အခန်း (၉၇-၉၉)
Vol. 7 Ch. 97-99
အခန်း (၉၇)
စကားလုံးတစ်လုံးတည်းပဲ... စုပ်ယူစမ်း
ဤအချိန်တွင် ညဉ့်မှာ နက်နေပြီ ဖြစ်သော်လည်း မိစ္ဆာနှိမ်နင်းရေးဌာန အတွင်း၌မူ မီးရောင်များ လင်းထိန်နေဆဲ ဖြစ်ကာ မိစ္ဆာနှိမ်နင်းရေးအရာရှိများ နှင့် ရဲမက်များမှာ မပြတ်မနား သွားလာနေကြသည်။
ရုတ်တရက် ရဲမက်တစ်ဦးက တစ်စုံတစ်ဦးကို သတိထားမိလိုက်ပြီး အမှောင်ထဲမှ ထွက်လာသော ပုံရိပ်ကို အမြန်ပင် လက်အုပ်ချီ ဦးညွှတ်လိုက်သည်။ "အဖိုးကြီးပိုင်၊ အနားယူဖို့ ပြန်သွားပြီ မဟုတ်လား၊ ဘာလို့ ပြန်လာတာလဲ"
"ဟင်း... ငါလည်း အိုပြီဆိုတော့ အိပ်လို့ မရတော့ဘူး။ ဒီ ကိုးကွေ့ ကောင်းကင်မြစ်နားမှာ ဟိုဟိုဒီဒီ လျှောက်သွားနေရတာက ပိုပြီး နေလို့ကောင်းသေးတယ်။ ဒါနဲ့... မင်း မကြာခဏ လက်ဝဲ အမတ်ချုပ်အိမ်တော်ကို သွားဖြစ်တယ် မဟုတ်လား၊ အမတ်ချုပ်ကြီးရဲ့ ကျန်းမာရေးကော ကောင်းရဲ့လား ထူးခြားတဲ့ သတင်းတွေရှိလား"
အဖိုးကြီးပိုင်ဟု ခေါ်ဝေါ်ခံရသော ထိုအဖိုးအိုသည် ရဲမက်၏ ပုခုံးကို အလွန် ကြင်နာစွာ ပုတ်လိုက်သည်။ သူ၏ လေသံမှာ လူငယ်တစ်ဦးကို ဂရုစိုက်သော လူကြီးတစ်ဦးကဲ့သို့ပင်။
ဤအပြုအမူကြောင့် နျိုဖူမှာ အလွန်ပင် အံ့သြဝမ်းသာ ဖြစ်သွားရသည်။
ကိုးကွေ့ ကောင်းကင်မြစ်၏ အစောင့်အရှောက်ဖြစ်သူ အဖိုးကြီးပိုင်သည် အမြဲတမ်း မာန်မာနကြီးပြီး မြင့်မြတ်သူတစ်ဦး ဖြစ်ကြောင်း လူတိုင်း သိထားကြသည်။ ယခု အဖိုးကြီးပိုင်က စိတ်အခြေအနေ ကောင်းနေသဖြင့် နျိုဖူအနေနှင့် အဘယ်ကြောင့် မျက်နှာသာ မရအောင် မကြိုးစားဘဲ နေပါမည်နည်း။
သူ၏ လေသံမှာ ပို၍ပင် ရိုသေကိုင်းရှိုင်းသွားကာ "လက်ဝဲ အမတ်ချုပ်ကြီးရဲ့ ကျန်းမာရေးက ကောင်းပါသေးတယ်။ ဒါပေမဲ့ သူက အသတ်ခံလိုက်ရတဲ့ သူ့သားအတွက် စိတ်မကောင်းဖြစ်နေပြီး၊ အခုထိ အဲဒီ အရိပ် လုပ်ကြံသူကို မမိသေးတာကြောင့် မကြာခဏ ဒေါသတကြီး ဆဲဆိုနေတတ်ပါတယ်။ ထူးခြားတဲ့ သတင်းတစ်ခုကတော့... ဧကရာဇ်မင်းမြတ်ရဲ့ ဆေးဖော်စပ်တဲ့နေရာမှာ ပြဿနာတချို့ ရှိနေပုံရတယ်လို့ အမတ်ချုပ်ကြီး ပြောတာကို ကျုပ် ကြားခဲ့ရတယ်။ အဲဒါကြောင့် မြို့တော်မှာရှိတဲ့ မဟာဆရာသခင်တွေအားလုံးကို နန်းတော်ထဲ အရေးပေါ် ခေါ်ယူထားတယ်လို့ သိရပါတယ်"
"အော်... အဲဒီလိုတောင် ဖြစ်နေတာလား"
အကျဉ်းထောင်မှုးချုပ် နှင့် နန်းတော်တွင် တွေ့ဆုံပြီးကတည်းက အဘယ်ကြောင့် ပြန်မပေါ်လာသနည်းဆိုသည်ကို ချူရွှမ် နားလည်သွားသည်။ ဧကရာဇ်အိုကြီး၏ ဆေးဖော်စပ်မှုတွင် ပြဿနာ တက်နေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
ကိုးကွေ့ ကောင်းကင်မြစ်ကို လာရန် ရွေးချယ်ခဲ့သည်မှာ မှန်ကန်သွားပြီဟု သူ တွေးလိုက်သည်။
သူ၏ရှေ့မှ ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အဖိုးအိုမှာ အခြားသူမဟုတ်ဘဲ ချူရွမ်ပင် ဖြစ်သည်။
သူသည် အဖိုးအိုကို သတ်ဖြတ်ပြီး ကိုးကွေ့ကောင်းကင်မြစ် တံဆိပ်ပြား ကို ရရှိခဲ့ပြီးကတည်းက မိစ္ဆာနှိမ်နင်းရေးဌာနနှင့် ရန်ငြိုးဖွဲ့ပြီးသား ဖြစ်နေပြီဖြစ်ရာ မည်သည့်အရာကိုမျှ တွန့်ဆုတ်နေစရာ မလိုတော့ပေ။
ထို့ကြောင့် သူသည် ဤအခွင့်အရေးကို သုံးကာ ကိုးကွေ့ ကောင်းကင်မြစ်သို့ တစ်ဖန် လာရောက်ခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ချူရွှမ်သည် နောက်ပြောင်သည့်အလား နျိုဖူ၏ ခေါင်းကို ပုတ်လိုက်ပြီး "ကြိုးစားစမ်း၊ ငါအဖိုးကြီးက မင်းကို အထင်ကြီးတယ်" ဟု ပြောလိုက်သည်။
နျိုဖူမှာ အတိုင်းမသိ စိတ်လှုပ်ရှားသွားသည်။
စီနီယာကြီးက သူ့ကို မျက်နှာသာပေးသည်ဟု သူ ထင်လိုက်သည်။ အကယ်၍ သူသာ နတ်အဆင့် နဝမအလွှာ ရှိသူတစ်ဦး၏ အားကိုးရာကို ရရှိခဲ့ပါက၊ နောင်တွင် မိစ္ဆာနှိမ်နင်းရေးဌာနအတွင်း၌ ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုတော့ဘဲ ခေါင်းမော့ရင်ကော့ လျှောက်လှမ်းနိုင်မည် မဟုတ်ပါလား။
နျိုဖူသည် ကျေးဇူးတင်စွာဖြင့် ခေါင်းငုံ့ပေးလိုက်ပြီး ချူရွှမ် ပို၍ သက်တောင့်သက်သာ ပုတ်နိုင်ရန် ပြုလုပ်ပေးရင်း။ "အဖိုးကြီးပိုင်... နောင်ကျရင် ကျုပ် မိစ္ဆာနှိမ်နင်းရေးဌာနမှာ တစ်ခုခု မှားယွင်းတာမျိုး ရှိခဲ့ရင်လည်း ကျုပ်ကို လမ်းညွှန်ပေးပါဦး" ဟု အခွင့်အရေးကို အရယူကာ တောင်းဆိုလိုက်သည်။
"အဲဒါ... အဲဒါက ပြောရလွယ်ပါတယ်။ မင်းရဲ့ နောင်က လုပ်ဆောင်ချက်တွေအပေါ်မှာ မူတည်တာပေါ့"
ချူရွှမ်သည် သူ၏ လက္ခဏာမှာ အတုဖြစ်နေသဖြင့် စကားကို အများကြီး မပြောရဲပေ။
သူသည် လက်ဝဲ အမတ်ချုပ်၏ လူယုံတစ်ဦးကို နောက်ပြောင်သည့်အနေနှင့် ခေါင်းကို အနည်းငယ် ပုတ်ပေးပြီးနောက် ကိုးကွေ့ ကောင်းကင်မြစ်ဘက်သို့ လှည့်ကာ ထွက်လာခဲ့သည်။
နျိုဖူကတော့ လိုက်မသွားရဲပေ။ သူသည် ချူရွှမ်၏ နောက်ကျောကို ကြည့်ရင်း။ "ဘာတွေ ဖြစ်နေတာလဲ အဖိုးကြီးပိုင်က ငါ့ခေါင်းကို ပုတ်တုန်းကတော့ ငါ့ကို သဘောကျနေသလိုပဲ၊ ဒါပေမဲ့ ငါ စကားပြောတဲ့အခါကျတော့ အရမ်း အေးစက်နေပြန်ရော... ဪ... ငါ နားလည်ပြီ..." ဟု ရေရွတ်လိုက်သည်။
နျိုဖူသည် အဖိုးကြီးပိုင်၏ စရိုက်နှင့် ပတ်သက်၍ အတော်အတန် ကြားဖူးထားသည်။
ထို့ကြောင့် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် နျိုဖူသည် ဤအခွင့်အရေးကို လက်လွှတ်မခံလိုသဖြင့် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး မိစ္ဆာနှိမ်နင်းရေးဌာနအတွင်းသို့ အမြန် လှည့်ဝင်သွားတော့သည်။
မကြာမီမှာပင်...
ချူရွှမ်သည် လမ်းကြောင်းကို ကျွမ်းကျင်နေသဖြင့် ကိုးကွေ့ ကောင်းကင်မြစ်သို့ တစ်ဖန် ပြန်ရောက်လာသည်။
သူ၌ ကောင်းကင်မြစ် တံဆိပ်ပြား ရှိနေပြီး ပိုင်ထျန်းရှင်း၏ ရုပ်သွင်ကို ယူထားသဖြင့် လမ်းတလျှောက်ရှိ ရဲမက်များမှာ ဘယ်သူမှ မတားဆီးရဲကြပေ။
ချူရွှမ်သည် အလွန် ချောမွေ့စွာပင် ကိုးကွေ့ ကောင်းကင်မြစ်သို့ ရောက်ရှိသွားသည်။
ထိုနေရာတွင် ဘယ်သူမှ မရှိသည်ကို သူ တွေ့လိုက်ရသည်။ ဤသည်မှာ ပိုင်ထျန်းရှင်း၏ တမင်တကာ စီစဉ်ထားမှုပင် ဖြစ်သည်။ ကိုးကွေ့ ကောင်းကင်မြစ် ခန်းခြောက်သွားသည်ကို တွေ့ရှိချိန်တွင် ပိုင်ထျန်းရှင်းသည် တစ်ခုခု လုပ်စရာရှိသည်ဟု အကြောင်းပြကာ အခြားသူများကို ဝင်ခွင့်မပေးရန် အမိန့်ထုတ်ထားခဲ့ခြင်း ဖြစ်သည်။
ဤအချိန်တွင် ကိုးကွေ့ ကောင်းကင်မြစ်အတွင်း၌ လူတစ်ယောက်သာ ရှိသည်။
ထိုသူမှာ သနားစရာကောင်းသော ဗိုလ်မှူးကြီးဟောင်း ဖြစ်သူ လင်းရင်ပင် ဖြစ်သည်။
သူသည် ပိုင်ထျန်းရှင်း၏ အတင်းအဓမ္မ ခိုင်းစေခြင်းကို ခံရကတည်းက၊ လင်းရင်းသည် သစ်သားပုံးများကို သယ်ကာ ကိုးကွေ့ ကောင်းကင်မြစ်၏ အခြားသော အစိတ်အပိုင်းများမှ ရေများကို ခန်းခြောက်နေသော ပထမအပိုင်းသို့ မရပ်မနား ခပ်ယူဖြည့်တင်းပေးနေရသည်။
သူသည် ရေကို နှေးနှေးကွေးကွေး သယ်မိပါက အဖိုးကြီးပိုင်၏ အမျက်ဒေါသကို ခံရမည်ကို ကြောက်နေသည်။
လင်းရင်သည် အဖိုးကြီးပိုင် ငယ်စဉ်က မည်မျှ ကြမ်းတမ်းသည်ကို သိထားသည်။ ယခု လင်းရင်း ဆုတောင်းနေမိသည်မှာ ရေများကို အမြန် သယ်ယူပြီးသွားပါက အဖိုးကြီးပိုင်က သူ့ကို ညှာတာစွာ လွှတ်ပေးရန်သာ ဖြစ်သည်။
ထို့ကြောင့် ညဉ့်နက်ပိုင်း ကိုးကွေ့ ကောင်းကင်မြစ်၏ တိတ်ဆိတ်မှုထဲတွင် လင်းရင်သည် ရူးသွပ်မတတ် သယ်ယူနေရသော်လည်း၊ ရေများ သယ်လေလေ သူ ပို၍ မျှော်လင့်ချက်မဲ့လေလေ ဖြစ်နေသည်။ ကိုးကွေ့ ကောင်းကင်မြစ်၏ အတိုင်းအတာမှာ အလွန်ပင် ကျယ်ပြောလှသည်။
ပထမအပိုင်း တစ်ခုတည်း၏ အနက်မှာပင် မီတာ နှစ်ဆယ်ကျော် ရှိသည်။
ဤမျှ ကျယ်ပြောလှသော ကိုးကွေ့ ကောင်းကင်မြစ်ကို သစ်သားပုံး နှစ်လုံးတည်းဖြင့် ရေဖြည့်ရန်မှာ နတ်အဆင့်ရှိသူတစ်ဦး ဖြစ်သော်လည်း လင်းရင်မှာ အန်ထွက်မတတ် ပင်ပန်းနေပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာလည်း အနားယူချင်စိတ်ကြောင့် အလိုအလျောက် နှေးကွေးလာသည်။
သို့သော် လင်းရင် ခဏမျှ အနားယူလိုက်စဉ်မှာပင်...
ပုံရိပ်တစ်ခု လျှောက်လာသည်ကို မြင်လိုက်ရသည်။
လင်းရင်မှာ ထိတ်လန့်သွားပြီး ချက်ချင်း ထရပ်လိုက်ကာ မျက်ရည်များ ဝဲလျက် ထိုသူ့ရှေ့တွင် ဒူးထောက်လိုက်သည်။ "အဖိုးကြီး... ကျုပ်အသက်ကို ချမ်းသာပေးပါ ကျုပ် အလုပ်ခိုးလုပ်နေတာ မဟုတ်ပါဘူး၊ အမောခဏ ဖြေနေတာပါ။ အခုပဲ ဆက်ပြီး ရေသယ်ပါ့မယ်"
လင်းရင်သည် စိတ်ပျက်လက်ပျက်ဖြင့် သစ်သားပုံးများကို ပြန်မလိုက်သည်။
ချူရွှမ်သည် ကောင်းကင်အကျဉ်းထောင်တွင် စတင် တွေ့ဆုံစဉ်က ဤဗိုလ်မှူးကြီးမှာ မည်မျှ မာန်တက်ခဲ့သည်ကို ပြန်လည် သတိရလိုက်မိသည်။
"မင်းက တကယ့်ကို သနားစရာကောင်းတဲ့ ကလေးပဲ ကဲ... မင်း ငါအဖိုးကြီးကို ရိုသေမှု ရှိသေးတာကြောင့် ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်။ အခု အပြင်ကို ထွက်ပြီး ငါအဖိုးကြီးအတွက် တံခါးစောင့်ပေးစမ်း။ ငါ့ခွင့်ပြုချက် မရဘဲ ဘယ်သူ့ကိုမှ အထဲပေးမဝင်နဲ့"
"ဪ... ဒါနဲ့ မင်းအပြင်မှာ အခု ကိုးကွေ့ ကောင်းကင်မြစ်ထဲမှာ တခြားလူ မရှိတော့ဘူး မဟုတ်လား"
ချူရွှမ်က အနည်းငယ် စိုးရိမ်စွာ မေးလိုက်သည်။
အနားယူရမည်ဟု ကြားလိုက်ရသဖြင့် လင်းရင်းမှာ ဝမ်းသာအားရ ခေါင်းငြိမ့်ပြကာ။ "မရှိပါဘူး အဖိုးကြီး... အဖိုးကြီးပဲ နေ့ခင်းတုန်းက ကိုးကွေ့ ကောင်းကင်မြစ် အပိုင်းကိုးခုလုံးက လူတွေကို မောင်းထုတ်လိုက်တာလေ"
"ကောင်းပြီ၊ အလွန်ကောင်းတယ် ငါအဖိုးကြီး ဆိုလိုတာက မင်း အလုပ်ကို အရမ်း ကောင်းကောင်း လုပ်နေတယ်လို့ ပြောတာပါ။ အခု အပြင်ထွက်ပြီး ကောင်းကောင်း အနားယူလိုက်ဦး။ နားပြီးမှ ရေကို ဆက်သယ်လို့ ရမှာပေါ့"
ချူရွှမ်သည် လင်းရင်ကို အားနာမနေဘဲ အပြင်သို့ နှင်ထုတ်လိုက်သည်။
လင်းရင်းသည် ယနေ့ည ပိုင်ထျန်းရှင်းက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရသော်လည်း များများစားစား မမေးရဲပေ။ ဘာပဲဖြစ်ဖြစ် မိစ္ဆာနှိမ်နင်းရေးဌာနတွင် အသက်ရှင်ချင်ပါက စကားနည်းနည်းပြောပြီး ခေါင်းများများ ညွှတ်ရမည် မဟုတ်ပါလား
လင်းရင်းသည် ရိုသေစွာဖြင့် ဆုတ်ခွာသွားသည်။
သူသည် ရေသယ်သမားအဆင့်မှ တစ်ဖန် တံခါးစောင့်အဆင့်သို့ ပြန်ရောက်သွားခဲ့ပြန်သည်။
သို့သော် သူ မသိသည်မှာ သူ ထွက်သွားသည်နှင့် တပြိုင်နက်...
တည်ကြည်လေးနက်ပုံရသော စီနီယာကြီးမှာ ချက်ချင်းပင် ဇက်လွတ်နေသော တောမြင်းတစ်ကောင်ကဲ့သို့ ကိုးကွေ့ ကောင်းကင်မြစ်၏ ဒုတိယအပိုင်းအတွင်းသို့ စိတ်လှုပ်ရှားစွာ ပြေးဝင်သွားတော့သည်။ သူသည် ရေများ သယ်ယူထားသော လမ်းကြောင်းအတိုင်း လိုက်သွားရာ ဒုတိယအပိုင်းသို့ အလွယ်တကူ ရောက်ရှိသွားသည်။ ထိုအပိုင်းရှိ ဝိညာဉ်စွမ်းအင်များမှာ ပထမအပိုင်းထက် ပို၍ပင် သိပ်သည်းနေသည်ကို သူ တွေ့လိုက်ရသည်။
ဟိန်း
သွေးမြွေ ငွေနဂါးမှာ အောင့်အည်းမထားနိုင်တော့ဘဲ ချူရွှမ်၏ လက်မောင်းမှ ပြေးထွက်ကာ မြစ်ထဲသို့ တန်းဝင်သွားတော့သည်။ ချူရွှမ်က မတားဆီးဘဲ စိတ်လှုပ်ရှားစွာ အမိန့်ပေးလိုက်သည်။ "ရှောင်ပိုင်၊ နဂါးကိုးဖော် ဝိုင်အိုးကို ထွေးထုတ်စမ်း"
ဝူး
သူ စကားပြောပြီးသည်နှင့်...
မဟာယွဲ့နိုင်ငံ၏ ရတနာဖြစ်သော ရွှေနဂါးကိုးကောင် ဝိုင်အိုးမှာ ချူရွှမ်ရှေ့တွင် ပေါ်လာသည်။ ဝိုင်အိုးပေါ်ရှိ ရွှေနဂါးကိုးကောင်မှာ သွေးမြွေ ငွေနဂါး၏ ဖိနှိပ်မှုကြောင့် အလွန်ပင် ယဉ်ပါးနေကြပြီ ဖြစ်သည်။
ယခုအချိန်တွင် ချူရွှမ်သည် ဝူရှန့်မိစ္ဆာအိုကြီး၏ မှတ်ဉာဏ်ထဲမှ နည်းလမ်းအတိုင်း နဂါးကိုးဖော် ဝိုင်အိုးကို စတင် အသက်သွင်းလိုက်သည်။ "နဂါးကိုးဖော်တို့... ငါ့အမိန့်ကို နာခံကြစမ်း အခု ငါပေးမယ့် အမိန့်က အရမ်းရိုးရှင်းတယ်၊ စကားလုံးတစ်လုံးတည်းပဲ...စစုပ်ယူစမ်း ငါ့အတွက် အစွမ်းကုန် စုပ်ယူကြစမ်း၊ အသက်နဲ့လဲပြီး စုပ်ယူကြစမ်း"
သူ စကားပြောနေစဉ်မှာပင် ချူရွှမ်သည် သူ၏ စစ်မှန်သော အဆီအနှစ်များကို နဂါးကိုးဖော် ဝိုင်အိုးအတွင်းသို့ အတင်းအကျပ် ပို့လွှတ်လိုက်သည်။
အံ့သြဖွယ်ကောင်းလှသော မြင်ကွင်းတစ်ခုမှာ ချူရွှမ်၏ မျက်စိရှေ့တွင် ချက်ချင်း ပေါ်ပေါက်လာတော့သည်။
အခန်း (၉၈)
ကောင်းကင်မြစ် ပြန်ခန်းခြောက်ပြန်ပြီ
နဂါးကိုးဖော် ဝိုင်အိုးသည် ကိုးကွေ့ ကောင်းကင်မြစ်၏ ရေနှင့် ထိတွေ့လိုက်သည်နှင့် တပြိုင်နက် ဝိုင်အိုးပေါ်ရှိ ရွှေနဂါးကိုးကောင်မှာ ရုတ်တရက် အသက်ဝင်လာသကဲ့သို့ ဟိန်းဟောက်ကာ ကောင်းကင်မြစ်အတွင်းသို့ တိုးဝင်သွားကြတော့သည်။
ဝုန်း
ထိုအချိန်တွင် နဂါးကိုးဖော် ဝိုင်အိုး တစ်ခုလုံးတွင်လည်း မရေမတွက်နိုင်သော နက်နဲသည့် လျှို့ဝှက်အင်းကွက်များ ပေါ်ပေါက်လာပြီး၊ ရွှေနဂါးကိုးကောင်မှာ ဝိုင်အိုးကို ဝန်းရံလျက် သူတို့ စုပ်ယူလိုက်သည့် ကောင်းကင်မြစ် ဝိညာဉ်ချီများကို မပြတ်မနား ပြန်လည် ထွေးထုတ်ပေးနေကြသည်။
ခဏအကြာတွင်...
နဂါးကိုးဖော် ဝိုင်အိုးအတွင်း၌ ထွက်ပေါ်လာစ နေဝန်းကဲ့သို့ တောက်ပနေသော လုံးဝန်းသည့် အရာတစ်ခု မြင့်တက်လာသည်ကို ချူရွှမ်အထင်အရှား မြင်တွေ့လိုက်ရသည်။ ၎င်းမှာ နဂါးပုလဲပင် ဖြစ်သည်။
“ဒဏ္ဍာရီတွေအရ စစ်မှန်တဲ့ နဂါးပုလဲဆိုတာ နဂါးစစ်စစ်တစ်ကောင်က နေ့စဉ်နေ့တိုင်း ကောင်းကင်နဲ့ မြေပြင်ရဲ့ ဝိညာဉ်ချီတွေ၊ နေနဲ့ လရဲ့ အဆီအနှစ်တွေကို စုပ်ယူပြီး ဖြစ်ပေါ်လာတာပဲ။ မဟာယွဲ့နိုင်ငံကို တည်ထောင်ခဲ့တဲ့ ဘုရင်ကြီးကလည်း ဒီအချက်ကို အသုံးချပြီး နဂါးစစ်စစ် ကိုးကောင်ကို ဘယ်လိုနည်းနဲ့ သတ်ခဲ့လဲမသိပေမဲ့၊ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ဝိုင်အိုးအဖြစ် သန့်စင်ပြီး သူတို့ရဲ့ နဂါးဝိညာဉ်တွေကိုတော့ လင်နက်ဝိညာဉ် အဖြစ် ပြောင်းလဲပစ်ခဲ့တာပဲ”
“ဒီနည်းနဲ့ နှစ်တစ်ရာပြည့်တိုင်း မဟာယွဲ့ တော်ဝင်မိသားစုဟာ နဂါးပုလဲတစ်လုံးကို ဖော်စပ်နိုင်ပြီး မဟာဆရာသခင် တစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ ကြာနီဂိုဏ်းကတော့ ဒါထက်တောင် ပိုပြီး လက်ရဲဇက်ရဲ ရှိခဲ့တာပဲ”
ဝူရှန့်မိစ္ဆာအိုကြီး၏ မှတ်ဉာဏ်များအရ...
မကြာမီအချိန်အတွင်း ကြာနီဂိုဏ်း၏ ဂိုဏ်းသားငယ်ဖြစ်သူ၊ မိစ္ဆာလမ်းစဉ်၏ အစစ်အမှန် မျိုးဆက်သစ်အတွက် မဟာဆရာသခင် အဆင့်သို့ တက်လှမ်းရမည့်နေ့ ရောက်ရှိတော့မည် ဖြစ်သည်။ ထိုတက်လှမ်းမှု အောင်မြင်စေရန်အတွက် ကြာနီဂိုဏ်းသည် အားသွန်ခွန်စိုက် ကြံစည်ပြီး နဂါးကိုးဖော် ဝိုင်အိုးကို ခိုးယူရန် အခွင့်အရေးကို အရယူခဲ့ခြင်း ဖြစ်သည်။
၎င်းတို့သည် ချင်ထျန်းမိစ္ဆာဘုရင်၏ ကျူးကျော်မှုကို အသုံးချကာ တစ်ချက်တည်းနှင့် အောင်မြင်အောင် လုပ်ဆောင်ခဲ့ကြသည်။
ထို့အပြင် နဂါးကိုးဖော် ဝိုင်အိုးအတွင်းရှိ နဂါးပုလဲ ဖြစ်တည်မှုကို မြန်ဆန်စေရန်အတွက် ကြာနီဂိုဏ်းသည် အလွန်ယုတ်ညံ့သော သွေးယဇ်ပူဇော်မှု အခမ်းအနားကို ပြင်ဆင်ထားပြီး၊ ထိုသွေးယဇ်ပူဇော်ခြင်းမှတဆင့် ကောင်းကင်နှင့် မြေပြင်၏ ဝိညာဉ်ချီ အမြောက်အမြားကို ဆွဲဆောင်ကာ နဂါးပုလဲ အမြန်ရင့်ကျက်လာစေရန် ကြိုးပမ်းခဲ့ကြသည်။
“နှမြောစရာကောင်းတာက ကြာနီဂိုဏ်းအနေနဲ့ ဒီနဂါးကိုးဖော် ဝိုင်အိုးက နောက်ဆုံးမှာ ငါ့လက်ထဲ ရောက်လာပြီး၊ ကိုးကွေ့ ကောင်းကင်မြစ်ထဲကို တစ်ဖန် ပြန်ဝင်ဖို့ အခွင့်အရေး ရသွားလိမ့်မယ်လို့ အိမ်မက်တောင် မက်ဖူးမှာ မဟုတ်ဘူး...”
ရွှေနဂါးကိုးကောင်က နဂါးပုလဲထံသို့ ဝိညာဉ်အလင်းတန်းများ အဆက်မပြတ် ထွေးထုတ်ပေးနေသည်ကို ကြည့်ရင်း ချူရွှမ် တုံ့ဆိုင်းမနေတော့ပေ။ သူသည် ချက်ချင်းပင် တင်ပျဉ်ခွေထိုင်လိုက်ပြီး သန့်စင်သော မီးလျှံကျင့်စဉ်ကို စတင် လည်ပတ်စေတော့သည်။
ဘာပဲဖြစ်ဖြစ် ဤမျှများပြားသော ဝိညာဉ်ချီများကို မစုပ်ယူဘဲ ထားလိုက်ခြင်းမှာ နှမြောစရာကောင်းလှပေသည်။
ကိုးကွေ့ ကောင်းကင်မြစ်၏ ဒုတိယအပိုင်းရှိ ကောင်းကင်နှင့် မြေပြင် ဝိညာဉ်ချီများမှာ ပထမအပိုင်းထက် ပို၍ ပြင်းထန်လှသည်။
ခဏမျှ ကျင့်ကြံပြီးနောက် ချူရွှမ်သည် သူ၏ ကိုယ်ခံပညာအဆင့်မှာ တစ်ဖန် ပြန်လည် လှုပ်ခတ်လာသည်ကို အံ့သြစွာ တွေ့ရှိလိုက်ရသည်။ သူသည် လွန်ခဲ့သော ရက်အနည်းငယ်ကမှ နတ်အဆင့် ပဉ္စမအလွှာသို့ တက်လှမ်းထားခြင်း ဖြစ်ကြောင်း သိထားရမည်။
ပုံမှန်အားဖြင့်ဆိုလျှင်...
ကိုယ်ခံပညာအဆင့် မြန်မြန်တက်လေလေ၊ နောက်တစ်ဆင့်သို့ တက်လှမ်းရာတွင် အတားအဆီးများနှင့် ကြုံတွေ့ရနိုင်ခြေ ပိုများလေဖြစ်ကာ တက်လှမ်းရန် ပို၍ ခက်ခဲလာတတ်သည်။ ၎င်းသည် တိုက်ရိုက် ကျရှုံးမှုကိုပင် ဦးတည်သွားစေနိုင်သည်။
ထို့ကြောင့်ပင် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ချူရွှမ် ရရှိခဲ့သော ကျင့်ကြံခြင်းများကို ကိုယ်ခံပညာ အဆင့်အတွင်းသို့ မထည့်ဘဲ ကိုယ်ခံပညာ နည်းစနစ်များအတွင်းသို့သာ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ကိုယ်ခံပညာအဆင့်သည် အဓိကအားဖြင့် စစ်မှန်သော ချီကိုသာ မြှင့်တင်ပေးသောကြောင့် ဖြစ်သည်။ စစ်မှန်သော တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးသည်မှာ အစွမ်းထက်သော ကိုယ်ခံပညာ နည်းစနစ်များသာ ဖြစ်ပေသည်။
ထို့ကြောင့်ပင် ချူရွှမ်သည် ကြာနီဂိုဏ်းသားများကို သတ်၍ ရရှိလာသော ကျင့်ကြံခြင်းအားလုံးကို သန့်စင်သော မီးလျှံကျင့်စဉ်အတွင်းသို့ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သန့်စင်သော မီးလျှံကျင့်စဉ် အားကောင်းလာမှသာ သူ၏ တိုက်ခိုက်ရေးစွမ်းအား ပိုမို ခိုင်မာလာမည် ဖြစ်သောကြောင့်ပင်။
ဥပမာအားဖြင့် တတိယအဆင့်ရှိ ကြာပြာ သန့်စင်သော မီးလျှံကို အစွမ်းကုန် ထုတ်သုံးနိုင်ပါက ချူရွှမ်သည် နတ်အဆင့်နဝမအလွှာ နှင့် ယှဉ်နိုင်သော တိုက်ခိုက်ရေးစွမ်းအားကို ရရှိနေပြီ ဖြစ်သည်။
“တစ်နည်းအားဖြင့် ပြောရရင် ငါ့မှာ အခု လိုအပ်နေတာက တိုက်ခိုက်ရေးစွမ်းအား မဟုတ်ဘူး၊ စစ်မှန်တဲ့ အဆီအနှစ်ပဲ”
ဘာပဲဖြစ်ဖြစ် မည်မျှပင် အစွမ်းထက်သော ကိုယ်ခံပညာ နည်းစနစ်များကို တတ်မြောက်ထားပါစေ၊ ၎င်းတို့ကို ထောက်ပံ့ပေးရန် လုံလောက်သော စစ်မှန်သည့် အဆီအနှစ် မရှိပါက တစ်ချက်၊ နှစ်ချက်လောက် သုံးပြီးသည်နှင့် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များ ခန်းခြောက်သွားပေလိမ့်မည်။
ရရှိထားသော နဂါးပုလဲနှင့် ပေါင်းစပ်လိုက်သောအခါ...
ချူရွှမ်သည် သူ၏ နောင်ကျင့်ကြံရမည့် လမ်းကြောင်းကို ချက်ချင်း ရှင်းလင်းစွာ သိမြင်သွားသည်။ ကိုယ်ခံပညာ နည်းစနစ်များကို အဓိကထားရာမှ သူ၏ ကျင့်ကြံခြင်း အဆင့်ကို အဓိကထားသည့်ဘက်သို့ ပြောင်းလဲလိုက်ခြင်းပင်။
ဝုန်း
ဤသို့ တွေးလိုက်ရင်း ချူရွှမ်သည် သန့်စင်သော မီးလျှံကျင့်စဉ်ကို ပိုမို အားစိုက်၍ ကျင့်ကြံတော့သည်။
ဤ နိုင်ငံတော်စောင့်ရှောက်ကျင့်စဉ်သည် တိုက်ခိုက်ရေးအတွက် အစွမ်းထက်သော သန့်စင်သည့် မီးလျှံအမျိုးမျိုးကို ပိုင်ဆိုင်ထားရုံတင်မကဘဲ၊ ပို၍ အရေးကြီးသည်မှာ ၎င်းကိုယ်တိုင်ကပင် အလွန် စွမ်းအားကြီးမားသော ကျင့်စဉ်တစ်ခု ဖြစ်နေခြင်းပင်။
၎င်းသည် ချူရွှမ် ရရှိထားသော ရှစ်မျက်နှာသဲကန္တာရ ကျင့်စဉ်ထက်ပင် ပို၍ အစွမ်းထက်လှသည်။
အဘယ်ကြောင့်ဆိုသော် ရှစ်မျက်နှာသဲကန္တာရ ကျင့်စဉ်ကို ကျင့်ကြံစဉ်တွင် ချူရွှမ်သည် နတ်အဆင့်ပဉ္စမအလွှာ သို့ ရောက်ရှိပြီးနောက် အတားအဆီးတစ်ခုနှင့် ကြုံတွေ့နေရကြောင်း သိသိသာသာ ခံစားရသည်။ သို့သော် သန့်စင်သော မီးလျှံကျင့်စဉ်မှာမူ ကောင်းကင်နှင့် မြေပြင် ဝိညာဉ်ချီသာ လုံလောက်ပါက နတ်အဆင့်နဝမအလွှာ အထိ မည်သည့် ပြဿနာမျှ မရှိဘဲ တစ်ဟုန်ထိုး တက်လှမ်းနိုင်လိမ့်မည်ဟု ချူရွှမ်ကို ခံစားရစေသည်။
ဝုန်း
ချူရွှမ် တွေးနေစဉ်မှာပင်...
အလွန် များပြားလှသော ကောင်းကင်နှင့် မြေပြင် ဝိညာဉ်ချီများသည် သန့်စင်သော မီးလျှံကျင့်စဉ်၏ ပြောင်းလဲပေးမှုကြောင့် ပို၍ ကြောက်မက်ဖွယ်ကောင်းသော မီးလျှံစွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး၊ ချူရွှမ်အား ထိုအတားအဆီးကို အမြန် ကျော်ဖြတ်စေခဲ့သည်။
“နတ်အဆင့် ဆဌမအလွှာ ... ငါ တက်လှမ်းနိုင်သွားပြီ”
ထို့ပြင် ထိုတက်လှမ်းမှုမှာ အားစိုက်စရာပင် မလိုဘဲ ချောမွေ့လှသည်။
“ဒါဆိုရင် ငါ ဆက်ပြီးတော့ တက်လှမ်းနိုင်ဦးမယ်လို့ ဆိုလိုတာလား”
ဝုန်း
ချူရွှမ်၏ မြင်ကွင်းမှာ လုံးဝ တောက်ပသွားတော့သည်။
သူသည် သန့်စင်သော မီးလျှံကျင့်စဉ်ကို ရူးသွပ်မတတ် စတင် လည်ပတ်စေရာ ပတ်ဝန်းကျင်ရှိ ကောင်းကင်မြစ်ကိုပင် သက်ရောက်မှု ရှိစေပြီး ပြင်းထန်စွာ တောက်လောင်လာစေသည်။ အဆုံးမရှိသော ကောင်းကင်နှင့် မြေပြင် ဝိညာဉ်ချီများသည် တောက်လောင်နေသော မီးလျှံများအဖြစ် တိုက်ရိုက် ပြောင်းလဲသွားသည်။
ချူရွှမ်၏ ပတ်ဝန်းကျင်တွင် ဝိညာဉ်မီးလျှံ ပင်လယ်ကြီးတစ်ခု ဖြစ်ပေါ်နေသည့်အလားပင်ဖြစ်သည်။
“နတ်အဆင့် သတ္တမအလွှာ... ငါ ထပ်ပြီး တက်လှမ်းပြန်ပြီလား”
ဒါဟာ နိုင်ငံတော်စောင့်ရှောက်ကျင့်စဉ်ကို ကျင့်ကြံခြင်းရဲ့ ကြောက်စရာကောင်းတဲ့ အားသာချက်လား။
သန်မာတယ်၊ တကယ်ကို သန်မာလွန်းတယ်။
မိုက်တယ်၊ တကယ်ကို မိုက်လွန်းတယ်။
နတ်အဆင့်သတ္တမအလွှာ သို့ ရောက်ရှိသွားသော်လည်း ချူရွှမ်သည် သူ၏ ကျင့်ကြံခြင်းတွင် ကန့်သတ်ချက်ကို မခံစားရသေးပေ။ သူသည် ဆက်လက် တက်လှမ်းနိုင်ဦးမည့်ပုံ ပေါ်နေသည်။ အကယ်၍ မဟာဆရာသခင်တစ်ဦးသာ ဤတက်လှမ်းမှု အရှိန်အဟုန်ကို မြင်တွေ့ရပါက မယုံကြည်နိုင်လောက်အောင် မျက်လုံးပြူးသွားပေလိမ့်မည်။
“ကြာနီဂိုဏ်းထဲကို အတင်းဝင်ခဲ့တာက တကယ့်ကို ရတနာသိုက်ကြီးနဲ့ တိုးတာပဲ”
နောက်ဆုံးတွင်...
ချူရွှမ် မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် သူ၏ ကိုယ်ခံပညာအဆင့်မှာ နတ်အဆင့် ပဉ္စမအလွှာ မှ နတ်အဆင့် သတ္တမအလွှာ ၏ အထွတ်အထိပ်သို့ တစ်ဟုန်ထိုး ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဤသည်မှာ ညတစ်ဝက်ကျော်ရုံမျှဖြင့် အဆင့်ကြီး နှစ်ခုကို တစ်ပြိုင်နက်တည်း ကျော်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး၊ ချူရွှမ်အနေနှင့် သူ၏ ကိုယ်ပိုင် ကန့်သတ်ချက်ကိုပင် မရောက်သေးဟု ခံစားနေရသည်။
သို့သော် ချူရွှမ်အနေနှင့် ဆက်လက်၍ တက်လှမ်းနိုင်ခြင်း မရှိတော့ပေ။ သူ မတက်လှမ်းချင်၍ မဟုတ်။
ဤကောင်းကင်မြစ် အပိုင်းသည် တစ်ဖန် ပြန်လည် ခန်းခြောက်သွားပြန်ပြီ ဖြစ်ကြောင်း ချူရွှမ် အတော်လေး စိတ်ပျက်စွာ တွေ့ရှိလိုက်ရသည်။
ရွေးချယ်စရာ မရှိပေ။ သန့်စင်သော မီးလျှံကျင့်စဉ်သည် ကျင့်ကြံရာတွင် အလွန် အစွမ်းထက်လှသော်လည်း ၎င်း၏ ကောင်းကင်နှင့် မြေပြင် ဝိညာဉ်ချီ စုပ်ယူမှုမှာ အခြားသော ကျင့်စဉ်များနှင့် ကိုယ်ခံကျင့်စဉ်များထက် ဆယ်ဆမက ပိုများလှသည်။ ၎င်းနှင့်အတူ သွေးမြွေ ငွေနဂါးလည်း ရှိနေသေးသည်။
ရွှေနဂါး ကိုးကောင်လည်း ရှိသေးသည်။ နဂါးပုလဲ တစ်လုံးလည်း ရှိသေးသည်။
အမှန်အတိုင်း ပြောရလျှင် ဤကောင်းကင်မြစ် အစိတ်အပိုင်းလေးက ညတစ်ဝက်စာ ခံနိုင်ရည် ရှိခဲ့သည်မှာပင် အံ့ဖွယ်တစ်ပါး ဖြစ်နေပြီ။
နဂါးကိုးဖော် ဝိုင်အိုး၏ နဂါးပုလဲမှာလည်း အပြည့်အဝ ရင့်ကျက်ရန် အရိပ်အယောင် မပြသေးပေ။ သို့သော် ယခင်နှင့် နှိုင်းယှဉ်ပါက နဂါးပုလဲ တစ်ခုလုံးမှာ ဓာတ်ငွေ့အခြေအနေမှ တဖြည်းဖြည်းနှင့် ဖောက်ထွင်းမြင်ရသော အရည်အခြေအနေသို့ ပြောင်းလဲလာခဲ့ပြီ။ ဖြစ်နိုင်သည်မှာ ကောင်းကင်မြစ်၏ နောက်ထပ် အစိတ်အပိုင်းတစ်ခုကို ထပ်မံ ခန်းခြောက်အောင် လုပ်ပြီးလျှင် ဤနဂါးပုလဲမှာ အပြည့်အဝ ဖြစ်တည်လာနိုင်ပေသည်။
ဤသို့ တွေးလိုက်ရင်း ချူရွှမ်သည် တုံ့ဆိုင်းမနေဘဲ ဒုတိယ ကောင်းကင်မြစ် အပိုင်းမှ ချက်ချင်း ထွက်ခွာခဲ့သည်။ ထို့နောက် ပိုင်ထျန်းရှင်း၏ ကောင်းကင်မြစ် တံဆိပ်ပြားကို ကိုင်ဆောင်ကာ တတိယ ကောင်းကင်မြစ် အပိုင်းသို့ ရောက်ရှိသွားခဲ့သည်။
ကံကောင်းသည်မှာ မိစ္ဆာနှိမ်နင်းရေးဌာန၏ ကောင်းကင်မြစ်ကို အပိုင်းကိုးပိုင်း ခွဲထားခြင်းဖြစ်၏။ တစ်ပိုင်းစီတိုင်းမှာ ကြီးမားသော တောင်တန်းကြီးတစ်ခုအတွင်း ဝှက်ထားသော ထူးခြားသည့် ဟင်းလင်းပြင်များအတွင်း၌ တည်ရှိကြသည်။
ပိုင်ထျန်းရှင်းမှာ ကိုးကွေ့ ကောင်းကင်မြစ်၏ ပထမ၊ ဒုတိယနှင့် တတိယ အပိုင်းများကို စောင့်ကြပ်ရန် တာဝန်ရှိသူ ဖြစ်သည်။ ဤအပိုင်းများသည် ကိုးကွေ့ ကောင်းကင်မြစ်အတွင်း၌ အားအနည်းဆုံး အပိုင်းများဟု သတ်မှတ်နိုင်သည်။
ကျန်ရှိနေသော ကောင်းကင်မြစ် ခြောက်ပိုင်းမှာမူ ပို၍ အစွမ်းထက်သော နတ်အဆင့် ပညာရှင်များနှင့် မိစ္ဆာနှိမ်နင်းရေးဌာနမှ မဟာဆရာသခင်များပင် စောင့်ကြပ်နေကြသည်။ ထိုပညာရှင်များကို သွားရောက် စိန်ခေါ်ရန်မှာ ချူရွှမ်အနေနှင့် မဝံ့ရဲသေးပေ။
သို့သော် တတိယ ကောင်းကင်မြစ် အပိုင်းသို့ လွတ်လပ်စွာ ဝင်ရောက်ရန်မှာမူ ချူရွှမ် လုပ်ဆောင်နိုင်သေးသည်။
ဝင်ရောက်ပုံမှာ ယခင်အတိုင်းပင်။ သူသည် သွေးမြွေ ငွေနဂါးနှင့် ရွှေနဂါးကိုးကောင်ကို စိတ်ကြိုက် စုပ်ယူရန် တိုက်ရိုက် အမိန့်ပေးလိုက်သည်။
ချူရွှမ်သည်လည်း ကောင်းကင်မြစ်၏ ထောင့်တစ်နေရာကို တစ်ဖန် ပြန်ရှာကာ တင်ပျဉ်ခွေထိုင်လိုက်ပြီး နိုင်ငံတော်စောင့်ရှောက်ကျင့်စဉ်ဖြစ်သော သန့်စင်သော မီးလျှံကျင့်စဉ်ကို တိတ်ဆိတ်စွာ လည်ပတ်စေတော့သည်။
သို့သော် ချူရွှမ် မသိလိုက်သည်မှာ... သူ ကောင်းကင်မြစ်အတွင်း ပုန်းအောင်းကာ ကျင့်ကြံခြင်းတွင် နစ်မျောနေစဉ်မှာပင်…
အခန်း (၉၉)
နဂါးပုလဲ အောင်မြင်စွာ ဖြစ်တည်လာခြင်း
ချူရွှမ်သည် ကောင်းကင်မြစ်အတွင်း ပုန်းအောင်းကာ အားသွန်ခွန်စိုက် ကျင့်ကြံနေစဉ်အတွင်း၊ ယခင် စိစစ်ရေးအရာရှိ အိမ်တော်မှာမူ ပြင်းထန်သော မီးတောက်များအတွင်း နစ်မြုပ်နေခဲ့ပြီ ဖြစ်သည်။
လူအုပ်ကြီးသည် မီးတောက်များကို ဂရုမစိုက်ဘဲ အထဲသို့ အလုအယက် ပြေးဝင်နေကြသော်လည်း၊ ၎င်းတို့မှာ မီးငြှိမ်းသတ်ရန် မဟုတ်ဘဲ မီးလောင်ကျွမ်းနေသော အလောင်းများကို အမြန်ဆုံး ဆွဲထုတ်ရန်သာ ဖြစ်သည်။
ထိုအလောင်းများ၏ ရှေ့တွင် နန်းတွင်းဝတ်စုံများကို ဝတ်ဆင်ထားသော ပညာရှင်တစ်စု ရပ်နေကြသည်။
၎င်းတို့တစ်ဦးချင်းစီ၏ မျက်နှာတွင် ထိတ်လန့်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များ ရှိနေပြီး သူတို့၏ မျက်လုံးများမှာ လူသတ်စက်တစ်လုံးကဲ့သို့ အေးစက်နေသည်။ ထိုသူများကြားတွင် ရပ်နေသော အကျဉ်းထောင်မှူး ဝမ်ရှန့်ပင်လျှင် ဖိအားတစ်ခုကို ခံစားနေရသည်။
အဘယ်ကြောင့်ဆိုသော် ဤသူများသည် မဟာချင် တော်ဝင်မိသားစု၏ အထူးချွန်ဆုံး သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့ အဖွဲ့ဝင်များ ဖြစ်နေသောကြောင့်ပင်။
သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့သို့ ဝင်ရောက်နိုင်သူတိုင်းမှာ မဟာချင်တော်ဝင်မိသားစုမှ သေချာစွာ မွေးထုတ်ပေးထားသည့် ပညာရှင်များ ဖြစ်ကြသည်ဟု ဆိုကြသည်။ ၎င်းတို့ထဲမှ အများစုမှာ အလွန် ငယ်ရွယ်ပုံရပြီး အသက်အကြီးဆုံးသူမှာပင် အသက် လေးဆယ်ထက် မကျော်လွန်ပေ။
သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့ကို ဦးဆောင်လာသူမှာ တည်ကြည်လေးနက်သော မျက်နှာထားရှိပြီး နဂါးဝတ်ရုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ဖြစ်သည်။ ထိုလူငယ်၏ အဆင့်အတန်းမှာ ထိတ်လန့်ဖွယ်ကောင်းလှသည်။ သူသည် သွေးရောင်ဝတ် အစောင့်တပ်ဖွဲ့၏ တပ်မှူးတစ်ဦး ဖြစ်ရုံသာမက လက်ရှိ စတုတ္ထမင်းသားလည်း ဖြစ်ပေသည်။
ဘာပဲဖြစ်ဖြစ် တော်ဝင်နန်းတော်အတွင်း၌ နဂါးကိုးဖော် ဝိုင်အိုး ခိုးယူခံရသည့် တုန်လှုပ်ဖွယ်ရာ အမှုကြီး ဖြစ်ပွားခဲ့သည် မဟုတ်ပါလား။
နန်းတွင်းတစ်ခုလုံး ဒေါသထွက်နေရုံတင်မကဘဲ မဟာချင် တော်ဝင်မိသားစု တစ်ခုလုံးလည်း အကြီးအကျယ် ဒေါသထွက်နေကြပြီ ဖြစ်သည်။
နဂါးကိုးဖော် ဝိုင်အိုးမှ နှစ်တစ်ရာပြည့်တိုင်း ထွက်ပေါ်လာသော နဂါးပုလဲမှာ ထုံးတမ်းစဉ်လာအရ တော်ဝင်မိသားစု၏ ပိုင်ဆိုင်မှုဖြစ်ပြီး၊ ၎င်းသည် တော်ဝင်မိသားစုအတွက် နှစ်တစ်ရာလျှင် မဟာဆရာသခင် တစ်ဦးစီကို မွေးထုတ်ပေးနိုင်သောကြောင့်ပင်။
ယခုအခါ နဂါးကိုးဖော် ဝိုင်အိုး ခိုးယူခံလိုက်ရသဖြင့် ဒေါသထွက်နေသော ဧကရာဇ်အိုကြီးမှာ ကောင်းကင်ဘုံအကျဉ်းထောင်ကို အချိန်အကန့်အသတ်အတွင်း အပြီးသတ် စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့ရုံတင်မကဘဲ စတုတ္ထမင်းသားကိုပါ ကြီးကြပ်သူအဖြစ် စေလွှတ်လိုက်ခြင်း ဖြစ်သည်။
စတုတ္ထမင်းသား တာဝန်ယူပြီးနောက် ပထမဆုံး လုပ်ဆောင်ချက်မှာ ဖမ်းဆီးရမိထားသော ကြာနီဂိုဏ်း တမန်တော်ကို သေသည်အထိ နှိပ်စက်စစ်ဆေးခဲ့ခြင်း ဖြစ်သော်လည်း နှမြောစရာကောင်းစွာပင် မည်သည့် သဲလွန်စမျှ မရရှိခဲ့ပေ။
ဤအချက်က ဝမ်ရှန့်ကို အနည်းငယ် မကျေမနပ် ဖြစ်စေခဲ့သည်။
သို့သော် ထိုမကျေနပ်မှုမှာ စိစစ်ရေးအရာရှိ အိမ်တော်မှ မီးလောင်မှုကြောင့် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ သာမန်လူများ၏ မျက်စိတွင်မူ ဤသည်မှာ ရိုးရိုးမီးလောင်မှုဟု ထင်ရသော်လည်း၊ နေ့စဉ်နေ့တိုင်း မိစ္ဆာလမ်းစဉ် ကိုယ်ခံပညာရှင်များနှင့် ဆက်ဆံနေရသော ဝမ်ရှန့်အတွက်မူ ဤမီးတောက်များကို မြင်လိုက်ရသည်နှင့် ပြဿနာရှိမှန်း ချက်ချင်း သိလိုက်သည်။
“စတုတ္ထမင်းသား... ကျုပ် မမှားဘူးဆိုရင် စိစစ်ရေးအရာရှိ ချမ်ရဲ့ အိမ်တော် မီးလောင်တာက ရိုးရိုး မတော်တဆ မဟုတ်ပါဘူး။ ဒီမီးတောက်တွေရဲ့ အရောင်နဲ့ ပြန်ဆွဲထုတ်လာတဲ့ အလောင်းတွေကို ကြည့်ရင် ဒါတွေအားလုံးက ကြာနီဂိုဏ်းရဲ့ လက်ကျန်တွေ ဖြစ်ရမယ်။ ကျုပ်တို့ မြေအောက်ထဲမှာ လျှို့ဝှက်ဥမင်တစ်ခုကိုတောင် တွေ့ထားပါတယ်”
စတုတ္ထမင်းသားကလည်း အေးစက်စွာ ခေါင်းငြိမ့်လိုက်ပြီး။ “အကျဉ်းထောင်မှူး ဝမ် ပြောတာ ငါကိုယ်တော် တွေးနေတာနဲ့ အတူတူပဲ။ ဒါပေမဲ့ ငါကိုယ်တော် နားမလည်နိုင်တာ တစ်ခုရှိတယ်။ ဘာဖြစ်လို့ ကြာနီဂိုဏ်းရဲ့ လက်ကျန်တွေက လက်ရှိ စိစစ်ရေးအရာရှိတစ်ယောက်ရဲ့ အိမ်တော်မှာ အကြောင်းမရှိဘဲ ပေါ်လာရတာလဲ၊ ပြီးတော့ သူတို့ကို ဘယ်သူက သတ်သွားတာလဲ၊ အကျဉ်းထောင်မှူး ဝမ်... မင်းက ငါ့ရဲ့ ကောင်းကင်ဘုံအကျဉ်းထောင်မှာ စုံစမ်းစစ်ဆေးရေး အတော်ဆုံးလူပဲ။ ငါကိုယ်တော် မျှော်လင့်တာက ဒီနေ့ တစ်ဝက်အတွင်းမှာ ဒီမှာဖြစ်ပျက်ခဲ့တာ မှန်သမျှကို အသေးစိတ် စုံစမ်းပေးဖို့ပဲ”
“ပြီးတော့ ဘယ်သူပဲ နဂါးကိုးဖော် ဝိုင်အိုးကို ခိုးသွားခိုးသွား... သဲလွန်စသာ တွေ့လိုက်လို့ကတော့ ငါကိုယ်တော် ကိုယ်တိုင် သူ့ကို အပိုင်းပိုင်း တောက်စပစ်မယ်”
ဝုန်း
စတုတ္ထမင်းသား စကားပြောနေစဉ်မှာပင် ကြီးမားလှသော စိစစ်ရေးအရာရှိ အိမ်တော်မှာ ပြာပုံအတိ ဖြစ်သွားတော့သည်။ ၎င်းက ဝမ်ရှန့်၏ မျက်နှာကို မည်းမှောင်သွားစေကာ “ကျုပ်မှာ အဲဒီ အရိပ်မိစ္ဆာပညာရှင်နဲ့ ပတ်သက်ပြီး ဘာသဲလွန်စမှ မရသေးဘူး၊ အခု မြို့တော်ထဲမှာ အဲဒီထက် ပိုဒုက္ခပေးမယ့် မိစ္ဆာပညာရှင်တစ်ယောက် ထပ်ပေါ်လာပြန်ပြီ။ ဘာလို့ ငါ ဒီတစ်လော ကံဆိုးနေတာလဲလို့ ခံစားနေရတာပါလိမ့်”
ဝမ်ရှန့်သည် ခေါင်းကို ခါယမ်းလိုက်ပြီး သူ၏ လက်အောက်ငယ်သားများကို ဦးဆောင်ကာ သဲလွန်စများကို အသေးစိတ် စတင် ရှာဖွေတော့သည်။
ကောင်းကင်မြစ်အတွင်း၌ ချူရွှမ်သည် တင်ပျဉ်ခွေ ထိုင်နေသည်။
တောက်လောင်နေသော သန့်စင်သည့် မီးလျှံများမှာ သူ့ကို ဗဟိုပြု၍ မြင့်မြတ်ပြီး စင်ကြယ်သော ကြာပြာ တစ်ပွင့်အဖြစ် ဖြစ်တည်နေသည်။ ၎င်းသည် အစွမ်းထက်လှသလို လျှို့ဝှက်ချက်များဖြင့်လည်း ပြည့်နှက်နေသည်။
ကြာပလ္လင်ပေါ်တွင် ထိုင်နေသော ချူရွှမ်သည် သူ၏ ခန္ဓာကိုယ် တုန်ခါသွားသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
“နတ်အဆင့် အဌမအလွှာ... နောက်ဆုံးတော့ ငါ တက်လှမ်းနိုင်ခဲ့ပြီ နှမြောစရာကောင်းတာက နတ်အဆင့် နဝမအလွှာကို ရောက်ဖို့ အနည်းငယ် လိုနေသေးတာပဲ...” ချူရွှမ်သည် ဝမ်းသာသလို နောင်တလည်း ရနေမိသည်။
သူ ကြိုးစားမှု အားနည်း၍ မဟုတ်ပေ။
ထိုအစား သူ၏ ကိုယ်ခံပညာအဆင့်မှာ ဤကာလအတွင်း အလွန် လျင်မြန်စွာ တိုးတက်လာခဲ့ခြင်းကြောင့် ဖြစ်သည်။ ကိုယ်ခံပညာအဆင့် မြန်မြန်တက်လေလေ၊ အခြေခံမှာ အားနည်းလာလေဖြစ်ပြီး ပိုမိုကြီးမားသော အတားအဆီးကို ဖြစ်ပေါ်စေတတ်သည်။
ထိုအချိန်တွင် အတားအဆီးကို ကျော်ဖြတ်ရန် လိုအပ်သော ကောင်းကင်နှင့် မြေပြင် ဝိညာဉ်ချီမှာ ပိုမို များပြားလာမည် ဖြစ်သည်။
“ကောင်းကင်မြစ်ရဲ့ တတိယအပိုင်းမှာရှိတဲ့ ဝိညာဉ်ချီက အရမ်း အားကောင်းပေမဲ့ ငါ့ကို နတ်အဆင့် အဌမအလွှာ အထိပဲ တက်လှမ်းခွင့် ပေးနိုင်တယ်။ နတ်အဆင့် နဝမအလွှာ ကို ကျော်ဖြတ်ဖို့ဆိုရင် ပိုမြင့်တဲ့ ကောင်းကင်မြစ် အဆင့်တစ်ခုကို သွားရမယ်၊ အဲဒါက ကောင်းကင်မြစ်ရဲ့ စတုတ္ထအပိုင်းပဲ...”
ချူရွှမ်၏ မျက်နှာမှာ အနည်းငယ် တည်ကြည်သွားသည်။
သူသည် ပိုင်ထျန်းရှင်းကို သတ်နိုင်ခဲ့ခြင်းမှာ
ပထမအချက်၊ ပိုင်ထျန်းရှင်းက အလွန်အမင်း ပေါ့ဆခဲ့ခြင်းကြောင့် ဖြစ်သည်။
ဒုတိယအချက်၊ ပိုင်ထျန်းရှင်းက ချူရွှမ်ကို လုပ်ကြံရန်အတွက် လူသူကင်းမဲ့သော နေရာတစ်ခုကို တမင်တကာ ရွေးချယ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ထိုသို့ဖြစ်မှသာ ချူရွှမ်က အခြေအနေကို ပြောင်းပြန်လှန်ပြီး သူ့ကို ပြန်သတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူသည် အလားတူနည်းလမ်းကို သုံးပြီး အခြားသော ကောင်းကင်မြစ်အပိုင်းများမှ အစောင့်အရှောက်များကို သတ်ရန် ကြိုးစားမည်ဆိုပါက အခွင့်အရေးမှာ အလွန်ပင် နည်းပါးလှသည်။
“ငါ့မှာ အချိန်အများကြီး မရှိတော့ဘူး”
ဘာပဲဖြစ်ဖြစ် ပိုင်ထျန်းရှင်းအဖြစ် သူယူထားသော လက္ခဏာမှာ အတုသာ ဖြစ်သည်။ နျိုဖူနှင့် လင်းရင် တို့ကို လှည့်စားရန်မှာ ပြဿနာမရှိသော်လည်း၊ အခြားသော မြစ်အပိုင်းမှ အစောင့်အရှောက်များကို လှည့်စားရန်မှာမူ ချူရွှမ်အနေနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိပေ။
တစ်ချိန်တည်းမှာပင် ပိုင်ထျန်းရှင်း၏ မှတ်ဉာဏ်များအရ မိစ္ဆာနှိမ်နင်းရေးဌာနအတွက် ကြီးမားသော ကောင်းမှုတစ်ခုခု မလုပ်ဆောင်နိုင်ပါက နတ်အဆင့် နဝမအလွှာ ကျင့်ကြံသူတစ်ဦးပင်လျှင် အကြောင်းပြချက်မရှိဘဲ အခြားသော ကောင်းကင်မြစ် အပိုင်းများအတွင်းသို့ ဝင်ရောက် ကျင့်ကြံခွင့် မရှိပေ။
“ကောင်းကင်မြစ်ရဲ့ တတိယအပိုင်းက ဝိညာဉ်ချီတွေကို စုပ်ယူပြီးပြီဆိုတော့ ငါ ထွက်သွားဖို့ အချိန်တန်ပြီ ထင်တယ်”
ဤသို့ တွေးလိုက်ရင်း ချူရွှမ်သည် နဂါးကိုးဖော် ဝိုင်အိုးဘက်သို့ အမြန် ကြည့်လိုက်သည်။ ထိုနေရာတွင် နဂါးဝိညာဉ် ကိုးကောင်မှာ သွေးမြွေ ငွေနဂါး၏ အမိန့်အောက်တွင် နဂါးပုလဲပေါ်သို့ ဝိညာဉ်အလင်းတန်းများကို အားသွန်ခွန်စိုက် ထွေးထုတ်ပေးနေသည်ကို တွေ့လိုက်ရသည်။
များပြားလှသော ဝိညာဉ်အလင်းတန်းများ၏ အာဟာရကြောင့် နဂါးပုလဲ တစ်ခုလုံးမှာ ဖောက်ထွင်းမြင်ရသော အရည်အခြေအနေမှ အစိုင်အခဲအခြေအနေသို့ တဖြည်းဖြည်း ပြောင်းလဲလာသည်ကို ချူရွှမ် အံ့သြဝမ်းသာစွာ တွေ့ရှိလိုက်ရသည်။
ဟိန်း
နဂါးဝိညာဉ် ကိုးကောင်မှာလည်း ဤအချက်ကို သိရှိသွားပြီး ဝမ်းသာအားရ ဟိန်းဟောက်လိုက်ကြသည်။
ဤ နဂါးကိုးဖော် ဝိုင်အိုးနှင့် ပတ်သက်၍ ဒဏ္ဍာရီတစ်ခု ရှိခဲ့သည်။ နဂါးဝိညာဉ် ကိုးကောင်က မဟာယွဲ့နိုင်ငံအတွက် နဂါးပုလဲများကို အားသွန်ခွန်စိုက် ဖော်စပ်ပေးစေရန်အတွက်၊ နဂါးကိုးဖော် ဝိုင်အိုးကို သွန်းလုပ်ခဲ့သော မဟာယွဲ့နိုင်ငံ၏ ဘုရင်ကြီးသည် နဂါးဝိညာဉ် ကိုးကောင်နှင့် ကတိကဝတ်တစ်ခု ပြုလုပ်ခဲ့သည်။
အကယ်၍ ၎င်းတို့သည် မဟာယွဲ့နိုင်ငံအတွက် နဂါးပုလဲ အလုံးတစ်ရာ ဖော်စပ်ပေးနိုင်ပါက၊ တော်ဝင်မိသားစုက ၎င်းတို့၏ နဂါးဝိညာဉ် အကျဉ်းချထားမှုများကို ရုပ်သိမ်းပေးပြီး လွတ်လပ်ခွင့် ပေးမည်ဟု ဆိုသည်။
မှန်ပါသည်၊ ဤသည်မှာ ဒဏ္ဍာရီတစ်ခုသာ ဖြစ်ပြီး ၎င်း၏ မှန်ကန်မှုကိုတော့ မည်သူမျှ မသိရှိကြပေ။
သို့သော် ချူရွှမ်သည် နဂါးဝိညာဉ် ကိုးကောင်မှာ သွေးမြွေ ငွေနဂါး၏ အမိန့်ကို အလွန်ပင် နာခံနေကြသည်ကို တွေ့ရသဖြင့် အလွန် အံ့သြမိသည်။ “ငါ ဘာလို့ ခံစားနေရတာလဲ... ဒီနဂါးဝိညာဉ် ကိုးကောင်က ရှောင်ပိုင်ကို ကြောက်နေရုံတင် မဟုတ်ဘဲ၊ ရှောင်ပိုင်ရဲ့ လက်အောက်ငယ်သားတွေ ဖြစ်သွားသလိုပဲ”
တကယ်ကို ထူးဆန်းလှသည်။ ကျောင်နဂါးတစ်ကောင်က နဂါးစစ်စစ်ကို ကြောက်ရမည် မဟုတ်ပါလား သို့သော် သွေးမြွေ ငွေနဂါး၏ ရှေ့တွင်မူ အရာအားလုံးမှာ ပြောင်းပြန် ဖြစ်နေပုံရသည်။
ဝုန်း
ချူရွှမ် တွေးနေစဉ်မှာပင်၊ ဝိညာဉ်အလင်းတန်းများ ထွေးထုတ်နေသော နဂါးဝိညာဉ် ကိုးကောင်မှာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီးနောက်၊ နဂါးပုံစံ ကိုးခုအဖြစ် ပြန်လည် ပြောင်းလဲသွားကာ နဂါးကိုးဖော် ဝိုင်အိုးအတွင်းသို့ ပြန်လည် ပေါင်းစပ်သွားကြသည်။
နဂါးကိုးဖော် ဝိုင်အိုး တစ်ခုလုံးမှာ ချက်ချင်းပင် အတိုင်းအထက်အလွန် ပြင်းထန်သော မြင့်မြတ်သည့် အလင်းတန်းများ ပေါက်ကွဲထွက်လာတော့သည်။
ထိုခံစားချက်မှာ နဂါးကိုးဖော် ဝိုင်အိုးအတွင်း၌ နတ်ဘုရားနဂါးငယ်လေး တစ်ကောင်ကို မွေးထုတ်ပေးနေသည့်အလားပင်။
“ဒါ နဂါးပုလဲပဲ၊ ကောင်းကင်မြစ် အပိုင်းနှစ်ပိုင်းကို ခန်းခြောက်အောင် လုပ်ပြီးတဲ့နောက်မှာတော့ နဂါးကိုးဖော် ဝိုင်အိုးက နောက်ဆုံးမှာ နဂါးပုလဲကို အပြည့်အဝ ဖြစ်တည်စေခဲ့ပြီ။ အခု ကျန်တာကတော့ နဂါးဝိညာဉ် ကိုးကောင်ကို သုံးပြီး နဂါးပုလဲကို အချောသတ်ဖို့ပဲ”
ဝူရှန့်မိစ္ဆာအိုကြီး၏ မှတ်ဉာဏ်များအရ ဤအချောသတ်မှု ဖြစ်စဉ်မှာ အများဆုံး ခြောက်လခန့် ကြာနိုင်ပြီး အနည်းဆုံး လအနည်းငယ် ကြာတတ်သည်။
“ဒါဆိုရင် နောက်ထပ် လအနည်းငယ်အတွင်းမှာ ငါဟာ စစ်မှန်တဲ့ နဂါးပုလဲတစ်လုံးကို ရရှိပြီး မဟာဆရာသခင် အဆင့်ကို တက်လှမ်းနိုင်တော့မှာပေါ့”
ဤသို့ တွေးလိုက်ရင်း ချူရွှမ်သည် စိတ်လှုပ်ရှားမှုကြောင့် ဟိန်းဟောက်လိုက်ချင်စိတ်ပင် ပေါ်လာသည်။
ဘာပဲဖြစ်ဖြစ် ထိုအဆင့်မှာ မဟာဆရာသခင် မဟုတ်ပါလား။ လူအများစုမှာ တစ်သက်လုံး မော့ကြည့်ရုံသာ တတ်နိုင်သော တည်ရှိမှုမျိုး ဖြစ်သည်။
သူ ပထမဆုံး မိစ္ဆာနှိမ်နင်းရေးဌာနသို့ ဝင်ရောက်ပြီး အဆင့် ၉ အရာရှိ ဖြစ်လာစဉ်က ချူရွှမ်၏ ကနဦး အိပ်မက်မှာ သူ၏ ဘဝသက်တမ်းအတွင်း နတ်အဆင့်သို့ တက်လှမ်းနိုင်ရန်သာ ဖြစ်ခဲ့သည်ကို သူ သတိရလိုက်သည်။
“အခု နဂါးပုလဲကို သန့်စင်ပြီးပြီဆိုတော့ ထွက်သွားဖို့ အချိန်တန်ပြီ။ ဒါပေမဲ့ မထွက်သွားခင်မှာ လုပ်စရာ တစ်ခု ကျန်သေးတယ်…”