ယွဲ့ရှ နိုးလာသောအခါတွင် သူမသည် ဝတ္ထုထဲသို့ ကူးပြောင်းသွားခဲ့ပြီး ကံမကောင်းမှု စနစ်တစ်ခုဖြင့် ချိတ်ဆက်မိသွားသည်။ [သင်ဟာ ရှေးရိုးဆန်တဲ့ ဩဇာအာဏာကြီးမားလှပါသော CEO ဝတ္ထုထဲကို ကူးပြောင်းလာတာဖြစ်ပါတယ်။ ငါတို့အားလုံးသိကြတဲ့အတိုင်း ဒီလိုမျိုးဝတ္ထုတွေထဲမှာ အမျိုးသမီးဇာတ်ဆောင်ကို နံရံနဲ့ သူ့ကြားညပ်ပြီး သဝန်တိုမှုတွေကို ပြသတတ်တဲ့ CEOကြီးရယ် ၊ သိမ်မွေ့နူးညံ့တဲ့ ဒုတိယအမျိုးသားဇာတ်ဆောင်ရယ် နဲ့ အရေးအကြီးဆုံး ဇာတ်ကောင်ကတော့ အမြောက်စာဇာတ်ကောင် ဗီလိန်မပါပဲ။ အဲ့ဗီလိန်မဆိုတာကတော့ သင်ဖြစ်ပါတယ်။] [သင်ဟာ အမျိုးသားဇာတ်ဆောင်ကို ချစ်မိသွားပေမယ့် သူကတော့ မင်းကို ပြန်မချစ်ပါဘူး။ ဒါကြောင့်ပဲ သင်ဟာ တဖြည်းဖြည်းဖြင့် ယုတ်မာလာပြီး ဇာတ်လိုက်နဲ့ ဇာတ်လိုက်မကြားက ဆက်ဆံရေးကို ဖျက်စီးဖို့ကြိုးစားပေမယ့်လည်း အကြိမ်တိုင်း ကျရှုံးခဲ့ပါတယ်။ သင်ဟာ ဇာတ်ဆောင်များ၏ လှပသော အချစ်ဇာတ်လမ်းအတွက် ဇာတ်ပို့ကာရိုက်တာတစ်ခု ဖြစ်ပြီး၊ ဇာတ်လမ်းကို ရှေ့သို့ တွန်းပို့ပေးရမဲ့ ကာရိုက်တာဆိုလည်း မမှားပါဘူး။ နောက်ဆုံးမှာတော့ မင်းဟာ နာမည်ပျက်ပြီး ထာဝရပျောက်ကွယ်သွားရပါတယ်။ ] [မင်းရဲ့တာဝန်တွေကို ပြီးအောင်လုပ်ရမယ်။ ဇာတ်ကွက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပြီး ခေတ်မမီတဲ့ ဇာတ်ကွက်ကို အဆင့်မြှင့်ပါ၊ မဟုတ်ပါက အပြတ်ရှင်းခြင်းကို ခံရပါမည်။ ] *** သူမ ကူးပြောင်းလာသည့်ပထမဆုံးနေ့တွင်ပဲ ဇာတ်လိုက်နှင့် လရောင်ဖြူလေးတို့၏ စေ့စပ်ပွဲနေ့ အဖြစ်သို့ ဇာတ်လမ်းက တိုးတက်လာခဲ့သည်။ ယွဲ့ရှသည် ထိုစေ့စပ်ပွဲသို့ ချက်ခြင်းသွားရမည် ဖြစ်ကာ သူမကိုယ်သူမ ဇာတ်လိုက်ကို စနိုက်မကျော်နိုင်သည့် အရှုံးသမားတစ်ယောက်ဖြစ်အောင်ပါ လုပ်ရမည်ပင်။ [လရောင်ဖြူလေး၏ မယ်လိုဒရာမဇာတ်ကွက် ထပ်ခါထပ်ပျက်စီးခြင်းမဖြစ်အောင်လို့ ၊ သင် လုပ်ရမည့် ပထမဆုံးတာဝန်ကို ပြသပေးပါမယ်။ ] ယွဲ့ရှ မှာ အသက်ပင်အောင့်ထားမိ၏။ [စေ့စပ်ပွဲသို့ သွား၍ ပြဿနာရှာကာ ဇာတ်လိုက်ကို လုယူပါ။] ယွဲ့ရှ : ... ဗီလိန်မဆီမှာတောင် လူ့အခွင့်အရေး ရှိတယ်လေလို့!!!! ထို့ကြောင့် ၊ ထိုနေ့လည်ခင်းတွင် ၊ ယွဲ့ရှ သည် သက်ဝင်လှုပ်ရှားနေသော စေ့စပ်ပွဲ၌ မျှော်လင့်ထားသည့်အတိုင်း ထွက်ပေါ်လာခဲ့ရလေ၏။ လူတိုင်း၏ ရှော့ခ်ရနေသောအကြည့်များနှင့်တကွ ဇာတ်လိုက်၏ သူမအား ရွံရှာနေသော စိတ်ခံစားချက်များကို ခက်ခက်ခဲခဲ ဖုံးထားရပါသည့် အကြည့်တို့ဖြင့် ရင်ဆိုင်လိုက်ရင်း ယွဲ့ရှတစ်ယောက် မျက်ရည်ကျဖို့ရန်အတွက် သူမ၏ပါးစပ်ထဲသို့ ဝါဆာဘီကို မျိုချလိုက်တော့ပါ၏။ "ရှင် ကျွန်မကို တကယ်ပဲ မေ့သွားခဲ့ပြီပေါ့?" ဇာတ်လိုက် : "ငါ့ကို လာမနှောင့်ယှက်စမ်းနဲ့.." "ရှုယောင်!" ယွဲ့ရှသည် ရုတ်တရက် သူမခေါင်းကို လှည့်ကာ စိတ်ရှုပ်ထွေးနေသောလရောင်ဖြူလေးကို ကြည့်ပြီး တရင်းတနှီးဆန်စွာဖြင့် ပြောလိုက်သည်။ " ငါနဲ့တူတူ နင် ထွက်သွားချင်လား?" လရောင်ဖြူလေး : “အင်း… အိုကေလေ။” အမျိုးသမီးဇာတ်လိုက်ကို ထူးဆန်းသော အမျိုးသမီးတစ်ဦးမှ ခေါ်ဆောင်သွားသည်ကို လူတိုင်းက တုန်လှုပ်ခြောက်ခြားသော အမူအရာများဖြင့် ကြည့်ရှုခဲ့ကြသည်။ ပြီးတော့ သူမတို့နှစ်ယောက်လုံး ပြန်ကိုမလာတော့ဘူးလေ။ ထိုအချိန်မှစ၍ ဇာတ်ကွက်များမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်။ ယင်းကိစ္စကို ဖြစ်ပွားစေခဲ့သူအဖြစ် သံသယဝင်ခံနေရပါသော တရားခံမှာတော့ သူမသည် သာမန် ရူးကြောင်ကြောင် ဗီလိန်မတစ်ယောက်သာဖြစ်ကြောင်း ပြန်လည်ဖြေကြားလာခဲ့လေသည်ပင်။

