← Chapters

အခန်း ၂၈၉

Vol. 29 Ch. 289

အခန်း ၂၈၉

Vol. 29 Ch. 289

အခန်း (၂၈၉) - သတင်းအချက်အလက် အဆက်အသွယ် (၁)

ယန်ချင်းသည် အရိပ်သိမ်းငှက်ဌာနမှ အဖွဲ့ဝင်အတွက် ခွက်တစ်ခွက်ကို ညင်သာစွာငှဲ့ပေးလိုက်ပြီးနောက် သူကိုယ်တိုင်အတွက်လည်း အနည်းငယ်ငှဲ့လိုက်၏။ သူသည် တစ်စုံတစ်ရာကို တွေဝေနေပုံရသော်လည်း နောက်ဆုံးတွင်တော့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေသည်။

သူသည် တစ်စုံတစ်ရာကို ထုပ်ပိုးထားသော ဝါးရွက်များကို ထုတ်ယူလိုက်၏။ ထို့နောက် ၎င်းတို့ကို ဖြည်လိုက်သောအခါ အထဲတွင် ကြွပ်ရွနေအောင် ကင်ထားသည့် ဝက်သားကင်ကို တွေ့လိုက်ရ၏။

မနေ့ညက စားပွဲသောက်ပွဲမှ ဟင်းပွဲအချို့ကို သူသိမ်းဆည်းထားနိုင်ခဲ့ပြီး ၎င်းသည်လည်း ထိုအထဲမှ တစ်ခုပင် ဖြစ်လေသည်။ ထိုဟင်းပွဲတွင် အသုံးပြုထားသော ဝက်သားမှာ ပန်းစိမ်းဝက်ရိုင်းထံမှ ဖြစ်၏။

သူသည် ၎င်းကို အထူးအခါသမယမှသာ စားရန် ရည်ရွယ်ထားသော်လည်း ယခုအချိန်သည်ပင် အသင့်တော်ဆုံးအချိန်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်ချေသည်။

"အင်း... အရသာမဆိုးဘူးပဲ"

ဆယ့်နှစ်နှစ်အရွယ် ကောင်လေးက ဝက်သားတစ်ကိုက် ကိုက်စားလိုက်ပြီး နီရဲသောဝိုင်ကို အနည်းငယ် သောက်လိုက်ရင်း ပြောလိုက်၏။

ယန်ချင်းသည်လည်း အားနာမနေတော့ဘဲ သူ၏ဝေစုကို ချက်ချင်းပင် စားသောက်လိုက်ရင်း အရိပ်သိမ်းငှက်ဌာနခွဲမှ ဆယ့်နှစ်နှစ်အရွယ်ကောင်လေး သူ့ကိုယ်သူ မိတ်ဆက်လာမည့်အချိန်ကို စောင့်ဆိုင်းနေလေ၏။

ထိုဌာနခွဲသည် တရားရုံးတော်မှ လူများအတွက်ပင် လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ဖုံးလွှမ်းနေပေ၏။ ယန်ချင်းကဲ့သို့သော သူတစ်ယောက်ပင်လျှင် ထိုဌာနသည် တရားရုံးတော်၏ ထောက်လှမ်းရေးဌာနခွဲတစ်ခု ဖြစ်ကြောင်းမှလွဲ၍ သူတို့အကြောင်းကို သိပ်မသိပေ။

သူတို့၏ အမှုအခင်းများနှင့် ပတ်သက်သော သတင်းအချက်အလက်တိုင်းမှာ တရားရုံးတော်၏ စာကြည့်တိုက်များအတွင်း၌ဖြစ်စေ၊ အခမ်းအနားများတွင် လက်ခံရရှိသော မှတ်တမ်းဖိုင်များ၌ဖြစ်စေ၊ အားလုံးသည် အရိပ်သိမ်းငှက်ဌာနခွဲ၏ လက်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

သူတို့၏ အဓိကရည်ရွယ်ချက်မှာ တရားရုံးတော် အငိုက်မမိစေရန်အတွက် မျက်စိနှင့် နားများအဖြစ် တာဝန်ယူပေးရန်နှင့် တိုက်ကြီး၏ လက်ရှိအခြေအနေကို တရားရုံးတော်အတွက် အလင်းပြပေးရန်ပင် ဖြစ်၏။

သူတို့မည်သည့်နေရာတွင် နေထိုင်သည်ကို ယန်ချင်း မသိသလို တရားရုံးတော်အတွင်း သူတို့အတွက် သီးသန့်အထပ် သို့မဟုတ် သီးသန့်အဆောက်အအုံ ရှိမရှိကိုလည်း မသိပေ။ သူတို့၏ အဖွဲ့ဝင်များနှင့် ပတ်သက်၍လည်း သိသည်ဟု မပြောနိုင်ချေ။

သို့သော်လည်း အကယ်ဒမီတွင် လေ့ကျင့်ရေးဆင်းပြီးနောက် အရိပ်သိမ်းငှက်ဌာနသို့ ဝင်ရောက်သွားနိုင်ဖွယ်ရှိသော သူ၏နှစ်မှ လူအနည်းငယ်ကိုမူ သူ သိထား၏။ သို့သော် ထိုအရာကလည်း အတည်မပြုနိုင်သေးသော ကောလာဟလတစ်ခုမျှသာ ဖြစ်လေသည်။

မည်သို့ပင်ဖြစ်စေကာမူ သူတို့၏ အဖွဲ့ဝင်များအကြောင်းကို သူမသိလျှင်ပင် သူတို့၏ လူသစ်စုဆောင်းရေး စံနှုန်းများကဲ့သို့သော အချက်အနည်းငယ်ကိုမူ သိထားပေ၏။ သူတို့၏ လူသစ်စုဆောင်းမှုသည် ကျင့်ကြံခြင်းပါရမီထက် ကျင့်ကြံသူတစ်ဦး၏ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်စွမ်းအပေါ် ပိုမိုအာရုံစိုက်ထား၏။

ကျင့်ကြံခြင်းတွင် တင်းကျပ်သော တောင်းဆိုမှုများ မရှိသော်ငြား သူတို့၏ အလုပ်သဘာဝအရ သူတို့၏ လေ့ကျင့်မှုသည် အလွန်တင်းကျပ်ပြီး အန္တရာယ်များလှပေသည်။

အခြားဌာနများတွင် လေ့ကျင့်ရေးလုပ်နေစဉ် သေဆုံးမှုများ လုံးဝမရှိသလောက် နည်းပါးသော်လည်း ဤဌာနသည် ထိုသို့ဖြစ်ရပ်မျိုး မကြာခဏ ဖြစ်ပွားလေ့ရှိသော ရှားရှားပါးပါး ဌာနအနည်းငယ်ထဲမှ တစ်ခု ဖြစ်လေ၏။

ယန်ချင်းက မောင်နှမနှစ်ယောက်အနေဖြင့် အရိပ်သိမ်းငှက်ဌာနတွင် အဆင်ပြေနိုင်မည်ဟု တွေးမိသော်လည်း ထိုနေရာ၏ အန္တရာယ်များက သူ့ကို အနည်းငယ် တွေဝေသွားစေ၏။

...

"ကျုပ်နာမည်က ရှီ... ရှီလို့ပဲ ခေါ်ပါ။ ကျုပ်က အရိပ်သိမ်းငှက်ဌာနရဲ့ ဦးစီးချုပ်လက်ထောက်ပဲ။ သူက အလုပ်များတဲ့သူဆိုတော့ ကျုပ်ကပဲ ဒီလွှဲပြောင်းပေးမှုနဲ့ မိတ်ဆက်တာဝန်ကို ကိုင်တွယ်ပေးတာပါ"

ဆယ့်နှစ်နှစ်အရွယ် ကောင်လေးက တူကိုချလိုက်ရင်း ပြောလိုက်၏။

"ခင်ဗျားကို မိတ်ဆက်ပေးခဲ့တဲ့သူက အရိပ်သိမ်းငှက်ဌာနနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့ တာဝန်တွေက ဘာလဲဆိုတာ ပြောပြခဲ့လား။"

ရှီက မေးလိုက်၏။

"သူက ထောက်လှမ်းရေးအဆက်အသွယ်တစ်ခု ပါဝင်တယ်ဆိုတာနဲ့ အရိပ်သိမ်းငှက်ဌာနက လူတစ်ယောက်က ကျုပ်ကို ထပ်ပြောပြလိမ့်မယ်ဆိုတာကလွဲရင် အသေးစိတ် သိပ်မပြောပြခဲ့ဘူး။"

ယန်ချင်းသည် သူ၏ဟင်းပွဲကို ဘေးသို့ဖယ်ထားလိုက်ပြီး မတ်မတ်ထိုင်လိုက်ရင်း ပြောလိုက်၏။

"အင်း... အဲဒါကောင်းပါတယ်။"

ရှီက ယန်ချင်းအား ကြည့်လိုက်ရင်း စက္ကန့်အနည်းငယ်မျှ စကားရပ်လိုက်၏။

အစပိုင်းတွင် ယန်ချင်းအတွက် အဆင်ပြေသော်လည်း တစ်မိနစ်ခန့် ကြာသွားသောအခါ သူ အနေရခက်လာ၏။ အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ သူ၏ လျှို့ဝှက်ချက်အားလုံး လက်ထောက်ရှီရှေ့တွင် ဖော်ထုတ်ခံနေရသကဲ့သို့ ခံစားလာရ၏။

ကံကောင်းထောက်မစွာဖြင့် လက်ထောက်ရှီက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ချိန်တွင်တော့ ထိုအနေရခက်မှုကို အချိန်အကြာကြီး သည်းမခံလိုက်ရပေ။

"ကျုပ်တို့ ခင်ဗျားကို စောင့်ကြည့်နေတာ တော်တော်ကြာနေပြီ။"

သူ၏အာရုံကြောများကို တည်ငြိမ်စေရန် နီရဲသောဝိုင်ကို တစ်ငုံမျှ သောက်လိုက်သော ယန်ချင်းသည် ထိုစကားကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် သောက်ထားသမျှ အားလုံးကို ပြန်ထွေးထုတ်မိသွားလေ၏။

"ဘာ"

သူက မျက်လုံးပြူးကာ မေးလိုက်၏။

"ခင်ဗျား သိပြီးသားထင်နေတာ။"

လက်ထောက်ရှီက အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်၏။

"ပြီးခဲ့တဲ့နှစ်တွေအတွင်း ခင်ဗျားလုပ်ခဲ့တဲ့ ကိစ္စတွေအရဆိုရင် တရားရုံးတော်က သူတို့ရဲ့ အတက်ကြွဆုံး ဝန်ထမ်းတစ်ယောက်ကို အနီးကပ် စောင့်ကြည့်နေမှာကတော့ အသေအချာပဲပေါ့"

လက်ထောက်ရှီက တခစ်ခစ် ရယ်မောရင်း ပြောလိုက်၏။

"ဘယ်တုန်းကတည်းကလဲ"

ယန်ချင်းက စိုးရိမ်တကြီး မေးလိုက်၏။

"နှစ်အနည်းငယ်လောက်တော့ ရှိနေပြီ။"

လက်ထောက်ရှီသည် နောက်ထပ်ကင်ထားသော ဝက်သားတစ်ဖတ်ကို ချက်ချင်းခွာယူလိုက်ပြီး မြိန်ရေယှက်ရေ ဆက်စားနေလေ၏။

ယန်ချင်းသည် သူ့အား မည်သည့်အရာကိုမျှ လက်တွေ့ကျကျ မပြောပြထားသော တုံ့ပြန်မှုကို နားလည်နိုင်ရန် ကြိုးစားရင်း အေးခဲကာ ထိုင်နေမိ၏။

'သူတို့ငါ့ကို အလွယ်တကူ ဖမ်းမိသွားတာ အံ့သြစရာတော့ မဟုတ်ဘူးပဲ။'

ယန်ချင်း၏မျက်နှာက ပိုမိုဖြူရော်သွားကာ တွေးလိုက်၏။

"ကျုပ် ခင်ဗျားကို ဒီအကြောင်းပြောပြရတဲ့ အကြောင်းရင်းက ခင်ဗျားကို ခြောက်လှန့်ဖို့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ တစ်ပတ်က ခင်ဗျားရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ပြောခဲ့တဲ့ စကားတစ်ခွန်းကို သဘောကျသွားလို့ပါ။ သူမနာမည်က မော့ယွင်ရူလေ။

ပုံမှန်ထက်ပိုပြီး ကျောက်စိမ်းဖြူအဆောင်တွေကို အများကြီး အသုံးပြုပေမယ့် သူမကလည်း အလားအလာရှိတဲ့ ပါရမီရှင်တစ်ယောက်ပါပဲ။ ထောက်ပံ့ပို့ဆောင်ရေးဌာနက သူမကို စာရင်းစရှင်းတော့မယ် ထင်တယ်။ ဒါကြောင့် သူမရဲ့ ပြင်ပလှုပ်ရှားမှုတွေကို လျှော့ချဖို့ ဒီကိစ္စအပြီးမှာ ခင်ဗျား သူမကို သတိပေးထားလိုက်ပါ။"

လက်ထောက်ရှီက ပြောလိုက်၏။

"ကျုပ် သတိပေးလိုက်ပါ့မယ်။"

ယန်ချင်းက လေးနက်စွာ ပြန်ဖြေလိုက်သော်လည်း သူ၏ အတွင်းစိတ်မှာမူ ခြားနားနေလေ၏။

'တခြားတစ်ယောက်ယောက် တရားရုံးတော်ရဲ့ အမျက်ဒေါသကို ခံစားရမယ့်အချိန် ရောက်လာပြီပဲ။ တောင်းပန်ပါတယ် မော့မော့ရာ'

ယန်ချင်းက တွေးလိုက်၏။

သူမျှော်လင့်ထားသည်ထက်ပင် အတွင်းစိတ်ထဲ၌ များစွာ ဝမ်းသာပီတိဖြစ်နေခဲ့ပြီး ယင်းက အရိပ်သိမ်းငှက်များ၏ သူလျှိုလုပ်စောင့်ကြည့်ခံရခြင်းအပေါ် ကြောက်ရွံ့မှုကို လျော့ပါးသွားစေ၏။ သူသည် လက်ထောက်ရှီ၏ လုပ်ရပ်များကိုပင် အတုခိုးလိုက်ကာ ဝက်သားကင်တစ်ခုကို ယူလိုက်လေ၏။

လက်ထောက်ရှီက ယန်ချင်း၏ လုပ်ရပ်များကို ကြည့်ကာ အနည်းငယ် ပြုံးလိုက်ပြီး ဆက်ပြောလိုက်၏။

"ကျုပ် ပြောခဲ့သလိုပဲ ခင်ဗျားပြောခဲ့တဲ့ စကားတစ်ခွန်းက အရိပ်သိမ်းငှက်တွေရဲ့ စံနှုန်းတွေနဲ့ သွားပြီး တိုက်ဆိုင်နေတယ်။ ခင်ဗျား ဘာပြောခဲ့တာလဲဆိုတော့..."

လက်ထောက်ရှီက သူ၏ ကိုယ်နေဟန်ထားကို ပြင်လိုက်ရင်း ခဏရပ်လိုက်၏။

"တိုက်ကြီးတစ်ဝိုက်က အဖွဲ့အစည်းတွေအနေနဲ့ တရားရုံးတော်အပေါ် သတိထားတာထက် အချင်းချင်း ပိုပြီး သတိထားလာစေဖို့အတွက် တိုက်ကြီးထဲမှာ တတ်နိုင်သမျှ ကမောက်ကမဖြစ်မှုတွေ ဖန်တီးချင်တယ်ဆိုတာလေ။

တစ်နည်းအားဖြင့် ပြောရရင်တော့ ခင်ဗျားရဲ့ အတွေးတွေက ကျုပ်တို့ရဲ့ လုပ်ငန်းဆောင်တာတချို့နဲ့ သွားပြီး ကိုက်ညီနေတယ်။ အဲဒီအထဲက တစ်ခုက အခု ခင်ဗျားရဲ့ နန်းတော်အဆင့် တရားသူကြီးတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်အောက်ကို ရောက်လာခဲ့ပြီပဲ။"

"ခင်ဗျား နန်းတော်အဆင့် တရားသူကြီးတစ်ယောက် ဖြစ်လာတာနဲ့တစ်ပြိုင်နက် ကိုယ်ပိုင်ထောက်လှမ်းရေးအဆက်အသွယ်ကို ကြီးကြပ်ကွပ်ကဲဖို့ အာဏာရလာလိမ့်မယ်။

ဒါပေမဲ့ အဲဒီစကားက သူ့အလိုလို လွဲမှားနေတတ်တယ်။ ဘာလို့လဲဆိုတော့ ခင်ဗျား စီမံခန့်ခွဲရမယ့် အဆက်အသွယ်က ခင်ဗျားရဲ့ တာဝန်ဝတ္တရားတွေ ထမ်းဆောင်ရာမှာ မဖြစ်မနေ အထောက်အကူပြုချင်မှ ပြုမှာမို့လို့ပဲ။"

"ကျုပ်ထင်တာကတော့ ခင်ဗျားက အရိပ်သိမ်းငှက်ဌာနနဲ့ တရားရုံးတော်တစ်ခုလုံးရဲ့ကိုယ်စား ထောက်လှမ်းရေးအဆက်အသွယ်ကို စီမံခန့်ခွဲရလိမ့်မယ်လို့ ပြောတာက ပိုပြီး သင့်တော်မယ် ထင်တယ်။"

လက်ထောက်ရှီက အလျင်စလိုမရှိသော လေသံဖြင့် ပြောလိုက်လေ၏။

ဤအချိန်တွင် ယန်ချင်းမှာ လုံးလုံးလျားလျား စိတ်ဝင်စားသွားခဲ့ပြီဖြစ်သည်။

All Chapters