အခန်း ၃၉
Vol. 3 Ch. 39
အပိုင်း ၃၉- ငါ ဘာလို့ အရေးကြီးတာတစ်ခုခုမေ့သွားသလိုခံစားနေရတာလဲ(၂)
“ရှောင်ဟန်၊ တုန်းဟွေ့ နဲ့ အခြားသူတွေ လာမှာတဲ့လား”
VIP နေရာ၌ ကောင်မလေးများသည် စာကလေး ငှက်ငယ်များကဲ့သို့ တတွတ်တွတ်စကား ပြော နေကြသည်။ သူတို့သည် သေနတ်ပစ်လေ့ကျင့်နေရင်း စကားလည်းများနေကြသည်။
ကျွင်းရှောင်ဟန်က အဖွဲ့၏အလယ်တွင်ဖြစ်သည်။ သူမက စိတ်မရှည်စွာပြောလာသည်။ “လာမှာပေါ့ ငါ ဒီနေရာရဖို့ အကြာကြီးလိုက်မေးထားရတာနော်၊ သူတို့ ကြာသပတေးနေ့ နေ့လည်တိုင်းလာတယ်၊ မယုံရင်စောင့်ကြည့်နေသူတို့ ခဏနေကျရောက်လာတော့မှာ”
ဤနေရာသည် ဖွင့်တာမကြာသေးသော သေနတ်ပစ်ကွင်းဖြစ်သည်။ ဤနေရာ၏ပိုင်ရှင်သည် ဒုတိယမျိုးဆက်ယောက်ျားတစ်ယောက်ဖြစ်ပြီး ပိုက်ဆံအလွန်ပေါသည်။ ဤနေရာကလည်း သူ အပျော်သဘောဖြင့် ဖွင့်ထားသောနေရာဖြစ်သည်။ တည်ရှိရာနေရာသည် မြို့စွန်တွင်ဖြစ်သည်။ ဤနေရာမှပစ္စည်းများသည် ပုဂ္ဂလိကပိုင်လုပ်ငန်းတစ်ခုမှ ဝယ်နိုင်သော အကောင်းဆုံးပစ္စည်းများ ဖြစ်သည်။ ၎င်း၏ဂုဏ်သတင်းပေါက်သွားသည်နှင့်တစ်ပြိုင်နက် ဝင်ခွင့်ကို ကန့်သတ်လိုက်ပြီး တစ်ရက်လျှင် လူ ၃၀ သာလက်ခံသည်။
ဤနေရာမှ ပစ္စည်းများသည် အလွန်အရည်အသွေးကောင်းသော်လည်း နေရာအပြင်အဆင်ကိုတော့ သိပ်အကုန်အကျခံထားဟန် မပေါ်ပေ။ အတွင်းပိုင်းအပြင်အဆင်မှာ အစိမ်းနှင့်သတ္ထုရောင်အစပ်ဖြစ်သည်။ ဤနေရာသည် ပုံမှန်အားဖြင့် လူများများစားစားမရှိပေ။ သို့သော် ယခုတွင် မိန်းကလေးတစ်အုပ်စုရောက်သည်မှာ မြင်ရခဲသောမြင်ကွင်းဖြစ်သည်။
ကျွင်းရှောင်ဟန်သည် ဤနေရာကို ကျိန်းသေပေါက် အကြံကြီးကြီးဖြင့်ရောက်လာခြင်းကို အခြားသူများမသိပေ။ သူမသည် ရောက်လာလာချင်းတွင် သေနတ်ပစ်ကြည့်သေးသော်လည်း သေနတ်ပြန်ကန်အားသည် သူမကိုနာကျင်စေခဲ့သည်။ထို့ကြောင့်သူမလည်း ဟန်ဆောင်မနေတော့ပေ။ သူမသည် ပျားဘုရင်မကဲ့သို့ VIP နေရာတွင်ထိုင်ပြီး စကားပြောနေသည်။
ကျွင်းရှောင်ဟန်၏ကျယ်ပြန့်သောဆက်ဆံရေးနယ်ပယ်မှာ အပေါ်ယံဘဲမဟုတ်ပေ။ လက်ရှိရောက်နေသော ကောင်မလေးအများစုသည် ချမ်းသာသော မိသားစုမှဖြစ်ကြသည်။ ခြေဆုံးခေါင်းဆုံဈေးကြီးပစ္စည်းများကိုသာဝတ်ဆင်ထားသည်။ သူတို့သည် အကြောင်းအရာတစ်ခုပြီးတစ်ခုပြောနေကြသည်။ မကြာမီ သူတို့၏စကားဝိုင်းသည် ကျွင်းရှောင်ဟန်အကြောင်းဖြစ်လာသည်။
“ရှောင်ဟန် နင့်အိတ်အသစ် အရောင်လေးကလှလိုက်တာ မော်ဒယ်အသစ်လား၊ ငါဒါကို မမြင်ဖူးသေးဘူး”
“အော်ဒါလား” ကျန်းရှုယောင်က အေးဆေးစွာပြန်ပြောလာသည်။ “ဒီတံဆိပ်က ငါ့ကို ငါ live လွှင့်ရင် ပြဖို့ပြောထားလို့လေ၊ သူတို့အတွက် အလကားကြော်ငြာသလိုပါပဲ”
မေးလိုက်သောကောင်မလေးက မနာလိုစွာပြောလိုက်သည်။ “ဝါးမိုက်လိုက်တာ”
သူတို့သည် အိတ်တစ်ခုဝယ်ဖို့အတွက် ပိုက်ဆံအလုံအလောက်ရှိသော်လည်း ထိုကဲ့သို့နည်းလမ်းဖြင့် အိတ်ကိုရခြင်းမှာ ဝယ်ရသည်နှင့်မတူပေ။ ကျွင်းရှောင်ဟန်စကားအရ သူမသည် ဖက်ရှင်အသိုင်းအဝိုင်းနှင့် အချိတ်အဆက်ရှိနေလောက်ပြီဖြစ်သည်။ ယင်းသည် ပိုက်ဆံနှင့်ဝယ်ယူလို့မရသော အရာဖြစ်သောကြောင့် အခြားသူများက အားကျနေကြသည်။
ကျွင်းရေှာင်ဟန်သည် ချီးကျူးမှုများကြောင့် မိုးပေါ်သို့ထောင်တက်နေပြီဖြစ်သည်။
ကောင်မလေးများအကြားတွင် သူမသည် အမြဲတစေအလယ်နေရာတွင်ဖြစ်သည်။ ထို့နောက်တစ်စုံတစ်ယောက် က စပ်စပ်စုစုမေးမြန်းလာသည်။ “ရှောင်ဟန် နင်လွှင့်တဲ့ဗီဒီယိုက Y က ဘယ်သူလဲ၊ ငါတို့ သိတဲ့သူပဲလား”
‘ငါတို့ အသိုင်းအဝိုင်းမှာ ဘာလို့ အဲ့လိုဟာမျိုးရှိရမှာလဲ’
ထို့နောက် အခြားတစ်ယောက် သူမ ကြားချင်သောမေးခွန်းကိုမေးလာသည်။ ကျွင်းရှောင်ဟန် ကပြောလာသည်။ “အဟမ်၊ နင်တို့သိလောက်ပါတယ်”
ထို ဗီဒီယိုအကြောင်းပြောသည်နှင့် သူမ ဒေါသထွက်သလိုခံစားလာရသည်။ ယခင်က ယွဲ့ရှသည် သူမနှင့် အကြိမ် ၈၀၀ လောက် ရန်ဖြစ်နေပြီဖြစ်သည်။ သို့သော် ယခုတွင် ယွဲ့ရှသည် ငြိမ်နေပြီ သူမထံမှ ဘာသံမှ မကြားရပေ။
ယွဲ့ရှ ထိုဗီဒီယိုကို မမြင်ဘူးဆိုသည်မှာ မဖြစ်နိုင်ပေ။ ဆိုလိုသည်မှာ သူမသည် ကျွင်းရှောင်ဟန်ကို လျစ်လျူရှုထားခြင်းဖြစ်သည်။
ယွဲ့ရှ သူမကို စာလာပို့မလားဆိုပြီး ကျွင်းရှောင်ဟန်စဉ်းစားဖူးသည်။ သူမသည် ယွဲ့ရှ၏အဓိကအချက်ကိုနာအောင်လုပ်ရန် ပြောရန်စာကိုစီထားပြီးသားပင်ဖြစ်သည်။ သို့သော် တစ်ရက်ပြီးတစ်ရက်စောင့်ပြီးနောက် ယွဲ့ရှသည် ဘယ်လိုမှ မတုန့်ပြန်လာခဲ့ပေ။
ထိုထိအဆင်ပြေသေးသည်။ သို့သော် သူမသည် မတော်မတဆပုံစံဖြင့် ယွဲ့ရှကိုစာပို့ရန်လုပ်ချိန်မှာ ယွဲ့ရှသည် သူမကို ဘလော့ခ်သွားကြောင်းသိလိုက်ရသည်။
‘ယွဲ့ရှက ဘာလို့ငါ့ကို ဘလော့ခ်သွားတာလဲ၊ ငါဒါကြီးကိုဘယ်လိုလို့သည်းခံနိုင်မှာလဲ’
သူမထင်ထားသည့်အတိုင်းပင် လူတိုင်းက သူမကို သိလိုစိတ်ပြင်းပြစွာဖြင့်ကြည့်လာကြသည်။ “ဘယ်သူလဲ”
ကျွင်းရှောင်ဟန်က နှုတ်ခမ်းစေ့ပြီးပြောလာသည်။ “ယွဲ့ရှ”
ကောင်မလေးများက သူ့ကိုကြောင်တောင်တောင်ဖြင့်ကြည့်လာကြသည်။
ယွဲ့ရှကိုမသိသည်မှာ သူတို့အမှားမဟုတ်ပေ။ ယွဲ့ရှသည် လွန်ခဲ့သာနှစ်အနည်းငယ်ခန့်က ရှီချင်းယင်ပေါ်တွင်သာ အာရုံစိုက်ပြီး အလုပ်ရှုပ်နေခဲ့သည်။ အခြားသော လူမှုဆက်ဆံရေးနှင့်သက်ဆိုင်သော ပွဲများသည် သူမ အတွက် အရေးမပါခဲ့ပေ။
ရလဒ်အနေဖြင့် သူတို့သည် ယွဲ့ရှ အကြောင်းကိုနာမည်သာ သိပြီး ကျန်သောအကြောင်းများကိုမသိကြပေ။ ကျွင်းရှောင်ဟန်၏ ယခင်ဖော်လိုဝါများနှင့်ယွဲ့ရှကိုတွေ့ဖူးသောကောင်မလေးတချို့သာသိသည်။
ယင်းသည် ကျွင်းရှောင်ဟန်လိုချင်သော အချက်ပင်ဖြစ်သည်။ သူမက လည်ချောင်းရှင်းလိုက်ပြီး ယွဲ့ရှအကြောင်းကို ပျော်ရွှင်စာဖြင့် ပိုပိုသာသာပြောပြလိုက်သည်။
ကျိန်းသေပေါက် သူမသည် ထိုကောင်မလေးများကို ဒေါသဆူပွက်စေသည့် စကားကို
သေချာသိသည်။ “သူက လူတွေခက်ခဲနေချိန်ဆို ပိုဆိုးအောင်လုပ်ရတာကြိုက်တယ်၊ ပြီးရင် သူက ကောင်မလေးရှိတဲ့ကောင်လေးတွေနဲ့ အီစီကလီပြောရတာလည်းကြိုက်တယ်၊ သူ့အကြောင်းတစ်ယောက်ဆို သူ့သတို့သမီးနဲ့တောင်ရန်ဖြစ်လိုက်ရသေးတယ်၊ သူက တအားဆိုးတော့ သူငယ်ချင်းလည်းမရှိဘူး”
လူတိုင်း၏မျက်လုံးတွင် ရွံရှာမှုကိုမြင်နိုင်သည်။
“ သူက ဘယ်လိုလူကြီးလဲ”
“သတို့သမီး၊ ဆိုလိုတာ သူတို့က လက်ထပ်တော့မှာပေါ့”
“လွန်လိုက်တာ အရှက်မဲ့လိုက်တာ၊ သူက ဘယ်လိုရုပ်လဲ”
ကျွင်းရှောင်ဟန်သည် ထိုမေးခွန်းကိုစောင့်နေခြင်းဖြစ်သည်။ သူမသည် ယွဲ့ရှ၏ရှက်စရာဗီဒီယိုတစ်ခုကို ပြလိုက်ချိန် တစ်အုပ်လုံးရယ်လိုက်ကြသည်။
“တကယ်ကြီးလားဟ”
“ရုပ်ဆိုးလိုက်တာ Gucci ဝတ်ပြီး ရုပ်ဆိုးတဲ့သူ ခုမှမြင်ဖူးတယ်”
“ကြည့်ပါဉီး လူတိုင်းသူ့ကို ကွန်မန့်မှာဆဲနေကြတာများ၊ အဲ့ဗီဒီယိုကို သူ့မို့တင်ရဲတယ်နော်၊ ရှက်စရာကြီး”
ကျွင်းရှောင်ဟန် အပြုံးမှာ ပိုသိသာလာပြီး သူမပါးချိုင့်ပင်ပေါ်တော့မည်။
သူမ ဘေးနားက ကောင်မလေးက နူးညံ့သောအသံနှင့်ပြောလာသည်။ “သတို့သမီးနဲ့သူဆိုတော့ နင်ပြောတာ ရှီချင်းယင်လား”
ကျွင်းရှောင်ဟန်မျက်နှာမှာ တောင့်တင်းသွားသည်။ သူမသည် အသံလာရာနေရာကိုကြည့်လိုက်သည်။
ထောင်လီက ဖြူစင်စွာ မျက်တောင်ခတ်ပြလာသည်။ “ငါလည်း အဲ့တုန်းက စေ့စပ်ပွဲမှာ၊ ယွဲ့ရှက ကျန်းရှုယောင်ကို ခေါ်သွားတာ မဟုတ်ဘူးလား”
သူမ မျက်လုံးများသည် ကြီးပြီးမျက်နှာဝိုင်းဝိုင်းလေးနှင့်ချစ်စဖွယ်ကောင်းသည်။ သူမသည် ချီဘီရုပ်လေးများကဲ့သို့ချစ်ဖို့ကောင်းသည်။
“နင်အဲ့တာကြီးကို တကယ်ကြီးယုံတယ်ပေါ့” ကျွင်းရှောင်ဟန်က ပြောလာသည်။ “ကျန်းရှုယောင်က သူဘာလိုလူလဲဆိုတာသိသွားလို့ အဆက်အသွယ်တောင်ဖြတ်လိုက်ပြီ၊ သူက ခု ကိုကိုရှီနဲ့ ပြန်ပေါင်းသွားပြီ၊အဲ့ဒါတောင် ယွဲ့ရှက သူတို့နှစ်ယောက်ကြားထဲကိုဝင်ပြီးနှောင့်ယှက်နေတုန်းပဲ၊ ငါသာ ကျန်းရှုယောင်ဆို သူ့ကိုပါးချလိုက်ပြီ”
ထောင်လီ : “ ဒါပေမယ့် ကိုကိုရှီ က ယွဲ့ရှကို အစကတည်းက ငြင်းထားတယ်ဆိုရင် အဲ့လိုတွေ ဖြစ်လာမှာ မဟုတ်ဘူးလေ”
ကျွင်းရှောင်ဟန်သည် ဒေါသထွက်လွန်းသောကြောင့် ထခုန်လုနီးပါးပင်ဖြစ်သွားသည်။ “ယွဲ့ရှသာ အစကတည်းက စက်ဆုပ်ဖို့ကောင်းမနေရင် အဲ့လိုတွေမဖြစ်လာဘူး”
ထောင်လီသည် မည်သည့်မျက်နှာအမူအရာမျှ ပြမလာပေ။ သူမက ချိုမြိန်စွာပြုံးလျက် “ဘာတွေ စိတ်တိုနေတာလဲ၊ ငါပြောတာမှားတယ်လို့နင်ထင်လို့လား”
အခြေအနေမကောင်းကြောင်းကိုတွေ့ရသောအခါ အနီးအနားက ကောင်မလေးများသည်လည်း အငြင်းအခုံကိုရပ်ရန် ပြောလာကြသည်။ “ငြင်းနေတာ တော်ပါတော့၊ ဘာမှဟုတ်တာလည်း မဟုတ်ဘဲနဲ့”
စင်စစ်တွင် သူတို့သည်လည်း ထိုကိစ္စကို ထူးဆန်းသည်ဟု ထင်နေမိသည်။ ကျွင်းရှောင်ဟန်သည် ရှီချင်းယင်ကိုက အလွန်မြှောင့်ပင့်ပြီး ယွဲ့ရှကိုကျ အလွန်နင်းချနေသည်။ ‘သူဘာလို့ အဲ့လောက်ထိဘက်လိုက်နေရတာလဲ’