အခန်း ၁၃၃
Vol. 14 Ch. 133
အခန်း (၁၃၃) စိတ်ဝိညာဉ်သွန်းလုပ်ခြင်းနယ်ပယ် ၏ ကနဦး အဆင့် သို့ ချိုးဖျက်ဝင်ရောက်ခြင်း၊ မိုင်တစ်ထောင် အကွာအဝေးရှိ နတ်ဘုရားစိတ်အာရုံ
မှောင်မည်း၍ တိတ်ဆိတ်လှသော တောင်ကြားအောက်ခြေတွင် နင်းဖန်၏ ဝိညာဉ်ခန္ဓာသည် ငြိမ်သက်စွာ တင်ပျဉ်ခွေထိုင်နေ၏။ ပတ်ဝန်းကျင်ရှိ ဝိညာဉ်လေများသည် ထက်မြက်သော ဓားအလား သူ၏ခန္ဓာကိုယ်ကို အဆက်မပြတ် ရိုက်ခတ်နေသော်လည်း သူ့ကို အနည်းငယ်မျှပင် တုန်လှုပ်စေခြင်း မရှိပေ။ ထိုသို့ရိုက်ခတ်မှုများက သူ၏ ဝိညာဉ်ခန္ဓာကို အံ့မခန်း အရှိန်အဟုန်ဖြင့် အသွင်ပြောင်းလဲလာစေသည်။
နင်းဖန်သည် အချိန်မဖြုန်းရဲဘဲ ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားလိုက်၏။ ရုပ်ခန္ဓာမှာ နောက်တစ်ကြိမ် အဆင့်တက်လှမ်းခင် သူ၏ ဝိညာဉ်ကို ပိုမိုခိုင်မာလာစေရန် အစွမ်းကုန် ကြိုးစားအားထုတ်နေတော့သည်။
တစ်ချိန်တည်းမှာပင် ထိုက်ရီအကြွင်းအကျန် နယ်မြေအတွင်း၌လည်း ကြီးမားသော ရုန်းရင်းဆန်ခတ်မှုတစ်ခု စတင်ဖြစ်ပေါ်နေပြီ ဖြစ်၏။
"တကယ်ကို ယုံကြည်နိုင်စရာ မရှိဘူး... နင်းဖန် ကျန်း ဘယ်လောက်အထိ ဆင်းနိုင်မလဲဆိုတာ ငါတို့ ခန့်မှန်းနေတုန်း သူက အောက်ခြေကို တိုက်ရိုက် ရောက်သွားတယ်"
"ဒါဆို ဝိညာဉ်ချောက်ကမ်းပါး တောင်ကြားရဲ့ အကန့်အသတ်က ကျန်း တစ်ထောင့်ရှစ်ရာ ပေါ့"
"စီနီယာအစ်ကိုနင်း ပဲ…. လေ... သူ ကျင့်ကြံနေတာကို ကြည့်ရတာ လူတစ်ယောက်ရဲ့ အမြင်ကို တကယ်ပဲ ကျယ်ပြန့်စေတယ်"
"မှတ်ထား၊ ကျန်း တစ်ထောင့်ရှစ်ရာ ဆိုတာ နင်းဖန်ရဲ့ အကန့်အသတ် မဟုတ်ဘူး၊ ဝိညာဉ်ချောက်ကမ်းပါး ရဲ့ အကန့်အသတ် ပဲ"
"အနာဂတ်မှာ ဝိညာဉ်အဆင့်သတ်မှတ်ချက် ရဲ့ ထိပ်ဆုံး နေရာအတွက် ဒီစံချိန်ကို ဘယ်သူမှ ချိုးဖျက်နိုင်မှာ မဟုတ်ဘူးလို့ ငါ စိုးရိမ်တယ်"
"အဲဒါ သေချာတယ်လေ... နင်းဖန် မချိုးဖျက်ခင်က ဘိုးဘေး လင်းယွင်ကစံချိန်ကို နှစ်သန်းပေါင်း ရှစ်ဆယ်ကျော် ကြာအောင် ထိန်းထားနိုင်ခဲ့တာ... အောက်ခြေအထိ ရောက်သွားတဲ့ ဒီရလဒ်အတွက် နောက်ထပ် နှစ်သန်းပေါင်း ရှစ်ဆယ် ဘယ်နှစ်ကြိမ်လောက် ငါတို့ စောင့်ရဦးမလဲ"
"ပါရမီရှင်တွေဆိုတာ ရှာရခက်တယ်... ဝိညာဉ်သန့်စင်ခြင်းနယ်ပယ် မှာ နင်းဖန်ရဲ့ အောင်မြင်မှုတွေက မရေမတွက်နိုင်တဲ့ အနာဂတ် မျိုးဆက်တွေကို ခေါင်းမမော့နိုင်အောင် လုပ်ပစ်လိမ့်မယ်"
တပည့်များစွာသည် စိတ်လှုပ်ရှားနေကြသကဲ့သို့ တုန်လှုပ်၍လည်း နေကြ၏။ အောက်ခြေသို့ တိုက်ရိုက်ဆင်းသွားသော နင်းဖန်၏လုပ်ရပ်မှာ အလွန်ပင် ခမ်းနားထည်ဝါလှပေသည်။ ဂိုဏ်း၏ အဆင့်မြင့်အကြီးကဲများပင်လျှင် ထိုမြင်ကွင်းကို ရှုပ်ထွေးသော စိတ်ခံစားမှုများဖြင့် ကြည့်ရှုနေကြမိသည်။
ဝိညာဉ်ချောက်ကမ်းပါးတောင်ကြား မည်မျှနက်ရှိုင်းသည်ကို ဘိုးဘေးမှလွဲ၍ မည်သူမျှ မသိနိုင်ချေ။ ထိုက်ရီအစစ်အမှန်ဂိုဏ်း တည်ထောင်ခဲ့သည့် နှစ်သန်းကိုးဆယ်အတွင်း တပည့်တစ်ဦးက အောက်ခြေအထိ လေ့လာစူးစမ်းနိုင်ခဲ့သည့် ပထမဆုံးအကြိမ် ဖြစ်သည်။ ကျန်းတစ်ထောင့်ရှစ်ရာဟူသည် အံ့သြမှင်တက်ဖွယ် ကိန်းဂဏန်းတစ်ခုပင် ဖြစ်၏။
ဤနေရာတွင် ဝိညာဉ်လေ မည်မျှအားကောင်းမည်ဆိုသည်မှာ စိတ်ကူးမယဉ်နိုင် ပေ။ သို့သော် ကျင့်ကြံရန်အတွက် တောင်ကြားထဲသို့ ဝင်ရောက်ခဲ့ဖူးသော အကြီးအကဲများမှာ နှလုံးသားထဲတွင် ပို၍ပင် တုန်လှုပ်သွားကြသည်။ နင်းဖန်၏ အောင်မြင်မှုအရည်အသွေး မည်မျှမြင့်မားကြောင်းကိုလည်း ၎င်းတို့ ကောင်းကောင်းသိရှိကြ၏။ လူအုပ်ထဲတွင် သူတော်စင်တစ်ယောက်တည်းသာ တည်ငြိမ်နေပုံရပေသည်။
အနီးအနားရှိ အစစ်အမှန်တပည့် တစ်ယောက်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"စီနီယာအစ်ကိုဇူ... နင်းဖန်က အောက်ခြေကို ရောက်သွားပြီ... ခင်ဗျား မအံ့သြဘူးလား"
သူတော်စင်က တည်ငြိမ်သော အမူအရာဖြင့်သာ ပြောလိုက်သည်။
"အားလုံးက ပုံမှန်ပါပဲ"
ထို ဂရုမစိုက်သော လေသံကို ကြားသောအခါ တပည့်မှာ အလွန် အံ့အားသင့်သွားခဲ့၏။
‘ဒါ... ဒါ ပုံမှန်ပဲလား' ဟု သူ တွေးလိုက်မိသည်။
သမိုင်းတစ်လျှောက် မရေမတွက်နိုင်သော ပါရမီရှင် တပည့်များသည် ကျင့်ကြံရန်အတွက် တောင်ကြားထဲသို့ ဆင်းသက်ခဲ့ကြသော်လည်း နင်းဖန် တစ်ယောက်တည်းသာ အောက်ခြေသို့ ရောက်ရှိခဲ့သည်။
ဤသည်မှာ ဂိုဏ်း၏ သမိုင်းဝင် မှတ်တမ်းများတွင် မှတ်တမ်းတင်ရန် ထိုက်တန်သော ဖြစ်ရပ်တစ်ခု ဖြစ်သည်၊ အတွင်းစည်းနှင့် အပြင်စည်းတပည့်များသည် စိတ်လှုပ်ရှားမှုကြောင့် ရူးသွပ်လုနီးပါး ဖြစ်နေကြ၏။
သူတော်စင်၏ မျက်နှာထက်တွင် အဘယ်ကြောင့် အံ့သြမှု အရိပ်အယောင် အနည်းငယ်မျှပင် မရှိရသနည်းဟု တပည့်များက တွေးတောမိကြကုန်သည်။ စီနီယာအစ်ကိုဇူ၏ စိတ်တည်ငြိမ်မှု အခြေအနေမှာ မည်သည့်အချိန်ကစ၍ ဤမျှအထိ အားကောင်းသွားရသည်ကိုလည်း သူတို့ စဉ်းစား၍ မရနိုင်အောင် ဖြစ်နေကြရသည်။
အစစ်အမှန်တပည့် တစ်စုသည်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကုန်၏။ သူတို့သည် ပထမဆုံးအကြိမ်အဖြစ် သူတော်စင်ထံမှ အလွန်နက်နဲသော လျှို့ဝှက်ဆန်းကြယ်မှု တစ်ခုကို ခံစားလိုက်ရလေသည်။
အောက်ဘက်တွင်မူ ....
နင်းဖန်သည် အောက်ခြေသို့ ရောက်ရှိသွားသော ဖြစ်ရပ်က ဂိုဏ်းတစ်ခုလုံးကို ရုန်းရင်းဆန်ခတ် ဖြစ်သွားစေခဲ့ပြီဆိုတာကို မသိသေးချေ။ သူသည် အာရုံမလွဲဘဲ ကျင့်ကြံရင်း နေခဲ့၏။ ကြမ်းတမ်းသော ဝိညာဉ်လေများသည် သူ၏ ဝိညာဉ်ကို အဆက်မပြတ် သန့်စင်ပေးနေပြီး သူ၏ ဝိညာဉ်အလေးချိန်မှာ တိုးလာခဲ့ကာ အချိန်တိုင်းနီးပါး အသွင်ပြောင်းနေခဲ့၏။
ထိုကဲ့သို့သော ခါးသီးသည့် ကျင့်ကြံခြင်းတွင် အချိန်များ တိတ်ဆိတ်စွာ ကုန်လွန်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် ကိုးရက် ကုန်လွန်သွားခဲ့၏။နင်းဖန် တောင်ကြားထဲသို့ ရောက်နေသည်မှာ ခုနစ်ဆယ့်ရှစ်ရက် ရှိနေပြီ ဖြစ်သည်။
ဝိညာဉ် ကျင့်ကြံခြင်းမှာ တကယ်တမ်း၌ ရုပ်ခန္ဓာသန့်စင်ခြင်း နှင့် များစွာကွာခြားမှုမရှိပေ။ ဝိညာမှာအားကောင်းလာစေရန် အလွန်ခက်ခဲလွန်းသောကြောင့် ဖြစ်၏။ ဝိညာဉ်သည် ရုပ်ခန္ဓာနှင့်မတူဘဲ ကောင်းကင်နှင့်မြေကြီးအကြား အလျှို့ဝှက်ဆန်းကြယ်ဆုံးအရာဖြစ်ကာ သက်ရှိတို့၏ လုပ်ဆောင်ချက်မှန်သမျှကို ထိန်းချုပ်ရာ အရင်းအမြစ်လည်း ဖြစ်သည်။
တာအိုအရှင်ထိုက်ရီသည် ဝိညာဉ်ချောက်ကမ်းပါးတောင်ကြားကဲ့သို့သော အဖိုးတန်နယ်မြေကို ဖွင့်လှစ်ပေးကာ နောင်လာနောက်သား တပည့်များ ဝိညာဉ်ကျင့်ကြံနိုင်ရန် ဖန်တီးပေးခဲ့ခြင်းမှာ အမြင့်မြတ်ဆုံးသော ကံတရားပင် ဖြစ်တော့သည်။
ပထမတန်းစား အင်အားစုအများစုပင်လျှင် ဝိညာဉ်ချောက်ကမ်းပါးတောင်ကြားနှင့် ဆင်တူသော ကျင့်ကြံခြင်းနယ်မြေမျိုး မပိုင်ဆိုင်ထားကြောင်း သိထားသင့်ပေသည်။ အခြားသော အင်အားစုငယ်လေးများကိုမူ ပြောနေစရာပင် မလိုတော့ချေ။
၎င်းတို့သည် ဝိညာဉ်ကို အတင်းအကျပ် အဆင့်ချိုးဖျက်ခြင်းဖြင့် ရရှိလာသော ဝိညာဉ်စွမ်းအားမှာ အပေါ်ယံမျှသာဖြစ်ပြီး အနှစ်သာရအားဖြင့် အားနည်းလှပေသည်။ စစ်မှန်သော သန့်စင်မှု မရှိခြင်းကြောင့် သူတို့၏ အခြေခံအုတ်မြစ်မှာလည်း ခိုင်မာမှု မရှိကြချေ။
နင်းဖန်၏ ခုနစ်ဆယ့်ရှစ်ရက်တိုင်တိုင် စိတ်ရှည်သည်းခံကာ အားထုတ်ခဲ့သော ကျင့်ကြံမှုမှာ မည်မျှအထိ တန်ဖိုးဖြတ်မရနိုင်ကြောင်း ထင်ရှားလှပေသည်။ ဤကဲ့သို့ စေ့စပ်သေချာသည့် ဝိညာဉ်သန့်စင်မှု လုပ်ငန်းစဉ်သည် ကျင့်ကြံသူအပေါင်း အိပ်မက်ပင် မမက်ရဲသော၊ တောင့်တ၍မရနိုင်သော အခွင့်အရေးထူးကြီး တစ်ခုပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ပိုမိုအားကောင်းလေလေ နတ်ဘုရားစွမ်းရည်များ ကျင့်ကြံရာတွင်လည်းကောင်း၊ အခြားကဏ္ဍများတွင်လည်းကောင်း အလားအလာ ပိုမိုရှိလာသည့်အပြင် ခန္ဓာကိုယ်အတွင်း ဝိညာဉ်စွမ်းအား စီးဆင်းမှုနှုန်းမှာလည်း ပိုမိုမြန်ဆန်လာသောကြောင့် ဖြစ်သည်။ အသိသာဆုံးသော အပြောင်းအလဲမှာ နတ်ဘုရားစွမ်းရည်များကို ထုတ်လွှတ်ခြင်းတွင် ဖြစ်၏။
ဝိညာဉ်အားနည်းသူများသည် နတ်ဘုရားစွမ်းရည်များကို အသုံးပြုရာတွင် ဝိညာဉ်စွမ်းအားကို လမ်းညွှန်ရသည့် လက်သင်္ကေတများနှင့် မန္တန်များကိုပါ အသုံးပြုရန် လိုအပ်သည်။
ဝိညာဉ်အားကောင်းသူများအတွက်မူ လမ်းညွှန်မှုကို မျက်စိတစ်မှိတ်အတွင်း ပြုလုပ်နိုင်ရုံသာမက လက်သင်္ကေတနှင့် မန္တန်များအသုံးပြုမှုကိုပါ အတွေးတစ်ခုဖြင့်ပင်လုပ်ဆောင်နိုင်ပြီး နတ်ဘုရားစွမ်းရည်ကို ထုတ်လွှတ်နိုင်ပေသည်။ အကယ်၍ ဝိညာဉ်သာ ပို၍အားကောင်းလာပါက ထိုစွမ်းရည်များကို ဆက်တိုက်အသုံးပြုနိုင်မည် ဖြစ်သည်။
လက်ရှိ အလယ်ပိုင်းကုန်းမြေ မြင့်မြတ်နယ်မြေ၌ ကောင်းကင်အရှင်သခင်နယ်ပယ်မှ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦး ရှိ၏။ သူ၏ ဝိညာဉ်စွမ်းအားမှာ သာမန်ထက် များစွာသာလွန်သဖြင့် ကောင်းကင်ဘုံအဆင့် မဟာနတ်ဘုရားစွမ်းရည်များကိုပင် သူ၏လက်ထဲ၌ သုံးကြိမ်တိုင်တိုင် ချက်ချင်းထုတ်လွှတ်နိုင်သည်ဟု ဆိုကြသည်။
ဤသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော အချက်ပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မဟာနတ်ဘုရားစွမ်းရည်များကို ထုတ်လွှတ်ရန်မှာ များစွာရှုပ်ထွေးသောကြောင့် ဖြစ်သည်။
ပါရမီရှင်အချို့တွင် အားကောင်းသော ဝိညာဉ်စွမ်းအားရှိသော်လည်း နက်နဲအဆင့် သို့မဟုတ် မြေကမ္ဘာအဆင့် နတ်ဘုရားစွမ်းရည်များကိုသာ ချက်ချင်းထုတ်လွှတ်နိုင်ကြသည်။ ကောင်းကင်ဘုံအဆင့်သို့ ရောက်လျှင်မူ စွမ်းအားကို လမ်းညွှန်ခြင်း၊ လက်သင်္ကေတပြုခြင်းနှင့် မန္တန်ရွတ်ဆိုခြင်းတို့ကို ပုံမှန်အတိုင်း လုပ်ဆောင်ရဆဲဖြစ်ပြီး သာမန်ထက် အနည်းငယ် ပိုမြန်ရုံသာ ရှိသည်။
ထို့ကြောင့် လူတစ်ယောက်သည် ကောင်းကင်ဘုံအဆင့် နတ်ဘုရားစွမ်းရည်များကို ချက်ချင်းထုတ်လွှတ်နိုင်ခြင်း သို့မဟုတ် အကြိမ်ကြိမ် ဆက်တိုက်လုပ်ဆောင်နိုင်ပါက ထိုသူ၏ ဝိညာဉ်အင်အားမှာ ထိတ်လန့်ဖွယ်အဆင့်တွင် ရှိနေပေလိမ့်မည်။ တောင်ကြားအတွင်းရှိ နင်းဖန်၏ ခုနစ်ဆယ့်ရှစ်ရက်ကြာ ခါးသီးသောကျင့်ကြံမှုက သူ၏ ဝိညာဉ်စွမ်းအားကို ထိုနယ်ပယ်သို့ ရောက်ရှိသွားစေခဲ့ကြောင်း ထင်ရှားလှပေသည်။
"ရုပ်ခန္ဓာကိုယ် အဆင့် ချိုးဖျက်တော့မယ်"
ကျင့်ကြံခြင်းကာလအပြီးတွင် သူ၏ ရုပ်ခန္ဓာကိုယ် စွမ်းအားနယ်ပယ်သည် ဝိညာဉ်သန့်စင်ခြင်းနယ်ပယ် ၏ နှောင်းပိုင်းအဆင့် ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်၏။
"ငါ့ရဲ့ လက်ရှိ ဝိညာဉ် အလေးချိန်က ကျင်း ငါးသန်း ထက် ကျော်လွန်သင့်တယ်... ဒါက တော်တော်များများ ရိတ်သိမ်းရတာပဲ"
"အဲဒီလိုဆိုရင် ချိုးဖျက်ကြရအောင်"
နင်းဖန်သည် အဆင့်တက်လှမ်းရန် တွန်းအားကို ဆက်လက်ဖိနှိပ်မထားတော့ဘဲ အလိုအလျောက် စီးဆင်းစေလိုက်၏။ ဝိညာဉ်သန့်စင်ခြင်းနယ်ပယ်၌ သူ၏ကျင့်ကြံမှုမှာ ထူးခြားသောကြောင့် ရရှိလာသော အကျိုးကျေးဇူးမှာလည်း အံ့မခန်းပင် ဖြစ်သည်။
ယခုအခါ သူ၏ဝိညာဉ်သည် ကြယ်တာရာများအလား လေးလံခိုင်မာနေပြီဖြစ်ကာ ဝိညာဉ်အတွေးတစ်မျှင်ပင်လျှင် ကျင်းတစ်သောင်းအရှိန်အဟုန်ကို ဆောင်ကြဉ်းနေပြီ ဖြစ်သည်။ ဤသည်မှာ လုံလောက်သော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ နောက်ထပ် နှောင့်နှေးနေရန် မလိုအပ်တော့ချေ။
ထိုသို့တွေးတောရင်း နင်းဖန်၏ ဝိညာဉ်ခန္ဓာသည် မတ်တတ်ရပ်လိုက်၏။ သူသည် လေးလံသောအရာကို ပေါ့ပါး စေသည့် နည်းစနစ်ကို အသုံးပြုကာ ဝိညာဉ်လေ၏ အကူအညီဖြင့် အထက်သို့ တည့်တည့်ပျံတက်သွားခဲ့သည်။ တောင်ကြားထဲသို့ ဆင်းသက်စဉ်က ခက်ခဲခဲ့သော်လည်း ပြန်တက်ရာတွင်မူ များစွာမြန်ဆန်လှသဖြင့် ခဏချင်းမှာပင် တောင်ကြားအဝင်ဝသို့ ရောက်ရှိလာတော့သည်။
နောက်ဆုံးတွင် နင်းဖန်၏ ဝိညာဉ်သည် ဝိညာဉ်ချောက်ကမ်းပါးတောင်ကြားမှ ခုန်ထွက်လာခဲ့၏။ သူသည် လေဟာနယ်တွင် လွင့်မျောရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ထိုင်နေဆဲဖြစ်သော သူ၏ရုပ်ခန္ဓာနှင့် ကျောက်စာတိုင်ထက်ရှိ ပထမနေရာ၌ သူ၏နာမည်ကို မြင်တွေ့လိုက်ရသဖြင့် ကျေနပ်စွာ ခေါင်းညိတ်မိသည်။
ထို့နောက် နင်းဖန်၏ ဝိညာဉ်ခန္ဓာသည် ခန္ဓာအတွင်းသို့ ချက်ချင်းဝင်ရောက်သွား၏။ ထိုခဏ၌ပင် သူ၏မျက်လုံးများ ပွင့်လာပြီး ကျင့်ကြံခြင်းနယ်ပယ်သည် ဝိညာဉ်သန့်စင်ခြင်းအတားအဆီးကို ကျော်ဖြတ်ကာ စိတ်ဝိညာဉ်သွန်းလုပ်ခြင်းနယ်ပယ် ကနဦးအဆင့်သို့ တစ်ဟုန်ထိုး တက်လှမ်းသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း ရုပ်ခန္ဓာနှင့် ဝိညာဉ် နှစ်ခုစလုံး ပိုမိုအားကောင်းလာကာ အသိစိတ်ပင်လယ်ဗဟိုချက်၌ "နတ်ဘုရားစိတ်အာရုံ" ဟူသော စွမ်းအားသစ်တစ်ခု စတင်မွေးဖွားလာ၏။
ထိုစွမ်းအားသည် ပုံသဏ္ဌာန်မရှိသော်လည်း အာရုံငါးပါးကဲ့သို့ ထက်မြက်လှပေသည်။သူ၏ စိတ်အာရုံသည် အရပ်မျက်နှာအားလုံးသို့ လျှင်မြန်စွာ ပျံ့နှံ့သွားပြီး ဝိညာဉ်ဖိနှိပ်ခြင်းတောင်ထိပ်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ မိုင်တစ်ထောင်အကွာအဝေးသို့ ရောက်ရှိမှသာ ရပ်တန့်သွားတော့သည်။