အခန်း ၉၈
Vol. 10 Ch. 98
အခန်း(၉၈)
မကြာမီမှာပင် မြို့၏ အကြီးဆုံး ဆေးဆိုင်ဖြစ်သော “ဆေးပင်တစ်ရာ ဆေးဆိုင်” သို့ ရောက်ရှိလာခဲ့သည်။
စူးဝမ်ချင်သည် ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ပြင်းထန်သော ဆေးနံ့များကို ရရှိလိုက်သည်။ သူမသည် ကောင်တာသို့ တိုက်ရိုက်သွားကာ ဆေးဆိုင်ပိုင်ရှင် အဘိုးကြီးထံသို့ ဆေးစာတစ်စောင် ကမ်းပေးလိုက်သည်။
“ဦးလေး၊ ဒီဆေးစာအတိုင်း ဆေးဖော်ပေးပါ”
ဆိုင်ရှင်အဘိုးကြီးသည် အိပ်ငိုက်နေရာမှ ဆေးစာကို ယူကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် ထိတ်လန့်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။
“စိတ်ကြည်လင်မြက်၊ စိတ်ဝိညာဉ် အမွှေးဆီ၊ ဟင်္သာပြဒါး... ဧည့်သည်တော်၊ ဒီဆေးစာက ဘာရောဂါအတွက်လဲ”
စူးဝမ်ချင်က တည်ငြိမ်စွာပင် ဖြေကြားလိုက်သည်။
“ အိမ်က မိသားစုဝင်တစ်ယောက်က ကြောက်လန့်နေပြီး ညဘက် အိပ်မရဘဲ စိတ်ယောင်ယောင်မှားမှား ဖြစ်နေလို့ပါ"
ဆိုင်ရှင်က ကြားသည်နှင့် အသံကိုနှိမ့်ကာ သူမ၏အနားသို့ တိုးကပ်လာသည်။
“အမှန်အတိုင်း ပြောရရင် ဧည့်သည်တော်... အခုတလော ဒီလို ‘ရောဂါ’ ဖြစ်တဲ့သူတွေ မနည်းဘူးဗျ”
စူးဝမ်ချင်၏ မျက်လုံးများ ဝင်းလက်သွားသည်။
“အို... ဘာလို့လဲ”
“ဘယ်သူ့ကြောင့် ရှိဦးမှာလဲ အဲဒီ သောက်ကျိုးနည်း လူရိုင်းမျိုးနွယ်စုတွေကြောင့်ပေါ့”
ဆိုင်ရှင်က ကြောက်ကြောက်ဖြင့် ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ရက်က စစ်တိုက်တုန်းက စစ်တပ်ထဲက စစ်သည်တော်တွေ အများကြီး မိစ္ဆာပူးသလို ဖြစ်ကုန်ကြတာလေ"
" ပြန်လာတော့ ရူးသွပ်ကုန်ပြီး မြင်တဲ့သူကို ခုတ်သတ်တော့တာပဲ၊ ပါးစပ်ကလည်း ‘မိစ္ဆာ’ တွေ ‘သရဲ’ တွေလို့ အော်နေကြတာ”
“ခင်ဗျားပြောတဲ့ လက္ခဏာတွေနဲ့ တစ်ပုံစံတည်းပဲ စစ်တပ်ထဲက သမားတော်တွေတောင် ဘာမှ မတတ်နိုင်ကြဘူး”
စူးဝမ်ချင်၏ ရင်ထဲတွင် လေးလံသွားသည်။
သူမ ထင်ထားသည့်အတိုင်းပင်။
သူမသည် ဆက်ပြီး မေးမြန်းရန် ပြင်နေစဉ်မှာပင် ၊ ဆိုင်တံခါးဝမှ ပျင်းရိပျင်းတွဲနှင့် ခပ်နောက်နောက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဟေ့... ဒီဆိုင်က ဘယ်လိုဖြစ်တာလဲ ငါကိုယ်တော် ကြွလာတာတောင် ဆိုင်ရှင်က တခြားလူနဲ့ စကားကောင်းနေတုန်းလား”
‘ ဒီအသံက... ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ’
စူးဝမ်ချင်၏ မသိစိတ်က လှည့်ကြည့်မိလိုက်သည်။
ဆေးဆိုင်တံခါးဝတွင် ရှောင်ရှန်းတစ်ယောက် စိတ်လှုပ်ရှားနေသော “လမ်းသွားလမ်းလာ” အုပ်စုကြီးကို ခြံရံလျက်၊ လက်ကို နောက်ပစ်ကာ ဘဝင်မြင့်သည့် ပုံစံဖြင့် ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။
သူသည် ကောင်တာရှေ့တွင် အမျိုးသားဝတ်စုံနှင့် ရပ်နေသော စူးဝမ်ချင်ကို မြင်လိုက်ရသည်နှင့် မျက်လုံးများက အရောင်တောက်သွားသည်။
သူသည် စူးဝမ်ချင်အနားသို့ ရောက်လာပြီး ခေါင်းစခြေအဆုံး တချက်ကြည့်ကာ ရှက်စရာကောင်းသော စကားများကို ဆိုလေတော့၏။
“ဟော... ဒီသခင်လေးက မိန်းကလေးတွေထက်တောင် ပိုပြီး ချောမောလှပနေပါလား ၊ ဒီလို ချောချောလှလှလေးက ခုလို စစ်မြေပြင်မှာ သွားလာနေတာ၊ တစ်ယောက်ယောက်က အနိုင်ကျင့်သွားမှာ မကြောက်ဘူးလား”
စူးဝမ်ချင်သည် ထိုအသံကို ကြားပြီး “ငါက အသုံးမကျတဲ့သူပါ ” ဟု မျက်နှာပေါ်တွင် အထင်အရှား ရေးထိုးထားသည့် ခပ်ချောချော မျက်နှာကို မြင်လိုက်ရသည်နှင့်၊
သူမ၏ ရင်ထဲတွင် သတိပေးခေါင်းလောင်းသံများ မြည်ဟည်းသွားပြီး ဆိုင်ရှင်ဘက်သို့ လှည့်ကာ အမြန် မေးလိုက်သည်။
“ဦးလေး၊ ဆေးက မရသေးဘူးလား”
သူမ၏ လျစ်လျူရှုမှုက ရှောင်ရှန်း၏ “စူးစမ်းလိုစိတ်” ကို ပို၍ ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
သူသည် ကောင်တာပေါ်သို့ လက်ချလိုက်ပြီး ဆိုင်ရှင်၏ လှုပ်ရှားမှုကို တားဆီးလိုက်သည်။၊ ထို့နောက် စူးဝမ်ချင်၏အနားသို့ တိုးကပ်၍ သူ၏ အရက်နံ့ ခပ်သင်းသင်းလေးဖြင့် သူမ၏ မျက်နှာပေါ်သို့ မှုတ်ထုတ်လိုက်သည်။
“ အလျင်မလိုစမ်းပါနဲ့ ၊ ခုလို ဆုံရတာ ရေစက်ပဲလေ ၊ ငါကိုယ်တော် ကိုယ်တိုင် လိုက်ပို့ပေးမယ်၊ ဘယ်လိုလဲ”
စူးဝမ်ချင်မှာ ရွံရှာစိတ်များ ဖြစ်ပေါ်လာပြီး တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် ဆိုင်ရှင်က ရှောင်ရှန်းကို တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
"အရှင်... အရှင့်သား... ဒီဧည့်သည်က လွန်ခဲ့တဲ့ နှစ်ရက်က စစ်တပ်ထဲမှာ မိစ္ဆာပူးတဲ့ ကိစ္စကို မေးနေတာပါ...”
“မိစ္ဆာပူးတာ”
ရှောင်ရှန်းမှာ ကြောင်သွားပြီး စူးဝမ်ချင်ကို ကြည့်လိုက်သည်။
“မင်းလည်း အဲ့တာကို စိတ်ဝင်စားတာလား”
စူးဝမ်ချင် မဖြေရသေးခင်မှာပင် သူက ဆိုင်ရှင်ဘက်သို့ လှည့်ကာ ဆက်ပြောလိုက်သည် ။
“အဲ့တာဘာကြောက်စရာ ရှိလို့လဲ ၊ လူရိုင်းမျိုးနွယ်စုတွေရဲ့ မိစ္ဆအတတ်လေးပဲ မဟုတ်လား ငါကိုယ်တော် ဒီမှာ ရှိနေသရွေ့ သူတို့ရဲ့ မိစ္ဆာအတတ်က ဘာမှ မဟုတ်ဘူး၊ အလကားပဲ”
ဆိုင်ရှင်အဘိုးကြီးက ထိုစကားကို ကြားသည်နှင့် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းကို တရစပ် ညိတ်ပြလေ၏။
“အရှင့်သား ပြောတာ မှန်ပါတယ် ၊ အရှင့်သား စစ်တပ်ထဲ ရောက်လာကတည်းက လူရိုင်းမျိုးနွယ်စုတွေရဲ့ မိစ္ဆာအတတ်က တစ်ခါမှ အလုပ်မဖြစ်တော့ဘူး… အရှင်ကတော့ ကျွန်တော်တို့ သာရှရဲ့ သက်ရှိနတ်ဘုရားပါပဲ”
ရှောင်ရှန်းမှာ ထိုစကားကြောင့် မျက်နှာပျက်သွားပြီး စိတ်ထဲကနေ ဆိုင်ရှင်ကို အကြိမ်ရှစ်ရာခန့် ဆဲဆိုနေမိသည်။
သို့သော် သူ၏ “ဝန်ခံလိုက်သည့်” ပုံစံကြောင့် စူးဝမ်ချင်၏ ရင်ထဲတွင် မုန်တိုင်းထန်သွားတော့သည်။
သူမ မလာခင်က ၊ လူရိုင်းမျိုးနွယ်စုများသည် မိစ္ဆာအတတ်များကို အသုံးပြုကြသည့် သတင်းကိုသာ သိရှိထားသည်။
‘ အခုကြည့်ရတာ အဲဒီ မိစ္ဆာအတတ်က... ချေဖျက်ခံလိုက်ရတာလား ပြီးတော့ အဲဒီ ချေဖျက်နိုင်တဲ့ အဓိကသော့ချက်က သူမ ရှေ့က အသုံးမကျ အပျော်အပါးမက်တဲ့ အိမ်ရှေ့စံမင်းသားနဲ့ ပတ်သက်နေသတဲ့လား…’
သူမသည် ရှောင်ရှန်းကို အကဲခတ်ကြည့်လိုက်ရာ ၊ သူ၏ ဘေးနားက ကိုယ်ရံတော်များ၏ အမူအရာမှာ ပို၍ပင် ထူးဆန်းနေကြောင်း တွေ့လိုက်ရသည်။
တစ်ယောက်ချင်းစီတိုင်းက ရန်သူကြီး ရောက်လာသလိုမျိုး မျက်လုံးအပြူးသားနှင့် ပတ်ဝန်းကျင်ကို ကြည့်နေကြပြီး ၊ လက်က ဓားရိုးပေါ်တွင် အမြဲ တင်ထားလေ၏။
သူတို့၏ တင်းမာမှုသည် အိမ်ရှေ့စံမင်းသားကို ကာကွယ်နေသည်ထက် အချိန်မရွေး ပေါက်ကွဲနိုင်သော ယမ်းပုံးကြီးတစ်ခုကို စောင့်ကြပ်နေရသလိုပင်။
မြို့ထဲက အဝေးကနေ ကြည့်နေကြသော ပြည်သူများ၏ အကြည့်များကလည်း ရှောင်ရှန်းအပေါ်တွင် လေးစားကြည်ညိုမှုများအပြင်... ပြောပြရခက်သည့် ထူးဆန်းမှုများ ပါဝင်နေခဲ့သည်။
‘ဒီရှောင်ရှန်းဆိုတဲ့ လူက သာမန် အပျော်အပါးမက်တဲ့ အိမ်ရှေ့စံမင်းသား တစ်ယောက်ထက် အများကြီး ပိုနက်နဲနေပြီ…’’
စူးဝမ်ချင်၏ ဦးနှောက်ထဲတွင် အတွေးများစွာဖြင့် ရှုပ်ထွေးနေပြီး မေးခွန်းများရှိလာခဲ့သည်။
‘သူ နယ်စပ်ကို လာတာက တကယ်ပဲ “စစ်တပ်ကို ကြီးကြပ်ကွပ်ကဲဖို့” သက်သက်ပဲလား’