← Chapters

အခန်း ၁၁

Vol. 1 Ch. 11

အခန်း ၁၁

Vol. 1 Ch. 11

အခန်း(၁၁) System ကြောက်လန့်တကြီးအော်နေချိန် အရှိန်ပြင်းပြင်းနှင့်အထိုးခံလိုက်ရ (၁)

ကျွင်းရှောင်ဟန်မှာ ထွက်ပြေးသွားခဲ့သည်။ သူမ၏ နောက်လိုက်လေးများမှာမူ ယွဲ့ရှကိုထိပ်လန့်တကြား ကြည့်ရင်း ကျန်နေခဲ့ကြသည်။

သူတို့ သတိမထားမိခြင်းကိုလည်း အပြစ်တင်မရပေ။ ယွဲ့ရှသည် တောက်ပသော အ၀တ်အစားများကိုသာ ၀တ်လေ့ရှိသူဖြစ်သည်။ သူမ၏ အ၀တ်အစားထဲတွင် အရောင်ငါးရောင်ထက် နည်းလျှင်ပင် တော်တော်အံ့ဩစရာ ကောင်းနေပြီဖြစ်သည်။ ယနေ့တွင် သူမသည် မိုးထိုးအောင်မြင့် နေသော ဒေါက်ဖိနပ်ကိုပင် မစီးလာပေ။ ထိုအစား သူမ ၀တ်စားလာသည်မှာ ရိုးရှင်းသော အနက်ရောင်ကုတ်အင်္ကျီ၀တ်လာပြီး ကြောင်တောင်တောင် ဖြစ်နေ၏။

သူမလိုလူမျိုးက ကသိကအောက်ဖြစ်ခြင်းဆိုသည့် ခံစားချက်ကို ခံစားနိုင်ကြောင်း မကောင်းဆိုးဝါးသာ သိလိမ့်မည်။

ဟိတ်ဟန်အပြည့်နှင့် မိတ်ကပ်ထူထူမပါ‌သောကြောင့် ယွဲ့ရှ၏မျက်ရစ်မှာ ရှင်းလင်းပြီး လန်းဆန်း နေသည်။ သူမ၏ ဗာဒံအစေ့ပုံစံ မျက်၀န်းလေးသည် ကြည်သန့်နေပြီး သူမ၏ရှည်လျားသော မျက်တောင်သည် အနည်းငယ် ပင့်တက်နေ၏။ ဖျားနာနေသည့် ပုံစံပေါက်စေသည့် အရောင်ဖျော့ နေသော နှုတ်ခမ်းမှတစ်ပါး သူမ၏ပုံစံသည် သူမကို လူငယ်တစ်ယောက်မှန်း သိသာစေသေးသည်။

အဘယ်ကြောင့်ဆိုသော် သူမသည်လည်း ကျောင်းပြီးခါစ ကျောင်းသားတစ်ယောက်ဖြစ်သော ကြောင့်ပင်။ သူမ ဘယ်လောက်ထိရင့်ကျတ်နိုင်မည်နည်း။

ယုန်တစ်ကောင်ကဲ့သို့ ပြေးထွက်သွားသော ကျွင်းရှောင်ဟန်ကို ယွဲ့ရှ ကြည့်လိုက်သည်။ မမျှတ သော တစ်ဖက်သတ်ရန်ပွဲတွင် အနိုင်ရသွားသလို ဖြစ်နေသည်။ [System ငါသူ့နောက် လိုက်ရမလား ]

တစ်ဖက်လူကို သူမနှင့်ရွယ်တူဟု သူမ ထင်ထားမိသော်လည်း ထိုကောင်မလေးသည် အထက်တန်းသာရှိသေးသည်။ အထက်တန်းတုန်းက ထိုကောင်မလေးထက်ပင် ဆိုးသောသူ တစ်ယောက်ဖြစ်ခဲ့ကြောင်းကို သူမ သိသောကြောင့် ထိုကောင်မလေးကို ဒေါသပင်မထွက်နိုင်ပေ။

System သည် သေတော့မလိုဖြစ်နေသည်။ [ သူ့နောက်ကိုလိုက်သွားရင် ပိုတောင်ဆိုးသွားဉီးမယ် ]

မူလဇာတ်လမ်းထဲတွင် ယွဲ့ရှသည် အခြားသူများ၏ဝေဖန်စကားများကြောင့် ရှက်ရွံ့စွာဖြင့် ဒေါသတကြီး ပြေးထွက်သွားခဲ့သည်။ သူမ စိတ်အညစ်ဆုံးအချိန်တွင် ကံဆိုးစွာဖြင့် လူလာရှာသော လင်းရှူနှင့် သွားတွေ့သည်။ ကျန်းရှုယောင် အပေါ်ထားရှိသော သူ၏မပြောင်းလဲသော ချစ်ခြင်းတရားသည် သူမကို ပို၍ ဒေါသထွက်သွားစေပြီး ကို့ရိုးကားယား အကြံတစ်ခု ထွက်လာခဲ့သည်။

‘နင်က ငါ့လူကိုခိုးတယ်၊ အဲ့ဆို ငါလည်း နင့်လူကို ပြန်ခိုးမယ်’

ဗီလိန်တစ်ယောက်၏အကြံ အောင်မြင်သွားသည်မှာ မရှိသလောက်ရှားသည်။ လင်းရှူက သူမကို အလေးအနက်မထားသည့်အပြင် သူမကို ပေါ်တင်ငြင်းချလိုက်လေ၏။

လူတိုင်း အပေါ် နူးညံ့ညင်သာစွာပြောတတ်သော လူတစ်ယောက်သည် သူမကို ဒေါသတကြီးကြည့်လျက် တည်ငြိမ်စွာ ငြင်းဆိုလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ “ဆောရီးပါ..”

ယွဲ့ရှသည် ဒေါသကြောင့် စုံလုံးကန်းသွားသည်။ {ဘာလို့လဲ ဘာလို့ ကျန်းရှုယောင်က ဘာမှမလုပ်ဘဲ ချောမောထက်မြတ်တဲ့ ယောက်ျားတွေဆီကနေ အကြိုက်ခံနေရတာလဲ၊ ငါကျတော့ အဲ့လို အာရုံစိုက်ခံရဖို့ အရေးအသေကုန်ကြိုးစားနေရပြီးတော့၊ မမျှတဘူး} -ကြာပန်းဖြူနှင့်နှင်းဆီနီ ဝတ္ထု အပိုင်း (၁၈) မှ ကောက်နုတ်ချက်

ထိုကောက်နုတ်ချက်ကို ဖတ်ပြီးနောက် ယွဲ့ရှ ညည်းညူလိုက်သည်. [“နင်က ငါ့လူကိုခိုးတယ်၊ အဲ့ဆို ငါလည်း နင့်လူကို ပြန်ခိုးမယ်” ငါတို့ turn-based ဂိမ်းကစားနေတယ်ဆိုတာ ငါ မသိလိုက်ပါလား ]

turn-based game = ရန်သူတစ်ချက် ကိုယ်တစ်ချက် တစ်ယောက်တစ်လှည့်တိုက်ရသော ဂိမ်း အမျိုးအစားတစ်မျိုး

System :[….]

[ပြီးတော့ ဒီအတွေးကြီးက နည်းနည်း မထူးဆန်းဘူးလား ] ယွဲ့ရှ စဉ်းစားလိုက်သည်။ [ အချက်ကျကျ ပြောရမယ်ဆိုရင် ငါ့ရည်ရွယ်ချက်က ကျန်းရှုယောင်နဲ့ ရှီချင်းယင်ကို ခွဲဖို့ပဲလေ အဲ့ဆို ငါအရင်ဆုံးလုပ်သင့်တာက လင်းရှူကို ရှီချင်းယင်းနဲ့ ပြိုင်အောင် တွန်းတိုက်ဖို့ မဟုတ်ဘူးလား၊ သူတို့နှစ်ယောက် ပြိုင်ဆိုင်နေတာက ပိုကြည့်လို့ကောင်းတယ်လေ ]

System : [ ဒီဇာတ်ကွက်ရဲ့ပန်းတိုင်က နင့်ကို အသုံးချပြီး လင်းရှူရဲ့ဖြူစင်တဲ့ပုံစံကို ခွာချဖို့ပဲ ]

[အဲ့ဒါလည်း ဟုတ်တာပဲ ] ယွဲ့ရှသည် System နှင့် သဘောတူသည်မှာ ရှားသည်။ [ ဇာတ်လိုက်နဲ့ယှဉ်ရင် ဒုတိယဇာတ်လိုက်က မိန်းမတွေသတ်မှတ်ထားတဲ့ အကျင့်သီလစောင့်ထိန်းတယ်ဆိုတာနဲ့ကိုက်ညီတာပေါ့ ဟုတ်ပြီ အဲ့ဆို ငါသူ့ကို ချီးကျူးဖို့ စကားတွေစဉ်းစားလိုက်ဉီးမယ် ]

ထို့ကြောင့် ယွဲ့ရှသည် ဒုတိယဇာတ်လိုက်ကို ကျန်းရှုယောင်ရှေ့ပေါ်လာအောင်လုပ်ဖို့ မရည်ရွယ်ထားပေ။ ဖတ်ရှုသူဘက်မှကြည့်လျှင် သူသည် ဇာတ်လိုက်ထက် ကောင်းမွန်သောကြောင့်လည်း ဖြစ်နိုင်သည်။ သို့သော် သုံးပြီးသား လက်ကိုင်ပုဝါနှင့်တစ်ရှူးကို တယုတယ သိမ်းထားသည့် လူအား လူကောင်းတစ်ယောက်ဟု ယွဲ့ရှ မသတ်မှတ်နိုင်ပေ။

‘အဲ့လူ ခေါင်းချောင်နေတာပဲနေမှာ ဟုတ်လောက်တယ်’

System နှင့် အကြီးအကျယ် ငြင်းခုံပြီးနောက် ယွဲ့ရှသည် လူရှေ့တွင် တည်ငြိမ်စွာ ချောင်းဟန့်လိုက်ပြီး ပြောလိုက်သည်။ “အဲ့တာဆို ကျွန်မကို သွားခွင့်ပြုပါဉီးရှင့်”

ဘုရားသခင် ပင်လယ်ကြီးကို နှစ်ခြမ်းခွဲလိုက်သကဲ့သို့ ဆယ်ကျော်သက်ကောင်မလေးများသည် လိုလိုလားလား ဖယ်ပေးလိုက်ကြသည်။ ဟောခန်းမ၏တစ်ဖက်ခြမ်းသို့ ဝင့်ကြွားစွာ လျှောက်သွားသော ယွဲ့ရှကို သူတို့သည် ကြောင်တောင်တောင်နှင့်ကြည့်နေကြသည်။ ညစဉ်ညတိုင်း လေ့ကျင့်ထားသော ဓားသွားလိုထက်မြက်သည့် ရက်စက်သော စကားလုံများသည် မထင်မှတ်ထားစွာဖြင့် မသုံးလိုက်ရပေ။

အဘယ်ကြောင့်ဆိုသော် လက်ရှိ ယွဲ့ရှသည် ထိုအရာများကို ဂရုမစိုက်လောက်ဟု သူတို့မရှင်းပြနိုင်စွာ ခံစားရသောကြောင့်ပင်။

သူမ၏သေသပ်စွာ ခပ်မြင့်မြင့်စီးထားသော ဆံပင်ကို ယမ်းခါရင်းထောင့်နားသို့ သွက်သွက်လက်လက် လျှောက်သွားပြီး ပျောက်ကွယ်သွားသည်။

အထက်တန်းကျောင်းသူများနှင့်ရန်ပွဲပြီးနောက် ယွဲ့ရှသည် နောက်ဆုံးတွင် လူကြီးများ၏ကမ္ဘာသို့ ပြန်ရောက်လာခဲ့သည်။

ပါတီပွဲကျင်းပသူမှာ သူတို့ အသိုင်းအဝန်းထဲတွင် ဆက်ဆံရေးကောင်းမွန်သူဟု ခေါ်လို့ရသည့် ကျွမ်း မိသားစုမှ ဖြစ်သည်။ သူတို့သည် လူတော်တော်များများနှင့်ကောင်းမွန်သည့် ဆက်ဆံရေးရှိပြီး လူတိုင်းကလည်း သူတို့ကို မျက်နှာသာပေးလိုကြသည်။ ပါတီပွဲကို စိတ်မဝင်စားလျှင်တောင်မှ သား၊ သမီး၊ တူ၊ တူမများကို ပွဲတက်ဖို့ရန် စေလွှတ်ကြသည်။ ဤအသိုင်းအဝန်းမှ လူငယ်များသည် အဆင့်အတန်းမြင့်သူများ၏ နေရာတွင် မျက်နှာပြခွင့်ရလေပြီ။

တိတ်ဆိတ်သောနေရာလေးတွင် စန္ဒယားသံက ငြိမ့်ညောင်းစွာ ထွက်နေသည်။ စကားဝိုင်းများသည် တိတ်ဆိတ်လွန်းသောကြောင့် ကြားပင်မကြားရပေ။

မူလဇာတ်ကြောင်း ဖြစ်ပေါ်ရခြင်း၏ အရိပ်အမြွတ်ကို ယွဲ့ရှ ရှာတွေ့ခဲ့လေပြီ။

တစ်စုံတစ်ယောက်သာ မလိုအပ်ဘဲ ဆူညံပူညံလုပ်ပါက ဤနေရာမှလူအားလုံးထံမှာ စိုက်ကြည့်ခံရသည်မှာ ဤကဲ့သို့ ပွဲမျိုးတွင် ပုံမှန်ပင် ဖြစ်သည်။ ဆူညံပူညံလုပ်သူသည် တိရိစ္ဆာန်ရုံထဲမှ မျောက်ကဲ့သို့ ခံစားရအောင်လုပ်ဖို့ရန် သူတို့သည် ထိုလူအကြောင်းကိုပြောခြင်းနှင့် ရွံ့ရှာသလိုကြည့်ဖို့ရန် မလိုသည်မှာ ပြုလုပ်သူကို စိတ်ဓာတ်အလွန်ကျစေသည်။

သူမသည် လင်ဗန်းထဲမှ နို့ပူပူတစ်ခွက်ကို ယူလိုက်၏။ ထို့နောက် နို့ပူပူကို သောက်နေရင်း သူမသည် ပတ်ဝန်းကျင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။

ကျန်းရှုယောင်ကို သူမသည် အိမ်ကိုခေါ်သွားကြောင်းလူတိုင်းသိလောက်ပြီ ဖြစ်သည်။ သို့သော် ဖြစ်ပျက်ခဲ့သော ကိစ္စအရ လူအများစုမှာ သူမ၏ရည်ရွယ်ချက်ကို သံသယဝင်နေကြ၏။ ကျန်းရှုယောင်သည် သူမနှင့်အတူ လိုက်သွားရန် သဘောတူရသည့် အကြောင်းကို သူတို့မသိသော်လည်း ရှီချင်းယင်နှင့် ကျန်းရှုယောင်၏စေ့စပ်ပွဲကို ဖျက်စီးရန် ယွဲ့ရှ၏အကြံဟု သူတို့ခန့်မှန်းထားကြသည်။

ထိုကိစ္စအပေါ် ယွဲ့ရှ သေသေချာချာ စဉ်းစားပြီးနောက် ထိုအပိုင်းသည် ဇာတ်ရိုးဟောင်း CEO ဝတ္ထုထဲတွင် မကိုက်ညီကြောင်း သတိပြုမိသွား၏။

ထိုကဲ့သို့သော ဝတ္ထုများထဲတွင် ဇာတ်လိုက်မင်းသမီးမှတစ်ပါး အခြားသောမိန်းကလေး ဇာတ်ကောင်များသည် ဇာတ်လိုက်အပေါ် တစ်နည်းမဟုတ်တစ်နည်း ခံစားချက်ရှိကြသည်။ ဇာတ်လိုက်နားကို သူတို့ကပ်လာပါက သူတို့သည် ဇာတ်လိုက်ခန္ဓာကိုယ်ကို လိုလားခြင်းဖြစ်ပြီး ဇာတ်လိုက်ကို လျစ်လျူရှုထားပါက ဇာတ်လိုက်နားကပ်ဖို့ရန် ခက်ခဲနေသည်ဟုဆိုလိုခြင်းဖြစ်သည်။ ဇာတ်လိုက် အပေါ်ချစ်ခြင်းနှင့်မုန်းခြင်းသည် ချစ်ခြင်းကနေပဲ အစပျိုးခဲ့ခြင်းဖြစ်သည်။ သူတို့သည် မိန်းမချင်းကြိုက်သူ ဖြစ်နေလျှင်တောင်မှ ထိုသို့ဖြစ်ရခြင်းမှာ ဇာတ်လိုက်အကြောင်းကို မသိသေးသောကြောင့်သာ ဖြစ်သည်။

ထပ်ပြောရလျှင် ယွဲ့ရှသည် ရှီချင်းယင်အပေါ် တစ်ဖက်သတ်ချစ်နေသည်။ ထို့ကြောင့် အခြားလူများ၏သူမအပေါ် အမြင်ကို ပြောင်းဖို့ရန်မှာခက်ခဲလှသည်။

System မှာ ရလဒ်ကို ကျေနပ်နေသည်။ [ ဒါကမှ ဇာတ်လမ်းအရှိန်တက်ဖို့ အသင့်တော်ဆုံးပဲ ]

ယွဲ့ရှသည် ဘာမှ မပြောပေ။

သူမ၏ တိတ်ဆိတ်မှုကြောင့် System၏အားနည်းသော နှလုံးခုန်နှုန်းသည် ပြင်းပြင်းထန်ထန် ရမ်းခါလာခဲ့သည်။ [ နင်တကယ်ကြီး မိန်းကလေးတွေကို ကြိုက်နေတာတော့ မဟုတ်ဘူးမလား ]

[ဟမ်..? ]အတွေးလွန်နေသောယွဲ့ရှသည် ထိုမေးခွန်းကြောင့် ကြောင်သွားသည်။ [ မဟုတ်ပါဘူး ]

System က သက်ပြင်းရှည်ကြီးချလိုက်သည်။ [ တော်သေးတာပေါ့ ]

[ ဘာတော်သေးတာလဲ ] ယွဲ့ရှက အတွေးအခေါ်ကျကျ ပြောလိုက်သည် : [ ယောက်ျားတွေကို ကာမဆန္ဒအရစိတ်ဝင်စားတယ်ဆိုတာနဲ့ပဲ အဲ့လူက ဘယ်ယောက်ျားမဆို စိတ်ဝင်စားတယ်လို့ဆိုလိုတာ မဟုတ်ဘူးလေ၊ သူက ရုပ်ချောပြီးဉီးနှောက်မရှိတဲ့ကောင်တွေနဲ့ဆို ခံနိုင်ရည်အားပိုမြင့်ရုံပဲ ]

System :[ ….. ]

‘ဒါကပြောသင့်တဲ့အရာ ဟုတ်လို့လား’

All Chapters