောက်ထမ်းဆောင်ရန် အချိန်အနည်းငယ် ကျန်ရှိနေသေးပေသည်။
ပြန်လည်ဖော်ထုတ်ခဲ့သော ဆရာကော်၏ အမှုအား အပြီးသတ်ရန်အတွက် ငါးရက်ခန့် အချိန်ယူခဲ့ရ၏။
ဆရာကော်၏ အိမ်တတိယထပ်တွင် သက်သေအထောက်အထားများ အခိုင်အလုံ ရှိနေသဖြင့် ဆရာကော်ကိုယ်တိုင်လည်း ဖြောင့်ချက်ပေး ဝန်ခံထွက်ဆိုခဲ့ပြီး ဖြစ်ပေသည်။
နှစ်ပေါင်း ၂၀ ကြာမြင့်ခဲ့ပြီး အမှုသက်တမ်း ကုန်ဆုံးတော့မည့် အဆိုပါအမှုကြီးမှာ ရုတ်တရက် ပြန်လည်ပေါ်ပေါက်လာသဖြင့် ပြည်သူလူထုတစ်ရပ်လုံးမှာ အံ့အားသင့်သွားကြပြီး သတင်းမှာလည်း ဟိုးလေးတကျော်ကျော်ဖြစ်သွားတော့၏။
ပါလီမြစ်ရဲစခန်းရှေ့တွင် နဖူးစည်းစာတန်းများ ကိုင်ကာ ဆန္ဒပြခဲ့ကြသော မိခင်များမှာလည်း တရားခံကို ဖမ်းမိသဖြင့် ဝမ်းသာပီတိ ဖြစ်ကြရကာ စခန်းရှေ့သို့ ထပ်မံရောက်ရှိလာခြင်း မရှိတော့ချေ။
ထို့နောက် နေ့ရက်များမှာ အေးအေးဆေးဆေး ကုန်ဆုံးသွားပြီးနောက် ချင်ရန်နှင့် အဖွဲ့မှာ ဌာနချုပ်သို့ သွားရောက်ကာ တာဝန်ထမ်းဆောင်ရမည့်အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပေသည်။
ဗဟိုဌာနချုပ်မှ ဝါရင့်ရဲအရာရှိ ရှစ်ဦးမှာ အသက်အရွယ် ရလာသဖြင့် ပေါ့ပေါ့ပါးပါး တာဝန်များကို ထမ်းဆောင်ရန် ပါလီမြစ်ရဲစခန်းသို့ ပြောင်းရွှေ့ရောက်ရှိလာကြ၏။
ချင်ရန်၊ ရှကျဲ၊ လီတဝေနှင့် ယန်ရှုတို့သည်လည်း ယနေ့တွင် ဗဟိုဌာနချုပ်သို့ သွားရောက်ကာ ရောက်ရှိကြောင်း သတင်းပို့ကြရမည် ဖြစ်ပေသည်။
သုံးလတာမျှ အချိန်ကုန်ဆုံးခဲ့သည့် ပါလီမြစ်ရဲစခန်းမှ ခွဲခွာရမည် ဖြစ်ရာ စိတ်ထဲတွင် လွမ်းဆွတ်မှုများ ဖြစ်ပေါ်နေကြ၏။
ဤလအနည်းငယ်အတွင်း ချင်ရန်သည် ပါလီမြစ်ဒေသတွင် ဂုဏ်ထူးဆောင်ဆုများစွာကို ရရှိခဲ့သည်။
အထူးထူးချွန်ဆု အပြင် မယုံနိုင်စရာကောင်းလောက်အောင် ပထမတန်းစား ဂုဏ်ထူးဆောင်မှတ်တမ်း ခြောက်ခုအထိ ရရှိထားခြင်း ဖြစ်ပေသည်။
အနောက်တောင်ဘက်နယ်စပ်ရှိ စစ်ဆင်ရေးအတွက်လည်း ဌာနချုပ်မှ ချင်ရန်အား ပထမတန်းစား ဂုဏ်ထူးဆောင်ဆု ပေးအပ်ရန် ပြင်ဆင်နေကြပြီ ဖြစ်၏။
ထိုကဲ့သို့ ကြီးကျယ်မြင့်မြတ်လှသော ဂုဏ်သတင်းမှာ ဌာနချုပ်တစ်ခုလုံးတွင်ပင် ယှဉ်နိုင်သူ မရှိသလောက်ပင် ဖြစ်နေပေသည်။
ချင်ရန်သည် အတွေ့အကြုံ နုနယ်သေးသော်လည်း မည်သူကမျှ သူ့အား အထင်သေးဝံ့မည် မဟုတ်ချေ။
ယနေ့သည် ပါလီမြစ်ရဲစခန်းမှ လုပ်ဖော်ကိုင်ဖက်များနှင့် ခွဲခွာရမည့်နေ့ ဖြစ်ပေသည်။
စခန်းမှူး ဝမ်ရှောင်ရီ၊ ချောင်ကျန့်ကျွင်း၊ ချန်ဟောက်၊ ချန်ရှင်းချန်နှင့် အခြားသူများသည် ပါလီမြစ်ရဲစခန်း အဝင်ပေါက်တွင် စီတန်းရပ်ကာ ချင်ရန်တို့အဖွဲ့ ကားပေါ်တက်သွားသည်ကို ကြည့်ရင်း ကျန်ရစ်ခဲ့ကြ၏။
သူတို့၏ မျက်ဝန်းများတွင် ခံစားချက်ပေါင်းစုံ ရောထွေးနေကြပေသည်။
နောင်တွင် ပြန်လည်တွေ့ဆုံရန် အခွင့်အရေးများ ရှိနေဦးမည် ဖြစ်သော်လည်း ယခင်ကကဲ့သို့ လက်တွဲ၍ အလုပ်အတူတူ လုပ်ကိုင်ခွင့်ရရန်မှာမူ အခွင့်အလမ်း အလွန်နည်းပါးသွားပြီ ဖြစ်၏။
လီတဝေက သူ့ဆရာဖြစ်သူ ချန်ရှင်းချန်ကို လက်ပြနှုတ်ဆက်ရင်း ဝမ်းနည်းစိတ်ကို အတင်းအကျပ် ဖုံးကွယ်ထားရှာပေသည်။
“ဆရာ... ကျွန်တော် နောက်မှ ခဏခဏ လာလည်ပါ့မယ်၊ ကျွန်တော်နဲ့ အရက်အတူတူ သောက်ဖို့ စောင့်နေဦးနော်”
ရှကျဲနှင့် ယန်ရှုတို့သည်လည်း သူတို့ဆရာများကို အသီးသီး နှုတ်ဆက်ကာ ဌာနချုပ်တွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများအတွက် တက်ကြွစွာဖြင့် ထွက်ခွာလာခဲ့ကြ၏။
ထူးခြားနေသည်မှာ ချောင်ကျန့်ကျွင်းပင် ဖြစ်ပေသည်။
သူ့အကြည့်များမှာ တပည့်ယန်ရှုဆီတွင် မဟုတ်ဘဲ ချင်ရန်ဆီ၌သာ ရပ်တန့်နေ၏။
အကြောင်းမှာ သူရရှိခဲ့သည့် ဒုတိယတန်းစား ဂုဏ်ထူးဆောင်ဆု နှစ်ခုစလုံးသည် ချင်ရန်ကြောင့်သာ ဖြစ်သောကြောင့် ဖြစ်ပေသည်။
ချင်ရန်သာ မရှိခဲ့ပါက ထိုဆုများကို သူ မည်သို့မျှ ရရှိနိုင်မည် မဟုတ်ချေ။
ချင်ရန်သည် သူ့အတွက်တော့ ကောင်းကင်က စေလွှတ်လိုက်သည့် နတ်ကောင်းနတ်မြတ် တစ်ပါးပင် ဖြစ်လေတော့သည်။
ကားလေးသည် ပါလီမြစ်မှ ထွက်ခွာလာပြီး ဌာနချုပ်ဆီသို့ ဦးတည်မောင်းနှင်လာခဲ့၏။
ဤတစ်ကြိမ်တွင်မူ လူသစ်များကို ကြိုဆိုရန်အတွက် ရှားရှားပါးပါး ကြိုဆိုပွဲအခမ်းအနားတစ်ခု ပြုလုပ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင် တက်ရောက်ကာ ချင်ရန်တို့ လေးဦးကို နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ပေသည်။
လူငယ်အားကစားပြိုင်ပွဲနှင့် ဆရာကော် အမှုများကြောင့် ညွှန်ကြားရေးမှူးချုပ်၏ စွမ်းဆောင်ရည်မှတ်တမ်းမှာ အလွန်ပင် ထူးခြားကောင်းမွန်နေခဲ့၏။
ညွှန်ကြားရေးမှူးချုပ်၏ အမည်မှာ ရှီကျင်းစုန့် ဖြစ်ကြောင်း ချင်ရန် သိလိုက်ရပေသည်။
ဌာနချုပ်သို့ ရောက်ရှိပြီး ပထမဆုံး ရက်အနည်းငယ်မှာ အလွန်ပင် အလုပ်များလှ၏။
ဖိန်လင်မြို့သည် မြို့ကြီးတစ်မြို့ ဖြစ်သဖြင့် ဌာနချုပ်တွင် ကိုင်တွယ်ရမည့် အမှုပေါင်းများစွာ ရှိနေပေသည်။
အထူးသဖြင့် စုံစမ်း၍ မရသေးသော အမှုဟောင်းများနှင့် သက်သေမရှိတော့သော အမှုတွဲများမှာ ဖိုင်အတွဲလိုက် ရှိနေ၏။
အချို့ဆိုလျှင် နစ်နာသူများ၏ မိသားစုများပင် ကွယ်လွန်ကုန်ကြပြီ ဖြစ်သော်လည်း တရားခံကိုမူ ယခုထိ ရှာမတွေ့သေးချေ။
ချင်ရန်မှာမူ သူ့စွမ်းရည်များကို ပြသရန် အတော့်ကို တက်ကြွနေပေသည်။
ဌာနချုပ်တွင် ဝရမ်းပြေးများစွာ ရှိသော်လည်း သတင်းရင်းမြစ်များ အကန့်အသတ်ရှိသဖြင့် ရှာဖွေရန် ခက်ခဲနေကြ၏။
ချင်ရန်၏ ရာဇဝတ်ကောင် အာရုံခံစနစ် မှာလည်း ၁၀ မီတာ ပတ်လည်သာ အလုပ်လုပ်သဖြင့် ဝရမ်းပြေးများကို လိုက်လံရှာဖွေရန်မှာ လွယ်ကူလှသည်တော့ မဟုတ်ချေ။
သို့သော် ယနေ့တွင် ဌာနချုပ်သို့ ထိတ်လန့်ဖွယ် သတင်းတစ်ခု ရောက်လာ၏။
ဖိန်လင်မြို့ ကမ်းလွန်ပင်လယ်ပြင်တွင် ခရီးသည်တင်သင်္ဘောတစ်စင်း မျောပါလာသည်ဟု ဆိုပေသည်။
ထိုသင်္ဘောပေါ်တွင် လူသေအလောင်း ၁၇ လောင်း တွေ့ရှိရကြောင်း သိလိုက်ရသဖြင့် ဌာနချုပ်တစ်ခုလုံးတွင် နာမည်ကြီးသွားပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ချက်ချင်း စေလွှတ်လိုက်တော့၏။
ချင်ရန်နှင့် အဖွဲ့သားများကို လင်းကုဝေမှ ဦးဆောင်ကာ ကမ်းခြေသို့ ထွက်ခွာခဲ့ကြပေသည်။
ကမ်းခြေတွင် ရဲအရာရှိ ၅၀ ခန့်နှင့် လာရောက်ကြည့်ရှုသူ ရာနှင့်ချီ၍ စုရုံးနေကြ၏။
ချင်ရန်တို့အဖွဲ့ သင်္ဘောပေါ်သို့ တက်ကြည့်လိုက်သောအခါ အခန်းများထဲတွင် လည်လှီး သတ်ဖြတ်ခံထားရသော အလောင်း ၁၇ လောင်းကို တွေ့လိုက်ရပေသည်။
ရှကျဲ၊ လီတဝေနှင့် ယန်ရှုတို့မှာ ဤမျှအထိ များပြားလှသော အလောင်းများကို တစ်ပြိုင်နက် မြင်လိုက်ရသဖြင့် ပျို့အန်ချင်သလိုပင် ဖြစ်သွားကြ၏။
လင်းကုဝေက ရုပ်အလောင်းများကို သယ်ဆောင်ရန်နှင့် သင်္ဘော၏ ဇစ်မြစ်ကို စုံစမ်းရန် အမိန့်ပေးလိုက်ပေသည်။
နှစ်ရက်ခန့် စုံစမ်းပြီးနောက် ဤသင်္ဘောမှာ အိမ်နီးချင်း ဂျပန်နိုင်ငံမှ ခရီးသွားကုမ္ပဏီတစ်ခု၏ သင်္ဘောဖြစ်ကြောင်း သိရ၏။
သေဆုံးသူ ၁၇ ဦးတွင် တရုတ်နိုင်ငံသားများနှင့် ဂျပန်နိုင်ငံသားများ ရောနှောပါဝင်နေပေသည်။
ဤကဲ့သို့သော နိုင်ငံဖြတ်ကျော်အမှုများသည် ကိုင်တွယ်ရန် အလွန်ပင် ခက်ခဲလှ၏။
သင်္ဘောမှာ မျောပါလာခြင်း ဖြစ်သော်လည်း လူသတ်သမားမှာ ဂျပန်တွင် ရှိနေနိုင်သဖြင့် တရားခံရှာဖွေရန်မှာ မလွယ်ကူလှချေ။
ဤကိစ္စကို ညွှန်ကြားရေးမှူးချုပ် ရှီကျင်းစုန့်ထံ တင်ပြသောအခါ သူလည်း အတော်ပင် ခေါင်းခဲသွားရ၏။
ရက်အနည်းငယ်အကြာတွင် ဂျပန်ဘက်မှ လူလွှတ်ကာ အကူအညီ လာရောက်တောင်းခံခဲ့ကြပေသည်။
ဂျပန်ရဲတပ်ဖွဲ့သည်လည်း ရက်အတန်ကြာ စုံစမ်းခဲ့သော်လည်း တရားခံကို ရှာမတွေ့သဖြင့် သင်္ဘောပေါ်တွင် သဲလွန်စများ ကျန်ရှိနေမလားဟု လာရောက်စစ်ဆေးခြင်း ဖြစ်ပေသည်။
ထပ်မံစစ်ဆေးသော်လည်း ထူးခြားမှု မရှိခဲ့ချေ။
ဂျပန်ရဲတပ်ဖွဲ့မှာ လူထုနှင့် အထက်လူကြီးများ၏ ပြင်းထန်သော ဖိအားများကို ခံနေရပြီး အမှုမပေါ်ပါက တစ်ဖွဲ့လုံး ရာထူးမှ ထုတ်ပယ်ခံရမည့် အခြေအနေပင် ဖြစ်နေ၏။
ထို့ကြောင့် သူတို့သည် တရုတ်နိုင်ငံထံ အကူအညီ လာတောင်းခြင်း ဖြစ်ပေသည်။
ရှီကျင်းစုန့်သည် ဌာနချုပ်တွင် အရေးပေါ်အစည်းအဝေး ခေါ်ယူလိုက်၏။
သင်္ဘောပေါ်တွင် မိမိတို့နိုင်ငံသားများလည်း ပါဝင်နေသဖြင့် အမှုဖော်ထုတ်ရန် တာဝန်ရှိနေသောကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဂျပန်သို့ စေလွှတ်ရန် ဆုံးဖြတ်လိုက်ပေသည်။
ဂျပန်ရဲတပ်ဖွဲ့ဘက်မှလည်း အမှုဖော်ထုတ်နိုင်ပါက ရန်ပုံငွေ အမြောက်အမြား ပေးအပ်မည်ဟု ကတိပေးထား၏။
အစည်းအဝေးတွင် ထိုစကားကို ကြားလိုက်ရချိန်၌ လင်းကုဝေ ပထမဆုံး ပြေးမြင်လိုက်သည့်လူမှာ ချင်ရန်ပင် ဖြစ်လေသည်။