← Chapters

အခန်း ၂၈၁

Vol. 29 Ch. 281

အခန်း ၂၈၁

Vol. 29 Ch. 281

အခန်း (၂၈၁) - ဒဏ်ကြေးများ၊ နောက်တစ်ခါလာပြန်ပြီလား

ယန်ချင်းမှာ လွင့်ပြယ်နေသော သူ၏စိတ်အာရုံနှင့် အတွေးများကို ပြန်လည်ထိန်းချုပ်နိုင်ရန် မိနစ်အနည်းငယ်မျှ အချိန်ယူလိုက်ရလေသည်။ ကိုယ်ပိုင်သုံးစွဲခွင့်ရှိသော ရန်ပုံငွေကဏ္ဍရှိ သုညဂဏန်းအစီအရီကို မြင်လိုက်ရခြင်းက သူ၏နှလုံးကို ဂနာမငြိမ်ဖြစ်သွားစေပေသည်။

ယန်ချင်းသည် အဆင့်တက်ကာ ပြိုင်ဘက်ကင်း ကျောက်စိမ်းခန္ဓာကိုယ်ကို ရရှိခဲ့သည့် အချိန်မှစ၍ တစ်ခါမျှ ချွေးမထွက်ခဲ့ဖူးချေ။ သို့သော် ယခုအချိန်၌မူ သူ့လက်ဖဝါးများမှာ ချွေးများစို့နေပြီး ဝတ်ရုံတွင်ပါဝင်သော ကိုယ်ပိုင်သန့်စင်ခြင်းလုပ်ဆောင်ချက်နှင့် အတွင်းပိုင်းအပူချိန်ညှိစနစ်တို့သာ မရှိပါက သူ့တစ်ကိုယ်လုံး ရွှဲရွှဲစိုနေမည်မှာ အသေချာပင်။

ရုံးတော်မှ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး သန်းလေးဆယ်ကို သူဆန္ဒရှိသလို သုံးစွဲရန် ပေးအပ်လိုက်သည်ကို ယခုတိုင် မယုံကြည်နိုင်သေးချေ။

အံ့အားသင့်တွေဝေနေသော ယန်ချင်းမှာမူ ထိုရန်ပုံငွေများကို အသုံးပြုရမည့်‌နေရာနှင့် ပတ်သက်၍ ရှီထျန်၏ရှင်းပြချက်များကို မကြားလိုက်ချေ။ အံ့ဩမှင်တက်နေသောသူ၏ဦးနှောက်ကမူ သူနှင့်အကိုက်ညီဆုံးဖြစ်မည့် အရာများဖြင့်သာ အလိုအလျောက် အစားထိုးဖြည့်စွက်လိုက်လေသည်။

'ဤမျှများပြားသော ရန်ပုံငွေများရရှိပါလျက်နှင့် ကျန်းချင်း‌ကောတစ်ယောက် အဘယ်ကြောင့် အမြဲတမ်း ငွေပြတ်လပ်နေရသည်'ကို ယန်ချင်းတွေးတောနေမိလေသည်။ သူသည် ထိုဂဏန်းများကို တစ်ချက်ပြန်ကြည့်လိုက်ရင်း သွားဖြီးကာ ပြုံးလိုက်ရာ တံတွေးများပင် ကျလုနီးပါး ဖြစ်သွားချေသည်။

ကျန်းချင်း‌ကောသည်လည်း သူတို့တွေ့ဆုံတိုင်း သူ၏အဖြစ်မျိုးနှင့် ကြုံတွေ့နေရပုံပေါ်၏။ ဝိညာဉ်ကျောက်တုံး လုံးဝမရှိပုံရသော ခန်းဟွေ့လန်နှင့် ဒဏ်ကြေးများအပြင် အမြဲတမ်းဗိုက်ဆာနေတတ်သည့် ယန်ချင်းတို့မှလွဲ၍ ကောင်းကင်ပိုးရက်ကန်းအဖွဲ့ထဲတွင် ကျန်းချင်း‌ကောသည် ငွေကြေးပြဿနာရှိသော သူတို့အဖွဲ့ဝင်တစ်ဦးပင် ဖြစ်သည်။

သူမ၏အခြေအနေမှာ ယန်ချင်းနှင့် ခန်းဟွေ့လန်တို့လောက် မဆိုးရွားသော်ငြား အမြဲလိုလို သုံးလောက်ရုံသာ ရှိတတ်၏။ ထိုသို့ဖြစ်ရခြင်းမှာ သူမ၏ရှက်ရွံ့တတ်ပြီး အရိုင်းဆန်သော အကျင့်စရိုက်ကြောင့် ယန်ချင်းထက် ပိုမိုများပြားသော ဒဏ်ကြေးများကို ပေးဆောင်ရခြင်းကြောင့် ဖြစ်ပေသည်။

လူအများနှင့်ဆက်ဆံရာတွင် ထိုမျှလောက် အခက်အခဲဖြစ်နေပါလျက်နှင့် သူမအနေဖြင့် တရားသူကြီးတစ်ဦးဖြစ်ရန် အဘယ်ကြောင့် ရွေးချယ်ခဲ့သနည်းဟုပင် ယန်ချင်း တစ်ခါတစ်ရံ တွေးတောမိသေး၏။

သို့သော်လည်း အဆင့်မြင့်ဝိညာဉ်ကျောက်တုံး သန်းလေးဆယ် ရှိနေပါလျက်နှင့် သူမအနေဖြင့် သူဖုန်းစားတစ်ဦးပမာ နေထိုင်နေစရာအကြောင်း မရှိပေ။

"တရားသူကြီး... တရားသူကြီး။"

ရှီထျန်၏ ခေါ်သံကြောင့် ယန်ချင်း၏စိတ်အာရုံများ ပြန်လည်ရောက်ရှိလာလေသည်။

"တောင်းပန်ပါတယ်။ ကျုပ် တာဝန်ဝတ္တရားတွေရဲ့ ကြီးလေးမှုအောက်မှာ နစ်မြုပ်သွားလို့ပါ"

ယန်ချင်းက ရှက်ရွံ့စွာဖြင့် သူ၏နောက်စေ့ကို ကုတ်ရင်း ပြောလိုက်၏။

ရှီထျန်မှာ ယန်ချင်း၏ မျက်နှာပေါ်ရှိ လောဘရမ္မက်ပြည့်နေသော အပြုံးကို မြင်တွေ့ပြီးနောက် သူ့စကားအပေါ် သံသယဝင်သွားသော်လည်း ရှင်းပြချက်များကို ဆက်လက်ပြောဆိုရန် ဆုံးဖြတ်လိုက်လေသည်။

"ကျုပ်ပြောနေသလိုပဲ ခင်ဗျားအနေနဲ့ ကိုယ်ပိုင်သုံးစွဲခွင့်ရှိတဲ့ ရန်ပုံငွေအဖြစ် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး သန်းလေးဆယ်ကို ရရှိပါလိမ့်မယ်။ အဲဒီငွေတွေကို ခင်ဗျားရဲ့အမှုတွဲတွေအတွက် ပြင်ပအဖွဲ့အစည်းတွေက ထမ်းဆောင်ပေးတဲ့ တာဝန်တွေရဲ့ အခကြေးငွေအဖြစ် အသုံးပြုရမှာဖြစ်ပါတယ်။"

"အချို့တာဝန်တွေကိုတော့ ခင်ဗျားဆီ လွှဲပြောင်းပေးမယ့် အမှုတွဲတွေအတွက် တရားစီရင်ရေးကော်မတီရဲ့ တာဝန်ပေးအပ်မှုခန်းမ ဌာနကနေ ချမှတ်ပေးမှာဖြစ်ပြီး တခြားတာဝန်တွေကိုတော့ ခင်ဗျားစိတ်ကြိုက် ကိုယ်တိုင် ချမှတ်နိုင်ပါတယ်။"

“ခင်ဗျားသိတဲ့အတိုင်းပဲ တာဝန်တစ်ခု ပြီးမြောက်သွားတဲ့အခါ အဲဒီတာဝန်ကို ဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်တွေက ဝိညာဉ်ကျောက်တုံးတွေအစား တခြားအရာတစ်ခုခုကို တောင်းဆိုနိုင်ပါတယ်။”

“တကယ်လို့ တန်ဖိုးတူညီတဲ့ ရတနာ ဒါမှမဟုတ် မှော်အသုံးအဆောင်တစ်ခုခုကို တောင်းဆိုလာခဲ့ရင် အဲဒီရတနာကို ရယူဖို့ လိုအပ်တဲ့ ပမာဏကို ပြင်ပထောက်ပံ့ရေးဌာနကနေပြီး ခင်ဗျားရဲ့ ကိုယ်ပိုင်ရန်ပုံငွေထဲကနေ နုတ်ယူသွားပါလိမ့်မယ်။"

"တကယ်လို့ လေ့ကျင့်ရေးကို အလိုရှိတယ်ဆိုရင်တော့ အဲဒီပမာဏကို ခင်ဗျားရဲ့ ကိုယ်ပိုင်ရန်ပုံငွေထဲကနေ အကယ်ဒမီ ဒါမှမဟုတ် သူတို့အလိုရှိတဲ့ ဝန်ဆောင်မှုတွေကို ပေးစွမ်းနိုင်တဲ့ တခြားဌာနတစ်ခုခုကနေ နုတ်ယူသွားပါလိမ့်မယ်။"

"ဒါအကုန်ပဲလို့ ထင်ပါတယ်။"

ရှီထျန်က ပြောလိုက်၏။

"အိုး... ကျုပ် မေ့တော့မလို့၊ တောင်းပန်ပါတယ်။ ကိုယ်ပိုင်ရန်ပုံငွေ ခွဲဝေချထားမှုနဲ့ ပတ်သက်ပြီး ပြင်ဆင်ချက်လေးတွေ ရှိပါတယ်။"

ရှီထျန်က ပြောလိုက်၏။

"ဘာပြင်ဆင်ချက်တွေလဲ။"

ယန်ချင်းသည် ရင်ထဲ၌ ထိတ်လန့်မှုများ ကြီးထွားလာရင်း သတိကြီးစွာဖြင့် မေးလိုက်လေသည်။

“အဆင့်မြင့်ဝိညာဉ်ကျောက်တုံး သန်းလေးဆယ်ကို နှစ်စဉ် ပေးအပ်သွားမယ်လို့ ကျုပ်ပြောခဲ့ပါတယ်။ အဲဒါက အခြေခံအားဖြင့်တော့ မှန်ပေမယ့် အခုတော့ အပြောင်းအလဲလေးတစ်ခု ရှိနေပါတယ်။”

“အရင်တုန်းကတော့ ယခင်နှစ်က ငွေတွေကို ကုန်အောင်သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ နှစ်စဉ်နှစ်တိုင်း အဲဒီပမာဏအတိအကျကိုပဲ ရရှိလေ့ရှိပါတယ်။ သို့ပေမယ့် အခုတော့ အပြောင်းအလဲတစ်ခု ရှိလာပါပြီ…”

'ငါသိသားပဲ' ဟု ယန်ချင်းမှာ ရှီထျန်၏ နောက်ဆက်တွဲစကားများကို အလွန်အမင်း ကြောက်ရွံ့သွားသဖြင့် မျက်နှာတစ်ခုလုံး မည်းမှောင်သွားရင်း တွေးလိုက်မိလေသည်။

"နှစ်စဉ်နှစ်တိုင်း ခင်ဗျားကို ပေးအပ်မယ့် ပမာဏက ယခင်နှစ်က ခင်ဗျားဆီမှာ ကျန်ရှိနေတဲ့ လက်ကျန်ငွေအပေါ်မှာ မူတည်ပါလိမ့်မယ်။ တကယ်လို့ နှစ်ကုန်တဲ့အချိန်မှာ ခင်ဗျားဆီမှာ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ဆယ်သန်း ကျန်ရှိနေသေးတယ်ဆိုရင် ရုံးတော်ကနေ နောက်နှစ်အတွက် ကွာဟချက်ကို ဖြည့်တင်းပေးဖို့ သန်းသုံးဆယ်ပဲ ထပ်ထုတ်ပေးပါလိမ့်မယ်..."

'ဒါဆိုရင် ပမာဏတစ်ခုလုံးကို ကုန်အောင်သုံးပစ်ဖို့ပဲ လုပ်ရတော့မှာပေါ့။ သူတို့ကို ပိုက်ဆံချွေတာခွင့်ပေးဖို့ကတော့ လုံးဝမဖြစ်နိုင်ဘူး'

ဟု ယန်ချင်းက မျက်ဝန်းအိမ်နက်နက်ထဲတွင် ကလဲ့စားချေလိုသည့် အကြည့်များ ဖြတ်ပြေးသွားရင်း ကျေနပ်စွာဖြင့် တွေးလိုက်၏။

သို့သော်လည်း ထိုအစီအစဉ်မှာ ရှီထျန်၏ နောက်ဆက်တွဲစကားများကြောင့် ရေစုံမျောသွားရချေသည်။

"တစ်နှစ်အတွင်း ခင်ဗျား သုံးစွဲတဲ့ပမာဏ နည်းလေလေ၊ ကန့်သတ်ချက်တွေက ပိုမြင့်လာလေလေပါပဲ။ ဒါပေမဲ့ ဒီလိုငွေနည်းနည်းပဲ သုံးမယ်ဆိုရင် သတ်မှတ်ထားတဲ့ ပစ်မှတ်တွေကို ပြည့်မီဖို့နဲ့ အမှုတွဲတွေ ပြီးမြောက်ဖို့အတွက် အရည်အသွေး ပြည့်မီရမယ်ဆိုတဲ ကြိုတင်သတ်မှတ်ချက်အပေါ်မှာ အခြေခံထားတာပါ။"

"ဒါ့အပြင် ကျုပ်တို့က ဒီနေရာမှာ ကြီးမားတဲ့ ပမာဏတွေနဲ့ ကိုင်တွယ်ဖြေရှင်းနေရတာဖြစ်လို့ ခင်ဗျားဆီမှာ စာရင်းစစ်တစ်ယောက်ကိုပါ တွဲပေးထားပါလိမ့်မယ်။ နှစ်ကုန်တဲ့အခါမှာ သူတို့က အုပ်ချုပ်ရေးပိုင်းနဲ့ အတွင်းပိုင်းထောက်ပံ့ရေးဌာန နှစ်ခုလုံးဆီကို အသေးစိတ်အစီရင်ခံစာတစ်ခု ပေးပို့ပါလိမ့်မယ်။"

"ရုံးတော်အနေနဲ့ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ရာဂဏန်းကနေ ထောင်ဂဏန်းအထိ ဟိုနားဒီနား ကွာဟချက်လေးတွေကို ဂရုစိုက်မှာမဟုတ်ပေမယ့် အဲဒီကွာဟချက်က တစ်သိန်းအထိ ရောက်လာမယ်ဆိုရင်တော့ သူတို့ဘက်က အာရုံစိုက်လာပါလိမ့်မယ်။"

“တကယ်လို့ ခင်ဗျားရဲ့သုံးစွဲမှုမှာ အဲဒီပမာဏထက် ကျော်လွန်နေတဲ့ အလွဲသုံးစားလုပ်မှုတွေကို တွေ့ရှိရင်တော့ ဆယ်ရာခိုင်နှုန်း ဒဏ်ကြေး ပေးဆောင်ရပါလိမ့်မယ်။”

“အဲဒီဆယ်ရာခိုင်နှုန်းကို အဲဒီနှစ်အတွင်း ပေးအပ်ခဲ့တဲ့ ပမာဏ‌တွေကနေ ကောက်ခံမှာဖြစ်ပါတယ်။ တကယ်လို့ ခင်ဗျားက သန်းလေးဆယ် ရရှိထားတယ်ဆိုရင် ဒဏ်ကြေးအဖြစ် လေးသန်း ပေးဆောင်ရပါလိမ့်မယ်။”

"ဒါပေမဲ့ တရားသူကြီးယန်ချင်းအနေနဲ့ စိုးရိမ်စရာ ဘာမှမရှိဘူးဆိုတာကို ကျုပ်သိပါတယ်။ ရုံးတော်ရဲ့ တရားသူကြီးတစ်ဦးအနေနဲ့ သမာသမတ်ကျမှုရဲ့ ပြယုဂ်တစ်ခုဖြစ်သလို အပြစ်ဆိုစရာမရှိတဲ့ စရိုက်လက္ခဏာ ပိုင်ရှင်တစ်ဦးပဲလေ။"

ရှီထျန်က ပြောလိုက်၏။

'သူ ငါ့ကို လှောင်နေတာလား' ဟု ယန်ချင်းမှာ မျက်နှာပေါ်ရှိ ကြွက်သားများ ရှုံ့မဲ့သွားမှုကို မနည်းထိန်းချုပ်ထားရင်း တွေးလိုက်လေသည်။

နှစ်စဉ်နှစ်တိုင်း အဆင့်မြင့်ဝိညာဉ်ကျောက်တုံး သန်းလေးဆယ်ကို သုံးစွဲခွင့်ရှိပါလျက်နှင့် ကျန်းချင်း‌ကောတစ်ယောက် အဘယ်ကြောင့် အမြဲတမ်း ငွေပြတ်လပ်နေရသည်ကို နောက်ဆုံးတွင် သဘောပေါက်သွားချေပြီ။

ထိုသို့ သိရှိလိုက်ရခြင်းက ယန်ချင်း၏ စိတ်အခြေအနေကို ဆိုးရွားသွားစေပြီး သမာသမတ်ကျမှုကို ထိန်းသိမ်းရန်ဟူသော ရုံးတော်၏ 'ခြိမ်းခြောက်မှုများ' ကို ကျိန်ဆဲနေမိလေသည်။

အလုပ်ရှင်နှင့် အလုပ်သမားကြားက ယုံကြည်မှုဆိုသည်မှာ ဘယ်ရောက်သွားပြီနည်း။ မည်သည့်အရာကမျှ မမြင့်မြတ်တော့ပြီလော။

ယန်ချင်းသည် အနည်းငယ် ထပ်မံညည်းညူလိုက်ပြီးနောက် ကောင်းမွန်သောအချက်များဆီသို့သာ အာရုံစိုက်လိုက်တော့၏။ သူ၏ လစာတိုးလာမှုမှာ အလွန်သိသာထင်ရှားလှရာ ရုံးတော်၏ ရက်ရောမှုအပေါ် သူအနည်းငယ် အံ့အားသင့်သွားရသည့်အထိပင် ဖြစ်လေသည်။

အဆင့်မြင့်အမာခံတရားရုံး တရားသူကြီးတစ်ဦးအနေဖြင့် သူသည် ယခင်က လစဉ်ဝင်ငွေအဖြစ် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ငါးထောင်ကိုသာ ရရှိခဲ့သော်လည်း ယခုအခါတွင်မူ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး နှစ်သောင်းအထိ ရရှိမည်ဖြစ်ပေသည်။ ဝင်ငွေမှာ လေးဆအထိ ထိုးတက်သွားခဲ့ပြီး ယင်းမှာ ဆုကြေးငွေများကို ထည့်သွင်းမတွက်ရသေးဘဲနှင့်ပင် ဖြစ်လေသည်။

ဆေးလုံးများနှင့် ဆေးရည်များဘက်သို့ လှည့်ကြည့်ရမည်ဆိုလျှင် အဆင့်မြင့်အမာခံတရားရုံး တရားသူကြီးတစ်ဦးအနေဖြင့် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး တစ်သိန်းတန်ဖိုးရှိသည့် ပမာဏကိုသာ ရရှိခဲ့သော်လည်း ယခုလက်ရှိ သူရရှိမည့်ပမာဏမှာ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ငါးသိန်းနှင့် ညီမျှပေသည်။

ခွဲဝေချထားပေးသည့် ဆေးဘက်ဝင်အပင်များနှင့် ရတနာများမှာလည်း သက်ဦးဆံပိုင်အဆင့် ဆေးဘက်ဝင်အပင်များနှင့် ရတနာ အခုတစ်ရာမှ နှစ်ထောင်အထိ သိသိသာသာ တိုးလာခဲ့လေသည်။

ခြုံငုံကြည့်ရမည်ဆိုလျှင် အခြေအနေများမှာ ကောင်းမွန်နေပုံရသော်လည်း အဆင့်မြင့်ဝိညာဉ်ကျောက်တုံး သန်းလေးဆယ်က သူခံစားသင့်သည့် စိတ်လှုပ်ရှားကြည်နူးမှုများကို ဖျက်ဆီးပစ်ခဲ့လေပြီ။ ယခုအခါ၌ သူတွေးနိုင်သည့် တစ်ခုတည်းသောအရာမှာ ကျသင့်လာနိုင်ခြေရှိသော ဒဏ်ကြေးများအကြောင်းသာ ဖြစ်ပေတော့သည်။

All Chapters