အခန်း ၈
Vol. 1 Ch. 8
အခန်း (၈) - ကမ္ဘာကြီးကို ပေးရတာမှ ခက်ဦးမယ် ယောက်ျားရှာတယ်ဆိုတာလွယ်လွယ်လေး (၃)
မနက်ဖြန်ပွဲကိုသွားရန် ယွဲ့ရှ သဘောတူခဲ့သော်လည်း System သည် မပျော်မရွှင်ဖြစ်နေဆဲပင်။ System သည် မစ်ရှင်အောင်မြင်ရေးအတွက် ယွဲ့ရှကို သေချာစောင့်ကြည့်ရန်ဆုံးဖြတ်ထားသည်။
တစ်နေ့လည်ခင်းလုံး လေ့ကျင့်ခန်းများ လုပ်ပြီးနောက် ယွဲ့ရှ၏အစာအိမ်မှာ အသံမြည်လာသောကြောင့် သည် သူမသည် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ယွဲ့ချင်းတစ်ခုခုစားနေသည်ကို တွေ့သောအခါ သူမက ပြောလိုက်သည်။ “အကိုကြီး ညီမ ဗိုက်ဆာတယ်”
ယွဲ့ချင်းသည် မော့ပင်မကြည့်လာဘဲ “ ဗိုက်ဆာရင် တစ်ခုခု မှာစားလိုက်”
ယွဲ့ရှက မျက်စောင်းထိုးလိုက်သည်။
မိနစ်ဝက်ခန့်ကြာပြီးနောက် ယွဲ့ချင်းသည် “ကျစ်..” ဟု အသံထွက်လိုက်သည်။ သူ၏အသံနေအသံထားသည် ပို၍ပင်ဆိုးဝါးလာပြီး “ခွက်သွားယူလိုက်”
ယွဲ့ရှသည် ခွက်ယူရန် မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ ယွဲ့ချင်း၏ ညိုမည်းနေသော မျက်နှာအောက်မှာပင် သူမသည် တူဖြင့် သူ့ခေါက်ဆွဲခွက်ထဲမှ သုံးပုံနှစ်ပုံခန့် ယူသွားသည်။ သူမသည် သူမ အကိုအား ခံစားချက်နှင့်ပတ်သတ်ပြီး ဆွေးနွေးရန်လုပ်လိုက်သည်။ “ညီမ ရှီချင်းယင် အပေါ်လက်လျှော့လိုက်တော့မယ်”
ယွဲ့ချင်းက မျက်ခုံးပင့်လိုက်သည်။ “ဟမ်....”
သူ၏သံသယရှိနေသောမျက်နှာကို မြင်သောအခါ ယွဲ့ရှသည် ခေါက်ဆွဲစားရင်း သေချာကြောင်း အာမခံပြောလာသည်။ “ညီမလေးတို့ ငယ်ငယ်တုန်းက ကိုကြီးပဲပြောတာလေ ညီမလေးကို ကမ္ဘာကြီးပေးချင်တယ်ဆို၊ ကိုကြီးစနေမှန်း ညီမလေးသိပေမယ့် ညီမလေးရဲ့အခုအခြေအနေကို ကြည့်ပြီး ပြန်စဉ်းစားကြည့်တော့မှ ညီမလေးသိလာတာက ညီမလေး ယူချင်တဲ့ ယောက်ျားကို ယူလို့ရတယ်ဆိုတာပဲ၊ ဘာလို့ အဲ့လို မကောင်းတဲ့ကောင် အပေါ်တွဲကပ်နေမှာလဲ”
“နင် အဲ့လိုတွေးနိုင်ရင်တော့ အကောင်းဆုံးပေါ့” ယွဲ့ချင်းမျက်နှာအမူအရာသည် နူးညံ့သွားသည်။ “နင်က ဘယ်လိုယောက်ျားမျိုး ကြိုက်လို့လဲ၊ ငါရှာပေးမယ်လေ”
ယွဲ့ရှ : “တကယ်လား”
ယွဲ့ချင်း : “ငါက ဘာကိစ္စနင့်ကိုလိမ်ရမှာလဲ၊ ဘာအကျိုးရလို့လဲ၊ ကမ္ဘာကြီးတစ်ခုလုံးကို ပေးဖို့ကတော့ ခက်ပေမယ့်၊ ယောက်ျားတစ်ယောက်ရှာတယ်ဆိုတာက လွယ်လွယ်လေးပါ”
“ဟုတ်...” ယွဲ့ရှသည် ယခင်က ယင်းကဲ့သို့ မောင်နှမကြားချစ်ခင်မှုကို မခံစားခဲ့ဖူးသောကြောင့် သူမ၏စိတ်တစ်ခုလုံးသည် နွေးထွေးသွား၏။
ယွဲ့ရှက သူမ၏လိုအင်ဆန္ဒကို သွန်ချလာသည်။ “ညီမလေး လိုချင်တဲ့ ယောက်ျားက ပုခုံးကျယ်ရမယ်၊ ခြေထောက်ရှည်ရမယ်၊ ရင်ဘတ်လည်းကားရမယ်၊ ခါးသေးရမယ်၊ အရပ်က ၆ပေ၊ ပေါင်ချိန်က ၁၅၀ ကီလိုထက် မကျော်ရဘူး၊ အင်္ကျီဝတ်ထားရင် ပိန်သွယ်နေပြီး ချွတ်လိုက်ရင် ဗလတောင့်နေရမယ်၊ ပြီးတော့ တအားကြီးလည်း ဗလမတောင့်ရဘူး ညီမလေး မကြိုက်ဘူး၊ ကြင်နာပြီးတော့ နွေးထွေးရမယ်၊ ရင့်ကျတ်တဲ့ယောက်ျားတစ်ယောက်လို ဆွဲဆောင်မှုရှိပေမယ့် ငယ်ရွယ်မှုလည်း မပျောက်ရဘူး၊ အတွေ့အကြုံလည်း များရမယ် ဒါပေမယ့် ဖြူစင်သန့်ရှင်းနေရမယ် အရေးကြီးဆုံးက တစ်ခါမှ မလုပ်ဖူးတဲ့ လူပျိုဖြစ်ရမယ်”
ယွဲ့ချင်း : “....”
ယွဲ့ရှက ဖြူစင်စွာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ “ ဘာဖြစ်လို့လဲ”
“နင့်ရဲ့ မှတ်ပုံတင် နံပါတ်ပြော” ယွဲ့ချင်းက နောက်လှည့်ပြီး ဖုန်းကိုထုပ်လိုက်ပြီးနောက် “ငါတို့ မနက်ဖြန် ထွက်မယ်”
ယွဲ့ရှ : “ဟမ် ညီမလေးတို့ ဘယ်သွားမလို့လဲ”
“နင့်အတွက် ကမ္ဘာကြီးကို ပေးရတာက ပိုလွယ်တယ်” ယွဲ့ချင်းက မျက်နှာသေဖြင့်ပြောလိုက်သည်။ “ငါကမ္ဘာကြီးကို သိမ်းပိုက်ကြည့်မလို့”
မောင်နှမနှစ်ယောက်ကြားတွင် ချစ်ခင်နွေးထွေးမှုကို ရယူဖို့ရန်မှာ ကျရှုံးသွားပြန်သည်။ ယွဲ့ရှသည် ယွဲ့ချင်းခွက်ထဲမှ ခေါက်ဆွဲအကုန်ရှင်းပြီးနောက် သူတို့နှစ်ယောက်သည် အဆင်မပြေဘဲ ထွက်လာခဲ့ကြတော့သည်။
ယွဲ့ချင်းသည် စဉ်းစားလေ စဉ်းစားလေ ထူးဆန်းလေ ဟုခံစားလာရသည်။ သူသည် မထွက်ခင် မေးလိုက်သည်။ “နင်သူ့ကို လက်လျှော့လိုက်တာ သေချာလို့လား၊ နင် အဲ့တာတွေ အကုန်ပြောလိုက်တာ ငါ့ကို အာရုံလွှဲဖို့လား”
အကြောင်းမှာ ယွဲ့ရှသာ သူမ သရုပ်ဆောင်နေသည့်အတိုင်း ထိုယောက်ျား ကိုလက်လျှော့လိုက်မည်ဆိုပါက သူမသည် စေ့စပ်ပွဲထိသွားပြီး ပြဿနာရှာမည် မဟုတ်ပေ။
“မဟုတ်ပါဘူး...” ယွဲ့ရှသည် မော့ပင်မကြည့်လာပေ။ “သူနဲ့ညီမနဲ့ကြားမှာ မျိုးပွားဖို့လုံးဝမဖြစ်နိုင်ဘူးလို့ ကိုကြီးမထင်မိဘူးလား”
ယွဲ့ချင်း: “...”
သူသည် သူ့ညီမစကားကြောင့် ရှော့ခ်ရသွားပြီး ရုပ်တည်ကြီးဖြင့် ချန်ထားခံခဲ့ရသည်။
ယွဲ့ရှသည် System ကို မကျေမနပ်ဖြင့် ကွန်ပလိန်းတက်လာသည်။ “သူပဲအရင်လာပြောပြီးတော့ ခုကျ စကားလည်းမတည်ဘူး”
System သည် စကားပြန်မပြောနိုင်ခင် တော်တော်ကြာသည်အထိ ဆွံ့အသွားသည်။ [ အဲ့အချက်တွေနဲ့ကိုက်ညီတဲ့ ယောက်ျားတွေက ရှိမှမရှိတာ ]
ယွဲ့ရှ : “ကမ္ဘာကြီးက ဒီလောက်ကြီးတာ၊ မရှိဘူးဆိုတာ မဖြစ်နိုင်ဘူး”
ယွဲ့ရှ၏တည်ငြိမ်သော အသံကြောင့် သူမ အတည်ပြောနေကြာင်း System သဘောပေါက်သွားသည်။
သူမ အခန်းထဲပြန်ရောက်ပြီးနောက် ယွဲ့ရှသည် ရှုပ်ပွနေသော ဗီဒီယိုရိုက်သည့် ကိရိယာများကို ရှင်းလိုက်သည်။ စာတော်သောကျောင်းသားတစ်ယောက်တွင် ခဲတံနှစ်ချောင်းသာရှိပြီး စာကြည့်သောကျောင်းသားတွင်စာရေးကိရိယာအစုံရှိသည်ဟု ပြောကြသည်မှာ မှန်ပုံပင်။ ဉပမာပြရလျှင် သူမ၏ယခင်ဗီဒီယိုက အလင်းရောင်က သူမကို ကြက်ဉကင်ရုပ်ပေါက်စေပြီး၊ ဗီဒီယိုတစ်ကွက်နှင့်တစ်ကွက်ကြား ပြောင်းလဲမှုများက စိန်ထက်ပင် တောင့်တင်းနေသည်အပြင် နောက်ခံအသံကလည်း ဗုံးသံနှင့်ပင်တူသည်။ သို့သော်လည်းပဲ သူမ ခုံပေါ်မှာ ပစ္စည်းများအားလုံးသည် အရည်အသွေးကောင်းသည့် ပစ္စည်းများဖြစ်ကြသည်။
သူမ ဗီဒိယိုများမှရသော အမြတ်နှင့်ဆိုလျှင် သူမ၏မိုက်ခရိုဖုန်းကိုပင်ဝယ်မရပေ။
ယွဲ့ရှက “ပြောရရင် ဒီလိုအရည်အသွေးမြင့်စျေးကြီးတဲ့ပစ္စည်းတွေနဲ့ ဒီလို ဗီဒီယိုကိုဖန်တီးနိုင်တာကလည်း အရည်အချင်းတစ်မျိုးပါပဲ” ဟု သူမဘာသာရေရွတ်လိုက်သည်။
ထို့နောက် Systemက သူမ ကွန်ပြူတာဖွင့်ပြီး LOL၊ Apex နှင့် ထိုအကောင့်များနှင့် သက်ဆိုင်သော အရာကို downloadဆွဲလိုက်သည်။ ကျိန်းသေပေါက် ထိုအကောင့်သည်မရှိသောကြောင့် ယွဲ့ရှသည် ကျစ်ဟု အသံထွက်လိုက်ပြီး နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်သည်။
(T/N: LoL က League of Legends ကိုအတိုကောက်ခေါ်တာဖြစ်ပြီး လူအများနဲ့စုကစားရတဲ့ တိုက်ခိုက်ရတဲ့ ဂိမ်းတစ်မျိုးပါ၊ Apex ကတော့ Apex Legends ကို ခေါ်တာဖြစ်ပြီး သေနတ်ပစ်ဂိမ်းတစ်မျိုးဖြစ်ပါတယ်)
System သည် တော်တော်လေးကို စိတ်လေနေပြီဖြစ်သည်။ [ နင်အခုစိတ်ဝင်စားရာမှာက ဇာတ်လိုက်ဘာလုပ်နေလဲဆိုတာကိုလေ ! ]
“အော်...” ယွဲ့ရှသည် အလွန်မှ ပူးပေါင်းပါဝင်စိတ်ရှိလှသည်။ “ရှီချင်းယင် ဘာလုပ်နေလဲ”
System သည် လေထဲတွင် သူမ အတွက် ဗီဒီယိုတစ်ပုဒ်ဖွင့်ပြလိုက်သည။ ယွဲ့ရှ ခံစားလိုက်ရသည်မှာ ယင်းသည် ဘော့စ်အခန်းထဲတွင် ရှိသင့်သောမော်နီတာတစ်ခုဟူ၍ပင်။ သူတို့သည် ပျော်ပါးမူးယစ်ပြီး သမာသမတ်မကျသော ပတ်ဝန်းကျင်ထဲရှိ အဖွဲ့မှာ အဓိကလူဖြစ်နေသည့် ရှီချင်းယင်ကို ကြည့်လိုက်သည်။ လူတိုင်းက ကခုန်ပြီး ပျော်ပါးနေချိန်တွင် သူသည် အရက်သာ သောက်နေလေ၏။
ကျိန်းသေပေါက် လွှမ်းမိုးမှုအားကောင်းသော CEO ဝတ္ထုတွင် မပါမဖြစ် ဇာတ်ကြောင်းကို ရှောင်လွှဲလို့မရပေ။ သူအိပ်ယာခန်းထဲဝင်သွားပြီးနောက် မိန်းမတစ်ယောက်က သူ့နားချည်းကပ်လာခဲ့သည်။ သူသည် သူမကို မငြင်းဆိုသော်လည်း လုပ်ခါနီးတွင် သူမကို ကုတင်ပေါ်မှ ကန်ချလိုက်ပြီး မပြောမဖြစ် စာသားကို ပြောလိုက်သည်။
“ဘာလို့လဲ..” ရှီချင်းယင်သည် သူ့နဖူးကို နာကျင်စွာကိုင်လိုက်သည်။ “နင်မှ မဟုတ်ရင် ဘာလို့မဖြစ်တာလဲ”
ယွဲ့ရှ : “...”
System : “...”
ယွဲ့ရှက တည်ငြိမ်စွာမေးလိုက်သည်။ “သူ့ကိုယ်သူ အရမ်းချစ်တတ်တဲ့သူလို့တော့ မထင်လောက်ဘူးမလား”
[ ဒီလို ဇာတ်လိုက်တွေက အဆုံးထိ ရွေးချယ်ခံကြရတယ် ] System က စိတ်ညစ်စွာဖြင့် ရှင်းပြလိုက်သည်။