အခန်း ၇၈၄
Vol. 40 Ch. 784
အပိုင်း (၇၈၄) အံ့အားသင့်သွားသော လျန်မင်ရှု
နာရီဝက်ကြာပြီးနောက် လျန်မင်ရှု၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုနှင့် ထိတ်လန့်တုန်လှုပ်မှုတို့ ပြည့်နှက်နေပြီး အချိန်အတော်ကြာသည်အထိ ပျောက်ကွယ်မသွားခဲ့ပေ။
"ရှင်ပြောတာက... အဲဒီယာဉ်ပျံတွေအကုန်လုံးက ရှင်တို့ဟာတွေပေါ့... ရှင်တို့က ထိုက်ယန်တောင်မှာ ခိုလှုံရေးစခန်း တည်ဆောက်ထားရုံတင်မကဘူး... လင်ကျောင်းမြို့ တစ်မြို့လုံးက ခိုလှုံရေးစခန်း အင်အားစုတွေ အကုန်လုံးကိုပါ ပေါင်းစည်းလိုက်ပြီပေါ့"
"အခု လေပေါ်ကျွန်းထဲကို ဝင်ဖို့ စီစဉ်နေတာလား"
လင်းယွမ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လျန်မင်ရှုက မယုံနိုင်စွာဖြင့် မေးသည်။
ဘေးနားရှိ လုတရုံကလည်း အလားတူ မျက်နှာအမူအရာမျိုး ဖြစ်နေသည်။
သူတို့နှစ်ဦးစလုံး တိုက်ဆိုင်စွာပင် အံ့သြမှင်သက်နေကြပြီး မယုံကြည်နိုင်ဖြစ်နေကြသည်။
ထိုယာဉ်ပျံများသည် ထိုက်ယန်တောင်မှဖြစ်ကြောင်း လုတရုံ သိထားပြီး ထိုက်ယန်တောင်သည်လည်း အတော်လေး ဖွံ့ဖြိုးတိုးတက်နေမည်ဟု သူ သိထားသည်။
သို့သော် လင်ကျောင်းမြို့တစ်မြို့လုံး ယခုအခါ ထိုက်ယန်တောင်၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းကိုမူ သူ မည်သို့မျှ မထင်မှတ်ထားခဲ့ပေ။
လင်းယွမ်က တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ပြုံးကာ ပြန်ဖြေသည်။ "အမှန်ပဲ... လင်ကျောင်းမြို့က အခု ကျွန်တော်တို့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီ... ဒါပေမဲ့ လင်ကျောင်းမြို့ရဲ့ လေပိုင်နက်ကိုတော့ ခိုက်ရီနည်းပညာကုမ္ပဏီနဲ့ မုန်ယာ ကုမ္ပဏီတို့က ကျူးကျော်သိမ်းပိုက်ထားတယ်"
"ဒီကိစ္စကို ကျွန်တော်တို့ လုံးဝ လျစ်လျူရှုထားလို့ မဖြစ်ဘူး... မဟုတ်ရင် ဒီက လေပိုင်နက်ကို ကျွန်တော်တို့ အပြီးတိုင် ဆုံးရှုံးသွားလိမ့်မယ်... ဒါက ထိုက်ယန်တောင်ရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရမ်းကို ဆိုးကျိုးဖြစ်စေတယ်"
"ဒါကြောင့် ကျွန်တော်တို့ ရောက်လာခဲ့တာ... ပြီးတော့ မုန်ယာနဲ့ ခိုက်ရီနည်းပညာကုမ္ပဏီ အင်အားစုနှစ်ခုလုံးနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်"
"ဒါက အကျိုးစီးပွား ပဋိပက္ခပဲ... အမှားအမှန် ဆိုတာ မရှိဘူး... ကျွန်တော်တို့ဘက်က အလျှော့ပေးလို့ မဖြစ်ဘူး"
"မုန်ယာ ကုမ္ပဏီ..." လုတရုံက သိချင်စိတ်ဖြင့် မေးသည်။ "ဒီမုန်ယာကုမ္ပဏီကရော ဘယ်ကရောက်လာတာလဲ"
လင်းယွမ်က ရှင်းပြသည်။ "မုန်ယာ ကုမ္ပဏီနဲ့ ခိုက်ရီနည်းပညာကုမ္ပဏီ နှစ်ခုလုံးက ယွီကျိုးပြည်နယ် က အင်အားစုတွေပဲ"
"ရှင်... ယွီကျိုးပြည်နယ်က အင်အားစုတွေ... ယွီကျိုးနဲ့ လင်ကျောင်းမြို့ဆိုတာ အနည်းဆုံး မိုင်နှစ်ရာ သုံးရာလောက် ဝေးတာမဟုတ်ဘူးလား" လျန်မင်ရှုက အလွန်တရာ အံ့အားသင့်စွာဖြင့် မေးသည်။
သူမကိုယ်တိုင်က ယွီကျိုးပြည်နယ်မှ ဖြစ်ပြီး နောက်ပိုင်းမှသာ လင်ကျောင်းမြို့သို့ လာရောက် အခြေချနေထိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ယွီကျိုးပြည်နယ်နှင့် လင်ကျောင်းမြို့ မည်မျှကွာဝေးကြောင်းကို သူမ ကောင်းကောင်း သိထားသည်။
ကပ်ဘေးမတိုင်မီက ကားမပိတ်လျှင်ပင် အဝေးပြေးလမ်းမကြီးမှနေ၍ သူမ၏ ဇာတိသို့ ကားမောင်းပြန်ပါက အနည်းဆုံး သုံးနာရီကျော် ကြာမြင့်တတ်သည်။
ယခုလို ရေလွှမ်းမိုးနေသော ကပ်ဘေးကာလတွင် ကားကဲ့သို့သော သယ်ယူပို့ဆောင်ရေး ယာဉ်များကို လုံးဝ အသုံးပြု၍ မရနိုင်တော့ပေ။ လှေလှော်ရုံသက်သက်ဖြင့် မိုင်နှစ်ရာကျော် သုံးရာလောက် ခရီးကို လှော်ခတ်မည်ဆိုပါက မည်မျှကြာအောင် လှော်ရမည်နည်း။
လျန်မင်ရှု၏ မှတ်ဉာဏ်ထဲတွင် လင်းယွမ်တို့သည် အစောပိုင်းက သစ်သားဖောင်ဖြင့် ထိုက်ယန်တောင်သို့ သွားခဲ့စဉ်က ပုံစံမျိုးသာ ရှိနေဆဲဖြစ်သည်။
ထို့ကြောင့် မိုင်ပေါင်းရာချီသော ခရီးကို သစ်သားဖောင်များ လှော်ခတ်ဖြတ်သန်းကာ လင်ကျောင်းမြို့သို့ လာရောက်ကျူးကျော်သော မုန်ယာကုမ္ပဏီနှင့် ခိုက်ရီနည်းပညာကုမ္ပဏီတို့၏ ပုံစံသည် မည်သို့နေမည်ကို သူမ လုံးဝ တွေးကြည့်၍ မရနိုင်ပေ။
သို့သော် ထိုစကားကို ပြောပြီးသည်နှင့် သူမ ချက်ချင်း သဘောပေါက်သွားသည်။
ခိုက်ရီနည်းပညာကုမ္ပဏီသည် နတ်သစ်ပင်ကျွန်းပေါ်တွင် စခန်းတည်ဆောက်နိုင်နေပြီဖြစ်ကာ မိုးကြိုးတိမ်တိုက်များကို ဖောက်ထွင်းသွားလာနိုင်သော ယာဉ်ပျံများကိုပင် တီထွင်ဖန်တီးနိုင်နေပြီ ဖြစ်သည်။
ဤကဲ့သို့ အဆင့်အတန်းရှိသော ကုမ္ပဏီမျိုးက သစ်သားဖောင်များနှင့် လှေငယ်များဖြင့် ခရီးသွားလာရန် ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
တစ်ဖက်လူများတွင် ပိုမိုအစွမ်းထက်သော ရေကြောင်းသွားလာရေး ယာဉ်များ ရှိနေမည်မှာ သေချာလှသည်။
ထိုသို့ တွေးမိသည်နှင့် တစ်ပြိုင်နက် ထိုက်ယန်တောင်တွင်လည်း ဤကဲ့သို့သော ယာဉ်ယန္တရားများ ရှိနေနိုင်ကြောင်း သူမ ချက်ချင်း သတိပြုမိသည်။
တစ်ခဏအတွင်း သူမ၏ ရင်ထဲတွင် အရသာပေါင်းစုံ ရောထွေးသွားသကဲ့သို့ ခံစားရပြီး ဤကမ္ဘာကြီး၏ ပြောင်းလဲမှုသည် ကြီးမားလွန်းလှသည်ဟုသာ တွေးမိတော့သည်။
ကြီးမားလွန်းလှသဖြင့် သူမပင် အမီမလိုက်နိုင်တော့သလို ခံစားနေရသည်။
လင်းယွမ်က ပြောသည်။ "အခုခေတ်မှာ မိုင်နှစ်ရာ သုံးရာဆိုတာ အဝေးကြီးလို့ မပြောနိုင်တော့ဘူး... ယာဉ်ပျံတွေပဲဖြစ်ဖြစ်... အခုသုံးနေတဲ့ သင်္ဘောတွေပဲဖြစ်ဖြစ် လျင်လျင်မြန်မြန် ရောက်နိုင်နေပြီ"
"ကပ်ဘေးမတိုင်ခင်တုန်းက ခရီးသွားဖို့ ကားတွေလို ယာဉ်တွေကိုပဲ အားကိုးခဲ့ရတာနဲ့ ယှဉ်ရင်... အခု သန္ဓေပြောင်းစွမ်းအင်တွေ ပေါ်လာတဲ့အတွက် ကျွန်တော်တို့ရဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေက ပိုပြီး ခေတ်မီဆန်းသစ်တဲ့ အဆင့်အထိ တိုးတက်လာခဲ့ပြီ"
"ကျွန်တော်တို့ရဲ့ ယာဉ်ပျံတွေဆိုရင် အမြန်နှုန်းက တစ်မိနစ်ကို ၆ မိုင်လောက်အထိ အမြင့်ဆုံး ရောက်နိုင်တယ်"
"မိုင် ၁၈၀ လောက် ခရီးကို နာရီဝက်လောက်နဲ့ ရောက်နိုင်တယ်"
"ပြီးတော့ ကျွန်တော်တို့ရဲ့ အမြန်လှေတွေ... သင်္ဘောတွေဆိုရင်လည်း တစ်နာရီအတွင်း မိုင် ၁၈၀ ကျော် အကွာအဝေးကို ရောက်နိုင်နေပြီ"
"ဒါပေမဲ့ အခု ကျွန်တော်တို့ကို ဒုက္ခပေးနေတဲ့ အခက်အခဲတစ်ခု ရှိသေးတယ်... အဲဒါကတော့ တည်နေရာပြဿနာပဲ"
"ရေဘေးကြီးက မြို့တွေကို မြုပ်ပစ်လိုက်တော့ အဆုံးအစမရှိတဲ့ ရေပြင်ကြီးပေါ်မှာ မှီငြမ်းစရာ အရာဝတ္ထုဆိုလို့ ဘာမှမရှိဘူး... ကျွန်တော်တို့ ရေပြင်ပေါ်မှာ အရပ်မျက်နှာ ခွဲခြားဖို့ အရမ်းခက်ခဲတယ်"
"ယာဉ်ပျံပဲဖြစ်ဖြစ် သင်္ဘောပဲဖြစ်ဖြစ် လောလောဆယ် ဒီပြဿနာကို မဖြေရှင်းနိုင်သေးဘူး"
လျန်မင်ရှု အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ "ဒီပြဿနာက အဲဒီလောက်တောင် ခက်တာလား... ရှင်တို့က ယာဉ်ပျံတောင် တီထွင်နိုင်နေပြီကို အရပ်မျက်နှာ ပြဿနာကို မကျော်လွှားနိုင်ဘူးလား"
လင်းယွမ်က ခေါင်းခါပြသည်။ "မတတ်နိုင်ဘူးလေ... အကွာအဝေးတို တည်နေရာပြတာကိုတော့ လုပ်နိုင်တယ်... ခရီးဝေး တည်နေရာပြတာကိုတော့ လောလောဆယ် မလုပ်နိုင်သေးဘူး"
"ဘယ်လိုလုပ်ပြီး အဲဒီလို ဖြစ်ရတာလဲ" ဘေးနားရှိ လုတရုံက နားမလည်နိုင်စွာဖြင့် ဝင်မေးသည်။ "ဒီတည်နေရာပြတာက ဘာလို့ အဲဒီလောက် ခက်ရတာလဲ"
လင်းယွမ်က ပြန်ဖြေသည်။ "ဒါလည်း သန္ဓေပြောင်းစွမ်းအင် ကြောင့်ပဲ"
"သန္ဓေပြောင်းစွမ်းအင်..."
"ဟုတ်တယ်... ကောင်းကင်နဲ့ မြေကြီးကြားမှာ သန္ဓေပြောင်းစွမ်းအင်တွေ ပျံ့နှံ့နေတော့ အခုဆိုရင် ကမ္ဘာဂြိုဟ်တစ်ခုလုံးရဲ့ သံလိုက်စက်ကွင်းတွေ ပြင်းပြင်းထန်ထန် ပြောင်းလဲသွားပြီ"
"တည်နေရာပြ နည်းပညာတွေက အများအားဖြင့် ဂြိုဟ်တုလမ်းညွှန်ကို အားကိုးရတယ်ဆိုတာ ခင်ဗျား သိမှာပါ... သံလိုက်စက်ကွင်းတွေ ကမောက်ကမဖြစ်နေတော့ အရှေ့ အနောက် တောင် မြောက် ကို ခွဲခြားလို့ မရတော့ဘူးဆိုတဲ့ သဘောပဲ"
လုတရုံ သဘောပေါက်သွားသော်လည်း လျန်မင်ရှုက မျက်မှောင်ကြုတ်ကာ မေးသည်။ "သံလိုက်စက်ကွင်းက ဘာလို့ ပြောင်းလဲသွားရတာလဲ"
သူမ၏ ပညာအရည်အချင်းသည် လုတရုံထက် ပိုမိုမြင့်မားသည်မှာ သိသာပြီး လူကလည်း လုတရုံထက် ပို၍ ဉာဏ်ကောင်းသည်။
သံလိုက်စက်ကွင်း ပြောင်းလဲမှုကြောင့် တည်နေရာပြ၍ မရနိုင်ကြောင်း လုတရုံ သိသွားပြီးနောက် ဆက်မမေးတော့ပေ။
သို့သော် သူမကမူ သံလိုက်စက်ကွင်း ပြဿနာကို အရင်းအမြစ်ကစ၍ အသေးစိတ် လိုက်လံမေးမြန်းနေခြင်း ဖြစ်သည်။
လင်းယွမ်က ရှင်းပြသည်။ "သန္ဓေပြောင်းစွမ်းအင်က သံလိုက်စက်ကွင်း ပြောင်းလဲမှုကို ဖြစ်ပေါ်စေတာ... အတိအကျ ဘာအကြောင်းကြောင့်လဲ ဆိုတာကိုတော့ ကျွန်တော်လည်း သိပ်မရှင်းဘူး"
"ဒါပေမဲ့ အကြမ်းဖျင်းတော့ ခန့်မှန်းလို့ရတယ်... ဥပမာ... လေပေါ်ကျွန်းတွေအဖြစ် ပြောင်းလဲသွားတဲ့ ဒီကောင်းကင်ချောက်နက်သားရဲကြီးတွေဆိုရင် သူတို့ကိုယ်နှိုက်က ဆွဲငင်အားစနစ် တစ်ခုကို ပိုင်ဆိုင်ထားတယ်"
"ဒီလောက် ကြီးမားတဲ့ ကျွန်းကြီးတစ်ကျွန်းက ကောင်းကင်ပေါ်မှာ ဘာကိုအားကိုးပြီး ပေါလောပေါ်နေနိုင်တာလဲ ဆိုတာကို ခင်ဗျားတို့ တွေးဖူးကြလား"
သူတို့နှစ်ဦး အနည်းငယ် ကြောင်သွားကြသည်။ ဤမေးခွန်းကို သူတို့ တကယ်ပင် မတွေးဖူးခဲ့ကြပေ။
လင်းယွမ်က ဆက်ပြောသည်။ "ဆွဲငင်အားပဲ... ဘာလို့လဲဆိုတော့ ဒီလေပေါ်ကျွန်းတွေရဲ့ မူလခန္ဓာကိုယ်က ကောင်းကင်ချောက်နက်သားရဲကြီးတွေ ဖြစ်နေလို့ပဲ... ကျွန်တော် သိထားတဲ့ အချက်အလက်တွေအရ... ကောင်းကင်ချောက်နက်သားရဲကြီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေတွေ ဖြစ်ပေါ်လာပြီးတဲ့နောက်... သူတို့ကိုယ်တိုင်က တကယ့်ကို သေးငယ်တဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုနဲ့ ညီမျှသွားတာ"
"သူတို့ကိုယ်တိုင်က ဆွဲငင်အားစက်ကွင်းကို သယ်ဆောင်ထားပြီး ကျွန်တော်တို့ နေထိုင်နေတဲ့ ဒီကမ္ဘာဂြိုဟ်နဲ့ တွန်းကန်အား ဖြစ်ပေါ်စေတယ်... ဒါကြောင့် လေပေါ်မှာ ပေါလောပေါ်နေနိုင်တာ"
သူတို့နှစ်ဦးသည် နားလည်သလိုလို နားမလည်သလိုလို ဖြစ်နေပြီး လုံးလုံးလျားလျား သဘောမပေါက်ကြောင်း သိသာနေသည်။
လင်းယွမ်လည်း အသေးစိတ် ဆက်မရှင်းပြတော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။ "ဒါတွေ ထားလိုက်ပါတော့... ခင်ဗျားတို့ ရှေ့ဆက် ဘာအစီအစဉ်ရှိလဲ"
လင်းယွမ်က သူတို့နှစ်ဦးကို မေးသည်။
လုတရုံက ချက်ချင်း ပြန်ဖြေသည်။ "ဆရာလင်း... ကျွန်တော် ထိုက်ယန်တောင်ကို သွားပြီး ကျွန်တော့်သမီးကို ကြည့်ချင်တယ်"
လင်းယွမ်က ခေါင်းညိတ်ကာ ပြုံးသည်။ "ဒါက သွားသင့်တာပေါ့"
လျန်မင်ရှုက အနည်းငယ် တုံ့ဆိုင်းသွားသည်။ သူမ ထိုက်ယန်တောင်သို့ သိပ်မပြန်ချင်ပေ။
အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် သူမ၏ အတိတ်ဇာတ်ကြောင်းကို သိရှိသူ အလွန်များပြားပြီး ယခင်က လူများကို သူမ ထပ်မဆုံချင်တော့သောကြောင့် ဖြစ်သည်။
လင်းယွမ်ကလည်း သူမ၏ စိုးရိမ်ပူပန်မှုကို ရိပ်မိပြီး သူမ စကားမပြောသည်ကို မြင်သောအခါ ပြုံး၍ ပြောသည်။ "အခုချက်ချင်း အဖြေပေးဖို့ မလိုပါဘူး... လောလောဆယ် ကျွန်တော်တို့ လူတွေက အနီးအနားက လေပေါ်ကျွန်းတွေမှာ စခန်းတည်ဆောက်ပြီး အင်အားခိုင်မာအောင် လုပ်ဖို့ လိုအပ်နေသေးတယ်"
"အချိန်တိုအတွင်း ဒီနေရာကနေ ထွက်သွားမှာ မဟုတ်ဘူး"
"ဒါနဲ့ စကားမစပ်... ဒီကျွန်းရဲ့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေက ခင်ဗျားတို့ နှစ်ယောက်လက်ထဲမှာ ရှိနေတုန်းပဲလေ... ဆိုလိုတာက ဒီကျွန်းရဲ့ ပိုင်ရှင်အစစ်တွေက ခင်ဗျားတို့ နှစ်ယောက်ပဲ"
"ကျွန်တော် မေးချင်တာက... နောက်ဆိုရင် ဒီကျွန်းကို ဘယ်လို စီမံခန့်ခွဲဖို့ စီစဉ်ထားလဲ"
လုတရုံနှင့် လျန်မင်ရှုတို့ တစ်ဖန် ကြောင်သွားကြပြန်သည်။
လုတရုံက မေးသည်။ "ဆရာလင်း... ဆရာ့သဘောက ဒီကျွန်းက ကျွန်တော်တို့ ပိုင်တုန်းပဲလို့ ဆိုလိုတာလား"
လျန်မင်ရှုလည်း အနည်းငယ် မယုံနိုင်ဖြစ်သွားသည်။ လင်းယွမ်တို့က ခိုက်ရီနည်းပညာကုမ္ပဏီမှ လူများကို အနိုင်ယူခဲ့ပြီးပြီဖြစ်ရာ ဤကျွန်းကို သူတို့အား ဆက်လက် ထိန်းချုပ်ခွင့် ပေးဦးမည်ဟုလား။
သူက နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေတို့ကို သူတို့ထံမှ မတောင်းဆိုဘူးလား။
လင်းယွမ်က ရယ်မောသည်။ "ခင်ဗျားတို့အကုန်လုံးက ကျွန်တော့်ရဲ့ မိတ်ဟောင်းဆွေဟောင်းတွေပါ... မိတ်ဆွေတွေရဲ့ ပစ္စည်းကို ကျွန်တော် မလုယူပါဘူး"
"ပြီးတော့ အခု ကျွန်တော့်မှာ လေပေါ်ကျွန်းတွေ မလိုတော့ဘူး... ထိုက်ယန်တောင်က လူဦးရေက ဒီလောက်ပဲ ရှိတာ... ပိုင်နက်နယ်မြေတွေကတော့ အများကြီး ပိုလာခဲ့ပြီ"
"ဒါပေမဲ့ ကျွန်တော် သတိပေးရမယ့်အချက် တစ်ချက်ရှိတယ်... ခိုက်ရီနည်းပညာကုမ္ပဏီက ဒီတစ်ခေါက် အထိနာသွားတယ်... သူတို့လူတချို့က ဒီကနေ ကြိုတင် ထွက်ပြေးသွားပြီး အကူအညီ သွားတောင်းနေကြပြီ"
"ခင်ဗျားတို့ ကြိုတင် ပြင်ဆင်ထားသင့်တယ်... နောက်တစ်ခေါက် ခိုက်ရီနည်းပညာကုမ္ပဏီက လူတွေ ရောက်လာရင် လွယ်လွယ်နဲ့ အဆုံးသတ်မှာ မဟုတ်တော့ဘူး"
ထိုစကား ထွက်လာသည်နှင့် လုတရုံနှင့် လျန်မင်ရှုတို့၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။
သူတို့နှစ်ဦး ယခုမှ ထိုအချက်ကို တွေးမိတော့သည်။
ခိုက်ရီနည်းပညာကုမ္ပဏီမှ လူများသည် ဤတစ်ကြိမ်သာ ရှုံးနိမ့်သွားခြင်း ဖြစ်သည်။ သို့သော် သူတို့၏ ဌာနချုပ်က ဤနေရာတွင် မရှိသဖြင့် လက်စားချေနိုင်စွမ်း ရှိနေသေးသည်။
အကယ်၍ လင်းယွမ်တို့ကသာ နတ်သစ်ပင်ကျွန်းကို တကယ် လျစ်လျူရှုသွားပါက... ထိုအချိန်ရောက်လျှင် သူတို့ချည်းသက်သက်ဖြင့် ခိုက်ရီနည်းပညာကုမ္ပဏီမှ လူများကို မည်သို့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည်နည်း။
လျန်မင်ရှုက ယခုအချိန်တွင် ပို၍ပင် သဘောပေါက်လာသည်။ လင်းယွမ်သည် သူတို့ကို နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေ ပေးအပ်ရန် ပွင့်ပွင့်လင်းလင်း မတောင်းဆိုခဲ့သော်လည်း...
အကယ်၍ လင်းယွမ်ကသာ သူတို့ကို လျစ်လျူရှုလိုက်ပါက ဤနတ်သစ်ပင်ကျွန်းကို သူတို့ လုံးဝ ကာကွယ်နိုင်မည် မဟုတ်ပေ။
လျန်မင်ရှု ချက်ချင်း သတိပြုမိသည်။ သူတို့အတွက် ယခုအခါ အခြားရွေးချယ်စရာ လမ်းမရှိတော့ဘဲ လင်းယွမ်ထံ ခိုလှုံမှသာ လက်ရှိပိုင်ဆိုင်ထားသမျှကို ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။
လုတရုံ မနေနိုင်တော့ဘဲ ပြောသည်။ "ဆရာလင်း... ကျွန်တော်တို့ လူတွေက အကုန်ပေါင်းမှ လူဆယ်ဂဏန်းလောက်ပဲ ရှိတာ... ဒီလောက်ကြီးတဲ့ လေပေါ်ကျွန်းကြီးကို ယူထားလည်း ဘာမှ အသုံးမဝင်ပါဘူး... ဒီလိုလုပ်ပါ... ဒီကျွန်းကို ဆရာပဲ စီမံခန့်ခွဲလိုက်ပါတော့"
"ကျွန်တော့်ဆီက နှလုံးအမြူတေကို ဆရာ့ဆီ ပေးအပ်ပါ့မယ်"
"အစ်ကိုလု..."
လျန်မင်ရှု၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး မနေနိုင်ဘဲ လှမ်းအော်သည်။
လုတရုံက လျန်မင်ရှုကို ကြည့်ကာ ပြောသည်။ "မင်ရှု... ငါ့အကြောင်းကို မင်းသိပါတယ်... ငါက ကိစ္စတွေကို စီမံခန့်ခွဲတတ်တဲ့လူ မဟုတ်ဘူး... ဒီလူဆယ်ဂဏန်းလောက်က ငါ့နောက်ကို လိုက်လာကြမှတော့ သူတို့ကို ငါ အပြည့်အဝ တာဝန်ယူပေးရမယ်"
"ထိုက်ယန်တောင်ကို ပူးပေါင်းတာက သူတို့အတွက် ငါ ပေးနိုင်တဲ့ အကောင်းဆုံး အာမခံချက်ပဲ"
"ပြီးတော့ ဒီနှလုံးအမြူတေကို ငါ့ဆီမှာ ထားရင်တောင် အမြဲတမ်း ကာကွယ်နိုင်မယ်လို့ ငါ အာမမခံနိုင်ဘူး"
"ဆရာလင်းသာ မရှိရင် ခိုက်ရီနည်းပညာကုမ္ပဏီက လူတွေ ရောက်လာတဲ့အခါ ငါလည်း အတင်းအကျပ် ပေးလိုက်ရမှာပဲ... ဒီလိုအဖြစ်ခံမယ့်အစား ဆရာလင်းကို ပေးလိုက်တာက ပိုကောင်းတယ်"
လျန်မင်ရှုက ရှုပ်ထွေးသော အမူအရာဖြင့် လုတရုံကို ကြည့်သည်။ သူမ ဘာပြောပြော အသုံးမဝင်တော့ကြောင်း သူမ သိသည်။
လုတရုံသည် ကိုယ်ပိုင်ဆုံးဖြတ်ချက် ခိုင်မာသူတစ်ဦးဖြစ်ပြီး သူ သတ်မှတ်ထားသော ကိစ္စကို မဖြစ်မနေ လုပ်ဆောင်တတ်သူ ဖြစ်သည်။
ထို့အပြင် ဤကိစ္စတွင် လုတရုံ လုပ်ရပ် မှားယွင်းသည်ဟု ပြောရန် ခက်ခဲလှသည်။
ဤနှလုံးအမြူတေသည် မည်သူ့ထံတွင် ရှိနေစေကာမူ ကြီးမားလှသော အကျိုးအမြတ် ဗုံးတစ်လုံး ဖြစ်နေသည်။
၎င်းကို ကာကွယ်ရန် ခိုင်မာတောင့်တင်းသော အင်အား မရှိပါက ၎င်းကြောင့်ပင် ဘေးဒုက္ခများ ဆိုက်ရောက်လာနိုင်သည်။
လျန်မင်ရှု ပို၍ အကူအညီမဲ့သလို ခံစားရသည်မှာ သူမကိုယ်တိုင်လည်း အလားတူ ပြဿနာကို ရင်ဆိုင်နေရသောကြောင့် ဖြစ်သည်။
ဦးနှောက်အမြူတေနှင့် နှလုံးအမြူတေတို့သည် လင်းယွမ်၏ လက်ထဲတွင် မရှိပါက လင်းယွမ်က နတ်သစ်ပင်ကျွန်းကို ကာကွယ်ပေးရန် မည်သို့ လိုလားမည်နည်း။
လင်းယွမ်၏ ကာကွယ်မှု မရှိဘဲ ခိုက်ရီနည်းပညာကုမ္ပဏီမှ လူများ ရောက်လာပါက သူမတွင် ခုခံနိုင်စွမ်း လုံးဝ ရှိမည်မဟုတ်ပေ။
နောက်ဆုံးတွင် လျန်မင်ရှု သက်ပြင်းတစ်ချက်ချကာ ပြောသည်။ "ဆရာလင်း... ကျွန်မလည်း ဦးနှောက်အမြူတေကို ပေးအပ်ပါ့မယ်... ထိုက်ယန်တောင်က ကျွန်မတို့ကို အကာအကွယ်ပေးဖို့ပဲ တောင်းဆိုပါတယ်"
လင်းယွမ်က ရယ်မောသည်။ "ခင်ဗျားတို့က ဘာတွေ ပြောနေကြတာလဲ... ထိုက်ယန်တောင်ကို ဝင်ချင်တယ်ဆိုရင် ကျွန်တော် လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်... နှလုံးအမြူတေတို့ ဦးနှောက်အမြူတေတို့နဲ့ အပေးအယူ လုပ်နေစရာ ဘာအကြောင်းရှိလို့လဲ"
"ခင်ဗျားတို့ရဲ့ ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေတွေကို ကျွန်တော် တကယ် ယူလိုက်ရင်... အရင်တုန်းက ကျွန်တော်တို့ အတူတူ ခရီးသွားခဲ့ကြတဲ့ သံယောဇဉ်ကို မျက်နှာပူစရာ ဖြစ်မသွားဘူးလား"
လျန်မင်ရှုက ရုတ်တရက် ခေါင်းမော့လာပြီး အံ့သြဝမ်းသာစွာဖြင့် လင်းယွမ်ကို ကြည့်ကာ မယုံနိုင်သလို မေးသည်။ "ဆရာလင်း... ဆရာ... ဆရာ့သဘောက"
လုတရုံကလည်း မျှော်လင့်မထားသဖြင့် မနေနိုင်ဘဲ ဝင်ပြောသည်။ "ဆရာလင်း... ဒီနှလုံးအမြူတေကို ကျွန်တော်က တကယ် စေတနာအပြည့်နဲ့ ပေးချင်တာပါ"
လင်းယွမ်က ပြုံး၍ ခေါင်းခါပြသည်။ "ခင်ဗျားတို့က စေတနာအပြည့်နဲ့ ပေးချင်သည်ဖြစ်စေ... မပေးချင်သည်ဖြစ်စေ... ဒီလိုအချိန်မျိုးမှာ အခွင့်အရေးယူပြီး အမြတ်ထုတ်ဖို့ ကျွန်တော် လုံးဝ မလုပ်နိုင်ပါဘူး"
"ကျွန်တော်တို့ ထိုက်ယန်တောင်က ခင်ဗျားတို့ ဝင်ရောက်လာတာကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်... နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေ ကိစ္စကို ထပ်ပြောစရာ မလိုတော့ဘူး"
"ဒါပေမဲ့ ကျွန်တော် ကြိုပြောထားချင်တာက... ခင်ဗျားတို့က ထိုက်ယန်တောင်ကို ဝင်ရောက်လာမှတော့ နတ်သစ်ပင်ကျွန်းကို ထိုက်ယန်တောင်က တစ်ပြေးညီ စီမံအုပ်ချုပ်ရလိမ့်မယ်"
"နတ်သစ်ပင်ကျွန်းပေါ်မှာ ထိုက်ယန်တောင်ရဲ့ စခန်းခွဲတစ်ခု တည်ဆောက်ဖို့ ကျွန်တော် လူတွေ စီစဉ်ပေးမယ်... အဲဒီအချိန်ကျရင် ကျွန်းပေါ်က အရင်းအမြစ်တွေကိုလည်း ထိုက်ယန်တောင်ကပဲ တစ်ပြေးညီ စီမံကိန်းချပြီး စီမံခန့်ခွဲ အသုံးပြုရလိမ့်မယ်... ခင်ဗျားတို့ သဘောတူလား"
လျန်မင်ရှုနှင့် လုတရုံတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကြပြီး နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် ဝမ်းသာအံ့သြမှုများ အပြည့်ဖြစ်နေသည်။
နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေ ပေးအပ်ရခြင်းနှင့် ယှဉ်လျှင် ဤကိစ္စလေးက ဘာများ အရေးကြီးမည်နည်း။
သူတို့နှစ်ဦးစလုံး လင်းယွမ်ကို လွန်စွာ ကျေးဇူးတင်သွားကြသည်။
လျန်မင်ရှုက ချက်ချင်း မတ်တတ်ရပ်ကာ လင်းယွမ်ကို အရိုအသေပေးပြီး ပြောသည်။ "ဆရာလင်း... ဒီနေ့ကစပြီး ကျွန်မတို့က ထိုက်ယန်တောင်ကို ဝင်ရောက်ပြီး ထိုက်ယန်တောင်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါပြီ... ဒီကျွန်းပေါ်က အရင်းအမြစ်တွေကို ဆရာ စိတ်ကြိုက် ယူသုံးလို့ ရပါတယ်"
"ဆရာလင်း... နောက်ဆိုရင် ဆရာ နှုတ်ကသာ ပြောလိုက်ပါ... ကျွန်တော်တို့ လုပ်နိုင်သမျှ လုံးဝ ငြင်းဆန်မှာ မဟုတ်ဘူး" လုတရုံကလည်း ရင်ဘတ်ကိုပုတ်ကာ အာမခံသည်။
လင်းယွမ် ရယ်မောကာ ပြောသည်။ "ခင်ဗျားတို့ နှစ်ယောက်ဆီက ဒီစကားကို ကြားရတာနဲ့တင် လုံလောက်နေပါပြီ... ကဲ... အချိန်လည်း မစောတော့ဘူး... ခင်ဗျားတို့ သွားပြီး အပြင်က လူတွေနဲ့ မိတ်ဆက်ပေးလိုက်ပါဦး... ခဏနေရင် ကျွန်တော်နဲ့အတူ အပြင်ထွက်ကြမယ်... ခင်ဗျားတို့ကို အိမ်ပြန်ပို့ပေးမယ်"
ဆက်ရန်...