← Chapters

အခန်း ၄၄

Vol. 3 Ch. 44

အခန်း ၄၄

Vol. 3 Ch. 44

အပိုင်း (၄၄) - ငါ ကြောက်တယ် အဲ့လူရှိနေမှာကိုငါကြောက်တယ် (၃)

ကျန်းရှုယောင်သည် အခြေအနေကို သည်းမခံနိုင်တော့သည့်ပုံပင်။ သူမက ခေါင်းငုံ့ပြီးပြောလာသည်။ “သမီးတစ်ချက်သွားကြည့်ပြီး ပြန်ထွက်လာပါ့မယ်”

လင်းဝမ်က ပြုံးလိုက်ပြီး “ဟုတ်လား တိုက်ဆိုင်လိုက်တာ ချင်းယင်က ခုနလေးတင်မှအိပ်သွားတာ”

“အော် ဟုတ်ကဲ့” ကျန်းရှုယောင်သည် ဓာတ်ဘူးကို သူမ ရင်ဘတ်နားတွင်ကပ်ပြီးပိုက်ထားသည်။ အနည်းငယ်ခန့် တုန့်ဆိုင်းနေပြီးနောက် “အဲ့ဆို သမီး စွပ်ပြုတ်ကို သူ့အခန်းထဲထားခဲ့ပြီး ထွက်သွားပါ့မယ်”

“စွပ်ပြုတ်”

လင်းဝမ်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ သူမက ခပ်ရွဲ့ရွဲ့ပြုံးလိုက်ပြီး မသိမလိမ္မာသော ကလေးကို လူကြီးတစ်ယောက်က ကြည့်နေသကဲ့သို့ကြည့်လိုက်သည်။ “ကျန်းလေး၊ သမီးသိလား၊ ချင်းယင်နေနေတဲ့ ဆေးရုံက တစ်ည ယွမ် ၃၀၀၀ ကျတဲ့ဆေးရုံနော်၊ စားစရာတွေကလည်း အလတ်ဆတ်ဆုံး အသီးအနှံတွေနဲ့ အတော်ဆုံးစာဖိုးမှူးတွေကချက်ပေးထားတာ၊ သမီးစွပ်ပြုတ်ကို လိုဦးမယ်ထင်နေတာလား၊ သမီးပေးချင်စိတ်ကိုတော့ နားလည်ပါတယ်၊ သမီး နေထိုင်ပုံအဆင့်က သူနဲ့အရမ်းကွာလွန်းတယ်၊ သူရဲ့ အရေးကြီးဆုံးအချိန်မှာ၊ ဆီများတဲ့စားစရာကိုစားလို့ သူ့အတွက်ဘာမှကောင်းတာမဖြစ်လာဘူး”

ကျန်းရှုယောင်သည် သူမ အကြည့်အောက်တွင် တောင့်သွားသည်။ သူမသည် သူမလက်များကိုပင် မည်သည့်နေရာသို့ထားရမည်ကိုမသိတော့‌ပေ။ တိုးတိုးလေး ‌ရေရွတ်ရုံသာ သူမ လုပ်နိုင်ခဲ့သည်။ “သမီး တောင်းပန်ပါတယ်၊ သမီးက အဲ့လိုသဘောမျိုးမဟုတ်ပါဘူး”

ယွဲ့ရှသွေးမှာ ထောင်တက်လာတော့သည်။ [ System လွှမ်းမိုးတတ်တဲ့ CEO ရဲ့အမေက ယွမ်သိန်းအနည်းငယ်ပေးပြီး သူရဲ့ချစ်လှစွာသောသားလေးရဲ့ကောင်မလေးကို ထွက်သွားခိုင်းမယ့်သူလို့ ထင်ခဲ့တာလေ၊ သူက ဘာလို့ဒီလောက်မပါးနပ်ရတာလဲ ]

System : [ အဲ့ဒါက မလိမ္မာမပါးနပ်တာမဟုတ်ဘူး၊ ဒါက လူကြီးတွေရဲ့စကားပြောပုံပဲ ]

ယွဲ့ရှ : [ အဲ့ဆို ငါနင့်ထဲရေသွန်လိုက်ရင် ‌ရေတွေစီးကျလာမှာလား ]

System : […]

စိတ်ဖိစီးစွာ အသက်ပြင်းပြင်းရှုနေသာ ကျန်းရှုယောင်ပုံမှာ ခဏနေတွင် ပြေးထွက်သွားတောမည့်ပုံပင် ပေါက်နေသည်။ ယွဲ့ရှလက်ကိုဆွဲလိုက်ပြီးနော် သူမက အလျင်စလိုပြောလိုက်သည်။ “အဲ့ဆို သမီး အရင်ပြန်နှင့်တော့မယ်နော်”

သို့သော် သူမသည် နူးညံ့စွာ ပြန်ခေါ်ခံလိုက်ရသည်။ “ကျန်းလေး၊ ဘာတွေလောနေတာလဲ၊ အန်တီ သမီးကို ပြောစရာရှိသေးတယ်”

ကျန်းရှုယောင်သည် လှည့်မလာဘဲ နှုတ်ခမ်းကိုကိုက်လိုက်သည်။

“ရှုယောင်” ယွဲ့ရှက သူမ‌ဘေးမှ ကြည့်နေသည်။ သူမသည် အလိုက်သိစွာ ဘာမှမမေးဘဲ ဤတစ်ခုသာ ပြောလာသည်။ “ပြန်ရအောင်၊ သူနောက်မှသူပြောချင်တာကို ပြောပါစေ”

ကျန်းရှုယောင်သည် စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်နေပြီး‌နောက်ခေါင်းခါလိုက်သည်။ သူမသည် ယွဲ့ရှကိုအားတင်းကာ ပြုံးပြလိုက်ပြီး “ရပါတယ်၊ ငါ့ကို အောက်မှာ ‌စောင့်နေပေးလို့ရလား”

သူမသည် ဤအရာကို တစ်သက်လုံး ရှောင်ပြေးနေလို့မရပေ။

ကျန်းရှုယောင် သူမဘက်လှည့်လာသည်ကို လင်းဝမ်က ကျေနပ်စွာကြည့်လိုက်သည်။ သူမ ပြောတော့မည့် အချိန်တွင် ယွဲ့ရှသည် မထွက်သွားသေးဘဲ လက်တန်းကိုမှီလျက် တည်ငြိမ်စွာရပ်နေသည်ကို သူမ တွေ့လိုက်ရသည်။ သူမ ပုံစံသည် ရှိုးပွဲတစ်ခုကိုစောင့်ဆိုင်းနေပုံပင်။

လင်းဝမ်က တောင့်ခဲစွာ ပြုံးလိုက်ပြီး “ရှရှ သမီးက အရင်မပြန်ဘူးလား”

“ရပါတယ်”ယွဲ့ရှက တည်ငြိမ်စွာ လက်ကာပြလိုက်ပြီး “ဒီနေ့ သမီးအလုပ်မရှိတော့ အလျင်လိုစရာ မလိုဘူးလေ”

လင်းဝမ်ကတောင့်ခဲစွာ ပြုံးလိုက်ပြီး “ကျန်းလေးနဲ့အန်တီနဲ့က စကားပြောတာကြာမှာ၊ သမီး အဲ့လိုရပ်နေရင် ညောင်းနေမှာပေါ့”

ယွဲ့ရှက တံခါးစောင့်အခန်းထဲမှ ခုံပုလေးကိုဆွဲထုပ်လာပြီး ကြမ်းပြင်ပေါ်ထားပြီးနောက် တောက်ပစွာ ပြုံးပြလိုက်သည်။ “ရပါတယ် သမီးစောင့်နေလို့ရတယ်”

လင်းဝမ်: “….” ‘ဒီကောင်မလေး ဘာဖြစ်နေတာလဲ’

သို့သော် မည်သို့ပင်ဖြစ်စေကာမူ သူမ ကျန်းရှုယောင်ကိုပြောသော စကားများကို ယွဲ့ရှကြားလည်း ကိစ္စမရှိပေ။ သူမသည် နားထောင်နေရသည်ကိုပင် ပျော်နေဦးမည်။ လင်းဝမ်သည် နည်းနည်းဝေးသောနေရာသို့‌ရွှေ့သွားပြီး ကျန်းရှုယောင်ကို ကြည့်လိုက်သည်။

ကျန်းရှုယောင်သည် ကျောင်းအုပ်ကြီးရုံးခန်းထဲသို့ ခေါ်ခံထိသော မူလတန်းကျောင်းသူနှင့်ပင်တူနေသည်။ သူမ၏ ခေါင်းလေးငုံ့နေပုံမှာ သနားချင့်စဖွယ်ပင်။

သူမက နူးညံ့စွာ ပြောလာသည်။ “ကျန်းလေး”

ကျန်းရှုယောင်က မရေရာသောအသံဖြင့် တုန့်ပြန်လိုက်သည်။

“သမီးနဲ့ချင်းယင်ကြား ဘာဖြစ်ခဲ့လဲ အမေသိပြီးသွားပြီ” လင်းဝမ်က ပြုံးလိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။ သူမ အသံသည် ညင်သာသော်လည်း သူမ၏စကားများမှာမူ ထက်ရှလှသည်။ “အန်တီ ကိုပြောပါဉီး သမီး ဘယ်ချိန်ထိ သူ့ကို အနှောင့်အယှက်ပေးနေဉီးမှာလဲ၊ အန်တီတောင်းဆိုပါတယ်”

ကျန်းရှုယောင်မှာ တုန်လှုပ်သွားသည်။ သူမက အလန့်တကြား ခေါင်းမော့လာပြီး “ သမီး တောင်းပန်....”

“စဉ်းစားကြည့်စမ်းပါ ချင်းယင် သမီးကြောင့် ဘယ်လောက်တောင် ဆုံးရှုံးခဲ့ရပြီးပြီလဲ”

လင်းဝမ်သည် သူမကို ပြန်တုံ့ပြန်ခွင့်လုံးဝမပေးပေ။ “အထက်တန်းကတည်းက၊ သူရဲ့ သမီးပေါ်ထားတဲ့ စိတ်ကစားအချစ်ကြောင့် ပျက်စီးလုနီးနီးဖြစ်သွားတယ်၊ သမီးကြောင့် ဒဏ်ရာရခဲ့တယ်၊ အဲ့တုန်းက အန်တီ သမီးကိုပြောခဲ့ပြီး သမီးလည်း နိုင်ငံခြားသွားဖို့ကို ရွေးချယ်ခဲ့တယ်၊ အခု သမီးပြန်ရောက်လာတယ်၊ သမီးက အခုဆို လူကြီးဖြစ်နေပြီ၊ ဘာလို့ကြီးလာလေ မလုပ်သင့်တဲ့ဆုံးဖြတ်ချက်တွေပဲချနေတာလဲ”

“သမီးတို့ စေ့စပ်တာကိုလည်း အန်တီ သဘောမတူခဲ့ဘူး၊ ဒါပေမယ့် ချင်းယင်က သတ်သေမယ် ခြိမ်းခြောက်လို့သာ အန်တီမျက်ကွယ်ပြုခဲ့တာ” လင်းဝမ်က ကျန်းရှုယောင် သူမပြောသည်ကို တုန့်ပြန်တော့မည်ကို မြင်သောအခါ စကားအနည်းငယ်ပြောပြီး သူမ ပြောမည့်စကားများကိုတားဆီးလိုက်သည်။ “သမီး သူ့ကိုမငြင်းခဲ့လို့လို့ မပြောနဲ့၊ မိန်းမ တစ်ယောက်သာငြင်းချင်ရင် ငြင်းဖို့နည်းလမ်းတွေမှ အများကြီးပဲ၊ သမီး မငြင်းနိုင်ဘူးဆိုတာ အကြောင်းပြချက် သက်သက်ပဲ၊ အန်တီလည်း မိန်းမပဲလေ သမီးတွေးနေတာကို မသိဘဲ မနေဘူးလို့ထင်နေတာလား”

ကျန်းရှုယောင်မှာ ငြိမ်နေရုံမှတစ်ပါးမလုပ်နိုင်ခဲ့ပေ။

“ချင်းယင် ကို ခုလိုမြင်ရလို့ သမီး စိတ်မကောင်းဘူးဆိုတာ အန်တီသိတယ်၊ ဒါပေမယ့် အန်တီကတော့ သမီးနဲ့ချင်းလင် လိုက်ဖက်တယ်လို့မထင်ဘူး” လင်းဝမ်က ပြောလိုက်သည်။ “သူ့လိုယောက်ျားမျိုးရဖို့ဆိုတာ သမီးအတွက်မလွယ်ကူဘူး၊ သမီးရဲ့သတ္တိကိုတော့ လေးစားပါတယ်၊ ထက်မြက်တဲ့လူတစ်ယောက်ဆိုရင် သတ္တိရှိရုံနဲ့မရဘူး”

“အန်တီလင်း” ကျန်းရှုယောင်က ခေါင်းမော့လာသည်။ သူမ မျက်လုံးများသည် နီရဲနေပြီဖြစ်သည်။ သို့သော် သူမ အခြေအနေများကို ရှင်းလင်းအောင်လုပ်ရမည်။ “သမီးချင်းယင်နဲ့အတူရှိနေတာ ပိုက်ဆံကြောင့် မဟုတ်ဘူး၊ သမီး သူ့ဆီကနေ ဘာမှ မလိုချင်ဘူး၊ သမီး ကိုယ့်ဘာသာရပ်တည်နိုင်တယ်...”

လင်းဝမ်က သူမကို ပြုံးပြီးကြည့်လိုက်သည်။

ကျန်းရှုယောင်မှာ သူမ ပြောလိုသောစကား၏တစ်ဝက်ခန့်ရောက်လာသောအခါ သူမ ခံစားလာရသည်မှာ ပြောပြလည်းမထူးဘူးဆိုသည်ပင်။

သူမ မည်သို့ရှင်းပြမည်နည်း။ သူ့ကိုပိုက်ဆံကြောင့် မကပ်ခဲ့ဟုဆိုလျှင်တောင်မှ သူမသည် နောက်ကျလျှင်လုပ်မည်ဟု အများက ပြောလိမ့်မည်။ သူမ မည်မျှပင် ရှင်းပြဖို့ကြိုးစားစေကာမူ အသုံးမဝင်ပေ။

“အဲ့ဆို ဒီလိုဆိုရင်ကော” လင်းဝမ်က နူးညံ့စွာပြောလာသည်။ “သမီးနိုင်ငံခြားမှာ စာဆက်သင်နိုင်ဖို့ သမီးကို အန်တီယွမ်သုံးသန်းပေးမယ်၊ ပန်းချီလေ့လာတာက ကောင်းတယ်လေ၊ သမီးနဲ့လိုက်ဖက်တယ်၊ တရုတ်မှာက အဲ့အပိုင်းက အဲ့လောက်မတိုးတက်သေးဘူး၊ နိုင်ငံခြားမှာ သင်တာပိုကောင်းတယ်”

ကျန်းရှုယောင်က ငြင်းလိုက်သည်။ “သမီးမလိုပါဘူး”

“ယွမ်သုံးသန်းဆိုတာ သမီးနိုင်ငံခြားမှာ တစ်ဘဝလုံးအေးဆေးနေလို့ရတယ်နော်” လင်းဝမ်ကပြောလာသည်။ “ဒါမှမဟုတ် အဲ့ဒါကိုနည်းသေးတယ်လို့ ထင်နေတာလား”

“အန်တီ” ကျန်းရှုယောင်က ပိတ်နေသောဆေးရုံတံခါးကိုကြည့်လိုက်သည်။ သူမသည် ယခင်ကကဲ့သို့ ရှီချင်းယင် ပေါ်လာပေးမည်ကို မျှော်လင့်မိသေးသည်။ “ပိုက်ဆံကြောင့်မဟုတ်လို့ သမီး အန်တီ့ပိုက်ဆံကို မယူနိုင်ဘူး”

“ရပါတယ်၊ အန်တီပေးတာ နည်းသွားတယ်၊ ယွမ်ငါးသန်းဆိုရင်ကော” လင်းဝမ်က သူမကို ဖြတ်ပြောလိုက်ပြန်သည်။

သူမက ရှေ့တိုးလာပြီး ကျန်းရှုယောင်ကို ကြည့်လိုက်သည်။ ထို့နောက် သူမက ရယ်လိုက်ပြီး သူမက ကော်လံကို ပုတ်လိုက်သည်။ “ချင်းယင်ကို ဒီနှစ်တွေထဲ ဂရုစိုက်ပေးခဲ့လို့ မုန့်ဖိုးပေးတယ်လို့ပဲ တွေးလိုက်ပါ၊ တကယ်တော့ အဲ့လောက်လည်း မများပါဘူး၊ သမီးက ငယ်ပြီးလှတယ်လေ၊ ပြီးရင် ပုံလည်းဆွဲတတ်တယ်၊ သူက သမီးရဲ့အချစ်ဦးလေပြီးတော့၊ ဒါပေါ့ အရင်က ကိုယ်ဝန်ပျက်ကျတာမျိုးရှိခဲ့ရင် အန်တီ သမီးခန္ဓာကိုယ်ထိခိုက်သွားတဲ့အတွက် အန်တီထပ်ပေးပါမယ်”

ကျန်းရှုယောင်၏စိတ်မှာ ဗလာဖြစ်သွားသည်။ သူမ စကားမပြောနိုင်တော့ပေ။ သူမလည်ပင်းတစ်ခုလုံး ဝါဂွမ်းဖြင့် အစို့ခံထားရသလိုခံစားလိုက်ရသည်။ လင်းဝမ်၏စကားထဲမှ ဓားသွားများကိုပင် သူမ မသိတော့ပေ။

‘သူဘာကိုဆိုလိုတာလဲ၊ သူပြောချင်တာ ငါက ငါ့ခန္ဓာကိုယ်ကိုရောင်းစားခဲ့တာပေါ့၊ သူဆိုလိုတာအဲ့ဒါလား’

‘ဘာလို့ သူက ငါ့ကို ဒီလိုစော်ကားရတာလဲ၊ ငါဘာမှမလုပ်ခဲ့ဘူးလေ’

သူမသည် သူမ၏သိက္ခာခြေမွခံလိုက်ရသည့်အသံကို ကြားနေရသည်။ သူမ အသက်ရှူရခက်လာသည်။ ယင်းသည် အရင်တစ်ခေါက်က ခံစားချက်အတိုင်းပင်ဖြစ်သည်။ သူမ၏အိပ်မက်ဆိုး ထပ်မံဖြစ်ပျက်နေသလိုပင်။

‘ချင်းယင် သူဘာလို့ထွက်မလာတာလဲ၊ ထွက်လာလေ နင့်အမေကိုပြောလိုက်လေ ငါက အဲ့လိုလူမဟုတ်ဘူးလို့’

သူမ အသက်ရှူကြပ်တော့မည့် အချိန်လေးတင် ရုတ်တရက် သူမနောက်မှယွဲ့ရှ၏အသံကို သူမကြားလိုက်ရသည်။

ယွဲ့ရှသည် လင်းဝမ်၏လက်ကောက်ဝတ်ကို ကိုင်လိုက်ပြီး ကျန်းရှုယောင်ထံမှသူမလက်ကို ခါချလိုက်သည်။

“အန်တီနဲ့အန်တီ့သားက တော်တော်လေးကို လူဆိုးနဲ့ရဲကစားနည်း ကစားရတာကို တော်တော်ကြိုက်ပုံပဲနော်” ယွဲ့ရှ၏ဖုံးထားသောဒေါသကထွက်လာသည်။ “ပျော်လွန်းလို့ အရှက်ပါမဲ့သွားပြီလား၊ အန်တီတို့နှစ်ယောက်မှာ ဆုံးရှုံးစရာအရှက်ကော ကျန်သေးရဲ့လား”

သူမ ဒေါသထွက်နေသော်လည်း သူမ၏အသံသည် တုန်ရီမနေပေ။ သူမ မထွက်ပြေးလိုသည့်အပြင် သူမ၏နောက်ကျောသည် သံမဏိအလားမာကျောနေသည်။

ကျန်းရှုယောင်မှာ သူမ၏ပုခုံးပေါ်တွင် ပုတ်သည့်ခံစားချက်ကိုခံစားလိုက်ရသည်။ ယွဲ့ရှက သူမကို စိုက်ကြည့်လာသည်။ “သူနင့်ကို ဒီလောက်စော်ကားနေတာတောင် နင်ဘာလို့ပြန်မဆဲတာလဲ၊ အဲ့လိုပဲရပ်နေဖို့ နင့်ကိုဘယ်သူသင်ပေးထားတာလဲ”

ကျန်းရှုယောင်: “....” သူမ ငိုချင်လာသည်။

လင်းဝမ်သည် လန့်နေရာမှပြန်အသိဝင်လာပြီး ဒေါသတကြီးပြောလာသည်။ “နင်ဘာပြော....”

“အန်တီက အဲ့လိုရိုင်းစိုင်းတဲ့စကားတွေကို ကောင်မလေးတစ်ယောက်အပေါ်ပြောရဲတယ်နော်၊ ကိုယ့်ကိုကိုယ်လူကြီးလို့ ထင်သေးတယ်ပေါ့လေ ဟမ်” ယွဲ့ရှက ပြန်လှည့်လာပြီး သူမ၏တည်ငြိမ်နေသော မျက်လုံးနက်နက်ထဲတွင် မီးတောက်များရှိနေသကဲ့သို့ သူမက လင်းဝမ်ကို လက်ညိုးထိုးပြီးမေးလိုက်သည်။ “ သားတစ်ယောက်မွေးလိုက်လို့ဆိုပြီး ကိုယ့်ကိုကိုယ်မိန်းမဆိုတာ မေ့သွားတာလား”

All Chapters