အခန်း ၇၈၂
Vol. 40 Ch. 782
အပိုင်း (၇၈၂) လုတရုံံ၏ အတွေ့အကြုံ
ထိုအချိန်တွင် လူအများအပြားမှာ အခြေအနေကို စစ်ဆေးရန် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
လင်းယွမ်က လူများလာသည်ကို မြင်သောအခါ ယခုသည် အလွမ်းသယ်ရမည့် အချိန်မဟုတ်ကြောင်း သိလိုက်သဖြင့် ရှီဟိုင်ကျူးနှင့် ကျန်းဖန်တို့အား "ဒီနေရာကို မင်းတို့ပဲ တာဝန်ယူလိုက်တော့" ဟု ပြောလိုက်သည်။
"အခြေစိုက်စခန်းကို ဖျက်ဆီးမယ့် စနစ်ကို နှိပ်ခဲ့တဲ့သူက ခိုက်ရီနည်းပညာ ကုမ္ပဏီရဲ့ အမှောင် စီမံခန့်ခွဲသူပဲ... သူက အဝေးကနေ ပုံရိပ်ဖော်နိုင်တဲ့ အစွမ်းရှိတယ်"
"အမှောင် စီမံခန့်ခွဲသူ ဟုတ်လား" ဟု ရှီဟိုင်ကျူးက အံ့အားသင့်စွာ မေးလိုက်သည်။
လင်းယွမ်က "ခိုက်ရီနည်းပညာက ဒီအခြေစိုက်စခန်းမှာ စီမံခန့်ခွဲသူ နှစ်ယောက် ထားထားတာ... တစ်ယောက်က အလင်းထဲမှာ ရှိပြီး နောက်တစ်ယောက်ကတော့ အမှောင်ထဲမှာ ပုန်းနေတာ" ဟု ရှင်းပြလိုက်သည်။
"ပုံမှန်ဆိုရင် ကိစ္စအဝဝကို အလင်းထဲက စီမံခန့်ခွဲသူကပဲ ဆုံးဖြတ်ကိုင်တွယ်ရပြီး အမှောင်ထဲကလူကတော့ သူ့ကို စောင့်ကြည့်ရတယ်"
"တကယ်လို့ အလင်းထဲက စီမံခန့်ခွဲသူက ခိုက်ရီနည်းပညာ ကုမ္ပဏီကို ခြိမ်းခြောက်မယ့် ကိစ္စတစ်ခုခု လုပ်လာပြီဆိုရင်... အမှောင်ထဲကလူက ကုမ္ပဏီကို ချက်ချင်း အကြောင်းကြားတာ ဒါမှမဟုတ် အခြေစိုက်စခန်းကိုပါ ဖျက်ဆီးပစ်တာမျိုး လုပ်ရတယ်"
"ငရဲကျွန်းက ခိုက်ရီနည်းပညာ အခြေစိုက်စခန်းရဲ့ အလင်းထဲက စီမံခန့်ခွဲသူကတော့ ဝမ်ထျန်အန်းပဲ... အခု သူက ငါတို့ဘက်ကို ဘက်ပြောင်းလာပြီ"
"အမှောင်ထဲက စီမံခန့်ခွဲသူ နာမည်ကတော့ ကျင့်ယွမ် တဲ့... သူက ကျွန်းပေါ်မှာ ပုန်းနေတုန်းပဲ ဖြစ်မယ်... အခြေစိုက်စခန်းကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တာလည်း သူပဲ ဖြစ်ရမယ်"
"မင်းတို့ သေချာ ဂရှုစိုက်ကြဦး... အဲဒီလူရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်က မနိမ့်ဘူး... ပြီးတော့ ပုန်းလျှိုးကွယ်လျှိုး လုပ်တဲ့နေရာမှာလည်း အရမ်း ကျွမ်းကျင်တယ်"
ထိုစဉ် ဝမ်ထျန်အန်းက အံကြိတ်လျက် ရှေ့သို့ ထွက်လာပြီး "ဆရာလင်း... ကျွန်တော် သွားရှာလိုက်ပါ့မယ်" ဟု ဆိုသည်။
လင်းယွမ်က ခေါင်းညိတ်ပြလိုက်ပြီး "ကောင်းပြီ" ဟု ဆိုလိုက်သည်။
ထိုအချိန်တွင် လုတရုံံက "ဆရာလင်း... လူရှာမလို့လား... ကျွန်တော်တို့ ကူညီပေးနိုင်မလား မသိဘူး" ဟု ဝင်ပြောလာသည်။
လင်းယွမ်က လုတရုံံကို လှည့်ကြည့်လိုက်ရာ စိတ်ကူးတစ်ခု ရသွားသည်။
လုတရုံံသည် ဤကျွန်း၏ နှလုံးအမြူတေကို ထိန်းချုပ်ထားနိုင်ပြီး ဦးနှောက်အမြူတေမှာလည်း သူတို့လက်ထဲတွင် ရှိနေသည် မဟုတ်ပါလော။
ကျွန်းတစ်ကျွန်း၏ ဦးနှောက်အမြူတေကို ပိုင်ဆိုင်ထားပါက ကျွန်းပေါ်ရှိ သက်ရှိအားလုံး၏ အငွေ့အသက်ကို အာရှုံခံနိုင်စွမ်း ရှိသည်ကို သူ သိထားသည်။
သူက ချက်ချင်း ပြုံးလိုက်ပြီး "ခင်ဗျားတို့ရဲ့ အကူအညီကို တကယ် လိုအပ်နေတာပဲ... ဒီကျွန်းရဲ့ ဦးနှောက်အမြူတေက ခင်ဗျားတို့ဆီမှာ ရှိနေတာလား" ဟု မေးလိုက်သည်။
လုတရုံံက ရယ်မောလျက် "မိန်ရှု ဆီမှာ ရှိတယ်... ကျွန်တော့်နောက် လိုက်ခဲ့ပါ... သူရှိတဲ့ဆီ လိုက်ပို့ပေးမယ်" ဟု ဆိုသည်။
လင်းယွမ်က "ကောင်းပြီလေ" ဟု သဘောတူလိုက်သည်။
ထို့နောက် သူက ကျန်ရှိသူများအား "မင်းတို့ ဒီက ကိစ္စတွေကို ဆက်လုပ်ထားကြ... ငါ ဦးလေးလုနဲ့ လိုက်သွားလိုက်ဦးမယ်" ဟု မှာကြားလိုက်သည်။
အားလုံးက ခေါင်းညိတ် ထောက်ခံကြသည်။
လင်းယွမ် ကိုယ်တိုင် ပါဝင်မည်ဆိုပါက ကျင့်ယွမ် ဆိုသူမှာ လွတ်မြောက်နိုင်ရန် အကြောင်းမရှိတော့ပေ။
ဝမ်ထျန်အန်း၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျန်းဖန်၊ ထူလုံနှင့် ရှီဟိုင်ကျူးတို့သည် အခြေစိုက်စခန်းကို လျင်မြန်စွာပင် ထိန်းချုပ်နိုင်ခဲ့ကြသည်။
၎င်းတို့သည် စခန်းအတွင်းရှိ အဓိက နည်းပညာများကို မိတ္တူကူးယူခဲ့ကြသည့်အပြင် သုတေသနပညာရှင် အချို့ကိုပါ လေဟုန်စီး ငါးလိပ်စွန်ကျွန်း သို့ ခေါ်ဆောင်သွားရန် စီစဉ်လိုက်ကြသည်။
အခြားတစ်ဖက်တွင်မူ လင်းယွမ်သည် လုတရုံတို့ သုံးယောက်နောက်သို့ လိုက်ပါကာ တောအုပ်ထဲသို့ ဝင်လာခဲ့သည်။
ထိုအခါမှ လုတရုံံနှင့် လင်းယွမ်တို့မှာ စောစောက စကားဝိုင်းကို ပြန်လည် ဆက်မိကြတော့သည်။
"ဆရာလင်း... ယွီယန် က ဆရာလင်းကို ဒုက္ခတွေ ဘာတွေ ပေးနေသေးလား" ဟု လုတရုံံက စိုးရိမ်တကြီး မေးလိုက်သည်။
လင်းယွမ်က ပြုံးလျက် "မပေးပါဘူး... သူက အရမ်း လိမ္မာတဲ့ ကောင်မလေးပါ" ဟု ပြန်ဖြေလိုက်သည်။
"သူ နိုးထလာတဲ့ အစွမ်းက ကုသရေး အစွမ်းလား"
"ဟုတ်တယ်... စိတ်ပိုင်းဆိုင်ရာ ကုသပေးနိုင်တဲ့ အစွမ်းပဲ... သူက အာနီမဲကောင်မလေး တစ်ယောက်အဖြစ် ပြောင်းလဲသွားနိုင်ပြီး ကခုန်တဲ့ နည်းလမ်းနဲ့ စိတ်စွမ်းအင်တွေကို ဖြန့်ကျက်ပြီး လူတွေရဲ့ စိတ်ရောဂါကို ကုသပေးနိုင်တယ်"
လုတရုံံ၏ မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး "ဒီကလေးက ငယ်ငယ်ကတည်းက ချစ်ဖို့ကောင်းတဲ့ အာနီမဲကားလေးတွေကို အရမ်းကြိုက်တာ... ကျွန်တော်ကလည်း အလုပ်များတော့ သူ့ကို အချိန်မပေးနိုင်ဘဲ အာနီမဲရုပ်လေးတွေနဲ့ ရုပ်ပြစာအုပ်တွေပဲ ဝယ်ပေးဖြစ်ခဲ့တာ" ဟု ဆိုသည်။
"သူက ငယ်ငယ်ကတည်းက စကားနားထောင်တယ်... ဘာဖြစ်ဖြစ် ဆူညံဆူညံ မလုပ်တတ်ဘူး... အခု သူရတဲ့ အစွမ်းကလည်း သူ့စိတ်နေစိတ်ထားနဲ့ ထပ်တူကျနေတာပဲ"
လင်းယွမ်သည်လည်း လုယွီယန် ဆိုသော ကောင်မလေးကို ပြန်လည် မြင်ယောင်လာသည်။
ထိုကောင်မလေးမှာ အမှန်တကယ်ပင် ကြင်နာတတ်ပြီး လောကဒဏ်ကို ကြံ့ကြံ့ခံနိုင်သူ ဖြစ်သည်။
ထို့ကြောင့်လည်း သူမသည် တိုက်ခိုက်ရေး အစွမ်းထက် ကုသရေး အစွမ်းကို ပိုင်ဆိုင်လာခြင်း ဖြစ်ပေလိမ့်မည်။
လူတစ်ယောက်၏ အစွမ်းသည် ထိုသူ၏ မသိစိတ်နှင့် များစွာ ဆက်နွှယ်နေတတ်သည် မဟုတ်ပါလော။
"ခင်ဗျားက သူ့ကို ကောင်းကောင်း စောင့်ရှောက်ခဲ့တာပဲ" ဟု လင်းယွမ်က ချီးကျူးလိုက်သည်။
လုတရုံံက ရယ်မောကာ "ကျွန်တော်က ယောကျ်ားကြီးတန်မဲ့ သမီးလေးတစ်ယောက်ကို ဘာမှ နားမလည်ဘဲ ပြုစုပျိုးထောင်လာခဲ့တာ... ကျွန်တော့်မှာ ရှိတာမှန်သမျှ အကောင်းဆုံးတွေကိုတော့ ပေးခဲ့တာပါပဲ" ဟု ဆိုသည်။
"သူ့အမေက သူ ၁၂ နှစ်သမီးတုန်းက တခြားလူနောက် ပါသွားတာ... အဲဒီတုန်းက သူက ကျောင်းမှာ အမေမရှိတဲ့ကလေးဆိုပြီး အလှောင်ခံခဲ့ရသေးတယ်"
"အဲဒီညမှာပဲ သူ့ကို လှောင်တဲ့ကောင်လေးကို သူ့အမေတောင် မမှတ်မိတော့တဲ့အထိ ကျွန်တော် သွားရိုက်ခဲ့တာ"
"သူက ရဲမတိုင်ဘူးလား"
"ဟားဟား... အဲဒီလို လူမျိုးတွေက ကိုယ့်ထက်နိမ့်တဲ့သူကိုပဲ အနိုင်ကျင့်တတ်တာ... ဘယ်ရဲတိုင်ရဲပါ့မလဲ"
"တကယ်လို့ တိုင်ရင်တောင် ကိစ္စမရှိပါဘူး... ကျွန်တော်က စီစီတီဗွီ မရှိတဲ့နေရာကို ရွေးပြီး လုပ်ခဲ့တာလေ"
လင်းယွမ် မနေနိုင်ဘဲ ဟားတိုက် ရယ်မောလိုက်မိသည်။
"ဒါနဲ့... ခင်ဗျားတို့ ဒီကို ဘယ်လိုရောက်လာတာလဲ... ဒါက ပေပေါင်း သောင်းနဲ့ချီ မြင့်တဲ့ နေရာလေ... လျှပ်စီးတိမ်တိုက်တွေလည်း ရှိနေတာကို... ကျွန်တော်တောင် အဲဒီတိမ်တိုက်တွေကို တိုက်ရိုက် ဖြတ်ကျော်ဖို့ မဝံ့ဘူး" ဟု လင်းယွမ်က စူးစမ်းစွာ မေးလိုက်သည်။
လုတရုံံက "လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ကျွန်တော်တို့ မိန်တုဥယျာဉ် ရပ်ကွက်ရဲ့ ခိုလှုံရေးစခန်းမှာ နေခဲ့ကြတာ"
"အဲဒီနေ့က ကောင်းကင်ပေါ်ကနေ ဧရာမ နွယ်ပင်ကြီးတစ်ပင် ပြုတ်ကျလာတယ်... အဲဒီနွယ်ပင်က ခြောက်သွေ့နေပြီး အလယ်မှာ အခေါင်းပေါက်ကြီး ဖြစ်နေတာ"
"ကျွန်တော်က စိတ်ဝင်စားတာနဲ့ အဲဒီနွယ်ပင်ထဲ ဝင်ပြီး အပေါ်ကို တက်ကြည့်ခဲ့တယ်"
"ကျွန်တော်က မြေဓာတ် အစွမ်း ပိုင်ရှင်ဆိုတော့ အပင်တွေနဲ့ ပတ်သက်ရင် အာရှုံခံစားမှု အရမ်းကောင်းတယ်"
"အဲဒီအပင်မှာ သက်ရှိ အငွေ့အသက် ရှိနေသေးတာကို ခံစားရလို့ ကျွန်တော် အရမ်း အံ့သြသွားတာ... ဘယ်လို သက်ရှိမျိုးကများ တိမ်တွေအထက်ကနေ ဒီလောက်ကြီးမားတဲ့ နွယ်ပင်ကြီးကို ချပေးနိုင်တာလဲ ဆိုတာ သိချင်သွားတယ်"
"အဲဒီတုန်းက ကောင်းကင်ပေါ်မှာ နတ်ဘုရားသစ်ပင်ကြီး ရှိနေတာလား... အဲဒီမှာ ငါတို့အတွက် မျှော်လင့်ချက် ရှိနေမလား ဆိုပြီး တွေးခဲ့တာ"
"ကျွန်တော် နွယ်ပင်တစ်လျှောက် အပေါ်ဆုံးထိ တက်လာခဲ့တာ... နောက်တော့ မှောင်မည်းနေတဲ့ လမ်းကြောင်းတစ်ခုထဲ ရောက်သွားတယ်"
"ကျွန်တော် အဲဒီလမ်းကြောင်းအတိုင်း ဆက်သွားကြည့်တော့ အစိမ်းရောင် သလင်းကျောက်တစ်ခုကို တွေ့လိုက်ရတယ်"
"အဲဒီ သလင်းကျောက်ကို ကိုင်လိုက်တဲ့ အချိန်ကျမှ ဒါက လေပေါ်ကျွန်း ဆိုတာကို သိလိုက်ရတာ... အဲဒီ သလင်းကျောက်က နှလုံးအမြူတေ ပဲ"
လင်းယွမ် ကြားလိုက်ရသည်နှင့် အလွန် အံ့အားသင့်သွားရသည်။
နတ်သစ်ပင်ကျွန်း က သူ့ဘာသာ နွယ်ပင်တွေချပေးပြီး လုတရုံံကို နှလုံးအမြူတေဆီ လမ်းပြပေးခဲ့သည် ဆိုပါလား။
သူ ဘယ်လို ပြောရမှန်းပင် မသိတော့ပေ။
လုတရုံံ၏ ကံကောင်းမှုကြောင့်လား သို့မဟုတ် ဤအပင်အမျိုးအစား လေပေါ်ကျွန်းက ထူးခြားလွန်းနေ၍လား မဝေခွဲနိုင်တော့ပေ။
နှလုံးအမြူတေကို ရယူသည့် နည်းလမ်းမှာ လွန်စွာမှပင် ရိုးရှင်းလွန်းလှသည် မဟုတ်ပါလော။
"အဲဒီနောက်တော့ ဘာဖြစ်လဲ"
"နောက်တော့ ကျွန်တော် ပြန်ဆင်းသွားပြီး မိန်ရှု နဲ့ လီလီ တို့ကိုပါ ဒီအပေါ်ကို ခေါ်လာခဲ့တာ"
"အဲဒီတုန်းက ကျွန်တော်တို့ အိပ်မက်မက်နေသလိုပဲ... နတ်ဘုရားက ငါတို့အတွက် အသက်ရှင်ဖို့ လမ်းစ ပေးလိုက်ပြီလို့ ထင်ခဲ့တာ"
"နှလုံးအမြူတေကို ပိုင်ဆိုင်ထားတဲ့အတွက် နတ်သစ်ပင်ကျွန်း တစ်ခုလုံးမှာ ရှိတဲ့ သွေးကြောလမ်းကြောင်းတွေရဲ့ တည်နေရာကို ကျွန်တော် အာရှုံခံနိုင်တယ်"
"ဒါက ကျွန်တော့် ဦးနှောက်ထဲမှာ မြေပုံတစ်ခုလို ရှင်းရှင်းလင်းလင်း ပေါ်နေတာ"
"ကျွန်တော် အားလုံးကို ဦးဆောင်ပြီး အပြင်ကို ထွက်လာခဲ့တော့မှ ဒါက ကောင်းကင်မှာ ပျံဝဲနေတဲ့ ကျွန်းတစ်ကျွန်း ဖြစ်နေမှန်း သိလိုက်ရတာ"
"အမြဲတမ်း မိုးတွေရွာနေတဲ့ ကြောက်စရာကောင်းတဲ့ တိမ်တိုက်တွေက ကျွန်တော်တို့ ခြေဖဝါးအောက် ရောက်နေပြီ"
"ကောင်းကင်မှာ သန္ဓေပြောင်း ငှက်တွေ အများကြီး ရှိနေတော့ ကျွန်းပေါ်မှာ ကျွန်တော်တို့ သတိထားပြီး နေခဲ့ကြရတယ်"
"ဒါပေမဲ့ ဒီမှာ မြေကြီးရှိတယ်... သစ်ပင်တွေ ရှိတယ်... ကျွန်တော်တို့ ရှင်သန်ဖို့အတွက် လုံလောက်နေပြီလေ"
"ဒါနဲ့ပဲ ကျွန်တော်တို့ ခိုလှုံရေးစခန်း အသစ်တစ်ခု တည်ဆောက်ခဲ့ကြတယ်... အားလုံးကတော့ ရေလွှမ်းမိုးတဲ့ ကမ္ဘာပျက်ကပ်ကြီးကနေ လွတ်မြောက်သွားပြီလို့ ထင်ခဲ့ကြတာ"
"ဒါပေမဲ့ လီလီ ကတော့ ကျန်းဖန် ကိုပဲ အမြဲ တမ်းတနေခဲ့တာ... သူကတော့ ကျန်းဖန် သေချာပေါက် အသက်ရှင်နေမယ်လို့ ယုံကြည်နေခဲ့တာ"
"ဒါနဲ့... ကျန်းဖန် ရော အသက်ရှင်သေးရဲ့လား"
လုတရုံံက အလျင်အမြန် မေးလိုက်သည်။
လင်းယွမ်က သက်ပြင်းတစ်ချက်ချလျက် "အင်း... အသက်ရှင်နေပါတယ်" ဟု ဆိုသည်။
လုတရုံံက ချက်ချင်း ပြုံးလိုက်ပြီး "ဒါဆိုရင်တော့ အဆင်ပြေသွားပြီ... လီလီ သာ သိရင် အရမ်း ဝမ်းသာသွားမှာပဲ" ဟု ဆိုလိုက်သည်။
လင်းယွမ်ကတော့ ဘာမှပြန်မပြောဘဲ ပြုံးနေလိုက်သည်။
ဝမ်လီလီ အနေဖြင့် ကျန်းဖန်ကို အမှန်တကယ် တွေ့လိုက်ရပါက စိတ်ပျက်သွားမလားတော့ မပြောနိုင်ပေ။
လင်းယွမ်က ဆက်လက်၍ "ဒါနဲ့ ခင်ဗျားတို့ ခိုက်ရီနည်းပညာ ကုမ္ပဏီကလူတွေနဲ့ ဘယ်လိုတွေ့ခဲ့ကြတာလဲ" ဟု မေးလိုက်သည်။
"ကျွန်တော်တို့ ဒီကျွန်းပေါ်မှာ နေလာတာ လအတော်ကြာပြီ... လွန်ခဲ့တဲ့ တစ်လလောက်ကမှ ကျွန်းပေါ်ကို ယာဉ်ပျံတွေ အများကြီး ဆိုက်ကပ်လာတာ"
"ကျွန်တော်က နှလုံးအမြူတေကို ပိုင်ထားတော့ အဲဒီယာဉ်ပျံတွေကို ချက်ချင်း အာရုံခံမိတယ်"
"ဒါပေမဲ့ သတိထားတဲ့အနေနဲ့ သူတို့ဆီကို ချက်ချင်း မသွားခဲ့ဘူး"
"ကမ္ဘာပျက်ကပ်ကြီးကို ကြုံပြီးတဲ့နောက်မှာ... အန္တရာယ်အရှိဆုံးက ကပ်ဘေးမဟုတ်ဘဲ လူအချင်းချင်း ဖြစ်နိုင်တယ်ဆိုတာ ကျွန်တော် ကောင်းကောင်း နားလည်သွားပြီလေ"
"ကျွန်တော်တို့ သူတို့ကို အကဲခတ်ကြည့်တော့... သူတို့ ကျွန်းပေါ်ရောက်တာနဲ့ တစ်ခုခုကို အသည်းအသန် ရှာဖွေပြီး အခြေစိုက်စခန်း တည်ဆောက်ကြတာကို တွေ့ရတယ်"
"ဒါကို မြင်တော့ ကျွန်တော်တို့ လူတွေကြားမှာ ဝေခွဲမရ ဖြစ်ကုန်ကြတာပေါ့... ဒါက နိုင်ငံတော်ရဲ့ စစ်တပ်များလား ဆိုပြီးတော့လေ"
"ဒီလို ယာဉ်ပျံတွေ တည်ဆောက်နိုင်စွမ်းရှိတာ ကျွန်တော်တို့ ပထမဆုံး မြင်ဖူးတာ မဟုတ်လား"
"ဆရာလင်းလည်း မှတ်မိမှာပါ... အရင်တုန်းက ကျွန်တော်တို့ တိုက်ပေါ်မှာ နေတုန်းက စစ်တပ်က လေယာဉ်တွေ လာတာကို မြင်ခဲ့ဖူးတယ်လေ"
"အဲဒီတုန်းက လေယာဉ်တွေကို မြင်ရတော့ မျှော်လင့်ချက်တွေ ရှိခဲ့ပေမဲ့ သန္ဓေပြောင်း သားရဲတွေက လေယာဉ်ကို ဖျက်ဆီးပစ်လိုက်တာကို မြင်ခဲ့ရတော့ ကျွန်တော့်မှာ အမှတ်သည်းခြေ ဖြစ်ခဲ့ရတယ်"
"အခု ဒီယာဉ်ပျံတွေက ကောင်းကင်မှာ ပျံနိုင်ရှုံတင်မကဘဲ သန္ဓေပြောင်း သားရဲတွေကိုလည်း မကြောက်ဘူး... တိမ်တိုက်တွေကိုလည်း ဖြတ်ကျော်ပြီး အခြေစိုက်စခန်းပါ ဆောက်နိုင်နေပြီ"
"ဒါကြောင့် ဒါက နိုင်ငံတော်က ယာဉ်ပျံတွေဖြစ်မယ်... နိုင်ငံတော်က နည်းပညာအသစ်တွေ ရှာတွေ့သွားပြီး ကပ်ဘေးကို ကျော်လွှားနိုင်ပြီလို့ ကျွန်တော်တို့ ထင်ခဲ့ကြတာ"
"နောက်ဆုံးတော့ ကျွန်တော်တို့ထဲက တချို့လူတွေ မအောင့်နိုင်ဘဲ သူတို့ဆီ သွားရောက် ဆက်သွယ်ခဲ့ကြတယ်"
ထိုသို့ ပြောဆိုနေစဉ် လုတရုံံ၏ မျက်နှာတွင် နောင်တရိပ်များ လွှမ်းမိုးသွားသည်။
"ဆရာလင်း... ဆရာလင်း အစကတည်းက ပြောခဲ့ဖူးတယ်နော်... နိုင်ငံတော်က တကယ်သာ ကယ်တင်နိုင်မယ်ဆိုရင် စောစောစီးစီး ကယ်တင်ပြီးသား ဖြစ်မယ်လို့"
"ကျွန်တော်က အဲဒီစကားကို အမြဲ မှတ်ထားလို့ ဒါက နိုင်ငံတော်ရဲ့ ယာဉ်ပျံတွေ မဟုတ်နိုင်ဘူးလို့ ထင်ခဲ့တာ"
"တချို့လူတွေ သူတို့ဆီ သွားတာကို သိလိုက်ရချင်းမှာပဲ ကျွန်တော်ကတော့ ကျွန်တော့်နောက်ကို လိုက်မယ့်လူတွေကို ခေါ်ပြီး မြေအောက် သွေးကြောလမ်းကြောင်းတွေထဲ ပုန်းအောင်းခဲ့တယ်"
"ကျွန်တော့်ရဲ့ ခန့်မှန်းချက်က မှန်သွားခဲ့ပါတယ်"
"ဟိုလူတွေက ကျွန်တော်တို့လူတွေကို ဖမ်းဆီးပြီး နှလုံးအမြူတေရဲ့ တည်နေရာကို မေးခဲ့ကြတယ်"
"ကံကောင်းတာက ကျွန်တော်နဲ့ မိန်ရှု ကလွဲရင် နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေ အကြောင်းကို ဘယ်သူ့ကိုမှ မပြောခဲ့တာပါပဲ"
"ကျွန်တော်တို့ လူတွေခမျာမှာတော့ အသေအလဲ နှိပ်စက်ခံခဲ့ကြရတာပေါ့"
"ခိုက်ရီနည်းပညာ ကလူတွေက နှလုံးအမြူတေက ကျွန်တော်တို့ဆီမှာ ရှိမယ်လို့ သံသယရှိနေလို့ ကျွန်တော်တို့ကို အမြဲ လိုက်လံ ဖမ်းဆီးနေခဲ့တာ... ကျွန်တော်တို့လည်း မြေအောက်မှာပဲ ရှင်သန်ခဲ့ရတယ်"
"အခု ဆရာလင်းတို့ရဲ့ ယာဉ်ပျံတွေ ရောက်လာတာကို မြင်တော့ ဘာဖြစ်တာလဲ သိချင်လို့ လာကြည့်တာ"
"သူတို့က ထိုက်ယန်တောင် အကြောင်း ပြောနေတာ ကြားလိုက်ရတော့ ဆရာလင်းလည်း ထိုက်ယန်တောင် ကို သွားမယ်လို့ ပြောဖူးတာ သတိရပြီး ချက်ချင်း လာကြည့်လိုက်တာပဲ"
"တကယ်ပဲ ဆရာလင်းနဲ့ တွေ့လိုက်ရမယ်လို့ မထင်ထားခဲ့ဘူး"
"ဒါနဲ့ ဆရာလင်း... ဆရာလင်းတို့ အခု ထိုက်ယန်တောင်မှာ အခြေချနေပြီလား... ပြီးတော့ ဒီယာဉ်ပျံတွေကိုရော ဘယ်လို ရလာတာလဲ... အပြင်မှာရော အခြေအနေ ဘယ်လိုရှိနေပြီလဲ"
"နိုင်ငံတော်ကရော ရှိသေးရဲ့လား... အစိုးရက လူတွေကို ကယ်ဆယ်ဖို့ လူလွှတ်နေပြီလား"
ဆက်ရန်...