← Chapters

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း (၁၃၈) ငါ့ ဂျူနီယာညီမလေး ကို ဘယ်သူ ဝင်ပူးထားတာလဲ

ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌။

အကြီးအကဲများသည် လျှို့ဝှက်နယ်မြေ ၏ အနက်ရှိုင်းဆုံး အပိုင်းကို မော့ကြည့်နေကြပြီး အားလုံး စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေကြ၏။ရွှီယိုဝေ သည် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး အကြိမ်ကြိမ် သက်ပြင်းချကာ ပြောလိုက်သည်။

"ဂိုဏ်းချုပ် က အရန် ကျောက်စိမ်း အကြောင်း မေးနေလား မမေးဘူးလာ... အချိန်အတော်ကြာနေပြီကို ဆင်းမလာသေးဘူး... ဘာလဲ၊ သူ မဟာအကြီးအကဲ သုံးယောက်နဲ့ အရက်သောက်နေတာလား"

"ဂျူနီယာညီလေး... စကားပြောဆင်ခြင်ပါ"

ယွီရူရွှမ်းသည် ရွှီယိုဝေ မဆင်မခြင် စကားဆိုနေပြီး မဟာအကြီးအကဲများကိုပင် ဝေဖန်ရန် ရဲတင်းနေသည်ကို မြင်သောအခါ ချက်ချင်း တားဆီးလိုက်၏။ ရွှီယိုဝေမှာ ပါးစပ်ပိတ်ထားရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

အချိန်အတန်ကြာ စောင့်ဆိုင်းပြီးနောက် သက်တံရောင် အလင်းတန်းတစ်ခုသည် သူတို့နေရာသို့ ရုတ်တရက် ဆင်းသက်လာခဲ့ရာ၊ ပြန်လည်ရောက်ရှိလာသော ဖေ့ချင်းယွီပင် ဖြစ်၏။ သူသည် လက်နောက်ပစ်လျက် ရပ်နေပြီး အမူအရာမှာ တည်ငြိမ်နေကာ စိုးရိမ်ပူပန်မှု သို့မဟုတ် စိတ်မရှည်မှု အရိပ်အယောင်များကို လုံးဝ ပြသခြင်း မရှိတော့ချေ။

"ဂိုဏ်းချုပ် ... မဟာအကြီးအကဲတွေက ဘာများ မိန့်ဆိုလိုက်လဲ"

ကျုံးတင်းက ဦးစွာပထမ မေးမြန်းလိုက်၏။

ဖေ့ချင်းယွီသည် ပခုံးကို ပုတ်ပေးရင်း နှစ်သိမ့်လိုက်၏။

"ဂျူနီယာညီလေးကျုံး... စောစောစီးစီး လွှတ်ချလိုက်ဖို့ ငါ အကြံပြုချင်တယ်။ အဲဒီ ပါဝင်ပစ္စည်းတွေအကြောင်း ဆက်မတွေးပါနဲ့တော့။ အဲဒါတွေ အားလုံးကို နင်းဖန်အတွက် ကျင့်ကြံခြင်း အထောက်အကူတွေလို့ပဲ သတ်မှတ်လိုက်ပါတော့"

"မဟုတ်သေးပါဘူး... ဘာအဓိပ္ပာယ်လဲ"

ကျုံးတင်းမှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားရတော့၏။

‘သူတို့ ထွက်ခွာတော့မှာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ရုတ်တရက်ကြီး လက်လွှတ်လိုက်ဖို့ ပြောရတာလဲ’

အနီးအနားရှိ ချီလေ့ကွမ်သည် ထိုစကားကို ကြားသောအခါ လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ချက်ချင်း မေးမြန်းလိုက်၏။

"မဟာအကြီးအကဲတွေလည်း အရန်ကျောက်စိမ်းကို ဘယ်လို အသက်သွင်းရမလဲဆိုတာ မသိကြတာလား"

ဖေ့ချင်းယွီကား တိတ်ဆိတ်နေဆဲ ဖြစ်၏။ ရွှီယိုဝေက စိုးရိမ်တကြီးဖြင့် ဆိုလိုက်၏။

"ဂိုဏ်းချုပ် စကားတစ်ခွန်းလောက် ပြောပါဦး”

ဖေ့ချင်းယွီသည် သက်ပြင်းတစ်ချက်ချကာ ခေါင်းခါပြလိုက်၏။

"အရန်ကျောက်စိမ်းက ပျက်စီးနေတာလား"

လီချန်မင် ဟု ခန့်မှန်းမေးမြန်းလိုက်၏။

ဖေ့ချင်းယွီသည် ကောင်းကင်ယံသို့သာ ငေးမောကြည့်နေခဲ့၏။ မည်မျှပင် မေးမြန်းစေကာမူ သူ ပြန်လည်ဖြေကြားခြင်း မရှိသည်ကို မြင်ကြရသောအခါ အားလုံးမှာ ဒေါသထွက်ခြင်းနှင့် အကူအညီမဲ့ခြင်းတို့ကို တပြိုင်နက်တည်း ခံစားလိုက်ကြရ၏။ ထိုအခိုက်အတန့်တွင် ယွီရူရွှမ်းက ရုတ်တရက် တိုးညင်းသောအသံဖြင့် ရေရွတ်လိုက်၏။

"အရန်ကျောက်စိမ်း ပျက်နေတာ မဟုတ်ဘဲ တစ်ယောက်ယောက်က ငါတို့ကို ထွက်မသွားနိုင်အောင် တမင်တကာ တားဆီးနေတာများလား"

သူမ၏ အသံ ဆုံးသွားသည်နှင့်တပြိုင်နက် ဖေ့ချင်းယွီ၏ မျက်လုံးများ ချက်ချင်း လင်းလက်သွားပြီး လက်မထောင်ပြလိုက်၏။ ဤသည်ကို မြင်သောအခါ ရွှီယိုဝေသည် အပေါ်ဝတ်ရုံကို ချက်ချင်း ချွတ်ကာ မြေကြီးပေါ်သို့ ပြင်းထန်စွာ ပစ်ချလိုက်ပြီး ကြိမ်းဝါးလိုက်၏။

"ဘယ်သူလဲ။ ဘယ်ကောင်က ငါတို့ ထိုက်ရီအစစ်အမှန်ဂိုဏ်းကို အကျဉ်းချဖို့ ရဲတင်းနေရတာလဲ... စီနီယာအစ်ကို၊ ငါ့ကိုသာ ပြောစမ်းပါ။ သူ့ကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်"

ဖေ့ချင်းယွီသည် ချောင်းတစ်ချက်ဟန့်လိုက်၏။

"အဲဒါ ဘိုးဘေးပဲ"

ရွှီယိုဝေ၏ ခန္ဓာကိုယ်မှာ ချက်ချင်းဆိုသလို အေးခဲတောင့်တင်းသွားခဲ့၏။ ထို့နောက် သူ၏ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများ ချက်ချင်း လျော့ကျသွားပြီး ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ နူးညံ့သွားကာ အဝတ်အစားများကို တိတ်ဆိတ်စွာ ကောက်ယူလိုက်၏။

ထို့နောက် သူသည် လက်အုပ်ချီကာ ပတ်ဝန်းကျင်သို့ ဦးညွှတ်လိုက်၏။

"ဘိုးဘေး... တပည့် တစ်ခဏတာ စိတ်လိုက်မာပါ ဖြစ်သွားတာပါ။ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့"

ဖေ့ချင်းယွီသည် ဤမြင်ကွင်းကို ကြည့်ရင်း ရယ်မောချင်စိတ်ကို မနည်း ထိန်းချုပ်ထားရ၏။ အခြားသူများကမူ ရွှီယိုဝေ၏ ရယ်စရာကောင်းသော အသွင်အပြင်ကို လျစ်လျူရှုထားကြကာ ဖေ့ချင်းယွီ ယူဆောင်လာသော တုန်လှုပ်ဖွယ်သတင်းများထဲတွင်သာ အားလုံး နစ်မြုပ်နေခဲ့ကြ၏။

ရှောင်ချာသည် ရှေ့သို့ တက်လာကာ မေးမြန်းလိုက်၏။

"စီနီယာအစ်ကို၊ အတိအကျ ဘာတွေ ဖြစ်နေတာလဲ... ဘိုးဘေးက ငါတို့ကို ဘာလို့ အကျဉ်းချထားရတာလဲ၊ ပြီးတော့ သူ ဘယ်လို လုပ်ခဲ့တာလဲ"

သို့သော် ဖေ့ချင်းယွီ က ခေါင်းခါလိုက်ပြီး

"ကောင်းကင် ရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်လို့ မရဘူး... ဘိုးဘေး က ငါတို့ကို အန္တရာယ် မပေးဘူး ဆိုတာကို နားလည်ထားဖို့ပဲ လိုတယ်"

ထိုစကားကို လူအုပ်ကြီးက လက်မခံနိုင်ကြချေ။ သို့သော် သူတို့ မည်မျှပင် မေးမြန်းစေကာမူ ဖေ့ချင်းယွီသည် မည်သည့်အရာကိုမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။ နောက်ဆုံးတွင် အားလုံးသည် အကူအညီမဲ့စွာဖြင့် လက်လျှော့လိုက်ရတော့၏။

ထိုသတင်းများကို မထုတ်ဖော်ခြင်းမှာ မဟာအကြီးအကဲ သုံးဦး၏ ရည်ရွယ်ချက်ပင် ဖြစ်၏။ ကောင်းကင်နှင့် မြေကြီး၏ မဟာဘေးဒုက္ခသည် နီးကပ်လာပြီ ဖြစ်ရာ ဤကိစ္စမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှပေသည်။ အကယ်၍ သတင်း ပေါက်ကြားသွားပါက လျှို့ဝှက်နယ်မြေအတွင်းရှိ တပည့်များအကြား ထိတ်လန့်မှု ဖြစ်စေနိုင်ဖွယ် ရှိ၏။

ထိုက်ရီအကြွင်းအကျန်နယ်မြေက သူတို့ကို ကာကွယ်ပေးနိုင်မည် ဖြစ်သော်လည်း၊ ကမ္ဘာကြီး ပျက်စီးတော့မည်ဟူသောအချက်ကို ရုတ်တရက် သိရှိသွားရခြင်းမှာ ကောင်းသောအရာ ဖြစ်လာမည် မဟုတ်ပေ။ ထို့ကြောင့် လူတိုင်း၏ စိတ်ခံစားချက်များကို ထည့်သွင်းစဉ်းစားရန်အတွက် မဟာအကြီးအကဲများက လျှို့ဝှက်ထားရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်၏။

အမှန်တကယ်တွင် လူအများစုအတွက်မူ လျှို့ဝှက်နယ်မြေတွင် ပိတ်မိနေခြင်းမှာ ကြီးမားသော ပြဿနာ မဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ အချိန်ကာလမှာ မရှည်လျားလှပေ။ နှစ်အနည်းငယ် သို့မဟုတ် ဆယ်နှစ်ကျော်ဟူသည်မှာ တံခါးပိတ် ကျင့်ကြံခြင်း တစ်ကြိမ်စာမျှပင် မရှည်လျားလှချေ။

သို့သော် လူအုပ်ထဲတွင် ကျုံးတင်း၊ ရှောင်ချာနှင့် ဆွန်းချီယွမ်တို့ သုံးဦးသာ ဝမ်းနည်းပူဆွေးနေကြ၏။ တစ်ယောက်က ချက်ပြုတ်စရာ ပါဝင်ပစ္စည်းများအတွက်၊ နောက်တစ်ယောက်က ဆေးလုံးများအတွက်နှင့် တတိယတစ်ယောက်မှာ ဆေးဖက်ဝင်အပင်ဥယျာဉ်အတွက် စိုးရိမ်ပူပန်နေကြခြင်း ဖြစ်၏။

နင်းဖန်ကို ဂိုဏ်းအတွင်း၌ စိတ်ကြိုက် လှုပ်ရှားခွင့် ပေးထားခြင်းကြောင့် အရင်းအမြစ်များ မည်မျှပင် ပျက်စီးဆုံးရှုံးသွားမည်ကို မည်သူမျှ မခန့်မှန်းနိုင်ကြတော့ချေ။ ဤသည်ကို တွေးမိသောအခါ သူတို့ သုံးဦးသည်လည်း အောက်ဘက်သို့ ငေးမောကြည့်နေခဲ့ကြ၏။

ယခုအချိန်တွင် နင်းဖန်သည် သားရဲတစ်သောင်းတောင်ထိပ်၏ စားသောက်ဆောင်မှ ယူဆောင်လာခဲ့သော မသေမျိုးအရက်ကို သယ်ဆောင်ကာ၊ လှေပျံကို မောင်းနှင်လျက် သူတော်စင်မိန်းမပျိုနန်းတော်သို့ ပျံသန်းလာသည်ကိုသာ သူတို့ မြင်တွေ့လိုက်ကြရတော့၏။

"ဂျူနီယာညီမလေး နိုးပြီလား"

နန်းတော်အတွင်းသို့ ရောက်ရှိသည်နှင့် နင်းဖန်သည် စိတ်အားထက်သန်စွာ အော်ခေါ်မိမလို ဖြစ်သွားသော်လည်း သူ့တွင် နတ်ဘုရားစိတ်အာရုံ ရှိနေပြီဖြစ်ကြောင်း သတိရကာ ပါးစပ်ပိတ်လိုက်၏။

သူသည် နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်၍ ကြည့်လိုက်ရာ နန်းတော်အတွင်းရှိ အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့လိုက်ရ၏။ ကျောက်စိမ်းအေးကုတင်ပေါ်တွင် ကျန်းထန်မှာ တိတ်ဆိတ်စွာ လဲလျောင်းနေဆဲ ဖြစ်၏။

နင်းဖန်သည် တာအိုခန္ဓာကိုယ် ပဲ့တင်ထပ်ခြင်း အချိန်ကြာမြင့်နေမှုအပေါ် သက်ပြင်းချမိ၏။ သူသည် ဝိုင်ကို သောက်သုံးပြီးနောက် မူးဝေသော ခံစားချက်နှင့်အတူ အခန်းအတွင်းသို့ဝင်ကာ အိပ်စက်ရန် ဆုံးဖြတ်လိုက်၏။

လအနည်းငယ်ကြာအောင် မအိပ်စက်ဘဲ ကျင့်ကြံခဲ့ရသဖြင့် မောပန်းနွမ်းနယ်မှုများမှာ လှိုင်းတံပိုးကဲ့သို့ ထလာပြီး ကျန်းထန်၏ ဘေးတွင် လဲလျောင်းကာ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့တော့၏။

အချိန်အတန်ကြာသော် နင်းဖန်သည် ရင်ဘတ်ပေါ်တွင် တစ်ခုခု ဖိထားသကဲ့သို့ ခံစားရသဖြင့် မျက်လုံးကို အသာဖွင့်ကြည့်လိုက်ရာ ကုတင်ပေါ်တွင် တစ်စုံတစ်ယောက်က သူ့ကို ငုံ့ကြည့်နေသည်ကို မြင်လိုက်ရ၏။ သူသည် ဂျူနီယာညီမလေး ကျန်းထန် နိုးလာပြီဟု ထင်မှတ်လိုက်သော်လည်း တစ်ခုခု ထူးဆန်းနေသည်ကို ချက်ချင်း သတိပြုမိသွား၏။

ရှေ့တွင်ရှိနေသူ၏ ရုပ်သွင်နှင့် အရှိန်အဝါမှာ ကျန်းထန်နှင့် တူညီသော်လည်း အမူအရာမှာမူ အလွန်အေးစက်နေ၏။ ထို့နောက် သူမ၏ ဗလာဖြစ်နေသော ခြေဖဝါးဖြင့် နင်းဖန်၏ မျက်နှာကို ရုတ်တရက် နင်းခြေရန် ပြင်လိုက်သည်ကို ထိတ်လန့်ဖွယ် မြင်တွေ့လိုက်ရတော့၏။

"ငါ့ကို ဆုချနေတာလား"

နင်းဖန်သည် လန့်နိုးသွားပြီး အိပ်ချင်မူးတူးဖြင့် သူ့ပါးစပ်ထဲသို့ သကြားလုံးတစ်လုံး အဘယ်ကြောင့် တိုးဝင်လာသနည်းဟု တွေးတောနေမိ၏။

သို့သော် သူ ဇဝေဇဝါဖြစ်နေစဉ်မှာပင် ဦးခေါင်းထက်၌ အားကောင်းသော ဝိညာဉ်ချီများ စုစည်းလာသည်ကို ခံစားလိုက်ရသဖြင့် အိပ်ချင်စိတ်များ ချက်ချင်းပျောက်သွားကာ ဘေးသို့ သီသီလေး လှိမ့်၍ ရှောင်တိမ်းလိုက်ရ၏။ ဤသည်မှာ ဆုလာဘ်ပေးခြင်းမဟုတ်ဘဲ သူ့ဦးခေါင်းကို ဘောလုံးကဲ့သို့ ကန်ကျောက်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိရှိသွား၏။

နင်းဖန်သည် ကုတင်ပေါ်မှ ကြမ်းပြင်သို့ လှိမ့်ဆင်းလိုက်ပြီးနောက် ဝိညာဉ်ချီဖြင့် တောက်ပကျောက်စိမ်းကို အသက်သွင်းလိုက်ရာ အခန်းတစ်ခုလုံး လင်းထိန်သွားတော့၏။ ထို့နောက် သူသည် အေးစက်ရင့်ကျက်သော အသွင်သို့ ပြောင်းလဲသွားသည့် ကျန်းထန်ကို ဒေါသတကြီး ကြည့်ရှုကာ မေးမြန်းလိုက်တော့၏။

"မင်းက ဘယ်သူလဲ... ငါ့ ဂျူနီယာညီမလေး ကိုတောင် ဝင်ပူးဖို့ သတ္တိရှ်ိတယ်ပေါ့”

All Chapters