အခန်း ၁၆၃
Vol. 17 Ch. 163
163
ဂျပန်နိုင်ငံတွင် စောင့်ကြည့်ကင်မရာ တပ်ဆင်ထားမှုမှာ နေရာအနှံ့အပြား၌ မရှိသဖြင့် သူတို့၏ စုံစမ်းစစ်ဆေးရေး အခြေခံနည်းလမ်းမှာ လူကိုယ်တိုင် လိုက်လံမေးမြန်းခြင်းသာ ဖြစ်ပေသည်။
သို့သော် ကံဆိုးသည်မှာ ထိုဆိပ်ခံတံတားမှာ အလွန်ပင် လူသူဝေးလံလှပြီး မည်သူမျှ သွားလာလေ့မရှိသော နေရာတစ်ခု ဖြစ်နေခြင်းပင် ဖြစ်၏။
ထို့ပြင် အခင်းဖြစ်ပွားချိန်မှာ ညနေစောင်းဖြစ်ရာ ဆိပ်ကမ်းဝန်ထမ်းများမှာလည်း တာဝန်ချိန်ပြီး၍ အိမ်ပြန်ကုန်ကြပြီ ဖြစ်ပေသည်။
ထို့ကြောင့် မည်မျှပင် လူအင်အားသုံးကာ လိုက်လံစုံစမ်းပါစေ မည်သည့်ရလဒ်မျှ ထွက်ပေါ်လာတော့မည် မဟုတ်ချေ။
ဂျပန်ရဲများသည် ပျောက်ဆုံးသွားသော သူတို့၏ နိုင်ငံသား ခုနစ်ဦးအကြောင်းကိုသာ စစ်ဆေးနိုင်ခဲ့ကြ၏။
ထိုသူများမှာ ကျောင်းဆရာ၊ စားသောက်ဆိုင်ဝန်ထမ်းနှင့် စတိုးဆိုင်အရောင်းစာရေး စသည့် သာမန်လူတန်းစားများသာ ဖြစ်ကြပြီး ထူးခြားသော နောက်ခံသမိုင်းကြောင်း မရှိကြချေ။
သူတို့မိသားစုနောက်ခံများကို လိုက်လံစုံစမ်းကြည့်ရာတွင်လည်း ပုံမှန်ဘဝကို ဖြတ်သန်းနေကြသူများသာ ဖြစ်ကြောင်း တွေ့ရပေသည်။
ဘာသာပြန်ဆိုမှုများ ပြီးဆုံးသွားသောအခါ လင်းကုဝေမှာ နားထင်ကိုဖိကာ ခေါင်းခဲသွားတော့၏။
ဤမျှအထိ သက်သေအထောက်အထား နည်းပါးနေမှတော့ မည်သည့်နေရာက စ၍ ရှာရမည်နည်း။
သဲလွန်စက အမှန်တကယ်ပင် နည်းပါးလွန်းလှသဖြင့် ဂျပန်ရဲများဘက်မှ အကူအညီ လာရောက်တောင်းခံသည်မှာလည်း မဆန်းတော့ချေ။
သူတို့ကိုယ်တိုင်လည်း လုံးဝရှေ့ဆက်၍ မရတော့သည့် အခြေအနေသို့ ဆိုက်ရောက်နေသောကြောင့် ဖြစ်ပေသည်။
ဤကဲ့သို့ သက်သေမရှိသလောက် နည်းပါးသော အမှုမျိုးမှာ ရှာဖွေဖော်ထုတ်ရန် အလွန်ပင် ခက်ခဲလှ၏။
ထိုစဉ် လင်းကုဝေ၏ စိတ်ပျက်နေသော အမူအရာကို ကြည့်ကာ ဂျပန်ရဲအရာရှိအချို့မှာ အချင်းချင်း ကြည့်လိုက်ကြပြီး ခပ်တိုးတိုး လှောင်ပြောင်နေကြပေသည်။
“ငါထင်တဲ့အတိုင်းပဲ... တရုတ်က ရဲတွေလည်း ဘာမှ ထူးတာမဟုတ်ပါဘူး၊ ငါတို့တောင် ဒီလောက် ခေါင်းခြောက်နေတာ၊ ဒီအမှုကို သူတို့ ဖော်ထုတ်နိုင်ဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်ဘူး”
“ဒီသင်္ဘောပေါ်မှာ သူတို့လူတွေ သေသွားလို့ လူသားချင်းစာနာမှုအရ ခေါ်လိုက်တာပါ၊ သူတို့က ဘာတတ်နိုင်မှာမို့လို့လဲ”
ဂျပန်ရဲများသည် လင်းကုဝေနှင့် ချင်ရန်တို့ နားမလည်ဟု ထင်မှတ်ကာ သူတို့မိခင်ဘာသာစကားဖြင့် အထင်အမြင်သေးစွာ ပြောဆိုနေကြခြင်း ဖြစ်ပေသည်။
သို့သော် သူတို့၏ အကြည့်နှင့် လေသံကို ကြည့်ရုံဖြင့်ပင် လှောင်ပြောင်နေကြကြောင်းမှာ သိသာလှ၏။
ထိုစဉ် တိုကျိုမြို့တော်ရဲဌာနမှ အရာရှိကြီးတစ်ဦးက ဂျပန်ငွေစက္ကူတစ်ရွက်ကို ထုတ်ပြလိုက်ပေသည်။
“ဒါကတော့ အခင်းဖြစ်တဲ့နေရာမှာ ရှာတွေ့ခဲ့တဲ့ ငွေစက္ကူတွေပါ၊ လူသတ်သမား ချန်ထားခဲ့တာ ဖြစ်နိုင်ပေမဲ့ ကံဆိုးတာက ငွေစက္ကူပေါ်မှာ ဘာလက်ဗွေရာမှ မရှိဘူး ပြီးတော့ ဒါက ငွေစက္ကူအသစ် မဟုတ်ဘဲ သုံးစွဲနေတာ ကြာပြီဖြစ်တဲ့ ငွေစက္ကူတွေမို့ ဘယ်ဘဏ်က ထုတ်ယူခဲ့သလဲဆိုတာကိုလည်း အခုထိ ရှာလို့မရသေးပါဘူး”
“ဒီလိုလား...”
လင်းကုဝေ ပို၍ပင် မျက်နှာပျက်သွား၏။
ပေးထားသော အချက်အလက်များမှာ နည်းပါးလွန်းလှသည်။
ထို့ကြောင့် အမှုအား ဖော်ထုတ်နိုင်ရန်အတွက် အစမှ ပြန်လည်စုံစမ်းစစ်ဆေးရန်မှတစ်ပါး အခြားနည်းလမ်းမရှိချေ။
လင်းကုဝေ၏ ခက်ခဲကာ အားကိုးရာမဲ့နေသော အမူအရာကို မြင်သောအခါ ထိုအရာရှိကြီးက မေးလိုက်သည်။
“ခင်ဗျားတို့အတွက်လည်း ကိုင်တွယ်ရခက်နေပြီလား”
လင်းကုဝေက မချိပြုံး ပြုံးပြလိုက်ပြီး လေးနက်စွာဖြင့် အာမခံလိုက်ပေသည်။
“ဘယ်လောက်ပဲ ခက်ခဲပါစေ ကျွန်တော်တို့ အစွမ်းကုန် စုံစမ်းမှာပါ၊ အရာရှိကြီးတို့ဘက်က စိတ်ချထားပါ၊ ဘာလို့လဲဆိုတော့ ဒီအမှုမှာ ဂျပန်နိုင်ငံသားတွေတင်မကဘဲ ကျွန်တော်တို့ နိုင်ငံသားတွေလည်း ပါဝင်ပတ်သက်နေလို့ပါ၊ လူသတ်သမားကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ပါဘူး”
အရာရှိကြီးက ခေါင်းငြိတ်ပြလိုက်၏။
ထိုစဉ် လက်ဖြူဖြူလေးတစ်ဖက်က သက်သေခံအိတ်ထဲမှ ငွေစက္ကူကို လှမ်းယူလိုက်ပေသည်။
ကြည့်လိုက်တော့ ထိုသူမှာ ချင်ရန်ပင် ဖြစ်၏။
သက်သေခံပစ္စည်းများကို ယခုလို ခွင့်ပြုချက်မရှိဘဲ ကိုင်တွယ်လိုက်သည်ကို မြင်ပြီး အရာရှိကြီးမှာ အံ့အားသင့်သွားသလို လင်းကုဝေကလည်း ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ချင်ရန်... မင်း ဘာလုပ်မလို့လဲ”
“ဒီသက်သေကို ကျွန်တော်တို့ ခဏ ငှားလို့ရမလား”
ချင်ရန်က ခပ်တိုးတိုး ပြောလိုက်၏။
ဤငွေစက္ကူသည် လူသတ်သမားကို ခြေရာခံရန်အတွက် အဓိကသော့ချက် ဖြစ်လာနိုင်သည်ဟု သူ ယူဆမိလိုက်ခြင်း ဖြစ်ပေသည်။
“ရပါတယ်... ဒါပေမဲ့ တစ်ရက်အတွင်းတော့ ပြန်ပေးရမယ်နော်”
ဂျပန်ရဲအရာရှိကြီးက ခွင့်ပြုလိုက်၏။
ထို့နောက် လင်းကုဝေနှင့် ချင်ရန်တို့အဖွဲ့သည် တိုကျိုရဲဌာနမှ ထွက်ခွာခဲ့ကြပေသည်။
အခင်းဖြစ်ပွားရာနေရာသို့ စုံစမ်းရန် သွားရောက်ရာတွင် စကားပြန်တစ်ဦးနှင့် ဒေသခံရဲအရာရှိ နှစ်ဦးတို့လည်း အတူလိုက်ပါလာခဲ့ကြ၏။
ကားပေါ်တွင် လင်းကုဝေက ချင်ရန်ကို သိချင်စိတ်ဖြင့် မေးလိုက်ပေသည်။
“မင်း ဒီငွေစက္ကူကို ဘာအတွက် ယူလာတာလဲ၊ မင်း ဒီငွေစက္ကူနဲ့ ပတ်သက်ပြီး ဘာတွေများ တွေးမိလို့လဲ”
“ဘာမှ ထွေထွေထူးထူး မတွေးမိသေးပါဘူး အဖွဲ့မှူးလင်း၊ ဒီသက်သေငွေစက္ကူကို အခင်းဖြစ်တဲ့နေရာအထိ ယူသွားပြီးတော့ ဒါ ပျောက်ဆုံးသွားခဲ့တဲ့ မူလနေရာကို ရှာကြည့်ချင်လို့ပါ၊ အဲဒီအချိန်က တရားခံရဲ့ အခြေအနေကို ပုံဖော်ကြည့်ချင်လို့ပါ”
ချင်ရန်က ခပ်ပေါ့ပေါ့ပင် ဖြေလိုက်၏။
လင်းကုဝေကတော့ ချင်ရန်တွင် အခြားနည်းလမ်းမရှိတော့သဖြင့် သက်သေတစ်ခုခုကို ဆုပ်ကိုင်ထားခြင်းသာ ဖြစ်မည်ဟု ထင်မှတ်လိုက်ပေသည်။
သို့သော် ယခုအခါတွင် သူ့အား မည်သူမျှ အနှောင့်အယှက် မပေးတော့သဖြင့် ချင်ရန်သည် ငွေစက္ကူကို အသုံးပြုကာ အတိတ်ကို ပြန်လည်ခြေရာခံခြင်း စွမ်းရည်ကို တိတ်တဆိတ် စတင်အသုံးပြုလိုက်တော့၏။
ဤငွေစက္ကူမှာ လူသတ်သမား ချန်ထားခဲ့ခြင်း ဖြစ်ရာ ၎င်း၏ မူလရင်းမြစ်ကို ခြေရာခံ၍ ရလိမ့်မည်ဟု ချင်ရန် ယုံကြည်နေမိပေသည်။
*ဘုန်း*
အတိတ်ကို ပြန်လည်ခြေရာခံခြင်း စွမ်းရည် စတင်လိုက်သည်နှင့် ချင်ရန်သည် လက်ရှိကမ္ဘာနှင့် ကွဲပြားသော အချိန်နှင့် ဟင်းလင်းပြင်တစ်ခုအတွင်းသို့ ချက်ချင်း ရောက်ရှိသွား၏။
သူ ရောက်သွားသည့်အချိန်မှာ သန်းခေါင်ယံအချိန် ဖြစ်ပြီး လက်မောင်းတွင် တက်တူးများ အပြည့်ရှိကာ အလွန်ပိန်ပါး၍ အရပ်ရှည်သော အမျိုးသားတစ်ဦးကို တွေ့လိုက်ရပေသည်။
ထိုသူ၏ အကြည့်များမှာ အလွန်အေးစက်နေပြီး လက်ထဲရှိ ဓားဖြင့် အသက် ၃၀ ခန့်ရှိသော အမျိုးသားတစ်ဦးကို အချက်ပေါင်းများစွာ ထိုးစိုက်လိုက်၏။
*ဇွပ်*
ဓားဖြင့် အထိုးခံလိုက်ရသော အမျိုးသားမှာ မျက်လုံးအပြူးသားဖြင့် ထိုလူသတ်သမားကို ကြည့်ရင်း ချက်ချင်းပင် သေဆုံးသွားပေသည်။
ထို့နောက် တက်တူးနှင့် အမျိုးသားသည် သူ့ဓားကို သန့်ရှင်းအောင် သုတ်လိုက်၏။
“ငါ့ကို ခြိမ်းခြောက်ဝံ့တဲ့ ဒီလိုကောင်မျိုး သေလိုက်တော့”
ထိုသူသည် ဂျပန်ဘာသာဖြင့် ပြောနေခြင်း ဖြစ်သော်လည်း ဤဟင်းလင်းပြင်ထဲတွင် ချင်ရန်ကမူ မည်သည့်စကားလုံးကိုမဆို နားလည်နေ၏။
၎င်းမှာ သူ့စွမ်းရည်က ပေးထားသော အားသာချက်ပင် ဖြစ်ပေသည်။
ချင်ရန်သည် ထိုသူ၏ ရုပ်ရည်နှင့် ထူးခြားသော အမှတ်အသားများကို သေချာစွာ မှတ်သားထားလိုက်၏။
တစ်ချိန်တည်းမှာပင် ချင်ရန်သည် ပတ်ဝန်းကျင်ကိုပါ တစ်ဆက်တည်း လေ့လာလိုက်ပေသည်။
ဤနေရာမှာ ဆိပ်ကမ်းနှင့် နီးပုံရပြီး လူသတ်ပြီးနောက် ထိုသူသည် အလောင်းကို ကျောက်တုံးနှင့် ချည်ကာ မြစ်ထဲသို့ ပစ်ချလိုက်ရာ အလောင်းမှာ တအိအိဖြင့် ရေအောက်သို့ မြုပ်သွားတော့၏။
ထို့နောက် သူသည် လှည့်ထွက်သွားကာ အိမ်တစ်အိမ်ဆီသို့ ဦးတည်လျှောက်လှမ်းသွားပေသည်။
*ဘုန်း*
ထို့နောက်တွင် အချိန်နှင့် ဟင်းလင်းပြင်မှာ ထပ်မံပြောင်းလဲသွားပြန်၏။
မျက်နှာဖုံး၊ ဘေ့စ်ဘောဦးထုပ်နှင့် မျက်မှန်တပ်ထားသော အမျိုးသားတစ်ဦးသည် သင်္ဘောပေါ်သို့ ဓားဖြင့် တက်သွားကာ လူ ၁၇ ဦးစလုံးကို တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် သတ်ဖြတ်နေသည့် မြင်ကွင်းများကို ချင်ရန် မြင်တွေ့လိုက်ရပေသည်။
သို့ဖြစ်ရာ ချင်ရန်သည် လူသတ်သမား၏ လှုပ်ရှားမှုနှင့် သတ်ဖြတ်ခဲ့သည့် မြင်ကွင်းအားလုံးကို အသေးစိတ် ခြေရာခံ မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပေသည်။
ခဏအကြာတွင် ချင်ရန်သည် အတိတ်မြင်ကွင်းများမှ ရုန်းထွက်လိုက်ရာ သူ့မျက်လုံးများ မှေးစင်းသွား၏။
ချင်ရန်သည် ထိုလူသတ်သမား၏ ရုပ်ရည်နှင့် သူသွားခဲ့သော နေရာအားလုံးကို အလွတ်ရသွားပြီ ဖြစ်ပေသည်။
ယခု သူလုပ်ရမည့် တစ်ခုတည်းသော အလုပ်မှာ ထိုနေရာသို့ သွားရန်ပင် ဖြစ်၏။
တစ်ချိန်တည်းမှာပင် တိုကျိုမြို့တော်ရဲဌာန၏ လူအသွားအလာ နည်းလှသော ရုံးခန်းတစ်ခုအတွင်း၌ ချင်ရန်တို့နှင့် စောစောက စကားပြောခဲ့သော အရာရှိကြီးမှာ တစ်ယောက်တည်း ကျန်ခဲ့စဉ် မျက်နှာထားမှာ အေးစက်သွားပြီး ဖုန်းတစ်လုံးကို ထုတ်ကာ နံပါတ်တစ်ခုသို့ ခေါ်ဆိုလိုက်ပေသည်။
“မင်းတို့ဆီကို စုံစမ်းဖို့ လူတွေ သွားနေပြီ၊ တရုတ်က ရဲတွေအားလုံးလည်း အဲဒီကို ရောက်နေကြပြီ၊ လုပ်စရာရှိတာကိုသာ လုပ်လိုက်တော့၊ အားလုံးပြီးသွားရင် အဲဒီရှေးဟောင်းပစ္စည်းတွေကို ရတဲ့နည်းနဲ့ အမြန်ဆုံး ရောင်းလိုက်တော့၊ ရလာတဲ့ အမြတ်ရဲ့ ငါးပုံတစ်ပုံကို ငါရရမယ်”
ဖုန်းပြောပြီးနောက် ထိုအရာရှိကြီးသည် ဖုန်းကို ချလိုက်ကာ ကုလားထိုင်ပေါ်တွင် စိတ်အေးလက်အေး မှီချလိုက်တော့၏။
တရုတ်နိုင်ငံဘက်မှ ရဲများကို အကူအညီတောင်းရန် ဆုံးဖြတ်ချက်မှာ အထက်လူကြီးများဆီမှ လာခြင်း ဖြစ်ပေသည်။
သူကမူ ပြဿနာဖြစ်မည်ကို စိုးရိမ်သော်လည်း အထက်အမိန့်ကို မလွန်ဆန်နိုင်ခဲ့ချေ။
သို့သော်လည်း ဤတရုတ်နိုင်ငံမှ ရဲများကို ဂျပန်နိုင်ငံအတွင်းမှာတင် လက်စဖျောက်လိုက်မည်ဆိုလျှင် ပြဿနာရှိနိုင်တော့မည် မဟုတ်ချေ။
အကယ်၍ သူတို့ကို မသတ်ဘဲ ဒီအတိုင်း လွှတ်ထားပြီး အမှုအမှန်ကို စုံစမ်းခွင့်ပေးလိုက်လျှင် သဲလွန်စများ ဗူးပေါ်သလို ပေါ်လာနိုင်ပြီး အခြေအနေမှာ ကိုင်တွယ်ရ ခက်သွားပေလိမ့်မည်။
ဂျပန်ရဲများ ရက်အတော်ကြာ စုံစမ်းသော်လည်း အမှုမှန်မပေါ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ဤအရာရှိကြီးကိုယ်တိုင်က အနောက်ကွယ်မှ နှောင့်ယှက်နေပြီး သက်သေများကို ကြားမှနေ၍ ဖျောက်ဖျက်နေသောကြောင့် ဖြစ်ပေသည်။
သူသည် ဂျပန်အထက်လူကြီးများကို အမှုပိတ်ခိုင်းရန် ကြိုးစားခဲ့သော်လည်း တရုတ်နိုင်ငံဘက်မှ ရဲများကို ဖိတ်ခေါ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ချေ။
သို့သော် ကိစ္စမရှိပါ။
သူတို့ ရောက်လာလည်း ဘာတတ်နိုင်မည်နည်း။
အကုန်လုံးကို အစဖျောက်လိုက်ရုံသာ ရှိပေသည်။
ထိုရှေးဟောင်းပစ္စည်း ၂၄ ခုမှာ အဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်ကြပြီး မှောင်ခိုဈေးကွက်တွင် အနည်းဆုံး သန်းပေါင်း ဆယ်ချီ၊ ရာချီ ရနိုင်သည့် အဖိုးတန်ပစ္စည်းများ ဖြစ်ကြ၏။
ရောင်းချနိုင်ခဲ့ပါလျှင် သူရရှိမည့် ငွေပမာဏမှာ တရုတ်ယွမ်ငွေ သန်း ၁,၀၀၀ ခန့် ရရှိမည် ဖြစ်ပြီး ၎င်းမှာ ဂျပန်ယန်းငွေ ဘီလီယံ ၂၀ ခန့်နှင့် ညီမျှနေပေသည်။