← Chapters

အခန်း ၇၈၆

Vol. 40 Ch. 786

အခန်း ၇၈၆

Vol. 40 Ch. 786

အပိုင်း (၇၈၆) အတုနှင့်အစစ်

"အဒေါ်ကြီးလီရော အဆင်ပြေရဲ့လား... နောက်ပိုင်း အင်ဆူလင်ရှာတွေ့ခဲ့သေးလား"

လျန်မင်ရှုက ဦးလေးမာကို စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

ဦးလေးမာနှင့် အဒေါ်ကြီးလီတို့ အင်ဆူလင် ရှာဖွေစဉ်က ဒုက္ခများစွာ ကြုံတွေ့ခဲ့ရသည်ကို သူမ မှတ်မိနေဆဲ ဖြစ်သည်။

ဦးလေးမာက ဟားတိုက်ရယ်မောလျက် "မင်းအဒေါ်ကြီးက အခု အင်ဆူလင် မလိုတော့ဘူးကွ... အခု သူက အစွမ်းနိုးထလာတော့ ခါးလည်းမနာတော့ဘူး... ခြေထောက်လည်း မကိုက်တော့ဘူး... နှစ်ပေါင်းများစွာ ခံစားနေရတဲ့ အဆစ်အမြစ်ရောင်ရောဂါလည်း အရှင်းပျောက်သွားပြီ"

"အခုဆို နေ့တိုင်း စိုက်ပျိုးရေးဌာနမှာ လူငယ်လေးတွေကို စိုက်ပျိုးရေးပညာ သင်ပေးနေတယ်လေ"

လျန်မင်ရှုနှင့် လုတရုံတို့ နှစ်ဦးစလုံး အံ့သြသွားကြသည်။

"ဘာ... အဒေါ်ကြီးလီလည်း အစွမ်းနိုးထလာတာလား"

လျန်မင်ရှုက ဝမ်းသာအားရ မေးလိုက်သည်။

လုတရုံကလည်း ပို၍ပင် ဝမ်းသာသွားပြီး "အရမ်းကောင်းတာပေါ့ဗျာ"

"ဒါတွေအကုန်လုံးက ဆရာလင်းရဲ့ ကျေးဇူးတွေပါ... ဆရာလင်းသာ မကူညီခဲ့ရင် ဦးလေးရဲ့မိန်းမ အစွမ်းနိုးထတဲ့အချိန်မှာ တောင့်ခံနိုင်မှာ မဟုတ်ဘူး"

လင်းယွမ်က ပြုံးလျက် "အဒေါ်ကြီးလီက စိတ်ဓာတ်ကြံ့ခိုင်ပါတယ်... အကူအညီမပါလည်း သူ ဖြတ်ကျော်နိုင်မှာပါ"

ဦးလေးမာက သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်ရင်း "ဦးလေးကတော့ သဘာဝအတိုင်း နိုးထလာတဲ့ ဖြစ်စဉ်ကို မကြုံဖူးပါဘူး... ဒါပေမဲ့ ဒီဖြစ်စဉ်က သေချာပေါက် လွယ်ကူမှာမဟုတ်ဘူး ဆိုတာတော့ သိတယ်"

လင်းယွမ်က ရယ်မောလိုက်ပြီး "ကဲ... ကဲ... ဒါတွေ မပြောကြတော့နဲ့... အစ်ကိုလု... မေးစရာလေးတစ်ခု ရှိလို့"

"ပြောလေ" လုတရုံက အလျင်စလို မေးလိုက်သည်။

"ဝမ်လီလီ ဘယ်ရောက်သွားလဲ"

လင်းယွမ်က မေးမြန်းလိုက်သည်။

ဝမ်လီလီ အသက်ရှင်နေသေးကြောင်း သိထားသဖြင့် လင်းယွမ်က သူမ၏ လက်ရှိအခြေအနေကို သေချာပေါက် စုံစမ်းရမည် ဖြစ်သည်။

သူမနှင့် ကျန်းဖန်တို့သည် အဖွဲ့ထဲသို့ အစောဆုံး ဝင်ရောက်လာသူများ ဖြစ်ပြီး မူလက အဖွဲ့၏ ခေါင်းဆောင်ငယ်လေးများလည်း ဖြစ်ကြရာ သူမကို ရှာတွေ့ခြင်းက ကျန်းဖန်အတွက် ဖြေရှင်းချက်တစ်ခု ပေးနိုင်မည်ဟု ဆိုနိုင်သည်။

ထိုစကားကို ကြားသောအခါ လုတရုံက သက်ပြင်းတစ်ချက် ချလိုက်ပြီး "ရှောင်ဝမ် နိုးထလာတာက လေဓာတ်အစွမ်းလေ... သူက အဖွဲ့ထဲမှာ အစောဆုံး ပျံသန်းနိုင်ခဲ့တဲ့သူပဲ"

"နတ်သစ်ပင်ကျွန်းကို ရောက်ပြီး သိပ်မကြာခင်မှာပဲ သူက အပြင်ထွက်ပြီး ဆရာလင်းတို့ကို သွားရှာချင်နေခဲ့တာ"

"တကယ်တော့ အောက်မှာရှိနေတုန်းကလည်း ဆရာလင်းတို့ကို သူ ခဏခဏ ထွက်ရှာခဲ့သေးတယ်"

"ဒါပေမဲ့ လမ်းကြောင်း အတိအကျ မသိရတဲ့ ပြဿနာကြောင့် အများအားဖြင့်တော့ လက်ဗလာနဲ့ပဲ ပြန်လာခဲ့ရတာ... တချို့အချိန်တွေဆို သူကိုယ်တိုင်တောင် လမ်းပျောက်မလို ဖြစ်ခဲ့သေးတယ်"

"ဒီနတ်သစ်ပင်ကျွန်းကို ရောက်လာတော့ သူက ရုတ်တရက် အတွေးပေါက်သွားပြီး... ငါတို့တောင် ဒီကို ရောက်လာနိုင်တာဆိုတော့ ဆရာလင်းတို့လည်း ဒီကို ရောက်လာနိုင်တယ်လို့ တွေးမိသွားတယ်"

"အဲဒါနဲ့ သူ ထွက်ရှာတော့တာပဲ... အခုဆို တစ်လကျော်တောင် ရှိနေပြီ... သတင်းအစအနလေးတောင် မကြားရတော့ဘူး... ကျွန်တော်တို့က လိုက်ရှာချင်ပေမဲ့ အပြင်ဘက်မှာ ခိုက်ရီနည်းပညာ ကုမ္ပဏီက လူတွေက လိုက်လံ ဖမ်းဆီးနေတော့ ဘာမှ ဆက်မလုပ်နိုင်ဘဲ ဒီအတိုင်းပဲ လက်လွှတ်လိုက်ရတယ်"

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "သူက အနီးအနားက လေပေါ်ကျွန်းတွေပေါ်မှာ ရှိနေလောက်သေးတယ်... သူတစ်ယောက်တည်း အားနဲ့တော့ မိုးကြိုးတိမ်တိုက်တွေကို ဖြတ်ကျော်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

"နောက်မှ သူ့ရဲ့ ဓာတ်ပုံကို ထုတ်ခိုင်းပြီး ကျွန်တော့်လူတွေကို ဝေပေးလိုက်မယ်... အားလုံးကို သတိထားကြည့်ခိုင်းလိုက်မယ်"

လုတရုံက ခေါင်းညိတ်ပြသည် "အဲဒီလိုဆို အရမ်းကောင်းတာပေါ့ဗျာ... ပွင့်ပွင့်လင်းလင်း ပြောရရင် သူ့ကို မတားနိုင်ခဲ့လို့ စိတ်ထဲမှာ နည်းနည်းတော့ အပြစ်မကင်းသလို ဖြစ်မိတယ်... သူ ဘာအန္တရာယ်မှ မဖြစ်ဖို့ပဲ ဆုတောင်းရမှာပဲ"

လင်းယွမ်က သူ့ပခုံးကို ပုတ်ပေးလိုက်ပြီး "ကလေးတွေမှ မဟုတ်တော့တာ... သူ့လုပ်ရပ်အတွက် သူကိုယ်တိုင် တာဝန်ယူရမှာပေါ့... အစ်ကိုလု စိတ်မကောင်း ဖြစ်နေစရာ မလိုပါဘူး"

"ဟူး" လုတရုံက သက်ပြင်းတစ်ချက် ချလိုက်သည်။

လင်းယွမ်က မတ်တတ်ထရပ်လိုက်ပြီး "ထိုက်ယန်တောင်ကို ပြန်ချင်ရင် အစောဆုံး ထွက်မယ့် ယာဉ်ပျံနဲ့ ပြန်သွားလိုက်ပါ... ဒါပေမဲ့ ယွိယန်က အခု ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ထဲကို ပြောင်းသွားလောက်ပြီ... ထိုက်ယန်တောင်မှာ မရှိလောက်တော့ဘူး"

"ထိုက်ယန်တောင်ကို ရောက်ပြီးရင် အမြန်လှေနဲ့ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ကို ဆက်သွားလိုက်ရင် သူ့ကို တွေ့လိမ့်မယ်"

လုတရုံက အလျင်စလို ပြောလိုက်သည် "အမြန်ဆုံး ခရီးစဉ်ကို စီစဉ်ပေးလို့ ရမလား"

ဦးလေးမာက ထရပ်လိုက်ပြီး "ဦးလေးပဲ စီစဉ်ပေးလိုက်ပါ့မယ်... မောင်လင်း... ဒီကိစ္စ ဦးလေးတာဝန်ထားလိုက်"

လင်းယွမ်က ခေါင်းညိတ်လိုက်သည် "ကောင်းပြီလေ... ဦးလေးမာ... ဦးလေးကိုပဲ တာဝန်လွှဲလိုက်တော့မယ်"

"စိတ်ချလက်ချသာ နေပါ"

ထို့နောက် လင်းယွမ်သည် ထိုနေရာမှ ထွက်ခွာလာခဲ့သည်။ သူ လေဆိပ်သို့ ရောက်ရှိလာသောအခါ တုကျစ်ကျဲက လူအများကို ဦးဆောင်၍ ကာကွယ်ရေး သင်္ကေတ အစီအရင်များ ချထားရန် ညွှန်ကြားနေသည်ကို တွေ့လိုက်ရသည်။

လင်းယွမ်က အနီးသို့ လျှောက်သွားကာ "ဒေါက်တာတု... ထူလုံတို့ကို တွေ့မိသေးလား" ဟု မေးလိုက်သည်။

တုကျစ်ကျဲက အမြန် ပြန်ဖြေသည် "ဆရာလင်း... သူတို့အားလုံး ငရဲကျွန်းဘက်ကို သွားကြပြီ"

"အကုန် သွားကြတာလား" လင်းယွမ်က အံ့သြစွာဖြင့် မေးလိုက်သည်။

"ဟုတ်တယ်... ဟို အမှောင် စီမံခန့်ခွဲသူက ငရဲကျွန်းဘက်ကို ထွက်ပြေးသွားတယ်လို့ ကြားတယ်... အခု ငရဲကျွန်းက လူတွေကို စုစည်းပြီး ခုခံနေကြပြီတဲ့"

"ဝမ်ထျန်အန်းက အချိန်တိုအတွင်း မသိမ်းပိုက်နိုင်သေးလို့... ထူလုံ၊ ရှီဟိုင်ကျူးနဲ့ ချန်ကျန့်ဖုန်းတို့ပါ သွားကူညီနေကြတာ"

လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည် "အမှောင် စီမံခန့်ခွဲသူက ငရဲကျွန်းကို ပြေးသွားပြီလား... သူ ဘယ်လိုလုပ် သွားနိုင်တာလဲ"

"အဲဒီလူကလည်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်မှာရှိတဲ့ အစွမ်းပိုင်ရှင်တစ်ယောက်ပဲလေ... လေထဲမှာ ပျံသန်းနိုင်တယ်"

"ပြီးတော့ သူ့အစွမ်းကလည်း ထူးခြားတယ်... ရုပ်လုံးမပေါ်တာကလွဲရင် မူလခန္ဓာကိုယ်နဲ့ တစ်ပုံစံတည်း တူတဲ့ ကြေးမုံပုံရိပ်ယောင် ကိုယ်ပွားတွေကို ဖန်တီးနိုင်တယ်"

"ဒီအစွမ်းနဲ့သူက ကိုယ်ပွားတွေ ဖန်တီးပြီး ကျွန်တော်တို့လူတွေကို အာရုံလွှဲခဲ့တာ... အဲဒီနောက် နတ်သစ်ပင်ကျွန်းကနေ ထွက်ပြေးပြီး ငရဲကျွန်းကို ပြန်ရောက်သွားတာပဲ"

လင်းယွမ် သဘောပေါက်သွားသည်။ အကြောင်းရင်းက ဒီလိုကိုး။

သူ ခဏမျှ စဉ်းစားလိုက်ပြီး "သူတို့ သွားတာ ဘယ်လောက်ကြာပြီလဲ" ဟု မေးလိုက်သည်။

"နည်းနည်း ကြာပြီ... တစ်နာရီကျော်လောက်တော့ ရှိပြီ"

"တစ်နာရီကျော်ပြီ"

လင်းယွမ် မျက်မှောင်ကြုတ်သွားသည်။ ဒီလောက်ကြာနေတာတောင် ငရဲကျွန်းကို မသိမ်းပိုက်နိုင်သေးဘူးဆိုတော့ သူတို့ အခက်အခဲ တွေ့နေပုံရသည်။

ဝမ်ထျန်အန်းသည် ယခင်က ငရဲကျွန်း၏ စီမံခန့်ခွဲသူ ဖြစ်ခဲ့သည် မဟုတ်ပါလော။ သူ၏ ရာထူးအရဆိုလျှင် ထိုကျွန်းပေါ်တွင် သြဇာတိက္ကမ ကြီးမားသင့်သည်။ ထို့ပြင် ငရဲကျွန်းစခန်း၏ အားနည်းချက် အများအပြားကိုလည်း သူ ကောင်းကောင်း သိထားသင့်သည်။

သို့သော် ဤမျှ ကြာသည့်တိုင် အောင်မြင်မှု မရသေးသည်မှာ ပြဿနာ တစ်ခုခု ရှိနေ၍သာ ဖြစ်ရမည်။

ထိုအချက်ကို တွေးမိသည်နှင့် လင်းယွမ် ချက်ချင်း မတ်တတ်ထရပ်ကာ "ငါကိုယ်တိုင် သွားကြည့်မှပဲ" ဟု ပြောလိုက်သည်။

"ယာဉ်ပျံ စီစဉ်ပေးပါ့မယ်"

လင်းယွမ်က ခေါင်းခါလိုက်ပြီး "မလိုဘူး... ဒီအတိုင်းပဲ ပျံသွားလိုက်မယ်" ဟု ပြန်ပြောသည်။

ထိုသို့ ပြောဆိုပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

သူ၏ လက်ရှိ စွမ်းရည်ဖြင့်ဆိုလျှင် လေထဲတွင် ပျံဝဲနေသော မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိ သန္ဓေပြောင်း သားရဲများထဲတွင် သူ့ကို ခြိမ်းခြောက်နိုင်စွမ်းရှိသူမှာ အလွန် ရှားပါးလှသည်။

"ဝှစ်"

သူ၏ ခန္ဓာကိုယ်သည် လေထဲတွင် အဆက်မပြတ် လျှပ်စီးလက်သကဲ့သို့ ပျံသန်းသွားရာ လေထုကို ခွဲထွက်သွားသော ပေါက်ကွဲသံများနှင့်အတူ အဖြူရောင် လေလှိုင်းများပင် ဖြစ်ပေါ်လာသည်။

မကြာမီမှာပင် လင်းယွမ်သည် မီးသွေးကဲ့သို့ မည်းနက်နေသော ကျွန်းကြီးတစ်ကျွန်း၏ အထက်ကောင်းကင်သို့ ရောက်ရှိသွားသည်။

ထိုကျွန်းကြီး တစ်ခုလုံးမှာ မင်ရည်ကဲ့သို့ မည်းနက်နေပြီး ကျွန်းပေါ်ရှိ နေရာအနှံ့အပြားမှ မီးခိုးငွေ့များ ထွက်ပေါ်နေသည်။

လင်းယွမ်က အောက်သို့ လှမ်းကြည့်လိုက်ရာ ကျွန်းပေါ်ရှိ နေရာအနှံ့တွင် ကြီးမားသော အက်ကွဲကြောင်းကြီးများကို တွေ့လိုက်ရသည်။ ထိုအက်ကွဲကြောင်းများထဲတွင်မူ နီရဲပူပြင်းနေသော ချော်ရည်ပူများ စီးဆင်းနေပုံရသည်။

အဝေးရှိ ဧရာမ တောင်ကြားပေါက်ကြီးမှ မီးခိုးများ အဆက်မပြတ် ပန်းထွက်နေရာ ထိုနေရာသည် အသက်ဝင်နေသော မီးတောင်ရှင် တစ်ခုနှင့် တူနေလေသည်။

ကောင်းကင်ထက်တွင် ထိုက်ယန်တောင်မှ ယာဉ်ပျံ အများအပြား ပျံဝဲနေကြသည်။

အဝေးတွင်လည်း ပျံသန်းနိုင်သော သန္ဓေပြောင်း သားရဲ အမြောက်အမြား ခိုအောင်းနေကြသည်။

လင်းယွမ်သည် အရှိန်အဟုန်ဖြင့် ပျံသန်းလာရင်း မျက်လုံးကို ဝေ့ကြည့်လိုက်ရာ အဝေးရှိ ညီညာသော မြေပြင်တစ်နေရာတွင် ကျောက်တုံးကဲ့သို့ မည်းနက်နေသော မြေပြင်ပေါ်၌ မားမားမတ်မတ် ရပ်တည်နေသည့် စခန်းတစ်ခုကို တွေ့လိုက်ရသည်။

စခန်း၏ အပြင်ဘက်တွင် ဧရာမ အကာအကွယ်အစီအရင်ကြီး တစ်ခုက ဖုံးလွှမ်းထားသည်။ ယခုအချိန်တွင် ထိုအကာအရံကြီးမှာ တင်းကျပ်စွာ ပိတ်ထားပြီး အပေါ်ယံ ကောင်းကင်ထက်တွင် ယာဉ်ပျံများ အဆက်မပြတ် ပျံဝဲကာ အသံများ ဆူညံနေသည်။

ထူလုံ၊ ရှီဟိုင်ကျူး၊ ဝမ်ထျန်အန်းနှင့် အခြားသူများအားလုံး လေထဲတွင် ရှိနေကြသည်။

"ခွေးကောင်... ကျန့်ယွမ်... မင်းက သေချင်နေတာလား"

ဝမ်ထျန်အန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

အကာအကွယ်အစီအရင် အတွင်းမှ ကျန့်ယွမ်၏ အသံ ထွက်ပေါ်လာသည်။

"ဟားဟားဟား... ဝမ်ထျန်အန်း... ကုမ္ပဏီကို သစ္စာဖောက်တဲ့သူရဲ့ နိဂုံးက ဘယ်လိုဖြစ်မလဲဆိုတာ ငါ ထပ်ပြောစရာ မလိုဘဲ မင်း သိမှာပါ"

"အခု မင်း ဘယ်လောက်တောင် ရမ်းကားနေလဲ... နောက်ကျရင် မင်း အဲဒီထက်ပိုပြီး သနားစရာ ကောင်းသွားလိမ့်မယ်"

"ငါက ဒီအကာအကွယ်အစီအရင်ကို ထိန်းထားနိုင်ရုံနဲ့ လုံလောက်ပြီ... မန်နေဂျာကျိုး သတင်းသွားပို့တာကို စောင့်နေလိုက်... ကုမ္ပဏီက အင်အားစုကြီး ရောက်လာလိမ့်မယ်"

"အဲဒီအချိန်ကျရင် မင်း... ဝမ်ထျန်အန်း သေချာပေါက် သေရမယ်"

"ပြီးတော့ ထိုက်ယန်တောင်က လူမိုက်တွေ... ကုမ္ပဏီရဲ့ အာဏာကို စိန်ခေါ်ရဲတဲ့ မင်းတို့အားလုံးလည်း သေဖို့သာ ပြင်ထားကြ"

ကျန့်ယွမ်က ဟားတိုက် ရယ်မောလိုက်ပြီး အပြင်ဘက်ရှိ ထိုက်ယန်တောင် အဖွဲ့ကို လုံးဝ ဂရုမစိုက်ပေ။

သူသည် ယခုအခါ အမှောင် စီမံခန့်ခွဲသူ၏ လုပ်ပိုင်ခွင့်ကို အသုံးပြုကာ ဤငရဲကျွန်း စခန်းကို အလုံးစုံ ထိန်းချုပ်ထားပြီး ဖြစ်သည်။

လက်ရှိ စခန်းအတွင်းတွင် သူမှလွဲ၍ မည်သူမျှ အကာအကွယ်အစီအရင် စနစ်ကို ဖွင့်နိုင်စွမ်း မရှိတော့ပေ။

စွမ်းအင်ငြိမ် သင်္ကေတဖြင့် ဖွဲ့စည်းထားသော ဤအကာအကွယ်အစီအရင် ရှိနေသရွေ့ ထိုက်ယန်တောင်၏ ယာဉ်ပျံများမှ ပစ်ခတ်မှုများက လုံးဝ ဖောက်ထွင်းနိုင်မည် မဟုတ်ပေ။

ဝမ်ထျန်အန်းက အေးစက်စွာ ရယ်မောလိုက်ပြီး "ငါက မင်းကို ဘာမှမလုပ်နိုင်တော့ဘူးလို့ ထင်နေတာလား... ကြည့်ရတာ ဒီလေပေါ်ကျွန်းရဲ့ အရှင်သခင်က ဘယ်သူလဲ ဆိုတာကို မင်း မေ့နေပုံရတယ်"

"ငရဲကျွန်းရဲ့ ဦးနှောက်အမြူတေက ငါ့လက်ထဲမှာ ရှိနေတယ် ဆိုတာ မမေ့နဲ့"

ကျန့်ယွမ်က ချက်ချင်း ဟားတိုက် ရယ်မောလိုက်ပြန်သည် "အဲဒီတော့ ဘာဖြစ်လဲ... ဦးနှောက်အမြူတေလေး တစ်ခုပဲလေ... နှလုံးအမြူတေမှ မဟုတ်တာ"

"ကုမ္ပဏီက အပြင်မှာရှိနေတဲ့ မင်းတို့တွေ သစ္စာဖောက်လာနိုင်တယ် ဆိုတာကို စောစောကတည်းက သိထားပြီးသား... အပြင်ဘက်မှာ တိုးချဲ့ထားတဲ့ လေပေါ်ကျွန်းတွေအားလုံးရဲ့ နှလုံးအမြူတေတွေကို ချက်ချင်း ပြန်သိမ်းထားပြီး မင်းတို့အတွက် ဦးနှောက်အမြူတေကိုပဲ ချန်ထားပေးခဲ့တာ"

"အဲဒါက မင်းလို သစ္စာဖောက်မျိုး ပေါ်လာမှာကို ကာကွယ်ဖို့ပဲ"

"ဟက်... မင်းဆီမှာ ဦးနှောက်အမြူတေ ရှိနေရင်တောင် ကျွန်းပေါ်က သက်ရှိတွေကို အာရုံခံနိုင်ရုံလောက်ပဲ ရှိတာ... မင်းက ကျွန်းရဲ့ မြေပြင်အနေအထားကိုလည်း ပြောင်းလဲလို့မရဘူး... စခန်းရဲ့ အစီအရင်ကြီးကို ဖျက်ဆီးဖို့ဆိုတာ ပိုတောင် ဝေးသေးတယ်"

ဝမ်ထျန်အန်း၏ မျက်နှာမှာ ညှိုးနွမ်းသွားသည်။ ကျန့်ယွမ် ပြောသည်မှာ မှန်ကန်သည်။ ဦးနှောက်အမြူတေ တစ်ခုတည်းနှင့် စခန်း၏ အကာအကွယ်အစီအရင်ကို ချိုးဖျက်၍ မရနိုင်ပေ။

အကယ်၍ နှလုံးအမြူတေသာ ရှိနေပါက သူသည် မြေပြင်အနေအထားကို တိုက်ရိုက် ဖျက်ဆီးပစ်နိုင်ပြီး စခန်း၏ အစီအရင် ဖွဲ့စည်းပုံကို အလုံးစုံ ဖြိုခွဲပစ်နိုင်မည် ဖြစ်သည်။

ဝမ်ထျန်အန်း၏ မျက်နှာ မှုန်ကုပ်နေချိန်တွင် ဘေးနားရှိ ထူလုံက အေးစက်စွာ ပြုံးလျက် ဝင်ပြောလိုက်သည် "စွမ်းအင်ငြိမ် သင်္ကေတ အစီအရင်ကို တားမရဘူးလို့ တကယ်ပဲ ထင်နေတာလား"

ရှီဟိုင်ကျူးကလည်း လှောင်ပြုံး ပြုံးလိုက်ပြီး "ချိတ်ပိတ်အမြောက်ကို အသင့်ပြင်ထား" ဟု အော်ပြောလိုက်သည်။

သူ အမိန့်ပေးလိုက်သည်နှင့် ယာဉ်ပျံတစ်စင်းက ယာဉ်ပျံအုပ်စုထဲမှ အသံကျယ်လောင်စွာဖြင့် ချက်ချင်း ပျံသန်းထွက်ပေါ်လာသည်။

ထို့နောက် ထိုစခန်းအထက်တွင် ရပ်တန့်သွားပြီး တံခါးပွင့်လာကာ အနက်ရောင် အမြောက်ဆန်တစ်ခုက အသံမြည်ဟည်းလျက် အကာအကွယ်အစီအရင်ပေါ်သို့ ကျဆင်းလာသည်။

"ဘုန်း"

သိပ်မပြင်းထန်လှသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး နောက်တစ်ခဏတွင် ပေါက်ကွဲသွားသော နေရာမှ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုအကာအကွယ်အစီအရင်သည် အလျင်အမြန် ပြိုကွဲသွားပြီး အရည်ပျော်သွားသကဲ့သို့ ပျောက်ကွယ်သွားလေသည်။

စွမ်းအင်ငြိမ် သင်္ကေတ အစီအရင်ဖြင့် ဖွဲ့စည်းထားသော အကာအကွယ်အစီအရင်သည် ယခုအချိန်တွင် အမှန်တကယ်ပင် ပေါက်ကွဲသွားခဲ့ပြီ ဖြစ်သည်။

ရှီဟိုင်ကျူးက ဟားတိုက် ရယ်မောလိုက်ပြီး လက်ဝှေ့ယမ်းကာ "ချီတက်ကြ" ဟု အော်ဟစ်လိုက်သည်။

ဝမ်ထျန်အန်းသည်လည်း ဤမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေမိပြီး "ဒီအမြောက်က ဘာကြီးလဲ... စွမ်းအင်ငြိမ် သင်္ကေတ အကာအကွယ်အစီအရင်ကိုတောင် ဖျက်စီးနိုင်တယ်ပေါ့" ဟု အံ့သြတုန်လှုပ်စွာ ပြောလိုက်သည်။

ထို့နောက် သူသည် များများစားစား တွေးမနေနိုင်တော့ဘဲ အခြားသူများနှင့်အတူ စခန်းအတွင်းသို့ အလျင်အမြန် ဝင်ရောက်သွားလေသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း လင်းယွမ်မှာ မျက်မှောင်ကြုတ်သွားသည်။

တစ်ခုခု မှားယွင်းနေကြောင်း သူ သတိထားမိလိုက်သည်။

ဝုန်း

"ဝုန်း... ဝုန်း... ဝုန်း"

ထင်ထားသည့်အတိုင်းပင် ယာဉ်ပျံများ စခန်းအတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားသည်နှင့် ရုတ်တရက် ပြင်းထန်သော ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

ထိုစခန်းအတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထို့နောက် စခန်းတစ်ခုလုံး ပုံပျက်ရှုံ့တွသွားပြီး စခန်းဆိုသည့်အရာ၊ အဆောက်အအုံဆိုသည့် အရာအားလုံးသည် သံလျက်ပုံရိပ်ယောင်များအလား တစ်စစီ ပျောက်ကွယ်သွားလေသည်။

အထဲတွင် ဧရာမ မီးတောင်ပေါက်ဝကြီး တစ်ခု ပေါ်လာပြီး အထဲသို့ ဝင်ရောက်သွားသော ယာဉ်ပျံများအားလုံး ထိုမီးတောင်ပေါက်ဝကြီးနှင့် ဝင်တိုက်မိသွားကြသည်။ ထိုပေါက်ကွဲသံများသည် ယာဉ်ပျံများ ဝင်တိုက်မိရာမှ ဖြစ်ပေါ်လာသော ပေါက်ကွဲသံများပင် ဖြစ်သည်။

မျက်စိရှေ့မှ မြင်ကွင်းကြောင့် ယခုလေးတင် ဝင်ရောက်သွားသော ရှီဟိုင်ကျူး၊ ထူလုံနှင့် ဝမ်ထျန်အန်းတို့ သုံးဦးစလုံး အလွန်အမင်း အံ့အားသင့်သွားကြသည်။

သုံးယောက်သား အလျင်အမြန် ရပ်တန့်လိုက်ပြီး နောက်သို့ ဆုတ်ရန် ပြင်လိုက်ကြသည်။

သို့သော် ထိုအချိန်တွင် မီးတောင်ပေါက်ဝအတွင်းရှိ ချော်ရည်ပူများသည် ရုတ်တရက် ပွက်ပွက်ဆူလာပြီး အုန်းခနဲ ပေါက်ကွဲထွက်လာလေသည်။

ဧရာမ ချော်ရည်ပူများ ကောင်းကင်သို့ ပန်းထွက်လာကာ ကြောက်မက်ဖွယ်ကောင်းသော ချော်ရည်နဂါးကြီးအသွင် ဖြစ်ပေါ်လာပြီး သူတို့သုံးဦးထံသို့ ပြင်းထန်စွာ ဝင်တိုက်လာသည်။

သုံးဦးစလုံး နောက်တစ်ကြိမ် ထိတ်လန့်သွားကြပြီး ကိုယ်ပိုင် အစွမ်းများကို ချက်ချင်း ထုတ်ယူ၍ ကာကွယ်လိုက်ကြသည်။

ရှီဟိုင်ကျူးက ကျောက်သားလူသားအဖြစ် ပြောင်းလဲသွားပြီး ချော်ရည်ပူများကို အတင်း ဝင်တိုက်ခံလိုက်သည်။

ထူလုံကမူ လင်းယုန်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲကာ လေပေါ်သို့ ချက်ချင်း ပျံတက်၍ ရှောင်တိမ်းလိုက်သည်။

ဝမ်ထျန်အန်း တစ်ယောက်တည်းသာ မျက်နှာပျက်သွားပြီး အင်းဆက်ပိုးကောင်ငယ်လေးများအဖြစ် ကောင်းကင်အနှံ့ ပြိုကွဲသွားကာ အလျင်အမြန် ရှောင်တိမ်းလိုက်ရသည်။

ထိုအချိန်တွင် ချော်ရည်ပူများထဲမှ ကျန့်ယွမ်၏ အသံ ထွက်ပေါ်လာသည် "ဟားဟားဟား... လူမိုက်အုပ်စု... အထဲရောက်လာပြီးမှ ပြေးချင်သေးတာလား"

စခန်းဟု ခေါ်ဆိုသော ဤနေရာသည် အမှန်တော့ အတုကြီး ဖြစ်နေခဲ့သည်။

အားလုံးမှာ ကျန့်ယွမ်က သူ၏ ပုံရိပ်ယောင်အစွမ်းဖြင့် ဖန်တီးထားခြင်းသာ ဖြစ်သည်။

ထိုက်ယန်တောင်မှ လူများသည် ဤပုံရိပ်ယောင်ကို မရိပ်မိခဲ့ဘဲ တစ်ဖက်လူ၏ ထောင်ချောက်ထဲသို့ ချက်ချင်း ကျဆင်းသွားခဲ့ကြသည်။

လင်းယွမ်သည် ထိုမြင်ကွင်းကို ကြည့်ရင်း အံ့သြချီးကျူးမိသွားသည်။

"ဝှစ်"

သူ၏ ခန္ဓာကိုယ် လှုပ်ရှားသွားပြီး ပြန်လည် စုစည်းသွားသော အကာအကွယ်အစီအရင်ရှိရာ မီးတောင်ပေါက်ဝရှေ့သို့ ချက်ချင်း ရောက်ရှိသွားသည်။

သူ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ချိတ်ပိတ် သင်္ကေတ ဗုံးအချို့ ကျဆင်းလာသည်။

"ဘုန်း"

ချက်ချင်းပင် ထိုအကာအကွယ်အစီအရင်တွင် အပေါက်ကြီးအချို့ ထပ်မံ ပွင့်ထွက်သွားရာ ဝမ်ထျန်အန်း၊ ထူလုံတို့ သုံးဦးလည်း ထိုမြင်ကွင်းကို တွေ့လိုက်ရသဖြင့် အလျင်အမြန် ထွက်ပြေးလာကြသည်။

ပွက်ပွက်ဆူနေသော ချော်ရည်ပူများသည် အဆက်မပြတ် လျှံကျလာပြီး စွမ်းအင်ငြိမ် သင်္ကေတ အကာအကွယ်အစီအရင် တစ်ခုလုံးကို ပြည့်လျှံသွားစေသည်။

လင်းယွမ်က သက်ပြင်းချကာ "အတုထဲမှာ အစစ်ပါပြီး အစစ်ထဲမှာ အတုရောနေတာပဲ... တကယ်ကို အစွမ်းထက်တာပဲ" ဟု ပြောလိုက်သည်။

ဆက်ရန်...

All Chapters