အခန်း ၇၉၅
Vol. 40 Ch. 795
အပိုင်း (၇၉၅) ဆွဲငင်အား သင်္ကေတအရိုး
"အင်း... ဒီမုန်ယာကုမ္ပဏီက ကောင်က သူ့ရဲ့အစွမ်းကို အရိုးထဲအထိ ပေါင်းစပ်ပြီး သင်္ကေတအရိုး ဖြစ်သွားအောင်တောင် လုပ်ထားနိုင်ခဲ့တာပဲ"
လင်းယွမ်က ပြုံးလိုက်မိသည် "မဆိုးပါဘူး... မင်းသေသွားတာက နည်းနည်းတော့ တန်ဖိုးရှိသွားသားပဲ"
သူက လက်ထဲရှိ ကြံ့ချိုကို သိမ်းဆည်းလိုက်ပြီးနောက် ဧရာမကြံ့သေကောင်ကြီးကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။
လင်းယွမ်၏ ခန္ဓာကိုယ်က တစ်ချက်လှုပ်ခါသွားပြီးနောက် လေထဲသို့ ပျံတက်သွား၏။
သူ၏ ရေခဲမြေရိုင်းဝက်ဝံကြီးမှာ မူလကတည်းက ပေ (၂၃၀) ခန့် အမြင့်ရှိရာ ယခုကဲ့သို့ လေထဲသို့ ပျံတက်သွားချိန်တွင် အသားတောင်ကြီး တစ်တောင် လေဟာပြင်ထဲတွင် ပေါလောပေါ်နေသည့်အလား ထင်မှတ်ရပေသည်။
ပတ်ဝန်းကျင်ရှိ ယာဉ်ပျံများမှာ ပေ (၄၀) ကျော်ခန့်သာ အရွယ်အစားရှိသဖြင့် သူ့ရှေ့တွင် ကစားစရာအရုပ်များသဖွယ် ဖြစ်နေလေသည်။
အဝေးမှ မုန်ယာကုမ္ပဏီ၏ လေယာဉ်တင်သင်္ဘောကြီးမှလွဲ၍ ကျန်ယာဉ်ပျံများမှာ အမှန်တကယ်ပင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်လောက်အောင် အားနည်းလွန်းလှသည်။
လင်းယွမ်က ထိုယာဉ်ပျံများကို ဂရုမစိုက်တော့ဘဲ ဧရာမ လေယာဉ်တင်သင်္ဘောကြီးဆီသို့ တိုက်ရိုက် ပျံသန်းသွားလေသည်။
ကျန်ယာဉ်ပျံငယ်များက ထိုမြင်ကွင်းကို မြင်သောအခါ အလွန်တရာ ထိတ်လန့်သွားကြပြီး ချက်ချင်းပင် ယာဉ်ကိုလှည့်ကာ ထိုနေရာမှ အပြေးအလွှား ထွက်ပြေးသွားကြတော့သည်။
"ဝူး"
လေကိုခွဲထွက်သွားသော အသံများ ဆက်တိုက်ထွက်ပေါ်လာပြီး ယာဉ်ပျံများ၏ အင်ဂျင်သံများ တဝုန်းဝုန်း မြည်ဟည်းလျက် အလွန်မြန်ဆန်သော အလျင်ဖြင့် ထွက်ပြေးသွားကြသည်။
ထူလုံနှင့် ယွီဝမ်ထောင်တို့ သတိဝင်လာပြီး တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည် "တားထား... သူတို့ကို တားထားကြ"
"သတ်ကြ"
ချက်ချင်းပင် မိမိတို့ဘက်မှ ယာဉ်ပျံများက အသီးသီး ထွက်ခွာသွားကြပြီး အဟန့်အတားဖြစ်စေရန် ရှေ့သို့ အမြန်တိုးဝင်သွားကြလေသည်။
လင်းယွမ်က လက်ချောင်းကို တစ်ချက်တောက်လိုက်ရာ သူ့ဘေးမှ ဖြတ်သွားသော ယာဉ်ပျံနှစ်စင်းကို အလွယ်တကူပင် ရေခဲရိုက်သွင်းလိုက်သည်။
ထိုယာဉ်ပျံနှစ်စင်းမှာ ချက်ချင်းပင် ရေခဲတုံးကြီးနှစ်တုံးအဖြစ် ပြောင်းလဲသွားပြီး ခွမ်းခနဲ အသံနှစ်သံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေတော့သည်။
ထိုအချိန်တွင် လေယာဉ်တင်သင်္ဘောကြီးသည်လည်း တဖြည်းဖြည်း စတင်လှုပ်ရှားလာပြီး လိပ်တစ်ကောင်လို နှေးကွေးလေးကန်စွာဖြင့် ဦးတည်ရာကို ပြောင်းလဲနေလေပြီ... အခြေအနေမဟန်တော့ကြောင်း သိသိသာသာ ရိပ်မိသွားပြီး ထွက်ပြေးရန် ကြံရွယ်နေခြင်း ဖြစ်သည်။
သို့သော် အရွယ်အစား အလွန်ကြီးမားလွန်းလှသောကြောင့် ၎င်း၏ လှုပ်ရှားမှုများမှာ အလွန် နှေးကွေးနေခဲ့သည်... အရှိန်တင်ရမည့် လုပ်ငန်းစဉ်တစ်ခု ရှိနေပုံရပြီး အထူးသဖြင့် ကွေ့ဝိုက်ခြင်းနှင့် ဦးတည်ရာပြောင်းလဲခြင်း အပိုင်းများတွင် စက်ယန္တရား၏ အားကို အလွန်အမင်း စမ်းသပ်နေသကဲ့သို့ ဖြစ်နေသည်။
ထို့ကြောင့် ထိုသင်္ဘောကြီး အပြည့်အဝ စတင်မလှုပ်ရှားနိုင်မီမှာပင် လင်းယွမ်၏ ခန္ဓာကိုယ်က သင်္ဘောကုန်းပတ်ပေါ်သို့ ဆင်းသက်ပြီးဖြစ်နေလေပြီ။
"ဒုန်း"
ပေ (၂၃၀) ခန့်ရှိသော ဧရာမ ခန္ဓာကိုယ်ကြီး ဖိချလိုက်မှုကြောင့် လေယာဉ်တင်သင်္ဘောကြီး၏ အမြီးပိုင်းမှာ အထက်သို့ မြောက်တက်သွားပြီး ဟန်ချက်မထိန်းနိုင်တော့မလိုပင် ဖြစ်သွားရသည်။
ပတ်ဝန်းကျင်မှ သေရမည်ကို မကြောက်သော အစွမ်းပိုင်ရှင်အချို့က လက်နက်များကို ကိုင်ဆောင်ကာ လင်းယွမ်ဆီသို့ ရူးသွပ်စွာဖြင့် ပစ်ခတ်တိုက်ခိုက်ကြသည်။
လင်းယွမ်က ထိုလူများကို တစ်ချက်မျှသာ စွေကြည့်လိုက်ပြီး လက်ချောင်းကို တောက်လိုက်သည်။
မြောက်မြားစွာသော ရေခဲချွန်များက လေကိုခွဲကာ ပစ်လွှတ်လိုက်ပြီး "ဖောက်" ဟူသော အသံများ ထွက်ပေါ်လာသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုအစွမ်းပိုင်ရှင်များ၏ ခန္ဓာကိုယ်များမှာ ထိုးဖောက်ခံလိုက်ရပြီးနောက် ရေခဲရုပ်တုများအဖြစ် ပြောင်းလဲသွားကာ ထိုနေရာမှာပင် အေးခဲသွားကြတော့သည်။
လင်းယွမ်က သူ၏ ခန္ဓာကိုယ်ကို တဖြည်းဖြည်း သေးငယ်သွားစေလိုက်ပြီး မကြာမီမှာပင် မျောက်ဝံလူသားတစ်ပိုင်း အသွင်သို့ ပြန်လည်ရောက်ရှိသွားလေသည်။
သူက လေယာဉ်တင်သင်္ဘောအတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွားရာ အစွမ်းပိုင်ရှင် အတော်များများက သူ့ကို လာရောက်သတ်ဖြတ်ရန် ရူးမိုက်စွာ ကြိုးစားကြသေးသည်။
လင်းယွမ်က ထိုသူများကို လျစ်လျူရှုထားလိုက်ပြီး စိတ်အဝေးထိန်းအစွမ်းကို အသုံးပြုကာ ထိုလူများကို အပြင်သို့ တိုက်ရိုက် လွှင့်ပစ်လိုက်သည်။
လေယာဉ်တင်သင်္ဘော၏ ကွပ်ကဲရေးခန်းအတွင်းသို့ ဝင်ရောက်လာရာ လမ်းတစ်လျှောက်တွင် ကတ်ပွတ်မှ ဝင်ခွင့်ရှိသော နေရာများကို တွေ့ရှိပါက တံခါးလော့ခ်များကို လက်သီးတစ်ချက်တည်းဖြင့် အလွယ်တကူ ထိုးဖောက် ဖျက်ဆီးကာ ဝင်ရောက်သွားလေသည်။
ကွပ်ကဲရေးခန်းထဲတွင်မူ ခေါင်းဆောင်အချို့က လင်းယွမ်အား ကြောက်လန့်တကြားဖြင့် လှမ်းကြည့်နေကြသည်။
၎င်းတို့အနက်မှ တစ်ယောက်က တုန်ရီသော အသံဖြင့် ပြောလာသည် "ခင်ဗျား... ခင်ဗျားက ဒါရိုက်တာဟူ ကို သတ်ပစ်လိုက်တာ... ကုမ္ပဏီက ခင်ဗျားကို အလွတ်ပေးမှာ မဟုတ်ဘူး"
လင်းယွမ်က လှောင်ပြုံး ပြုံးလိုက်သည် "ဘာလဲ... ငါက သူ့ကို မသတ်ရင်ရော မင်းတို့ ကုမ္ပဏီက ငါ့ကို အလွတ်ပေးမှာမို့လို့လား"
ထိုစကားကြောင့် အဆိုပါ ခေါင်းဆောင်မှာ ချက်ချင်း ဆွံ့အသွားရသည်။
အမှန်ပင်... လင်းယွမ်က လေဟုန်စီး ငါးလိပ်စွန်ကျွန်းကို သိမ်းပိုက်လိုက်ခြင်းသည် ကုမ္ပဏီ၏ အနိမ့်ဆုံး သည်းခံနိုင်စွမ်းကို ထိပါးလိုက်ခြင်းပင် ဖြစ်သည်။
ထို့ကြောင့် မည်သို့ပင်ဖြစ်စေ ကုမ္ပဏီအနေဖြင့် လင်းယွမ်ကို ရှင်းလင်းပစ်မည်သာ ဖြစ်သည်။
သူ ဘာပဲပြောပြော လင်းယွမ်အနေဖြင့် သူတို့ကို အလွတ်ပေးမည် မဟုတ်ကြောင်းကို ထိုအချိန်တွင် သူ ရုတ်တရက် သဘောပေါက်သွားလေသည်။
ထို့ကြောင့် သူက ကုမ္ပဏီ၏ အမည်ကို အသုံးပြုကာ လင်းယွမ်ကို ခြိမ်းခြောက်နေခြင်းမှာ အလွန်တရာ ရယ်စရာကောင်းလွန်းလှပေသည်။
လင်းယွမ်က ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာရာ ပတ်ဝန်းကျင်မှ လူအချို့က ပြန်လည်ခုခံ ပစ်ခတ်ရန် ကြိုးစားနေကြဆဲပင်။
လင်းယွမ်က သူ၏ စိတ်စွမ်းအင်ကို အနည်းငယ်မျှ လွှတ်ထုတ်လိုက်ရုံဖြင့် ထိုလူများ၏ အရိုးအဆစ်များကို မျက်တောင်တစ်ခတ်အတွင်း ပြုတ်ထွက်သွားစေသည်။
စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာချိန်တွင် လင်းယွမ်က ရင်ထဲမှ အနှောင့်အယှက်ဖြစ်ကာ သတ်ဖြတ်ချင်နေသော စိတ်ကို အတင်းအကျပ် ဖိနှိပ်ထားရင်း ပြောလိုက်သည် "ငါ့ကို ဒေါသထွက်အောင် မလုပ်ကြနဲ့... လိမ်လိမ်မာမာနဲ့ လက်နက်ချပြီး ဘေးမှာရပ်နေကြ... ဒီလေယာဉ်တင်သင်္ဘောကြီးကို အောက်ဆင်းခိုင်းလိုက်... ငါပြောတာ ကြားကြလား"
သူက ခေါင်းဆောင်အချို့ကို စူးရှသော အကြည့်များဖြင့် လှမ်းကြည့်လိုက်သည်။
ထိုခေါင်းဆောင်များမှာ မျက်နှာအနည်းငယ် ပျက်သွားကြပြီး လင်းယွမ်၏ အကြည့်နှင့် ဆုံလိုက်ရသောအခါ ချက်ချင်းပင် ရင်ထဲ၌ ကြက်သီးထသွားကြလေသည်။
လင်းယွမ်သည် တကယ် လူသတ်မည့်သူဖြစ်ကြောင်း သူတို့ ကောင်းကောင်း သိထားကြသည်။
ထို့ကြောင့် ခေါင်းဆောင်အချို့က အလျင်အမြန် ခေါင်းငုံ့လိုက်ကြပြီး လေယာဉ်တင်သင်္ဘောကြီးကို လျင်မြန်စွာ စတင် ထိန်းချုပ်မောင်းနှင်ကြတော့သည်။
မူလက သတ်မှတ်ထားသော လမ်းကြောင်းကို ဖျက်သိမ်းလိုက်ပြီး လေယာဉ်တင်သင်္ဘောကြီး တစ်ခုလုံး တဖြည်းဖြည်း အောက်သို့ဆင်းသက်ကာ လေဟုန်စီး ငါးလိပ်စွန်ကျွန်းဆီသို့ ဦးတည်သွားလေသည်။
တစ်ချိန်တည်းမှာပင် လင်းယွမ်က လေးနက်သော အသံဖြင့် မေးလိုက်သည် "လေယာဉ်တင်သင်္ဘောက တခြားယာဉ်ပျံတွေကို အဝေးကနေ ထိန်းချုပ်လို့ ရနိုင်မလား"
ခေါင်းဆောင်က အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ဖြေကြားလိုက်သည် "ယာဉ်ပျံ တချို့မှာတော့ အဝေးထိန်းစနစ် တပ်ဆင်ထားပါတယ်... မောင်းသူမဲ့ စနစ်ပြောင်းပြီး ကုန်းပတ်ပေါ် အလိုအလျောက် ပြန်လာခိုင်းလို့ ရပါတယ်"
"အဲဒီစနစ်ကို ဖွင့်ပြီး ယာဉ်ပျံတွေ အကုန်လုံးကို ပြန်လာခိုင်းလိုက်ပါ"
"ငါ့လူတွေ အပြင်မှာ ပိတ်စို့ထားတယ်ဆိုတာ မင်းတို့ ကောင်းကောင်း သိမှာပဲ... မင်းတို့လူတွေကို အဓိပ္ပာယ်မရှိဘဲ ပြန်မခုခံခိုင်းပါနဲ့... အဲဒီလိုမှ မဟုတ်ရင် သူတို့ပဲ ထိခိုက်နာကျင်ရလိမ့်မယ်"
ခေါင်းဆောင်က ခေါင်းညိတ်ပြလိုက်ပြီး စနစ်အတွင်းတွင် လျင်မြန်စွာ ထပ်မံ အလုပ်လုပ်ဆောင်လိုက်သည်။
အချိန်သိပ်မကြာလိုက်ဘဲ အဝေးထိန်း အမိန့်ပေးချက်များ ပေးပို့လိုက်ရာ မြောက်မြားစွာသော ယာဉ်ပျံများက လေကိုခွဲလျက် ပြန်လည်ပျံသန်းလာကြသည်။
ယာဉ်ပျံများအတွင်းမှ လေယာဉ်မှူးများမှာ အော်ဟစ်ဆူညံနေကြသော်လည်း ယာဉ်ပျံကိုမူ ထိန်းချုပ်၍ မရနိုင်တော့ပေ။
မကြာမီမှာပင် တိုက်ပွဲက အဆုံးသတ်ပိုင်းသို့ ရောက်ရှိသွားလေသည်။
နောက်ဆုံး သိမ်းဆည်းရေး အလုပ်များတွင် လင်းယွမ် ပါဝင်ပတ်သက်ခြင်း မရှိခဲ့ပေ။ သို့သော် ယွီဝမ်ထောင်က သူ့ထံသို့ အပြေးအလွှား ရောက်ရှိလာပြီး ခရုခွံတစ်ခုကို လာရောက်ပေးအပ်လေသည်။
"ဆရာလင်း... ဒါက ဟို ဟူဝေ ရဲ့ ခန္ဓာကိုယ်မှာ တွေ့ရတဲ့ ဟင်းလင်းပြင် အမျိုးအစား ပစ္စည်းတစ်ခုပါ... ကျိုးဟောင်ရန်... ရှီဟိုင်ကျူး နဲ့ ချန်ကျန့်ဖုန်း တို့ အဲဒီအထဲမှာ ပိတ်မိနေတုန်းပဲ... ဒါပေမဲ့ ဒီခရုခွံက နည်းနည်း ထူးဆန်းနေတယ်... ကျွန်တော်နဲ့ ထူလုံ နည်းလမ်းပေါင်းစုံ သုံးကြည့်ပေမဲ့ ဖွင့်လို့မရဘူး ဖြစ်နေတယ်"
လင်းယွမ်က ခရုခွံကို လှမ်းယူလိုက်ပြီး အနည်းငယ် အံ့အားသင့်စွာဖြင့် မေးလိုက်သည် "ဘာလို့ ဖွင့်မရတာလဲ... စိတ်စွမ်းအင်နဲ့ အသက်သွင်းလိုက်ရင် ရတယ်မဟုတ်ဘူးလား"
"ဒီအပေါ်မှာ သင်္ကေတ ပုံစံတွေ ပါနေတယ်... ဖွင့်ဖို့အတွက် သီးသန့်နည်းလမ်း တစ်ခုခု လိုအပ်တဲ့ပုံပဲ" ဟု ယွီဝမ်ထောင်က ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည်။
လင်းယွမ်က ခရုခွံကို တစ်ချက် စစ်ဆေးကြည့်လိုက်ရာ တကယ်ပင် ခရုခွံပေါ်တွင် သင်္ကေတများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
သူက စိတ်စွမ်းအင် အနည်းငယ်ကို ခွဲထုတ်လိုက်ပြီး သင်္ကေတများအနီးသို့ လျင်မြန်စွာ ကပ်သွားစေလိုက်ရာ ချက်ချင်းပင် သင်္ကေတများထံမှ စွမ်းအားတစ်ရပ် ထွက်ပေါ်လာပြီး သူ၏ စိတ်စွမ်းအင်ကို ပြန်လည်တွန်းထုတ်လိုက်လေသည်။
လင်းယွမ်က ချက်ချင်း မျက်မှောင်ကြုတ်သွားသည် "ဒီစွမ်းအားက... ဆွဲငင်အားလား"
လင်းယွမ်က ဤတွန်းကန်အားကို ခံစားမိလိုက်သည်... ၎င်းမှာ တစ်စုံတစ်ရာသော ဆွဲငင်အားစက်ကွင်း ပြောင်းပြန်လည်သွားပြီးနောက် ဖြစ်ပေါ်လာသည့် တွန်းကန်အားစက်ကွင်း ဖြစ်ပုံရပေသည်။
၎င်းမှာ ဟူဝေ ၏ လက်ရာ ဖြစ်တန်ရာကြောင်း သူ ချက်ချင်း သဘောပေါက်သွားလေသည်။
"စိတ်ဝင်စားစရာပဲ... သူက ဆွဲငင်အားစက်ကွင်းရဲ့ အစွမ်းကို အသုံးပြုပြီး သူ့ရဲ့ ဟင်းလင်းပြင် အမျိုးအစား ပစ္စည်းကို လျှို့ဝှက်သော့ခတ်ထားတဲ့ အနေအထားမျိုး ဖန်တီးထားတာလား"
ဤနည်းလမ်းသည် အမှန်တကယ်ပင် စိတ်ဝင်စားစရာ ကောင်းလှသဖြင့် လင်းယွမ်မှာ အလွန် စိတ်ဝင်စားသွားရသည်။
ယခင်က သူ ကြုံတွေ့ခဲ့ရသော ပြိုင်ဘက်များတွင် ဟင်းလင်းပြင် အမျိုးအစား ပစ္စည်းများ ပါရှိပါက စိတ်စွမ်းအင်ဖြင့် ထိတွေ့လိုက်ရုံဖြင့် အသက်သွင်းနိုင်ပြီး အထဲရှိ ပစ္စည်းများကို အလွယ်တကူ ယူဆောင်နိုင်ခဲ့သည်။
သင်္ကေတ အစွမ်းကို အသုံးပြုကာ လျှို့ဝှက်သော့ခတ်ထားသည့် သင်္ကေတ ပစ္စည်းတစ်ခု ဖန်တီးထားခြင်းကို လင်းယွမ် ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။
သူက ချက်ချင်းပင် ဤခရုခွံပစ္စည်းကို စတင် လေ့လာစူးစမ်းတော့သည်။
ခရုခွံပစ္စည်း တစ်ခုလုံး၏ ပတ်ပတ်လည်တွင် ရှုပ်ထွေးလှသော သင်္ကေတများကို ထွင်းထုထားပြီး ထိုသင်္ကေတများအားလုံးမှာ ဆွဲငင်အားနှင့် သက်ဆိုင်သည့် သင်္ကေတများ ဖြစ်ပုံရပေသည်။
အချိန်အတော်ကြာ ကြည့်နေသော်လည်း လင်းယွမ်က ထွက်ပေါက်ကို မမြင်တွေ့ရသေးပေ။
သူ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ခရုခွံပစ္စည်းကို ချထားလိုက်ကာ ထိုကြံ့ချိုကို ပြန်လည် ထုတ်ယူလိုက်သည်။
ဤအရာမှာ ဟူဝေ ၏ မျိုးရိုးဗီဇ အသွင်ပြောင်း ကြံ့ကြီး၏ ခေါင်းပေါ်မှ လိမ်ချိုးယူလာခဲ့ခြင်း ဖြစ်သည်။
၎င်းအပေါ်တွင် ဆွဲငင်အား သင်္ကေတများ ပါဝင်နေသည်။
သူက နှစ်ဖက်စလုံးကို ယှဉ်ကြည့်လိုက်ပြီး မျက်မှောင်တစ်ချက် ပင့်သွားသည် "ဒီလိုကိုး"
"ဒီခရုခွံပေါ်က သင်္ကေတတွေက ဆွဲငင်အား သင်္ကေတတွေ ဆိုတာ သေချာတယ်... ဒါပေမဲ့ ကြံ့ချိုပေါ်က ဆွဲငင်အား သင်္ကေတတွေနဲ့တော့ မတူဘူး... အပြောင်းအလဲ လုပ်ထားတဲ့ပုံပဲ"
"ဒီ ဟူဝေ ကလည်း တော်တော် ထက်မြက်တဲ့လူပဲ... သင်္ကေတ အသုံးပြုပုံကို ပိုကောင်းလာအောင် ဒီလိုနည်းလမ်းမျိုး စဉ်းစားနိုင်ခဲ့တယ်ပေါ့"
မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ကျော်ဖြတ်နိုင်သူများမှာ သာမန်လူများ မဟုတ်ကြောင်းကို လင်းယွမ်က ရင်ထဲမှနေ၍ တိတ်တဆိတ် ချီးကျူးမိလိုက်သည်။
ထို ဟူဝေ မှာ ကြည့်ရသည်မှာ ဝက်တစ်ကောင်လို ဝဖြိုးနေသော်လည်း အမှန်တကယ်ပင် အရည်အချင်းရှိသူ ဖြစ်ပေသည်။
သူသာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ၇၀% ကို မကျော်ဖြတ်နိုင်ခဲ့လျှင် တစ်ဖက်လူကို ဤမျှ လွယ်ကူစွာ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။
သေချာသည်မှာ... ဤဆွဲငင်အား အစွမ်းတွင်လည်း အားနည်းချက်များ ရှိနေသည်... သူကသာ အမှောင်ဓာတ် အစွမ်းကို တိုက်ရိုက် အသုံးပြုပြီး တွင်းနက်အရိပ်ကမ္ဘာကို ဖွင့်လိုက်မည်ဆိုလျှင် တစ်ဖက်လူအနေဖြင့် သူ့ကို ဘာမှလုပ်နိုင်မည် မဟုတ်လောက်ပေ။
တစ်ဖက်လူ၏ ဆွဲငင်အားစက်ကွင်းသည် မော်လီကျူးဖွဲ့စည်းပုံကို တိုက်ရိုက် နှောင့်ယှက်နိုင်သည့် အဆင့်အထိ ရောက်ရှိနေမှသာ အရိပ်ကိုပင် ပုံပျက်သွားစေနိုင်ပေလိမ့်မည်။
သို့သော် မော်လီကျူးများကို နှောင့်ယှက်နိုင်သည့် အဆင့်သို့ ရောက်ရှိရန်မှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ဖြင့် အလှမ်းဝေးလွန်းနေသေးသည်။
"ဆရာလင်း... နည်းလမ်း ရှိလား" ဟု ယွီဝမ်ထောင်က အလျင်အမြန် မေးလိုက်သည်။
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး "ပြဿနာ မကြီးပါဘူး... ခင်ဗျား လုပ်စရာရှိတာ သွားလုပ်ပါ... ဒီကိစ္စကို ကျွန်တော်ပဲ ဖြေရှင်းလိုက်မယ်" ဟု ပြောလိုက်သည်။
ယွီဝမ်ထောင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ခေါင်းညိတ်ကာ ထွက်ခွာသွားလေသည်။
လင်းယွမ်က ခရုခွံကို ချထားလိုက်ပြီး အပေါ်ရှိ သင်္ကေတများကို ချက်ချင်း မလေ့လာသေးပေ။
ထိုအစား ကြံ့ချိုပေါ်ရှိ ဆွဲငင်အား သင်္ကေတများကို စတင် လေ့လာစူးစမ်းလိုက်သည်။
၎င်းကသာ ခရုခွံပေါ်ရှိ သင်္ကေတများကို ဖြေရှင်းနိုင်မည့် သော့ချက် ဖြစ်သည်။
ကြံ့ချိုပေါ်ရှိ ဆွဲငင်အား သင်္ကေတများကို ကျွမ်းကျင်ပိုင်နိုင်သွားပါက ဟူဝေ ၏ အစွမ်းကို ပိုင်ဆိုင်သွားခြင်းနှင့် အတူတူပင် ဖြစ်သည်။
ခရုခွံပေါ်ရှိ သင်္ကေတများကို သဘာဝကျကျ အလွယ်တကူ ဖြေရှင်းနိုင်မည် ဖြစ်သည်။
သင်္ကေတအရိုးများကို လေ့လာရာတွင် လင်းယွမ်က အစောကတည်းက ကျွမ်းကျင်နေပြီးဖြစ်ရာ ချက်ချင်းပင် စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီး အပေါ်ရှိ သင်္ကေတများကို လျင်မြန်စွာ စတင် အတုယူ လေ့ကျင့်တော့သည်။
တစ်ကြိမ်... နှစ်ကြိမ်... သုံးကြိမ်...
ဆယ်ကြိမ် ပြုလုပ်ပြီးနောက်တွင်တော့ လင်းယွမ်သည် သင်္ကေတအရိုးပေါ်ရှိ ဆွဲငင်အား သင်္ကေတများကို အခြေခံအဆင့်အဖြစ် ကျွမ်းကျင်ပိုင်နိုင်သွားလေပြီ။
"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ သင်္ကေတ ဆိုတဲ့အတိုင်း တကယ်ကို ရှုပ်ထွေးတာပဲ... ဆယ်ကြိမ်လောက် လုပ်ကြည့်မှပဲ အခြေခံလောက် နားလည်တော့တယ်"
လင်းယွမ်က ရေရွတ်လိုက်ပြီးနောက် မျက်လုံးများကို မှိတ်ကာ ခန္ဓာကိုယ်အတွင်းရှိ အစွမ်းများကို စတင် လည်ပတ်စေလိုက်ပြီး အဆိုပါ အစွမ်းများ၏ အကူအညီဖြင့် ဆွဲငင်အား သင်္ကေတကို စတင် ပုံဖော်လေတော့သည်။
"ဝုန်း"
နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်၌ ဆွဲငင်အားစက်ကွင်းမှ စုစည်းဖြစ်ပေါ်လာသော အဖြူရောင် အလင်းကွင်းတစ်ခု ပေါ်ထွက်လာလေသည်။
အလင်းကွင်းက လင်းယွမ်၏ ကိုယ်ပတ်လည်တွင် လှည့်ပတ်နေပြီး ပတ်ဝန်းကျင်ရှိ ပရိဘောဂများနှင့် ပစ္စည်းများမှာ တုန်ခါမြည်ဟည်းလာကာ လင်းယွမ်ဆီသို့ ပျံသန်းလာမည့် အနေအထားမျိုး ဖြစ်ပေါ်နေသည်။
လင်းယွမ်က ဆွဲငင်အားစက်ကွင်းမှ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို ခံစားလိုက်ရပြီးနောက် ချက်ချင်းပင် အစွမ်းကို ထိန်းချုပ်ကာ ဆွဲငင်အားစက်ကွင်းကို ပြောင်းပြန် လှည့်လိုက်သည်။
ချက်ချင်းပင် ထိုဆွဲငင်အားများက တွန်းကန်အားအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ရှိ ပစ္စည်းများကို စတင် တွန်းထုတ်လေတော့သည်။
လင်းယွမ်က ဆွဲငင်အားကို သူ၏ ကိုယ်ပတ်လည် သတ်မှတ်ထားသော အတိုင်းအတာအတွင်း၌သာ ထိန်းချုပ်ထားရန် ရည်ရွယ်ထားသဖြင့် ကြီးမားသော လှုပ်ရှားမှုများ မဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
"ဒီအစွမ်းရဲ့ အဓိက အရည်အသွေးကလည်း စိတ်စွမ်းအင်ပဲကိုး"
"စိတ်စွမ်းအင် ပိုများလေလေ... ဆွဲငင်အားစက်ကွင်းရဲ့ အတိုင်းအတာကလည်း ပိုကျယ်လေလေ ဖြစ်ပြီး သူတို့နှစ်ခုကြားက အချိုးကျနေတာပဲ"
"ဒါပေမဲ့ ဆွဲငင်အားစက်ကွင်းရဲ့ အားကောင်းမှုက... အစွမ်းပိုင်ရှင် ကိုယ်တိုင်ရဲ့ အစွမ်းအပေါ်မှာပဲ မူတည်နေလောက်တယ်"
"စွမ်းအင်ပမာဏ ပိုများလေလေ... ဖြစ်ပေါ်လာတဲ့ ဆွဲငင်အားစက်ကွင်းကလည်း ပိုအားကောင်းလေလေပဲ"
လင်းယွမ်က တစ်စုံတစ်ရာကို တွေးတောနေမိသည်... ဤလူ၏ ဆွဲငင်အားစက်ကွင်းက စိတ်စွမ်းအင်စက်ကွင်းကို ဖိနှိပ်နိုင်ခြင်းမှာ မထူးဆန်းတော့ပေ။
အမှန်တော့ သူ၏ ဆွဲငင်အားစက်ကွင်း ကိုယ်တိုင်က စိတ်စွမ်းအင်နှင့် သက်ဆိုင်နေခြင်း ဖြစ်သည်။
"ဒါပေမဲ့ စိတ်စွမ်းအင်ဆိုတာလည်း စက်ကွင်းတစ်မျိုးပဲလို့ ဒီလူ ပြောခဲ့တာကလည်း အတိုင်းအတာတစ်ခုအထိတော့ အဓိပ္ပာယ်ရှိနေတာပဲ"
"ငါက ဒီဆွဲငင်အား အစွမ်းကို အပြည့်အဝ ကျွမ်းကျင်ချင်တယ်ဆိုရင် ကိုက်ညီတဲ့ မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်မှပဲ ရလိမ့်မယ်"
"လောလောဆယ်မှာတော့ အပေါ်ရံအသုံးပြုနိုင်ရုံလောက်ပဲ ရှိသေးတယ်လို့ ပြောရမှာပေါ့"
လင်းယွမ်က ခရုခွံကို ထပ်မံ ထုတ်ယူလိုက်ပြီး စိတ်စွမ်းအင်ဖြင့် ဆွဲငင်အား သင်္ကေတကို စုစည်းလိုက်သည်။
စက်ကွင်း ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ခရုခွံမှာ တုန်ခါလာပြီး အပေါ်ရှိ သင်္ကေတများလည်း လိုက်ပါ တုန်ခါလာလေသည်။
ဆွဲငင်အား နှစ်ခုက အချင်းချင်း ဆွဲငင်လိုက်ရာ ချက်ချင်းပင် ခရုခွံပေါ်ရှိ သင်္ကေတများမှာ အနည်းငယ် တုန်ခါသွားပြီး ခရုခွံမှာ နောက်ဆုံးတွင် ပွင့်သွားလေတော့သည်။
လင်းယွမ်၏ စိတ်စွမ်းအင်များက ခရုခွံအတွင်းသို့ အလွယ်တကူ စိမ့်ဝင်သွားလေသည်။
သို့သော် ခရုခွံအတွင်း၌ သက်ရှိများစွာ၏ အသက်ဓာတ်များကို တွေ့လိုက်ရသည်။
လင်းယွမ်မှာ ရင်ထဲတွင် အံ့အားသင့်သွားပြီး လက်တစ်ချက် ဝှေ့ယမ်းကာ ထိုအသက်ဓာတ်များ အားလုံးကို အပြင်သို့ ထုတ်လွှတ်ပေးလိုက်သည်။
"ဝီ"
"ဝီ"
"ဝီ"
မျက်တောင်တစ်ခတ်အတွင်းမှာပင် မူလက ဟာလာဟင်းလင်း ဖြစ်နေသော အခန်းထဲ၌ လူဒါဇင်ပေါင်းများစွာ ရုတ်တရက် ထွက်ပေါ်လာလေတော့သည်။
၎င်းတို့အထဲတွင် ရှီဟိုင်ကျူး၊ ကျိုးဟောင်ရန် နှင့် ချန်ကျန့်ဖုန်း တို့ သုံးယောက်မှလွဲ၍ ကျန်လူများအားလုံးမှာ မိန်းမများချည်းသာ ဖြစ်နေလေသည်။
ထို့ပြင် ထိုမိန်းမများမှာ အများအားဖြင့် ခန္ဓာကိုယ် အချိုးအစား ပြေပြစ်ပြီး ရုပ်ရည်ချောမောလှပသော မိန်းမချောလေးများ ဖြစ်ကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယွမ်မှာ မအံ့သြဘဲ မနေနိုင်တော့ပေ။
ဆက်ရန်...