အခန်း ၇၈၉
Vol. 40 Ch. 789
အပိုင်း (၇၈၉) ကောင်းကင် ရှင်းလင်းရေး စီမံကိန်း
ဝမ်ထျန်အန်းက ကျန့်ယွမ်ဘက်သို့ လှည့်ကြည့်လိုက်ပြီး တစ်ဖက်လူ၏ ပုံစံကို မြင်သောအခါ ရုတ်တရက် ဒေါသထွက်လာသည်။
"ကျန့်ယွမ်... မင်းဘာတွေးနေလဲဆိုတာ ငါမသိဘူးလို့ မထင်နဲ့... ခိုက်ရီနည်းပညာက လူတွေ ရောက်လာရင်တောင် ဆရာလင်းအပေါ် ထားတဲ့ ငါ့ရဲ့သစ္စာစောင့်သိမှုက ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ မင်းကို ပြောလိုက်မယ်"
"သေရမယ်ဆိုရင်တောင် ဆရာလင်းကို ငါ ကောင်းကောင်း ကာကွယ်သွားမှာ... မင်းကတော့... ဟက်ဟက်... ခိုက်ရီနည်းပညာက လူတွေကို မြင်ရတော့မှာ မဟုတ်ပါဘူး... အခုပဲ မင်းကို သတ်ပစ်မယ်"
ကျန့်ယွမ်က လုံးဝ ကြောက်ရွံ့ခြင်းမရှိဘဲ အေးစက်စက် ရယ်မောလိုက်သည်။ "ငါ့ကို သတ်မယ်... မင်း ငါ့ကို သတ်လိုက်ရင် ငရဲကျွန်းရဲ့ နှလုံးအမြူတေကို ရဖို့ ဘယ်တော့မှ တွေးမနေနဲ့တော့"
"ဟီးဟီး... မင်းက ငရဲကျွန်းရဲ့ စီမံခန့်ခွဲသူဆိုတော့ ငရဲကျွန်းမှာ အရင်းအမြစ်တွေ ဘယ်လောက် ပေါများလဲဆိုတာ သေချာ သိမှာပါ"
"ငါ့ကို သတ်လိုက်ရင် နှလုံးအမြူတေကို ရမှာမဟုတ်ဘူး... အဲဒီအခါကျရင် မင်းတို့တွေ ငရဲကျွန်းက အရင်းအမြစ်တွေကို တူးဖော်ဖို့ အခက်အခဲတွေ အများကြီး ပိုများလာလိမ့်မယ်"
"မင်းတို့ လက်လွှတ်ရဲမလားဆိုတာ ငါ ကြည့်ချင်သေးတယ်"
"ဟားဟားဟား"
ဝမ်ထျန်အန်း ဒေါသတကြီးဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ့ကို ဓားဖြင့် နှစ်ပိုင်းပိုင်းချပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာသည်။
ထိုအချိန်တွင် လင်းယွမ်က ကျန့်ယွမ်ကို တစ်ချက် လှည့်ကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "မင်းက သေရမှာ မကြောက်ဘူးလား"
ကျန့်ယွမ်က အေးစက်စက် ရယ်မောလိုက်သည်။ "ကြောက်တာပေါ့... သေရမှာကို ဘယ်သူက မကြောက်ဘဲ နေမလဲ... ဒါပေမဲ့ ငါ တကယ်လို့များ နှလုံးအမြူတေကို ပေးလိုက်ရင် ပိုပြီး အသေဆိုးနဲ့ သေရမယ်ဆိုတာ ငါ သိတယ်"
လင်းယွမ်က အေးအေးဆေးဆေးပင် ပြုံးလိုက်သည်။ "ဒီလောကမှာ... အသက်ရှင်နေရတာက သေတာထက် ပိုကြောက်စရာကောင်းတယ်ဆိုတာ မင်းသိလာအောင် လုပ်နိုင်တဲ့ နည်းလမ်းပေါင်း မရေမတွက်နိုင်အောင် ရှိတယ်"
ကျန့်ယွမ်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး မျက်လုံးထဲတွင် ကြောက်ရွံ့ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
လင်းယွမ် ပြောသည့်စကား၏ အဓိပ္ပာယ်ကို သူ သေချာပေါက် နားလည်ပါသည်။
ညှဉ်းပန်းနှိပ်စက်ပြီး အတင်းအကျပ် တောင်းဆိုခြင်းပင်တည်း။
သူကိုယ်တိုင်ကလည်း အမှောင် စီမံခန့်ခွဲသူ တစ်ယောက်အနေဖြင့် ဤကဲ့သို့သော ကိစ္စမျိုးများကို မကြာခဏ လုပ်ဖူးခဲ့သည်။
သူ၏ စီမံခန့်ခွဲမှု သက်တမ်းတစ်လျှောက်တွင် လူများကို ဖမ်းဆီးကာ နှိပ်စက်ညှဉ်းပန်းပြီး ဖြောင့်ချက်ယူသည့် ကိစ္စများကို အကြိမ်ပေါင်းများစွာ လုပ်ခဲ့ဖူးသည်။ မည်မျှပင် စိတ်ဓာတ်ခိုင်မာသူဖြစ်စေကာမူ တစ်ကြိမ် ညှဉ်းပန်းနှိပ်စက်ခံရပြီဆိုပါက တစ်ချိန်ချိန်တွင် အသနားခံရစမြဲဖြစ်ကြောင်း သူ ကောင်းကောင်း သိထားသည်။
သူ၏ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသည်။ သူ သေရမည်ကို မကြောက်သော်လည်း အမှန်တကယ် ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးရမည်ဆိုလျှင်တော့ အလွန် ကြောက်စရာ ကောင်းလွန်းလှသည်။
လင်းယွမ်က ဆက်ပြောလိုက်သည်။ "သေရတာက ကြောက်စရာမကောင်းပါဘူး... တကယ်ကြောက်စရာကောင်းတာက သေချင်လျက်နဲ့ သေခွင့်မရတာပဲ"
"မင်း အဲဒီအတွက် ပြင်ဆင်ပြီးပြီလား"
ကျန့်ယွမ်က ကြောက်ရွံ့မှုကို အတင်းဖိနှိပ်ထားရင်း မေးလိုက်သည်။ "နေဦး... ငါ နှလုံးအမြူတေကို ပေးလိုက်ရင် ဘာအကျိုးအမြတ် ရမှာလဲ"
လင်းယွမ်က သံသယဖြင့် ကြည့်လိုက်သည်။ "အကျိုးအမြတ် မရှိရင်... မင်းက မပေးဘဲ နေလို့ရမယ် ထင်နေတာလား"
"မင်း..." ကျန့်ယွမ်မှာ ဒေါသထွက်လွန်း၍ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ရင်ထဲမှ ဒေါသကို မြိုသိပ်ကာ ပြောလိုက်သည်။ "ငါ နှလုံးအမြူတေကို ပေးလို့ရတယ်... ဒါပေမဲ့ မင်းတို့ ငါ့ကို လွှတ်ပေးရမယ်"
"အဲဒီလိုမှမဟုတ်ရင် နှလုံးအမြူတေနဲ့အတူ သေသွားပါစေ... မင်းတို့ကို ဘာမှမရစေရဘူး"
သူ၏ မျက်ဝန်းများက ခိုင်မာပြတ်သားနေပြီး နောက်တစ်စက္ကန့်တွင် အသေခံတော့မည့်ပုံ ပေါ်နေသည်။
လင်းယွမ်က ခေါင်းယမ်းလိုက်ပြီး တည်ငြိမ်စွာ ပြုံးလိုက်သည်။ "မင်း အခြေအနေကို သေချာ မသိသေးပါဘူး... ငါ့ဆီမှာက မင်း သေချင်တိုင်း သေလို့ရတာ မဟုတ်ဘူး... နားလည်လား"
"မင်းရဲ့ အသက်က ငါပိုင်တဲ့အရာ ဖြစ်နေပြီ... ငါက မင်းကို အလုံးပုံစံ လုပ်ချင်ရင် မင်းက အပြားပုံစံ ဖြစ်သွားဖို့ လုံးဝ မဖြစ်နိုင်ဘူး"
ကျန့်ယွမ်မှာ အံ့သြခြင်းနှင့် ဒေါသထွက်ခြင်းတို့ ရောထွေးသွားပြီးနောက် သူ၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
သူက ပါးစပ်ကို ဟလိုက်ပြီး လျှာကိုကိုက်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ပြင်လိုက်သည်။
သူ၏ လှုပ်ရှားမှုက မြန်ဆန်လှသော်လည်း ဘေးနားရှိ ဝမ်ထျန်အန်းက ပို၍ မြန်ဆန်နေပေသည်။
သူ၏ လက်မောင်းက အရိပ်တစ်ခုအသွင် ပြောင်းလဲသွားပြီး ကျန့်ယွမ်၏ မေးစေ့ကို ချက်ချင်း ဆုပ်ကိုင်လိုက်သည်။
သူ၏ ရက်စက်သော ရယ်မောသံနှင့်အတူ "ဂျွတ်" ကျန့်ယွမ်၏ မေးရိုးမှာ ချက်ချင်း ပြုတ်ထွက်သွားလေသည်။
"ဟားဟားဟား... မင်းက သေချင်တယ်... အဲဒီလောက် မလွယ်ဘူး"
ဝမ်ထျန်အန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ဆရာလင်း ပြောတာ မှန်တယ်... မင်း နှလုံးအမြူတေကို မပေးရင် မင်းကို ရှင်လျက်နဲ့ ငရဲကျအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ငါ့မှာ အများကြီး ရှိတယ်"
နောက်ဆုံးတွင် ကျန့်ယွမ်၏ မျက်နှာပေါ်၌ ကြောက်ရွံ့မှုများ ပေါ်လာပြီး လင်းယွမ်ကို ကြည့်ကာ အသံမထွက်နိုင်ဘဲ အသနားခံလာတော့သည်။
လင်းယွမ်က အေးဆေးစွာ ပြုံးလိုက်သည်။ သူက ဤလူကို အလေးမထားပေ။
ဤကဲ့သို့သော လူမျိုးကို ကိုင်တွယ်ရန် သူ့တွင် နည်းလမ်းများစွာ ရှိသည်။
အကြမ်းဖက်သည့် နည်းလမ်းများကို ထည့်မပြောလျှင်တောင် တစ်ဖက်လူက အမှန်တကယ် စိတ်ဓာတ်ခိုင်မာသူ ဖြစ်နေပါစေ၊ သူ့ထံတွင် ရုပ်သေးကြိုးမျှင်၊ ဝိညာဉ် ချုပ်နှောင်ခြင်း သင်္ကေတ စသည့် အစွမ်းများဖြင့် တစ်ဖက်လူကို အတင်းအကျပ် ထိန်းချုပ်နိုင်သေးသည် မဟုတ်ပါလော။
ထိုက်ယန်တောင်ပေါ်တွင်ပင် လူများ၏ တွေးခေါ်မှုကို တိုက်ရိုက် ထိန်းချုပ်နိုင်စွမ်းရှိသော စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်များစွာ ရှိနေသေးသည်။
နည်းလမ်းပေါင်း များစွာ ရှိနေသည့်အတွက် ကျန့်ယွမ်က နှလုံးအမြူတေကို အပေးအယူလုပ်ပြီး သူ့ကို လာဆွေးနွေးနေခြင်းမှာ အလွန် ရယ်စရာကောင်းလွန်းလှသည်။
ဝမ်ထျန်အန်းက ကျန့်ယွမ်ကို ခေါ်ဆောင်သွားပြီးနောက် ငါးမိနစ်ခန့်ပင် မကြာလိုက်ဘဲ နှလုံးအမြူတေ တစ်ခုကို သယ်ဆောင်ကာ ပြန်ရောက်လာသည်။
သူ၏ မျက်နှာပေါ်တွင် မကျေနပ်မှုများ အထင်းသား ပေါ်လွင်နေပြီး လင်းယွမ်၏ ရှေ့သို့ ရောက်လာကာ ပြောလိုက်သည်။ "ဆရာလင်း... ဒါက ငရဲကျွန်းရဲ့ နှလုံးအမြူတေပါ"
လင်းယွမ်က လက်လှမ်းကာ နှလုံးအမြူတေကို ယူလိုက်ပြီး ချက်ချင်းပင် သန့်စင်လိုက်ရင်း မေးလိုက်သည်။ "သူက ဒီလောက် မြန်မြန် အလျှော့ပေးလိုက်တာလား"
ဝမ်ထျန်အန်းက ခေါင်းညိတ်ပြီး ရယ်မောလိုက်သည်။ "ကျွန်တော်က သူ တကယ်ပဲ စိတ်ဓာတ်ခိုင်မာတဲ့သူလို့ ထင်နေတာ... ငါးမိနစ်တောင် မခံနိုင်ဘဲ ငိုယိုပြီး နှလုံးအမြူတေကို ပေးလာလိမ့်မယ်လို့ မထင်ထားဘူး... သူ့ကို သတ်ပေးဖို့တောင် တောင်းဆိုနေသေးတယ်"
"သတ်လိုက်ပြီလား"
"မသတ်ရသေးပါဘူး... ဆရာက ဘယ်လို စီစဉ်ရမလဲ မပြောသေးတော့ ကျွန်တော် ဘယ်သတ်ရဲပါ့မလဲ"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။ "ဒီလူက အကြံအစည်လေးတော့ ရှိတယ်... ဒါပေမဲ့ မင်းရဲ့ ပြင်းထန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံလိုက်ရတော့ ငါတို့အပေါ် အညံ့ခံဖို့ စိတ်ကူးရှိမှာ မဟုတ်ဘူး... ဝိညာဉ် ချုပ်နှောင်ခြင်း သင်္ကေတနဲ့ အတင်းအကျပ် ထိန်းချုပ်ထားမှပဲ ရလိမ့်မယ်"
ထိုသို့ပြောရင်း လင်းယွမ်က သန္ဓေပြောင်းအစွမ်း ကျောက်တုံးသင်္ကေတ တစ်ခုကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။ "ဒီအပေါ်မှာ ဝိညာဉ် ချုပ်နှောင်ခြင်း သင်္ကေတ ရှိတယ်... မင်း ယူသွားပြီး သူ့ရဲ့ နဖူးမှာ အသက်သွင်းလိုက်ပါ"
ထိုကျောက်တုံးသင်္ကေတကို မြင်သောအခါ ဝမ်ထျန်အန်း၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အနည်းငယ် ပေါ်လာသည်။
သူကိုယ်တိုင်လည်း ဤသင်္ကေတဖြင့် အချုပ်နှောင်ခံထားရသဖြင့် ဝိညာဉ် ချုပ်နှောင်ခြင်း သင်္ကေတအပေါ် သဘာဝအလျောက် ကြောက်ရွံ့မှု တစ်ခု ရှိနေသည်။
"ဟုတ်ကဲ့ပါ... ဆရာလင်း"
ဝမ်ထျန်အန်းက ကျောက်တုံးသင်္ကေတကို လက်နှစ်ဖက်ဖြင့် ယူလိုက်ပြီး ရိုသေကြောက်ရွံ့သော အမူအရာကို ပြသလိုက်သည်။
လင်းယွမ်က ခေါင်းညိတ်ပြလိုက်ပြီး "သွားတော့" ဟု ပြောလိုက်သည်။
ဝမ်ထျန်အန်းက ရိုသေစွာဖြင့် ထွက်ခွာသွားပြီး လင်းယွမ်က နှလုံးအမြူတေကို ဆက်လက် သန့်စင်နေလိုက်သည်။
နှလုံးအမြူတေကို အဆက်မပြတ် သန့်စင်နေသည်နှင့်အမျှ လင်းယွမ်၏ ဦးနှောက်ထဲတွင် နှလုံးအမြူတေအတွင်းမှ မျိုးရိုးဗီဇဆိုင်ရာ သတင်းအချက်အလက် ပုံရိပ်အချို့ ဖြတ်ပြေးသွားသည်။
ဤငရဲကျွန်းနှင့် ပတ်သက်သော မျိုးရိုးဗီဇ သတင်းအချက်အလက် အားလုံးသည် သူ၏ စိတ်ပင်လယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားသည်။
"ငရဲခွေး"
လင်းယွမ်က တီးတိုးရေရွတ်လိုက်ပြီး မျက်လုံးများကို ဖွင့်ကာ တွေးတောနေသည့် အမူအရာကို ပြသလိုက်သည်။
ဤငရဲကျွန်း၏ မူလခန္ဓာကိုယ်မှာ ငရဲခွေး ဟုခေါ်သော သန္ဓေပြောင်း သတ္တဝါ တစ်မျိုး ဖြစ်သည်။
ကျွန်းပေါ်ရှိ အခြေအနေများကို ကြည့်ခြင်းအားဖြင့် ၎င်းက မီးဓာတ် သန္ဓေပြောင်း သတ္တဝါတစ်ကောင် ဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။
၎င်း၏ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသည်မှာ ချော်ရည်များ ဖြစ်ပြီး အတွင်းပိုင်း အပူချိန်မှာ အလွန် မြင့်မားသည်။ မျက်နှာပြင်ပေါ်တွင် ကျောက်ဆောင်များမှလွဲ၍ အနည်းငယ်သော မီးဓာတ် သတ္တဝါများသာ ရှင်သန်နိုင်ကြသည်။
"မီးဓာတ် ကျွန်းတစ်ကျွန်းအနေနဲ့ မီးဓာတ် သွေးသလင်းကျောက်တွေ အများကြီး ပုန်းကွယ်နေတယ်... နှလုံးအမြူတေရဲ့ မျိုးရိုးဗီဇ အချက်အလက်တွေအရ ဒီငရဲခွေးမှာ မီးဓာတ် အစွမ်းအပြင် ဒေသန္တရဆိုင်ရာ ထူးခြားတဲ့ အစွမ်းတစ်ခုလည်း ရှိနေသေးတယ်... ဥပမာ... ပြင်းထန်တဲ့ အသက်စွမ်းအင်လိုမျိုးပေါ့"
"ပြင်းထန်တဲ့ အသက်စွမ်းအင်ကြောင့် သူတို့ကို သတ်ဖြတ်ဖို့ အလွန် ခဲယဉ်းတယ်... ဒါကြောင့် ငရဲခွေးလို့ ခေါ်ကြတာပဲ"
"ဒီအစွမ်းက သူတို့ သေဆုံးသွားပြီးတဲ့နောက် သွေးသလင်းကျောက်တွေနဲ့အတူ သွေးကြောလမ်းကြောင်းထဲမှာ အနည်ထိုင်သွားပြီး မရဏပန်း လို့ခေါ်တဲ့ ထူးခြားတဲ့ အပင်တစ်မျိုးအဖြစ် စုစည်းဖြစ်ပေါ်လာတယ်"
"ဒီကျန့်ယွမ်က ဒီနေရာမှာ ထူးခြားတဲ့ အရင်းအမြစ်တွေ ရှိတယ်လို့ ပြောတာ မဆန်းဘူး... ပြင်းထန်တဲ့ အသက်စွမ်းအင်တွေ ပါဝင်နေတဲ့ ဒီလိုအပင်မျိုးက ဆေးဖော်စပ်ဖို့ပဲဖြစ်ဖြစ်... ဆေးဝါးကုသရေးမှာ သုံးဖို့ပဲဖြစ်ဖြစ် အလွန် အသုံးဝင်တဲ့ အရင်းအမြစ်တစ်ခုပဲ"
"ကြည့်ရတာ ခိုက်ရီနည်းပညာ ကုမ္ပဏီက ဒီနေရာကို လွယ်လွယ်နဲ့ လုံးဝ လက်လွှတ်ပေးမှာ မဟုတ်ဘူး"
လင်းယွမ်၏ စိတ်ထဲတွင် သဘောပေါက်သွားသည်။ ဤမျှလောက် ကောင်းမွန်သော အရင်းအမြစ်များ ရှိနေသဖြင့် သူ့အနေဖြင့်ဆိုလျှင်လည်း အခြားသူများထံသို့ အလွယ်တကူ ပေးအပ်လိုက်မည် မဟုတ်ပေ။
ကြည့်ရသည်မှာ နှစ်ဖက်ကြားတွင် တိုက်ပွဲတစ်ပွဲတော့ မလွဲမသွေ ဖြစ်လာတော့မည်။
ထိုအချက်ကို တွေးမိသောအခါ လင်းယွမ်က ဝမ်ထျန်အန်း ပြောပြခဲ့သော ကုမ္ပဏီကြီး နှစ်ခုမှ ခေါင်းဆောင်များ၏ စွမ်းဆောင်ရည်ကို သတိရသွားပြီး သူ၏ မျက်နှာမှာ အနည်းငယ် မှုန်ကုပ်သွားသည်။
"ငါ့ရဲ့ အစွမ်းက အရမ်း အားနည်းနေသေးတယ်... တစ်ဖက်လူရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နှုန်းက ၆၀ ရာခိုင်နှုန်းကိုတောင် ကျော်လွန်နေပြီ... တကယ်လို့ တစ်ဖက်လူကသာ ကိုယ်တိုင် ပါဝင်တိုက်ခိုက်လာမယ်ဆိုရင် အခု ငါ့ရဲ့ အစွမ်းနဲ့ဆို ကွာဟချက်က အရမ်း ကြီးမားနေသေးတယ်"
"ငါ့ရဲ့ အစွမ်းကို အမြန်ဆုံး မြှင့်တင်ဖို့ လိုအပ်တယ်"
လင်းယွမ်က သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နှုန်း ၅၀ ရာခိုင်နှုန်းဖြင့် အဖွဲ့အစည်းကြီး အသီးသီးမှ ထိပ်တန်း အစွမ်းပိုင်ရှင်များကို ရင်ဆိုင်နိုင်ပြီဟု သူ ထင်မှတ်ထားခဲ့သည်။
ယခု ကြည့်ရသည်မှာ များစွာ လိုအပ်နေသေးပေသည်။
ထိုသို့ တွေးမိပြီးနောက် လင်းယွမ်က စနစ် မျက်နှာပြင်ကို ဖွင့်ကာ အမှတ်များကို စစ်ဆေးကြည့်လိုက်သည်။
နှမြောစရာကောင်းသည်မှာ ပြီးခဲ့သည့်အကြိမ်က အမှတ်များ အားလုံးကို သုံးစွဲပစ်ခဲ့သဖြင့် လက်ရှိ အမှတ်မှာ တစ်သန်းပင် မပြည့်တော့ပေ။
အမှတ် တစ်သန်းပင် မပြည့်ပါက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းနှင့် သက်ဆိုင်သော ပစ္စည်းများကို လဲလှယ်ရန် အလွန် ခဲယဉ်းပေသည်။
စနစ်ကို အားကိုးမည့် လမ်းကြောင်းကတော့ အလုပ်ဖြစ်မည့်ပုံ မပေါ်တော့ပေ။
"လောလောဆယ်တော့ ကိုယ့်ဘာသာ ကြိုးစားပမ်းစား လေ့ကျင့်ဖို့ပဲ ရှိတော့တယ်... တစ်ချိန်တည်းမှာပဲ အမှတ်တွေကို အမြန်ဆုံး စုဆောင်းဖို့လည်း လိုအပ်တယ်"
ထိုသို့ တွေးမိသည်နှင့် လင်းယွမ်က ခေါင်းမော့ကာ ကောင်းကင်ယံ နေရာအနှံ့တွင် ပျံသန်းနေသော သန္ဓေပြောင်း သတ္တဝါများကို ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းများမှာ ချက်ချင်း အရောင်လက်သွားသည်။
"ဒီသန္ဓေပြောင်း သတ္တဝါတွေက လှုပ်လျားနေတဲ့ အမှတ်တွေပဲ မဟုတ်လား"
"ငါ့ဘာသာ ဖြည်းဖြည်းချင်း လေ့ကျင့်နေမယ့်အစား ဒီသန္ဓေပြောင်း သတ္တဝါတွေကို မြန်မြန်ဆန်ဆန် သတ်ဖြတ် အမှတ်တွေကို အမြန်စုဆောင်းပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်း အထောက်အကူပြု ပစ္စည်းတွေကို တိုက်ရိုက် လဲလှယ်လိုက်တာက ပိုမကောင်းဘူးလား"
"ဒါ့အပြင် ဒီသန္ဓေပြောင်း သတ္တဝါတွေကို ရှင်းလင်းလိုက်တာက... ဒီလေပေါ်ကျွန်းတွေရဲ့ လုံခြုံရေးကိုလည်း ထိန်းသိမ်းပြီးသား ဖြစ်သွားမယ်"
"နောက်တစ်ချက်က... လေယာဉ်မှူးတွေရဲ့ မောင်းနှင်မှု စွမ်းရည်နဲ့ လေကြောင်းတိုက်ခိုက်ရေး စွမ်းရည်ကိုလည်း လေ့ကျင့်ပေးပြီးသား ဖြစ်သွားမယ်"
"ဒါက တကယ့်ကို တစ်ချက်ခုတ် နှစ်ချက်ပြတ်မကတဲ့ နည်းလမ်းကောင်းပဲ"
လင်းယွမ်က မနေနိုင်ဘဲ ပေါင်ကို တစ်ချက်ပုတ်ကာ ဟားတိုက် ရယ်မောလိုက်လေသည်။
"ပြောပြီးတာနဲ့ ချက်ချင်း လုပ်ရမယ်... အခုလောလောဆယ် အရေးအကြီးဆုံးက လက်ရှိ ယာဉ်ပျံတွေအပေါ်မှာ ရှိတဲ့ လက်နက်စနစ်တွေ အားလုံးကို အကြောင်းအကျိုး လွှဲပြောင်းခြင်း အစွမ်းနဲ့ ပေါင်းစပ်လိုက်ဖို့ပဲ... ဒါမှ လူတိုင်း သတ်ဖြတ်လိုက်တဲ့ သန္ဓေပြောင်း သတ္တဝါတွေရဲ့ အကြောင်းအကျိုးက ငါ့ခေါင်းပေါ်ကို ရောက်လာမှာ"
"ဒီလိုလုပ်မှပဲ ငါ သတ်ဖြတ်လိုက်တဲ့ အရေအတွက်အဖြစ် သတ်မှတ်ပြီး စနစ်က ငါ့ခေါင်းပေါ်ကို အမှတ်တွေ ထည့်ပေးမှာ"
ထိုသို့ တွေးမိသောအခါ လင်းယွမ်သည် ဆက်၍ ထိုင်မနေနိုင်တော့ဘဲ ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားကာ သုမာရု ဟင်းလင်းပြင် အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။
သုမာရု ဟင်းလင်းပြင်ထဲတွင် ဧရာမ ယာဉ်ပျံ အများအပြားကို ရပ်နားထားသည်။
ယခင်က နတ်သစ်ပင်ကျွန်းရှိ ခိုက်ရီနည်းပညာ ကုမ္ပဏီ၏ စခန်းကို တိုက်ခိုက်စဉ်ကတည်းက သူသည် ယာဉ်ပျံ အားလုံးကို သုမာရု ဟင်းလင်းပြင်ထဲသို့ သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။
အခုအချိန်က သူတို့၏ လက်နက်စနစ်များကို အကြောင်းအကျိုး လွှဲပြောင်းခြင်း အစွမ်း ပေါင်းထည့်ရန် အကောင်းဆုံးအချိန် ဖြစ်နေသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ညနေခင်းအချိန်သို့ ရောက်သောအခါ လင်းယွမ်သည် သုမာရု ဟင်းလင်းပြင်ထဲမှ ထွက်လာခဲ့သည်။ စုစုပေါင်း ယာဉ်ပျံ ခုနစ်ဆယ်ကျော်လုံးကို အားလုံး စီစဉ်ပြီးစီးသွားပြီ ဖြစ်သည်။
ထို့နောက် လင်းယွမ်က အနားမယူတော့ဘဲ ငရဲကျွန်း စခန်းအတွင်းရှိ ယာဉ်ပျံများကို ဆက်လက် ပြုပြင်မွမ်းမံလိုက်သည်။
နောက်ဆုံးတွင် လေဟုန်စီး ငါးလိပ်စွန်ကျွန်း သို့ အမြန်ပြန်သွားကာ ဤစခန်းအတွင်းရှိ ထိုက်ယန်တောင် ယာဉ်ပျံများကိုပါ အကြောင်းအကျိုး လွှဲပြောင်းခြင်း အစွမ်းကို ပေါင်းထည့်ပေးလိုက်သည်။
တစ်နေကုန် အလုပ်များပြီးနောက် အဆုံးတွင်တော့ ယာဉ်ပျံ ပြဿနာအားလုံးကို ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်သည်။
ထို့နောက် ထိုနေ့ ညနေပိုင်းတွင်ပင် လင်းယွမ်က အမိန့်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။
ကောင်းကင် ရှင်းလင်းရေး စီမံကိန်း ဟု အမည်ရသော စီမံကိန်း တစ်ရပ်ကို တရားဝင် စတင် အကောင်အထည်ဖော်လိုက်ပြီ ဖြစ်သည်။
ကျွန်းသုံးကျွန်းရှိ စခန်းများအတွင်းမှ လေယာဉ်မှူးများ အားလုံး စိတ်လှုပ်ရှား တက်ကြွလာကြသည်။
"ဆရာလင်းက အမိန့်သစ် ထုတ်ပြန်လိုက်ပြီ... ငါတို့ ကောင်းကင်ပေါ်က သန္ဓေပြောင်း သတ္တဝါတွေကို သွားရောက် သတ်ဖြတ်လို့ ရပြီ"
"ဒီသန္ဓေပြောင်း သတ္တဝါတွေဆီက ရတဲ့ အမှတ်တွေက အရမ်းများတယ်... မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိတဲ့ သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို အမှတ် ငါးရာတောင် ပေးတာ"
"တောက်... ကောင်းကင်ပေါ်မှာ ပြည့်နှက်နေတဲ့ ဒီသန္ဓေပြောင်း သတ္တဝါတွေနဲ့ဆို ငါတို့တော့ အမှတ်တွေ အများကြီး ရတော့မှာပဲ"
"သေစမ်း... ဒါက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်နိုင်မယ်ဆိုရင် တိုက်ရိုက် အမှတ် တစ်သောင်းတောင် ရမှာနော်"
"မင်း လျှောက်ပြောမနေနဲ့... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ သန္ဓေပြောင်း သတ္တဝါတွေရဲ့ အရွယ်အစားက ငါတို့ ယာဉ်ပျံတွေထက်တောင် ကြီးသေးတာ... ဘယ်လိုလုပ် သတ်မှာလဲ"
"ဒါဆိုလည်း မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိတဲ့ သန္ဓေပြောင်း သတ္တဝါတွေကို အရင်သတ်တာပေါ့... မင်းတို့ကို ငါပြောမယ်... ဒါက တကယ့် အခွင့်ကောင်းကြီးပဲ"
"ဘာဖြစ်လို့လဲ"
"အခု အောက်ကလူတွေက ရေခဲပြင် အရည်ပျော်သွားလို့ ရေခဲပြင်ပေါ်မှာ သွားလာဖို့ မရဲကြတော့ဘူး... ရေခဲပြင်ပေါ် မသွားနိုင်ရင် ငါးဖမ်းလို့ မရတော့ဘူးလေ... ငါ စုံစမ်းကြည့်ပြီးပြီ... အခု အိမ်ထောင်စု တော်တော်များများက ဝင်ငွေ မရှိတော့လို့ အသုံးစရိတ်တွေကို လျှော့ချပြီး ခြိုးခြံချွေတာနေကြရပြီ"
"ငါတို့က အခု အကျိုးအမြတ်ရမယ့် ကာလတစ်ခုထဲကို ရောက်နေသလိုပဲ... အချိန်ကိုက်ပဲ ဒီလေပျံ သန္ဓေပြောင်း သတ္တဝါတွေနဲ့ လာဆုံနေတော့ ဒါက ငါတို့ဆီကို အမှတ်တွေ လာပို့ပေးနေတာပဲပေါ့"
"ဟားဟားဟား... မင်းပြောတာ မှန်တယ်... ငါ ဒီတစ်ခေါက် အမှတ်တွေ လုံလောက်အောင် ရှာပြီးရင် ဘာပဲဖြစ်ဖြစ် ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် ထဲမှာ ရှောင်မောင်းတောင် က အိမ်တစ်လုံး ဝယ်ပြီး ငါ့မိန်းမနဲ့ ကလေးတွေကို အဲဒီမှာ နေခိုင်းမယ်"
"ဘာမှ ဆက်မပြောနဲ့တော့ ညီအစ်ကိုတို့... လုပ်ကြစို့... ဒါတွေက အမှတ်တွေကွ"
စခန်းအသီးသီးမှ ယာဉ်ပျံမှူးများမှာ ဤကြေညာချက်ကြောင့် ချက်ချင်း စိတ်ကြွလာကာ အော်ဟစ်နေကြပြီး မစောင့်ဆိုင်းနိုင်တော့ဘဲ ယာဉ်ပျံများပေါ်သို့ အပြေးအလွှား တက်ကာ ကောင်းကင်ယံရှိ လေပျံ သန္ဓေပြောင်း သတ္တဝါများကို စတင် ဗုံးကြဲတိုက်ခိုက်ကြတော့သည်။
သူတို့အတွက်တော့ ဤသန္ဓေပြောင်း သတ္တဝါများကို သတ်ဖြတ်ခြင်းသည် လေကြောင်းတိုက်ခိုက်ရေး စွမ်းရည်များကို လေ့ကျင့်နိုင်ရုံသာမက အမှတ် မြောက်မြားစွာကိုလည်း ရရှိနိုင်ပေသည်။
သူတို့သည် ထိုက်ယန်တောင် ပေါ်တွင် နေထိုင်ကြရာ အခြားအရာများကို ဂရုမစိုက်လျှင် နေနိုင်သော်လည်း အမှတ်ကတော့ ထိုက်ယန်တောင် ၏ အဓိက ငွေကြေးပင် ဖြစ်သည်။
ထိုက်ယန်တောင် ပေါ်ရှိ ရိက္ခာများ၊ လက်နက်ကိရိယာများ စသည့် အရောင်းအဝယ် အားလုံးကို အမှတ်များမှတစ်ဆင့် ပြုလုပ်ကြရခြင်း ဖြစ်သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ယာဉ်ပျံမှူးများ၏ စိတ်အားထက်သန်မှုမှာ အမြင့်ဆုံးသို့ ရောက်ရှိနေပေသည်။
ထို့ကြောင့် မိုင်သောင်းချီမြင့်သော ကောင်းကင်ယံထက်တွင် သတ်ဖြတ်မှု မုန်တိုင်းကြီး တစ်ခု တရားဝင် စတင် တိုက်ခတ်လာတော့သည်။
ဆက်ရန်...