← Chapters

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆

Vol. 2 Ch. 16

အပိုင်း (၁၆) - ကြာပန်းဖြူလေး ငါလုံးဝမထင်ထားဘူး ဟုတ်ပြီထားလိုက်တော့ အဲ့နေရာတွေက တော်တော်ဆွဲဆောင်မှုရှိတယ်နော် (၁)

လွန်ခဲ့သောလေးနာရီခန့်က....

ယွဲ့ရှပုံမှာ လက်တလော အလုပ်ရှုပ်နေပုံပေါ်သောကြောင့် ကျန်းရှုယောင်သည် တံခါးခေါက်သံကို ကြားရသောအခါ အံ့ဩသွားသည်။ “ဘာပြောမလို့လဲ”

ယွဲ့ရှသည် ကျန်းရှုယောင်၏စိတ်ပူနေသောမျက်ဝန်းနှင့်အကြည့်ချင်းဆုံသွားသည်။ သူမသည် ခေါင်းခါပြီး ပြောရမည့်စကားကိုပြောလိုက်သည်။ “အပြင်ထွက်ချင်လားဟင်..”

ကျန်းရှုယောင်က အံ့ဩပြီး ငြိမ်သက်သွားသည်။ “ဟမ်...”

စေ့စပ်ပွဲမှ ယွဲ့ရှ၏သရုပ်ဆောင်စွမ်းရည်မှာ အလွန်ကောင်းသွားလို့နေမည်။ ကျန်းရှုယောင်သည် ယွဲ့ရှ၏စိတ်အခြေအနေကို စိုးရိမ်နေသေးသည်။ လက်ရှိယွဲ့ရှပုံမှာ လုံးဝ အခြေအနေကောင်းမွန်နေကြောင်းသိသာသော်လည်း ကျန်းရှုယောင်က လျစ်လျူမရှုရဲပေ။ သူမက စိုးရိမ်စွာ မေးလိုက်သည်။ “နင်ဒီနေ့ အဆင်ပြေရဲ့လားဟင်..”

“အွမ်း ငါအရမ်းအဆင်ပြေတယ်” ယွဲ့ရှက သူမ ကုတင်ပေါ်ခုန်တက်သွားပြီး ပြုံးလျက် “ဒီနေ့ နေသာတယ်နော်..”

သူမ၏ ပြုံးနေသောမျက်နှာကိုမြင်ရသောအခါ ကျန်းရှုယောင်သည်လည်း ပြုံးလိုက်သည်။

‘စဉ်းစားကြည့်မှ ငါအခုတလော စိတ်ကြည်ပြီးပျော်နေသလိုပဲ’

သူမ ယွဲ့အိမ်တော်၌နေထိုင်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ ယွဲ့ရှ၏စိတ်ကျန်းမာရေးကြောင့်ဖြစ်သည်။ သူမသည် ယွဲ့ရှအိမ်မှာ နေရင်း ယွဲ့မိသားစုအတွက်ပြဿနာရှာမိမည်ကိုလည်း သူမ ခမျာစိုးရိမ်ရသေးသည်။ သူမ ထင်ထားသည်နှင့်ဆန့်ကျင်ဘက် သူမ ယွဲ့အိမ်တော်တွင် နေခဲ့သောရက်များသည် အချိန်တော်တော်ကြာမှ ပြန်ရရှိခဲ့သည့် စိတ်အေးအသက်သာဆုံးအချိန်ဖြစ်နေခဲ့သည်။

အလုပ်ချိန်တွင် အိမ်တွင်မည်သူမျှ မရှိပေ။ ယွဲ့ရှတွင် အစေခံများမရှိသောကြောင့် သူမအား ထူးထူးဆန်းဆန်းကြည့်မည့်သူလည်းမရှိ‌ပေ။ သူမ မည်မျှပင်ကြိုးစားစေကာမူ သူမကို အထင်သေးမည့်သူလည်း ဤအိမ်တွင်မရှိပေ။

အခြားသူများ၏အလိုကျ နေထိုင်ရန် နေ့စဉ်နေ့တိုင်း သူမဉီးနှောက်ကိုအလုပ်လုပ်နေစရာလည်းမလို‌ပေ။ မိုးလင်းလျှင် အိပ်ယာထပြီး ညရောက်လျှင် အနားယူသည်။ သူမ ပျင်းနေချိန်တွင် အပင်များကို ပေါင်းသင်းရေဖြန်းသည်။ အထိန်းအချုပ်မှ ကင်းလွှတ်သွားသည်ဟု သူမခံစားရသည်။

အခုမှသာ သူမ ရှီချင်းယင်ကိုမတွေ့ရသည်မှာ တော်တော်လေးကိုကြာနေပြီမှန်း သူမ သတိရသည်။

မနေ့ညကလည်း တစ်ညလုံး လက်ထပ်ဖို့ရန် အဆင်သင့်ဖြစ်မဖြစ်ကို သူမ တွေးနေခဲ့သည်။ လူတိုင်းက သူမကို စေ့စပ်ဖို့ရန် တွန်းအားပေးကြသောကြောင့် စေ့စပ်ခြင်းကဲ့သို့ အရေးကြီးကိစ္စအတွက် သူမသည် သေသေချာချာတွေးချိန်လည်း မရခဲ့သလို မည်သူကမျှ သူမအတွေးကိုလည်း ထည့်မတွေးပေးခဲ့ကြပေ။

“ နင်ဘယ်သွားချင်လို့လဲ” ကျန်းရှုယောင်သည် အိပ်ယာထောင့်တွင် ထိုင်နေသော ယွဲ့ရှကိုမေးလိုက်သည်။ သူမက ကလေးများကိုပြောသည့် နူးညံ့သောအသံဖြင့် ထပ်ပြောလာသည်။ “ငါဒီက နေရာတော်တော်များများကို မသိဘူး”

ယွဲ့ရှက ကြောင်တောင်တောင်ဖြစ်သွားပြီး system ကို အချက်အလက်အနည်းငယ် မေးလိုက်သည်။ : [ ဇာတ်လိုက်မင်းသမီးအသက်က ဘယ်လောက်လဲ ]

System ကလိုင်းတက်လာပြီး ဖြေလိုက်သည်။[၂၅ နှစ် ]

ယွဲ့ရှ : [ .... ]

‘ရှုယောင်က ငယ်သေးသားပဲ ငါ့ထက် သုံးနှစ်ပဲကြီးတယ် အဲ့ဆို သူကဘာလို့ ငါ့ကို ကလေးလိုကြည့်နေတာလဲ’

ယွဲ့ရှသည် ဖုန်းကိုအိပ်ကပ်ထဲမှ ထုတ်လိုက်ပြီး ရှုယောင်အား သူမ ဝယ်ထားသည့် VIP လက်မှတ်ကိုပြလိုက်သည်။

ယွဲ့ရှ ဆန္ဒပြည့်သွားလေပြီ။ ရှုယောင်၏ သူမအား ကလေးလို ကြည့်နေသည့် အကြည့်သည် မလိမ္မာသောကလေးကို ကြည့်သည့် အကြည့်သို့ပြောင်းသွားသည်။ သူမ၏မျက်ဆံသည် ကြုံ့သွားပြီး “နင်.....နင် အဲ့ကိုသွားချင်တာလား”

ယွဲ့ရှက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

ကျန်းရှုယောင်မှာ အလွန်လန့်သွားသည်။ “အဲ့.....အဲ့နေရာက မိန်းကလေးတွေ သွားဖို့သင့်တော်တဲ့နေရာမဟုတ်ဘူးလေ၊ ငါတို့ အခြားနေရာကို သွားကြရင်ကော”

“အဲ့နေရာက နိုက်ကလပ်လေ” ယွဲ့ရှက အတည်ပေါက်ကြီးပြောလာသည်။ “ပြီးတော့ ငါ တိုင်ပတ်အက ကြည့်ချင်တယ်”

“စ...စ...စကားကို ဘယ်လိုပြောနေတာလဲ” ကျန်းရှုယောင်၏မျက်နှာသည် ရဲတွတ်သွားသည်။ “ငါ နင်နဲ့အတူ အခြားနေရာကိုလိုက်နိုင်ပေမယ့် အဲ့နေရာကျ......”

‘အဲ့နေရာက နိုက်ကလပ်ကြီးလေ ငါမှ နိုက်ကလပ်တစ်ခါမှ မသွားဖူးတာ၊ ပြီးတော့အဲ့မှာ လူကအရမ်းစုံတယ်’ သူမ၏အတွေးထဲတွင် နိုက်ကလပ်သည် မကောင်းသောသူများသာ သွားသောနေရာဖြစ်သည်။ သို့သော် ယခုတွင် ယွဲ့ရှက....

ယွဲ့ရှ စတင်ပြီး သရုပ်ဆောင်တော့သည်။ နောက်တစ်က္ကန့်တွင် မျက်ရည်ပေါက်ပေါက် ကျတော့မည့်အတိုင်း သူမကပြောလာသည်။ “ငါလေ အဲ့ကိုသာ မသွားရရင် ငါနဲ့ပတ်သတ်တာအကုန် ပျက်စီးသွားလိမ့်မယ်၊ ငါ့မျက်နှာကနေ ငါ့ခန္ဓာကိုယ်အထိ ငါရဲ့အဆင့်အတန်း ငါရဲ့အမူအကျင့်ကောင်း ပြီးတော့ ငါ့ဝိညာဉ်အထိ”

ကျန်းရှုယောင် : “...”

ယွဲ့ရှက ထပ်ပြောသည်။ “နော် နော်လို့ ဒါလေးက ငါတစ်သက်လုံးမျှော်လင့်ခဲ့ရတဲ့ဆန္ဒလေးမို့လို့ပါ”

ကျန်းရှုယောင်က တွန့်ဆုတ်ဆုတ်နှင့်ဖြေလာသည်။ “အမ် အဲ့ဆိုရင်လည်း သွားမယ်လေ”

ယွဲ့ရှက ပျော်ရွှင်စွာ အော်လိုက်သည်။ “ရေး......”

ထို့နောက် ကျန်းရှုယောင်သည် အပြင်သွားဖို့ရန် ဖြေးဖြေးချင်းပြင်ဆင်နေလိုက်၏။

System သည် ယွဲ့ရှ၏သရုပ်ဆောင်ကွက်ကို အမူအရာမပျက်ကြည့်နေခဲ့သည်။ ၎င်းသည် သူမကို သည်းမခံနိုင်တော့ပေ။ [နင်ဘာလို့ အခြားသူရှေ့ကျ ဒီလို သရုပ်မဆောင်တာလဲ?]

ယွဲ့ရှ : [ဘယ်လိုမျိုးလဲ?]

System သည် အတတ်နိုင်ဆုံးကြိုးစားပြီး စကားကိုစီပြောလိုက်သည်။ : [ နင်က ရုတ်တရက်ကြီး အရမ်းတွေဖြူစင်ပြီး ကြင်နာတတ်သလိုလေ ]

ယွဲ့ရှသည် System နှင့် ကတ်သီးကတ်ဖဲ့ ငြင်းခုန်မနေတော့ပေ။ သူမက သက်ပြင်းချလိုက်ပြီး :[ အဲ့ဒါက ဘာလို့ဆို လူတွေက တိရိစ္ဆာန်တွေ ကလေးလေးတွေနဲ့စကားပြောရင် အလိုလိုနေရင်း အသံပျော့သွားတာမျိုးလေ သူကလေ ငါ့ကို အဲ့လိုခံစားချက်မျိုးပေးလို့၊ ပြီးတော့ ငါသူ့ကို အမှန်ကိုလည်း ပြောပြရဉီးမယ်၊ ဒီတိုင်းထားထားလို့မဖြစ်ဘူး ]

ကျန်းရှုယောင်သည် သူမ ဖန်တီးထားသော ကျောင်းပြဿနာကို အတည်ကြီး စိုးရိမ်နေခဲ့သည်။ သူမသည် သူမ၏ စိတ်ပိုင်းဆိုင်ရာပြဿနာကိုဖြေရှင်းပေးလိုသည်။ သို့သော် ယွဲ့ရှတွင် စိတ်ပိုင်းဆိုင်ရာပြဿနာရှိမနေခဲ့ပေ။ သူမသာလျှင် တစ်ဖက်သားကို လှည့်စားနေခဲ့သူဖြစ်သည်။ ထို့ကြောင့် ကျန်းရှုယောင်ကို စိတ်ပိုင်းဆိုင်ရာပြဿနာကို အကြောင်းပြပြီးလိမ်တိုင်း သူမတွင် ခေါင်းငုံ့ပြီးတိတ်ဆိတ်နေရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။

ပေါကားဇာတ်လမ်းဝတ္ထုများကိုဖတ်စဉ်က ယွဲ့ရှသည် ရိုးသားတုံးအပြီးခွင့်လွှတ်လွယ်သော ဇာတ်လိုက်မင်းသမီးများကြောင့် စိတ်ညစ်ခဲ့ရသည်။ သို့သော် ထိုကဲ့သို့လူမျိုးကို သူမ ကိုယ်တိုင်ကိုယ်ကျရင်ဆိုင်ရသောအခါ သူမသည် ထိုလူကိုစကားကြမ်းကြမ်းပင် မပြောရဲခဲ့ပေ။

“ယွဲ့ရှ” ကျန်းရှုယောင်၏အသံသည် တံခါးအပြင်ဘက်မှ ထွက်လာခဲ့သည်။

ယွဲ့ရှက ခေါင်းမော့လိုက်ပြီး ကြည့်လိုက်သည်။ ကျန်းရှုယောင်သည် အနက်ရောင်ဂါဝန်တိုတိုလေးကို ဝတ်ထားသည်။ အမှန်တိုင်းပြောရလျှင် ဂါဝန်သည် သိပ်မတိုပေ။ သူမ၏ဒူးကိုတော့ဖုံးနေသေးသည်။

ကျန်းရှုယောင်သည် စိတ်ပူပန်စွာဖြင့် မေးလာသည်။ “ဒါနဲ့ဆိုရလားဟင်....”

ယွဲ့ရှသည် မျက်တောင်ခတ်လာပြီး မည်သည့်စကားမျှ မပြောလာပေ။

မည်သည့်တုန့်ပြန်မှုမှ မရသောကြောင့် ကျန်းရှုယောင်မှ ရေအေးအေးလောင်းချခံလိုက်ရသလို စိုးရိမ်လာသည်။ “အမ်......ငါလေ ဒီလိုအင်္ကျီတွေနဲ့ သိပ်ကြည့်မကောင်းဘူးထင်တယ်”

ရှီချင်းယင်သည် သူမ အဖြူရောင်ဝတ်ထားသည်ကိုသာကြိုက်ပြီး ဒူးအထက်ဂါဝန်များ ဝတ်သည်ကိုမကြိုက်ပေ။ သူမ မိတ်ကပ်လိမ်းလျှင်လည်း သူ မကြိုက်ပေ။ သူ မကြိုက်သောအရာကို သူမ ဝတ်ပါက သူသည် အလွန်ဒေါသထွက်လာသည်။ ဤဂါဝန်တိုလေးသည် သူမ ဗီရိုထဲတွင်ရှိနေသည်မှာ ကြာလှပြီဖြစ်သည်။ ထို့ကြောင့် သူမလည်း ရုတ်တရက် တွေးမိပြီး ဝတ်လိုက်ခြင်းဖြစ်သည်။

“ဘယ်ကသာ...” ယွဲ့ရှသည် မတ်တပ်ရပ်လိုက်ပြီး သူမကိုပတ်ကြည့်လိုက်သည်။ “အရမ်းကြည့်ကောင်းတယ်”

ကျန်းရှုယောင်ကြောင်သွားသည်။ “ဟင်?..”

ယွဲ့ရှသည် သူမ ပြောလိုက်သည်ကို ကျန်းရှုယောင် အဓိပ္ပါယ်တစ်မျိုးကောက်သွားမည် စိုးရိမ်သောကြောင့် ခဏလောက်စဉ်းစားနေပြီးနောက် ပြောလာသည်။ “ငါသေချာတော့ မပြောတတ်ပေမယ့် နင်နဲ့တကယ်လိုက်တယ်” ကျန်းရှုယောင်သည် ခြေထောက်ရှည်ပြီးဖြောင့်စင်းသည်။ ခြေဆစ်လေးများသည်သွယ်လျပြီး အနက်ရောင်ဝတ်လိုက်သောအခါ ဖြူသော အသားအရည်သည် ပိုဝင်းသွားသည်။ ယွဲ့ရှသည် ဖက်ရှင်နှင့်ပတ်သတ်လျှင် အမြင်မရှိသောကြောင့် သူမက ယုံကြည်မှုရှိရှိ ထပ်ခါထပ်ခါပြောလာသည်။ “နင်ကြည့်ကောင်းတယ် တကယ်ကြည့်ကောင်းတာ”

ကျန်းရှုယောင်မျက်နှာလေးသည် ရဲသွားသည်။ သူမသည် မတ်တပ်ပြီး တော်‌တော်ကြာသည်အထိ တွန့်ဆုတ်နေပြီးနောက် အဆုံးတွင် သူမသည် အင်္ကျီမလဲခဲ့ပေ။

ကျန်းရှုယောင်သည် အလှပြင်မှန်တင်ခုံမှမှန်ကိုကြည့်ပြီး BB cream ကို တွန့်ဆုတ်စွာထုပ်လိုက်သည်။ ယွဲ့ရှ၏အရိုးမရှိသည့်အတိုင်း ပြတင်းပေါက်ဘောင်တွင်မှီနေပုံကို သူမ မျက်လုံးထောင့်မှ မြင်နေရသည်။ ယွဲ့ရှကဖုန်းထုပ်ပြီး နေရောင်အောက်တွင် ပျင်းရိစွာမှီနေ၏။ တစ်ခါတစ်ရံ သူမ၏ခြေထိပ်လေးသည် ကြမ်းပြင်နှင့်ထိသွားတတ်သည်။ နေရောင်အောက်တွင် သူမ၏ဆံပင်သည် ရွှေရောင်သမ်းနေသည်။ သူမ၏ပုံမှာ အနားယူနေသော golden retriever ခွေးနှင့်တူနေလေ၏။

သူမပုံသည် ကျန်းရှုယောင်ကို မြန်မြန်လုပ်ရန် တွန်းအားပေးမည့် ပုံပေါ်မနေပေ။

ကျန်းရှုယောင်လက်သည်တန့်သွားပြီး သူမသည် တစ်စုံတစ်ခုကို ရှင်းပြလာသည့်အတိုင်း တွန့်ဆုတ်စွာပြောလာသည်။ “ငါလေ အဲ့လိုနေရာမျိုးကို တစ်ခါမှ မသွားဖူးတော့လေ.......”

သူမသည် မလိုအပ်ဘဲပြောနေသည်ဟု ခံစားရသောကြောင့် ကျန်သောစကားများကို ပြန်မြိုချလိုက်သည်။

ယွဲ့ရှက လှည့်လာပြီး အေးဆေးစွာ ပြန်ပြောလာသည်။ “ဟင်.....ဂုဏ်ပြုတယ်လို့ သဘောထားလိုက်လေ”

ကျန်းရှုယောင်သည် သူမဆိုလိုသည်ကိုနားမလည်ပေ။ သို့သော် များမကြာမီ သူမသည် သူမနောက်မှ လှုပ်ရှားသံကိုကြားလိုက်ရသည်။ ယွဲ့ရှသည်ထလာပြီး သူမ မသိခင်မှာတင် သူမ နားသို့ရောက်လာသည်။

ယွဲ့ရှက မျက်နှာကိုမော့ပြီးပြောလာသည်။ “အဲ့မှာ မီးတွေ အများကြီးထွန်းထားမှာ”

ကျန်းရှုယောင် : “ဟင်...”

ယွဲ့ရှက မျက်လုံးမှိတ်ပြီးလိုက်သည်။ “ငါ့မျက်နှာပေါ်လည်း အလက်လက်လေးတွေ တင်ပေး”

ကျန်းရှုယောင် : “....?”

သူမသည် သူမလက်ချောင်းကို eyeshadow အကွက်ပေါ်တင်လိုက်ပြီး အလက်လက်လေးကို ယွဲ့ရှ၏နူးညံ့သောမျက်ရစ်ပေါ်တင်ပေးလိုက်သည်။

ယွဲ့ရှက ဖြေးညှင်းစွာ မျက်လုံးဖွင့်လိုက်သည်။ ညနေချိန်နေရောင်က သူမ မျက်နှာပေါ်ဖြာကျနေသည်။ ကျန်းရှုယောင်လက်ထိထားသောနေရာသည် ကျောင်း‌‌ရေကူးကန်ပေါ်သို့ နေရောင်ဖြာကျနေချိန် တလက်လက်တောက်ပနေသော အလက်လက်လေးများနှင့်တူသည်။ “တလက်လက် လေးဖြစ်နေတယ်”

ကျန်းရှုယောင်သည် ယွဲ့ရှပြုံးလိုက်ချိန်ပေါ်နေသော သွားစွယ်ကိုကြည့်ပြီး မရှင်းပြနိုင်စွာ သူမ၏နဂိုမလိုလားမှုမှာပျောက်သွားပြီး အပြင်သွားဖို့ရန်တက်ကြွလာလေသည်။

All Chapters