← Chapters

အခန်း ၇၉၉

Vol. 40 Ch. 799

အခန်း ၇၉၉

Vol. 40 Ch. 799

အပိုင်း (၇၉၉) မိုးကြိုးမုန်တိုင်းကို ခန္ဓာကိုယ်သက်သက်ဖြင့် အံတုခြင်း

ရေခဲနှင်းများ အရည်ပျော်သွားမည်ကို လင်းယွမ် တွေးမိခဲ့ဖူးပြီး ထိုအချိန်ရောက်ပါက ရေမျက်နှာပြင် မြင့်တက်လာကာ ထိုက်ယန်တောင်သည် အလွန်အန္တရာယ်ကြီးမားသည့် အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်သည်။

သို့သော်လည်း အချိန်လဝက်မျှအတွင်းမှာပင် ရေခဲနှင်းများ အရည်ပျော်ကျသွားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

ဤအမြန်နှုန်းက အလွန်မြန်ဆန်လွန်းနေပြီး ပုံမှန်မဟုတ်သည့် အတိုင်းအတာအထိ မြန်ဆန်နေခဲ့၏။

ယာဉ်ပျံကွင်းသို့ ရောက်ရှိလာသောအခါ ကျိုးဟောင်ရန်က လင်းယွမ်အား ယာဉ်ပျံတစ်စင်းပေါ်သို့ အလျင်အမြန် ခေါ်ဆောင်သွားခဲ့သည်။

ယာဉ်ပျံ ပျံသန်းသွားပြီး လေခွင်းသံနှင့်အတူ ငါးလိပ်စွန် လေပေါ်ကျွန်းမှ ထွက်ခွာကာ ကောင်းကင်ယံသို့ ဝင်ရောက်သွားလေသည်။

လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး "သန္ဓေပြောင်းသားရဲတွေ တော်တော် နည်းသွားတာပဲ"

ကျိုးဟောင်ရန်က ပြုံးလျက် "သန္ဓေပြောင်းသားရဲတွေကို သတ်ရင် အမှတ်တွေ ရနိုင်တယ်ဆိုတာ အားလုံးက သိနေကြတာလေ... အားတာနဲ့ အမဲလိုက်ထွက်ကြတော့တာပဲ"

"တစ်ဖက်ကလည်း ယာဉ်ပျံမောင်းတာ ပိုကျွမ်းကျင်လာစေသလို... အခြားတစ်ဖက်ကလည်း အမှတ်တွေ ရှာလို့ရတာပေါ့"

လင်းယွမ်က ပြုံးပြီး "ရလဒ်က မဆိုးဘူးလို့ ပြောရမှာပေါ့"

"ဟီးဟီး... တစ်ဝက်လောက်တောင် ရှင်းလင်းပြီးသွားပြီ"

"ပြောရရင် အားလုံးက ကိုယ့်လက်ထဲက အမှတ်တွေ မလောက်ဘူးလို့ ညည်းနေကြတာ... ခုလေးတင် ရှာလို့ရတဲ့ အမှတ်တွေကို စခန်းက ဈေးဝယ်စင်တာမှာ အကုန်ပြန်သုံးပစ်လိုက်ကြတာပဲ" ကျိုးဟောင်ရန်က သက်ပြင်းချရင်း ပြောလိုက်သည်။

လင်းယွမ် အံ့သြသွားသည်။ "စခန်းက ဈေးဝယ်စင်တာထဲက ပစ္စည်းတွေက အဲဒီလောက်တောင် ရောင်းကောင်းနေတာလား"

ကျိုးဟောင်ရန်က မနေနိုင်ဘဲ ပြောလိုက်၏။ "ဆရာလင်း မသိသေးဘူးလား... ဈေးဝယ်စင်တာက ပစ္စည်းတွေဆိုတာ စင်ပေါ်တင်လိုက်တာနဲ့ ချက်ချင်း ပြောင်သွားတာပဲ"

"အခု ကုန်လှောင်ရုံကို ရှီဟိုင်ကျူးက တာဝန်ယူထားတာ... သူက ကျွန်တော်တို့ သုံးစွဲတာကိုတောင် ကန့်သတ်နေပြီ... တစ်ပတ်ကို တစ်ခါပဲ ပစ္စည်းအသစ်တင်ပေးတယ်... ကုန်သွားရင်လည်း နောက်တစ်ခေါက် ပစ္စည်းရောက်တဲ့အထိ စောင့်ရတာပဲ"

လင်းယွမ် ကြောင်သွားသည်။ "အဲဒီလောက်တောင် ဆိုးနေတာလား... အထဲမှာ ထူးထူးခြားခြား ပစ္စည်းတွေ သိပ်အများကြီး မရှိပါဘူး"

ဦးလေးမာတို့ စခန်းတည်ဆောက်စဉ်က အသေးစား စူပါမားကတ်တစ်ခုကို အထူးတလည် တည်ဆောက်ခဲ့ကြသည်။

စူပါမားကတ်၏ အကျယ်အဝန်းမှာ သိပ်မကြီးမားဘဲ စတုရန်းပေ နှစ်ထောင်ကျော်ခန့်ရှိသော ဆိုင်ခန်းတစ်ခုမျှသာ ဖြစ်ပြီး အတွင်းရှိ ပစ္စည်းများမှာလည်း မများပြားလှဘဲ အများစုမှာ လင်းယွမ် လဲလှယ်ထားသော အသေးအမွှား ပစ္စည်းလေးများသာ ဖြစ်သည်။

ခေါက်ဆွဲခြောက်... ဟော့ပေါ့အနှစ် စသည့် အစားအစာများက အဓိကဖြစ်ပြီး အလွယ်တကူ သိမ်းဆည်းထားနိုင်သော သရေစာများလည်း ပါဝင်သည်။

ထို့ပြင် အဝတ်အစားများနှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းအချို့လည်း ရှိသေးသည်။

စင်ပေါ်တွင် မည်သည့် အဖိုးတန်ပစ္စည်းမျိုးကိုမျှ တင်ထားခဲ့သည်ဟု သူ မမှတ်မိပေ။

ကျိုးဟောင်ရန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "ဆရာလင်း... ကျွန်တော်တို့ဆိုင်က ပစ္စည်းတွေက မထူးခြားဘူးလား... ခေါက်ဆွဲခြောက်တို့ ဟော့ပေါ့အနှစ်တို့ ဆီ... ဆား... ပဲငံပြာရည်... ရှာလကာရည်တို့ကတော့ ထားလိုက်ပါတော့... အဝတ်အစားတွေ ဖိနပ်တွေ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေနဲ့ သွားတိုက်တံ စတဲ့ စက်ရုံထုတ်ပစ္စည်းတွေက ရေဘေးကြီး မဖြစ်ခင်ကဆိုရင်တော့ သာမန်ပစ္စည်းတွေပေါ့"

"ဒါပေမဲ့ အခုက ဘယ်အချိန်လဲ... ရေဘေးကြီး ဖြစ်ပြီးသွားတဲ့အချိန်လေ... စက်ရုံထုတ်ပစ္စည်းတွေဆိုတာ ပျောက်ကွယ်သွားတာ ကြာလှပြီ"

"မုန်ယာကုမ္ပဏီဘက်မှာတောင် ဆီ... ဆား... ပဲငံပြာရည်နဲ့ ရှာလကာရည်တွေကို အလုံအလောက် မသုံးနိုင်သေးဘူး... သာမန်လူတွေအနေနဲ့ ဒီလိုပစ္စည်းတွေကို စားသုံးဖို့ဆိုတာ အဲဒီလောက် မလွယ်ဘူးဗျ"

လင်းယွမ် အံ့သြသွားသည်။ "ဘာ... မုန်ယာကုမ္ပဏီဘက်မှာ အဲဒီလောက်တောင် ပစ္စည်းတွေ ရှားပါးနေတာလား... သူတို့ဆီမှာ ပဲပုပ်ပင်တွေဘာတွေ မစိုက်ကြဘူးလား"

သိထားရမည်မှာ ပဲငံပြာရည်ကဲ့သို့သော အရာများသည် ပဲပုပ်မှတစ်ဆင့် ဖောက်ထွင်းချက်လုပ်ထားခြင်း ဖြစ်သဖြင့် သီအိုရီအရ ပဲစေ့ရှိနေသရွေ့ ပဲငံပြာရည်ကို ထုတ်လုပ်နိုင်ရမည်သာ ဖြစ်သည်။

ကျိုးဟောင်ရန်က ခါးသီးစွာ ပြုံးလိုက်သည်။ "ပဲပုပ်တွေ... ဂျုံတွေတော့ ရှိပါတယ်... ဒါပေမဲ့ အဲဒီအပင်တွေက စိုက်ပျိုးဖို့ မလွယ်သလို ရှင်သန်ဖို့လည်း ခက်ခဲတယ်... နေရောင်ခြည် မလုံလောက်တဲ့ အခြေအနေမျိုးမှာ ဒီအပင်တွေ ကြီးထွားနှုန်းက အရမ်းနှေးကွေးပြီး မုန်ယာကုမ္ပဏီက လူဦးရေ အများကြီးရဲ့ စားသုံးမှုကို ဘယ်လိုမှ မီနိုင်မှာ မဟုတ်ဘူး"

"ဒါကြောင့် နှစ်စဉ် ပဲပုပ်အထွက်နှုန်းက အတော်လေး နည်းပါးပြီး တခြား ပဲထွက်ကုန်တွေဆိုရင် ပြောနေစရာတောင် မလိုတော့ဘူး... လက်ရှိ ပဲငံပြာရည်လိုဟာမျိုးက ချမ်းသာတဲ့ သူဌေးတွေမှ စားနိုင်တာ... သာမန်လူတွေကတော့ ရဖို့ အတော်ခက်တယ်"

လင်းယွမ် သဘောပေါက်သွားသည်။ ထိုက်ယန်တောင်ဘက်တွင် သန္ဓေပြောင်း နေကြာပန်း ရှိနေခြင်းကြောင့် အပင်အများစုသည် လုံလောက်သော နေရောင်ခြည်ကို ရရှိကြပြီး ကြီးထွားနှုန်းမှာလည်း သဘာဝအလျောက် အလွန်မြန်ဆန်လှသည်။

စိုက်ပျိုးရေးဌာန၏ မျိုးစပ်သုတေသန ပြုလုပ်မှုအောက်တွင် တချို့သော သန္ဓေပြောင်း ပဲပုပ်ပင်များမှာ တစ်လလျှင် တစ်ကြိမ်ပင် အသီးဆွတ်ခူးနိုင်နေပြီ ဖြစ်သည်။

ကျိုးဟောင်ရန်က ဆက်ပြောသည်။ "မုန်ယာကုမ္ပဏီက ဘာလို့ လေပေါ်ကျွန်း အများကြီးကို အမြန်ဆုံး သိမ်းပိုက်ချင်နေတာလဲဆိုတာ ဆရာလင်း သိလား"

လင်းယွမ် ကြားလိုက်ရချိန်တွင် ရင်ထဲ လှုပ်ရှားသွားပြီး ချက်ချင်းပင် "လေပေါ်ကျွန်းမှာ နေရောင်ခြည်ရလို့လား... စိုက်ပျိုးရေးလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ ပိုပြီး သင့်တော်လို့လား"

ကျိုးဟောင်ရန်က ခေါင်းညိတ်လိုက်သည်။ "အမှန်ပဲ... မုန်ယာကုမ္ပဏီက ယွီကျိုးပြည်နယ်မှာ လေပေါ်ကျွန်း လေးကျွန်းကို သိမ်းပိုက်ထားတာ... အဲဒီအထဲက သုံးကျွန်းက နေထိုင်ဖို့ သင့်တော်တယ်... ဒါပေမဲ့ ဆရာလင်း သိလား... မုန်ယာကုမ္ပဏီက လေပေါ်ကျွန်း တစ်ကျွန်းကိုပဲ မုန်ယာ ဝေဟင်ဌာနချုပ်စခန်း အဖြစ် တည်ဆောက်ထားပြီး ကျန်တဲ့ ကျွန်းသုံးကျွန်းကိုတော့ စိုက်ခင်းတွေအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေကြတယ်"

"လေပေါ်ကျွန်း သုံးကျွန်းက စိုက်ပျိုးရေးအတွက် တာဝန်ယူထားတာဆိုရင် မုန်ယာကုမ္ပဏီမှာ စားစရာ ပြတ်လပ်နေဦးမှာလား"

လင်းယွမ် အနည်းငယ် အံ့သြသွားသည်။

ကျိုးဟောင်ရန်က ခေါင်းခါယမ်းလိုက်သည်။ "ဒီအလုပ်ကလည်း မကြာသေးခင်ကမှ စတင်ခဲ့တာပါ... ဆရာ သိပ်မသိလောက်ဘူး... မြောက်ပိုင်းက သင်္ကေတပညာရပ် ဖွံ့ဖြိုးတိုးတက်မှုက တောင်ပိုင်းထက် ပိုမြန်ပေမဲ့ ယာဉ်ပျံနည်းပညာ တိုးတက်လာတဲ့ အမြန်နှုန်းကတော့ ဒီတစ်နှစ်အတွင်းမှာမှ ဖြစ်လာတာ"

"မုန်ယာကုမ္ပဏီက မိုးကြိုးတိမ်တိုက်တွေကို ဖောက်ထွက်ပြီး ကောင်းကင်ယံကို တကယ် ဝင်ရောက်နိုင်ခဲ့တာက ဒီနှစ်ဝက်လောက်အတွင်းမှာပဲ ရှိသေးတယ်"

"နှစ်ဝက်လောက် အချိန်ဆိုတာ အပင်တွေ ကြီးထွားဖို့ ဘယ်လိုလုပ် လုံလောက်မှာလဲ... ဒါကြောင့် အခု မုန်ယာကုမ္ပဏီက တကယ်တော့ ပစ္စည်းတွေ ရှားပါးနေတုန်းပဲ"

ထိုအခါမှသာ လင်းယွမ် သဘောပေါက်သွားပြီး မနေနိုင်ဘဲ ဆက်မေးလိုက်သည်။ "ဒါဆို ခိုက်ရီနည်းပညာ နဲ့ ဟို နတ်ဘုရားနိုင်ငံတော် တို့ကရော"

ကျိုးဟောင်ရန်က ပြန်ဖြေသည်။ "အကုန်အတူတူပဲ... အားလုံးက စားနပ်ရိက္ခာ ပြတ်လပ်နေကြတာ... အခြေခံအားဖြင့်တော့ လေပေါ်ကျွန်းကို မရောက်ခင်ကတည်းက နေရောင်ခြည် သိပ်မလိုဘဲ အမြန်ကြီးထွားနိုင်တဲ့ မှိုလို အပင်မျိုးတွေကိုပဲ စိုက်ပျိုးကြတာလေ"

လင်းယွမ် ခေါင်းညိတ်လိုက်ပြီး အတွေးတစ်ခု ဝင်လာခဲ့သည်။

အနာဂတ် ရေကမ္ဘာခေတ်သစ်တွင် ခိုလှုံရေးစခန်း အသီးသီးသည် လူဦးရေ လုယူခြင်းကို အဓိကထား လုပ်ဆောင်ကြမည်မှာ သေချာပြီး လူဦးရေ ပိုမိုများပြားစွာကို ထိန်းချုပ်နိုင်သူသာလျှင် ဧရာမ ခိုလှုံရေးစခန်းကြီးအဖြစ် ဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်သည်။

သို့သော်လည်း လူဦးရေ များပြားလာလေလေ... ခိုလှုံရေးစခန်းအပေါ် စမ်းသပ်မှုက ပိုကြီးမားလေလေ ဖြစ်သည်။

ဒီလောက် လူအများကြီးကို ကျွေးမွေးစောင့်ရှောက်ဖို့တော့ လိုအပ်သည် မဟုတ်ပါလော။

စားစရာမရှိ၊ သောက်စရာမရှိဘဲ မည်သူက သင့်၏ ခိုလှုံရေးစခန်းထဲတွင် နေထိုင်ချင်မည်နည်း။

ဝမ်ထျန်အန်းက လင်းယွမ်နှင့် တိုက်ခိုက်ခဲ့စဉ်က ခိုက်ရီနည်းပညာတွင် လူဦးရေ တစ်သိန်းကျော်ရှိသည်ဟု ပြောခဲ့သည်ကို ကြည့်ရုံဖြင့် မသိနိုင်ပေ။

သို့သော် ထိုအရာက ယွီကျိုးပြည်နယ်သည် ထိုမျှသာ ကျယ်ဝန်းပြီး နေထိုင်နိုင်သော နေရာများက ထိုမျှသာ ရှိသောကြောင့် ဖြစ်သည်။

အသက်ရှင်ကျန်ရစ်သူများမှာ သွားစရာနေရာမရှိသဖြင့် ခိုက်ရီနည်းပညာ၏ ပိုင်နက်ထဲတွင် အသက်ဆက်ရန် ကြိုးစားကြသည် သို့မဟုတ် မုန်ယာကုမ္ပဏီ၏ ပိုင်နက်ထဲတွင် အသက်ဆက်ရန် ကြိုးစားကြရသည်။

ခိုက်ရီနည်းပညာတွင် မည်သည့်အတွက်ကြောင့် ဤမျှ လူများပြားနေရသနည်းဆိုသည်ကို ယခင်က လင်းယွမ် သေချာ မသိခဲ့ပေ။

သို့သော် ဝမ်ယွင်... ယန်ပင်းပင်း တို့၏ ပါးစပ်မှတစ်ဆင့် မုန်ယာကုမ္ပဏီ၏ အထက်ပိုင်း ခေါင်းဆောင်များ မည်မျှ ယုတ်မာဆိုးသွမ်းကြောင်းကို လင်းယွမ် နားလည်သွားခဲ့သည်။

မိမိဘေးရှိ အမျိုးသမီးအဖော်ကိုပင် အချိန်မရွေး ကာကွယ်ပေးနိုင်ခြင်းမရှိသော နေရာမျိုးသို့ မည်သူက သွားရဲမည်နည်း။

ထိုလူများက မုန်ယာကုမ္ပဏီသို့ မသွားကြလျှင် သဘာဝကျကျပင် ခိုက်ရီနည်းပညာဆီသို့ စီးဆင်းသွားကြမည်သာ ဖြစ်သည်။

ထို့ကြောင့် ခိုက်ရီနည်းပညာ၏ လူဦးရေက ထိုမျှ များပြားနေခြင်း ဖြစ်သည်။

လင်းယွမ် ခန့်မှန်းကြည့်ရာ ခိုက်ရီနည်းပညာ၏ လူဦးရေမှာ မုန်ယာကုမ္ပဏီထက် နှစ်ဆ... သုံးဆမက ပိုများနေနိုင်ခြေ ရှိသည်။

ဆိုလိုသည်မှာ မုန်ယာကုမ္ပဏီတွင် အလွန်ဆုံး လူဦးရေ သုံးသောင်း... ငါးသောင်းခန့်သာ ရှိနိုင်ပေသည်။

ထိုအကြောင်းကို တွေးမိပြီးနောက် သူက ကျိုးဟောင်ရန်ကို မကြည့်ဘဲ မနေနိုင်တော့ဘဲ မေးလိုက်သည်။ "မုန်ယာကုမ္ပဏီမှာ လူဦးရေ များလား"

ကျိုးဟောင်ရန်က ဖြည်းညင်းစွာ ခေါင်းခါပြလိုက်သည်။ "မများဘူး... မုန်ယာကုမ္ပဏီက ပြီးခဲ့တဲ့တစ်ခေါက် လူဦးရေစာရင်း ကောက်တော့ စုစုပေါင်း လူဦးရေက သုံးသောင်းပဲ ရှိတာ... အဲဒီအထဲမှာ အမျိုးသားက နှစ်သောင်းကျော်လောက် ပါပြီး အမျိုးသမီးက တစ်သောင်းတောင် မပြည့်ဘူး"

"ပြီးတော့ ဒီအရေအတွက်က လအလိုက် လျော့နည်းလာနေတာ... အထက်ပိုင်း ခေါင်းဆောင်တွေကလည်း ဒီကိစ္စအတွက် အစည်းအဝေးတွေ အကြိမ်ကြိမ် လုပ်ခဲ့ဖူးတယ်"

"ဒါပေမဲ့... ဘယ်လိုပြောရမလဲ... ကျင်းရှီရုံ ဆိုတဲ့လူက ကိုယ့်သဘောကိုပဲ အမြဲရှေ့တန်းတင်ပြီး တဇွတ်ထိုးလုပ်တတ်တယ်... မောက်မာထောင်လွှားလွန်းလို့ လက်အောက်ငယ်သားတွေရဲ့ စကားကို လုံးဝ နားထောင်မှာ မဟုတ်ဘူး"

"ဒါ့အပြင် သူ့ရဲ့လုပ်ရပ်တွေက ရက်စက်ကြမ်းကြုတ်ပြီး ဒေါသကလည်း အချိန်မရွေး ပေါက်ကွဲတတ်တော့ သာမန်လူတွေက သူ့ကို အကြံဉာဏ်ပေးဖို့တောင် မရဲကြဘူး... ဒါကြောင့် အားလုံးက အစည်းအဝေးလုပ်ခဲ့ပေမဲ့ မုန်ယာကုမ္ပဏီရဲ့ ပြဿနာက ဘယ်နေရာမှာ ဖြစ်နေလဲဆိုတာကို သိနေရက်နဲ့ ဘယ်သူမှ မပြောရဲကြဘူး"

"ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတွေကို အများဆုံး ဖမ်းဆီးလုယက်နေတာက မုန်ယာရဲ့ ခေါင်းဆောင် ကျင်းရှီရုံ ကိုယ်တိုင်ပဲလေ"

"ပြီးတော့ တခြား ဒါရိုက်တာတွေထဲမှာလည်း ဟူဝေမင် လိုလူမျိုးတွေက နည်းနည်းလေး မဟုတ်ဘူး"

"ဆရာလင်း စဉ်းစားကြည့်လေ... ဒီလို စီမံခန့်ခွဲသူတွေနဲ့ ခိုလှုံရေးစခန်းကို ဘယ်လိုလုပ် သေချာ စီမံအုပ်ချုပ်နိုင်မှာလဲ"

သူက ခေါင်းခါလိုက်ပြီး သူ၏ မျက်နှာတွင် အထင်သေးလှောင်ပြောင်သည့် အမူအရာများ အထင်းသား ပေါ်လွင်နေသည်။

လင်းယွမ်က ပြုံးလိုက်ပြီး "ဒါဆို မုန်ယာကုမ္ပဏီက ဒီနေ့လို အတိုင်းအတာမျိုးအထိ ဖွံ့ဖြိုးလာနိုင်တာက တော်တော်လေး ထူးဆန်းနေတာပဲ"

ကျိုးဟောင်ရန်က ခေါင်းခါလိုက်သည်။ "မထူးဆန်းပါဘူး... အရည်အချင်းရှိတဲ့ ယောက်ျားတိုင်းက မိန်းမတွေ အများကြီးနဲ့ အတူမအိပ်ချင်ဘဲ နေမလား... သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာနက ပါရမီရှင် အတော်များများကလည်း မိန်းမတွေ အများကြီးကို မွေးထားကြတာပဲ"

"အရည်အချင်းမရှိတဲ့ သူတွေကတော့ ဒီနေရာကနေ ဝေးဝေးရှောင်နေရုံပဲ ရှိတာပေါ့"

"ပြောရရင် မုန်ယာကုမ္ပဏီက တကယ့်ကို အခြေအနေနဲ့ အံဝင်ခွင်ကျဖြစ်အောင် နေနိုင်တဲ့သူတွေမှ ရှင်သန်နိုင်တဲ့ နေရာမျိုးပဲ"

လင်းယွမ်က ပြုံးလျက် "မင်းပြောတာကို နားထောင်ကြည့်ရရင် မုန်ယာမှာ ကျန်နေနိုင်တဲ့ သူတွေအကုန်လုံးက တကယ့် အရည်အချင်းရှိတဲ့ လူတွေချည်းပဲပေါ့"

"ဟုတ်တယ်... အဲဒါကိုတော့ ကျွန်တော် လက်ခံရမယ်" ကျိုးဟောင်ရန်က ခေါင်းညိတ်လိုက်သည်။

သူတို့နှစ်ဦး စကားပြောနေစဉ်အတွင်း ယာဉ်ပျံသည် တိမ်တိုက်များ၏ အထက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

"ဆရာလင်း... ယာဉ်ပျံက မိုးကြိုးတိမ်တိုက်ထဲကို ဝင်တော့မယ်... သေချာ ထိုင်ထားပါ" ရှေ့မှ လေယာဉ်မှူးက လှည့်ကြည့်ကာ သတိပေးလိုက်သည်။

လင်းယွမ်က ရုတ်တရက် "ခဏနေဦး" ဟု ပြောလိုက်သည်။

အားလုံး ကြောင်သွားကြပြီး လေယာဉ်မှူးကလည်း ယာဉ်ပျံကို လေထဲတွင် အလျင်အမြန် ရပ်တန့်လိုက်သည်။

ကျိုးဟောင်ရန်က အလောတကြီး မေးလိုက်သည်။ "ဆရာလင်း... ဘာဖြစ်လို့လဲ"

"ယာဉ်ပျံတံခါးကို ဖွင့်လိုက်... ငါ စမ်းသတ်စရာလေး တစ်ခုရှိလို့" လင်းယွမ်က ပြောလိုက်သည်။

ကျိုးဟောင်ရန်သည် လင်းယွမ် မည်သည်ကို လုပ်ဆောင်မည်မှန်း မသိသော်လည်း တံခါးဖွင့်ရန် အလျင်အမြန် ခိုင်းစေလိုက်သည်။

တံခါးပွင့်သွားသည်နှင့်အမျှ လင်းယွမ်က ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားရာ သူ၏ ကိုယ်လုံးသည် တိမ်တိုက်များအထက်၌ ပေါ်လာလေသည်။

ကျိုးဟောင်ရန်နှင့် ယာဉ်ပျံပေါ်ရှိ လေယာဉ်မှူးများအားလုံးက လင်းယွမ်ကို အလျင်အမြန် ကြည့်လိုက်ကြသည်။

"ဆရာလင်း ဘာလုပ်မလို့လဲ"

"ခေါင်းဆောင်ကျိုး... ခင်ဗျား သိလား"

ကျိုးဟောင်ရန်၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်နေပြီး လင်းယွမ်က အောက်ဘက်ရှိ တိမ်တိုက်များထဲသို့ တိုက်ရိုက် ပျံသန်းသွားသည်ကို ကြည့်ကာ ရုတ်တရက် မျက်နှာပျက်သွားသည်။

"ဆရာလင်း တိမ်တိုက်တွေထဲကို ဝင်သွားပြီလား"

"ဟိုက်... တိမ်တိုက်ထဲက မိုးကြိုးမုန်တိုင်းကို ယာဉ်ပျံရဲ့ အကာအကွယ် ဒိုင်းကာနဲ့မှ ခံနိုင်မှာကို... ဆရာလင်း သူ... သူ ဘာလုပ်ချင်နေတာလဲ"

"ခေါင်းဆောင်ကျိုး... ဆရာလင်းကို သွားကယ်ရမလား"

ကျိုးဟောင်ရန်က မျက်နှာတည်ဖြင့် ချက်ချင်း အမိန့်ပေးလိုက်သည်။ "နောက်က လိုက်သွား"

"ဟုတ်ကဲ့"

ယာဉ်ပျံမှူးက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး တံခါးကို အမြန်ပိတ်ကာ ယာဉ်ပျံကို ကမန်းကတန်း မောင်းနှင်လိုက်သည်။

ယာဉ်ပျံသည် လေခွင်းသံနှင့်အတူ လင်းယွမ်၏ အနောက်သို့ အရှိန်ပြင်းပြင်းဖြင့် လိုက်ပါသွားပြီး တိမ်တိုက်များထဲသို့ ထိုးဆင်းသွားလေသည်။

"ဝုန်း"

တိမ်တိုက်များထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးဟိန်းသံကြီးများနှင့် ကြုံတွေ့လိုက်ရသည်။

ကြောက်မက်ဖွယ် မိုးကြိုးမုန်တိုင်းသည် အဆက်မပြတ် မြည်ဟည်းနေပြီး ပတ်ဝန်းကျင်ရှိ လျှပ်စီးကြောင်းများမှာ မျက်စိကျိန်းလောက်သော အလင်းဘောလုံးကြီးများအလား အဆက်မပြတ် လင်းလက်သွားကြသည်။

လေထုထဲရှိ အီလက်ထရွန်များ အချင်းချင်း တိုက်မိကြသဖြင့် ပြင်းထန်သော အလင်းရောင်များ လင်းလက်လာသည်။

တစ်ခဏအတွင်းမှာပင် တိမ်တိုက်တစ်ခုလုံးသည် လင်းတစ်လှည့် မှောင်တစ်လှည့် ဖြစ်နေတော့သည်။

"ဆရာလင်းရော"

"ဘယ်မှာလဲ"

အားလုံးက လင်းယွမ်၏ ပုံရိပ်ကို အလောတကြီး ရှာဖွေလိုက်ကြသည်။

ရုတ်တရက် ကျိုးဟောင်ရန်က ရှေ့သို့ လှမ်းကြည့်လိုက်ရာ သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ကြောက်မက်ဖွယ် မိုးကြိုးတိမ်တိုက်များကြားတွင် လျှပ်စီးကြောင်းတစ်ခု ရုတ်တရက် လင်းလက်သွားသည်ကို မြင်လိုက်ရသည်။

ကျိုးဟောင်ရန်၏ မြင်ကွင်းထဲတွင် တိမ်တိုက်များကြားမှ ဧရာမ သတ္တဝါကြီးတစ်ကောင် ထွက်ပေါ်လာလေသည်။

ထိုသတ္တဝါကြီး၏ အရွယ်အစားမှာ အလွန်ကြီးမားလှပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပေနှစ်ရာကျော်ခန့်အထိ ရှိနေသည်။

ခြေတံလေးချောင်းဖြင့် တိမ်တိုက်များကြားတွင် မတ်တတ်ရပ်နေပြီး ကြောက်မက်ဖွယ် မိုးကြိုးများ အဆက်မပြတ် ပစ်ခတ်နေကာ လျှပ်စီးကြောင်းများက ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးဆီသို့ အရူးအမူး ဝင်ရောက်ရိုက်ခတ်နေကြသည်။

ဤကြောက်မက်ဖွယ် မိုးကြိုးများက ၎င်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ပြီး ပြင်းထန်စွာ ပေါက်ကွဲသွားပြီးနောက် မရေမတွက်နိုင်သော လျှပ်စီးကြောင်းများက ၎င်း၏ ခန္ဓာကိုယ်ကို ချက်ချင်း ရစ်ပတ်သွားကာ လျင်မြန်စွာ စုပ်ယူခြင်းကို ခံလိုက်ရသည်။

သို့သော် ဤမိုးကြိုးများက အလွန် သိပ်သည်းလွန်းလှသဖြင့် ရုတ်တရက် ကြည့်လိုက်ပါက ၎င်း၏ တစ်ကိုယ်လုံးတွင် လျှပ်စီးများ ဝန်းရံနေသည့်အလား ထင်မှတ်ရပြီး ၎င်း၏ ရွှေရောင်ချပ်ဝတ်တန်ဆာပေါ်တွင် အဆက်မပြတ် ပေါက်ကွဲနေကြသည်။

၎င်း၏ လည်ပင်းရှိ လည်ဆံမွေးများက ရိုင်းစိုင်းကြမ်းတမ်းစွာ လွင့်စဉ်နေပြီး ခေါင်းထက်ရှိ သန္တာကျောက်ပုံစံ ကျောက်စိမ်းရောင် ဦးချိုတစ်ခုတည်းမှ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးအလင်းတန်းများ ဖြာထွက်နေသည်။

"ဒါ... ဒါက... ဆရာလင်းပဲ"

ကျိုးဟောင်ရန်၏ မျက်နှာမှာ ထိတ်လန့်တုန်လှုပ်သွားပြီး မသိစိတ်မှပင် အသက်ရှူသံများ ပြင်းထန်လာခဲ့သည်။

ဘေးနားရှိ ယာဉ်ပျံမှူးက မနေနိုင်ဘဲ "ဆရာလင်း ဟုတ်လား... ဆရာလင်း ဘာလုပ်နေတာလဲ" ဟု မေးလိုက်သည်။

ကျိုးဟောင်ရန်၏ မျက်နှာတွင် မယုံနိုင်သည့် အမူအရာများ ထင်ဟပ်နေပြီး "သူက ခန္ဓာကိုယ်သက်သက်နဲ့ မိုးကြိုးမုန်တိုင်းကို အံတုနေတာပဲ"

ဆက်ရန်...

All Chapters