← Chapters

အခန်း ၇၈၅

Vol. 40 Ch. 785

အခန်း ၇၈၅

Vol. 40 Ch. 785

အပိုင်း (၇၈၅) ထိုက်ယန်တောင်သို့ ဝင်ရောက်ခြင်း

အိမ်...

လျန်မင်ရှုနှင့် လုတရုံတို့မှာ တစ်ခဏမျှ ဝေခွဲမရ ဖြစ်သွားကြသည်။

အိမ် ဟူသော စကားလုံးကို သူတို့ မကြားရသည်မှာ အလွန်ကြာမြင့်နေပြီ ဖြစ်သည်။

ရေလွှမ်းမိုးသည့် ကပ်ဘေးကြီးက သူတို့၏ ကိုယ်ပိုင်အိမ်များကို ဖျက်ဆီးပစ်ခဲ့သည်မှာ ကြာလှပြီဖြစ်သည်။

လျန်မင်ရှုက တစ်ချိန်က ဇနီးသည်တစ်ဦးဖြစ်ခဲ့ပြီး ကိုယ်ပိုင်မိသားစုလေးတစ်ခု ရှိခဲ့ဖူးသည်။

သို့သော် ထိုအရာအားလုံးက ပျောက်ကွယ်သွားခဲ့သည်မှာ ကြာပြီဖြစ်သည်။

လုတရုံအတွက်မူ သမီးဖြစ်သူ ရှိနေသည့် နေရာကသာလျှင် သူ့အတွက် အိမ်ဖြစ်သည်။

လင်းယွမ်က သူတို့နှစ်ဦး၏ ပုံစံကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။ "ထိုက်ယန်တောင်က ကျွန်တော်တို့အားလုံးရဲ့ အိမ်ပါပဲ"

"အစတုန်းက ကျွန်တော် လူတွေကိုခေါ်ပြီး မိန်တုဥယျာဉ်ကနေ ထွက်လာခဲ့တုန်းက အားလုံးက ကျွန်တော့်ကို ယုံကြည်လို့ လိုက်လာခဲ့ကြတာ"

"ကျွန်တော်လည်း အားလုံးရဲ့ မျှော်လင့်ချက်တွေကို မျက်ကွယ်မပြုဘဲ ထိုက်ယန်တောင်အထိ ရောက်အောင်သွားပြီး ကျွန်တော်တို့ရဲ့ အိမ်ရာအသစ်ကို တည်ဆောက်နိုင်ခဲ့တယ်"

"အခု ခင်ဗျားတို့နှစ်ယောက်က ကျွန်တော့်ကို ယုံကြည်ပြီး ထိုက်ယန်တောင်ကို ပြန်ဝင်လာတော့မယ်ဆိုမှတော့... နောက်ပိုင်း ထိုက်ယန်တောင် ခိုလှုံရေးစခန်းက ခင်ဗျားတို့ရဲ့ အိမ်ဖြစ်လာမှာပါ"

လုတရုံ၏ နှုတ်ခမ်းများက အနည်းငယ် တုန်ယင်သွားပြီး ရင်ထဲတွင် နွေးထွေးမှုတစ်ခု လွှမ်းခြုံသွားသည်။

တည်ငြိမ်သော နေထိုင်မှု ပတ်ဝန်းကျင်တစ်ခု ရရှိနိုင်မည်ဆိုလျှင် မည်သူက ကောင်းမွန်စွာ မနေထိုင်လိုဘဲ ရှိပါမည်နည်း။

ဤနေရာတွင် သူက လူဒါဇင်ပေါင်းများစွာ၏ ခေါင်းဆောင်ဖြစ်နေသော်လည်း... စားစရာ မရှိ၊ ဝတ်စရာ မရှိဘဲ တောရိုင်းလူရိုင်းများကဲ့သို့ ရှင်သန်နေရသည်က ဘာများ ကောင်းမွန်နေမည်နည်း။

လျန်မင်ရှုသည်လည်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ တစ်လကျော်ကြာ နေထိုင်ခဲ့ရသော မြေအောက်ဘဝကို တွေးမိပြီး သူမ အမှန်တကယ်ပင် ငြီးငွေ့နေပြီ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ လင်းယွမ်က သူမ၏ ဦးနှောက်အမြူတေကို ပြန်လည်ရုပ်သိမ်းသွားခြင်း မရှိပေ။ သူမ ထိုက်ယန်တောင်သို့ ပြန်ရောက်သွားလျှင်တောင် အောက်ခြေလူတန်းစားတစ်ယောက်တော့ ဖြစ်မည်မဟုတ်ဟု တွေးလိုက်မိသည်။

ထိုသို့ တွေးမိလိုက်သောအခါ သူမ၏ ရင်ထဲတွင် အနည်းငယ် ပေါ့ပါးသွားတော့သည်။

"ကျေးဇူးတင်ပါတယ် ဆရာလင်း... အရင်က ဆရာနဲ့အတူ ထွက်လာခဲ့တာ ကျွန်မဘဝရဲ့ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပါပဲ" ဟု လျန်မင်ရှုက ပြောလိုက်သည်။

လုတရုံကလည်း ခေါင်းညိတ်ကာ "ဟုတ်ပါတယ်... အရင်က တိုက်ထဲမှာသာ ဆက်နေခဲ့မယ်ဆိုရင် အခုဆို ဘယ်လိုအခြေအနေ ရောက်နေမလဲတောင် မသိဘူး" ဟု ပြောလိုက်သည်။

သူတို့နှစ်ဦးသည် ခံစားချက်များကို အနည်းငယ် ဖွင့်ဟပြောဆိုပြီးနောက် ထိုက်ယန်တောင်သို့ ဝင်ရောက်မည့် အကြောင်းကို အပြင်ဘက်ရှိ လူများအား သွားရောက် ကြေညာလိုက်ကြသည်။

"အားလုံးပဲ... ကျွန်တော် တရားဝင် ကြေညာချင်ပါတယ်... ဒီနေ့ကစပြီး ကျွန်တော်တို့ ထိုက်ယန်တောင်ရဲ့ လက်အောက်ကို တရားဝင် ဝင်ရောက်ပြီး ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ အဖွဲ့ဝင်တွေ ဖြစ်လာပါပြီ"

"အားလုံးကို မိတ်ဆက်ပေးပါရစေ... ဒါကတော့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ ခေါင်းဆောင် ဆရာလင်းပဲ"

လုတရုံက လင်းယွမ်ကို လူအုပ်ကြီးနှင့် မိတ်ဆက်ပေးလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။ "ဆရာလင်းနဲ့ ကျွန်တော်က အရင်က တိုက်တစ်တိုက်တည်း နေခဲ့တဲ့ အိမ်နီးချင်းတွေပါ... ကျွန်တော်တို့ အရင်က တိုက်ထဲကနေ အတူတူ ထွက်ပြေးလာပြီး အသက်ရှင်ဖို့ အဆင့်ဆင့် ကြိုးစားခဲ့လို့ ဒီနေ့ဒီအချိန်ကို ရောက်လာတာပါ"

"အပြင်ဘက်က အခြေအနေတွေကို ချူလျန်နဲ့ ကျန်းယန်တို့က ခင်ဗျားတို့ကို ပြောပြပြီးပြီ မဟုတ်လား"

"ခိုက်ရီနည်းပညာကုမ္ပဏီက ချေမှုန်းခံလိုက်ရပြီ ဆိုပေမဲ့ သူတို့ဆီက လက်စားချေမှုတွေက အနှေးနဲ့အမြန် ရောက်လာလိမ့်မယ်"

"လောလောဆယ်မှာ ခိုက်ရီနည်းပညာကုမ္ပဏီကို ရင်ဆိုင်နိုင်တဲ့ အဖွဲ့အစည်းဆိုလို့ ထိုက်ယန်တောင်ပဲ ရှိတယ်... အားလုံး ထိုက်ယန်တောင်နဲ့ ပတ်သက်ပြီး သိချင်တာရှိရင် ဆရာလင်း ဒီမှာရှိတုန်း အားရပါးရ မေးလို့ရပါတယ်"

လုတရုံက လင်းယွမ်ကို လှမ်းကြည့်လိုက်သည်။

လင်းယွမ်က ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်။ "အားလုံးပဲ... ထိုက်ယန်တောင် ခိုလှုံရေးစခန်းက အခုချိန်မှာ လင်ကျန်းမြို့ တစ်ခုလုံးရဲ့ တစ်ခုတည်းသော ခိုလှုံရေးစခန်းပါ... ဒီမှာရှိနေတဲ့သူတွေ အားလုံးက လင်ကျန်းမြို့ခံတွေပဲ မဟုတ်လား"

"ဒေသခံပဲဖြစ်ဖြစ်... နယ်ဝေးကပဲဖြစ်ဖြစ် အားလုံးက လင်ကျန်းမြို့မှာ နေထိုင်ကြမှတော့ လင်ကျန်းမြို့သားတွေချည်းပါပဲ"

"လင်ကျန်းမြို့မှာ ကိုယ်ပိုင် ခိုလှုံရေးစခန်းတစ်ခု ရှိကိုရှိရမယ်... ပြင်ပက အဖွဲ့အစည်းတွေရဲ့ သိမ်းပိုက်တာကို ခံလို့မဖြစ်ဘူး"

"အခုက ကပ်ဘေးကာလကြီးလေ... တခြားဒေသက ခိုလှုံရေးစခန်းတွေ ကျူးကျော်လာရင် ကျွန်တော်တို့ လင်ကျန်းမြို့သားတွေက ဒုတိယတန်းစားတွေ ဖြစ်သွားနိုင်ခြေ အရမ်းများတယ်"

"အဲဒီလို ဖြစ်မယ့်အစား အားလုံး ညီညီညွတ်ညွတ်နဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ခိုလှုံရေးစခန်းကို သေချာ တည်ဆောက်ကြတာ ပိုမကောင်းဘူးလား"

"ဒါကြောင့် ထိုက်ယန်တောင်ကနေ အားလုံးကို ဝင်ရောက်ဖို့ ကြိုဆိုပါတယ်... ကျွန်တော်တို့ နောက်ထပ်လာမယ့် အချိန်တွေမှာ ခိုက်ရီနည်းပညာကုမ္ပဏီရဲ့ လက်စားချေမှုတွေကို ရင်ဆိုင်ဖို့အတွက် နတ်သစ်ပင်ကျွန်းမှာ တပ်စွဲဖို့ ထိုက်ယန်တောင်စခန်းအခွဲတစ်ခုကို ဒီမှာ အမြန်ဆုံး တည်ဆောက်သွားမှာပါ"

"အားလုံးပဲ ထိုက်ယန်တောင်နဲ့ ပတ်သက်ပြီး သိချင်တာတွေ... အနာဂတ်အတွက် စဉ်းစားထားတာတွေ ရှိရင် ကျွန်တော့်ကို ပြောပြလို့ရပါတယ်"

လင်းယွမ်၏ စကားသံဆုံးသည်နှင့် လီကျိကွမ်းက မနေနိုင်ဘဲ လက်မြှောက်လိုက်သည်။

"ဆရာလင်း... ကျွန်တော် ပြောစရာရှိပါတယ်"

လင်းယွမ်က ပြုံးလျက် "ပြောပါ" ဟု ဆိုသည်။

"ဆရာလင်း... ထိုက်ယန်တောင် ခိုလှုံရေးစခန်းက ဘယ်လောက်တောင် အင်အားကြီးမားလဲ ဆိုတာ သိချင်လို့ပါ... လူဦးရေ ဘယ်လောက်ရှိလဲ... ဘာကို အားထားပြီး အသက်ရှင်နေကြတာလဲ... အခု နေရာတိုင်းမှာ ရေကြီးနေတာဆိုတော့ စားနပ်ရိက္ခာ ပြဿနာကိုရော ဘယ်လို ဖြေရှင်းထားလဲ"

သူက နေရာတွင် ရှိနေသော လူအားလုံး အသိချင်ဆုံး မေးခွန်းများကို မေးလိုက်ခြင်း ဖြစ်သည်။

ဤလူများအတွက်မူ အခြားအရာအားလုံးက အလကားပင်။ ဝမ်းရေးကို ဖြေရှင်းနိုင်မှသာလျှင် အရေးအကြီးဆုံး အမှန်တရား ဖြစ်သည်။

ထိုက်ယန်တောင်က သူတို့ကို မကျွေးမွေးနိုင်လျှင် သူတို့ကို ကာကွယ်ပေးမည် ဆိုသည့်စကားမှာ အပြောသက်သက်သာ ဖြစ်သွားမည်။

လင်းယွမ်က ပြုံးလိုက်ပြီး "မေးတာ ကောင်းပါတယ်... တခြားလူတွေလည်း ဒီလိုပဲ သိချင်နေကြမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"

"ဒါဆိုလည်း ကျွန်တော်တို့ ထိုက်ယန်တောင်ရဲ့ အခြေအနေကို အားလုံး နားလည်သွားအောင် ပြောပြပါ့မယ်"

"ကျွန်တော်တို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ ဌာနချုပ်က အရင်က ထိုက်ယန်တောင် အမျိုးသားသစ်တောကြိုးဝိုင်းမှာ တည်ရှိတာပါ... ဒီမှာရှိတဲ့ သူတွေအကုန်လုံး လင်ကျန်းမြို့သားတွေပဲဆိုတော့ ထိုက်ယန်တောင်ရဲ့ တည်နေရာကို သိကြမှာပါ"

လူအားလုံး ခေါင်းညိတ်ပြသည်ကို မြင်သောအခါ လင်းယွမ်က ဆက်ပြောလိုက်သည်။ "ထိုက်ယန်တောင် အနီးအနားမှာ မိန်တောင်၊ လင်းယွင်တောင်စောင်း စတဲ့ တောင်တန်းတွေ ရှိသေးတယ်... အဲဒီနေရာတွေ အကုန်လုံးက ကျွန်တော်တို့ ထိုက်ယန်တောင်ရဲ့ ပိုင်နက်နယ်မြေတွေချည်းပါပဲ"

"အခုဆိုရင် ကျွန်တော်တို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းက လင်ကျန်းမြို့ တစ်ခုလုံးမှာရှိတဲ့ တောင်ကြောတွေကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပြီးပါပြီ... အနောက်ဘက်က ချန်ချုံးတောင်၊ မီသွေ့တောင် စတဲ့ တောင်တန်းတွေ အကုန်လုံးက ကျွန်တော်တို့ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိပါတယ်"

"မြောက်ဘက်က ဖန်ဆန်းတောင်... ဒါတင်မကသေးဘဲ အနီးအနား ပေါင်ရှန်းမြို့က ယန်ပေါင်တောင်နဲ့ ပေချန်တောင် တွေတောင် ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေပါပြီ"

နေရာတွင် ရှိနေသော လူအားလုံးမှာ ဝမ်းသာအံ့သြသည့် အမူအရာများ ပေါ်လွင်လာကြသည်။

ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ ပိုင်နက်နယ်မြေမှာ ဤမျှ ကြီးမားကျယ်ပြန့်ပြီး လင်ကျန်းမြို့ တစ်ခုလုံးကို လွှမ်းခြုံထားရုံသာမက ပေါင်ရှန်းမြို့ရှိ တောင်တန်းများကိုပါ သိမ်းသွင်းထားနိုင်လိမ့်မည်ဟု သူတို့ အမှန်တကယ်ပင် မထင်မှတ်ထားခဲ့ကြပေ။

ယခင်က လင်းယွမ် ပြောခဲ့သော လင်ကျန်းမြို့ကို စည်းလုံးညီညွတ်စေမည် ဆိုသည့် စကားကို သူတို့ သေသေချာချာ သဘောမပေါက်ခဲ့ကြပေ။ လင်ကျန်းမြို့ တစ်ခုလုံး ရေလွှမ်းမိုးနေပြီ ဖြစ်ရာ စည်းလုံးညီညွတ်ခြင်းက ဘာများ အဓိပ္ပာယ်ရှိမည်နည်းဟုသာ တွေးနေခဲ့ကြသည်။

ယခုမှသာ လင်ကျန်းမြို့ တစ်ခုလုံးရှိ ကုန်းမြေ အရင်းအမြစ်များ အားလုံးသည် လက်ရှိတွင် ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ လက်ထဲသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သဘောပေါက်သွားကြသည်။

၎င်းက လင်ကျန်းမြို့ကို အမှန်တကယ် ထိန်းချုပ်ထားနိုင်ခြင်းပင် ဖြစ်သည်။

သို့သော်လည်း ဉာဏ်ကောင်းသူ အချို့ကမူ စိုးရိမ်ပူပန်သည့် အရိပ်အယောင်များ ပြသလာကြပြီး လီကျိကွမ်းမှာ ထိုသူများထဲမှ တစ်ဦးဖြစ်သည်။

သူက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ "ဆရာလင်း... ဒီတောင်တန်းတွေက မြေပြင်အနေအထား မြင့်တယ်ဆိုပေမဲ့ ရေက ဆက်ပြီး တက်လာမယ်ဆိုရင် ဒီတောင်တန်းတွေလည်း သိပ်ကြာကြာ တောင့်ခံထားနိုင်မယ် မထင်ဘူးနော်"

ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူအများအပြားမှာလည်း စိုးရိမ်ပူပန်သွားကြပြီး လင်းယွမ်ကို ဝိုင်းကြည့်လိုက်ကြသည်။

လင်းယွမ်က ပြုံးလိုက်ပြီး "သေချာတာပေါ့... ဒါတွေက ပုံသေ တောင်တန်းတွေလေ... ရေမျက်နှာပြင်သာ မြင့်တက်လာရင် ဒီတောင်တန်းတွေကိုပါ ဆက်ပြီး ရေလွှမ်းသွားနိုင်ခြေ အများကြီးရှိတယ်" ဟု ပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်တော်တို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှာ ဒီပိုင်နက်လောက်ပဲ ရှိတာ မဟုတ်ဘူးဗျ... အခုဆိုရင် ကျွန်တော်တို့လက်ထဲမှာ ရေပေါ်ကျွန်း ငါးကျွန်းကို ထိန်းချုပ်ထားပြီးပြီ... စုစုပေါင်း ဧရိယာက ဒီတောင်တန်းတွေထက်ကို အဆပေါင်းများစွာ ပိုကြီးသေးတယ်"

"အဲဒီအထဲမှာ နေထိုင်ဖို့ သင့်တော်တဲ့ ကျွန်းက လေးကျွန်းရှိတယ်"

"ရေပေါ်ကျွန်းဆိုတာ ဘာလဲ အားလုံး သဘောပေါက်ကြလား"

လူများ ဝေခွဲမရဖြစ်နေသည်ကို မြင်သောအခါ လင်းယွမ်က ရှင်းပြလိုက်သည်။ "ရေပေါ်ကျွန်းဆိုတာ လေပေါ်ကျွန်းနဲ့ ဆင်တူတယ်"

"လေပေါ်ကျွန်းက ကောင်းကင်မှာ ပေါလောပေါ်နေတဲ့ ကျွန်းဖြစ်ပြီး... ရေပေါ်ကျွန်းကတော့ ရေပြင်ပေါ်မှာ ပေါလောပေါ်နေတဲ့ ကျွန်းကို ပြောတာပါ"

"ဒီလို ရေပေါ်ကျွန်းမျိုးက သစ်တုံးလိုပဲ ရေမျက်နှာပြင် မြင့်တက်လာတာနဲ့အမျှ အပေါ်ကို ဆက်တိုက် မြောတက်နေမှာမို့ ရေလွှမ်းမိုးခံရမှာကို ပူစရာမလိုဘူး"

"ဒါကြောင့် နေထိုင်ရေး ပြဿနာအတွက် အားလုံး စိုးရိမ်စရာ မလိုပါဘူး"

"ခုနက ခင်ဗျား မေးခဲ့တဲ့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းက လူတွေ ဘာကို အားထားပြီး အသက်ရှင်နေကြလဲ ဆိုတဲ့ ကိစ္စ..."

"ဟားဟား... ကျွန်တော်တို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှာ ကိုယ်ပိုင် စိုက်ပျိုးရေး လုပ်နိုင်တဲ့ နေရာတွေ ရှိပါတယ်"

"အဲဒီအထဲမှာ မီယွမ်မိုးသစ်တောကျွန်း ဆိုရင် ကျွန်တော်တို့ရဲ့ စပါးကျီလို့တောင် ခေါ်လို့ရတယ်... အဲဒီမှာ အပူချိန်က ပုံသေဖြစ်ပြီး ရာသီဥတုက နေချင့်စဖွယ်ဖြစ်သလို... ရေခိုးရေငွေ့ ပြည့်ဝပြီး လေသင့်မိုးမှန်တဲ့အပြင် သီးခြား ဂေဟစနစ် တစ်ခုလည်း ရှိတယ်"

"အခုဆိုရင် ကျွန်တော်တို့ စိုက်ပျိုးရေးဌာနက လူတွေက အဲဒီမှာ ဧကသောင်းချီတဲ့ စားနပ်ရိက္ခာတွေ၊ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးထားပြီးပါပြီ"

"ဒါတင်မကသေးဘူး... ကျွန်တော်တို့ဆီက ရှင်သန်နေထိုင်ဖို့ သင့်တော်တဲ့ တခြား ရေပေါ်ကျွန်းတွေမှာလည်း စိုက်ပျိုးရေး စခန်းတွေ ရှိသေးတယ်... ဒါတွေအတွက် ခင်ဗျားတို့ ပူစရာမလိုပါဘူး"

"လူဦးရေနဲ့ ပတ်သက်ပြီးတော့ကတော့... ဒါက မတတ်နိုင်ဘူးလေ... ဒီရေလွှမ်းမိုးမှုကြီးမှာ သေသွားတဲ့သူတွေ အရမ်းများလွန်းလို့ အသက်ရှင်ကျန်ရစ်သူက လက်ချိုးရေလို့ ရတဲ့အဆင့်ပဲ ရှိတော့တာ"

"လောလောဆယ် ကျွန်တော်တို့ ထိုက်ယန်တောင်ရဲ့ စုစုပေါင်း လူဦးရေက သုံးလေးသောင်းလောက်ပဲ ရှိပါတယ်"

လင်းယွမ်သည်လည်း ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။ သူတို့၏ ပိုင်နက်နယ်မြေက သေးငယ်သည်ဟု မဆိုနိုင်သော်လည်း လူဦးရေ အရေအတွက်မှာမူ တိုးမလာခဲ့ပေ။

သုံးလေးသောင်း ဆိုသည်မှာ သူ ပိုပြောလိုက်ခြင်းသာ ဖြစ်သည်။ တကယ်တမ်းတွင် သူသည် ယန်ပေါင်တောင်၊ ပေချန်ကျွန်း၊ မြူခိုးမြို့တော် နှင့် စစ်တပ်၏ တိမ်မြူကျွန်း စသည့် အဖွဲ့အစည်းများကို အဆက်မပြတ် သိမ်းသွင်းခဲ့သော်လည်း အဆုံးမသတ်နိုင်သော တိုက်ပွဲများအတွင်း လူဦးရေ ဆုံးရှုံးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

အစပိုင်းက လင်ကျန်းမြို့တွင် အသက်ရှင်ကျန်ရစ်သူ သုံးလေးသောင်းခန့် ရှိသည်မှာ သေချာသော်လည်း... ဝမ်းနည်းစရာကောင်းသည်မှာ ယခုအခါ သုံးသောင်းခန့် ရှိနေလျှင်ပင် မဆိုးလှတော့ပေ။

ထို့ကြောင့် အရင်က ဝမ်ထျန်အန်းက လင်းယွမ်ကို ခြိမ်းခြောက်ရာတွင် သူတို့ ခိုက်ရီနည်းပညာကုမ္ပဏီ၌ လူဦးရေ တစ်သိန်း ရှိသည်ဟု ပြောခဲ့စဉ်က လင်းယွမ် အလွန် အံ့သြခဲ့ရခြင်း ဖြစ်သည်။

ဤမျှ များပြားသော လူဦးရေဖြင့် ခိုက်ရီနည်းပညာကုမ္ပဏီက ထိပ်တန်း အဖွဲ့အစည်း တစ်ခုဟု အမှန်တကယ် ခေါ်ဆိုနိုင်ပေသည်။

လီကျိကွမ်းနှင့် အခြားသူများသည် လင်းယွမ်၏ စကားကို ကြားပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ရင်ထဲတွင် တုန်လှုပ်သွားကြပြီး ထိတ်လန့်သွားကြသည်။

လျန်မင်ရှုနှင့် လုတရုံတို့ပင်လျှင် ယခုအချိန်တွင် မနေနိုင်ဘဲ အံ့သြသည့် အမူအရာများ ပေါ်လွင်လာကြသည်။

ယခုအချိန်ရောက်မှသာ ထိုက်ယန်တောင် ခိုလှုံရေးစခန်းသည် မည်မျှ ကြီးမားလှသော အဖွဲ့အစည်းကြီး ဖြစ်ကြောင်း သူတို့ သဘောပေါက်သွားကြတော့သည်။

လူသုံးသောင်းရှိသော ခိုလှုံရေးစခန်းဆိုသည်မှာ သေချာပေါက် စူပါခိုလှုံရေးစခန်းကြီးပင် ဖြစ်သည်။

သူတို့ ဤနေရာတွင် လူဦးရေ အများဆုံး အချိန်ကပင် သုံးရာ ထက် မကျော်ခဲ့ပေ။

တစ်ခဏအတွင်း လူအားလုံး အလွန်အမင်း စိတ်လှုပ်ရှားသွားကြပြီး ထိုက်ယန်တောင်သို့ ဝင်ရောက်ရန်အတွက် မည်သည့် သံသယစိတ်မှ မရှိကြတော့ပေ။

ပြောင်းပြန်ဆိုရသော် သူတို့ ကိုယ်သူတို့ ကံကောင်းလှသည်ဟုသာ ခံစားနေကြရသည်။ သူတို့၏ ခေါင်းဆောင်က ဤကဲ့သို့သော အရေးပါသည့် ပုဂ္ဂိုလ်ကြီးနှင့် သိကျွမ်းနေပြီး လူအားလုံးကို ဤမျှ ကြီးမားသော အဖွဲ့အစည်းကြီးထဲသို့ ဝင်ရောက်ရန် ခေါ်ဆောင်သွားနိုင်ခြင်းက အလွန် ကောင်းမွန်လှပေသည်။

ထို့နောက် မေးခွန်းအချို့ကို ထပ်မံ ဖြေကြားပေးလိုက်ရာ ထိုသူများမှာ ထိုက်ယန်တောင်က မည်မျှ ကြီးမားသော အဖွဲ့အစည်းကြီး ဖြစ်ကြောင်း လုံးဝ နားလည်သွားကြသည်။

ယခုအခါ သူတို့၏ ရင်ထဲတွင် လင်းယွမ်အပေါ် ကြောက်ရွံ့လေးစားမှုများသာ ရှိတော့ပြီး အနည်းငယ်မျှပင် ကာကွယ်လိုစိတ် မရှိကြတော့ပေ။

ထို့ကြောင့် လျန်မင်ရှု၏ ဦးဆောင်မှုအောက်တွင် ထိုသူများက သူတို့၏ ပစ္စည်းများကို သိမ်းဆည်းကာ လုတရုံနှင့်အတူ မြေပြင်ပေါ်သို့ စတင် ပြောင်းရွှေ့လာခဲ့ကြသည်။

မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် လူအားလုံးက လူ့လောကထဲသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ကြရသည်။

သူတို့ မြေအောက်ထဲတွင် နေထိုင်ခဲ့ရသည်မှာ အလွန် ကြာမြင့်ခဲ့ပြီ မဟုတ်ပါလော။

ယခုအချိန်တွင် ကောင်းကင်ယံထက်၌ ထိုက်ယန်တောင်၏ ယာဉ်ပျံများက အပြန်အလှန် ပျံသန်းသွားလာနေကြပြီး လေခွင်းသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။

လင်းယွမ် ထိန်းချုပ်ထားသော များပြားလှသည့် သန္ဓေပြောင်း သားရဲများကလည်း ကောင်းကင်ယံတွင် ပျံဝဲနေကြပြီး လေပိုင်နက်ကို ကာကွယ်ပေးသည့် တာဝန်များကို ထမ်းဆောင်နေကြသည်။

မှန်ပါသည်။ တိုက်ပွဲက မပြီးဆုံးသေးပေ။

နတ်သစ်ပင်ကျွန်းရှိ ခိုက်ရီနည်းပညာကုမ္ပဏီ၏ စခန်း ဖျက်ဆီးခံလိုက်ရသော်လည်း မလှမ်းမကမ်းတွင် ငရဲကျွန်း တစ်ကျွန်း ရှိနေသေးသည်။

ထိုနေရာကသာ တစ်ဖက်လူ၏ အဓိက ဌာနချုပ် တည်ရှိရာ နေရာဖြစ်သည်။

နတ်သစ်ပင်ကျွန်း၏ ပတ်ဝန်းကျင်က နေထိုင်ရန် ပိုမိုသင့်တော်သောကြောင့်သာ ဝမ်ထျန်အန်းက ဤနေရာတွင် နေထိုင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ဝမ်ထျန်အန်းက လူများကိုခေါ်ကာ ငရဲကျွန်းဘက်သို့ အလျင်အမြန် သွားရောက်နေပြီ ဖြစ်သည်။

လင်းယွမ်က သူ့ကို ငရဲကျွန်းဘက်သို့သွား၍ လွှဲပြောင်းရေး လုပ်ငန်းများကို သေချာစွာ လုပ်ဆောင်ရန် စောစောကတည်းက မှာကြားထားခဲ့ပြီး ဖြစ်သည်။

ယခု အခြေအနေ မည်သို့ ရှိနေမည်ကိုတော့ မသိရပေ။

စခန်းသို့ ပြန်ရောက်သောအခါ လင်းယွမ်က ဦးလေးမာကို ခေါ်လိုက်သည်။

မာကောချိုင်က လုတရုံကို မြင်သည်နှင့် တစ်ပြိုင်နက် မျက်နှာပေါ်တွင် ဝမ်းသာအံ့သြမှုများ အပြည့်ဖြစ်သွားပြီး သူတို့ကို အလျင်အမြန် ဆွဲခေါ်ကာ ပြီးခဲ့သည့်ရက်များအတွင်း မည်သို့ ဖြတ်သန်းခဲ့ရကြောင်း မေးမြန်းရင်း စကားစမြည် ပြောဆိုကြတော့သည်။

လုတရုံနှင့် လျန်မင်ရှုတို့သည်လည်း ဦးလေးမာကို ပြန်လည်တွေ့ရှိရသောအခါ အလွန် ရင်းနှီးကျွမ်းဝင်မှုကို ခံစားလိုက်ကြရသည်။

မည်သို့ပင်ဖြစ်စေ ဦးလေးမာက ယခင်က ရပ်ကွက်ရုံးမှ ဝန်ထမ်းတစ်ဦးဖြစ်ခဲ့ရာ ရပ်ကွက်ထဲရှိ လူအများအပြားက သူ့ကို အလွန် ရင်းနှီးကျွမ်းဝင်ကြသည်။

လုတရုံကဲ့သို့ မိသားစု အခက်အခဲရှိသူများမှာလည်း ဦးလေးမာတို့ ရပ်ကွက်ရုံး၏ အဓိက ကူညီထောက်ပံ့ပေးရမည့် သူများဖြစ်ရာ ကပ်ဘေးမတိုင်မီကတည်းက ထိုနှစ်ဦးမှာ အဆက်အသွယ် အလွန် များခဲ့ကြသည်။

မိတ်ဆွေဟောင်းများဟုပင် ဆိုနိုင်ပေသည်။

လုတရုံက မိတ်ဆွေဟောင်းကို တွေ့ရသောအခါ ရင်ထဲတွင် စိတ်လှုပ်ရှား ဝမ်းသာသွားပြီး သမီးဖြစ်သူ၏ ကိစ္စများကိုလည်း အနည်းငယ် မေးမြန်းလိုက်သေးသည်။

သမီးဖြစ်သူ၏ အခြေအနေ အမှန်တကယ် ကောင်းမွန်နေကြောင်း အတည်ပြုနိုင်လိုက်သောအခါ သူ ပို၍ပင် ဝမ်းသာသွားတော့သည်။

လျန်မင်ရှု၏ စိတ်အခြေအနေမှာ ရှုပ်ထွေးနေသည်။ ဤကပ်ဘေးကြီးအောက်တွင် ယခင်က ရင်းနှီးခဲ့ဖူးသော မိတ်ဆွေများကို ပြန်လည်တွေ့ဆုံရခြင်းက သဘာဝကျကျ ရင်းနှီးမှုကို ဖြစ်ပေါ်စေသည်။

သို့သော်လည်း သူမသည် မိမိ၏ ကြေကွဲဖွယ် အတိတ်ကို အလိုအလျောက် ပြန်လည်တွေးတောမိသွားပြီး အနည်းငယ် အနေရခက်သွားသည်။

သို့သော် သူမက တွေးလွန်သွားခြင်းသာ ဖြစ်သည်မှာ သိသာလှသည်။ အသက်ရှင်ကျန်ရစ်သူတိုင်းထဲတွင် နာကျင်ဖွယ် အတိတ်အချို့ကို မဖြတ်သန်းခဲ့ရသူ ဘယ်နှစ်ယောက်များ ရှိမည်နည်း။

ဦးလေးမာက သူမအပေါ် မည်သည့် ထူးခြားသောအမူအရာမျှ မပြဘဲ ယခင်အတိုင်းပင် ရင်းနှီးစွာဖြင့် "ရှောင်လျန်" ဟု ခေါ်ဆိုလိုက်သည်။

၎င်းက လျန်မင်ရှု၏ ရင်ထဲကို နွေးထွေးသွားစေတော့သည်။

ဆက်ရန်...

All Chapters