အခန်း ၁၆၆
Vol. 17 Ch. 166
166
သို့သော်လည်း စကားပြန်အမျိုးသမီးကမူ ဤကိစ္စမှာ သူတို့နှင့် မသက်ဆိုင်ကြောင်း အကြိမ်ကြိမ် ပြောနေပေသည်။
တစ်ချိန်တည်းမှာပင် အရှေ့ဆုံးမှ ရဲကားကို လူအုပ်စုတစ်စုက လမ်းပိတ်ထားကြ၏။
သူတို့သည် တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် တိုင်ပင်နေကြပေသည်။
“ဒီကားပေါ်မှာ တရုတ်ရဲအရာရှိ ၂၀ နဲ့ တိုကျိုရဲဌာနက လူအချို့လည်း ပါတယ်”
“သူတို့ကို ဒီဘက်လွှတ်လိုက်၊ သတ်မှတ်ထားတဲ့နေရာ ရောက်တာနဲ့ ချက်ချင်း အပြတ်ရှင်းပစ်မယ်”
“တိုကျိုရဲတွေက ယူနီဖောင်းဝတ်ထားပြီး တရုတ်ရဲတွေကတော့ အရပ်ဝတ်တွေနဲ့ပဲ၊ အားလုံးက ယောက်ျားတွေချည်းပဲ”
သူတို့သည် ခဏမျှ တိုင်ပင်ပြီးနောက် တိုကျိုရဲအရာရှိများထံမှ လမ်းကြောင်းဖြတ်သန်းခ ရယူကာ ကားများကို ဖြတ်သန်းခွင့် ပေးလိုက်တော့ပေသည်။
ရဲကားများ မောင်းနှင်သွားစဉ် လမ်းဘေးဝဲယာရှိ လူများစွာက သူတို့ကို ရန်လိုသော မျက်နှာထား၊ မသင်္ကာသော အကြည့်များဖြင့် စိုက်ကြည့်နေကြ၏။
*ဂျောက်*
ခဏအကြာတွင် ကားတံခါး ပွင့်သွားသည်နှင့် ချင်ရန်၏ မျက်ဝန်းများမှာ နက်ရှိုင်းကာ တည်ငြိမ်နေပေသည်။
မိမိတို့အပေါ် ပြင်းထန်စွာ ရန်လိုနေသည့် အငွေ့အသက်များကို သူ အသေအချာ ခံစားမိနေသော်လည်း မည်သည့်အရာကိုမျှ မကြောက်ရွံ့ဘဲ ကားပေါ်မှ ဆင်းလိုက်၏။
သူ့ဦးနှောက်ထဲရှိ စနစ်ထံမှ A အဆင့် ရာဇဝတ်ကောင် လေးဦး၏ တည်နေရာများ ပေါ်လာပြီ ဖြစ်ပေသည်။
သူတို့သည် မိမိအား မီတာ ၁၀၀ ခန့်အကွာမှ အဝေးကြည့်မှန်ပြောင်းဖြင့် စောင့်ကြည့်နေကြခြင်းပင်။
ထိုရာဇဝတ်ကောင် လေးဦးမှာ သူတို့တည်နေရာကို ချင်ရန်က သိရှိထားပြီးဖြစ်ကြောင်း အိပ်မက်ပင် မက်ဖူးကြမည် မဟုတ်ချေ။
“သတင်းရထားတဲ့ နေရာကို သွားစစ်ကြစို့”
တိုကျိုရဲအရာရှိတစ်ဦးက ချင်ရန်တို့အဖွဲ့ကို မှောင်ခိုလေလံပွဲ ကျင်းပရာနေရာသို့ ခေါ်ဆောင်သွားရန် ပြင်လိုက်ရာ ချင်ရန်က ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပေသည်။
*ရွှီး*
ရုတ်တရက် ကျည်ဆန်တစ်တောင့် ဝဲပျံလာပြီး ချင်ရန်တို့ဘက်မှ ရဲအရာရှိတစ်ဦး၏ နဖူးတည့်တည့်သို့ ဖောက်ဝင်သွားတော့၏။
“လီဖေး”
လင်းကုဝေက ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်ပေသည်။
ဤသူမှာ သူကိုယ်တိုင် လေ့ကျင့်ပေးခဲ့သော တပည့်ရင်းဖြစ်သော်လည်း ယခုတော့ မျက်စိရှေ့တင် ပွဲချင်းပြီး ကျဆုံးသွားခဲ့ရပြီ ဖြစ်၏။
သွေးစွန်းသော တိုက်ပွဲကြီးမှာ ချက်ချင်းပင် စတင်လိုက်တော့ပေသည်။
တိုကျိုရဲအရာရှိများမှာ ထိုအခြေအနေကို မြင်သောအခါ အလွန်အံ့အားသင့်သွားကြ၏။
“ကားပေါ်တက် အမြန်တက်၊ လက်နက်ကိုင်ထားတဲ့သူတွေ ရှိတယ်၊ အထက်ကအမိန့်အရ မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ မဖြစ်အောင် ငါတို့ ပြန်မပစ်ရဘူး”
တိုကျိုရဲအရာရှိတစ်ဦးက အော်ဟစ်လိုက်ပေသည်။
ထိုအချိန်တွင် မျက်နှာဖုံးစွပ်ထားသူ သုံးဦး ပေါ်လာ၏။
သူတို့လက်ထဲတွင် ဖန်ပုလင်းများအတွင်း ထည့်ထားသော ရှေးဟောင်းပစ္စည်းများကို ကိုင်ဆောင်ထားကြပေသည်။
၎င်းကို မြင်လိုက်ရချိန်တွင် လင်းကုဝေ၏ မျက်လုံးများ ပြူးကျယ်သွားတော့၏။
ရှေးဟောင်းပစ္စည်းများမှာ မျက်စိရှေ့တင် ရှိနေသော်လည်း တစ်ဖက်မှ သေနတ်များဖြင့် တရစပ် ပစ်ခတ်နေကြသဖြင့် တစ်ခဏအတွင်းမှာပင် လင်းကုဝေတို့ဘက်မှ နောက်ထပ် လူတစ်ဦး ထပ်မံ ကျဆုံးသွားပြန်ပေသည်။
လင်းကုဝေသည် မျက်လုံးများ သွေးထွက်မတတ် နီမြန်းလာ၏။
တိုကျိုရဲများမှာ ဘာမျှမလုပ်ဘဲ ကားပေါ်တွင် အေးအေးဆေးဆေး ခိုလှုံနေကြပေသည်။
ယခု သူတို့တွင် ရွေးချယ်စရာ နှစ်ခုသာ ရှိတော့၏။
‘ကားပေါ်တက်ပြီး အရှုံးပေးမလား၊ သို့မဟုတ် အသေခံ တိုက်ပွဲဝင်မလား’
“တောက်”
ကံဆိုးသည်မှာ လင်းကုဝေတွင် သေနတ်မပါခြင်းပင် ဖြစ်ပေသည်။
ပါခဲ့လျှင် ထိုလူများကို သူ အစောကြီးကတည်းက တုံ့ပြန်ပြီးသား ဖြစ်ပေလိမ့်မည်။
ချင်ရန်မှာမူ ဤလူများက မိမိတို့ကို ဤနေရာတွင် ပိတ်မိအောင်လုပ်ပြီး လက်စဖျောက် သတ်ဖြတ်ရန် ကြံစည်နေခြင်းဖြစ်ကြောင်း ရိပ်မိလိုက်ပေသည်။
ထို့ပြင် တိုကျိုရဲများကလည်း မသိကျိုးကျွံ ပြုနေမည်မှာ အသေအချာပင်။
ဤသည်မှာ သိသာထင်ရှားလှသော ထောင်ချောက်တစ်ခုပင် ဖြစ်တော့၏။
ချင်ရန်သည် လင်းကုဝေ၏ အနားသို့ တိုးသွားကာ အေးစက်စွာ ပြောလိုက်ပေသည်။
“အဖွဲ့မှူးလင်း... ကားထဲမှာပဲ နေပါ၊ ကျွန်တော် တစ်ယောက်တည်း သွားရှင်းလိုက်မယ်”
“မင်း ဘာလုပ်မလို့လဲ”
လင်းကုဝေ၏ စကားပင် မဆုံးသေးမီမှာပင် ချင်ရန်သည် မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ ကျားတစ်ကောင်ကဲ့သို့ ဝုန်းခနဲ ပြေးထွက်သွားတော့ပေသည်။
မှောင်ခိုဈေးကွက်အတွင်း အရောင်းအဝယ် လုပ်နေကြသူများမှာ သေနတ်သံများကြောင့် သိပ်ပြီး ထိတ်လန့်ဟန် မရှိကြချေ။
သူတို့မှာ ဤကဲ့သို့သော အခြေအနေမျိုးနှင့် နေသားကျနေပုံရ၏။
သို့မဟုတ် ကျည်ဆန်များက သူတို့ကို ထိမှန်မည်မဟုတ်ကြောင်း ကြိုတင်သိရှိနေသလားဟုပင် ထင်မှတ်ရပေသည်။
လူစည်ကားလှသော လမ်းမထက်တွင် ပြေးထွက်သွားသည့် ချင်ရန်၏ ပုံရိပ်မှာ လျှပ်စီးကဲ့သို့ လျင်မြန်လွန်းလှပြီး သူ့ထံသို့ ဦးတည်လာသည့် ကျည်ဆန်များကို ကျွမ်းကျင်စွာ ရှောင်ကွင်းနေပေသည်။
လမ်းကြားများထဲသို့ ဝေ့ဝိုက်ပြေးလွှားရင်း သူ့ဦးနှောက်ထဲရှိ စနစ်မှ ပေးပို့ထားသည့် တည်နေရာ လေးခုဆီသို့ အမှီလိုက်နေ၏။
ထိုအဆင့် (A) ရာဇဝတ်ကောင် လေးဦးမှာ ရှေးဟောင်းပစ္စည်းများကို ကိုင်ဆောင်ထားသူများပင် ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် မှောင်ခိုဈေးကွက်၏ ဘေးကပ်လျက်ရှိ ငါးထပ်တိုက်ပေါ်၌ အသက် ၆၀ အရွယ်ခန့်ရှိပြီး ဆံပင်ကို သပ်ရပ်စွာ ဖီးသင်ထားသော အနောက်တိုင်းဝတ်စုံဝတ် အမျိုးသားကြီးတစ်ဦးသည် အောက်ခြေမှ မြင်ကွင်းကို အေးစက်စွာ စောင့်ကြည့်နေပေသည်။
“တရုတ်ရဲတွေက တကယ်ကို သတ္တိရှိတာပဲ၊ ကိုယ့်အခြေအနေကိုယ် မသိဘဲ ဒီလိုအခြေအနေမျိုးမှာတောင် အမှီ လိုက်ချင်သေးတာလား၊ ငြိမ်ငြိမ်လေးနေရင် ဘာမှဖြစ်မှာမဟုတ်ဘူး... အခုတော့ ကိုယ့်သေတွင်းကိုယ် တူးလိုက်တာပဲ”
ထိုလူသည် ယာမာမိုတိုအုပ်စု၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး မှောင်ခိုဈေးကွက်ကို ထိန်းချုပ်ထားသူလည်း ဖြစ်ပေသည်။
ရှေးဟောင်းပစ္စည်း ခိုးယူမှုနှင့် သင်္ဘောပေါ်မှ လူသတ်မှုအားလုံးမှာ သူ၏ စီစဉ်ညွှန်ကြားမှုများပင်။
သူတို့သည် ငွေရလိုသဖြင့် တရုတ်နိုင်ငံ၏ ရတနာများကို ပစ်မှတ်ထားခဲ့ကြခြင်း ဖြစ်ပေသည်။
သူတို့သည် ပစ္စည်းများကို ရရချင်း ချက်ချင်း လေလံတင်ရောင်းချရန် စီစဉ်ထားသော်လည်း ဝယ်ယူမည့်သူ ရောက်ရှိလာချိန်တွင် တရုတ်ရဲများ ရုတ်တရက် ပေါ်လာသဖြင့် အစီအစဉ်များ အနည်းငယ် ပျက်ယွင်းသွားခဲ့ရပေသည်။
ယာမာမိုတိုအုပ်စု၏ ထိပ်တန်းအရာရှိများမှာ တစ်စုံတစ်ယောက်ထံမှ သတင်းပေါက်ကြားခဲ့သည်ဟု သံသယဝင်နေကြ၏။
မှောင်ခိုဈေးကွက်ဘက်တွင်မူ ချင်ရန်သည် လမ်းဘေးရှိ အကာအကွယ်များကို အသုံးချကာ ကျည်ဆန်အများစုကို ရှောင်တိမ်းနေပေသည်။
ရန်သူများ၏ ပြင်းထန်သော ပစ်ခတ်မှုများကြားမှပင် ချင်ရန်ကို ကျည်ဆန်တစ်ချက်မျှ မထိမှန်သေးပေ။
ချင်ရန်၏ မယုံနိုင်စရာကောင်းလှသော အရှိန်အဟုန်ကို မြင်တွေ့လိုက်ရသောအခါ လူမိုက်များမှာ မှင်တက်သွားကြတော့၏။
*ဗုန်း*
နောက်တစ်ခဏတွင်မူ ချင်ရန်သည် A အဆင့် ရာဇဝတ်ကောင်တစ်ဦး၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိသွားပေသည်။
*ခွပ် *
ချင်ရန်သည် ထိုရာဇဝတ်ကောင်အား လက်သီးဖြင့် အရှိန်ပြင်းပြင်း ထိုးနှက်လိုက်စဉ် ထိုသူကလည်း သေနတ်ဖြင့် ပြန်လည်ပစ်ခတ်၏။
သို့သော် ချင်ရန်က သေနတ်ပြောင်းကို ဘေးသို့ ရိုက်ထုတ်လိုက်သဖြင့် ကျည်ဆန်မှာ လွဲချော်သွားခဲ့ပေသည်။
ခပ်ပြင်းပြင်း ကန်ချက်တစ်ချက်တည်းနှင့်ပင် ထိုရာဇဝတ်ကောင်မှာ မြေပြင်ပေါ်သို့ လွင့်စဉ်သွားကာ မူးဝေသွားတော့၏။
ထိုရာဇဝတ်ကောင်လက်ထဲရှိ ရှေးဟောင်းပစ္စည်းဖြစ်သော ‘ကျောက်စိမ်းလက်ကောက် ကို ချင်ရန်က လျင်မြန်စွာ သိမ်းဆည်းလိုက်ပေသည်။
ထို့နောက် တွန့်ဆုတ်မနေဘဲ ထိုသူ၏သေနတ်ကိုပါ လုယူကာ ကျန်ရှိနေသူများကို ဆက်လက်လိုက်လံ ဖမ်းဆီးတော့၏။
ရန်သူ့တည်နေရာကို အတိအကျ သိရှိထားသဖြင့် နောက်ထပ် ရာဇဝတ်ကောင် သုံးဦးကိုလည်း ချင်ရန်သည် တစ်ယောက်ပြီးတစ်ယောက် အပြတ်ရှင်းပစ်လိုက်နိုင်ခဲ့ပေသည်။
ထိုရာဇဝတ်ကောင်များမှာ အတော်ပင် ကျွမ်းကျင်ကြသော်လည်း ချင်ရန်နှင့် ယှဉ်လျှင်မူ ကလေးကစားသလိုပင် ဖြစ်နေတော့၏။
ချင်ရန်၏ လက်ချက်ဖြင့် ကျဆုံးသွားသူများထဲတွင် သင်္ဘောပေါ်၌ လူတစ်ဆယ့်ခုနစ်ဦးကို သတ်ဖြတ်ခဲ့သော လူသတ်သမားလည်း အပါအဝင် ဖြစ်ပေသည်။
သူသည် ဓားရေးအလွန် ကျွမ်းကျင်သော်လည်း ချင်ရန်၏ သေနတ်ပစ်စွမ်းရည်အောက်တွင်မူ မျက်စိတစ်မှိတ်အတွင်းမှာပင် အသက်ပျောက်သွားခဲ့ရရှာ၏။
ချင်ရန်မှာလည်း ဤကဲ့သို့သော အသက်လုတိုက်ပွဲမျိုးတွင် ညှာတာနေ၍ မရမှန်း သိသဖြင့် ပြတ်သားစွာသာ ကိုင်တွယ်လိုက်ခြင်း ဖြစ်ပေသည်။
စုစုပေါင်း ရှေးဟောင်းပစ္စည်း လေးခုကို ချင်ရန် ပြန်လည်သိမ်းဆည်းရရှိခဲ့သဖြင့် ၎င်းတို့ကို အိတ်တစ်အိတ်ထဲသို့ ထည့်လိုက်၏။
နောက်ဆုံး ရာဇဝတ်ကောင်ကို ဖမ်းမိသောအခါ ချင်ရန်က သူ့ကို ချက်ချင်းမသတ်သေးဘဲ သေနတ်ပြောင်းကို ပါးစပ်ထဲ ထိုးထည့်ကာ အေးစက်စွာ မေးလိုက်ပေသည်။
“မင်းတို့ရဲ့ ဘော့စ်က ဘယ်သူလဲ၊ သူ အခု ဘယ်မှာလဲ”
ထိုသူမှာ ကြောက်လန့်တကြား ဖြစ်နေသော်လည်း ချင်ရန် ပြောသည်ကို နားမလည်ချေ။
ချင်ရန်က ခဏစဉ်းစားပြီးနောက် အင်္ဂလိပ်စကားလုံးအချို့ကို အသုံးပြုကာ မေးလိုက်ပေသည်။
“BOSS... There?”
(ဘော့စ်က ဟိုမှာလား)
ထိုရာဇဝတ်ကောင်သည် ချင်ရန် သိလိုသည့်အချက်ကို နားလည်သွားပြီး မိမိအသက်ကို ကယ်တင်ရန်အတွက် နေရာညွှန်ပြလိုက်ပေသည်။
၎င်းမှာ မှောင်ခိုဈေးကွက်ဘေးရှိ ငါးထပ်တိုက်ပင် ဖြစ်၏။
သတင်းရသည်နှင့် ချင်ရန်သည် ထိုရာဇဝတ်ကောင်ကို ပွဲချင်းပြီး အနားပေးလိုက်ပြီးနောက် ထိုတိုက်ဆီသို့ တန်းတန်းမတ်မတ် ပြေးထွက်သွားတော့ပေသည်။
ယခုအခါ မှောင်ခိုဈေးကွက်တစ်ခုလုံးမှာ အလောင်းများဖြင့် ပြည့်နှက်ကာ ရုတ်ရုတ်သဲသဲ ဖြစ်နေပြီ ဖြစ်၏။
တစ်ချိန်တည်းမှာပင် ကားထဲတွင် ကျန်ရစ်ခဲ့သော လင်းကုဝေသည် တိုကျိုရဲများကို တိုက်ခိုက်ရန် အတင်းအကျပ် တိုက်တွန်းနေသော်လည်း သူတို့က လျစ်လျူရှုထားကြပေသည်။
လင်းကုဝေမှာ ဆက်၍ သည်းမခံနိုင်တော့ဘဲ သူ့လူအားလုံးကို ကားပေါ်မှဆင်းရန် အမိန့်ပေးလိုက်တော့၏။
“ချင်ရန် တစ်ယောက်တည်းတောင် တိုက်ပွဲဝင်နေတာ၊ ငါတို့ ဆယ့်ခုနှစ်ယောက်က ဘာကို ကြောက်နေမှာလဲ”
လီတဝေနှင့် ယန်ရှုတို့သည်လည်း လင်းကုဝေ၏ စကားကြောင့် သွေးများဆူပွက်လာကာ မည်သည်ကိုမျှ မကြောက်တော့ဘဲ အသက်ကိုရင်း၍ မိမိတို့နိုင်ငံပိုင် ရှေးဟောင်းပစ္စည်းများကို ပြန်လည်ရယူရန် ထွက်ခွာခဲ့ကြပေသည်။
ကားထဲတွင် ကျန်ရစ်ခဲ့သော တိုကျိုရဲများမှာမူ ထွက်ခွာသွားသော တရုတ်ရဲများကို ကြည့်ကာ ခေါင်းခါရင်း အထင်သေးသလို စိုက်ကြည့်နေကြ၏။
ယာမာမိုတိုအုပ်စု၏ နယ်မြေထဲတွင် ဤကဲ့သို့ လုပ်ဆောင်ခြင်းမှာ သေတွင်းထဲ တိုးဝင်ခြင်းသာ ဖြစ်သည်ဟု သူတို့က ယူဆထားကြပေသည်။
ယာမာမိုတိုအုပ်စု၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို တိုကျိုရဲများက ကောင်းကောင်းသိကြ၏။
သူတို့တာဝန်မှာ တရုတ်ရဲများကို ဤနေရာသို့ ပို့ဆောင်ပေးရန်သာဖြစ်ပြီး ကျန်သည့်ကိစ္စမှာမူ သူတို့နှင့် မသက်ဆိုင်တော့ဟု သဘောထားလိုက်ကြပေသည်။