အခန်း ၁၇၇
Vol. 18 Ch. 177
အခန်း (၁၇၇) မလုယက်မီ ပြင်ဆင်ခြင်းများ
ကျိုးယွမ် ပြန်ပေါ်လာချိန်တွင် မျှော်စင်၏ အပြင်ဘက်သို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရလေ၏။
ကျိုးယွမ် မျှော်စင်အပြင်ဘက်သို့ ရောက်ရှိလာသည့် အခိုက်အတန့်တွင် မြေကြီး ပြင်းထန်စွာ တုန်ခါသွားပြီး ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာလေသည်။
ကျိုးယွမ် လန့်ဖျပ်သွားပြီး အဝေးသို့ အလျင်အမြန် ပျံသန်းသွားလေ၏။
ကျိုးယွမ် ပြန်လည် ရပ်တန့်လိုက်ချိန်တွင် မျှော်စင်ကြီးသည် မြေကြီးထဲသို့ ဖြည်းညင်းစွာ နစ်မြုပ်သွားသည်ကို တွေ့လိုက်ရလေသည်။ အချိန်တိုလေးအတွင်းမှာပင် မျှော်စင်သည် မြေကြီးထဲသို့ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး ဘယ်သောအခါကမျှ မရှိခဲ့ဖူးသည့်အလား အရိပ်အယောင်မျှ မချန်ဘဲ ပျောက်ကွယ်သွားလေ၏။
မျှော်စင်ကြီး ပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင် လျှို့ဝှက်နယ်မြေ အတွင်းမှ အလင်းတန်း နှစ်ခု ကောင်းကင်ယံသို့ ပစ်တက်သွားလေသည်။
ကျိုးယွမ်သည် ထိုအလင်းတန်း နှစ်ခု ရှိရာသို့ လှမ်းကြည့်လိုက်သော်လည်း ဝင်ရောက် လုယက်ရန် ရည်ရွယ်ချက် မရှိခဲ့ချေ။
ကျိုးယွမ် အနည်းငယ် ယိမ်းယိုင်သွားပြီး တင်ပျဉ်ခွေ ထိုင်ရန် နေရာတစ်ခု ရှာလိုက်လေ၏။ ထို့နောက် မျှော်စင်ထဲမှ သူရရှိခဲ့သော သေတ္တာများထဲမှ တစ်လုံးကို ထုတ်ယူလိုက်လေသည်။
ကျိုးယွမ် သေတ္တာကို ဖွင့်ကာ စာလိပ်များထဲမှ တစ်ခုကို ထုတ်ယူပြီးနောက် ဖြန့်ကြည့်လိုက်လေ၏။
စာလိပ်၏ အထက်ဆုံးတွင် "ကောင်းကင်ကို ချိတ်ပိတ်တားမြစ်ခြင်း ကျင့်စဉ်" ဟူသော စာလုံးများကို ရေးထိုးထားလေသည်။
ကျိုးယွမ်၏ စိတ်ဓာတ်များ ချက်ချင်း တက်ကြွလာပြီး အောက်သို့ ဆက်လက် ဖတ်ရှုလိုက်လေ၏။
"ကောင်းကင်နဲ့ မြေကြီးထဲက အရာအားလုံးဟာ မှော်အက္ခရာတွေပဲ... သူတို့က အမှတ်တစ်မှတ်ကနေ စတင်ပြီး အမှတ်တစ်မှတ်မှာ အဆုံးသတ်တယ်... ကြယ်စင်နယ်မြေလို ကြီးမားကျယ်ပြန့်တဲ့ အရာတစ်ခုတောင်မှ ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲက အမှတ်တစ်မှတ်ထက် မပိုပါဘူး..."
"အရာအားလုံးရဲ့ အစဟာ အရာအားလုံးရဲ့ အဆုံးသတ်လည်း ဖြစ်တယ်..."
"ကောင်းကင်ကို ချိတ်ပိတ်တားမြစ်ခြင်း ကျင့်စဉ် - ခန္ဓာကိုယ်ကို စုတ်တံအဖြစ် ပြောင်းလဲပြီး မရေမတွက်နိုင်တဲ့ မဟာတာအို နိယာမတွေကို မင်ရည်အဖြစ် အသုံးပြုကာ ကောင်းကင်နဲ့ မြေကြီးကို ချိတ်ပိတ်နိုင်တဲ့ အတားအဆီးတစ်ခု ဖန်တီးပါ..."
"မင်းမှာ နည်းလမ်းပေါင်း သောင်းချီ ရှိပါစေ... ငါက တားမြစ်ချက် တစ်ခုတည်းနဲ့ အကုန်လုံးကို ချိုးဖျက်ပစ်မယ်..."
ဤသည်မှာ ကောင်းကင်ကို ချိတ်ပိတ်တားမြစ်ခြင်း ကျင့်စဉ်၏ မိတ်ဆက်ဖြစ်လေသည်။ ကျိုးယွမ်သည် ထိုစာသားများကို မြင်သောအခါ ချက်ချင်း စိတ်လှုပ်ရှားမှု လှိုင်းလုံးကြီးတစ်ခု ခံစားလိုက်ရလေ၏။
ထို့နောက် ကျိုးယွမ် ဆက်လက် ဖတ်ရှုရာ အမျိုးမျိုးသော ချိတ်ပိတ်ခြင်း နည်းစနစ်များ မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရလေသည်။
တစ်နာရီခန့် အကြာတွင် ကျိုးယွမ်သည် သူ၏ လက်ထဲရှိ စာလိပ်ကို အောက်ချလိုက်ပြီး နဖူးကို ပွတ်သပ်လိုက်လေ၏။
သူသည် အစိတ်အပိုင်း အနည်းငယ်မျှသာ ဖတ်ရှုပြီးနောက် ရပ်တန့်လိုက်ရလေသည်။ အကြောင်းမှာ သူ၏ စိတ်ဝိညာဉ်အာရုံ စွမ်းအားကို အလွန်အမင်း အသုံးပြုရသောကြောင့် ဖြစ်သည်။
ကျိုးယွမ် စာလိပ်ကို သေချာစွာ သိမ်းဆည်းလိုက်ပြီးနောက် အခြား စာလိပ်တစ်ခုကို ကောက်ယူလိုက်လေ၏။
ယခင်တစ်ခုနှင့် နှိုင်းယှဉ်ပါက ဤစာလိပ်မှာ အခြေခံပုံစံတစ်ခုနှင့် တူပြီး ချင်ချန်က ကျိုးယွမ်ကို ပေးအပ်ခဲ့သော တာအိုအနှစ်သာရမှော်အဆောင်ကျမ်း နှင့် အနည်းငယ် ဆင်တူလေ၏။
သို့သော် စာလိပ်များတွင် မှတ်တမ်းတင်ထားသော အကြောင်းအရာများမှာ အတော်လေး ကွဲပြားခြားနားပေသည်။
ခဏမျှ ကြည့်ရှုပြီးနောက် ကျိုးယွမ်သည် စာလိပ်ကိုပြန်လည် သိမ်းဆည်းလိုက်ပြီး ပြန်ရောက်မှ သေချာစွာ လေ့လာရန် ဆုံးဖြတ်လိုက်လေ၏။
ကျိုးယွမ် မတ်တပ်ရပ်လိုက်လေသည်။ သူသည် ကျန်ရှိနေသော မျှော်စင် နှစ်ခုကို ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်သော်လည်း သွားရောက် ကြည့်ရှုနိုင်သေးသည် မဟုတ်ပါလော။
ကျိုးယွမ် ပထမဆုံး မျှော်စင်၏ ရှေ့သို့ ရောက်ရှိချိန်တွင် ကျင်းဝူရှင်း၊ ချွီယန်ရန် နှင့် အခြားသူများကို တွေ့လိုက်ရလေသည်။
လူအများအပြား၏ မျက်နှာပေါ်တွင် စိတ်ပျက်သည့် အမူအရာများ ရှိနေကြလေ၏။
ကျိုးယွမ်ကို မြင်သောအခါ ကျင်းဝူရှင်းသည် အားယူပြီး ပြုံးပြကာ နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
ကျိုးယွမ် သိချင်စိတ်ဖြင့် ရှေ့သို့ တက်သွားပြီးနောက် "မင်းတို့ ဘာလို့ မျှော်စင်ထဲ မဝင်ကြတာလဲ..." ဟု ပြုံးလျက် မေးမြန်းလိုက်လေ၏။
ကျိုးယွမ်၏ စကားကို ကြားချိန်၌ ကျင်းဝူရှင်းက ခါးသက်သက် ပြုံးလိုက်ပြီးနောက် ပြောဆိုလေ၏။ "သူတို့ ဝင်တော့ ဝင်သွားကြတယ်... ဒါပေမဲ့ အားလုံး အကန်ထုတ်ခံလိုက်ရတယ်..."
"ဒီမျှော်စင်က တစ်ကြိမ်ကို တစ်ယောက်ပဲ ဝင်လို့ရတယ်... ချင်းပေါင်လုံက ကံကောင်းသွားတာပဲ..."
ဤစကားကို ကြားချိန်၌ ကျိုးယွမ် ဘာတွေဖြစ်နေသလဲ ဆိုတာကို ချက်ချင်း နားလည်သွားပြီး အတော်လေး အံ့အားသင့်သွားရလေသည်။ အကြောင်းမှာ ချင်းပေါင်လုံက အမွေအနှစ်ကို ရရှိသွားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့သောကြောင့် ဖြစ်သည်။
"သူရသွားတဲ့ အမွေအနှစ်က ကောင်းကင်ဆင့်ကဲဖြစ်စဉ်ကျင့်စဉ် များလား... ဒါမှမဟုတ် တာအို အမွေအနှစ် များလား..."
ကျိုးယွမ် ခေတ္တမျှ မိမိဘာသာ ရေရွတ်လိုက်သော်လည်း သူ၏ မျက်လုံးများ လျင်မြန်စွာ လှုပ်ရှားလာလေ၏။
ထို့နောက် ကျိုးယွမ်သည် မိုင်အနည်းငယ် အကွာရှိ အခြား မြင့်မားသော မျှော်စင်တစ်ခုဆီသို့ လှမ်းကြည့်လိုက်ရာ ထန်ချန်၊ တန်ကျင်းကျင်း နှင့် အခြားသူများကို တွေ့လိုက်ရလေ၏။
"စီနီယာအစ်ကိုကျင်း... အဲ့ဒီ မျှော်စင်ကြီးကိုရော လူတစ်ယောက်ပဲ ဝင်လို့ ရတာလား..."
ကျိုးယွမ်၏ စကားကို ကြားချိန်၌ ကျင်းဝူရှင်း ခေါင်းခါပြီး ခါးသက်သက် ပြုံးလိုက်ကာ ပြောဆိုလေ၏။ "ဟုတ်တယ်... ယဲ့ဖိန်က အဲ့ဒီနေရာကို ယူထားလိုက်ပြီ..."
"ဒီ လျှို့ဝှက်နယ်မြေ ခရီးစဉ်ကို ငါတို့ နှလုံးသားချိတ်ပိတ်ခြင်းဂိုဏ်း က အစပျိုးခဲ့တာပါ... ဒါပေမဲ့ မမျှော်လင့်ဘဲ အကြီးမားဆုံး အံ့သြစရာ နှစ်ခုလုံးက တာဖုန်းကုန်သွယ်ရေးအဖွဲ့ ရဲ့ လက်ထဲ ရောက်သွားခဲ့တယ်..."
ကျင်းဝူရှင်း၏ စကားများမှာ ခါးသက်နေပြီး မနာလိုမှု၊ မုန်းတီးမှုများနှင့် ပြည့်နှက်နေလေ၏။
ကျိုးယွမ်သည် ကျင်းဝူရှင်း၏ စကားကို ကြားချိန်၌ အတော်လေး အံ့အားသင့်သွားသော်လည်း ယဲ့ဖိန်တွင် ကူညီပေးမည့် ဆရာမ တစ်ဦး ရှိနေကြောင်း ထည့်သွင်းစဉ်းစားလိုက်သောအခါ နားလည်ရန် မခက်ခဲတော့ချေ။
သို့သော် ယခုတစ်ကြိမ် ကျိုးယွမ် ခန့်မှန်းချက် မှားယွင်းသွားလေ၏။ ကျိုယန်ရှီးသည် နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့ပြီဖြစ်ပြီး ယဲ့ဖိန်သည် မျှော်စင်အတွက် တိုက်ပွဲကို သူ၏ ကိုယ်ပိုင် စွမ်းရည်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်ပေသည်။
အချိန်များ ကုန်လွန်သွားပြီး တစ်ရက်လုံးလုံး ကုန်လွန်သွားခဲ့လေပြီ။
ကျိုးယွမ် အနည်းငယ် ငြီးငွေ့လာချိန်မှာပင် ယဲ့ဖိန် ရှိနေသော မျှော်စင်သည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာလေ၏။
ထိုအချိန်တွင် ယဲ့ဖိန်သည် မျှော်စင်ထဲမှ ပျံထွက်လာပြီး အဝေးသို့ ချက်ချင်း ပြေးထွက်သွားလေသည်။
ကျိုးယွမ် အံ့အားသင့်သွားသည်မှာ ယဲ့ဖိန်၏ ပြတ်တောက်သွားသော လက်မောင်းသည် အမှန်တကယ် ပြန်လည် ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။
ထို့အပြင် ယဲ့ဖိန်၏ ချီစွမ်းအင်သည် အများကြီး ပိုမို အစွမ်းထက်လာပြီး အခြေတည်စိတ်ဝိညာဉ် အလယ်အလတ်အဆင့်သို့ပင် ရောက်ရှိနေလေပြီ။ ယဲ့ဖိန်သည် ကြီးမားသော အကျိုးအမြတ်ကို ရရှိခဲ့ပုံရပေသည်။
"ယဲ့ဖိန်... ဘယ်သွားမလို့လဲ..."
အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ထန်ချန်၊ တန်ကျင်းကျင်း နှင့် လင်ရှောင်ခန်းမမှ လူများသည် ယဲ့ဖိန်၏ နောက်သို့ ရူးသွပ်စွာ လိုက်လံ ဖမ်းဆီးကြလေတော့သည်။
ဤအရာကိုမြင်သော ချွီယန်ရန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း နောက်ဆုံးတွင် သက်ပြင်းချကာ လိုက်ပါသွားလေ၏။
မည်သို့ပင်ဆိုစေ ယဲ့ဖိန်သည် တာဖုန်းကုန်သွယ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး သူရရှိသော ရတနာများသည် ယဲ့ဖိန် တစ်ဦးတည်းသာမက တာဖုန်းကုန်သွယ်ရေးအဖွဲ့နှင့်လည်း သက်ဆိုင်ပေသည်။
ချွီယန်ရန်သည် ယဲ့ဖိန်ကို မကြိုက်သော်လည်း လိုအပ်ချိန်တွင် သူမ ဝင်ရောက် စွက်ဖက်ရမည် ဖြစ်သည်။ မဟုတ်ပါက ဂိုဏ်းသို့ ပြန်ရောက်သောအခါ သူမ ရှင်းပြနိုင်မည် မဟုတ်ချေ။
ကျိုးယွမ်၏ စိတ်နှလုံး လှုပ်ရှားသွားပြီး မလှမ်းမကမ်းတွင် အမှတ်အသားတစ်ခုကို လျှို့ဝှက်စွာ ချန်ထားခဲ့လေ၏။ ထို့နောက် သူသည် ချွီယန်ရန်၏ နောက်မှ အနီးကပ် လိုက်ပါသွားပြီး ကိုယ်တိုင် သွားရောက် ကြည့်ရှုလိုလေ၏။
အချိန်တိုလေးအတွင်းမှာပင် အဖွဲ့သည် ယဲ့ဖိန်ကို မိုင်တစ်ရာကျော် လိုက်လံ ဖမ်းဆီးခဲ့သော်လည်း တန်ကျင်းကျင်း နှင့် ထန်ချန် တို့က ယဲ့ဖိန်ကို တားဆီးထားနိုင်ခဲ့လေ၏။
အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ယဲ့ဖိန်သည် တန်ကျင်းကျင်း၊ ထန်ချန် တို့နှင့် ချက်ချင်း တိုက်ပွဲ စတင်လေတော့သည်။
ဤအခိုက်အတန့်တွင် ယဲ့ဖိန်၏ စွမ်းအားများ ကြီးမားစွာ တိုးတက်လာခဲ့ပြီး လူနှစ်ဦးကို တစ်ယောက်တည်း ရင်ဆိုင်ရလျှင်ပင် အနည်းငယ်မျှ အားနည်းခြင်း မရှိချေ။
ကျိုးယွမ်၊ ကျင်းဝူရှင်း နှင့် အခြားသူများသည် အဝေးမှ ကြည့်ရှုနေကြပြီး သူတို့နှစ်ဦးစလုံး အနည်းငယ် မျက်မှောင်ကြုတ်သွားကြလေ၏။
အကြောင်းမှာ ဤအခိုက်အတန့်တွင် ယဲ့ဖိန်၏ ဘယ်ဘက်လက်မောင်းသည် ညာဘက်လက်မောင်းထက် များစွာ ပို၍ အစွမ်းထက်နေသောကြောင့် ဖြစ်သည်။
"ဒီ ဘယ်ဘက်လက်မောင်းမှာ ထူးဆန်းတာ တစ်ခုခု ရှိနေတယ်..."
ကျိုးယွမ်၊ ကျင်းဝူရှင်း နှင့် အခြားသူများ တစ်ပြိုင်နက်တည်း တူညီသော အတွေးမျိုး တွေးမိကြပြီး နက်ရှိုင်းသော စဉ်းစားခန်းထဲသို့ ရောက်သွားကြလေ၏။
"ဖြစ်နိုင်မလား..." ယဲ့ဖိန်က တခြားလူတစ်ယောက်ရဲ့ လက်မောင်းကို သူ့ခန္ဓာကိုယ်ထဲ ပေါင်းစပ်ထည့်သွင်းလိုက်တာများလား…
ဤအချက်ကို တွေးမိချိန်၌ ကျိုးယွမ်၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားလေ၏။ ဤခန့်မှန်းချက် မှန်ကန်နိုင်သည်ဟု သူ ခံစားလိုက်ရသည်။
"ရှီကျိန့်ကန်း ဆိုတဲ့ အဘိုးအိုက ငါ့ကို လိမ်နေတာ ဖြစ်နိုင်မလား..."
ကျိုးယွမ် ဤဖြစ်နိုင်ချေကို စဉ်းစားလိုက်လေ၏။
ကျိုးယွမ် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်လေ၏။ အနီးအနားတွင် လူများလွန်းသဖြင့် လှုပ်ရှားရန် ခက်ခဲလှပေသည်။ မဟုတ်ပါက ကျိုးယွမ်သည် ယဲ့ဖိန်ကို လုယက်ရန် ဝန်လေးမည် မဟုတ်ချေ။
ထို့အပြင် ကျိုးယွမ် အလွန် သိချင်နေလေ၏။ သိုလှောင်လက်စွပ်ထဲရှိ စိတ်ဝိညာဉ်မှာ ယောကျ်ားလား၊ မိန်းမလား ဆိုသည်ကို သူ မြင်တွေ့လိုလေ၏။
‘ဒါပေမဲ့ ငါ လှုပ်ရှားလို့ မရဘူး... ချင်းပေါင်လုံကို သွားရှာတာက ပိုလုံခြုံမယ် ထင်တယ်…’
ကျိုးယွမ် ချင်းပေါင်လုံကို သတိရလိုက်သည့် အခိုက်အတန့်တွင် သူ၏ မျက်လုံးများ တောက်ပသွားလေ၏။ ထိုကောင်သည် သူ၏ ကံကောင်းစေသော အရာလေး ဖြစ်ပေသည်။
ကျိုးယွမ်၏ စိတ်ဝိညာဉ်အာရုံက ချွီယန်ရန်၊ ကျင်းဝူရှင်း နှင့် အခြားသူများ၏ ရှေ့တွင် အဆက်မပြတ် ပေါ်လာလေ၏။ သို့မှသာ နောက်ပိုင်းတွင် သက်သေများ ရှိနေမည် ဖြစ်သည်။
ကျိုးယွမ်သည် မိုင် ၃၀၀ အကွာအဝေးသို့ မျက်စိတစ်မှိတ်အတွင်း ပို့ဆောင်ပေးနိုင်သော ရွှေ့လျားနိုင်သည့် နေရာပြောင်းရွေ့အစီအရင် အသေးစားတစ်ခုကို ယခုလေးတင် လျှို့ဝှက်စွာ လဲလှယ်ထားခဲ့လေ၏။
ယခင်က ကျိုးယွမ် ပိုင်ဆိုင်ထားသော အရာနှင့် ပေါင်းလိုက်လျှင် နှစ်ခုမှာ အသွားအပြန် တစ်ခေါက်အတွက် အတိအကျ လုံလောက်ပေသည်။
ယခု အရာအားလုံး အသင့်ဖြစ်နေပြီဖြစ်ပြီး ချင်းပေါင်လုံ မျှော်စင်ထဲမှ ထွက်လာရန်သာ လိုအပ်တော့သည်။
ဤအချက်ကို တွေးမိချိန်၌ ကျိုးယွမ်၏ မျက်လုံးများ ချက်ချင်း ပိုမို တောက်ပလာလေ၏။
"ချင်းပေါင်လုံ... တောင်းပန်ပါတယ် သူငယ်ချင်း... ဒီတစ်ခါ မင်းကို ဘောင်းဘီတော့ ချန်ထားခဲ့ပါ့မယ်... အဝတ်အစား အကုန် မချွတ်တော့ပါဘူး..."