← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

အပိုင်း (၅) - ဇာတ်ကြောင်းက လုံး၀ပြောင်းသွားပြီ (၃)

ကျန်းရှုယောက်မှာ ကြောင်တောင်တောင်ဖြစ်နေ၏။ လျင်မြန်စွာပြေးထွက်သွားသော်လည်း ထိုလူသည် အမျိုးသမီးတစ်ယောက်ဖြစ်မှန်းတော့ သူမ ရိပ်မိခဲ့သည်။ သူမက အားနည်းစွာမေးလိုက်သည်။ “ဘာတွေဖြစ်နေတာလဲ”

“ရှုယောက် အရင်ပြန်နှင့်လိုက်” ရှီချင်းယင်သည် သူမ‌‌ရှေ့တွင် တံတိုင်းသဖွယ်ရပ်နေလိုက်သည်။ ထို့နောက် သူက အေးစက်စွာပြောလိုက်သည်။ “ယွဲ့ရှ၊ ငါတို့အေးအေးဆေးဆေး ပြတ်ဆဲခဲ့တယ်လို့ ငါထင်ခဲ့တာ၊ နင်ငါ့ကို အဲ့လို လိုက်နှောင့်ယှက်နေတာ တော်တော်ရွံ့စရာကောင်းတယ်”

System က ‘အရမ်းကောင်းတယ်၊ နည်းနည်းလေးမှားသွားတာလွဲရင် သတ်မှတ်ထားတဲ့ဇာတ်ကြောင်းအတိုင်းပဲ’ ဟု တွေးလိုက်သည်။

System ၏ အဓိကပန်းတိုင်သည် စေ့စပ်ပွဲကိုဖျက်စီးဖို့ရန်မဟုတ်ပေ။အဓိကပန်းတိုင်မှာ ကျန်းရှုယောက်၏စိတ်ထဲတွင် သံသယမျိုးစေ့ချပေးရန်ဖြစ်သည်။ မိန်းမရှုပ်သောတွဲဖက်ကို လက်မခံနိုင်သော သူတစ်ယောက်ဖြစ်သည့် သူမ လိုလူသာ သံသယဝင်သွားပါက သူမသည် ရှီချင်းယင်အား အလွယ်တကူ လက်ထပ်မည်မဟုတ်တော့ပေ။ ထိုအတိုင်းဆိုလျှင် ကိုယ်ဝန်ပျက်ကျမည့် ဇာတ်ကြောင်းလည်း ပျက်စီးသွားပြီး ဇာတ်ကောင်နှစ်ယောက်လည်း မြန်မြန်ဆန်ဆန် လမ်းကွဲသွားကာ ရှီချင်းယင်လည်း အနီရောင်နှင်းဆီနှင့်တွေ့မည်ဖြစ်သည်။

ထို့ပြင် ယခုဇာတ်ကွက်သည် ဗီလိန်မတစ်ယောက်လုပ်ဆောင်လောက်မည့် ဇာတ်ကွက်နှင့်ကိုက်ညီသည်။ နောက်ပိုင်းတွင် ဇာတ်ရှိန်တက်အောင် သူမ၏ဇာတ်ကောင်ကို ပြန်လည်အသုံးပြုလို့လည်းရသွားသည်။ ယင်းသည် ပြီးပြည့်စုံဆုံး ဇာတ်ကြောင်းဖြစ်သည်။ ထင်သည့်အတိုင်းပင် Host သည် အလုပ်ကြိုးစားသောသူတစ်ယောက်ဖြစ်သည်။

ယွဲ့ရှသည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ချက်ချင်းပင် ချစ်ဖို့ကောင်းသော ဝမ်းနည်းလွယ်သည့်ပုံစံဖြစ်သွားသည်။ တရှုပ်ရှုပ်ငိုကြွေးရင်း သူမက ပြောလိုက်သည်။ “မဟုတ်မှလွဲ နင်....နင်... ငါတို့ရဲ့အတိတ်တွေကို မေ့သွားပြီပေါ့ ဟင့်...ဟင့်...”

ရှီချင်းယင် မေ့နိုင်စရာအကြောင်းမရှိပေ။

အဘယ်ကြောင့်ဆိုသော် ယွဲ့ရှသည် သူမ၏ နှလုံးသားကိုထုပ်ပြီး သူ့အား ပေးအပ်ခဲ့သောကြောင့်ပင်။ ထိုကဲ့သို့ စွန့်လွှတ်မှုကိုသာ ရရှိခဲ့ပါက သာမာန်လူတစ်ယောက်အနေဖြင့် သူတို့ဉီးစားပေးရမည့် အရာကို မေ့သွားပေလိမ့်မည်။

သို့သော် အတိတ်သည် အတိတ်သာဖြစ်သည်။ ရှင်းလင်းပြီးသား ကိစ္စတစ်ခုကို ယွဲ့ရှက အဘယ်ကြောင့် ပြန်ဖော်ရသနည်း။ အထူးသဖြင့် ကျန်းရှုယောက်လည်း ရှိနေသည်။ ရှီချင်းယင်သည် မျက်မှောင်ပင်မကြုတ်နိုင်တော့ပေ။ သူကတည်ငြိမ်စွာပြောလိုက်သည်။ “အဲ့ဒါက အရေးကြီးလို့လား”

‘ဘာ...ထပ်ပြီးပဲ့နေတဲ့ ခွေးသွေးဇာတ်ပဲလား၊ ပြီးတော့ အခုက လူတွေအများကြီးကြည့်နေတာလေ’

ရှီချင်းယင်း၏ ထေ့ငေါ့စကားသည် ယွဲ့ရှ အပေါ် သက်ရောက်မှုမရှိပေ။ သူမသည် သူမ လုပ်ဆောင်ရမည့် တာဝန် အပေါ်အာရုံနစ်ထားဆဲဖြစ်ပြီး သူမ၏အမူအရာကိုလည်း ထိန်းထားသည်။ ခံစားချက်အပြည့်ဖြင့် သူမက ပြောလိုက်သည်။ “ငါလေ ငါ အမြဲတမ်း နင့်ကိုပဲ မျှော်ကြည့်နေခဲ့တာ၊ ငယ်ငယ်ကတည်းက နင့်အပေါ်ထားတဲ့ ငါ့အကြည့်တွေက ဘယ်တော့မှ မပြောင်းလဲခဲ့ဘူး၊ ဒါပေမယ့် နင်ကတော့ ဒါကို ဘယ်တော့မှ သတိမထားမိခဲ့ဘူး”

ရှီချင်းယင်က စိတ်မရှည်စွာပြောလိုက်သည်။ “အဲ့ဒါက ငါနဲ့ဘာဆိုင်လို့လဲ”

“ကျောင်းတုန်းက နင်မှတ်မိသေးလား၊ ဆရာမကဆူတော့ ငါအရမ်းစိတ်ဓာတ်ကျနေတာလေ၊ အဲ့တုန်းက နင်ပဲ ငါ့အတွက်ရှိပေးခဲ့တာ” ယွဲ့ရှသည် သူမ၏သရုပ်ဆောင်မှုထဲတွင် နစ်ဝင်နေဆဲပင်။ “နင် ငါ့အတွက် သကြားညိုရေနွေးယူလာပေးခဲ့တယ်၊ နင်ငါ့ကို စာပြပေးခဲ့တယ်၊ ငါ့ဆီ ဘောလုံးကမ်းပေးခဲ့တယ်၊ ငါ့အတွက် စောင်ယူပေးခဲ့တယ်၊ အဲ့ကတည်းက နင်က ငါ့အတွက် နတ်သားလေးဖြစ်ခဲ့တာ၊ နင်က ငါ့အတွက် အမြဲ နီးလျက် ဝေးနေခဲ့တာ”

“နင် မတော်သေးဘူးလား” ရှီချင်းယင်သည် မျက်မှောင်ကြုတ်လိုက်သည် ။

‘ပြီးတော့ ငါဘယ်တုန်းက သူ့ကို သကြားညိုရေနွေးဖျော်ပေးပြီး စာပြပေးခဲ့ဖူးလို့လဲ၊ ရူးနေတာလား’

“ငါ အမြဲနင့်နောက်ပဲလိုက်နေခဲ့တာ၊ နင်မရှိတဲ့နေ့ရက်တွေက ဘယ်လောက်ခက်ခဲလဲဆိုတာ နင်သိရဲ့လား?” ယွဲ့ရှသည် မျက်ရည်များကျဆင်းလာပြီး သူမ၏အသံသည်လည်း တုန်ရီနေသည်။ “နင့်အတွက် ငါလေ နင့်အကြောင်းကို သိချင်လွန်းလို့ နင်နဲ့နီးစပ်တဲ့သူတွေနားကပ်ဖို့ ငါ အကောင်းဆုံးကြိုးစားခဲ့ရတာ၊ ငါလေ နင့်ကို အကြာကြီးစောင့်နေခဲ့တာ၊ ဟက် ပြန်ရတော့ နင်စေ့စပ်ပွဲသတင်းတဲ့လား၊ နင်သိလား သူကလေ နင့်နောက်ကွယ်မှာ ဘယ်လောက်တောင်ပျက်စီးနေလဲ နင်သိလား၊ အား.........ငါလက်မခံနိုင်ဘူး”

“....” စိတ်ရှုပ်နေသူမှာ ရှီချင်းယင်တစ်ယောက်တည်း မဟုတ်တော့ပေ။ ဧည့်သည်များလည်း နားထောင်ရင်းနားထောင်ရင်း တစ်ခုခုမှားနေမှန်းသတိပြုမိလာကြသည်။

ရှီချင်းယင်က ဒေါသတကြီးအော်ဟစ်လိုက်သည်။ “ငါ့ကို လာမနှောင့်....”

သူ စကားပြောလို့မပြီးခင်မှာပင် ယွဲ့ရှက ဝင်ဖြတ်ပြောလိုက်သည်။ “ငါဒီလိုလုပ်တာ နင့်ကို အခက်တွေ့စေမယ်ဆိုတာ ငါသိပါတယ် ဒါပေမယ့် ရှုယောက် သူနဲ့မစေ့စပ်ပါနဲ့လားနော်၊ ငါ တစ်သက်စာအတွက်တောင်းဆိုတာပါ”

သူမ၏ငိုကြွေးမှုသည် သူမ၏ ခံစားချက်ကို အပြည့်အဝဖော်ပြနေသည်။ သူမ၏သရုပ်ဆောင်ချက်သည် ဆိုးရွားသော်လည်း ဤကဲ့သို့ ထိပ်လန့်စရာကောင်းသည့် အပြောင်းအလဲအကြားတွင် လူတိုင်း၏ဉီးနှောက်သည် ချို့ယွင်းနေသောကြောင့်မည်သူမှ ထိုအချက်ကို သတိမထားမိကြပေ။

System: “...”

ကျန်းရှုယောက်သည် ထိပ်လန့်စွာဖြင့် သူမ၏ပါးစပ်ကို အုပ်လိုက်သည်။ “...”

ရှီချင်းယင် : “...?!!.”

ရှိနေသော လူများအားလုံး : “...?!!.”

‌ဒေါသတကြီးဖြင့် ခုလေးတင်ရောက်လာသော ယွဲ့ချင်း : “...?!!.”

[ သတိပေးချက်.....အဆင့် (၁) သတိပေးချက် .....ဇာတ်ကြောင်းက တဆစ်ချိုးပြောင်းလဲနေပါသည် ချက်ချင်းပြန်ပြောင်းပါ ]

သို့သော်လည်း နောက်ကျသွားလေပြီ။

စိတ်မတည်ငြိမ်မှုကြောင့် တိုင်နှင့်ခေါင်းနှင့် ပြေးစိုက်တော့မည့် မျက်ရည်များနှင့် ယွဲ့ရှသည် ကျန်းရှုယောက်ကို ကြည့်နေမိသည်။ သူမသည် ယွဲ့ရှကို သေချာမမှတ်မိသော်လည်း ယင်းမိန်းမပျိုသည် မုသားစကားကို မပြောဆိုလောက်ဟု သူမ ယုံကြည်သည်။

‘အဲ့တာဆို ငါသူ့ကို အခန်းထဲမှာ မတော်တဆ တွေ့ခဲ့တာ မဟုတ်ဘဲ သူက ငါ့ကိုလာတွေ့တာပေါ့’

သူမ၏ပြဿနာများနှင့်ယှဉ်လျှင် ယင်းမိန်းမပျို၏စိတ်အခြေအနေသည် ပို၍ အရေးကြီးသည်မှာ ရှင်းလင်းနေသည်။

ကျန်းရှုယောက်၏မျက်ဝန်းများသည် မိခင်မေတ္တာများနှင့် ပြည့်လာသည်။ သူမသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ယွဲ့ရှ၏လက်ပေါ်တွင် သူမ၏လက်ကို ညင်သာစွာတင်ထားလိုက်သည်။

သူမက ပြောလိုက်သည် “ဟုတ်ပြီ..”

All Chapters