အခန်း ၉၇
Vol. 10 Ch. 97
အခန်း (၉၇) - နယ်စပ်မြို့လေးတွင် အလှလေးနှင့် ပြန်ဆုံတွေ့ခြင်း
လူရိုင်းမျိုးနွယ်စုတို့၏ နောက်ဆက်တွဲ တိုက်စစ်များမှာ အသံသာကျယ်ပြီး အနှစ်သာရ မရှိတော့ပေ။
သူတို့သည် တစ်စုံတစ်ခုကို ကြောက်လန့်နေသကဲ့သို့ အဝေးကနေသာ အော်ဟစ်ဆဲဆိုရဲကြပြီး ၊ ရှေ့သို့ တစ်လှမ်းမှ မတိုးဝံ့ကြပေ။
အထူးသဖြင့် မြှားပစ်ရာတွင်လည်း
စစ်တပ်အလယ်ဗဟိုရှိ အိမ်ရှေ့စံမင်းသား၏ စစ်တဲရှိရာဘက်သို့ ရှောင်ကွင်း၍ ပစ်ခတ်ကြရသည်။
ဤသို့ဖြင့် ရှောင်ရှန်းအပေါ် ရှုမြင်သည့် ဖုန်းဟွမ်ခံတပ်ရှိ စစ်သည်များ၏ အကြည့်များမှာ လုံးဝ ပြောင်းလဲသွားတော့သည်။
၎င်းမှာ ရိုးရိုးတန်းတန်း လေးစားကြောက်ရွံ့ခြင်းမျိုး မဟုတ်တော့ဘဲ၊ လူ့လောကသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကို ကြည်ညိုနေသကဲ့သို့ စိတ်အားထက်သန်မှု နှင့် ကိုးကွယ်မှုများ ရောနှောလျက် ရှိသည်။
“ကြားပြီးပြီလား ၊ အိမ်ရှေ့စံမင်းသားက မနေ့ညက နက္ခတ်တွေကို ကြည့်ပြီး ဒီနေ့ လူရိုင်းမျိုးနွယ်စုတွေ မတိုက်ရဲဘူးလို့ ဟောကိန်းထုတ်ခဲ့တာတဲ့…တကယ်ပဲ သူတို့တွေ အသံတောင် မထွက်ရဲကြဘူး”
“ဒါတင်မကသေးဘူး၊ ငါ့ဦးလေးရဲ့ တူက စားဖိုဆောင်မှာ အလုပ်လုပ်တာ…သူပြောတာတော့ အိမ်ရှေ့စံမင်းသားက ဒီနေ့မနက် ဆန်ပြုတ်တစ်ပန်းကန် ပိုသောက်လိုက်လို့ ငါတို့တပ်သားတွေရဲ့ စိတ်ဓာတ်က ဟိုးကောင်းကင်အထိ ထိုးတက်သွားတာတဲ့”
“အိမ်ရှေ့စံမင်းသား က စစ်တပ်အလယ်မှာ ရှိနေတာဟာ ငါတို့ သာရှတိုင်းပြည်ကြီးရဲ့ အုတ်မြစ်ကြီးလိုပဲ …. ဘယ်မိစ္ဆာအတတ်မှ မတိုးနိုင်ဘူး”
၎င်းတို့၏ ပြောဆိုသံများသည် ရှောင်ရှန်း၏ နားထဲသို့ တစ်လုံးမကျန် တိုးဝင်လာရာ ၊ သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ဖြန်းဖြန်းထသွားလေတော့သည်။
သူ့မှာ နန်းချခံရဖို့ နည်းလမ်းရှာဖို့ နေနေသာသာ၊ အကယ်၍ သူသာ မြို့တော်ကို ပြန်တော့မည်ဟု ပြောလိုက်ရုံဖြင့် ဤသောင်းနှင့်ချီသော စစ်သည်တော်များသည် ချက်ချင်း ပုန်ကန်ပြီး ငိုယိုကာ သူ့ကို စစ်စခန်းတွင် အတင်းချည်နှောင်ထားကြပေလိမ့်မည်။
ယခုအခါ သူသည် စစ်စခန်းထဲတွင် တစ်ပတ်လျှောက်လိုက်ရုံဖြင့် ဤစစ်သည်များသည် သူတို့၏ ဖခင်ကို ကြည့်သည့် အကြည့်ထက် သူ့ကို ပို၍ ချစ်ခင်ကြင်နာစွာ ကြည့်နေလေ၏။
သူ သန်းဝေလိုက်လျှင်ပင် “အရှင့်သားက အားအင်တွေ စုဆောင်းနေတာ၊ သူ့ရဲ့ ထူးကဲတဲ့ ပညာတွေကို ထုတ်ဖော်တော့မယ်” ဟု အဓိပ္ပာယ်ကောက်ကြပြန်သည်။
သူ အကြောဆန့်လိုက်လျှင် “ မိုးနဲ့မြေကို ဆက်သွယ်ပြီး ကောင်းချီးမင်္ဂလာ စွမ်းအင်ကို ဆင့်ခေါ်ခြင်း” ဟူ၍ ဖြစ်သွားပြန်၏။
ဤကဲ့သို့ နတ်ဘုရားသဖွယ် ကိုးကွယ်ခံနေရသည့် ခံစားချက်သည် ရှောင်ရှန်းကို အတော်လေး အသက်ရှူကျပ်စေသည်။
ထို့ကြောင့် သူသည် ဤအသုံးမကျသော “နတ်ဘုရား” ပုံရိပ်ကို ဖျက်ဆီးပစ်ရန် တစ်ခုခု လုပ်ဆောင်ရပေတော့မည်။
“ရှောင်သယ့်ဇီ”
ရှောင်ရှန်းသည် ဝုန်းခနဲ ထထိုင်လိုက်သည်။
“ကျွန်တော်မျိုး ရှိပါတယ်”
ရှောင်သယ့်ဇီသည် ကမန်းကတန်း ပြေးလာသည်။
“အရှင့်သား၊ ဘာများ အမိန့်ရှိလို့လဲ ”
“စစ်စခန်းထဲမှာ နေရတာ အရမ်း ပျင်းဖို့ကောင်းတယ်”
ရှောင်ရှန်းသည် ချောင်းတစ်ချက် ဟန့်လိုက်ရင်း။
“ခံတပ်အပြင်ဘက်က နယ်စပ်မြို့လေးမှာ ဒေသထွက် အရသာလေးတွေရှိတယ်လို့ ကြားတယ်၊ ငါကိုယ်တော်... သွားပြီးတော့ စစ်ဆေးကြည့်ရှုချင်တယ်”
သူသည် အရာအားလုံးကို ပြီးပြည့်စုံစွာ အစီအစဉ်ဆွဲထားပြီး ဖြစ်သည်။
စစ်စခန်းထဲတွင် ချင်ချန်း၏ လူများဖြင့် ပြည့်နှက်နေသဖြင့် သူ့အနေဖြင့် ပြသနာရှာလို့ မရနိုင်ချေ။ သို့သော် မြို့ထဲရောက်သည်နှင့် လူမျိုးစုံ ရှိသည့်အတွက် ပြသနာရှာဖို့ အခွင့်အရေးလည်း သေချာပေါက် ရှိလာပေတော့မည်။
ဥပမာအားဖြင့် သူသည် ဆိုင်တစ်ဆိုင်တွင် အရက်သောက်ပြီး မူးရူးအော်ဟစ်နိုင်သလို လမ်းပေါ်က မိန်းကလေးများကိုလည်း နှောင့်ယှက်နိုင်ပေလိမ့်မည်။
ဤနည်းလမ်းမှ မအောင်မြင်လျှင်ဖြင့် လူရိုင်းမျိုးနွယ်စုသူလျှိုများ ရှိရာဘက်သို့ တမင်သွားရောက်ကာ အဖမ်းခံမည်။ ထိုအတိုင်းသာဆိုလျှင်ဖြင့် သူ၏ အိမ်ရှေ့စံမင်းသားဘဝသည် သုံ့ပန်းဘဝအဖြစ်သို့ ပြောင်းလဲသွားပေတော့မည်။
ရှောင်သယ့်ဇီခမျာ ထိုစကားကို ကြားသည်နှင့် မျက်နှာပျက်သွားသည်။
“အရှင့်သား... ဒါက အရမ်း အန္တရာယ်များပါတယ် စစ်သူကြီးချင်က အရှင့်သားကို စခန်းကနေ တစ်လှမ်းမှ မထွက်ဖို့ မှာထားပါတယ်...”
“ငါ့ကို အာခံတာလား”
ရှောင်ရှန်းသည် မျက်လုံးပြူးကြည့်လိုက်သည်။
“ငါက အိမ်ရှေ့စံမင်းသားလား၊ သူက အိမ်ရှေ့စံမင်းသားလား …ငါက ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို ကိုယ်တိုင် သွားကြည့်ချင်တာကို စစ်သားတစ်ယောက်ရဲ့ ခွင့်ပြုချက် လိုသေးလို့လား”
ထိုစကားကို စစ်တဲအပြင်ဘက်ရှိ ကိုယ်ရံတော်များက ချင်ချန်းထံသို့ ချက်ချင်း သတင်းပို့လိုက်ကြသည်။
ချင်ချန်းသည် ဤသတင်းကို ကြားပြီးနောက် တားဆီးခြင်း မရှိသည့်အပြင် နားလည်သော အပြုံးကြီးဖြင့် ပြုံးနေ၏။
‘ အိမ်ရှေ့စံမင်းသားက တကယ်ကို သာမန်လူ မဟုတ်ဘူးပဲ … မြို့ထဲမှာ လူရိုင်းမျိုးနွယ်စုတွေ ဒုက္ခပေးနေတာကို သိလို့ သူကိုယ်တိုင် သွားပြီးတော့ နဂါးအရှိန်အဝါနဲ့ သွားနှိမ်နင်းပေးမလို့ပဲ ဖြစ်ရမယ်’
“ငါ့ရဲ့ အမိန့်ကို နားထောင်စမ်း”
ချင်ချန်းက လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။
“လေးသည်တော်တပ်နဲ့ ကျားသစ်တပ်ဖွဲ့က အတော်ဆုံး စစ်သည် ၂၀၀ ကို အရပ်ဝတ်တွေ လဲခိုင်းလိုက်၊ ပြီးတော့ အိမ်ရှေ့စံမင်းသား သွားမယ့် လမ်းတစ်လျှောက်မှာ ဘယ်သူမှ မသိအောင် လုံခြုံရေး အထပ်ထပ် ချထား ၊ ယင်ကောင်တစ်ကောင်တောင် အနားမကပ်စေနဲ့”
“နောက်ပြီးတော့…’’
ချင်ချန်းသည် ကိုယ်ရံတော်ခေါင်းဆောင်ကို အသံနှိမ့်ကာ မှာကြားလိုက်သည် ။
“လေ့လာရေးအရာရှိ နှစ်ယောက်ကိုပါ ထည့် ပေးလိုက်၊ အိမ်ရှေ့စံမင်းသားရဲ့ အပြုအမူ အပြောအဆို အကုန်လုံးကို မှတ်တမ်းတင်ခိုင်းလိုက် …တစ်လုံးမှ မကျန်စေနဲ့”
ရှောင်ရှန်းတစ်ယောက် စိတ်အားထက်သန်စွာဖြင့် စစ်စခန်းမှ ထွက်လာခဲ့ရာ ၊ တကယ်တန်း ဆွံ့အသွားခဲ့ရသူမှာ သူသာလျှင် ဖြစ်နေတော့၏။
သူသွားရာ လမ်းတစ်လျှောက် မီတာ ၁၀၀ ပတ်လည်အတွင်း ပြည်သူပြည်သား တစ်ယောက်မျှပင် မရှိဘဲ လမ်းမကြီးတစ်ခုလုံး ရှင်းလင်းနေသည်။
လမ်းဘေးက မုန့်သည် အဒေါ်ကြီးကပင် သူ့ကိုမြင်သည်နှင့် ကာလဝမ်းရောဂါသည်ကို မြင်လိုက်ရသည့်အတိုင်း ဆိုင်ကို ပစ်ကာ ထွက်ပြေးသွားလေ၏။
လမ်းဘေးတွင် ကစားနေသော ကလေးငယ်လေးများကိုလည်း လူကြီးများက ပါးစပ်ပိတ်ကာ အိမ်ထဲကို ဆွဲခေါ်သွားကြသည်။
အပြင်ဘက်မှာတော့ “လမ်းသွားလမ်းလာ” များအဖြစ် ဟန်ဆောင်ထားသော စစ်သည်များက နေရာအနှံ့ လုံခြုံရေး ယူထားကြသည်။
‘ဒီလို အခြေအနေမျိုးမှာ သူက ဘယ်ကနေ ပြသနာရှာလို့ရတော့မှာတုန်း’
လမ်းလယ်ခေါင်ကြီး ဘောင်းဘီချွတ်ပြရင်တောင် ၊ “အိမ်ရှေ့စံမင်းသား၏ စစ်ရေးဗျူဟာပါဝင်သေည ဖျော်ဖြေတင်ဆက်မှု အနုပညာကြီး" ဟုပင် အဓိပ္ပာယ်ကောက်ကြပေဦးမည်။
ရှောင်ရှန်းတစ်ယောက် ငိုချင်စိတ်ကို အောင့်ထားရင်း ၊၊ ဘာမှမရှိသော လမ်းမပေါ်တွင် ဂုဏ်ယူဝင့်ကြွားဟန်ဆောင်ကာ လျှောက်သွားနေရတော့သည်။
တစ်ချိန်တည်းမှာပင်၊ ဖုန်းဟွမ်မြို့လေး၏ အခြားတစ်ဖက်တွင်။
“ဆေးကုသခြင်း” အလံဖြင့် ကုန်သည်အဖွဲ့ငယ်လေးတစ်ခုသည် မြို့ထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာသည်။
ကုန်သည်အဖွဲ့မှာ သိပ်မကြီးပေ။ မြင်းလှည်း နှစ်စီး သုံးစီးခန့်သာ ရှိပြီး ဆေးဖက်ဝင် အပင်များနှင့် အဝတ်အထည်အချို့ကို တင်ဆောင်လာသဖြင့် သာမန်ကုန်သည်နှင့် တူလှသည်။
ခေါင်းဆောင်လုပ်သူမှာ လူငယ်လေးတစ်ဦး ဖြစ်ပြီး အပြာရောင် အဝတ်အစားကို ဝတ်ဆင်ထားကာ ပညာရှင်တစ်ဦးနှင့် တူပေသည်။ သူ၏ မျက်နှာမှာ ချောမောလှပပြီး အေးစက်ပြီး တည်ငြိမ်သော အရိပ်အယောင်များ အပြည့်ရှိသည်။
ထိုသူမှာ အခြားသူမဟုတ်၊ အမျိုးသားအသွင် ဖန်တီးထားသည့် စူးဝမ်ချင် ပင် ဖြစ်သည်။
သူမ ဤနေရာသို့ လာရောက်ရခြင်းမှာ ဆေးတောင်ကြားချိုင့်ဝှမ်းမှ လျှို့ဝှက်သတင်း ရရှိထားသောကြောင့် ဖြစ်သည်။ သာရှနယ်စပ်တွင် လူရိုင်းမျိုးနွယ်စု မှော်ဆရာများက ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သော တားမြစ်မိစ္ဆာအတတ်ကို အသုံးပြုနေကြောင်း ဖော်ပြထားသည်။
ထိုအတတ်သည် သူမ စုံစမ်းနေသည့် လျှို့ဝှက်အဖွဲ့အစည်းနှင့် ပတ်သက်နေသောကြောင့် ဖြစ်သည်။
“သခင်လေး၊ ကျွန်တော်တို့ အရင်ဆုံး တည်းခိုခန်း ရှာမလား၊ ဒါမှမဟုတ်...”
ကိုယ်ရံတော်ကဲ့သို့သော အစေခံလေးတစ်ဦးက တိုးတိုးလေး မေးမြန်းလိုက်သည်။
စူးဝမ်ချင်သည် လမ်းမကို တစ်ချက် အကဲခတ်လိုက်သည်။ ဤနေရာသည် နယ်စပ်မြို့ကြီး ဖြစ်သော်လည်း လေထုမှာ အလွန်ပင် ဖိအားများနေပြီး ၊ အိမ်တိုင်းလိုလို တံခါးများ ပိတ်ထားကြကာ လမ်းပေါ်တွင် လူသွားလူလာ အလွန်နည်းပါးနေသည်။
“အကြီးဆုံး ဆေးဆိုင်ကို အရင်သွားမယ်"
သူမက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
သူမ၏ သံသယအချို့ကို အတည်ပြုရန်အတွက် အထူးဆေးဖက်ဝင် အပင်အချို့ကို သူမ လိုအပ်သည်။