← Chapters

အခန်း ၂၈၆

Vol. 29 Ch. 286

အခန်း ၂၈၆

Vol. 29 Ch. 286

အခန်း (၂၈၆) - စစ်ဆေးရေးမှူး နှစ်ဦးနှင့် တွေ့ဆုံခြင်း

အံ့သြစရာကောင်းသည်က တရားခွင်သည် အထက်တန်းအမြုတေ တရားရုံးများရှိ သူ၏တရားခွင်နှင့် တစ်ထေရာတည်း တူညီနေခြင်းပင် ဖြစ်၏။

တရားသူကြီးစင်မြင့်ကို နှစ်ငါးသောင်းသက်တမ်းရှိ နဂါးနီသစ်သားဖြင့် ပြုလုပ်ထားပြီး ကြမ်းပြင်ကိုမူ ပန်းပွင့်ပုံ စီထရင် အနက်ရောင်စကျင်ကျောက်ဖြင့် ခင်းကျင်းထား၏။

ယန်ချင်းအနေဖြင့် ကွဲလွဲနေသည့် အရာအချို့ကို ထောက်ပြရမည်ဆိုလျှင် အနည်းငယ် ကြီးမားနေသည့် အကျယ်အဝန်းနှင့် လက်ရှိတွင် ယန်ချင်းကို ကျောပေးကာ တရားခွင်အလယ်၌ မတ်တပ်ရပ်နေသော လူနှစ်ဦးပင် ဖြစ်ပေမည်။

ထိုအထဲမှ တစ်ဦးမှာ ဖရိုဖရဲဖြစ်နေသော အညိုရောင်ဆံပင်နှင့် အမျိုးသားတစ်ဦး ဖြစ်၏။ သူသည် အရောင်အသွေး စုံလင်စွာဖြင့် ဖာထေးထားသော အရောင်ကျနေသည့် မီးခိုးရောင်ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထား၏။

ထိုမီးခိုးရောင်ဝတ်ရုံအပေါ်တွင် စုတ်ပြဲဟောင်းနွမ်းနေသော အနက်ရောင်ဝတ်ရုံရှည်တစ်ထည်ကို ထပ်မံလွှမ်းခြုံထားလေသည်။ အရပ်အနည်းငယ်မြင့်ပြီး သာမန်ကိုယ်လုံးကိုယ်ပေါက် ရှိလေသည်။

သူ၏ဘေးတွင်မူ ငွေရောင်ဆံပင်များကို မြင်းမြီးပုံစံ စည်းနှောင်ထားသော အမျိုးသမီးတစ်ဦး ရှိနေ၏။ သူမသည် အဝါနုရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လည်ပင်းတွင် အညိုရောင်မာဖလာတစ်ထည်ကို ပတ်ထား၏။

ယန်ချင်း တရားခွင်အတွင်းသို့ ခြေလှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ထိုသူနှစ်ဦးလုံးက သူရှိရာဘက်သို့ အတူတကွ လှည့်ကြည့်လာကြလေသည်။

ထိုအမျိုးသားမှာ အသက်သုံးဆယ်နှောင်းပိုင်းအရွယ်ခန့် ရှိပုံရပြီး ဖရိုဖရဲ မုတ်ဆိတ်မွေးများနှင့်အတူ မိစ္ဆာဆန်ဆန် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုကို ပိုင်ဆိုင်ထား၏။

ထို့အတူ ငွေရောင်ဆံပင်ပိုင်ရှင် အမျိုးသမီးထံတွင်လည်း ဝဲကတော့တစ်ခုကို ဖုံးကွယ်ထားသကဲ့သို့ နက်ရှိုင်းသော မျက်လုံးဝိုင်းကြီးများ ရှိပြီး တောက်ပလှသော သူမ၏ ငွေရောင်ဆံပင်များနှင့် လိုက်ဖက်သည့် သေးသွယ်သော ဘဲဥပုံမျက်နှာလေး ရှိပေသည်။

ယန်ချင်းက သူတို့ကို အကဲခတ်နေသကဲ့သို့ သူတို့နှစ်ဦးကလည်း ယန်ချင်းကို အကဲခတ်နေကြ၏။ သူတို့နှစ်ဦးလုံးက သူ့ထက် ကျင့်ကြံခြင်းအဆင့် မြင့်မားနေသည်ကို တွေ့ရသော်လည်း ယန်ချင်း သိပ်ပြီး အံ့သြမသွားခဲ့ချေ။

အားလုံးက ကျင့်ကြံခြင်းအဆင့်၏ အစောပိုင်းအဆင့်များတွင်သာ ရှိနေကြသဖြင့် ယန်ချင်းအနေဖြင့် သူတို့၏ အဆင့်များကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပေသည်။ အမျိုးသားမှာ နန်းတော်အဆင့်၏ စတုတ္ထအဆင့်တွင် ရှိနေပြီး ငွေရောင်ဆံပင်နှင့် အမျိုးသမီးမှာမူ တတိယအဆင့်တွင် ရှိနေလေသည်။

"ခင်ဗျားက ဒိုင်ချန်ရဲ့ သူငယ်ချင်း၊ ကျုပ်တို့ရဲ့ သူဌေးအသစ် ဖြစ်ရမယ်။ ကျုပ်က ယွီကန်၊ သူကတော့ ရှာထင်ပါ။ ခင်ဗျားအဖွဲ့ထဲက အဖွဲ့ဝင်နှစ်ယောက် နန်းတော်အဆင့်ကို မရောက်မချင်း ဒီနေ့ကစပြီး ကျုပ်တို့တွေ အတူတူ အလုပ်လုပ်ကြရမှာပါ"

ယွီကန်က ရှက်ကိုးရှက်ကန်း ရယ်မောရင်း ဆက်ပြောလိုက်၏။

"အာ... တွေ့ရတာ ဝမ်းသာပါတယ်ဗျာ။ အမှုတွေ အများကြီး လုပ်နေရတော့ ကျုပ်စကားပြောတာတောင် နည်းနည်းလောနေသလို ဖြစ်သွားတယ်၊ တောင်းပန်ပါတယ်ဗျာ"

"တွေ့ရတာ ဝမ်းသာပါတယ် တရားသူကြီးယန်ချင်း။ ကျွန်မက ရှာထင်ပါ"

ငွေရောင်ဆံပင်နှင့် အမျိုးသမီးက ယန်ချင်းကို ရိုသေလေးစားစွာဖြင့် ဂါဝရပြုရင်း ဆိုလိုက်၏။ သူမ၏ မျက်နှာက တည်ငြိမ်နေပြီး လေသံမှာလည်း အေးဆေးလွန်းလှ၏။

ယန်ချင်းသည် ထိုသူနှစ်ဦးကြားရှိ အလွန်ကွဲပြားနေသော စရိုက်လက္ခဏာများကို သတိမပြုမိဘဲ မနေနိုင်အောင် ဖြစ်သွားရလေသည်။

"အားလုံးနဲ့ တွေ့ရတာ ဝမ်းသာပါတယ်။ ကျုပ်က ယန်ချင်းပါ။ အခုကစပြီး ကျုပ်ကို စောင့်ရှောက်ပေးကြပါဦး"

ယန်ချင်းက ဂါဝရ ပြန်လည်ပြုလုပ်ရင်း ပြောလိုက်၏။

"ရော့၊ ဒါကို ခင်ဗျားဆီပေးဖို့ မှာလိုက်တယ်"

ယွီကန်က ကျောက်စိမ်းဖြူ အဆောင်တစ်ခုကို ပစ်ပေးလိုက်ရာ ယန်ချင်း၏ လက်ဝါးထဲသို့ ကွက်တိ ကျဆင်းလာလေသည်။

"အဲဒီအထဲမှာ ဒီလအတွက် ခင်ဗျားဆီ တာဝန်ချထားတဲ့ အမှုစာရင်းတွေကို တွေ့ရပါလိမ့်မယ်။ ကျုပ်တို့က ပထမဆုံး အမှုသုံးခုကို စတင်စစ်ဆေးနေပါပြီ။ ဒီအပတ်ကုန်လောက်ဆိုရင် အသေးစိတ် တွေ့ရှိချက်တွေကို ခင်ဗျားဆီ ပေးနိုင်ပါလိမ့်မယ်"

ယွီကန်၏ မျက်နှာပေါ်တွင် တောင်းပန်ချင်သည့် အရိပ်အယောင်များ ပေါ်လာပြီး ဆက်ပြောလေသည်။

"ကံကောင်းချင်တော့ ခင်ဗျားက အကယ်ဒမီရဲ့ စာမေးပွဲတွေအတွက် အရင်ဆုံး ပြင်ဆင်ပြီး ကြီးကြပ်ရမယ်လို့ ကြားထားတယ်။ အဲဒါကြောင့် ကျုပ်တို့ အမှုတွေကို စုံစမ်းစစ်ဆေးဖို့ အသက်ရှူချောင်သွားတာပေါ့။ ပြီးတော့ ကျုပ် ခင်ဗျားကို ကြိုပြောထားသင့်တယ်လို့ ထင်တယ်။

နောက်ပိုင်းကျရင် တချို့အမှုတွေမှာ ခင်ဗျားကိုယ်တိုင် မြေပြင်ဆင်းပြီး အလုပ်လုပ်ရတာမျိုး ရှိလာနိုင်တယ်။ ဒါမှမဟုတ် ခင်ဗျားရဲ့ စစ်ဆေးရေးမှူးတွေကို တာဝန်ခွဲပေးလို့လည်း ရပါတယ်။ အဆင့်လေးဂိုဏ်းတွေ ပါဝင်ပတ်သက်နေတဲ့ အမှုတချို့ကိုတော့ သူတို့တွေ ကိုင်တွယ်နိုင်လိမ့်မယ်။

ရှာထင်ရယ်၊ ကျုပ်ရယ်၊ အခုဆို ခင်ဗျားရယ်က အဆင့်သုံး အဖွဲ့အစည်းတွေ ပါဝင်ပတ်သက်နေတဲ့ အမှုတွေကို ကိုင်တွယ်ရလိမ့်မယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။

စီနီယာတွေအနေနဲ့ ကျုပ်တို့ကပဲ အမှုအများစုကို တာဝန်ယူပေးမှာပါ။ ကျုပ်တို့ လက်လှမ်းမမီတော့တဲ့ အခါကျမှသာ ခင်ဗျားရဲ့ အကူအညီကို တောင်းခံပါ့မယ်။ ခင်ဗျား စိတ်မကွက်ဘူးလို့ မျှော်လင့်ပါတယ်"

"မဟုတ်တာဗျာ၊ ကျုပ် စိတ်မကွက်ပါဘူး။ ခင်ဗျားတို့ရဲ့ အကူအညီကို ရတဲ့အတွက် ကျုပ်ကတောင် ကျေးဇူးတင်ရဦးမယ်။ ခင်ဗျားတို့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။ တာဝန်တွေ ပေါ့ပါးသွားအောင် ကူညီဖို့ ကျုပ်ဘက်က လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးဖို့ အဆင်သင့်ပါပဲ"

ယန်ချင်းက အလွန်ရိုးသားပွင့်လင်းသော လေသံဖြင့် ပြန်လည်ဖြေကြားလိုက်၏။

လှည့်လည်စစ်ဆေးရေးမှူးများသည် အကောင်းဆုံး အလုပ်အကိုင်ခံစားခွင့်များထဲမှ တစ်ခုကို ရရှိထားပြီး ယန်ချင်းကဲ့သို့သော လူမျိုးများအနေဖြင့် ဝင်ရောက်ခွင့်ရရန် ကုသိုလ်အမှတ်များ သုံးစွဲရမည့် လေ့ကျင့်ရေးစခန်းများကို အခမဲ့ ဝင်ရောက်ခွင့်ရှိကြသည်။

သို့သော်လည်း ထိုကဲ့သို့ ကောင်းမွန်သည့် အစီအစဉ်များ ရှိနေလင့်ကစား သူတို့၏ လုပ်ငန်းခွင် အချိန်ဇယားမှာမူ အဆိုးရွားဆုံးနှင့် အန္တရာယ်အများဆုံး ဖြစ်လေသည်။

ကျင့်ကြံခြင်းလောက ထိန်းသိမ်းရေး အဖွဲ့အစည်းအတွင်း လူအင်အားပြတ်လပ်မှုနှင့် မည်သည့်အခါမျှ မကုန်ဆုံးနိုင်သော အမှုများကြောင့် လှည့်လည်စစ်ဆေးရေးမှူးများမှာ နေရာအနှံ့ ဖြန့်ကြက်ခံထားရပြီး တရားခွင်အမျိုးမျိုးရှိ အမှုများကြားတွင် အမြဲတစေ ကူးချည်သန်းချည် သွားလာနေရ၏။

သူတို့၏ တာဝန်ထမ်းဆောင်မှုသည် ဌာနချုပ်တစ်ခုတည်း၌သာ ကန့်သတ်ထားခြင်း မရှိပေ။

ဌာနခွဲများရှိ တစ်စုံတစ်ယောက် ဒဏ်ရာရခြင်း၊ သေဆုံးခြင်း သို့မဟုတ် တာဝန်မထမ်းဆောင်နိုင်တော့သည့် အခြေအနေမျိုး ကြုံလာရပါက လှည့်လည်စစ်ဆေးရေးမှူးများထဲမှ တစ်ဦးဦးက စစ်ဆေးရေးမှူးအဖြစ်သော်လည်းကောင်း၊ ဌာနခွဲမှူးအဖြစ်သော်လည်းကောင်း ထိုနေရာတွင် ဝင်ရောက် တာဝန်ယူရပေသည်။

သူတို့သည် အမြဲတစေ လှည့်လည်သွားလာနေရသဖြင့် 'လှည့်လည်စစ်ဆေးရေးမှူးများ' ဟူသော အမည်ကို ရရှိခဲ့ခြင်း ဖြစ်၏။ တာဝန်ထမ်းဆောင်ရာတွင် တိုက်ကြီးတစ်ခွင်လုံးသို့ အမြဲတစေ သွားလာနေရခြင်းကြောင့် ရန်သူအမြောက်အမြားကို ဖန်တီးမိလျက်သား ဖြစ်စေ၏။

ထိုအကြောင်းကြောင့်ပင် သူတို့သည် သေဆုံးမှုနှုန်း အမြင့်မားဆုံးဖြစ်နေပြီး အပြင်းထန်ဆုံးသော လေ့ကျင့်ရေးများကို လုပ်ဆောင်ရခြင်း ဖြစ်လေသည်။

သူတို့သည် မည်သည့်အမှုကိုမျှ တစ်ယောက်တည်း ကိုင်တွယ်လေ့ မရှိပေ။ အမှု၏ ပြင်းထန်မှုအပေါ် မူတည်၍ လူနှစ်ဦး သို့မဟုတ် အများဆုံး လေးဦးအထိပါဝင်သော အဖွဲ့များ ဖွဲ့စည်းကာ လုပ်ဆောင်လေ့ရှိကြ၏။ ဖွဲ့စည်းထားသော အဖွဲ့များသည် တိုက်ခိုက်ရေးပိုင်းတွင် အချင်းချင်း အားဖြည့်ပေးနိုင်ရန် သေချာစွာ ရွေးချယ်ဖွဲ့စည်းထားခြင်း ဖြစ်၏။

ရှာထင်သည် ယွီကန်နှင့် နှိုင်းယှဉ်ပါက ပိုမိုအစွမ်းထက်သော ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်ထားကြောင်း ယန်ချင်း ခံစားသိရှိနိုင်ပြီး ယွီကန်၏ ခန္ဓာကိုယ်မှာမူ ပေါက်ကွဲထွက်တော့မည့် ချော်ရည်ပူများ ဆူပွက်နေသကဲ့သို့ ခံစားရပေသည်။

ထို့ပြင် သူတို့၏ အလုပ်သဘာဝအရ မည်သည့် တရားဝင်ဝတ်စုံကိုမျှ ဝတ်ဆင်ခွင့် မရှိပေ။

အပြင်လောကတွင် ရောနှောနေထိုင်နိုင်ရန်အတွက် အမြဲတမ်း ခြေသလုံးအိမ်တိုင် ကျင့်ကြံသူများကဲ့သို့သာ ဝတ်ဆင်ရပြီး အားလုံးက ရွှေအဆင့် သိုင်းပညာရပ်ဖြစ်သော 'မျက်နှာဖုံးဖြူသစ်ပင်၏ ရေစက်တစ်သောင်း အသွင်ပြောင်းခြင်း' ကို ပွင့်လန်းခြင်းအဆင့် ရောက်သည်အထိ လေ့ကျင့်ထားကြရလေသည်။

မျက်နှာဖုံးဖြူသစ်ပင်၏ ရေစက်တစ်သောင်း အသွင်ပြောင်းခြင်းသည် သူတို့၏ ခန္ဓာကိုယ်များသာမက ချီစွမ်းအင် လက္ခဏာ သဘာဝကိုပါ ပြောင်းလဲပေးနိုင်သော အသွင်ပြောင်းကျင့်စဉ်တစ်ခု ဖြစ်၏။

ထိုပြောင်းလဲနိုင်စွမ်းသည် လူသားများအတွက်သာမက ဝိညာဉ်သားရဲများအထိပါ ကျယ်ပြန့်လေသည်။ ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ရှိသွားပါက ဝိညာဉ်ဖွဲ့စည်းခြင်း အစောပိုင်းအဆင့် ကျွမ်းကျင်သူပင်လျှင် သူတို့၏ ဟန်ဆောင်မှုကို ခွဲခြားသိမြင်နိုင်ရန် ခဲယဉ်းသွားပေလိမ့်မည်။

ဤသည်မှာ ယွီကန်နှင့် ရှာထင်တို့၏ မျက်နှာအစစ်အမှန် ဟုတ်မဟုတ်ကိုပင် ယန်ချင်း သေချာမသိနိုင်ချေ။ အမည်များကတော့ အစစ်အမှန် ဖြစ်နိုင်သော်လည်း မျက်နှာမှစ၍ အလေ့အကျင့်များအထိ အခြားအရာအားလုံးမှာမူ သူတို့၏ ဒုတိယသဘာဝတစ်ခုအဖြစ် စွဲမြဲသွားလောက်အောင် သရုပ်ဆောင်ထားခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ဤအကြောင်းကြောင့်ပင် အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် လှည့်လည်စစ်ဆေးရေးမှူးတိုင်းသည် အဖွဲ့အစည်းမှ ပိုင်ဆိုင်သော သူတော်စင်အဆင့် သစ်ပင်တစ်ပင်ဖြစ်သည့် နှလုံးသားဝိညာဉ်သစ်ပင်တွင် အချိန်အတန်ကြာ သွားရောက်နေထိုင်ကြရလေသည်။

ယင်း၏ရည်ရွယ်ချက်မှာ လူတစ်ဦး၏ နှလုံးသားကို ပွတ်တိုက်အရောင်တင်ရန်နှင့် သံသယဖြစ်လာချိန်တွင် ရှင်းလင်းမှုကို ပေးစွမ်းနိုင်ရန် ဖြစ်၏။ ထိုအရာသာ မရှိပါက လှည့်လည်စစ်ဆေးရေးမှူးများသည် အတွင်းမိစ္ဆာများ၏ သားကောင် အမြဲဖြစ်နေကြပေလိမ့်မည်။

လူတစ်ဦးသည် အရာတစ်ခုအဖြစ် အချိန်အကြာကြီး ဟန်ဆောင်နေမိပါက နောက်ဆုံးတွင် ထိုအရာမှာ အစစ်အမှန် ဖြစ်သွားတတ်လေသည်။ ယင်းသည် လှည့်လည်စစ်ဆေးရေးမှူးတစ်ဦး ဖြစ်ရခြင်း၏ ရုန်းကန်ရမှုများထဲမှ တစ်ခုပင် ဖြစ်လေတော့သည်။

All Chapters