အခန်း ၈၀၀
Vol. 40 Ch. 800
အပိုင်း (၈၀၀) ရွှေမွေးခြင်္သေ့မိစ္ဆာ
ကျိုးဟောင်ရန်က ဤကမ္ဘာဂြိုဟ်တစ်ခုလုံးကို ဖုံးလွှမ်းထားသည့် ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးတိမ်တိုက်များကို လူတစ်ယောက်က ခန္ဓာကိုယ်သက်သက်ဖြင့် အံတုနိုင်လိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မတွေးဖူးခဲ့ချေ။
သိထားရမည်မှာ မိုးကြိုးတိမ်တိုက်များထဲတွင် မိုးကြိုးများသည် မီလီစက္ကန့်အလိုက် အဆက်မပြတ် ပေါက်ကွဲပစ်ခတ်နေခြင်း ဖြစ်သည်။
စက္ကန့်တိုင်းလိုလိုပင် မရေမတွက်နိုင်သော လျှပ်စီးမိုးကြိုးများက အောက်သို့ ပစ်ချနေ၏။
ထိုလျှပ်စီးများ၏ ဗို့အားသည် မက်ဂါအဆင့်ရှိ ကြောက်မက်ဖွယ် ဖျက်ဆီးနိုင်စွမ်းများ ဖြစ်ကြသည်။
ဤမိုးကြိုးများကို သာမန်သွေးသားခန္ဓာကိုယ်ဖြင့် အံတုနိုင်သောသူကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ယာဉ်ပျံများပင်လျှင် များပြားလှသော သင်္ကေတများဖြင့် စုစည်းထားသည့် အစီအရင်များကို အားကိုး၍သာ ဤကြောက်မက်ဖွယ် မိုးကြိုးမုန်တိုင်း၏ ပစ်ခတ်မှုကို ခံနိုင်ရည်ရှိခြင်း ဖြစ်သည်။
ထို့အပြင် ယာဉ်ပျံများပင်ဖြစ်လင့်ကစား မိုးကြိုးမုန်တိုင်းဇုန်ထဲသို့ ဝင်ရောက်ပြီးနောက် အမြန်ဆုံး အလျင်ဖြင့် ဖြတ်သန်းသွားမှသာ အဆင်ပြေနိုင်မည် ဖြစ်သည်။
အကြောင်းမှာ ယာဉ်ပျံ၏ အကာအကွယ်သည် ဤကြောက်မက်ဖွယ် မိုးကြိုးများကို ကာကွယ်ပေးနိုင်သည် ဆိုသော်ငြားလည်း...
အကာအကွယ်မှာ စွမ်းအင်ကျောက်တုံးများကို စားသုံးရသောကြောင့် ဖြစ်သည်။
အကယ်၍ များပြားသော စွမ်းအင်ကျောက်တုံးများ၏ ထောက်ပံ့မှု မရှိပါက အကာအကွယ် ရှိနေလျှင်တောင် ဤသို့ သိပ်သည်းလှသော မိုးကြိုးများ၏ ပစ်ခတ်မှုကြားတွင် ချက်ချင်းပင် ပျက်စီးသွားလိမ့်မည်။
ဆိုလိုသည်မှာ ယာဉ်ပျံက မိုးကြိုးတိမ်တိုက်များကို ဖြတ်သန်းနိုင်ခြင်းမှာ စွမ်းအင်ငြိမ် သင်္ကေတ၏ အာနိသင်ကြောင့် မိုးကြိုးမုန်တိုင်း၏ တိုက်ခိုက်မှုစွမ်းအားကို ညီမျှစွာ ခံနိုင်ရည်ရှိခြင်းအပြင် ပို၍ အရေးကြီးသော အကြောင်းရင်းမှာ စွမ်းအင်ငြိမ် သင်္ကေတ အစီအရင်က များပြားလှသော စွမ်းအင်ကျောက်တုံးများ၏ ထောက်ပံ့မှုကို အားကိုးနေရသောကြောင့် ဖြစ်သည်။
အကယ်၍ စွမ်းအင်ငြိမ် သင်္ကေတ အစီအရင်တစ်ခုတည်းမှ စုစည်းထားသော စွမ်းအင်အကာအကွယ် အလွှာတစ်ခုတည်းသာ ဆိုပါက မိုးကြိုးမုန်တိုင်းဇုန်ထဲသို့ ဝင်ရောက်လိုက်သည့် ခဏမှာပင် တိုက်ရိုက် ပျက်စီးသွားနိုင်ပေသည်။
အစီအရင်၏ စွမ်းအင် ထောက်ပံ့မှု လုံလောက်မှသာ ပျက်စီးသွားသော စွမ်းအင်အကာအကွယ်ကို ချက်ချင်း ပြန်လည်ပြုပြင်နိုင်ပြီး မိုးကြိုးတိမ်တိုက်များကြားတွင် ပျံသန်းကာ ယာဉ်ပျံ၏ လုံခြုံရေးကို ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။
သို့သော် ဆရာလင်းက ဘာကို အားကိုးနေသနည်း။
မည်သည့်အရာမျှ မရှိပေ။ အကာအကွယ်ကိုလည်း သူ မမြင်တွေ့ရဘဲ သာမန်သွေးသားခန္ဓာကိုယ်ဖြင့် မိုးကြိုးမုန်တိုင်းကို အံတုနေခြင်းသာ ဖြစ်သည်။
ထို့ကြောင့်ပင် ကျိုးဟောင်ရန်က မိမိ၏ မျက်လုံးများကိုပင် မယုံရဲလောက်အောင် လွန်စွာ ထိတ်လန့်အံ့သြနေရခြင်း ဖြစ်သည်။
"ဆရာလင်းရဲ့ အစွမ်းက ကျင်းရှီရုံထက် လုံးဝ မညံ့ဘူးပဲ"
"မဟုတ်ဘူး... ကျင်းရှီရုံထက်တောင် ပိုပြီး အစွမ်းထက်သေးတယ်"
"ကျင်းရှီရုံတောင် ဒီအဆင့်ထိ လုပ်နိုင်မှာ မဟုတ်ဘူး"
ကျိုးဟောင်ရန်၏ ရင်ထဲတွင် စိတ်လှုပ်ရှားသွားပြီး လင်းယွမ်၏ လက်အောက်သို့ ရောက်ရှိသွားခြင်းမှာ တကယ့်ကို ကံကောင်းခြင်းကြီးတစ်ခု ဖြစ်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
မုန်ယာကုမ္ပဏီဘက်တွင် သူသည် ပြည့်စုံလုံလောက်သော ရိက္ခာပစ္စည်းများကို ခံစားရမည် မဟုတ်သလို ဆရာလင်းကဲ့သို့ စွမ်းအားကြီးမားသော သခင်မျိုးကိုလည်း ရရှိနိုင်မည် မဟုတ်ပေ။
ထိုက်ယန်တောင်နှင့် မုန်ယာကုမ္ပဏီတို့ တကယ်တမ်း တိုက်ခိုက်ကြမည် ဆိုပါက မည်သူက ပိုအစွမ်းထက်မည်ဆိုသည်ကို အတိအကျ ပြော၍ မရနိုင်ကြောင်း သူ ရုတ်တရက် တွေးမိသွားသည်။
ယခုအချိန်တွင် လင်းယွမ်က ကျိုးဟောင်ရန်တို့၏ စိတ်ထဲမှ အတွေးများကို သိရှိနိုင်ခြင်း မရှိပေ။
သူသည် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို စောစီးစွာကတည်းက ဖွင့်လှစ်ထားပြီး ္ဆ"ရွှေမွေးခြင်္သေ့မိစ္ဆာ" သဏ္ဌာန် ပြောင်းလဲကာ တိမ်တိုက်များကြားတွင် ရပ်တန့်နေသည်။
ပတ်ဝန်းကျင်မှ မိုးကြိုးများက သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သားမွေးချပ်ဝတ်ကို ပစ်ခတ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက သူ၏ ကြွက်သားများကို အဆက်မပြတ် စုတ်ဖြဲဖျက်ဆီးနေကြ၏။
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး ဤနာကျင်မှုကို အတင်းအကြိတ် သည်းခံထားလိုက်သည်။
"ရွှေအကြေးခွံ လျှပ်စီးမျို"
လင်းယွမ်က ခပ်တိုးတိုး ဟိန်းဟောက်လိုက်ပြီး ္ဆ"ရွှေမွေးခြင်္သေ့မိစ္ဆာ္ဆ" ၏ ပင်ကိုယ်အစွမ်းကို တိုက်ရိုက် လှုံ့ဆော်လိုက်လေသည်။
ချက်ချင်းပင် တစ်ကိုယ်လုံးရှိ ရွှေရောင် အကြေးခွံများ လင်းလက်လာပြီး သူ၏ ခန္ဓာကိုယ်ကို ပစ်ခတ်နေသော မိုးကြိုးအားလုံးမှာ အကြေးခွံများ၏ မျိုချခြင်းကို ခံလိုက်ရကာ သန့်စင်သော စွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး စုတ်ပြဲနေသော ကြွက်သားများဆီသို့ အလွန် လျင်မြန်သော အလျင်ဖြင့် စီးဝင်သွားကာ သူ၏ ခန္ဓာကိုယ်ကို စတင် ကုသပေးတော့သည်။
"ရွှေအကြေးခွံ လျှပ်စီးမျိုဆိုတာ တကယ်တော့... ဒီမိုးကြိုးတွေကို မျိုချ မိုးကြိုးစွမ်းအင်ကို စုပ်ယူပြီး... ငါ့ခန္ဓာကိုယ်ကို အားဖြည့်ပေးမယ့် စွမ်းအင်အဖြစ် ပြောင်းလဲပေးတာကိုး"
"တစ်ချိန်တည်းမှာပဲ ကြွက်သားတွေ စုတ်ပြဲသွားတာနဲ့ ပြန်လည်ကောင်းမွန်လာတဲ့ ဖြစ်စဉ်က တကယ်တော့ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးတဲ့ ဖြစ်စဉ်ပဲ"
"ဒါကြောင့်လည်း ရွှေအကြေးခွံ လျှပ်စီးမျို ရဲ့ ပင်ကိုယ်အစွမ်း ဖော်ပြချက်မှာ... ကောင်းကင်မိုးကြိုးကို မျိုချနိုင်ရုံတင်မကဘဲ ခန္ဓာကိုယ်ကို အားဖြည့်ပေးတဲ့ အာနိသင်ပါ ပါဝင်နေတာ"
လင်းယွမ်က ရယ်မောလိုက်ပြီး သူ၏ အရိပ်က တစ်ချက် လျှပ်ခနဲ ဖြစ်သွားကာ မိုးကြိုးတိမ်တိုက်များကြားတွင် တိုက်ရိုက် လျင်မြန်စွာ ပြေးလွှားသွားလေသည်။
ကြောက်မက်ဖွယ် ရွှေအကြေးခွံ၏ မိုးကြိုးမျိုချနိုင်စွမ်းကို အားကိုး၍ လင်းယွမ်သည် မိုးကြိုးတိမ်တိုက်များထဲရှိ ကြောက်မက်ဖွယ် ဖျက်ဆီးနိုင်စွမ်းကို လျစ်လျူရှုထားနိုင်ကာ မိုးကြိုးတိမ်တိုက်များအတွင်း လွတ်လပ်စွာ အသွားအလာ ပြုလုပ်နိုင်နေပြီ ဖြစ်သည်။
"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ၇၄% ရှိတဲ့ ရွှေမွေးခြင်္သေ့မိစ္ဆာက... ငါ့ကို မိုးကြိုးတိမ်တိုက်တွေကြားမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်အောင် အပြည့်အဝ လုပ်ပေးနိုင်နေပြီပဲ"
"ငါက ယာဉ်ပျံကို အားကိုးစရာမလိုဘဲ ကောင်းကင်ကို တက်ပြီး မြေကြီးထဲ ဝင်နိုင်နေပြီ"
"ဒါပေမဲ့ လက်ရှိ ခံစားချက်အရ ကြည့်မယ်ဆိုရင်... တခြားအမျိုးအစား မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း သဏ္ဌာန်တွေကတော့... မိုးကြိုးတိမ်တိုက်တွေရဲ့ စွမ်းအားကို ခံနိုင်ဖို့ အခွင့်အလမ်း သိပ်မများသေးဘူး"
လင်းယွမ်သည် မိုးကြိုးမုန်တိုင်း၏ ကြောက်မက်ဖွယ် စွမ်းအားကို စိတ်ထဲမှ ခံစားကြည့်လိုက်သည်။ ဤတစ်ကြိမ် ကြောက်မက်ဖွယ် မိုးကြိုးမုန်တိုင်းကို ခံနိုင်ရည်ရှိခဲ့ခြင်းမှာ သူ၏ ရွှေမွေးခြင်္သေ့မိစ္ဆာ မျိုးရိုးဗီဇသဏ္ဌာန်က မိုးကြိုးကို အံကိုက် နှိမ်နှင်းနိုင်သောကြောင့် ဖြစ်ကြောင်း သူ ကောင်းကောင်း သိထားသည်။
သို့သော် အခြား မျိုးရိုးဗီဇသဏ္ဌာန်များမှာမူ လျှပ်စီးမိုးကြိုးကို ကာကွယ်နိုင်စွမ်း သိပ်မရှိသဖြင့် ဤမျှ သိပ်သည်းသော မိုးကြိုးမုန်တိုင်းကြားတွင် အသက်ရှင်သန်နိုင်ရန် အလွန် ခဲယဉ်းပေလိမ့်မည်။
"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းက ၁၀၀% ဒါမှမဟုတ် ၉၀% အထက် ရောက်သွားရင်ရော ခံနိုင်ရည်ရှိမလား မသိဘူး"
လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းကြည့်လိုက်သည်။ သူ၏ ခန့်မှန်းချက်အရ ကြယ်စင်နတ်ဘုရား အဆင့်ရှိ မျိုးရိုးဗီဇသဏ္ဌာန်ဆိုလျှင် မိုးကြိုးတိမ်တိုက်များကြားတွင် သေချာပေါက် လွတ်လပ်စွာ သွားလာနိုင်မည် ဖြစ်သည်။
ထိုအချိန်ရှိ မျိုးရိုးဗီဇသဏ္ဌာန်၏ ခန္ဓာကိုယ်သည် မှန်းဆ၍ မရနိုင်လောက်သည့် အဆင့်အထိ ရောက်ရှိနေလောက်ပြီ ဖြစ်ရာ ဤမျှလောက် မိုးကြိုးမုန်တိုင်းလေးက သူ့ကို ထိခိုက်စေနိုင်မည် မဟုတ်တော့ပေ။
အလွန် လျင်မြန်သော အလျင်ဖြင့် ပြေးလွှားနေစဉ်မှာပင် လင်းယွမ်က မိုးကြိုးတိမ်တိုက်များကို ဖြတ်ကျော်ကာ ရေလွှမ်းမိုးနေသော ကမ္ဘာကြီးဆီသို့ ရောက်ရှိလာခဲ့သည်။
ရေလွှမ်းမိုးနေသော ကမ္ဘာကြီးထဲတွင် မိုးကြိုးများ မိုးပေါက်များနှင့်အတူ ရှိနေဆဲပင်။ နှင်းရေခဲများ အရည်ပျော်သွားပြီးနောက် ကြီးမားသော နှင်းပွင့်များမှာ သည်းထန်စွာ ရွာသွန်းသော မိုးပေါက်များအဖြစ် ပြောင်းလဲသွားပြန်သည်။
လင်းယွမ်၏ မျက်စိတစ်ဆုံးတွင်မူ အဆုံးအစမရှိသော ပင်လယ်ပြင်ကြီးသာ ရှိနေ၏။
ရေပြင်ပေါ်တွင် မျောပါနေသော အမှိုက်သရိုက်များအပြင် ကွဲကြေနေသော ရေခဲတုံးများလည်း များစွာ ရှိနေသည်။
တစ်ခါတစ်ရံတွင် ကြောက်မက်ဖွယ် ဧရာမ သန္ဓေပြောင်း သတ္တဝါကြီးအချို့က ရေထဲမှ ခေါင်းပြူထွက်လာတတ်သလို လေထဲသို့ ပျံတက်လာကာ ရေပြင်ပေါ်သို့ ခုန်ထွက်လာတတ်ကြသည်။
၎င်းတို့သည် ရှည်လျားလှသော ဆောင်းရာသီ ကုန်ဆုံးသွားပြီး နောက်ဆုံးတွင် လေထွက်ရှူခွင့် ရသွားသည့်အတွက် အောင်ပွဲခံနေကြပုံရသည်။
"ဒီရေခဲတွေ အရည်ပျော်တာ ဒီလောက်မြန်မယ် မထင်ဘူး... ရာသီဥတုက ဒီလောက် အေးနေသေးတာကို"
"ဒါလည်း ဟုတ်တာပဲ... ရေခဲအရည်ပျော်ဖို့ အပူငွေ့ လိုတယ်လေ... အခုက အအေးဆုံးအချိန် ဖြစ်နေတာကိုး"
"ရေမျက်နှာပြင် ဘယ်လောက်တောင် တက်လာလဲ မသိဘူး... ထိုက်ယန်တောင်ရော အခု ဘယ်လို အခြေအနေ ရှိနေမလဲ"
"ဝှစ်"
လေခွင်းသံတစ်ခု ထွက်ပေါ်လာပြီးနောက် ယာဉ်ပျံတစ်စင်းက တိမ်တိုက်များကို အလွန် လျင်မြန်စွာ ဖြတ်သန်းကာ လင်းယွမ်၏ ဘေးသို့ ချက်ချင်း ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်၏ ဧရာမ ရွှေမွေးခြင်္သေ့မိစ္ဆာ သဏ္ဌာန်ကြီးသည် ယာဉ်ပျံဘေးတွင် ရှိနေသည့်အခါ ထိုယာဉ်ပျံမှာ ကလေးကစားစရာတစ်ခုလိုပင် သေးငယ်သွားလေသည်။
"ဆရာလင်း... အဆင်ပြေရဲ့လားဗျ"
ယာဉ်ပျံထဲမှ ကျိုးဟောင်ရန်က အသံကျယ်ကျယ်ဖြင့် လှမ်းအော်လိုက်သည်။
လင်းယွမ်၏ အရိပ်က တစ်ချက် လှုပ်ခါသွားပြီးနောက် ပုံမှန် လူသားသဏ္ဌာန်သို့ ပြန်လည်ပြောင်းလဲသွားကာ ယာဉ်ပျံဆီသို့ ပျံသန်းသွားလေသည်။
အခန်းတံခါး ပွင့်သွားပြီးနောက် သူက ယာဉ်ပျံအတွင်းပိုင်းသို့ ဝင်ရောက်လိုက်ကာ "ငါ အဆင်ပြေပါတယ်... ထိုက်ယန်တောင်ကို ပြန်ကြတာပေါ့"
ကျိုးဟောင်ရန်က စိတ်လှုပ်ရှားစွာဖြင့် "ဟုတ်ကဲ့ပါ"
ယာဉ်ပျံက အလျင်အမြန် ခေါင်းလှည့်လိုက်ပြီး ထိုက်ယန်တောင်ဆီသို့ ပျံသန်းသွားလေသည်။
ကျိုးဟောင်ရန်က မနေနိုင်ဘဲ မေးလိုက်သည်။ "ဆရာလင်း... ခုနက ဆရာ့ရဲ့ သာမန်သွေးသားခန္ဓာကိုယ်နဲ့ တိမ်တိုက်တွေကို ဖြတ်ကျော်ခဲ့တာလား"
"အင်း"
"ဆရာလင်းက အရမ်းစွမ်းတာပဲဗျာ... ကျွန်တော် သိသလောက်ဆိုရင် ယွီကျိုးပြည်နယ်မှာ ဒီလိုလုပ်နိုင်တဲ့လူ တစ်ယောက်မှ မရှိသလောက်ပဲ... မုန်ယာကုမ္ပဏီက ကျင်းရှီရုံပဲ ဖြစ်ဖြစ်... ခိုက်ရီနည်းပညာက ဂျိမ်းစ်ပဲ ဖြစ်ဖြစ် ဘယ်သူမှ ဒီအဆင့်ထိ လုပ်နိုင်မှာ မဟုတ်ဘူး"
လင်းယွမ်က ပြုံးလိုက်ပြီး "နတ်ဘုရားနိုင်ငံတော်ကရော"
"အာ... နတ်ဘုရားနိုင်ငံတော်က ယွီကျိုးပြည်နယ်ရဲ့ အမြောက်ဘက်ဆုံးမှာ ရှိတာ... အဲဒီဘက်က အခြေအနေကိုတော့ ကျွန်တော် သိပ်မသိဘူးဗျ"
"ဒါပေမဲ့ ကျွန်တော့်အထင်တော့ ဆရာ့လို စွမ်းအားရှင်မျိုး ထပ်ရှိနိုင်မှာ မဟုတ်တော့ပါဘူး"
လင်းယွမ်က ရယ်မောရင်း ခေါင်းခါယမ်းလိုက်သည်။ "အဲဒီလိုတော့ မတွေးနဲ့... လူသားတွေရဲ့ ပုန်းကွယ်နေတဲ့ စွမ်းရည်က မင်းနဲ့ ငါ တွေးထားတာထက် အများကြီး ကျော်လွန်တယ်"
"ငါတို့ဒီဘက်က ရေလွှမ်းမိုးမှုကို အစောဆုံး ခံခဲ့ရတာလေ... အစောပိုင်းကတည်းက အားသာချက်တွေကို ဆုံးရှုံးခဲ့ရတယ်... ဒါပေမဲ့ မြောက်ဘက်ကတော့ မတူဘူး"
"ဟိုဘက်မှာ အဆင့်မြင့် သိပ္ပံစက်ပစ္စည်းတွေ ရှိတယ်... ပထဝီအနေအထားအရလည်း ပိုမြင့်တဲ့ အားသာချက် ရှိတယ်... မင်းတို့ ယွီကျိုးဘက်လိုမျိုးပေါ့... ငါတို့ဒီဘက်မှာ ရေနစ်နေတာ တစ်လ နှစ်လလောက် ကြာမှ မင်းတို့ဘက် ရေရောက်လာတာလေ"
"ဒီတစ်လ နှစ်လ အချိန်လေးက မင်းတို့ဆီက နည်းပညာကုမ္ပဏီတွေ အစိုးရဌာနတွေကို အချိန်မီ တုံ့ပြန်နိုင်စေခဲ့ပြီး... ပိုမြင့်တဲ့ နေရာတွေဆီ ပြောင်းရွှေ့နိုင်စေခဲ့တယ်... သိပ္ပံစက်ပစ္စည်းတွေ ရိက္ခာပစ္စည်း အမျိုးမျိုးကိုလည်း ပိုပြီး သိမ်းဆည်းနိုင်ခဲ့တယ်... အဲဒါကြောင့် မင်းတို့ရဲ့ တိုးတက်မှုနှုန်းက ငါတို့ထက် ဒီလောက် အများကြီး ပိုမြန်နေတာပေါ့"
ကျိုးဟောင်ရန်က ခေါင်းကုတ်လိုက်ပြီး "ကျွန်တော်လည်း ကျွန်တော်တို့ဘက်က ဘယ်လောက် မြန်သွားလဲဆိုတာ သိပ်မခံစားမိပါဘူးဗျာ... ကျွန်တော်တို့ ယာဉ်ပျံကို တီထွင်နိုင်ခဲ့တာကလည်း လင်ကျောင်းဘက်ထက် နှစ်ဝက်လောက်ပဲ ပိုစောတာပါ"
လင်းယွမ်က ပြုံးလိုက်သည်။ "နှစ်ဝက်ဆိုတာ မကြာသေးဘူးလား... မင်းသိလား... လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက ငါတို့ဆီမှာ လှေတစ်စင်း တည်ဆောက်ဖို့တောင် တော်တော် ခက်ခဲခဲ့ရတာ"
"နောက်ထပ် နှစ်ဝက်လောက် နောက်ဆုတ်ကြည့်ရင် ငါတို့ အသက်ရှင်ရပ်တည်ဖို့တောင် ပြဿနာ ဖြစ်နေခဲ့တာ"
သူတို့နှစ်ယောက် ရယ်ရယ်မောမော စကားပြောနေကြစဉ် မကြာမီမှာပင် လေယာဉ်မှူးက လှမ်းအော်လိုက်သည်။ "ဆရာလင်း... ထိုက်ယန်တောင်ကို ရောက်ပါပြီ"
လင်းယွမ်က ပြတင်းပေါက်အပြင်ဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်ရာ ရုတ်တရက် ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။
မူလက ရေမျက်နှာပြင်ထက် ပေ ၆၅၀ ကျော်ခန့် မြင့်မားသော ထိုက်ယန်တောင်သည် ယခုအချိန်တွင် ပေ ၂၃၀ ကျော်ခန့်သာ ကျန်ရှိတော့သည်။
တောင်ပေါ်တွင် တောင်ထိပ်ရှိ ကိုးဝူမျှော်စင်ကိုသာ မြင်တွေ့နိုင်တော့ပြီး အခြားသော ထိုက်ယန်တောင် ဈေးဝယ်စင်တာ ကဲ့သို့ နေရာများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ရေပေါ်တံတားသည်လည်း လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်ပြီး ဘေးဘက်ရှိ အနည်းငယ် နိမ့်သော မိန်တောင်မှာမူ ပေ ၆၀ ကျော်ခန့်သာ ရေပြင်ပေါ်တွင် ပေါ်နေတော့သည်။
ပျံသန်းနိုင်သော သန္ဓေပြောင်း သတ္တဝါအချို့က ကျန်ရှိနေသော တောင်ထိပ်များပေါ်တွင် နားခိုနေကြသည်ကို မြင်တွေ့နိုင်သည်။
ကုန်းနေရေနေ သန္ဓေပြောင်း သတ္တဝါအချို့လည်း ထိုအပေါ်တွင် ရှင်သန်နေထိုင်နေကြပုံရသည်။
ဤမြင်ကွင်းကို ကြည့်ရင်း လင်းယွမ်၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးသွားလေသည်။
ကိုးဝူမျှော်စင်ဘက်တွင် မီးခိုးငွေ့အချို့ တက်လာသည်ကို ဝေဝေဝါးဝါး မြင်တွေ့နေရဆဲပင်။
လင်းယွမ်က မနေနိုင်ဘဲ မေးလိုက်သည်။ "အခု ကိုးဝူမျှော်စင်ဘက်မှာ ငါတို့လူတွေ ရှိနေသေးလား"
"ရှိတယ်ဗျ... လောလောဆယ် အဲဒီဘက်မှာ တပ်ဖွဲ့တစ်ဖွဲ့ တပ်စွဲထားသေးတယ်... အဓိကကတော့ လက်စသတ်စရာ ကိစ္စတချို့ကို တာဝန်ယူထားတာပါ"
ကျိုးဟောင်ရန်သည် ထိုက်ယန်တောင်သို့ ဝင်ရောက်လာသည်မှာ မကြာသေးဘဲ အချိန်ပြည့် ပျံသန်းနိုင်သော ငါးလိပ်စွန်ကျွန်းပေါ်ရှိ ကိစ္စများကိုသာ တာဝန်ယူထားရသော်လည်း သူသည် ထိုက်ယန်တောင်သို့ အကြိမ်ပေါင်းများစွာ လာရောက်ခဲ့ဖူးသဖြင့် ထိုက်ယန်တောင်ဘက်ရှိ အခြေအနေများကို အတော်လေး သိရှိထားသည်။
မကြာမီ ယာဉ်ပျံက ထိုက်ယန်တောင်၏ ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့သည်။
ယခုအချိန်ရှိ ထိုက်ယန်တောင်၏ တောင်ထိပ်တွင် ကြီးမားသော နေရာလွတ် မရှိတော့ပေ။
ကိုးဝူမျှော်စင်၏ ဘေးဘက်တွင် ပလက်ဖောင်းတစ်ခုကို ပြင်ဆင်ထားပြီး အသေးစား ယာဉ်ပျံအချို့ကို ရပ်နားထားသည်။
ယခုအချိန်တွင် လူဆယ်ယောက်ကျော်ခန့်က ကိုးဝူမျှော်စင်၏ နားနေဆောင်ထဲတွင် ရပ်နေကြပြီး ကောင်းကင်ဘက်သို့ လှမ်းကြည့်နေကြသည်။
လင်းယွမ်တို့၏ ယာဉ်ပျံကို မြင်လိုက်ရသောအခါ ထိုကိုးဝူမျှော်စင်ထဲမှ ဝမ်းသာအားရ အသံတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။
"အစ်ကိုလင်းယွမ် ပြန်လာတာ သေချာတယ်"
"အမ... ကျွန်တော့်ကိုလည်း စောင့်ပါဦး"
တုံယန်က ကိုယ်ကို ပင့်မြှောက်လိုက်ပြီး ယာဉ်ပျံဆီသို့ လေထဲမှ ပျံသန်းသွားသည်ကို တွေ့လိုက်ရသည်။
သူမ၏ နောက်တွင် လူငယ်တစ်ယောက်က နားနေဆောင်ထဲမှ လိုက်ပါလာခဲ့သည်။
သူ၏ ခြေဖဝါးအောက်တွင် လျှပ်စီးများ တောက်ပနေပြီး ခန္ဓာကိုယ်တွင် စက်ရုပ်ချပ်ဝတ်ကို ဝတ်ဆင်ထားကာ သံမဏိလူသားအလား ဝှစ်ခနဲ လိုက်ပါလာ၏။
လင်းယွမ်က အခန်းတံခါးကို ဖွင့်ကာ ယာဉ်ပျံပေါ်မှ ထွက်လာသည်နှင့် သူတို့နှစ်ဦးကို မြင်တွေ့လိုက်ရသဖြင့် မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
"ယန်ယန်... တုံကျဲ... မင်းတို့က ဘယ်လိုလုပ် ဒီကို ရောက်နေကြတာလဲ"
တုံယန်က ဝမ်းသာအားရဖြင့် လင်းယွမ်၏ ရှေ့သို့ ပြေးသွားကာ သူ့ကို ဆွဲ၍ တစ်ပတ်လှည့်လိုက်ပြီး ဖက်ထားလိုက်သည်။ "အစ်ကိုလင်းယွမ်... ညီမတို့အားလုံး အစ်ကိုကို စိတ်ပူနေကြတာ... အစ်ကို ထွက်သွားတာ ဆယ့်ငါးရက်ကျော်တောင် ရှိနေပြီလေ... အမမေနဲ့ အမဝမ်တို့လည်း နေ့တိုင်း မျက်နှာမကောင်းကြဘူး"
တုံကျဲက ပါးစပ်ကိုအုပ်၍ ခိုးရယ်လိုက်ပြီး ဟီးဟီးဟားဟားဖြင့် "ယောက်ဖ... ကျွန်တော့်အစ်မလည်း ခင်ဗျားကို စိတ်ပူနေတာဗျ"
လင်းယွမ်က ချက်ချင်း ရယ်မောလိုက်ပြီး တုံယန်၏ ကျောကို ဖွဖွလေး ပုတ်ပေးကာ "စိတ်ချပါကွာ... ငါ ဘာမှမဖြစ်ပါဘူး... အခု ဒီမှာ အကောင်းကြီး ရှိနေတာပဲ မဟုတ်လား"
"လေပေါ်ကျွန်းကို အခုမှ သိမ်းပိုက်ထားနိုင်တာဆိုတော့ လုပ်စရာကိစ္စတွေ တော်တော်များနေလို့ ငါ အပေါ်မှာ အချိန်နည်းနည်း ကြာသွားတာပါ... နင်တို့ကို စိတ်ပူစေမိပြီ"
ထိုသို့ပြောရင်း သူက ခပ်တိုးတိုး ရယ်မောလိုက်သည်။ "တုံကျဲ ဒီကောင်လေး နင့်ကို ခိုးရယ်နေတယ်"
တုံယန်၏ မျက်နှာလေး ချက်ချင်း နီရဲသွားပြီး ခေါင်းလှည့်ကာ တုံကျဲကို စိုက်ကြည့်လိုက်သည်။ "ငါ့ဘာသာ လာခဲ့မယ်လို့ ပြောသားပဲ... နင်က အတင်းလိုက်လာပြီး နင့်ရဲ့ ချပ်ဝတ်ကို ကြွားချင်နေတာ မဟုတ်လား"
တုံကျဲက တဟီးဟီး ဆက်ရယ်နေပြီးနောက် လင်းယွမ်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် "ယောက်ဖ... ကျွန်တော့်ရဲ့ ချပ်ဝတ်ကို ကြည့်ပါဦး... ဒါက ဓာတ်ငါးပါး ကင်းစောင့်စက်ရုပ်ကို အခြေခံပြီး ကျွန်တော့်ဘာသာ လေ့လာတီထွင်ထားတဲ့ ချပ်ဝတ်လေ"
"သူက ကင်းစောင့်စက်ရုပ်ရဲ့ အစွမ်းပြောင်းလဲနိုင်တဲ့ စွမ်းရည် ပါဝင်ရုံတင်မကဘဲ... ချပ်ဝတ်ရဲ့ အစိတ်အပိုင်းတွေကိုလည်း အဆက်မပြတ် လဲလှယ်နိုင်သေးတယ်ဗျ"
လင်းယွမ်က အံ့သြသွားပြီး "မင်းရဲ့ ဒီစက်ရုပ်ချပ်ဝတ်က ဘာထူးခြားချက်တွေ ရှိလို့လဲ"
"သေချာပေါက် ရှိတာပေါ့ဗျ... သူ့ရဲ့ အကြီးမားဆုံး ထူးခြားချက်က တစ်ကိုယ်တော် စီးနင်းပျံသန်းနိုင်တဲ့ ကိရိယာပဲ... တစ်ယောက်တည်း ပျံသန်းနိုင်ပြီး ခရီးဝေး သွားလာနိုင်တဲ့ အားသာချက်တွေ ရှိတယ်"
"အခုဆိုရင် ထုတ်လုပ်နေပြီ... ကျွန်တော်တို့ရဲ့ လေဟုန်စီးသူရဲကောင်းတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးတပ်ရင်းကို အသုံးပြုဖို့ ပေးထားတယ်"
"ဘယ်လိုပဲဖြစ်ဖြစ် အစွမ်းပိုင်ရှင်တွေက အစွမ်းသက်သက်ကို အားကိုးပြီး ခရီးသွားရတာလည်း အရမ်း ပင်ပန်းတယ်လေ"
"စက်ရုပ်တွေကျတော့လည်း စခန်းနဲ့ အရမ်းဝေးသွားတာနဲ့ အဝေးကနေ အမိန့်ပေးတာတွေကို မလုပ်ဆောင်နိုင်တော့ဘဲ လှုပ်ရှားနိုင်စွမ်း အားနည်းသွားတယ်"
"ဒီစက်ရုပ်ချပ်ဝတ် ရှိလာတော့ ကျွန်တော်တို့လူတွေ ပိုဝေးတဲ့ နေရာတွေအထိ သွားရောက်စူးစမ်းနိုင်သွားပြီပေါ့"
"ရှိသေးတယ်... ရှိသေးတယ်... ကျွန်တော်က နိချီရဲ့ သုမာရု ဟင်းလင်းပြင် အစွမ်းနဲ့ ပေါင်းစပ်ပြီး ဟင်းလင်းပြင် ဆေးတောင့်ကိုပါ တီထွင်ထားသေးတယ်"
"ချပ်ဝတ်ဝတ်ဆင်ထားတဲ့ သူတွေက ချပ်ဝတ်ကို ချွတ်လိုက်ပြီးတာနဲ့ ချပ်ဝတ်ကို လက်ပတ်နာရီလေးလောက် သေးငယ်သွားအောင် လုပ်ပြီး လက်မှာ ပတ်ထားလို့ရတယ်... အဲဒီလိုဆိုတော့ ပိုအဆင်ပြေပြီး ရိုးရှင်းသွားတာပေါ့"
လင်းယွမ်က ရယ်မောလိုက်ပြီး သူ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ "မဆိုးဘူး... တော်တော်လေး တီထွင်ဉာဏ် ကောင်းတာပဲ"
"ဟီးဟီး"
"အစ်ကိုလင်းယွမ်... ညီမတို့ရဲ့ အိမ်က ရေနစ်သွားပြီ... ဈေးဝယ်စင်တာလည်း မရှိတော့ဘူး... ညီမရဲ့ ပိုးစာပင်တောအုပ်လေးလည်း မရှိတော့ဘူး"
တုံယန်က မျက်ရည်ဝဲလျက် လင်းယွမ်၏ လက်မောင်းကို ဖက်ကာ ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။
လင်းယွမ်လည်း ရေနစ်နေသော ထိုက်ယန်တောင်ကို လှမ်းကြည့်လိုက်သည်။ မူလက သူတို့၏ မှန်လုံအိမ်၊ ဈေးဝယ်စင်တာ၊ မီးဝါးတော စသည့် နေရာအားလုံးမှာ ရေလွှမ်းမိုးမှုအောက်တွင် လုံးဝ နစ်မြုပ်သွားခဲ့ပြီ ဖြစ်သည်။
ယခုအချိန်တွင် မျက်စိတစ်ဆုံး မြင်တွေ့နေရသည်မှာ ပင်လယ်ပြင်ကြီးသာ ဖြစ်ပြီး ရေစီးသံများသာ တိတ်ဆိတ်စွာ ထွက်ပေါ်နေသည်။
ပြောပြ၍မရနိုင်လောက်အောင် အထီးကျန်ဆန်ပြီး ကင်းကွာနေသလို ခံစားရသည်။
အရင်က စည်ကားခဲ့သော ထိုက်ယန်တောင်၊ သူ ကိုယ်တိုင် ဖန်တီးတည်ဆောက်ခဲ့သော မီးဝါးတော ခိုလှုံရေးစခန်း... အရာအားလုံးက လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး ရေပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
လင်းယွမ်၏ ရင်ထဲတွင်လည်း ယူကြုံးမရ ဝမ်းနည်းမှုလေးတစ်ခု ဖြစ်ပေါ်လာခြင်းကို ရှောင်လွှဲ၍ မရနိုင်ခဲ့ပေ။
ဆက်ရန်...
နောက်တစ်အုပ်မှာတော့... လင်းယွမ်တို့မုန်ယာကုမ္ပဏီနဲ့ဘာဆက်ဖြစ်ကြမလဲ၊ ခိုက်ရီနည်းပညာကရော ရန်သူလား မိတ်ဆွေလား၊ ကျန်တဲ့ နတ်ဘုရားနိုင်ငံတော်ဆိုတာကရော၊ သူတို့တွေရဲ့ အဓိက အကြံအစီကဘာလဲ၊ မျိုးရိုးဗီဇပြန်လည်ဖွဲ့စည်းခြင်းနှုန်းက ၁၀၀ ရာခိုင်နှုန်းရောက်သွားရင် ဘာဆက်ဖြစ်မလဲ၊ တစ်ကယ်ပဲ ကမ္ဘာအပြင်ထွက်လို့ရမှာလား စတာတွေကိုဆက်ပြီးစောင့်မျှော်အားပေးကြပါဦးနော်။