← Chapters

အခန်း ၉၁

Vol. 10 Ch. 91

အခန်း ၉၁

Vol. 10 Ch. 91

အခန်း (၉၁) ရန်သူ့စခန်းမှ မိစ္ဆာပညာရှင် ပေါ်ထွက်လာခြင်း

ရှောင်ရှန်း တစ်ယောက် ကုတင်ပေါ်တွင် ခြေပစ်လက်ပစ် လဲလျောင်းရင်း စောင်ကို ခေါင်းမြီးခြုံထားကာ ၊ လောကကြီးကို စိတ်ကုန်နေသည့် ပုံစံမျိုးဖြင့် ရှိနေ၏။

သွားပြီ…

အကုန်ကုန်ပြီ….

သူ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် အပင်ပန်းခံ တည်ဆောက်ထားခဲ့သော “အသုံးမကျသူ” ပုံရိပ်သည် သူကိုယ်တိုင် ခြေချော်လဲခဲ့သည့် အချက်ကြောင့် တစ်စစီ ပျက်စီးသွားခဲ့ချေပြီ။

ယခုအခါ တစ်တပ်လုံးက သူ့အား အနာဂတ်ကို ကြိုမြင်နေသည့် နတ်ဘုရားတစ်ပါးလို သတ်မှတ်နေကြပြီး၊ ချင်ချန်း လို သံမဏိလူသားကြီးကတောင် သူ့ကို ထူးဆန်းစွာဖြင့် ကြည့်နေပြီ ဖြစ်သည်။

ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက၊ နန်းချခံရဖို့ နေနေသာသာ သူ၏ ဖခမည်းတော်ကြီး ကိုယ်တိုင် မိမိအား “ကောင်းကင်ဘုံမှ ရွေးချယ်ထားသူ” ဟု စာတန်းကြီးထိုးကာ ထီးနန်အား ချက်ချင်း လွှဲပြောင်းပေးမည်ကို စိုးရိမ်မိသည်။

“မဖြစ်ဘူး ၊ လုံးဝ မဖြစ်ဘူး”

ရှောင်ရှန်းသည် ကုတင်ပေါ်မှ ဝုန်းခနဲ ထထိုင်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် ယခင်ကနှင့်မတူသော ပြတ်သားမှုများဖြင့် တောက်ပနေ၏။

သူသည် ဤကဲ့သို့ “အမှတ်မထင်” အကျိုးဆောင်နေလို့ မဖြစ်တော့ပေ။ သူ့အနေဖြင့် တက်တက်ကြွကြွနှင့် အမှားတစ်ခုခု လုပ်ပြမှသာလျှင်၊ သူ၏ ပြိုလဲလုနီးပါး ဖြစ်နေသည့် “အသုံးမကျသူ” ပုံရိပ်ကြီးကို ပြန်လည် ဆယ်တင်နိုင်ပေတော့မည်။

“ ရှောင်သယ့်ဇီ ”

သူသည် အသံကို နှိမ့်ကာ သူ၏ ကိုယ်ရံတော် မိန်းမစိုးလေးကို အနားသို့ လှမ်းခေါ်လိုက်သည်။

“မင်း ပြောကြည့်စမ်း... ငါ အခု အပြင်ကို ပြေးထွက်ပြီး ရေအေးအေးနဲ့ ချိုးမယ်၊ ပြီးတော့ လေတိုက်တဲ့ နေရာမှာ တစ်ညလုံး နေမယ်ဆိုရင် ဖျားဖို့ အခွင့်အလမ်း ရှိလောက်မလား ”

ရှောင်သယ့်ဇီခမျာ လန့်ဖျပ်သွားကာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွား၏။

“အရှင့်သား အဲလို မလုပ်ပါနဲ့ ၊ အရှင်သာ နာမကျန်း ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”

“နာမကျန်း ဖြစ်တော့ ပိုကောင်းတာပေါ့”

ရှောင်ရှန်း၏ မျက်လုံးများမှာ တောက်ပသွားသည်။

“အကောင်းဆုံးကတော့ ကုတင်ပေါ်ကနေ မထနိုင်တဲ့အထိ ဖျားဖို့ပဲ… အဲ့လိုသာဆို ငါက နာမကျန်းဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြို့တော်ကို ပြန်လို့ရပြီ၊ ဒီလိုနေရာမျိုးမှာ ထပ်ပြီး ကြောက်လန့်နေစရာ မလိုတော့ဘူး”

သူသည် အားလုံးကို အစီအစဉ် ဆွဲထားပြီး ဖြစ်သည်။

မြို့တော်ကို ပြန်ရောက်သည်နှင့် ၊ သူသည် ယခင်ကလို အရက်နှင့် အမျိုးသမီးများကြား နစ်မွန်းပြပေမည်။

ဤစစ်မြေပြင်တွင် “ကံကောင်းထောက်မစွာ”ဖြင့် ရရှိထားသမျှ ဂုဏ်သတင်းများကို အပြီးတိုင် ဖျက်ဆီးပစ်ပေမည်။

သို့သော် သူ၏ ပြီးပြည့်စုံသော “ဖျားနာ၍ ထွက်ပြေးခြင်း” အစီအစဉ်ကြီးကို မစတင်သေးရခင် ၊

တဲအပြင်ဘက်မှ စူးရှသော ခရာသံများသည် နံနက်ခင်း၏ တိတ်ဆိတ်မှုကို ဖြိုခွင်းပစ်ခဲ့လေသည်။

တစ်နည်းအားဖြင့်၊ လူရိုင်းမျိုးနွယ်စုဘက်မှ လက်စားချေမှုကြီး ရောက်ရှိလာခဲ့ချေပြီ။

...

မိုင်ပေါင်း ထောင်ချီဝေးကွာသော သာရှမင်းဆက်၏ မြို့တော်။

အမတ်ချုပ် အိမ်တော်အတွင်း၌၊ လင်းပေါ်ရုံသည် ရှေ့တန်းမှ အရေးပေါ် ပေးပို့လာသော နယ်စပ်စစ်ပွဲ အစီရင်ခံစာတစ်စောင်ကို ကိုင်ထားရင်း၊ သူ၏ ဖြူဖွေးသော မုတ်ဆိတ်မွှေးများမှာ ဒေါသကြောင့် တဆက်ဆက် တုန်ခါနေသည်။

“ဒီကောင်စုတ်လေး… ဒီကောင်စုတ်လေး‌ကတော့..”

သူသည် “အိမ်ရှေ့စံမင်းသား၏ အလံတော်သည် ရန်သူ၏ အားနည်းချက်ကို ညွှန်ပြကာ တစ်ပွဲတည်းဖြင့် အောင်ပွဲခံခဲ့သည်” ဟူသော တိုက်ပွဲအစီရင်ခံစာကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။

အမတ်ချုပ် လင်းပေါ်ရုံမှာ ဒေါသကြောင့် အမြင်အာရုံများပင် ဝေဝါးသွားရသည်။

“ချင်ချန်း ၊ ဒါဟာ ချင်ချန်းက မျက်နှာလုပ်ပြီး ရေးသားထားတာပဲ ဖြစ်ရမယ် …. အရက်သမား လူလေလူလွင့် တစ်ယောက်က ဘယ်လိုလုပ်ပြီး စစ်ဗျူဟာကို နားလည်မှာလဲ၊ ရယ်စရာကောင်းလိုက်တာ”

သူသည် စာကြည့်ဆောင်အတွင်း ခြေလှမ်းကျဲကျဲဖြင့် ဟိုဟိုဒီဒီ လျှောက်ရင်း ဆဲဆိုနေသော်လည်း၊ သူ၏ ဝေဝါးနေသော မျက်လုံးထဲတွင် မိမိကိုယ်တိုင်ပင် သတိမထားမိသည့် သံသယအချို့ ဖြတ်ပြေးသွားခဲ့သည်။

ချင်ချန်းသည် အလွန် ဖြောင့်မတ်သူ ဖြစ်ပြီး ဖားယားတတ်သည့် အကျင့် မရှိသောကြောင့် နာမည်ကျော်ကြားသော စစ်သူကြီးတစ်ဦး ဖြစ်သည်။

‘ သူ့လိုလူက “အသုံးမကျတဲ့ အိမ်ရှေ့စံမင်းသား” ကို ဖားဖို့အတွက်နဲ့ စစ်သတင်းကို လိမ်ညာပြီး ရေးပါ့မလား….’

‘ မဟုတ်မှလွဲရော... အဲဒီကောင်လေးက တကယ်ပဲ…’

လင်းပေါ်ရုံသည် မိမိ၏ အတွေးကြောင့် မိမိကိုယ်တိုင်ပင် လန့်သွားပြီး ခေါင်းကို ခါယမ်းကာ ထိုမဖြစ်နိုင်သော အတွေးကို မောင်းထုတ်လိုက်သည်။

‘ မဖြစ်နိုင်ဘူး ၊ လုံးဝ မဖြစ်နိုင်ဘူး…’

အစောင့်အကြပ်ထူထပ်စွာချထားသော နန်းတော်အတွင်း၌ ဧကရာဇ်မင်း ရှောင်ယွမ်သည်လည်း တူညီသော တိုက်ပွဲအစီရင်ခံစာကို ဖတ်ရှုနေသည်။

လင်းပေါ်ရုံ၏ ဒေါသနှင့်မတူဘဲ သူသည် တိတ်ဆိတ်စွာဖြင့် ရှိနေ၏။ သူ၏ မျက်နှာတွင် မည်သည့် ခံစားချက်မှ မရှိဘဲ၊ သူ၏ နက်ရှိုင်းသော မျက်လုံးများက တည်ငြိမ်လွန်းသဖြင့် သူ့အတွေးကို နားလည်နိုင်ရန်မှာ မဖြစ်နိုင်ပေ။

တိုက်ပွဲအစီရင်ခံစာတွင် ရှောင်ရှန်း၏ “အလံတော်ဖြင့် လမ်းညွှန်ပေးမှု” အံ့ဖွယ်ဖြစ်ရပ်ကြီးကို အသားပေး ရေးသားထားရုံသာမက နောက်ဆုံးတွင် ထူးဆန်းသော ကိစ္စတစ်ခုကိုလည်း ဖော်ပြထားသည်။

လူရိုင်းမျိုးနွယ်စု တပ်ထဲတွင် မှော်ပညာ သုံးနိုင်သည့် နတ်ဆရာများ ပေါ်လာသည်ဟု ဆိုသည်။

“အံ့ဖွယ်ဖြစ်ရပ်... မိစ္ဆာပညာ...”

ရှောင်ယွမ်၏ ပိန်လှီသော လက်ချောင်းများသည် နဂါးပလ္လင်၏ လက်တန်းပေါ်တွင် “တောက်... တောက်...” နှင့် ခေါက်နေသည်။

သူ၏ အကြည့်များက ထိုစစ်သတင်းကို ကျော်လွန်၍ တစ်စုံတစ်ခုကို အဝေးကနေ လှမ်းကြည့်နေသကဲ့သို့ပင်။

……

“ဒုန်း ဒုန်း ဒုန်း——”

လေးလံပြီး ဖိအားပေးနေသော စစ်ဗုံသံများက သေမင်း၏ ခြေသံများကဲ့သို့ သာရှ စစ်သည်တိုင်း၏ နှလုံးသားကို ရိုက်ခတ်နေသည်။

ဤတစ်ခေါက် လူရိုင်းမျိုးနွယ်စုများ၏ တိုက်စစ်သည် မနေ့ကထက် ဆယ်ဆမက ပိုပြင်းထန်လှသည်။

မှောင်မိုက်ပြီး တတ်ကြွနေသော တပ်မတော်ကြီးသည် အဆုံးမရှိသော ပင်လယ်လှိုင်းလုံးကြီးများကဲ့သို့ ဟွမ်ဖုန်းခံတပ်၏ မြို့ရိုးကို ရူးသွပ်စွာ တိုက်ခိုက်နေကြသည်။

ချင်ချန်းသည် မြို့ရိုးပေါ်တွင် မတ်တပ်ရပ်နေပြီး တည်ငြိမ်စွာဖြင့် အမိန့်ပေးလျက် ရှိသည်။

“လေးသည်တော်များ သုံးချက်ဆက်တိုက်ပစ်၊ မရပ်နဲ့”

“ကျောက်တုံးတွေ လှိမ့်ချစမ်း ၊ ရေနံဆီတွေ လောင်းစမ်း”

သို့သော် တိုက်ပွဲ အရှိန်မြင့်နေစဉ်မှာပင်၊ လူရိုင်းမျိုးနွယ်စုတပ်၏ နောက်ဘက်မှ ကျောချမ်းဖွယ်ကောင်းရာသော အရိုးချင်း ပွတ်တိုက်သံများ ထွက်ပေါ်လာခဲ့သည်။

လူအုပ်ကြီးသည် လမ်းဖယ်ပေးလိုက်ကြပြီး၊ သားရေဝတ်စုံကို ခြုံထားကာ မျက်နှာတွင် ထူးဆန်းသော ဆေးများ ခြယ်သထားသည့် နတ်ဆရာတစ်ဦး ပေါ်ထွက်လာ၏။

သူ၏လက်ထဲတွင် လူဦးခေါင်းခွံ တပ်ဆင်ထားသည့် တောင်ဝှေး တစ်ချောင်းကို ဆုပ်ကိုင်ထား၏။

သူ၏ မျက်လုံးများသည် လူသားတစ်ယောက်နှင့် မတူဘဲ စိမ်းဖန့်ဖန့် အလင်းရောင်များဖြင့် တောက်ပနေကာ ၊ သူ၏ နှုတ်ခမ်းများက နားမလည်နိုင်သော မန္တာန်များကို တတွတ်တွတ် ရွတ်ဖတ်နေသည်။

“ဥံ...ပရော.. ပရံ...”

သူ၏ ရွတ်ဖတ်သံနှင့်အတူ ၊ သူကိုင်ထားသော ဦးခေါင်းခွံ၏ မျက်လုံးပေါက်များမှ စိမ်းဖန့်ဖန့် မီးလျှံများ တောက်လောင်လာသည်။

ထို့နောက်တွင် ဦးခေါင်းခွံ၏ ပါးစပ်မှ မည်းမှောင်နေသော မီးခိုးလုံးကြီးများ ထွက်ပေါ်လာပြီး၊ သက်ရှိမြွေတစ်ကောင်အလား မြို့ရိုးပေါ်သို့ လျင်မြန်စွာ ပျံ့နှံ့လာတော့သည်။

“သတိထားကြ ၊ နှာခေါင်းနဲ့ ပါးစပ်ကို ပိတ်ထားကြ”

ချင်ချန်းသည် အော်ဟစ် သတိပေးလိုက်သည်။

သို့သော် နောက်ကျသွားခဲ့ပြီပင်။

ထိုမည်းမှောင်သော မီးခိုးများသည် အလွန်လျင်မြန်စွာ ပျံ့နှံ့သွားပြီး ပျို့ချင်စရာကောင်းသော အနံ့ဆိုးများကို သယ်ဆောင်ကာ ကာကွယ်ရန် မဖြစ်နိုင်ပေ။

မြို့သိမ်းလှေကားကို တွန်းချရန် ကြိုးစားနေသော စစ်သည်တစ်ဦးသည် ထိုမီးခိုးငွေ့ကို ရှူမိသွားပြီး ၊ သူ၏ကိုယ်ခန္ဓာမှာ တောင့်တင်းသွားခဲ့သည်။

All Chapters