← Chapters

အခန်း ၂၈၈

Vol. 29 Ch. 288

အခန်း ၂၈၈

Vol. 29 Ch. 288

အခန်း (၂၈၈) - မမျှော်လင့်ထားသော ဧည့်သည်

"ဘယ်လိုထင်လဲ"

ယီကျဲက မေးလိုက်၏။

"ကျင့်စဉ်က အဆင့်မြင့်ပေမယ့် ယင်သဘာဝနဲ့ သက်ဆိုင်တဲ့ သိုင်းပညာတွေမှာ မတွေ့ရတတ်တဲ့ တောင့်တင်းပြီး ကြမ်းကြုတ်တဲ့ အငွေ့အသက်တွေ ပါဝင်နေတယ်။ ဒါ့အပြင် အနည်းငယ် ကောက်ကျစ်စဉ်းလဲတဲ့ သဘောသဘာဝလည်း ပါဝင်နေသေးတယ်"

ယန်ချင်းက ပြောလိုက်လေ၏။

"မြွေတစ်ကောင်ရဲ့ အဆိပ်နဲ့ ဝက်ဝံတစ်ကောင်ရဲ့ ရက်စက်ကြမ်းကြုတ်မှုမျိုး ရှိနေသလို ခံစားရတယ်"

အတန်ကြာ စဉ်းစားပြီးနောက် ယန်ချင်းက ထပ်မံဖြည့်စွက် ပြောဆိုလိုက်သည်။

ယီကျဲ၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် သတိမထားမိနိုင်လောက်အောင် ခေတ္တမျှ အေးခဲသွားပြီးနောက် ချက်ချင်းပင် ပြုံးလိုက်ပေ၏။

"ကြည့်ရတာ ကျုပ်တို့ကသာ တရားသူကြီးယန်ချင်းအပေါ် အကြိမ်ကြိမ် မှီခိုအားထားရမယ့်ပုံပဲ"

ယီကျဲက ပြောလိုက်လေသည်။

"အရှင်က နောက်ပြောင်နေပြန်ပါပြီ"

ယန်ချင်းက ပြုံးလျက် ပြောလိုက်လေ၏။

"အမှုနဲ့ပတ်သက်လို့လည်း မာယွမ်ရဲ့ အကူအညီနဲ့ ကျုပ် ဖော်ထုတ်နိုင်ခဲ့တဲ့ တခြားအချက်အချို့ ရှိပါသေးတယ်။

တိုက်ခိုက်သူကို ခေါ်ဝေါ်ရာမှာ သူ့ဇနီးဖြစ်သူက 'ယောင်' ဆိုတဲ့ အမည်ကို ပြောခဲ့တယ်လို့ သူကပြောတယ်။ ဒါပေမဲ့ သူမက စကားပြောနေတုန်း တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားခဲ့တော့ အဲဒီအမည်က အပြည့်အစုံ မဟုတ်နိုင်ပေမယ့် အဲဒီအက္ခရာတွေ ပါဝင်နေတာကတော့ သေချာတယ်။

ဒါ့အပြင် မာယွမ်နဲ့ သူ့မိသားစုက ဖမ်းဆီးမခံရခင် ပြီးခဲ့တဲ့ ခုနစ်နှစ်တာကာလအတွင်း သူ့ဇနီးဖြစ်သူရဲ့ တောင်းဆိုမှုကြောင့် နေရာတစ်နေရာပြီး တစ်နေရာကို ပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်။ အဲဒီနေရာတွေကို ကျုပ် ဒီနေရာမှာ စာရင်းပြုစုထားပြီး သူတို့နေထိုင်ခဲ့တဲ့ ဒေသက အင်အားစုတွေနဲ့ ဆက်ဆံရေးမကောင်းတဲ့ အဖွဲ့အစည်းတွေကိုလည်း ကျန်းဟူကို စုံစမ်းခိုင်းထားပါတယ်။

ဒီရလဒ်က သံသယရှိသူစာရင်းကို ကျဉ်းမြောင်းသွားစေဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ယင်သဘာဝအခြေခံ ကျင့်စဉ်တွေကို ကျွမ်းကျင်တယ်လို့ နာမည်ကြီးတဲ့ အဖွဲ့အစည်းအားလုံးကို ရှာဖွေပေးဖို့ လေဟုန်စီး ကြေးစားသက်တော်စောင့်အဖွဲ့ရဲ့ အကူအညီကိုလည်း ကျုပ် တောင်းခံထားပါသေးတယ်။ တကယ်လို့ ထူးခြားမှု တစ်စုံတစ်ရာ ရှိလာခဲ့ရင် အရှင့်ဆီကို မပျက်မကွက် ပေးပို့ပါ့မယ်"

ယန်ချင်းက သူ၏ ထိုးထွင်းသိမြင်မှုများနှင့် မာယွမ် မျှဝေပေးခဲ့သော သတင်းအချက်အလက်အားလုံး ပါဝင်သည့် ကျောက်စိမ်းအဆောင်တစ်ခုကို ကမ်းပေးလိုက်ရင်း ပြောလိုက်လေ၏။

"ဒါ့အပြင် မာယွမ်ကလည်း ဒီနေရာဝန်းကျင်က စံအိမ်တစ်ခုထဲမှာ ရှိနေပါတယ်။ ဘယ်နေရာမှာ ရှိနေလဲဆိုတာကို ကျန်းဟုကတစ်ဆင့် အရှင့်ဆီကို နောက်မှ အကြောင်းကြားခိုင်းလိုက်ပါ့မယ်"

ယန်ချင်းက ထပ်မံဖြည့်စွက် ပြောဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ ကြည့်ရတာ ပင်ပန်းရမယ့်အလုပ်တွေကို မင်းက အားလုံးနီးပါး လုပ်ဆောင်ပေးခဲ့ပြီးပြီမို့လို့ ကျုပ်တို့အတွက် ကျန်ရစ်တဲ့အပိုင်းက လိုက်နာဆောင်ရွက်ဖို့ လွယ်ကူသွားပါပြီ။ အမှုသုံးခုစလုံးနဲ့အတူ တစ်ပြိုင်နက်တည်း စတင်ဆောင်ရွက်သွားမယ်လို့ ကျုပ် ထင်မိတယ်။ အရေးပါတဲ့ တိုးတက်မှု တစ်စုံတစ်ရာရှိလာခဲ့ရင် ကျုပ် မင်းကို သေချာပေါက် အကြောင်းကြားပေးပါ့မယ်။

နောက်တစ်ကြိမ် မင်းနဲ့ တွေ့ဆုံရတာ ဝမ်းသာရပါတယ် ယန်ချင်း။ သာယာတဲ့ နေ့လေးတစ်နေ့ ဖြစ်ပါစေ"

ယီကျဲက ပြောလိုက်လေ၏။

"ကျုပ်ကလည်း ဝမ်းသာပါတယ်"

ယန်ချင်းက ထွက်ခွာသွားသော ယီကျဲနှင့် ရှာထင်တို့အား လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလျက် ပြောလိုက်လေသည်။

"နောက်မှတွေ့ကြသေးတာပေါ့ ကောင်လေး။ နောက်ပိုင်းကျရင် ငါ့ကို ဟင်းရည်ဝယ်တိုက်ဖို့ မမေ့နဲ့ဦး"

ရှာထင်က ပြောလိုက်လေ၏။

ထိုစကားကြောင့် ယန်ချင်းတစ်ယောက် လန့်ဖျတ်သွားချေသည်။ ဆေးဖက်ဝင်ဥယျာဉ် ဟင်းရည်ဆိုင်သည် တရားရုံးတော်အတွင်းရှိ စားသောက်ဆိုင်များအနက် အကောင်းဆုံးဟင်းရည်များကို ရောင်းချသည့်ဆိုင်တစ်ဆိုင် ဖြစ်သော်လည်း ၎င်းတို့၏ ဈေးနှုန်းများမှာ အလွန်အမင်း မြင့်မားလှပေသည်။ ထို့ကြောင့်ပင် ယန်ချင်းမှာ လစာရပြီးပြီးချင်း သို့မဟုတ် သူ၏လက်ထဲတွင် ပြားစေ့မျှပင် မရှိတော့သည့် လ၏ တတိယရက်သတ္တပတ်ရောက်မှသာ တစ်လလျှင် တစ်ကြိမ်ခန့် ထိုဆိုင်သို့ သွားလေ့ရှိလေသည်။

ထိုစားသောက်ဆိုင်က ဈေးနှုန်းမြင့်မားလှသော်လည်း အသက်သာဆုံး အစားအစာတစ်မျိုးလည်း ရှိသေး၏။ ၎င်းမှာ ငွေပြားတစ်ပြားသာ ပေးရသည့် ကြက်သွန်မြိတ်ဟင်းရည်အေးပင် ဖြစ်လေသည်။ အရသာမှာ ပေါ့ပျက်ပျက်နိုင်လှသော်လည်း မိမိ၏ သိုလှောင်ကွင်းအတွင်း၌ ပစ္စည်းများများစားစား မရှိချိန်အတွင်း ဗိုက်ပြည့်စေရန်အတွက်မူ အသုံးဝင်လှပေသည်။ ထိုဟင်းရည်က ယန်ချင်းကို အကြိမ်အနည်းငယ်မျှ ကယ်တင်ပေးခဲ့ဖူးလေ၏။

ယန်ချင်းအနေဖြင့် အမြင်ကောင်းရချင်နေချိန်၌ ရှာထင်ကို ကြက်သွန်မြိတ်ဟင်းရည်အေး သွားဝယ်တိုက်၍ မဖြစ်နိုင်ပေ။ အထူးသဖြင့် ထိုစစ်ဆေးရေးမှူးနှစ်ဦးအား သူ၏အမှုများတွင် ကိုယ်ဖိရင်ဖိ ကူညီလုပ်ဆောင်စေလိုပါက ပို၍ပင် မဖြစ်နိုင်သေးချေ။ ထို့ကြောင့် သူသည် အိတ်သွန်ဖာမှောက် သုံးစွဲရတော့မည်ဖြစ်ရာ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး အနည်းငယ်မျှ ကုန်ကျသွားမည်ကတော့ မြေကြီးလက်ခတ်မလွဲပင် ဖြစ်လေတော့သည်။

'နေဦး... ငါက လွန်ခဲ့တဲ့ တစ်ပတ်ကနဲ့ မတူတော့ဘူးလေ။ ငါ့ရဲ့ သိုလှောင်ကွင်းကလည်း အရင်လို ဟာလာဟင်းလင်းနဲ့ အိုချောင်ကျမနေတော့ဘူး။ ဟင်းရည်တစ်ခွက်လောက်ကိုတော့ ငါ သေချာပေါက် တတ်နိုင်တာပေါ့... သန်းနဲ့ချီရင်တောင် တတ်နိုင်သေးတယ်'

သိုလှောင်ကွင်းအတွင်း၌ နေရာယူထားသော လက်ဆောင်များအား သတိရလိုက်ချိန်တွင်မူ ယန်ချင်းတစ်ယောက် ကိုယ့်ကိုယ်ကို ကျေနပ်စွာဖြင့် တွေးလိုက်လေ၏။

'သူတို့ရဲ့ နာမည်ကြီး ရတနာအဆတစ်ရာ ဟင်းရည်ကိုတောင် သောက်လို့ရနိုင်သေးတာပဲ'

ယန်ချင်းက ဗိုက်ထဲမှ တဂွီဂွီမြည်သံနှင့်အတူ လောဘတကြီး တွေးလိုက်လေသည်။

ထို့နောက် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်နိုင်သည့်ဟန်ဖြင့် အပြင်ဘက်သို့ ကြွားဝါစွာ လှမ်းထွက်လိုက်ရာ အသက်ဆယ့်နှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်အား ဝင်တိုက်မိမတတ် ဖြစ်သွားခဲ့ပေသည်။

"တောင်းပန်ပါတယ်ကွာ"

ယန်ချင်းက ကောင်လေးကို ရှောင်ရှားရန် အရိပ်ဟာလာဟင်းလင်း ခြေလှမ်းများကို အသုံးပြုရင်း ကမန်းကတန်း ပြောလိုက်လေသည်။

"ခြေလှမ်းတွေက သိပ်လှတာပဲ ယန်ချင်း"

ကောင်လေးက ပြောလိုက်သော်လည်း သူ၏အသံမှာ ကလေးတစ်ယောက်၏ အသံနှင့် လုံးဝမတူညီဘဲ ရင့်ကျက်နေပေသည်။

သူသည် အနက်ရောင် ဆံပင်တိုတို၊ နက်ရှိုင်းသော အနက်ရောင်မျက်လုံးတို့နှင့် လိုက်ဖက်ညီသည့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ ယခုအချိန်တွင် သူသည် ယန်ချင်းအား စိတ်ဝင်စားဟန်ဖြင့် အကဲခတ်ကြည့်ရင်း ပြုံးနေပေသည်။

'ငါ သူ့ကို သိလို့လား'

ယန်ချင်းက မျက်မှောင်ကြုတ်လျက် တွေးလိုက်လေ၏။ သူသည် ထိုကောင်လေးအား သေချာစွာ အကဲခတ်ကြည့်လိုက်သော်လည်း သူ၏မျက်နှာ၊ သူ၏ဝတ်ရုံမှစ၍ သူ၏ ချီစွမ်းအင်အငွေ့အသက်အထိ မည်သည့်အရာကမျှ ယန်ချင်းအတွက် ရင်းနှီးနေခြင်း မရှိပေ။

ယန်ချင်းသည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ ထူးဆန်းသောအရာတစ်ခုကို သတိပြုမိလိုက်၏။ သူ၏ဘေးနားရှိ လူများအနက် မည်သူကမျှ သူ့ရှေ့မှ ကောင်လေးကို သတိထားမိပုံမပေါ်ပေ။ ထို့ထက်ပို၍ သေချာစွာ ကြည့်ရှုလေလေ၊ ထိုသူတို့က ကောင်လေးကို မြင်ပင်မမြင်ရသည့်ဟန် ပေါက်နေလေလေပင်။

'နယ်ပယ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ပဲ'

မိမိရှေ့မှ ကောင်လေးထံသို့ အကြည့်များ ရောက်ရှိသွားချိန်တွင် ယန်ချင်းက တွေးလိုက်လေ၏။

"စီနီယာက အရိပ်သိမ်းငှက်အဖွဲ့ကလို့ ကျုပ် မှတ်ယူလိုက်လို့ ရမလား"

ယန်ချင်းက စမ်းသပ်သည့်အနေဖြင့် မေးလိုက်လေသည်။

"မှန်ပါတယ်၊ မင်းရဲ့အခန်းထဲမှာ ကျုပ်တို့ စကားနည်းနည်းလောက် ပြောလို့ရမလား"

ကောင်လေးက ယန်ချင်း၏ တရားခွင်ထဲသို့ လျှောက်ဝင်သွားရင်း ပြောလိုက်လေ၏။

ယန်ချင်းသည်လည်း နောက်မှလိုက်သွားခဲ့ပြီး တရားခွင်၏ အလယ်ဗဟိုသို့ ရောက်သောအခါ သူ၏ ရွှေလင်းယုန် တံဆိပ်ပြားကို ထုတ်ယူလိုက်ပေသည်။

သူက တံဆိပ်ပြားထဲသို့ ချီစွမ်းအင်များကို ထည့်သွင်းလိုက်ရာ ညင်သာသော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး ၎င်းတို့အောက်ရှိ မှော်ဂါထာအက္ခရာကို အသက်ဝင်သွားစေကာ သူတို့နှစ်ဦးမှာ အခြားနယ်မြေတစ်ခုဆီသို့ ချက်ချင်းဆိုသလို ရောက်ရှိသွားကြလေတော့သည်။

ယန်ချင်းနှင့် ကောင်လေးတို့သည် သူ၏တရားခွင်ထက် အရွယ်အစား ထက်ဝက်ခန့်သာရှိသော ရုံးခန်းတစ်ခုထဲတွင် ပေါ်လာကြ၏။ ထိုအခန်းထဲတွင် နီရဲသော နဂါးသစ်သားစားပွဲတစ်လုံး၊ ကျင့်ကြံရာတွင် ထိုင်ရန်သုံးသော အခင်းများ၊ စာလိပ်များ အပြည့်တင်ထားသော စင်တစ်ခုနှင့် ငယ်ရွယ်သော အရောင်ငါးမျိုးရှိသည့် ဘုစ်ပင်တစ်ပင် စိုက်ပျိုးထားသော အိုးတစ်လုံးတို့ ရှိနေပေသည်။

ယန်ချင်းမှာ လေအေးများကို ရှူသွင်းလိုက်ခြင်းမှလွဲ၍ မတတ်နိုင်တော့ချေ။ အခန်းတွင်းရှိ အရာအားလုံးသည် အထွတ်အထိပ်အဆင့်တွင် ရှိနေပြီး အခန်းတွင်းရှိ သိုင်းကွက်အစီအရင်များအားလုံးမှာလည်း ရွှေအဆင့်၌ ရှိနေကြောင်းကိုပင် သူ အာရုံခံသိရှိနိုင်လေသည်။ ထို့ကြောင့်ပင် ဝိညာဉ်ချီစွမ်းအင်များက ဤမျှလောက်အထိ သိပ်သည်းနေခြင်း ဖြစ်ပေ၏။

အရောင်ငါးမျိုးရှိသည့် ဘုစ်ပင်မှာ အကောင်းဆုံးအရာပင် ဖြစ်လေ၏။ ထိုအပင်သည် ကျင့်ကြံသူတစ်ဦး၏ စိတ်အခြေအနေနှင့် စိတ်ဝိညာဉ်ပင်လယ်ကို ငြိမ်သက်စေခြင်း၊ ခွန်အားဖြည့်တင်းပေးခြင်းနှင့် ပြန်လည်ကောင်းမွန်လာစေခြင်းစသည့် အလိုအလျောက် သက်ရောက်မှုများကို ပိုင်ဆိုင်ထားသော စစ်မှန်သည့် အထွတ်အထိပ်အဆင့် သစ်ပင်တစ်ပင် ဖြစ်ပေသည်။ သို့သော်လည်း ၎င်း၏ အစစ်အမှန်စွမ်းအားမှာ ကျင့်ကြံသူတစ်ဦးအား ရေ၊ သစ်သား၊ မြေ၊ မီးနှင့် သတ္တု တာအိုတို့နှင့် အပြန်အလှန် ဆက်သွယ်ရာတွင် လွယ်ကူစေရန် ကူညီပေးခြင်း၌ တည်ရှိနေလေသည်။

ယန်ချင်းသည် ဤနေရာသို့ အပြီးအပိုင် ပြောင်းရွှေ့လာရန်ပင် အနည်းငယ် သွေးဆောင်ခံလိုက်ရသော်လည်း ကံကောင်းထောက်မစွာဖြင့် သူသည် ယင်းမှာ တရားရုံးတော်၏ ရည်ရွယ်ချက်ဖြစ်ကြောင်း သိရှိနိုင်လောက်အောင် 'ဉာဏ်ပညာ' ပြည့်ဝနေလေ၏။

"သစ်သီးနီဝိုင်နည်းနည်းလောက် သုံးဆောင်မလား၊ စီနီယာ"

ယန်ချင်းက သူ၏သိုလှောင်ကွင်းထဲမှ လိမ္မော်ရောင် ဘူးသီးခြောက်ဘူးတစ်ဘူးကို ထုတ်ယူရင်း မေးလိုက်လေသည်။

"တော်တော်လေးကို အလိုက်သိတတ်တဲ့ကောင်ပဲ။ ကျေးဇူးပဲ... ငါ သောက်ပါ့မယ်"

ဆယ့်နှစ်နှစ်အရွယ် ကောင်လေးက ကျင့်ကြံရာတွင်သုံးသော အခင်းတစ်ခုပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်ချလိုက်ရင်း ပြောလိုက်လေ၏။

All Chapters