အခန်း ၁၇၄
Vol. 18 Ch. 174
အခန်း (၁၇၄) ကျိုးယွမ် မျှော်စင်ထဲသို့ ဝင်ရောက်ခြင်း
ကျိုးယွမ် ညာလက်ဖြင့် လှမ်းဖမ်းလိုက်ရာ စုပ်ယူအားတစ်ခု ထွက်ပေါ်လာလေ၏။ ကျိုးပဲ့နေသော ဦးချိုသည် ကျိုးယွမ်၏ လက်ဖဝါးထဲသို့ တိုက်ရိုက် ရောက်ရှိလာပြီးနောက် အရိပ်အယောင်မျှ မချန်ဘဲ ပျောက်ကွယ်သွားကာ ကျိုးယွမ်၏ ဒန်တျန်အတွင်းသို့ ရောက်ရှိသွားလေသည်။
သံဆူးကြိုးမီးတောက်သားရဲ၏ ကျိုးပဲ့နေသော ဦးချိုသည် ကျိုးယွမ်၏ ဒန်တျန်အတွင်းသို့ ဝင်ရောက်သွားသည်နှင့်အမျှ ကျိုးယွမ်သည် သူ၏ ဒန်တျန်မှာ မယုံနိုင်လောက်အောင် ပူပြင်းလာပြီး မီးပင်လယ်ထဲတွင် ပိတ်မိနေသကဲ့သို့ ချက်ချင်း ခံစားလိုက်ရလေ၏။
အလွန်အမင်း ကြီးမားသော မီးဓာတ်စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး ကျိုးယွမ်၏ ခန္ဓာကိုယ် နေရာအနှံ့အပြားသို့ စီးဆင်းသွားသော ရေစီးကြောင်းများအဖြစ် ပြောင်းလဲသွားလေသည်။
ကျိုးယွမ်၏ မီးဝိညာဉ်ကြော ချက်ချင်း အသက်ဝင်လာပြီး ဤမီးဓာတ်စွမ်းအားများကို အဆက်မပြတ် စုပ်ယူနေလေ၏။
တစ်ချိန်တည်းမှာပင် မီးတောက်ဓားသည် ပျံထွက်လာပြီး ဓားထံမှ ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူအားတစ်ခု ထွက်ပေါ်လာကာ ကြီးမားလှသော မီးဓာတ်ဝိညာဉ်စွမ်းအင်များကို ရူးသွပ်စွာ ဝါးမျိုလေတော့သည်။
မီးတောက်ဓား အတွင်းမှ အောင်ပွဲခံ အော်ဟစ်သံများ ထွက်ပေါ်လာသည်မှာ ဓားဝိညာဉ် မွေးဖွားလာတော့မည့် လက္ခဏာတစ်ရပ် ဖြစ်ပေသည်။
ယဲ့ဖိန်သည် မလှမ်းမကမ်းရှိ ကျိုးယွမ်ကို ကြည့်နေပြီး သူ၏ မျက်လုံးများတွင် အမုန်းတရားများ ပြည့်နှက်နေလေ၏။
ဤအရာသည် သူ၏ အခွင့်အရေး ဖြစ်သင့်သော်လည်း ယခုအခါ ဤလူအတွက် အကျိုးအမြတ် ဖြစ်သွားခဲ့လေပြီ။
ထိုအခိုက်အတန့်တွင် ယဲ့ဖိန်၏ စိတ်နှလုံးသည် နာကြည်းမှုများဖြင့် ပြည့်နှက်နေလေ၏။
သူသည် ကျိုးယွမ်၊ ကျင်းဝူရှင်း၊ ထန်ချန် နှင့် ချွီယန်ရန် တို့အားလုံးကို မုန်းတီးနေလေသည်။
ကျိုးယွမ်က ယဲ့ဖိန်ကို အာရုံမစိုက်ခဲ့ချေ။ ယဲ့ဖိန်ကို ကံကြမ္မာသားတော်တစ်ဦးဟု အစပိုင်းက ထင်ခဲ့သော်လည်း ယခုအခါ တစ်ဖက်လူမှာ ကံကောင်းသော လူတစ်ယောက်သာ ဖြစ်ကြောင်း သူ သဘောပေါက်သွားလေပြီ။
ကျိုးယွမ်သည် စနစ်ကို တစ်ခါက မေးမြန်းဖူးလေသည်။ အကယ်၍ သူသည် ကံကြမ္မာသားတော်တစ်ဦးနှင့် တွေ့ဆုံပါက ထိုကလေး၏ စိတ်ဓာတ် သို့မဟုတ် ကံကြမ္မာအပေါ် အကျိုးသက်ရောက်မှု ရှိစေသရွေ့ စနစ်က ထိုကလေး၏ ကံကြမ္မာတန်ဖိုးကို အလိုအလျောက် ခိုးယူမည်လား ဟူ၍ပင်။
သို့သော် ယဲ့ဖိန်သည် ကျိုးယွမ်၏ လှည့်စားမှုကို အကြိမ်ကြိမ် ခံခဲ့ရသော်လည်း စနစ်က ကံကြမ္မာတန်ဖိုး အကြောင်း ဘယ်သောအခါကမျှ မပြောခဲ့ချေ။ ဤသည်မှာ တစ်ဖက်လူသည် ကံကြမ္မာသားတော် မဟုတ်ကြောင်း ပြသနေပေသည်။
ကျိုးယွမ်သည် သူ၏ လက်ထဲရှိ ရွှမ်ထျန်းဓားကို ထပ်မံ မြှောက်ကာ ခုတ်ချလိုက်ပြီး သံဆူးကြိုးမီးတောက်သားရဲ၏ ခေါင်းကို တိုက်ရိုက် ခွဲထုတ်ကာ ဦးခေါင်းခွံထဲမှ အတွင်းအမြုတေ တစ်ခုကို ထုတ်ယူလိုက်လေ၏။
ကျိုးယွမ်သည် ဤ အတွင်းအမြုတေကို အဘိုးချင်အား တိုက်ရိုက် ပေးလိုက်လေသည်။ ဤ အတွင်းအမြုတေဖြင့် အဘိုးချင်၏ ဝိညာဉ်သည် အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိနိုင်မည် ဖြစ်ပေသည်။
ကျင်းဝူရှင်း၊ ထန်ချန်၊ ချွီယန်ရန် နှင့် အခြားသူများ အားလုံး ကျိုးယွမ်၏ လက်ထဲရှိ ဓားငယ်လေးကို စိုးရိမ်ပူပန်စွာဖြင့် လှမ်းကြည့်လိုက်ကြလေ၏။
သံဆူးကြိုးမီးတောက်သားရဲသည် မယုံနိုင်လောက်အောင် မာကျောကြောင်း သိထားသင့်ပေသည်။ သို့သော် ကျိုးယွမ်က ဓားတစ်ချက်တည်းဖြင့် သားရဲ၏ ဦးခေါင်းခွံကို အလွယ်တကူ ဖောက်ထွင်းသွားနိုင်ခဲ့လေသည်။
ကျိုးယွမ်၏ လက်ထဲရှိ ဓားငယ်လေးမှာ အလွန်အမင်း ထက်မြက်ကြောင်း ပြသနေပြီး ထိပ်တန်း ဝိညာဉ်လက်နက်များပင်လျှင် ထိုဓားနှင့် နှိုင်းယှဉ်နိုင်မည် မဟုတ်ချေ။
ကျိုးယွမ် လူတိုင်းကို လျစ်လျူရှုထားလိုက်လေသည်။ သူ၏ လက်ထဲမှ မီးတောက်များ ပေါက်ကွဲထွက်လာပြီး သံဆူးကြိုးမီးတောက်သားရဲကို လွှမ်းခြုံသွားလေ၏။ သူသည် သားရဲ၏ အနှစ်သာရကို ထုတ်ယူတော့မည် ဖြစ်သည်။
ထိုအချိန်တွင် ထန်ချန်၊ ကျင်းဝူရှင်း နှင့် အခြားသူများအားလုံး မလှမ်းမကမ်းရှိ မျှော်စင်ကြီးကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြလေ၏။
ကြိုတင် တိုင်ပင်ထားခြင်း မရှိဘဲ ဤလူများသည် မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် မျှော်စင်ကြီးဆီသို့ ပြေးဝင်သွားကြလေသည်။
လူတိုင်း ပြေးထွက်သွားသည်ကို မြင်သောအခါ ယဲ့ဖိန်သည် ကျိုးယွမ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ခေတ္တမျှ တွေဝေသွားပြီးနောက် လူအုပ်ကြီးနောက်သို့ လိုက်ရန် ရွေးချယ်လိုက်လေ၏။
အချိန်တိုလေးအတွင်းမှာပင် ကျိုးယွမ်မှလွဲ၍ အားလုံး မျှော်စင်ထဲသို့ ဝင်ရောက်သွားကြလေသည်။
အကယ်၍ ကျိုးယွမ်က ဤအခိုက်အတန့်တွင် ဝင်ရောက်ချင်လျှင်ပင် သူ ဝင်ရောက်နိုင်စွမ်း မရှိချေ။
ကြီးမားလှသော မီးဓာတ်ဝိညာဉ်စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်အတွင်း ရူးသွပ်စွာ စီးဆင်းနေလေ၏။ အကယ်၍ မီးတောက်ဓားက ဖိအားတစ်ဝက်ကို မျှဝေမယူခဲ့ပါက ကျိုးယွမ်၏ မျိုးရိုးဗီဇပြောင်း မီးဝိညာဉ်ကြော တစ်ခုတည်းဖြင့် ဤမျှ ကြီးမားသော စွမ်းအားကို အချိန်တိုအတွင်း စုပ်ယူနိုင်မည် မဟုတ်ချေ။
ကျိုးယွမ်၏ တာအိုတားမြစ်ခြင်း ဝိညာဉ်သွေးကြော၊ မျိုးရိုးဗီဇပြောင်း မိုးကြိုးဝိညာဉ်သွေးကြော နှင့် မျိုးရိုးဗီဇပြောင်း မီးဝိညာဉ်သွေးကြော တို့အနက် တာအိုတားမြစ်ခြင်း ဝိညာဉ်သွေးကြောမှာ လက်ရှိတွင် အားအနည်းဆုံးဖြစ်ပြီး မီးဝိညာဉ်သွေးကြောက ဒုတိယ အားအနည်းဆုံး ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ်တွင် ဤကြီးမားသော မီးဓာတ်အပူရှိန်၏ အကူအညီဖြင့် မီးဝိညာဉ်သွေးကြောသည် အစွမ်းအထက်ဆုံး ဖြစ်လာခဲ့လေသည်။
အချိန်များ ကုန်လွန်သွားပြီး တစ်နာရီခန့် ကြာမြင့်သွားလေပြီ။
တစ်ချိန်က ဧရာမ သံဆူးကြိုးမီးတောက်သားရဲကြီးသည် မီးတောက်များထဲတွင် လှိမ့်တက်နေသော လက်သီးဆုပ်အရွယ် သွေးစိုင်တစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။
ကျိုးယွမ်သည် ပုလင်းတစ်လုံးကို ထုတ်ယူကာ ထိုသွေးများကို သိမ်းဆည်းလိုက်လေသည်။
ဤအခိုက်အတန့်တွင် ကျိုးယွမ်၏ ဒန်တျန်အတွင်း လိမ့်တက်နေသော မီးဓာတ်ဝိညာဉ်စွမ်းအင်များသည် နောက်ဆုံးတွင် ဖြည်းညင်းစွာ ငြိမ်သက်သွားလေ၏။
မီးတောက်များ လင်းလက်နေသော ဓားငယ်လေးတစ်လက်သည် ကျိုးယွမ်၏ ခန္ဓာကိုယ်ထဲမှ ပျံထွက်လာပြီး သူ၏ ပတ်လည်တွင် လျင်မြန်စွာ လည်ပတ်နေလေ၏။ ကလေးဆန်သော အသံလေးတစ်ခုက ကျိုးယွမ်၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားလေသည်။
ကျိုးယွမ်၏ မျက်လုံးများ တောက်ပသွားပြီး ပေတစ်ရာခန့် အကွာအဝေးရှိ ကျောက်တုံးကြီးတစ်ခုကို လက်ညှိုးဖြင့် ညွှန်ပြလိုက်လေ၏။
မီးတောက်တစ်ခု ပစ်ထွက်သွားပြီး ကျောက်တုံးကြီးကို မျက်စိတစ်မှိတ်အတွင်း ဖောက်ထွင်းသွားလေသည်။
ကျယ်လောင်သော "ဝုန်း" ခနဲ အသံနှင့်အတူ ကျောက်တုံးကြီး ချက်ချင်း ပေါက်ကွဲသွားပြီး အပိုင်းအစများအဖြစ် ကွဲကြေသွားလေ၏။
မီးတောက်ဓားသည် ကြယ်တံခွန်တစ်ခုကဲ့သို့ ကျိုးယွမ်၏ အနီးသို့ ပြန်လည် ရောက်ရှိလာပြီး နောက်ဆုံးတွင် ဒန်တျန်အတွင်းသို့ ဝင်ရောက်သွားလေသည်။
ဓား ၉ လက်အနက် အာဃာတဓားသည် ဓားဝိညာဉ်ကို ပထမဆုံး မွေးထုတ်နိုင်ခဲ့ပြီး မီးတောက်ဓားက ဒုတိယမြောက် ဖြစ်သည်။
ကံမကောင်းစွာဖြင့် ရွှမ်ထျန်းဓားမှာ အနည်းငယ် လိုအပ်နေသေးသည်။ ကြည့်ရသည်မှာ အနာဂတ်တွင် ရွှမ်ထျန်းဓား၏ စွမ်းအားများ ပါဝင်သော အခြားအရာတစ်ခုခုကို ရှာဖွေရဦးမည် ဖြစ်ပုံရပေသည်။
ကျိုးယွမ် မတ်တပ်ရပ်ကာ မျှော်စင်ကြီးဆီသို့ လျှောက်သွားလေသည်။
သို့သော် သူ နောက်ကျသွားလေပြီ။ သူ အနီးသို့ မရောက်မီမှာပင် မျှော်စင်ထဲမှ ပုံရိပ်တစ်ခု ပျံထွက်လာလေ၏။
လူအများအပြား၏ မျက်နှာများတွင် ပျော်ရွှင်သည့် အမူအရာများ ပေါ်လွင်နေပြီး ကောင်းမွန်သော အကျိုးအမြတ်များ ရရှိခဲ့ကြောင်း ထင်ရှားပေသည်။
"ယဲ့ဖိန်... အဲ့ဒီဓားကို ပေးလိုက်စမ်း... မဟုတ်ရင် ဒီနေ့ မင်းနဲ့ငါ သူသေကိုယ်သေပဲ..."
ထိုအချိန်တွင် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ထန်ချန်သည် ဖြူရော်နေသော မျက်နှာဖြင့် မျှော်စင်ထဲမှ ပျံထွက်လာလေ၏။
ထန်ချန်၏ နောက်တွင် တန်ကျင်းကျင်း လိုက်ပါလာပြီး သူမသည်လည်း လူသတ်လိုသော ရည်ရွယ်ချက်များကို ထုတ်လွှတ်နေလေ၏။
ယဲ့ဖိန် အေးစက်စွာ နှာမှုတ်လိုက်ပြီး ယိမ်းယိုင်ကာ အဝေးသို့ တည့်မတ်စွာ ပြေးထွက်သွားလေသည်။
"ထန်ချန်... ဒီမှာ ရှိတဲ့ အရာအားလုံးက ပိုင်ရှင်မရှိဘူး... မင်းက ငါ့ကို ပေးခိုင်းနေတာလား... အိပ်မက် မက်နေတာပဲ..."
ယဲ့ဖိန်၏ စကားများသည် အဝေးသို့ ပဲ့တင်ထပ်သွားပြီး သူ၏ ပုံရိပ်မှာ ပို၍ဝေးကွာသွားကာ အချိန်တိုလေးအတွင်းမှာပင် လူတိုင်း၏ အမြင်အာရုံမှ ပျောက်ကွယ်သွားလေ၏။
"ဂျူနီယာညီလေး... ဒီလူကို မင်းအတွက် သွားသတ်ပေးမယ်..."
တန်ကျင်းကျင်းက ကျောချမ်းဖွယ်ကောင်းသော လူသတ်လိုသည့် ရည်ရွယ်ချက်ဖြင့် ပြောဆိုလိုက်လေ၏။
ထန်ချန် ခေါင်းခါလိုက်ပြီးနောက် ပြောဆိုလေ၏။ "စီနီယာအစ်မ... အလောတကြီး မလိုပါဘူး... ဒီလူက နည်းနည်း ထူးဆန်းတယ်... ငါတို့ ပြန်ရောက်မှ ဒီကိစ္စကို ပြောကြတာပေါ့..."
ထန်ချန်၏ စကားကို ကြားချိန်၌ တန်ကျင်းကျင်း ခေါင်းညိတ်လိုက်ပြီး တိတ်ဆိတ်သွားလေ၏။
ကျိုးယွမ်သည် အတွင်းတွင် ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကို သူတို့ကို မေးချင်ခဲ့သော်လည်း ပြန်လည် စဉ်းစားကြည့်ပြီးနောက် ပြဿနာများကို ရှောင်ရှားရန် မမေးတော့ဘဲ နေလိုက်လေ၏။
ထိုအချိန်တွင် ကျင်းဝူရှင်း လျှောက်လာပြီး ကျိုးယွမ်ကို ပြုံးလျက် ပြောဆိုလိုက်လေ၏။ "အဆောင်သခင်ကျိုး... ဒီ လျှို့ဝှက်နယ်မြေမှာ မျှော်စင် သုံးခု ရှိတယ်... ဒါက ပထမဆုံး တစ်ခုပဲ..."
"ကျန်တဲ့ မျှော်စင် နှစ်ခု ဘယ်အချိန် ပေါ်လာမလဲ ဆိုတာကိုတော့ ငါတို့ မသိဘူး..."
"ငါတို့ ပတ်ဝန်းကျင်ကို လိုက်ရှာကြည့်ဖို့ စီစဉ်ထားတယ်... အဆောင်သခင်ကျိုး ကော ငါတို့နဲ့ လိုက်ခဲ့ချင်လား..."
ကျင်းဝူရှင်း၏ ဆိုလိုရင်းကို ကျိုးယွမ် နားလည်လေ၏။ သူက ကျိုးယွမ်ကို သူတို့နှင့် ပူးပေါင်းရန် ဖိတ်ခေါ်နေခြင်း ဖြစ်သည်။
‘ယခုလေးတင် ငါ့ရဲ့ စွမ်းဆောင်ရည်က တစ်ဖက်လူရဲ့ အသိအမှတ်ပြုမှုကို ရရှိသွားတာ ဖြစ်ရမယ်…’’
သို့သော် ကျိုးယွမ်သည် သူတို့နှင့်အတူ ခရီးမသွားချင်ချေ။ အလွန် အဆင်မပြေ ဖြစ်နိုင်ပေသည်။
ကျိုးယွမ် အနည်းငယ် ပြုံးကာ ပြောဆိုလိုက်လေ၏။ "စီနီယာအစ်ကိုကျင်းရဲ့ ကမ်းလှမ်းမှုကို ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျွန်တော်က ဒီပတ်ဝန်းကျင်မှာ နည်းနည်း လှည့်လည်ကြည့်ရှုဖို့ စီစဉ်ထားပါတယ်..."
ဤစကားကို ကြားချိန်၌ ကျင်းဝူရှင်း ချက်ချင်း နားလည်သွားပြီး ပြုံးလျက် ပြောဆိုလိုက်လေ၏။ "အဆောင်သခင်မှာ ကိုယ်ပိုင် အစီအစဉ်တွေ ရှိနေမှတော့... ကျွန်တော် အရင် သွားနှင့်ပါတော့မယ်..."
ကျင်းဝူရှင်း စကားပြောပြီးနောက် ချင်ယီ နှင့် အခြားသူများနှင့်အတူ ထွက်ခွာသွားလေ၏။
ထန်ချန်လည်း ကျိုးယွမ်ကို ခေါင်းညိတ်ပြကာ တန်ကျင်းကျင်း နှင့် အခြားသူများနှင့်အတူ ထွက်ခွာသွားလေသည်။ ထို့နောက် ချွီယန်ရန် နှင့် အခြားသူများ ထွက်ခွာသွားကြလေ၏။
မကြာမီ မျှော်စင်၏ ရှေ့တွင် ကျိုးယွမ် တစ်ယောက်တည်းသာ ကျန်ရစ်တော့လေသည်။
ကျိုးယွမ်သည် သူ့ရှေ့ရှိ မျှော်စင်ကြီးကို ကြည့်ကာ အတွင်းသို့ ဖြည်းညင်းစွာ လျှောက်ဝင်သွားလေ၏။ သူ ဒီကို ရောက်နေပြီဆိုတော့ အနည်းဆုံး ပတ်ဝန်းကျင်ကိုတော့ လိုက်ကြည့်သင့်တာပေါ့။
ထို့အပြင် ကျိုးယွမ်၏ ရင်ခွင်ထဲရှိ ခေါင်းသုံးလုံးဝိညာဉ်မြွေသည် ကျိုးယွမ်ကို မျှော်စင်ထဲ ဝင်ရန် အဆက်မပြတ် တိုက်တွန်းနေသော်လည်း သူ၏ ဆိုလိုရင်းကို ကျိုးယွမ် နားမလည်ခဲ့ချေ။
သို့သော် ခေါင်းသုံးလုံးဝိညာဉ်မြွေသည် ဝိညာဉ်စွမ်းအားများရှိသော အဆင့် ၅ မိစ္ဆာသားရဲ တစ်ကောင်ဖြစ်ရာ ဤသို့ ပြုလုပ်ရခြင်းမှာ သူ့တွင် အကြောင်းပြချက်များ သေချာပေါက် ရှိနေမည် ဖြစ်ပေသည်။
‘မျှော်စင်ထဲမှာ ဘာတွေ ဖုံးကွယ်ထားသေးတာလဲ…’’
ကျိုးယွမ် ဤမေးခွန်းကို တွေးတောနေလေ၏။ အကယ်၍ တစ်စုံတစ်ရာ ကျန်ရစ်နေသေးပါက သေချာပေါက် ထူးခြားပြောင်မြောက်သောအရာ ဖြစ်ပေလိမ့်မည်။
ဤအချက်ကို တွေးမိချိန်၌ ကျိုးယွမ်၏ မျက်လုံးများတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ပေါ်လာလေ၏။