အခန်း ၉၅
Vol. 10 Ch. 95
အခန်း (၉၅) - လှည်းတံမြက်စည်းကိုင် ရဟန်းတော်၏ စိုက်ကြည့်မှု
စစ်တဲအပြင်ဘက်မှ ကြားနေရသည်မှာ တိုက်ခိုက်သံများ မဟုတ်တော့ဘဲ ထိန်းချုပ်မရနိုင်သည့် ပြောဆိုငြင်းခုံသံများသာ ဖြစ်သည်။
“ကြားပြီးပြီလား ၊ လူရိုင်းမျိုးနွယ်စုတွေရဲ့ နတ်ဆရာကို ငါတို့ဘက်က ကောင်းချီးမင်္ဂလာ အရှိန်အဝါတွေနဲ့ တန်ပြန်တိုက်ခိုက်ခဲ့တာတဲ့”
“ဘာမင်္ဂလာရှိတဲ့ အရှိန်အဝါလဲ၊ အဲ့တာက အိမ်ရှေ့စံမင်းသားရဲ့ နတ်ဘုရားအရှိန်အဝါလေ….အရှင့်သားက စစ်တပ်အလယ်မှာ ရှိနေတော့ ဘယ်မိစ္ဆာမှ အနားမကပ်နိုင်ဘူး”
ထိုစကားလုံးများသည် မိမိ၏ နားထဲသို့ တိုးဝင်လာချိန်တွင် ရှောင်ရှန်းတစ်ယောက် ခေါင်းနားပန်းကြီးသွားတော့သည်။
‘ သွားပြီ၊ ကြီးကြီးမားမားကို အထင်လွဲနေကြပြီ’
သူ၏ ပြိုလဲလုနီးပါးဖြစ်နေသော “အသုံးမကျသူ” ဆိုသော ပုံရိပ်ကြီးကို ပြန်လည် ကယ်တင်ရန် သူ တစ်ခုခု လုပ်ရပေတော့မည်။
“ ရှောင်သယ့်ဇီ”
ရှောင်ရှန်းသည် ပုန်းလျှိုးကွယ်လျှိုးနှင့် လက်ယပ်ခေါ်လိုက်သည်။
“ကျွန်တော်မျိုး ရောက်ပါပြီ”
ရှောင်သယ့်ဇီခမျာ ဂန္ဓမာပန်းပွင့်ကြီးလို ပြုံးဖြီးဖြီးနှင့် ပြေးဝင်လာ၏။
“ ကျွန်တော်မျိုး ရှိပါတယ်…အရှင့်သား၊ ဘာများ အမိန့်ရှိမလို့လဲ.. ဗိုက်ဆာလို့လား ၊ စစ်တပ်က စားဖိုမှူးတွေက အရှင့်သားရဲ့ အစွမ်းသတ္တိကို ကြားပြီး အရှင့်သားအတွက် ကြက်စွပ်ပြုတ်လေး အထူးချက်ထားပါတယ်"
“ဘာက စားရမှာလဲ”
ရှောင်ရှန်းသည် အသံကိုနှိမ့်ကာ အတည်ပေါက်ကြီးဖြင့် မေးလေသည် ။
“မင်း ပြောကြည့်စမ်း... ငါ အခု အပြင်ထွက်ပြီး အင်္ကျီတုံးလုံးနဲ့ စစ်စခန်းကို သုံးပတ်လောက် ပတ်ပြေးရင် ဖျားနိုင်လိမ့်မလား”
ရှောင်သယ့်ဇီမှာ “ဗုန်း” ခနဲ ဒူးထောက်ကျသွားပြီး ရှောင်ရှန်း၏ ခြေထောက်ကို ဖက်ကာ ငိုယိုတော့သည်။
“အရှင့်သား လုံးဝ မလုပ်ပါနဲ့ …အရှင်သာ နာမကျန်းဖြစ်သွားရင် စစ်သည်တွေ စိတ်ဓာတ်ကျကုန်ပါလိမ့်မယ်၊ ရန်သူတွေကို ဝမ်းသာအောင် မလုပ်ပါနဲ့"
ရှောင်ရှန်းတစ်ယောက် မျက်နှာရှုံ့မဲ့သွားလေ၏။
‘ တောက်... ဖျားချင်တာတောင် စစ်သည်တွေရဲ့ စိတ်ဓာတ်ကို ထိခိုက်စေမယ့် ကြီးကြီးကျယ်ကျယ် ကိစ္စကြီးတစ်ခု ဖြစ်နေပြီလား’
ရှောင်ရှန်းမှာ အပြင်ဘက်က စစ်သည်များ၏ ရူးသွပ်စွာ ကြည်ညိုနေသော အကြည့်များကို မြင်ယောင်ရင်း ၊ သူ၏ ရင်ထဲတွင် အားကိုးရာမဲ့သည့် ခံစားချက်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။
သူသည် ထိုချီးကျူးသံများကို ဂရုမစိုက်ချေ။ “ ကောင်းချီမင်္ဂလာ အရှိန်အဝါနှင့် မိစ္ဆာများကို နှိမ်နင်းသည်” ဟု ပြောဆိုနေကြသော ဤစစ်သည်များ၏ ဦးနှောက်များမှာ တစ်စုံတစ်ခု ချို့ယွင်းနေသည်ဟုပင် ထင်မိသည်။
‘ ငါက ဘာမှ မလုပ်ရသေးဘူးလေ….’
...
တစ်ချိန်တည်းမှာပင်၊ လူရိုင်းမျိုးနွယ်စု တပ်စခန်း။
စစ်သေနာပတိချုပ်၏ တဲအတွင်းရှိ လေထုမှာ သင်္ချိုင်းကုန်းတစ်ခုကဲ့သို့ ဖိနှိပ်ချုပ်ချယ်မှုများနှင့် ပြည့်နှက်နေသည်။
ပြန်ရောက်လာသော နတ်ဆရာ၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖပ်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေ၏။ ယခင်က ရှိခဲ့သော မောက်မာမှုနှင့် ရက်စက်မှုများပင် ပျောက်ကွယ်သွားခဲ့ချေပြီ။
“စစ်သူကြီး...”
သူ၏ အသံမှာ ခြောက်သွေ့ကာ အက်ကွဲနေ၏။
“ဒါ... ဒါက သိုင်းပညာ မဟုတ်ဘူး ၊ တပ်ရဲ့ အရှိန်အဝါလည်း မဟုတ်ဘူး အဲ့တာ... ကျုပ်တို့အတွက် သဘာဝရန်သူလို ဖြစ်နေတဲ့ အရှိန်အဝါမျိုးပဲ”
သူသည် ခေါင်းမော့ကာ ဒေါသထွက်နေသော လူရိုင်းမျိုးနွယ်စု စစ်သူကြီးကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် အသက်ဘေးမှ လွတ်မြောက်လာသည့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။
“ညစ်ပတ်တဲ့ မြောင်းထဲက ပိုးကောင်တွေပေါ်ကို နေရောင်ခြည် ကျရောက်လာသလိုမျိုးပဲ …ကျုပ်တို့ရဲ့ မိစ္ဆာစွမ်းအားတွေက အဲဒီ အရှိန်အဝါရှေ့မှာ ခေါင်းတောင် မဖော်နိုင်ဘူး”
“သာရှစစ်တပ်ထဲမှာ ကျုပ်တို့ကို နှိမ်နင်းနိုင်တဲ့ ပညာရှင် တစ်ယောက်ယောက် ရှိနေတာ ဒါမှမဟုတ်... မှော်ပညာကို နှိမ်နင်းနိုင်တဲ့ ရတနာတစ်ခုခု ရှိနေတာ သေချာတယ်”
လူရိုင်းမျိုးနွယ်စု စစ်သူကြီး၏ မျက်နှာမှာ မည်းကျသွားသည်။
‘ပညာရှင်.. ရတနာ ဟုတ်လား’
‘ သာရှမင်းဆက်ကြီးက အကျင့်ပျက်ခြစားနေပြီး သိုင်းပညာတွေတောင် ဆုတ်ယုတ်နေတာ၊ ဘယ်ကလာ ပညာရှင် ရှိမှာလဲ…’
သို့သော် နတ်ဆရာ၏ ကြောက်ရွံ့မှုမှာ ဟန်ဆောင်နေခြင်း မဟုတ်ဘဲ ယနေ့ စစ်မြေပြင်က ထူးဆန်းမှုကိုလည်း သူ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။
“စုံစမ်းစမ်း ၊ ရှင်းရှင်းလင်းလင်း သိအောင် စုံစမ်း.. အဲဒီ သာရှအိမ်ရှေ့စံမင်းသား... သူ့ရဲ့ ငယ်ဘဝကစပြီး ဖြစ်ပျက်သမျှ ကိစ္စတိုင်းကို ရအောင် စုံစမ်းခဲ့”
စစ်သူကြီး၏ မျက်လုံးထဲတွင် ရက်စက်မှုများ ဖြတ်ပြေးသွားသည်။
ဤထူးခြားဆန်းကြယ်သော ဖြစ်ရပ်အားလုံးသည် အသစ်တက်လာသော အိမ်ရှေ့စံမင်းသားနှင့် ပတ်သက်နေရမည်ဟု သူ၏ မသိစိတ်က ခံစားနေရသည်။
...
ဟွမ်ဖုန်းခံတပ်နှင့် မိုင်အနည်းငယ်အကွာ လူသူအရောက်အပေါက်နည်းသော တောင်ကြားတစ်ခုတွင်။
နွမ်းဖတ်နေသော မီးခိုးရောင် သင်္ကန်းကို ဝတ်ဆင်ထားပြီး လက်ထဲတွင် တံမြက်စည်းတစ်ချောင်း ကိုင်ထားသော ရဟန်းအိုတစ်ပါးသည် လေထဲတွင် ငြိမ်သက်စွာ ရပ်နေသည်။
သူသည် လမ်းဘေးက သာမန် ခရီးသွားဘုန်းကြီးတစ်ပါးနှင့် တူသော်လည်း သူ၏ မျက်ဝန်းများက လျို့ဝှက်ဆန်းကြယ်လှသည်။
သူသည် ယခင်က နက္ခတ်တာရာကြည့်စင်မြင့်ပေါ်တွင် ထူးခြားမှုကို သတိပြုမိခဲ့သော နက္ခတ်ဗေဒအကြီးအကဲချုပ်ပင် ဖြစ်သည်။ ယခုတွင်မူ သူသည် အသွင်ပြောင်းထားခြင်းသာ ဖြစ်သည်။
ရဟန်းအိုကြီးသည် သာရှစစ်စခန်းဘက်သို့ လှမ်းကြည့်နေသည်။ အော်ဟစ်သံများနှင့် အောင်ပွဲခံသံများက သူ၏ နားထဲတွင် လေတိုးသံများအဖြစ် ပြောင်းလဲသွားသည်။
သူ၏ မျက်လုံးထဲတွင် တောက်ပသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
"နဂါးအရှိန်အဝါတွေ လှုပ်ရှားလာပြီး ခရမ်းရောင်ကြယ်က မှိန်ဖျော့သွားပြီ၊ ဒီကံကြမ္မာလှိုင်းလုံးကို ရင်ဆိုင်ရမယ့်သူရဲ့ ကိုယ်ပေါ်မှာ ထူးခြားတဲ့ အလင်းတန်းတွေ စပြီး ထွကိပေါ်လာပြီပဲ”
သူသည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“အားနည်းနေသေးပေမဲ့ မိုးမြေရဲ့ ဖြောင့်မတ်တဲ့ စွမ်းအင်တွေကို စုပ်ယူပြီး မိစ္ဆာတွေကိုတောင် နှိမ်နင်းနိုင်ပြီပဲ… စိတ်ဝင်စားဖို့ ကောင်းတယ်၊ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်”
နောက်တစ်စက္ကန့်တွင် သူ၏ နှုတ်ခမ်းထက်၌ ထူးဆန်းသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အကြောင်းမှာ သူ၏ အကြည့်သည် စစ်တဲများစွာကို ဖောက်ထွင်း၍ အိမ်ရှေ့စံမင်းသား၏ တဲအတွင်းပိုင်းကို တိုက်ရိုက် မြင်တွေ့နေရသောကြောင့် ဖြစ်သည်။
“ကောင်းကင်ဘုံက ရွေးချယ်ထားသူ” အဖြစ် လူအများ၏ သတ်မှတ်ခံထားရသော အိမ်ရှေ့စံမင်းသားမှာ စစ်တဲအတွင်း၌ ဆူပုတ်ပုတ်ဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။
တစ်ခါတလေ ရေအေးချိုးဖို့ ကြံစည်လိုက် ၊ တစ်ခါတလေ ဝမ်းပျက်အောင် ဘာစားရမလဲ စဉ်းစားလိုက်နှင့် အလုပ်ရှုပ်နေသည်ကို သူ မြင်နေရသည်။
ထိုကဲ့သို့ အသုံးမကျသလို ဟန်ဆောင်နေသော “ပျင်းရိသည့် ပုံစံ” နှင့် သူ၏ ကိုယ်ပေါ်မှ ဖြာထွက်နေသည့် သန့်ရှင်းစင်ကြယ်သော “အလင်းတန်း” တို့သည် အလွန်ပင် ရယ်စရာကောင်းလှသလို တစ်ဖက်တွင်လည်း ထူးဆန်းစွာဖြင့် လိုက်ဖက်နေသည်။
ဘေးနားတွင် ရပ်နေသော ကိုရင်လေးတစ်ပါးက မေးလိုက်သည်။
“ဆရာ၊ ဒီလူက ကံကောင်းခြင်းတွေ အများကြီးရှိပေမယ့် သူကိုယ်တိုင် ဘာမှ မသိသေးဘူး ….တပည့်တို့ သာရှကို ကူညီပြီး သူ့ကို လမ်းညွှန်ပေးသင့်သလား ”
“မလိုဘူး၊ မလိုဘူး။”
ရဟန်းအိုကြီးက ခေါင်းခါလိုက်ပြီး သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။