အခန်း ၂၆
Vol. 2 Ch. 26
အပိုင်း ၂၆ - “စောစောစီးစီးသေအောင် ကိုယ့်ကိုကိုယ် မကျိန်ပါနဲ့လား”(၁)
နောက်ဆုံးမတတ်နိုင်သည့်အဆုံး ရှီချင်းယင်၏သူငယ်ချင်းများသည် လက်ဆောင်များကိုသာပေးလိုက်ရသည်။ မြင်ကွင်းသည် အုံ့မှိုင်းလှသည်။ မွေးနေ့ပွဲထက် အသုဘနှင့်ပင်တူနေလေသည်။
ကျန်းရှုယောင်သည် ရှီချင်းယင်ဘေးနားတွင်ငြိမ်သက်စွာထိုင်နေသည်။ သူမသည် မောပန်းလာသလို ခံစားနေရသည်။
ယခုတစ်ခေါက်သည် သူမအတွက် ပထမဆုံးအကြိမ် ရှီချင်းယင်အပေါ် သူမ၏မကျေနပ်မှုကို ပြသခြင်းဖြစ်သည်။ သို့သော် ရလဒ်ကသူမ ထင်ထားသည်နှင့်တစ်လမ်းစီဖြစ်နေသည်။ သူသည် သူမကို နားလည်သောကြောင့် သူမအား အနေရခက်စေသည့် ဒေါသထွက်စေသည့် အကြောင်းကို နားလည်လောက်သည်ဟု သူမ တွေးခဲ့ဖူးသည်။ သို့သော် သူ၏ချက်ချင်းတုံ့ပြန်ပုံမှာ ယွဲ့ရှထံ အလိမ်ဖော်ခံလိုက်ရသောကြောင့် ဒေါသနှင့်ရှက်စိတ်သာဖြစ်ပြီး သူမ အပေါ်တွင်မူ ဝတ်ကျေတန်းကျေသာပြမူခဲ့သည်။ သူမ၏ မပျော်ရွှင်မှုကို သူကစိတ်ရှုပ်စရာဟုသာ မြင်ပြီး သူမသည် ဘာမှမဟုတ်သည့် ကိစ္စကိုကြီးကြီးကျယ်ကျယ်လုပ်နေသည်ဟု သူကထင်သည်။
ဤမာနချင်းယှဉ်ပြိုင်ပွဲတွင် သူမကသာလျှင် ကိုယ့်ကိုကိုယ် စပြီး သံသယဝင်လာရသည်။ ‘ငါများ အရမ်းစန်းစန်းတင့်ဖြစ်နေတာလား၊ ဒီကိစ္စကို အရင်းကနေဖြေရှင်းချင်တာက မှားနေတာလား’
ထို့သို့တွေးရင်း ကျန်းရှုယောင် အကြည့်များသည် ယွဲ့ရှပေါ်သို့ စောင်းလာပြီး သူတို့နှစ်ယောက် မျက်လုံးချင်းဆုံသွားသည်။ ယွဲ့ရှက သူမကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။
ကျန်းရှုယောင် : “......”
သူမသည် ဒေါသတကြီး မျက်နှာလွှဲလိုက်သည်။ ‘ဘာလို့ သူက အဲ့လောက်ပျော်နေရတာလဲ၊ ငါ့မှာတော့ ဒီမှာသေအောင်ငိုနေရတာ’
ရှီချင်းယင်သည် သူ့မွေးနေ့ပွဲကို မြန်မြန်သာ ပြီးချင်တော့သည်။ နောက်တစ်နေ့မှ သူမွေးနေ့ကို ကျင်းပသည်မှာ ပိုအဆင်ပြေသော်လည်း ကိတ်မှာ မှာပြီးသားဖြစ်သည့်အပြင်၊ လက်ဆောင်များလည်း လက်ခံပြီးသား ဖြစ်နေသည်ကတစ်ကြောင်း ထို့အပြင် ရှီယွမ်ကျင်းကလည်း ဘေးနားတွင် နားထောင်နေ၏။
ဤကဲ့သို့စိတ်ပျက်စရာကောင်းသောအခြေအနေတွင်၊ အကုန်လုံးသည် မွေးနေ့သီချင်းကို လိမ္မာသော မူလတန်းကျောင်းသား/သူများကဲ့သို့ သက်တောင့်သက်သာမဖြစ်စွာ ဆိုနေကြသည်။ ရှီချင်းယင်သည် ယွဲ့ရှပေါ်ကို အာရုံစိုက်ထားသည်။ သူမ သီချင်းဆိုပြီးသွားသောအခါ သူစိတ်သက်သာရုံရသွားရုံမက သူမ၏ညာဘက်မျက်ခွံသည်လည်း ပြင်းထန်စွာတုန်ခါနေသည်။
ကျိန်းသေပေါက် ကျွင်းရှောင်ဟန်သည် စိတ်ထဲတွင်ကလေးစိတ်သာရှိသေးသည်။ သူမက “ကိုကိုရှီ၊ ဆုတောင်းပါဦး” ဟု အော်လိုက်သည်။
ထိုချိန်တွင် ယွဲ့ရှကပြောလိုက်သည်။ [ System ငါစရပြီနော် ]
“အဟမ်း...အဟမ်း” ရှီချင်းယင်သည် ဤပွဲကိုပြီးချင်နေပြီဖြစ်သည်။ သူက ရိုးရှင်းစွာပြောလိုက်သည်။ “ဒီကိတ်က တော်တော်ကောင်းတာပဲ၊ ငန်းပုံစံအလှဖော်ထားတဲ့ကိတ်ကို မင်းတို့ ဘယ်က.....”
ယွဲ့ရှက ဖြတ်ပြောလိုက်သည်။ “နင် ငန်းလို့ပြောလိုက်တာလား”
ရှီချင်းယင်: “ဟမ်....”
“ငန်းဆိုမှ ဂျယ်ဂျူးကျွန်းကို သုံးညအိပ်ခရီးသွားခဲ့တဲ့ ကောင်မလေးကိုတောင် သတိရသွားတယ်” ယွဲ့ရှက လက်ခုပ်တီးလိုက်သည်။ “သူရဲ့လည်ပင်းလေးကလှလိုက်တာဆိုတာ ငန်းလေးလိုပဲ”
ရှီချင်းယင်:”...?”
ရှန်းယု:”….?..”
ကျွင်းရှောင်ဟန်: “?...”
ကျန်းရှုယောင်ကလည်း ချက်ချင်းခေါင်းပြန်လှည့်လာသည်။ သူမ၏ပုံစံသည် မယုံသင်္ကာဖြစ်နေသည်။
“နင်ဘာတွေပြောနေတာလဲ၊ ငါ အဲ့ဒါတွေဘာမှမသိဘူး” ရှီချင်းယင်သည် ချွေးဇောများတဒီးဒီးကျလာသည်။ သူက စကားကိုမြန်မြန်ပြောလာသည်။ “အခု ငါ တစ်နှစ်ကြီးသွားပြီဆိုတော့..ငါ....”
“နင်အခု နင်တစ်နှစ်ကြီးသွားပြီလို့ပြောလိုက်တာမလား” ယွဲ့ရှကလည်း မိုးချုန်းသံအလားလက်ခုတ်တီးလိုက်သည်။ “ကြီးလာတယ်ဆိုမှ၊ ချီချီနဲ့နင်နဲ့အတူ မွေးထားတဲ့ ဝက်ကလေးကော ကြီးလာပြီလား၊ ငါကြားတာ ဝက်ကလေးက တဲတစ်ဝက်စာလောက်တောင်ကြီးနေပြီဆို၊ နင်ဘယ်ချိန်အိမ်ကိုခေါ်လာမှာလဲ”
ကျန်းရှုယောင်မျက်လုံးများသည် ပို၍ပင်ကျယ်လာခဲ့သည်။ “????”
‘သူရဲ့ရည်းစားဟောင်းဆိုလို့ ယွဲ့ရှတစ်ယောက်တည်းရှိတာမဟုတ်ဘူး’
“နင်ပါးစပ်ကိုပိတ်ထားစမ်း၊ ငါဘယ်တုန်းက ချီချီနဲ့ဝက်မွေးခဲ့လို့လဲ” ရှီချင်းယင်နဖူးသည် ချွေးများနှင့်စိုရွဲလာသည်။ သူသည် ကျန်းရှုယောင်ကို အလန့်တကြားကြည့်လိုက်သည်။ သူသည် စကားလမ်းကြောင်းကိုဖြတ်လိုက်ပြီး ရှင်းပြဖို့ရန်ကြိုးစားလာတော့သည်။ “ငါပြောချင်တာက၊ အခုက နှစ်သစ်မလား၊ ငါ့မှာ ဘဝဆုံးခန်းတိုင်ထိလက်တွဲချင်တဲ့ လက်တွဲဖော်လည်းရှိပြီးသားလေ အဲ့ဒါကြောင့် ငါ့ဆုတောင်းက ရိုးရိုးလေးပဲ”
ဤတစ်ကြိမ်တွင် ယွဲ့ရှစကားဝင်ဖြတ်မပြောတော့ပေ။
“လာမယ့်နှစ်မှာ” ရှီချင်းယင်သည် အသက်တစ်ချက်ပြင်းပြင်းရှုလိုက်ပြီး ကျန်းရှုယောင်၏ကြောင်တောင်တောင်ဖြစ်နေသော မျက်နှာကို ချစ်မြတ်နိုးစွာကြည့်ပြီးနောက် “ယောင်လေးရဲ့ပြဿနာတွေ အကုန်ပျောက်ကွယ်သွားပါစေလို့ ကိုယ်ဆုတောင်းတယ်”
သူ၏အသံသည် အလွန်ပင်စိတ်ထဲမှ လိုလိုလားလားဆုတောင်းပေးနေပုံပေါက်စေသည်။ သူ့အသံကြောင့် ထိုစကားလုံးများသည် အမှန်တကယ်သူ့စိတ်ထဲမှလာသောဆုတောင်းဖြစ်ပြီး သူ၏ရည်ရွယ်ချက်သည်လည်း သူတို့အထက်တန်းတုန်းကကဲ့သို့ မပြောင်းမလဲဘဲရှိနေသည် ဟု ခံစားချက်ပေးနေသည်။
ခဏတာခန့် ကျန်းရှုယောင်အမူအရာသည် တွန့်ဆုတ်သွားခဲ့သည်။ ထိုစဉ် ယွဲ့ရှက တိုးတိုးလေးပြောလိုက်သည်။
“ဒီနေ့က မွေးနေ့ပွဲဆိုတော့” ယွဲ့ရှက ထပ်ပြောသည်။ “စောစောစီးစီးသေအောင် ကိုယ့်ကိုကိုယ် မကျိန်ပါနဲ့လား”
ရှီချင်းယင် : “...?”
ရှီယွမ်ကျန်း : “...?”
အခြားသူများ : “...?”
ရှီချင်းယင်သည် ယခင်ရက်ပိုင်းထဲပြုံးဖို့ရန် ငြင်းဆန်နေသော ကျန်းရှုယောင်မှာ တခစ်ခစ်ရယ်နေသည်ကို မြင်လိုက်ရသည်။
ရှီချင်းယင်မျက်နှာသည် ဒေါသကြောင့် ခရမ်းရောင်ပြောင်းလုနီးနီးပင် ဖြစ်သွားသည်။
ယွဲ့ရှလာရခြင်းသည် ကောင်းသည့် ရည်ရွယ်ချက်မရှိသည်ကို သူသိသည်။ သို့သော်လည်း ထိုခွေးကောင်ရှီယွမ်ကျန်းသည် မှိတ်မှိတ်ကြီး ငြိမ်သက်စွာထိုင်နေသောကြောင့် သူသည် ဒေါသအလွန်ထွက်နေသော်လည်း ဒေါသကိုဖိနှိပ်နေရသည်။ သူသည် အံကြိတ်နေရုံမှတစ်ပါး ရွေးချယ်စရာမရှိခဲ့ပေ။ “ယွဲ့...ရှ...”
ယွဲ့ရှက ဟိုကြည့်ဒီကြည့်လုပ်လိုက်သည်။ “ဘယ်သူဆိုက်ကယ်နှိုးလိုက်တာလဲ”
ရှီချင်းယင်: “...?”
ပို၍ကြောက်ဖို့ကောင်းသောမြင်ကွင်းမှာ ရှုယောင်သည် သူ၏ဟာသများကို ရယ်နေခြင်းဖြစ်သည်။ ရှုယောင်ပြုံးလိုက်သည်မှာ မြန်ဆန်သော်လည်း သူမ၏တွေ့နေကျမဟုတ်သောတုန့်ပြန်မှုသည် ရှီချင်းယင်ကို ရင်ခုန်စေခဲ့သည်။
‘သူက ဒေါသထွက်နေသင့်တာမလား၊ ဘာလို့ပြုံးနေတာလား၊ သူ ယွဲ့ရှစကားတွေကို အတည်မယူတာလား? အဲ့လိုဆိုရင်တော့အကောင်းဆုံးပဲ နောက်ကျရှင်းပြစရာမလိုတော့ဘူး’
ပတ်ဝန်းကျင်သည် ငြိမ်သက်သွားပြန်သည်။
ရှန်းယုသည် ပုံမှန်အတိုင်းစိတ်လွှတ်နေပြီး ဗိုလ်ကေနှင့်ကောင်က မျက်လုံးပြူးနေသည်။ ကျွင်းရှောင်ဟန်ကတော့ ဂနာမငြိမ်ဖြစ်နေသည်။ သာမန်ကာလျှံကာရယ်မောခဲ့ကြပြီးနောက် သူတို့အတွေးများသည် တောင်ရောက်မြောင်ရောက်ဖြစ်နေသည်။
‘ဘာကြီးလဲ ဒါက၊ ဒီခံစားချက်ကြီးက ဘာခံစားချက်ကြီးလဲ’
ပုံမှန်အတိုင်းဆိုအဆင်ပြေသော်လည်း ယွဲ့ရှ၏ပစ်မှတ်မှာ မှားယွင်းနေသည်။ သူတို့သည် သူတို့သူငယ်ချင်းနှင့်ယွဲ့ရှရန်ဖြစ်သည်ကိုမမြင်လိုကြပေ။ သူတို့မြင်လိုသည်မှာ ယွဲ့ရှနှင့်ကျန်းရှုယောင် အချင်းချင်းနှစ်သိမ့်နေကြသည်ကိုပင်။ သို့သော် အဘယ်ကြောင့်များ ထိုးနှပ်ခံရသူမှာ ရှီချင်းယင်ဖြစ်နေရသနည်း။
တိတ်ဆိတ်မှုထဲတွင် ကြင်နာတတ်သော ကျန်းရှုယောင်သာလျှင် စကားစပြောလာသည်။ သူမ၏မျက်နှာအမူအရာသည် အလွန်နက်နဲနေသည်။ သူမကပြောလိုက်သည်။ “နင့်ဆုတောင်းကို နင့်ဘာသာနင်သိမ်းထားလိုက်စမ်းပါ”
ရှီချင်းယင်သည် သူမ စကားကိုချက်ချင်းနားမလည်ပေ။ သူကမျက်မှောင်ကြုတ်လိုက်ပြီး “နင်ဘာကိုဆိုလိုချင်တာလဲ”
“နင်က ငါ့အတွက် ရိုးတောင်မရိုးသားနိုင်ဘဲနဲ့” ကျန်းရှုယောင်က စိတ်ပျက်စွာပြောနေသည်။ “ကျန်တဲ့ဘဝတစ်လျှောက်လုံးကို ဘယ်လိုဖြတ်သန်းရမှာလဲ” သူမအသံသည် ငြိမ်းချမ်းနေပြီး ရိုင်းစိုင်းမှု တစိုးတစိပင်မပါပေ။ ထို့ပြင် သူမ၏အသံသည် နူးညံ့သောသက်ပြင်းချသံကဲ့သို့တိုးညှင်းလှသည်။ သူတို့သာ သေချာအာရုံမစိုက်ပါက သူမ ပြောနေသည်ကို သေချာကြားရမည်ပင်မဟုတ်ပေ။
သို့သော် ရှီချင်းယင်ကမူ နောက်ကျောဓားထိုးခံလိုက်ရသလိုလုပ်နေသည်။ မျက်မှောက်ကြုတ်လျက်သူက ပြောလိုက်သည်။ “နင်ဘာလို့ ဒါကြီးကို စလာပြန်တာလဲ၊ အဲ့အတိတ်ကိုပဲ လာလာဆွနေတာ မတော်သေးဘူးလား”
ကျန်းရှုယောင်သည် သူနှင့်ငြင်းခုံဖို့ရန်အင်အားမရှိတော့ပေ။ သူမ မျက်လွှာချလိုက်ပြီး “ထားလိုက်တော့”
ရှီချင်းယင်က ဒေါသတကြီးရယ်လိုက်သည်။ “တော်လိုက်တော့၊ ငါနင့်ကိုဘယ်တုန်းက သေချာမဆက်ဆံခဲ့ဖူးတာရှိလို့လဲ၊ နင့်အမေဆေးရုံတက်တုန်းက ဘယ်သူကဆေးရုံစရိတ်တွေ ပေးခဲ့တာလဲ၊ နင့်ကို ဘယ်သူက အလုပ်ပေးခဲ့တာလဲ၊ ငါ နင့်အတွက် အများကြီးကြိုးစားပေးခဲ့တယ်၊ ငါနင့်ဆီကနေ ဘာမှပြန်မတောင်းခဲ့ဘူး၊ ကြည့်ပါဉီးခုတော့ နင်လုပ်နေတဲ့ ပုံစံကို၊ နင်က အဲ့ဘာမှမဟုတ်တာလေးကြောင့် ပြဿနာလာရှာနေတယ်ပေါ့လေ”
သူပုံစံသည် အများရှေ့တွင် သူဘာပြောနေသည်ကိုပင် ဂရုစိုက်သည့်ပုံမပေါ်ပေ။
ကျန်းရှုယောင်မျက်နှာသည် ဖြူဖျော့သွားသော်လည်း သူမသည်လက်မလျှော့ပေ။ “နင့်ငါ့ကို အများကြီး ကူညီပေးဖူးတာကို ငါသိတယ် ဒါပေမယ့် အဲ့ဒါတွေ အကုန်လုံးကို ငါ့ဘာသာငါလည်း လုပ်နိုင်တယ်”