အခန်း (၁၄၁-၁၄၂)
Vol. 15 Ch. 141-142
Chapter 141
~
အခန်း ၁၄၁ : တခြားသူတွေရော ရောက်နေတာလား...
~
" အရှင်မင်းမြတ်... အရှင်နဲ့ အရှင်မတို့နှစ်ယောက်စလုံး ဟင်းလင်းပြင်ထဲ ပျောက်ကွယ်သွားခဲ့ပြီးနောက်မှာ အရှင်တို့ရဲ့ သဲလွန်စကို ရှာဖွေဖို့ပဲ အစွမ်းကုန် ကြိုးစားခဲ့ကြတာပါ..အင်မော်တယ် နယ်မြေနဲ့လည်း နောက်ထပ် တိုက်ပွဲတွေ မဖြစ်ခဲ့ပါဘူး.. "
လင်းဖန်နှင့် လုံယွဲ့တို့၏ အကြည့်အောက်တွင် မေ့ကျီသည် သူတို့ ပျောက်ကွယ်သွားပြီးနောက် အင်မော်တယ်နတ်ဆိုးတိုက်ကြီး၌ ဖြစ်ပျက်ခဲ့သည်ကို အကျဉ်းချုပ် ရှင်းပြလိုက်၏။
သူတို့နှစ်ဦး ဟင်းလင်းပြင်ထဲ ကျဆင်းသွားပြီးနောက်တွင် အင်မော်တယ်မျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ် နှစ်ဖက်စလုံးက တိုက်ပွဲများကို ရပ်တန့်ရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။
အင်မော်တယ်နယ်မြေဘက်က ဘာလုပ်နေသလဲဆိုသည်ကို သူ သေချာမသိသော်လည်း နတ်ဆိုးနယ်မြေဘက်ကမူ နတ်ဆိုးအရှင်ကို ရှာဖွေရန်သာ အာရုံစိုက်နေခဲ့ကြသဖြင့် အင်မော်တယ်မျိုးနွယ်ကို သွားရောက်နှောင့်ယှက်ရန် အချိန်မရှိခဲ့ချေ။ ထို့ကြောင့်ပင် အင်မော်တယ်နတ်ဆိုးတိုက်ကြီးသည် ကြာရှည်စွာ စောင့်မျှော်ခဲ့ရသော ငြိမ်းချမ်းရေး ကာလတစ်ခုသို့ ဆိုက်ရောက်သွားခဲ့ခြင်း ဖြစ်သည်။
အင်မော်နယ်နှင့် နတ်ဆိုးများအကြား နောက်ထပ် တိုက်ပွဲများ မဖြစ်ပွားခဲ့ကြောင်း ကြားလိုက်ရသည့်အခါ လုံယွဲ့သည် ရင်ထဲမှ အလုံးကြီး ကျသွားသလို သက်ပြင်းတစ်ချက်ကို အသာ ချလိုက်မိ၏။
သူမနှင့် နတ်ဆိုးအရှင် မရှိသည့်အတောအတွင်း နှစ်ဖက်စလုံးက ဆက်လက် တိုက်ခိုက်နေကြဦးမည်ဆိုလျှင် သူမနှင့် နတ်ဆိုးအရှင်၏ ဆက်ဆံရေးမှာ အလွန်ပင် အနေခက်စရာ ဖြစ်လာမည်ကို သူမ အစိုးရိမ်ဆုံး ဖြစ်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူမ၏ စိုးရိမ်မှုများမှာ ဖြစ်မလာခဲ့ပေ။
လင်းဖန်က ခဏ စဉ်းစားပြီးနောက် ဆက်လက် မေးလိုက်သည်။
" ဒါဆိုရင် ငါ ပျောက်ကွယ်သွားတာ ဘယ်လောက်တောင် ကြာသွားပြီလဲ.. "
ထိုမေးခွန်းကို ကြားလိုက်ရသည့်အခါ လုံယွဲ့က ဇဝေဇဝါ ဖြစ်သွားသော အမူအရာဖြင့် သူ့ကို လှမ်းကြည့်လိုက်သည်။
' နတ်ဆိုးအရှင်က ဘာလို့ ဒီမေးခွန်းကို မေးတာလဲ.. ငါတို့ ဒီကမ္ဘာကို ရောက်လာတာ သုံးလပဲ ရှိသေးတာ မဟုတ်ဘူးလား.. '
မေ့ကျီက နားမလည် ဖြစ်သွားသော်လည်း အမှန်အတိုင်းပင် ပြန်လည် ဖြေကြားလိုက်သည်။
" အရှင်မင်းမြတ် ပျောက်ကွယ်သွားတာ အခုဆိုရင် နှစ်ပေါင်း တစ်ရာနီးပါး ရှိပါပြီ.. "
" နှစ်ပေါင်း တစ်ရာ ဟုတ်လား.. "
လုံယွဲ့၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ချက်ချင်းပင် ပျက်ယွင်းသွားသည်။
သူမ ဤကမ္ဘာသို့ ကျဆင်းလာကတည်းက နေ့ရက်တိုင်းကို ဂရုတစိုက် မှတ်သားထားခဲ့ခြင်း ဖြစ်ရာ သုံးလသာ ရှိသေးသည်ကို သူမ အသေအချာ သိနေ၏။ မေ့ကျီက မည်သို့ကြောင့် နှစ်ပေါင်း တစ်ရာဟု ပြောနေရပါသနည်း။
" နင် သေချာလို့လား.. တကယ်ပဲ နှစ်ပေါင်း တစ်ရာလား.. သုံးလလောက်ပဲ ရှိသေးတာ မဟုတ်ဘူးလား.. "
" အရှင်မ... သေချာပေါက် နှစ်ပေါင်း တစ်ရာပါ.. ဒီငယ်သားက အသက်နဲ့ တိုင်တည်ပြီး ပြောရဲပါတယ်..."
မေ့ကျီက သေချာဟန်ဖြင့် ခေါင်းညိတ်လိုက်သော်လည်း သူ၏ ရင်ထဲတွင်မူ မရှင်းမလင်း ဖြစ်နေဆဲပင်။
ကျင့်ကြံသူများအတွက် အချိန်ဟူသည်က အရေးမကြီးလှဘဲ တစ်ခါ တရားထိုင်လျှင် လနှင့်ချီ၍ ကြာတတ်သလို တစ်ခါ ဂူအောင်းလျှင် နှစ်ပေါင်းများစွာမှ ဆယ်စုနှစ်များစွာအထိ ကြာတတ်သော်လည်း သုံးလနှင့် နှစ်ပေါင်း တစ်ရာဟူသော ခြားနားချက်မှာမူ အလွန်ပင် သိသာလွန်းလှသည်။
" နှစ်ပေါင်း တစ်ရာ... "
မေ့ကျီ၏ သေချာသော အဖြေကို ကြားလိုက်ရသည့်အခါ လုံယွဲ့သည် မယုံကြည်နိုင်စွာ ရေရွတ်လိုက်ပြီးနောက် လင်းဖန်ထံသို့ မေးခွန်းထုတ်လိုသော အကြည့်များဖြင့် လှည့်ကြည့်လိုက်သည်။
လင်းဖန်၏ မျက်နှာမှာမူ တည်ငြိမ်နေပြီး အံ့သြသွားပုံ မရပေ။
သူ ကမ္ဘာသို့ ပြန်ရောက်လာပြီးနောက် သူ ပျောက်ကွယ်သွားသည်မှာ တစ်နှစ်သာ ရှိသေးကြောင်း သိလိုက်ရကတည်းက ဤကမ္ဘာနှင့် အင်မော်တယ်နတ်ဆိုးတိုက်ကြီးအကြား အချိန်စီးဆင်းမှု ကွာခြားချက်ကို သူ ရိပ်မိခဲ့ပြီးသား ဖြစ်သည်။
ယခု မေ့ကျီကို မေးမြန်းခြင်းမှာ သူ၏ ယူဆချက်ကို ထပ်မံ အတည်ပြုရန်အတွက်သာပင်။
အချက်အလက်များက သူ၏ တွက်ချက်မှု မှန်ကန်ကြောင်း သက်သေပြနေလေ၏။
ကမ္ဘာ၏ တစ်ရက်သည် ဝိညာဉ်နတ်ဘုရား တိုက်ကြီး၏ တစ်နှစ်နှင့် ညီမျှနေပြီး ဤကမ္ဘာ၏ သုံးလသည် ထိုတိုက်ကြီး၏ နှစ်ပေါင်း တစ်ရာနီးပါးနှင့် အတိအကျပင် တူညီနေတော့သည်။
" ယွဲ့အာ... ဒီကမ္ဘာရဲ့ တစ်ရက်က အင်မော်တယ်နတ်ဆိုး တိုက်ကြီးရဲ့ တစ်နှစ်နဲ့ ညီမျှနေပုံရတယ်.. "
" တစ်ရက်က တစ်နှစ်နဲ့ ညီမျှတယ် ဟုတ်လား... "
လုံယွဲ့မှာ မယုံကြည်နိုင် ဖြစ်နေသလို မေ့ကျီမှာလည်း ထိတ်လန့်သွားသည်။
ဤသို့ဆိုလျှင် သူ ကမ္ဘာသို့ ရောက်ရှိလာသည့် ပထမဆုံးနေ့မှာပင် ဝိညာဉ်နတ်ဘုရား တိုက်ကြီးတွင် တစ်နှစ်နီးပါး ကုန်လွန်သွားပြီ ဖြစ်သည် မဟုတ်ပါလော။
" မေ့ကျီ... မင်း ဒီနေရာကို ဘယ်လို ရှာတွေ့တာလဲ.. "
လင်းဖန်က မေးလိုက်သည်။
လုံယွဲ့သည်လည်း စူးစမ်းလိုစိတ်နှင့် မျှော်လင့်ချက်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် မေ့ကျီကို စိုက်ကြည့်မိလိုက်၏။
မေ့ကျီသည် ဤနေရာကို ရှာတွေ့နိုင်ခဲ့သည်ဆိုလျှင် အင်မော်တယ်နတ်ဆိုး တိုက်ကြီးနှင့် ဤကမ္ဘာအကြား ဟင်းလင်းပြင် ဆက်သွယ်မှု အမှတ်ကို သူ ရှာတွေ့ခဲ့သည်မှာ သေချာသည်။ သို့မဟုတ်လျှင် ဤနေရာသို့ လာနိုင်ရန် မဖြစ်နိုင်ပါချေ။
ထိုသို့ဆိုလျှင် သူတို့ ဝိညာဉ်နတ်ဘုရား တိုက်ကြီးသို့ မကြာမီ ပြန်သွားနိုင်တော့မည်လော။
" အရှင်မင်းမြတ်... ဒီနှစ်ပေါင်း တစ်ရာအတွင်းမှာ ကျွန်တော်တို့ဟာ နတ်ဆိုးနယ်မြေထဲမှာရှိတဲ့ ဟင်းလင်းပြင် လျှို့ဝှက်ကျင့်စဥ် ကျွမ်းကျင်တဲ့ ပညာရှင်အားလုံးကို စုစည်းခဲ့ကြပါတယ်.. နည်းလမ်းပေါင်းစုံကို ကြိုးစားခဲ့ကြပြီး နောက်ဆုံးမှာတော့ ပန်ထျန်းယီ နဲ့ ခိုင်ကျဲထု ကို အသုံးပြုပြီး အရှင်တို့ရဲ့ တည်နေရာကို ရှာဖွေနိုင်ခဲ့တာပါ.. "
" ပန်ထျန်းယီ နဲ့ ခိုင်ကျဲထု ဟုတ်လား .."
ထိုမှော်ရတနာ နှစ်ခု၏ အမည်ကို ကြားလိုက်ရသည့်အခါ လုံယွဲ့မှာ အံ့သြသွားသည်။
ရှေးဦးကာလများတွင် အင်မော်တယ် ဧကရီအဆင့်ရှိသော ပညာရှင်များစွာ ရှိခဲ့ကြပြီး ထိုသူများထဲတွင် မှော်ရတနာ သန့်စင်ခြင်း၌ ကျွမ်းကျင်သူများစွာ ပါဝင်ခဲ့ကြသည်။
ထိုသူများ သန့်စင်ခဲ့သော မှော်ရတနာများသည် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်သလို အရာအားလုံးကို ပြန်လည် အသက်သွင်းနိုင်သည့် စွမ်းအားများ ရှိကြသည်။ ထိုစဉ်က ပေါ်ထွက်ခဲ့သော ရတနာများမှာ ယခုလက်ရှိ အင်မော်တယ်နတ်ဆိုး တိုက်ကြီးရှိ မှော်ရတနာများထက် များစွာသာလွန်ပေသည် ။
သို့သော် နှစ်ရှည်လများ တိုက်ခိုက်မှုများအပြီးတွင် ထိုရှေးဦးပညာရှင်များမှာ တစ်ဦးပြီးတစ်ဦး သေဆုံးသွားခဲ့ကြပြီး သူတို့ သန့်စင်ခဲ့သော မှော်ရတနာ အများစုမှာလည်း ပျက်စီးခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းများ ဖြစ်ခဲ့ရသည်။
ရှေးဦး မှော်ရတနာ သန့်စင်ခြင်း နည်းစနစ်များမှာလည်း သူတို့နှင့်အတူ ကမ္ဘာမှ ပျောက်ကွယ်သွားခဲ့ကြ၏။ ယခု ကျန်ရှိနေသော ရှေးဦးမှော်ရတနာတိုင်းသည် အလွန်ပင် ရှားပါးပြီး တန်ဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်ကြသည်။
" ဪ... မင်းတို့က ပန်ထျန်းယီနဲ့ ခိုင်ကျဲထုကို သုံးခဲ့ကြတာကိုး... "
မေ့ကျီ ဤနေရာသို့ မည်သို့ ရောက်လာသနည်းဆိုသည်ကို လင်းဖန် နားလည်သွားခဲ့သည်။
ပန်ထျန်းယီ ဆိုသည်မှာ ကမ္ဘာအားလုံးကို ဆက်သွယ်ထားသော ဟင်းလင်းပြင် အမှတ်ငယ်များကို ရှာဖွေနိုင်သည့် ရတနာဖြစ်ချေသည်။ ဝိညာဉ် အပိုင်းအစလေး တစ်ခုရှိရုံဖြင့် ထိုသူ၏ ကျန်ရှိသော ဝိညာဉ်တည်ရှိရာ နေရာကို တိကျစွာ ညွှန်ပြပေးနိုင်စွမ်း ရှိသည်။
သူသည် သူ၏ ဝိညာဉ်အငွေ့အသက် အချို့ကို နတ်ဆိုးနယ်မြေရှိ နတ်ဆိုးပလ္လင်တွင် ချန်ထားခဲ့ခြင်း ဖြစ်ရာ မေ့ကျီနှင့် တခြားသူများသည် ထိုဝိညာဉ် အငွေ့အသက်ကို သုံး၍ သူ၏ တည်နေရာကို ရှာဖွေခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။
ခိုင်ကျဲထု မှာမူ သူ၏ အမည်အတိုင်းပင် ဟင်းလင်းပြင်ကို ဖွင့်လှစ်ပြီး နယ်မြေအသစ်များကို ဖန်တီးနိုင်သည့် မြင့်မြတ်သော ရတနာတစ်ခု ဖြစ်သည်။
လူအများက ခိုင်ကျဲထုသည် ဟင်းလင်းပြင်ထဲတွင် ကမ္ဘာငယ်လေးတစ်ခုကိုသာ ကျပန်း ဖွင့်လှစ်ပေးနိုင်သည်ဟု ထင်ထားကြသော်လည်း ၎င်းသည် တခြားကမ္ဘာတစ်ခုသို့ တိုက်ရိုက် ဆက်သွယ်ပေးနိုင်သည့် လမ်းကြောင်းကို ဖွင့်ပေးနိုင်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ချေ။
ပန်ထျန်းယီဖြင့် တည်နေရာ ရှာဖွေပြီး ခိုင်ကျဲထုဖြင့် ဟင်းလင်းပြင် လမ်းကြောင်းကို ဖွင့်လှစ်လိုက်လျှင် ဤကမ္ဘာကို ရှာတွေ့ရန်မှာ ခက်ခဲသော အလုပ် မဟုတ်တော့။
သို့သော် ပန်ထျန်းယီနှင့် ခိုင်ကျဲထုကို တစ်ပြိုင်တည်း အသုံးပြုရန်အတွက်မှာ မခန့်မှန်းနိုင်သော ဝိညာဉ်စွမ်းအင် ပမာဏကို သုံးစွဲရပေလိမ့်မည်။ ထို့ကြောင့်ပင် သူတို့သည် ဟင်းလင်းပြင် ကျင့်စဥ် ကျွမ်းကျင်သူ အားလုံးကို စုစည်းခဲ့ကြခြင်း ဖြစ်ပေမည်။
အခု မေးစရာ ရှိသည်မှာ ဤကမ္ဘာတွင် သူတို့ထံ၌ ပန်ထျန်းယီလည်း မရှိ၊ ခိုင်ကျဲထုလည်း မရှိသလို သူတို့၏ ဝိညာဉ်စွမ်းအင်များမှာလည်း များများစားစား ကျန်ရှိမနေချေ။ သူတို့ မည်သို့နည်းဖြင့် ပြန်ကြမည်နည်း။
" မေ့ကျီ... "
" ဒီငယ်သား ရှိပါတယ်.. "
" ငါ မင်းကို မေးမယ်.. မင်း ငါ့ကို ရှာတွေ့ပြီးပြီဆိုတော့ ဘယ်လို ပြန်ဖို့ စီစဉ်ထားသလဲ .."
" အဲ့ဒါ... အ... "
မေ့ကျီက စကားပြောရန် ပြင်လိုက်သော်လည်း သူ၏ စကားများမှာ လည်ချောင်းဝတွင် တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားသည်။
' အေး ဟုတ်သားပဲ.. ငါတို့ ဘယ်လို ပြန်ကြမလဲ.. '
သူတို့ လာခဲ့စဉ်က နတ်ဆိုးအရှင်ကို အမြန်ဆုံး ရှာဖွေရန် ဆိုသည့် အတွေးတစ်ခုတည်းသာ ရှိခဲ့ပြီး မည်သို့ ပြန်ရမည်ကိုမူ လုံးဝ ထည့်မစဉ်းစားမိခဲ့ချေ။
" မင်း ငါ့ကို ဘယ်လို ရှာရမလဲ ဆိုတာကိုပဲ စဉ်းစားခဲ့ပြီး ဘယ်လို ပြန်ရမလဲ ဆိုတာကိုတော့ လုံးဝ ထည့်မစဉ်းစားခဲ့တာတော့ မဟုတ်ဘူး မလား.. "
မေ့ကျီ၏ ဆွံ့အသွားသော မျက်နှာကို ကြည့်ကာ လင်းဖန်မှာ မကောင်းသော အငွေ့အသက်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ဤလူသည် တကယ်ပင် ဘယ်လိုလာရမလဲ ဆိုတာကိုပဲ စဉ်းစားခဲ့ပြီး ဘယ်လိုပြန်ရမလဲ ဆိုသာ်ကိုတော့ မေ့နေခဲ့ပုံရလေသည်။
" တောင်းပန်ပါတယ် အရှင်မင်းမြတ်.. ဒီငယ်သားရဲ့ ပေါ့ဆမှုကြောင့်ပါ.. "
မေ့ကျီသည် ထိုင်ခုံမှ ထရပ်ကာ လင်းဖန်၏ ရှေ့တွင် ဒူးထောက်၍ ဦးညွှတ် တောင်းပန်လိုက်သည်။
" ဟူး... ထားလိုက်ပါတော့ .."
လင်းဖန်နှင့် လုံယွဲ့တို့ နှစ်ဦးစလုံး စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်မိကြသည်။
နီးကပ်လာပြီဟု ထင်ခဲ့ရသော မျှော်လင့်ချက်မှာ နောက်တစ်ကြိမ် ထပ်မံ ရိုက်ချိုးခံလိုက်ရပြန်လေပြီ။
သို့သော်လည်း သူတို့၏ ယခင် အတွေ့အကြုံများကြောင့်လည်းကောင်း၊ ဤကမ္ဘာတွင် နေထိုင်ရန် ကြိုတင် စိတ်ကူးထားခဲ့ခြင်းကြောင့်လည်းကောင်း အရင်ကလောက်တော့ စိတ်ဓာတ်မကျတော့ပေ။
" အရှင်မင်းမြတ်... အရှင်နဲ့ အရှင်မတို့ နှစ်ဦးစလုံး အင်အားပေါင်းစပ်လိုက်မယ်ဆိုရင် ဟင်းလင်းပြင်ကို ဖွင့်ပြီး ပြန်သွားလို့ မရနိုင်ဘူးလား.. "
မေ့ကျီက ခေါင်းမော့ကာ ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။
လင်းဖန်နှင့် လုံယွဲ့တို့မှာ သူ့ကို တစ်ပြိုင်တည်း မျက်စောင်းထိုး ကြည့်လိုက်ကြသည်။
" ငါနဲ့ ယွဲ့အာသာ အဲ့ဒီလို လုပ်နိုင်မယ်ဆိုရင် ငါတို့ အခုထိ ဒီမှာ ထိုင်နေပါဦးမလား .."
" ...ဪ... ဟုတ်သားပဲ.. "
မေ့ကျီ ရုတ်တရက် သဘောပေါက်သွားသည်။
အကယ်၍ နတ်ဆိုးအရှင်နှင့် အရှင်မတို့သာ အင်အားပေါင်းစပ်ပြီး ဟင်းလင်းပြင်ကို ဖွင့်ကာ ပြန်နိုင်မည်ဆိုလျှင် သူတို့၏ အသက်ကို ရင်းပြီး ဤကမ္ဘာသို့ လာသည့်လမ်းကို ဖွင့်ရန်ပင် လိုအပ်မည် မဟုတ်ချေ။
" အဲ့ဒါဆိုရင် အရှင်နဲ့ အရှင်မတို့ရဲ့ စွမ်းအားကို ကျွန်တော်နဲ့ တခြားသူတွေရဲ့ စွမ်းအားတွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင်ကော ဟင်းလင်းပြင်ကို ဖွင့်လို့ ရနိုင်မလား .."
" တခြားသူတွေ ဟုတ်လား..တခြား ဘယ်သူတွေရော ရောက်လာသေးတာလဲ.. "
လင်းဖန်၏ မျက်နှာမှာ ထိတ်လန့်အံ့သြမှုကြောင့် ချက်ချင်းပင် ပြောင်းလဲသွားသည်။
Chapter 142
~
အခန်း ၁၄၂ : သေမျိုးတွေရဲ့ စိတ်က တကယ်ကို ပျော့ညံ့လွန်းတယ်...
~
ညအချိန် တောင်ပေါ်အဝေးပြေးလမ်းမတစ်ခုပေါ်တွင် ဖြစ်သည်။
ကုန်အပြည့်တင်ဆောင်ထားသော ကုန်တင်နောက်တွဲယာဉ်ကြီးတစ်စီးသည် တောင်တန်းများကိုဖြတ်ကျော်ကာ အရှိန်ပြင်းစွာ မောင်းနှင်နေသည်။ ကားမောင်းသူသည် လက်တစ်ဖက်က စတီယာရင်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က အရက်ပုလင်းကို ကိုင်ထား၏။
ကားခန်းထဲတွင် ဟဲဗီးမက်တယ်လ်ဂီတသံများ ကျယ်လောင်စွာ ထွက်ပေါ်နေပြီး သူသည် သီချင်းသံစဉ်နှင့်အတူ ခန္ဓာကိုယ်ကို ယိမ်းထိုးလျက် အလွန်ပင် ပျော်ရွှင်နေပုံရသည်။
ထိုစဉ် လမ်းဘေးမှ လူတစ်ယောက် ရုတ်တရက် ထွက်လာပြီး အဝေးပြေးလမ်းမအလယ်တွင် ပိတ်ရပ်လိုက်သည်။
ကားဆရာမှာ ထိတ်လန့်သွားသော်လည်း တုံ့ပြန်မှုက အလွန်နှေးကွေးနေသဖြင့် ဘရိတ်ကို နင်းရန် အချိန်မီ မမီတော့ပေ။
ဝုန်းခနဲ အသံနှင့်အတူ ထိုလူသည် ကားခေါင်းနှင့် တည့်တည့်တိုက်မိပြီး မီတာ ဒါဇင်ပေါင်းများစွာအကွာသို့ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
ကားဆရာက ကားကို ရပ်လိုက်ပြီး ထိုင်ခုံပေါ်တွင် ငူငူကြီး ထိုင်နေမိသည်။ သူ၏မျက်နှာတွင်မူ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပေသည်။
' သွားပြီ သွားပြီ.. '
' ငါ လူတစ်ယောက်ကို တိုက်မိလိုက်ပြီ ထင်တယ်.. '
သူမောင်းလာသည့် အရှိန်နှင့်ဆိုလျှင် ထိုလူမှာ သေချာပေါက် အသက်ပျောက်သွားလောက်ပြီ ဖြစ်သည်။
အကယ်၍ ဤသည်က သာမန်ယာဉ်မတော်တဆမှုသာဆိုလျှင် သူ၏အာမခံက အကုန်လုံးကို အကာအကွယ်ပေးနိုင်မည် ဖြစ်သော်လည်း ပြဿနာမှာ သူသည် အဝေးပြေးလမ်းပေါ်တွင် အရှိန်လွန်မောင်းနှင်နေရုံသာမက အရက်ပါ သောက်ထားခြင်းပင် ဖြစ်သည်။ အကယ်၍ ထိုအချက်ကို သိသွားကြလျှင် သူတော့ ဒုက္ခရောက်တော့မည်။
အာမခံက လျော်ကြေးပေးမည်မဟုတ်သည့်အပြင် သူ ထောင်ပါ ကျနိုင်သည် မဟုတ်ပါလော။
' ဘယ်လိုလုပ်ရမလဲ.. ဘယ်လိုလုပ်ရမလဲ.. လမ်းပေါ်မှာ ဘယ်သူမှမရှိတုန်း အမြန်မောင်းပြေးရမလား.. '
' ဒါမှမဟုတ် ကားပေါ်ကဆင်းပြီး အဲ့ဒီလူ တကယ်သေသွားပြီလားဆိုတာ အရင်သွားကြည့်ရမလား.. တကယ်လို့ အသက်ရှူနေသေးရင် ကယ်လို့ရနိုင်သေးမလား.. '
သို့သော် ဤသည်မှာ ဖြစ်နိုင်ချေ နည်းလွန်း၏ ။ ကုန်အပြည့်တင်ထားသော ကုန်တင်ကားကြီးနှင့် တိုက်မိပြီး မီတာ ဒါဇင်ပေါင်းများစွာ လွင့်ထွက်သွားသည့်လူမှာ မည်သို့ မသေဘဲ နေပါမည်နည်း။ ရုပ်ပျက်ဆင်းပျက်ပင် ဖြစ်နေလောက်ချေပြီ။
' ငါ အမြန်ပြေးမှဖြစ်မယ်.. '
ကားဆရာသည် တုန်တုန်ရင်ရင်ဖြင့် ကားကို ပြန်နှိုးရန် ပြင်လိုက်စဉ်မှာပင် မီတာ ဒါဇင်ပေါင်းများစွာအကွာတွင် လဲလျောင်းနေသော အလောင်းကြီးက ရုတ်တရက် လှုပ်ရှားလာသည်။
လုံယဲ့က မြေပြင်ပေါ်မှ ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး မျက်မှောင်ကြုတ်၍ မီးကြီးများ ထိုးထားသော ကုန်တင်ကားကြီးကို ကြည့်လိုက်သည်။
ဤအရာက ဘာကြီးနည်း။ သူ မြေပြင်ပေါ် ဆင်းသက်လိုက်သည်နှင့် ထိုအလင်းထွက်နေသော အရာကြီးက သူ့ကို ရုတ်တရက် ဝင်တိုက်လိုက်ချေသည်။ သူ့ကို ချောင်းမြောင်းတိုက်ခိုက်ခြင်းလော။
သို့သော်ငြား လက်ရှိတွင် သူ၏ဝိညာဉ်ချီစွမ်းအင်များ ကုန်ခမ်းနေသော်လည်း ဤမျှလောက်သော အင်အားဖြင့် သူ့ကို ချောင်းမြောင်းတိုက်ခိုက်ရန် ကြိုးစားခြင်းမှာ သူ့ကို အထင်သေးလွန်းရာ ကျနေသည်။
" သူ... သူ ထရပ်လိုက်ပြီလား.. "
ဘာမှမဖြစ်သကဲ့သို့ ထရပ်လိုက်သော လုံယဲ့ကို မြင်လိုက်ရသည့်အခါ ကားဆရာမှာ သရဲမြင်လိုက်ရသကဲ့သို့ ကြောင်အမ်းသွားသည်။
ဤလူမှာ သူ့ကားနှင့်တိုက်မိပြီး မီတာ ဒါဇင်ပေါင်းများစွာ လွင့်ထွက်သွားခဲ့ရုံမက ကားခေါင်းပင် ချိုင့်ဝင်သွားခဲ့သည် ။ သို့ရာတွင် ဤလူက မည်သည့်အတွက်ကြောင့် ဘဒဏ်ရာ မရဘဲ ကောင်းကောင်းမွန်မွန် ရှိနေရသနည်း။
ကားဆရာ၏ ဇဝေဇဝါဖြစ်နေသော အကြည့်များအောက်တွင် လုံယဲ့သည် ကုန်တင်ကားကြီး၏ ရှေ့သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး ကားခေါင်းကို ဘယ်ညာ စူးစမ်းကြည့်ရှုနေသည်။
' ဒါက ဘယ်လို မှော်ရတနာမျိုးလဲ.. ငါ တစ်ခါမှ မမြင်ဖူးပါဘူး.. '
ဤရတနာ ၏အင်အားက နိမ့်ကျလှသလို အရှိန်ကလည်း နှေးကွေးပြီး ထိခိုက်မှုဖြစ်စေရန် တိုက်မိဖို့ လိုအပ်နေသည်။ တိုက်ခိုက်ရေးလက်နက်တစ်ခုအနေနှင့် ဆိုလျှင်တော့ အသုံးဝင်မည်မထင်။
ဤမှော်ရတနာသည် အခြေခံထူထောင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် ထိခိုက်အောင် လုပ်နိုင်စွမ်း ရှိပုံမရပေ။
သို့ပေသိ ဤမှော်ရတနာကို မောင်းနှင်နေသူမှာ ဝိညာဉ်စွမ်းအင်မရှိသော သာမန်လူသားတစ်ဦး ဖြစ်နေသည်ကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင်တော့ လက်နက်ကောင်းတစ်ခုဟု သတ်မှတ်၍ ရနိုင်ပေသည်။
ကားဆရာသည် ကားရှေ့တွင်ရပ်ကာ အထပ်ထပ်အခါခါ စစ်ဆေးနေသော လုံယဲ့ကို ကြည့်ပြီး ဇဝေဇဝါ ဖြစ်နေသည်။ သူ သတိပြန်ဝင်လာပြီးနောက်တွင်မူ စိတ်သက်သာရာရသွားခြင်းနှင့်အတူ ရင်ထဲမှ ဒေါသများက လှိုက်တက်လာတော့သည်။ သူ ကားပြတင်းပေါက်မှ ခေါင်းပြူထွက်ကာ လုံယဲ့ကို ဒေါသတကြီး ဆဲဆိုတော့သည်။
"ခွေးမသား.. မင်း ရူးနေတာလား.. ညကြီးမင်းကြီး အိမ်မှာ ကောင်းကောင်းမအိပ်ဘဲ လမ်းလယ်ခေါင်မှာ လာရပ်ပြီး သေချင်နေတာလား.. "
" ခွေးကောင်.. မင်း မသေတာ ကံကောင်းတယ်မှတ်.. ငါ့ကို ဒုက္ခပေးမလို့ လုပ်နေတာလား.. "
လုံယဲ့က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ကားခေါင်းပေါ်သို့ လက်တစ်ဖက်ကို ဖြည်းညှင်းစွာ တင်လိုက်သည်။ ထို့နောက် အသာအယာ ဖိညှစ်လိုက်ရာ သူ၏လက်ဝါးမှာ တို့ဖူးကို နှိုက်လိုက်သကဲ့သို့ ကားခေါင်းထဲသို့ နစ်ဝင်သွားတော့သည်။
သူ၏လက်မောင်းကို အနည်းငယ် မြှင့်လိုက်သည့်အခါ ကုန်တင်ကားကြီး၏ ကားခေါင်းတစ်ခုလုံးမှာ သူ၏လက်တစ်ဖက်တည်းဖြင့် အပေါ်သို့ ကြွတက်သွားသည်။
ထိုင်ခုံပေါ်တွင် ထိုင်နေသော ကားဆရာသည် နောက်သို့ လန်ကျသွားပြီး မျက်နှာတစ်ခုလုံးတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပေတော့သည်။
သူ့ကားခေါင်း၏ အလေးချိန်မှာ အနည်းဆုံး သုံးလေးတန်လောက် ရှိသော်လည်း ဤလူက လက်တစ်ဖက်တည်းဖြင့် အသာအယာ မလိုက်နိုင်သည် မဟုတ်ပါလော။
'ဒါ..ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...'
'သူ လူသားမှ ဟုတ်ရဲ့လား..'
" ဒီလောက် အလေးချိန်လေးကို မတာတောင် ငါ့ အားစိုက်နေရပါလား.. "
သူ၏လက်ထဲမှ ကားခေါင်း၏ အလေးချိန်ကို ခံစားမိသည့်အခါ လုံယဲ့က မျက်မှောင်ကြုတ်ပြီး မိမိကိုယ်ကိုယ် စိတ်ပျက်နေသော အမူအရာ ပေါ်လာသည်။
ဤကမ္ဘာသို့ ကူးပြောင်းလာရန်အတွက် သူသည် ဟင်းလင်းပြင်ထဲတွင် သူ၏ဝိညာဉ်စွမ်းအင် အများစုကို အသုံးပြုခဲ့ရပြီး ဤစိမ်းသက်သော ကမ္ဘာသို့ ရောက်ရှိလာပြီးနောက်တွင်လည်း သူ၏ဝိညာဉ်စွမ်းအင်များမှာ အစဉ်မပြတ် ယိုစိမ့်ပျောက်ကွယ်နေသည်။
ယခုအခါ သူ၏ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသော ဝိညာဉ်စွမ်းအင် အနည်းငယ်မှာ သူ၏ နဂါးတစ်ပိုင်းလူသား အသွင်ကိုပင် ဆက်လက်ထိန်းသိမ်းထားရန် မလုံလောက်တော့သဖြင့် သာမန်လူသားတစ်ဦး၏ ပုံစံကိုသာ ဖန်တီးထားရသည်။
အတိတ်ကာလကဆိုလျှင် သူ၏လက်ထဲမှ အလေးချိန်မျိုးကို လေတစ်ချက်မှုတ်ရုံနှင့်ပင် လွင့်ထွက်သွားစေနိုင်သော်လည်း ယခုမူ မရန်အတွက် အင်အားအနည်းငယ် စိုက်ထုတ်နေရသည်။
" ဝုန်း ..."
လုံယဲ့က ကားခေါင်းကို ပြန်ချလိုက်သည်။ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားသဖြင့် ကားထဲမှ ကားဆရာမှာ ငလျင်လှုပ်သကဲ့သို့ ခံစားလိုက်ရပြီး ကားခန်းထဲရှိ ပစ္စည်းအားလုံးမှာလည်း ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွားတော့သည်။
" ဟေး သေမျိုး.. ဒီဘုရင်က မင်းကို မေးမယ်.. ဒါ ဘယ်နေရာလဲ.. "
လုံယဲ့က ကားခေါင်းပေါ်သို့ ခုန်တက်လိုက်ပြီး ရှေ့မှန်မှတစ်ဆင့် ကားထဲမှ လူကို မေးလိုက်သည်။
ကားဆရာမှာ ထိတ်လန့်လွန်းသဖြင့် အသိစိတ်များ ပျောက်ဆုံးနေပြီး ထိုင်ခုံပေါ်တွင် ကြောင်အမ်းကာ ထိုင်နေမိသည်။ သူ စကားတစ်လုံးမှ မပြောနိုင်တော့ပေ။
ထိုသည်ကို မြင်လိုက်ရသည့်အခါ လုံယဲ့က ထပ်မံ မျက်မှောင်ကြုတ်လိုက်သည်။
" မင်း စကားမပြောဘူးလား..ဒါဆိုရင် တခြားမေးခွန်းတစ်ခု ထပ်မေးမယ်..နတ်ဆိုးအရှင် ဘယ်မှာလဲဆိုတာ မင်း သိသလား.. "
" တကယ်လို့ မင်းက နတ်ဆိုးအရှင်ရဲ့ တည်နေရာကို ပြောပြနိုင်မယ်ဆိုရင် ဒီဘုရင်က သဘောထားကြီးစွာနဲ့ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်.. "
" ဒါမှမဟုတ်ရင်တော့... "
လုံယဲ့က သူ၏ခြေထောက်အောက်မှ ကားခေါင်းကို လက်သီးဖြင့် တစ်ချက် ထိုးလိုက်သည်။
ဒိုင်းခနဲ အသံနှင့်အတူ ကားခေါင်းတစ်ခုလုံးမှာ လုံးဝ ပြားချပ်သွားပြီး ပုံပျက်ပန်းပျက် ဖြစ်သွား၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကားဆရာမှာ မျက်ဖြူလန်တက်သွားပြီး ခန္ဓာကိုယ် ပျော့ခွေကာ နေရာမှာတင် မေ့လဲသွားလေတော့သည်။
" အမ်.. ဒီလောက်နဲ့တင် မေ့လဲသွားတာလား .."
" ဒီဘုရင်က စစ်တောင် မစစ်ဆေးရသေးဘူး.. လူသားတွေရဲ့ စိတ်က တကယ်ကို ပျော့ညံ့လွန်းတယ်.. "
လုံယဲ့က မျက်မှောင်ကြုတ်ကာ အလွန်ပင် စိတ်ပျက်သွားပုံရသည်။
စီရင်စုအရှင် ရှန့် ၏ မှာကြားချက်ကို သတိရလိုက်ပြီးနောက် သူသည် ကားခေါင်းကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ကာ ကားတစ်စီးလုံးကို အနီးနားရှိ တောင်စောင်းပေါ်သို့ လှမ်းပစ်လိုက်သည်။
ဤမျှ အားနည်းသော လူသားများကို သတ်ဖြတ်ခြင်းမှာ သူ၏ နတ်ဆိုးစစ်သူကြီး လေးဦးဟူသော ဂုဏ်သိက္ခာကို ညှိုးနွမ်းစေလိမ့်မည် မဟုတ်ပါလော။
" ဝုန်း ..."
ကားခေါင်းသည် တောင်စောင်းနှင့် တိုက်မိသွားပြီး လေအိတ်များ ပွင့်ထွက်လာကာ ကားဆရာကို လွှမ်းခြုံထားလိုက်သည်။
လုံယဲ့သည် ခြေတစ်ချက်စောင့်လိုက်ရုံဖြင့် မီတာ ရာပေါင်းများစွာ အကွာသို့ ခုန်ပျံသွားပြီး မြို့လယ်ခေါင်ဆီသို့ ဦးတည်သွားတော့သည်။
လုံယဲ့ ထွက်ခွာသွားပြီး မကြာမီမှာပင် လမ်းသွားလမ်းလာ ကားတစ်စီးက မေ့လဲနေသော ကားဆရာကို တွေ့ရှိသွားပြီး လူနာတင်ကားနှင့် မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားလိုက်၏။
ကားဆရာကို အောင်မြင်စွာ ကယ်ဆယ်ပြီးနောက် ယာဉ်ထိန်းရဲများက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကြသည်။
ထူးဆန်းသည်မှာ ကားဆရာမှာ ရူးသွပ်သွားသကဲ့သို့ ဖြစ်နေပြီး သူသည် ယာဉ်မတော်တဆမှု ဖြစ်ခဲ့ခြင်းမဟုတ်ဘဲ လက်တစ်ဖက်တည်းနှင့် ကားခေါင်းကို မနိုင်သည့် လူတစ်ယောက်နှင့် တွေ့ခဲ့ရကြောင်း၊ ထိုလူကပင် သူ၏ကားကို တောင်စောင်းပေါ်သို့ လွှမ်းပစ်ခဲ့ခြင်း ဖြစ်ကြောင်း အထပ်ထပ်အခါခါ ရှင်းပြနေခြင်းပင် ဖြစ်သည်။
ယာဉ်ထိန်းရဲများမှာ ကြောင်တောင်တောင် ဖြစ်သွားကြသော်လည်း သူ၏ထံမှ ပြင်းထန်သော အရက်နံ့ကို ရရှိလိုက်ကြလေသည်။
" ခင်ဗျား အရက်သောက်ထားတာလား ..."
ကားဆရာမှာ ထိတ်လန့်သွားပြီး ထစ်ထစ်ငေါ့ငေါ့ ပြန်ဖြေလိုက်သည် ။
" သောက်... သောက်ထားပါတယ် ..နည်းနည်းပါပဲ.. "
" သောက်ထားတယ်ပေါ့.. ဒါဆိုရင် ဒါလေးကို မှုတ်ပေးပါ.. "
ယာဉ်ထိန်းရဲက အရက်တိုင်းတာသည့် ကိရိယာကို ထုတ်ယူကာ ကားဆရာ၏ရှေ့သို့ ကမ်းပေးလိုက်သည်။
ကားဆရာသည် လွတ်လမ်းမရှိတော့ကြောင်း သိလိုက်သဖြင့် အံကြိတ်ကာ မှာကြားသည့်အတိုင်း အသက်ပြင်းပြင်းရှူ၍ မှုတ်လိုက်တော့သည်။
" တီ.. "
ယာဉ်ထိန်းရဲက သူ၏လက်ထဲမှ ကိရိယာတွင် ပြသနေသော အချက်အလက်များကို ကြည့်ကာ ပြုံးလိုက်သည်။
" ခင်ဗျားရဲ့ အရက်ပမာဏက တစ်ရာမီလီလီတာမှာ ၂၁၈ မီလီဂရမ် ရှိနေတယ်.. ဒါက အရက်အလွန်အကျွံ သောက်ပြီး ကားမောင်းတာပဲ.. ခင်ဗျားပြောနေတဲ့ စကားတွေအရဆိုရင် ခင်ဗျား တခြားအရာတွေပါ သုံးစွဲထားတယ်လို့ ကျွန်တော်တို့ သံသယရှိပါတယ်.. ဒါကြောင့် ကျွန်တော်တို့နဲ့အတူ လိုက်ခဲ့ပေးပါ .."
ကားဆရာ ...." ... "